အခန်း (၃၂၉-၃၃၀)
Vol. 33 Ch. 329-330
အခန်း(၃၂၉) ကျမ်းစာမှတစ်ဆင့် နှလုံးသားကို ငြိမ်းချမ်းခြင်း
“လက်တစ်ဖက် ဝှေ့ယမ်းရုံနဲ့ စစ်တုရင်ခုံကို ခင်းပြီး ဘိုးဘေးချင်လင်ကို တစ်ကွက်တည်းနဲ့ ဖိနှိပ်နိုင်တယ်။ ဌာနမှူးချူကတော့ တကယ့်ကို သန်မာလွန်းတယ်”
“…”
ကျောင်းအုပ်ကြီး၏ ခြံဝင်းတွင်
အထက်ပိုင်းအကြီးအကဲများသည် အရှေ့ပင်လယ်တိုက်ပွဲမှ ရောက်လာခဲ့သော သတင်းများကြောင်း စုဝေးနေကြသည်။
လူတိုင်းသည် တုန်လှုပ်သွားရသည့်အတွက် ယနေ့ မနက်တွင် စုဝေးလိုက်၏။
ချူဖုန်းနှင့် ရင်းနှီးသော မိတ်ဆွေများနှင့် ယှဉ်လျှင် လက်ရှိ ဌာနမှူးကိုးဦးသည် တိတ်ဆိတ်နေကြသည်။ ချူဖုန်း၏ အောင်မြင်မှုများသည် သူတို့ကို များစွာ နောက်ကောက်ကျသွားစေတော့၏။
သူတို့သည် နတ်ဘုရားကျောင်းတော်၏ ပါရမီရှင်များဖြစ်သည့်အတွက် ချူဖုန်း၏ ဂုဏ်သတင်းကို မဝံ့ကြွားချင်ပေ။ သို့ဖြစ်၍ တိတ်တဆိတ်သာ နေနိုင်ခဲ့သည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျန်းရို့ချန်သည် မေးလိုက်၏။ “ကျောင်းအုပ်ကြီး ဒီတစ်ခေါက် ဆရာဦးလေးချူနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ”
ကျောင်းအုပ်ကြီး ပြုံးလိုက်သည်။ “ဒီတစ်ခါတော့ ရှောင်ဖုန်းက ဒီလူအိုကြီးရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်သွားပြီ။ သူက နဂါးမျိုးနွယ်စုနဲ့ ပြဿနာတက်မှာကို ရှောင်နိုင်ပြီး ဝမ်တောက်ကျောင်းတော်ကို ဂုဏ်တက်အောင် လုပ်နိုင်ခဲ့တယ်”
ဌာနမှူးကိုးဦး “...”
ကျောင်းတော်အပြင်ဘက်တွင် ရွှမ်ထျန်းတိုက်ကြီးမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အရှေ့ပင်လယ်တိုက်ပွဲအကြောင်း တက်ကြွစွာ ပြောဆိုနေသည်။
လူတိုင်းသည် ချူဖုန်း၏ဘွဲ့အမည်ကို စောင့်ကြည့်နေကြ၏။ သူ့နည်းလမ်းများက အတော်လေးများပြားပြီး အင်အားလည်း အတော်ကြီးမားသည်။ သာမန်ဘွဲ့နာမများသည် ပြိုင်ဘက်ကင်းသူတော်စင်တစ်ပါးနှင့် မလိုက်ဖက်ပေ။
လဝက်ကြာပြီးနောက် ကောင်းကင်လျှို့ဝှက်ချက်စင်မြင့်မှ မဟာပဏ္ဍိတအဆင့်ကို ထုတ်ပြန်ခဲ့ပြီး ထိုစာရင်းတွင် ချူဖုန်းသည် မိုးမြေမဟာပဏ္ဍိတဟူသော အမည်ဖြင့် ပထမချိတ်ခဲ့သည်။
စင်မြင့်မှ ရှင်းပြထားသည်။
‘ချူဖုန်းက သူ့လက်ဖဝါးထဲမှာ မိုးမြေကို ဆုပ်ကိုင်ထားပြီး ပညာရပ်ပေါင်းတစ်ရာကို သူတော်စင့်အဆင့်ထိ တတ်ကျွမ်းထားတယ်’
ကျင့်ကြံသူများသည် ထိုစာသားကို တွေ့သော် မည်သူမှ မသင့်လျော်သလို မခံစားရပေ။
သူတို့အာရုံများက ဘုရင့်အဆင့် စာရင်းနှင့် ပါရမီရှင်စာရင်းသို့ ရောက်သွားကြသည်။
ပထမအဆင့်: ပြိုင်ဘက်ကင်းဓားသမား ရှောင်ချန်း။ ဘုရင့်အဆင့်ကျွမ်းကျင်သူတစ်ဦးကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်နိုင်ပြီး အနာဂတ်ဧကရာဇ်တစ်ပါးဖြစ်သည်။
ဒုတိယအဆင့်: ပြိုင်ဘက်ကင်းလက်သီးအရှင် ချောင်ရို့ချန်။ နီဗားနားရှင်သန်ခြင်းအဆင့် ရေနဂါးကို အရွတ်အကြောများ ဆွဲထုတ်ခဲ့ပြီး ရေနဂါးပုလဲကို လက်ဗလာဖြင့် ထုချေခဲ့သည်။ အနာဂတ်ဧကရာဇ်တစ်ပါး ဖြစ်သည်။
ကျန်သည့် ပါရမီရှင်များကိုတော့ ကျင့်ကြံသူများက အလုပ်ရှုပ်ခံပြီး မကြည့်တော့ပေ။ တစ်တိုက်လုံးမှ ကျင့်ကြံသူတို့သည် ထိုပါရမီရှင်နှစ်ယောက် သူတို့မျိုးဆက်ကို လွှမ်းမိုးထားနိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။
ချူဖုန်းအတွက်တော့ လူအများက သူ့ကို မျိုးဆက်ဟောင်းအဖြစ်သာ မှတ်ယူထားကြ၏။
တစ်ကမ္ဘာလုံးမှ စောင့်ကြည့်နေစဉ် ချူဖုန်းနှင့် တပည့်များသည် ဝမ်တောက်ကျောင်းတော်သို့ ပြန်လာတော့သည်။
ရွှီချိုက်ချန်သည် ပိုင်စုရှင်းနှင့် ရွှီဟန်လင်းကို ပြန်ခေါ်လာရန် မရည်ရွယ်ပေ။ ထိုအစား သူသည် ဝမ်တောက်မြို့တော်တွင် ခြံဝင်းတစ်ခု ဝယ်ယူခဲ့ပြီး ရှောင်းကျိုးနှင့်အတူ ငြိမ်းချမ်းစွာ နေခိုင်းလိုက်သည်။
ရွှီဟန်လင်း ကျင့်ကြံနိုင်တော့မည့် အချိန်မှသာ ဝမ်တောက်ကျောင်းတော်သို့ ဝင်သည်မှ သင့်တော်ပေမည်။
ရွှီချိုက်ချန်၏ အဆင့်အတန်းနှင့် ဝမ်တောက်မြို့တွင် ခြံဝင်းတစ်ခု ရှာဖွေရခြင်းက ပြဿနာ မရှိပေ။
ချူဖုန်းသည် ချိုက်ချန်၏ ကိုယ်ရေးကိုယ်တာများကို အရေးမထားတော့ပေ။ ပင်းယန်တို့ကိုသာ ရင်းနှီးနေသော လက်ဖက်ရည်ဆိုင်သို့ ခေါ်လာလိုက်သည်။ သူတို့သည် ဒုတိယထပ်သို့ သွားလိုက်ပြီး လက်ဖက်ရည်သောက်ကာ မြို့အောက်မှ ကျင့်ကြံသူများကြား တိုက်ပွဲကို ကြည့်နေလိုက်၏။
ချူဖုန်းသည် ကျင့်ကြံသူများကြား တိုက်ပွဲကို သိပ်စိတ်မဝင်စားပေ။ သူ အချိန်လာဖြုန်းရုံ သက်သက်သာ။
သိပ်မကြာခင် ချောင်ရို့ချန် ရောက်လာပြီး မဟာပဏ္ဍိတအဆင့်၊ ဘုရင့်အဆင့်နှင့် ပါရမီရှင်အဆင့်တို့ကို ထုတ်ပြလာတော့၏။
ချူဖုန်းနောက်သို့ နှစ်ပေါင်းများစွာ လိုက်လာပြီးနောက် သူ့ဆရာ အကြောင်းကို ချောင်ရို့ချန် ကောင်းကောင်းသိလာ၏။ ဧကရာဇ်တစ်ပါးဖြစ်နိုင်သည်ဟူသော အကြောင်းအရာသည် မလိုအပ်သည့် ချီးမြှောက်မှုတစ်ခုပင်။
ချူဖုန်း ရယ်မောလိုက်၏။ “မင်း သန်မာနေရင် ဘာဖြစ်ဖြစ် အေးဆေးပဲ”
ချောင်ရို့ချန် ခေါင်းညိတ်လိုက်သည်။ “ဆရာ ပြောတာမှန်ပါတယ်။ ဒါပေမဲ့ ဒီတပည့် အတားအဆီးတစ်ခုနဲ့ ကြုံနေရလို့ပါ။ ကျွန်တော် လက်သီးသိုင်းတွေကို ဘယ်နေရာမှာ ကျင့်ကြံသင့်လဲ မသိတော့လို့ပါ”
ချူဖုန်း ပြောလိုက်၏။ “မင်းတို့ ရှေးဟောင်းအပျက်အစီးမြို့တော်မှာ တိုးတက်လာတာ အရမ်းမြန်သွားတယ်။ ငါတို့ပြန်ရောက်ရင် မင်းတို့အတွက် ကျမ်းစာရေးပေးမယ်။ မင်းရဲ့အခြေခံကို တည်ငြိမ်စေပြီး တာအိုနှလုံးသားကို ငြိမ်သက်ဖို့ လုပ်ရမယ်”
ထိုစကားများကြောင့် တပည့်များ၏ မျက်ဝန်းများ တောက်ပသွားသည်။
မဟာပဏ္ဍိတကျန်းယန်ပင် လျှို့ဝှက်စွာခိုးနားထောင်ရင်း မျက်လုံးများ တောက်ပလာ၏။ သူမ ချူဖုန်းရေးမည့် စိတ်နှလုံးငြိမ်းချမ်းစာကို သိချင်မိသည်။
နတ်ဘုရားကျောင်းတော်တွင်ပင် တာအိုနှလုံးသားကို တည်ငြိမ်စေသည့်ကျမ်းစားများ မရှိပေ။
အချိန်သာရရင် သူမလည်း သင်ယူနိုင်မည့် နည်းလမ်းတစ်ခုကို သေချာပေါက် ရှာရမည်။
နေ့လည်ခင်းတွင် ချူဖုန်းတို့ မြောင်တောင်သို့ ပြန်လာခဲ့၏။
သူတို့ တိတ်တဆိတ်သာ ပြန်သွားတော့၏။ လူအနည်းငယ်သာ သူတို့ပြန်အလာကို သိလိုက်သည်။
ချူဖုန်း မြောင်တောင်ပေါ်သို့ ပြန်ရောက်ပြီး သိပ်မကြာခင် သူ့တာအိုကျောက်စိမ်းကို စစ်ဆေးကြည့်လိုက်၏။ သူ ရေးရန် ရည်ရွယ်ထားသည့် ကျမ်းစာသည် သာမန်မဟုတ်ပေ။ သူ ထိုကျမ်းကို ယခင်လို စာရွက်ပေါ်တွင် ရေးရန် စိတ်ကူးမထားပေ။
သူ သိုလှောင်လက်စွပ်ကို တစ်ချက်ကြည့်လိုက်တော့ အထဲတွင် တာအိုကျောက်စိမ်းများ ရှိနေသေးသည်။ သူ ရှစ်ခုလောက်ယူပြီး စားပွဲပေါ်သို့ တင်လိုက်၏။
ထို့နောက် သူ့တပည့်များအတွက် ဗုဒ္စကျမ်းစာ သို့မဟုတ် တာအိုကျမ်းစာထဲမှ ရေးပေးမည့်အရာကို စဉ်းစားလိုက်သည်။
သူ ခုနစ်ရက်နှင့် ခုနစ်ည စဉ်းစားနေခဲ့ပြီးနောက် မတွေးနိုင်သေးသည့်အတွက် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ရေရွတ်လိုက်၏။
“အပြင်ထွက်ပြီး လေညှင်းခံဦးမှပါ”
သူ အပြင်ထွက်လိုက်သည့်အတွက် ပင်းယန်သည် ခြံဝင်းထဲတွင် အတွေးလွန်နေသည်ကို တွေ့လိုက်ရ၏။
“ယောက်ျား”
သူမ ချူဖုန်းကို မြင်သော် ခပ်ဖွဖွ ပြုံးလိုက်သည်။
“ကိုယ်နဲ့ လမ်းလျှောက်ကြစို့”
ချူဖုန်း သူမလက်ကို ကိုင်ရင်း လမ်းလျှောက်လိုက်သည်။ ပင်းယန်သည် ရှက်ရွံ့မှုကြောင့် အနည်းငယ် ရုန်းကြည့်သော်လည်း ဘေးတွင် မည်သူမှ မရှိသည့်အတွက် ဆက်ကိုင်ခွင့် ပေးထားလိုက်၏။
သူတို့နှစ်ဦးသည် အကြည့်များကို ဂရုတစိုက် ရှောင်ရှားလျက် မြောင်တောင်ထိပ်တွင် လမ်းလျှောက်နေလိုက်သည်။
မသိလိုက်ခင်မှာ သူတို့ တောင်စွန်းတစ်ခုပေါ်မှ ရေတံခွန်သို့ ရောက်လာပြီး အနားတွင် အတူတူထိုင်ရင်း တောင်လေညှင်းကို ခံစားလိုက်သည်။
သူတို့ ဘာမှမပြောဖြစ်ပေ။ ပင်းယန်သည် အေးစက်စက်ရှိသော်လည်း အမှန်တကယ်တွင်တော့ နှစ်လိုဖွယ်အမျိုးသမီးလေးတစ်ဦးသာ။
သူမ နောက်ဆုံးတော့ စကားပြောလာသည်။ “ယောကျာ်း ရှင် တပည့်တွေရဲ့ကျင့်စဉ်နဲ့ ပတ်သက်ပြီးခေါင်းရှုပ်နေတာလား”
ချူဖုန်း ခေါင်းအသာ ညိတ်လိုက်သည်။ “ဟုတ်တယ်။ ကိုယ် စဉ်းစားထားတာတွေတော့ ရှိတယ်။ ဒါပေမဲ့ ဘယ်တစ်ခုကို ရွေးရမလဲ မသိဖြစ်နေတာ”
“…”
ပင်းယန်သည် သူမ မေးခွန်းမှားသွားကြောင်း သတိထားလိုက်မိသည်။ သူမ ယောကျ်ား၏ ပါရမီနှင့်ဆိုလျှင် ကျင့်စဉ်နည်းစနစ်များကြောင့် တွေဝေနေစရာ မလိုပေ။
သူမ ပြောစရာ စကားပျောက်ဆုံးသွားသည်ကို မြင်သော် ချူဖုန်း ရယ်မောလိုက်သည်။ “ဒီနေ့တော့ ကျင့်ကြံခြင်း အကြောင်းပြောတာ လုံလောက်ပြီ။ ကိုယ်တို့တွေ အချစ်အကြောင်းကိုပဲ ပြောကြတာပေါ့”
ထိုညတွင်ပင် သူတို့ အခန်းသို့ ပြန်လာကြပြီး နွေးထွေးမှုကို အတူတကွ မျှဝေခဲ့ကြသည်။
နောက်တစ်နေ့တွင် ချူဖုန်း လန်းဆန်းစွာ နိုးထလာပြီး ဆုံးဖြတ်ချက်ချလိုက်၏။
သူ စာကြည့်ခန်းထဲသို့ ဝင်လာပြီး နတ်ဘုရားအာရုံကို အသုံးပြုကာ တာအိုကျောက်စိမ်းပေါ်တွင် စာလုံးကြီးငါးလုံးကို ရေးသားလိုက်သည်။ အထွတ်အထိပ်အရှင်၏ နှလုံးသားသန့်စင်ခြင်းစုတြာ
ထိုစကားလုံးငါးလုံးသည် သူ့နတ်ဘုရားအာရုံ၏ သုံးပုံတစ်ပုံလောက်ကို စုပ်ယူသွားသည်။
ကျမ်းစာသည် အတော်လေး ထူးခြားပေလိမ့်မည်။
ချူဖုန်းသည် တစ်ခါတည်း ကျမ်းတစ်ခုလုံးကို ရေးမည် မစဉ်းစားထားပေ။ သူ တဖြည်းဖြည်းဖြင့်သာ ရေးသွားရန် စီစဉ်ထားပြီး သူ့တပည့်များကို အချိန်ပေးကာ ကျင့်ကြံခိုင်းမည်ဖြစ်သည်။
သူ့တပည့်များက မလောပေ။ သူကိုယ်တိုင်လည်း မလောပေ။ သို့သော် မဟာပဏ္ဍိတကျင်းယန်ကတော့ စိတ်ပူနေသည်။ သူမ ဤရက်များအတွင်း လျှို့ဝှက်သင်ယူဖို့ စိတ်ကူးထား၏။ ကျင့်စဉ်အဆင့် တိုးတက်ရန်အတွက် ရှက်ကြောက်နေ၍ မရပေ။
လဝက်နီးပါး ကုန်လွန်လာသော်လည်း ချူဖုန်းဘက်မှ မလှုပ်ရှားသေးပေ။
‘သူ နည်းစနစ်အသစ်တစ်ခုကို ဖန်တီးနေတုန်းမလို့လား’
ထိုသို့ တွေးမိပြီး သူမ ချူဖုန်းအပေါ် ပို၍ လေးစားသွားသည်။
အချိန်များ ကုန်ဆုံးသွားသည်။ လေးဆယ့်ကိုးရက် ကြာပြီးနောက် ချူဖုန်းသည် အထွတ်အထိပ်အရှင်၏ နှလုံးသားသန့်စင်ကျမ်းကို အပြီးသတ်နိုင်လိုက်သည်။
အသက်ကို ပြင်းပြင်းရှူထုတ်စဉ် သူရေးသား ပြီးစီးလိုက်သော တာအိုကျောက်စိမ်းပေါ်မှ အလင်းတန်းသည် ကောင်းကင်ယံသို့ ထိုးဖောက်သွားပြီး မြောင်တောင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။
အခန်း(၃၃၀) မဟာပဏ္ဍိတတစ်ပါးအနေနဲ့ ငါက ဘာလို့ ကျင့်ကြံခြင်းမှာ နောက်ဆုတ်ရမှာလဲ
“ဒါ...ဒါ တာအိုအလင်းတန်းပဲ”
မဟာပဏ္ဍိတကျန်းယန်သည် နေရာမှာတင် တောင့်ခဲသွားပြီး မြောင်တောင်ပေါ်သို့ဖုံးအပ်နေသော အလင်းရောင်များကို ကြည့်လိုက်၏။ နတ်ဘုရားကျောင်းတော်တွင် နေထိုင်ခဲ့သည့် နှစ်များအတွင်း သူမ တာအိုအလင်းတန်းကို တစ်ကြိမ်ထက်မက မြင်ဖူးခဲ့ပါသည်။ သို့သော် ၎င်းအလင်းတန်းတို့ကို သူတော်စင်များသာ ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။
ယခု သူမ ၎င်းကို မြောင်တောင်ပေါ်တွင် မြင်နေရသည်။ သူမ အဘယ်သို့ မထိတ်လန့်ဘဲ နေပါမည်နည်း။
ဌာနမှူးကိုးဦးမှာလည်း ထိတ်လန့်သွားသည်။ သူတို့သည် လုပ်နေသည့်အရာများကို ဘေးပစ်ကာ တာအိုအလင်းတန်းကို ကြည့်နေကြ၏။
သူတို့ ထိုအလင်းတန်းက သောင်းပြောင်းပညာရပ်ဌာနဘက်မှ လာနေကြောင်း သေချာသွားပြီးနောက် သူတို့၏ လက်ကျန်မာနလေးမှာ ပျောက်ဆုံးသွားတော့သည်။
ကျန်းရို့ချန် ညည်းတွားလိုက်သည်။ “ဘာလို့လဲ။ ဘာလို့ ငါ ဝမ်တောက်ဆီ လာခဲ့ရတာလဲ။ နတ်ဘုရားကျောင်းတော်မှာပဲ နေခဲ့ရင် အကောင်းသား”
ကျန်သည့် ဌာနမှူးရှစ်ဦးသည်လည်း ထိုသို့ တွေးနေမိသည်။
သူတို့ ဤနေရာသို့ လာနေရသည့် အကြောင်းအရင်းမှာ သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်လှမ်းရန်ပင်။ ထို့အပြင် ကမ္ဘာကြီးကို နတ်ဘုရားကျောင်းတော် ပါရမီရှင်များ၏ ခွန်အားကို မျက်မြင်ကိုယ်တွေ့ သိစေချင်၍ပင်။
သို့သော် နှစ်အနည်းငယ်အတွင်းမှာ သူတို့ တာအိုနှလုံးသားက အဆက်မပြတ် ထုနှက်ခံနေရသည်။ ထိုသို့သာ ဆက်ဖြစ်နေပါက သူတို့တာအိုနှလုံးသား ပျက်စီးသွားမည်ကို စိုးရိမ်မိပါ၏။
ကျောင်းအုပ်ကြီး အလင်းတန်းကို ကြည့်လိုက်သည်။ သူ့မျက်နှာသည် တည်ငြိမ်နေသော်လည်း နှလုံးသားက လှိုင်းဂယက်များ ထနေတော့၏။ “ဒီကောင်လေး ရှောင်ဖုန်းက ပိုပြီး ခန့်မှန်းရခက်လာတယ်။ နတ်ဘုရားကျောင်းတော်က ကောင်လေးတွေအတွက်တော့ စိတ်မကောင်းဘူး။ သူတို့တွေ ခံစားနေရမှာပဲ”
ချူဖုန်းကို သိသော အကြီးအကဲများနှင့် ကြီးကြပ်သူများသည် မြောင်တောင်ပေါ်သို့ ရောက်လာကြပြီး ဌာနမှူးချူ မိုးမြေပင် တုန်လှုပ်စေလောက်မည့် တာအိုအလင်းတန်းကို မည်သို့ ဆင့်ခေါ်လိုက်သနည်းကို လာကြည့်ကြ၏။
ဝမ်တောက်ကျောင်းတော်မှ မဟာပဏ္ဍိတရွှေတောင်ပံအပါအဝင် ကျင့်ကြံသူတိုင်းသည် ထိုအလင်းတန်းထဲတွင် နှစ်ခြင်းမင်္ဂလာခံယူလိုက်ရသည့်အတွက် တာအိုအနှစ်သာရကို နားလည်ရန် မျှော်လင့်လိုက်ကြသည်။
ချူဖုန်း တာအိုကျောက်စိမ်းမှ ထွက်နေသော အလင်းတန်းကို ကြည့်ပြီး ရေရွတ်လိုက်သည်။ “ဒီတစ်ခါတော့ ငါမွှေလိုက်မိပြန်ပြီ”
သူ တာအိုအလင်းတန်းတွင် ပါဝင်သော အနှစ်သာရကို ဆင်ခြင်ရင်း တာအိုကျောက်စိမ်းပေါ်တွင် ကျန်နေသေးသော ကျမ်းစာကို ခဏရပ်ထားလိုက်သည်။ သူ အနှစ်သာရများကို အလဟသ အဖြစ်မခံနိုင်ပေ။
ထို့ကြောင့် ချူဖုန်းသည် တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံတော့သည်။ ညတာ ကုန်ဆုံးသွားပြီး ချူဖုန်းလည်း မျက်လုံးပွင့်လာ၏။
သူ တာအိုအနှစ်သာရနှစ်ခု ထပ်မံ၍ နားလည်လိုက်ကြောင်း သိလိုက်သည်။ သူ ကျမ်းစာအုပ်ကို ဆက်ရေးပြီးနောက် သူတော်စင်အဆင့် တက်ချင်သွား၏။
ထိုစဉ် သူ့စိတ်ထဲတွင် စက်ရုပ်သံတစ်သံ ထွက်လာသည်။
“မဟာပဏ္ဍတိရွှေတောင်ပံ၊ ပင်းယန်၊ မဟာပဏ္ဍိတရီရှန်းနှင့် မဟာပဏ္ဍိတကျန်းယန်တို့သည် တာအိုအလင်းတန်းမှ တာအိုအနှစ်သာရတစ်ခုကို နားလည်သွားပါပြီ။ ဆုလာဘ်အဖြစ် ပိုင်ရှင်ကို တာအိုအနှစ်သာရ အခုလေးဆယ် ပေးအပ်ပါတယ်”
‘ဟ’
ချူဖုန်း စာရေးချင်စိတ်ကို ဖယ်ထားလိုက်သည်။ အခြားသူများကို လမ်းညွှန်ပေးခြင်းက သူ့လမ်းစဉ်ပင်။ သူ မည်သို့ အာရုံထွေးပြားနိုင်မည်နည်း။ အပျင်းထူနေလိုက်ခြင်းက ပိုကောင်းပေသည်။
သူ့ နတ်ဘုရားအာရုံကို အပြင်သို့ ပို့လွှတ်လိုက်စဉ် သောင်းပြောင်းပညာရပ်ဌာနတွင် လူများရောက်နေသည်ကို တွေ့လိုက်ရ၏။ သူ အပြင်ထွက်လာလိုက်သည်။
“ကျွန်တော်တို့ ဌာနမှူးချူကို ဂါဝရပြုပါတယ်”
ဝမ်တောက်ကျောင်းတော်မှ အကြီးအကဲများနှင့် ကြီးကြပ်သူများသည် လက်သီးဆုပ်ကာ ပြောလိုက်သည်။ သူတို့ လာရောက်စပ်စုခြင်းဖြစ်သော်လည်း မထင်မှတ်စွာ အကျိုးကျေးဇူးများ ရလိုက်၏။
သူတို့ ကျင့်စဉ်အဆင့် တန်းမတက်သွားသော်လည်း ဘာမှ မရသည်ထက်တော့ ပို၍ ကောင်းလေသည်။
“နေ...နေ...အဲဒါတွေ လုပ်မနေနဲ့”
ချူဖုန်း ပြောလိုက်ရင်း ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ကို မေးလိုက်သည်။
“ရှောင်ချန်း၊ တာ့ချန် မင်းတို့ နှစ်ယောက် တာအိုအလင်းတန်းကနေ ဘာနားလည်လိုက်လဲ”
သူတို့ အကြည့်ချင်းဖလှယ်လိုက်ပြီး ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။
“ဆရာ့ကို တင်ပြပါတယ်။ ဒီတပည့်တို့က နားလည်မှု အားနည်းတော့ တာအိုအလင်းတန်းကနေ နားမလည်လိုက်ပါဘူး”
ထိုစကားလုံးများ ထွက်လာသည်နှင့် လူတိုင်း တိတ်ဆိတ်သွားသည်။
သူတို့ ပြောလိုက်ချင်ပါသည်။
“မင်းတို့က ဒီလောက်တောင် သန်မာတာကို ဘာလို့နှိမ့်ချနေတာလဲ။ မင်းတို့ကို ဒီထဲက ဘယ်သူက အနိုင်ယူနိုင်လို့လဲ”
ကံကောင်းစွာ မဟာပဏ္ဍိရီရှန်းသည် ထိုထူးဆန်းသည့်လေထုကို ချိုးဖြတ်လိုက်၏။ သူ ချူဖုန်းကို လက်သီးဆုပ်ပြီး ပြောလိုက်သည်။ “ဌာနမှူးချူ လမ်းညွှန်မှုကြောင့် ဒီလူအိုကြီးက သူတော်စင်တစ်ပိုင်းအဆင့်မှာ ခြေတစ်လှမ်း ထပ်လှမ်းနိုင်ခဲ့ပါတယ်”
ချူဖုန်း ပြန်ဖြေလိုက်သည်။ “အကြီးအကဲရီရှန်း ခင်ဗျားက ရှောင်ချန်း အစောင့်အရှောက်ပါ။ အဲ့တော့ မြောင်တောင်ပေါ်က လူတစ်ယောက်အနေနဲ့ ဒီအခွင့်အရေးကို ရထိုက်ပါတယ်”
“ဒီလူအိုကြီး ရှောင်ချန်းကို အစွမ်းကုန် ကာကွယ်ပေးပါ့မယ်”
မဟာပဏ္ဍိတရီရှန်း ခဏရပ်ပြီးမှ ဆက်ပြောသည်။ “ရှောင်ချန်းနဲ့ ချောင်ရို့ချန်က နားလည်မှု အားနည်းတာ မဟုတ်ပါဘူး။ တာအိုအလင်းကိုက သူတို့အတွက် အရမ်းနက်နဲလွန်းတယ်။ သူတို့ နားလည်ရင်တောင် အပေါ်ယံလောက်ပဲ နားလည်မှာ။ အမှန်တကယ် နားလည်ဖို့ဆိုရင် အရင်ဆုံး တာအိုအနှစ်သာရကို နားလည်ထားဖို့လိုတယ်”
အကြီးအကဲနှင့် ကြီးကြပ်သူတို့ တိတ်ဆိတ်သွားပြန်သည်။ သူတို့သည် ရီရှန်း သူတို့ကို ပြောနေသည်ဟု ထင်မိသည်။
“အို.. ဟုတ်သားပဲ”
ချူဖုန်း ထိုအကြောင်းကို ဆက်မပြောတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ခင်ဗျားတို့အားလုံး အလင်းတန်းကို လာကြည့်တာလား”
အကြီးအကဲပိုင် ရှေ့သို့ တက်လာသည်။ “ဌာနမှူးချူ ကျွန်တော်တို့က ဘယ်အရာကများ တာအိုအလင်းတန်းကို ထွက်ပေါ်လာစေလဲ သိချင်လို့ပါ”
“စိတ်ကို တည်ငြိမ်စေတဲ့ ကျမ်းစာကနေ လာတာပါ”
ချူဖုန်း တောက်ပစွာ ပြုံးရင် ပြန်ဖြေသည်။
ထိုသည်ကို ကြားသော် မည်သူမှ ထူးဆန်းသလို မထင်ပေ။ မည်သို့ပင်ဆိုစေ ဌာနမှူးချူသည် ရှေးဟောင်းနှောင်းဖြစ် အစုံအလင်ကို ဖတ်ထားသူ ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် တာအိုအလင်းများ ထွက်စေသည့် ကျမ်းစာကို ရေးဖို့ဆိုတာ မထူးဆန်းပေ။
မဟာပဏ္ဍိတရွှေတောင်ပံ မစဉ်းစားဘဲ ပြောလိုက်သည်။ “ဌာနမှူးချူ ကျွန်တော်တို့ တစ်ချက် ကြည့်လို့ရမလား”
ချူဖုန်း ပြန်ဖြေလိုက်သည်။ “ငါ အခုမှ တာအိုကျောက်စိမ်းတစ်ခုမှာပဲ ရေးရသေးတာ။ မပြီးခင်ထိတော့ ထပ်မမေးနဲ့ဦး”
လူတိုင်းသည် ထိုကိစ္စကို မျှော်လင့်ထားသည့်အတွက် ထွက်သွားလိုက်သည်။
သိပ်မကြာခင် ချူဖုန်းနှင့် ပင်းယန်တို့သာ ခြံဝင်းထဲတွင် ကျန်ခဲ့သည်။ ချူဖုန်းသည် အမှောင်ထုထဲသို့ ကြည့်ပြီး အသာအယာ မေးလိုက်သည်။ “တာအိုရောင်းရင်း ကျန်းယန် ဘာလို့ အပြင်ကနေ ကြည့်နေတာလဲ။ တစ်ခုခု ပြောစရာ ရှိလို့လား”
သူ့စကားအဆုံးတွင် အနီရောင်ပုံရိပ်တစ်ခု ထွက်လာသည်။
ထိုသူမှာ ပုန်းအောင်းနေသည့် မဟာပဏ္ဍိကျန်းယန်ပင်။ သူမ မေးလိုက်သည်။ “လူတွေအများကြီးက တာအိုရောင်းရင်းချူကို လမ်းညွှန်ပေးလို့ ကျေးဇူးတင်နေကြတာ။ ကျွန်မလည်း ကျေးဇူးတင်ချင်လို့ပါ”
သူမသည် ယဉ်ကျေးမနေတော့ပေ။ သူမ မြောင်တော်ပေါ်သို့ ရောက်သည်မှာ တစ်နှစ်မပြည့်သေးသော်လည်း တာအိုအနှစ်သာရကို နားလည်သွားသည်။ပုံမှန်ဆိုလျှင် ဆယ်နှစ်နေရင်တောင် တစ်ခုနားလည်ဖို့ မဖြစ်နိုင်ပေ။
သို့သော်ယနေ့ အတွေ့အကြုံကြောင့် ကျန်းယန် သေချာသွားတော့သည်။ သူမသည် ဤနေရာ၌ပင် သူတော်စင်အဆင့်သို့ တက်နိုင်ပါ၏။
ချူဖုန်း ပြုံးလိုက်သည်။ “နေ...နေ...အဲဒါတွေ လုပ်မနေနဲ့။ ခင်ဗျားက တာ့ချန်ရဲ့ ဘိုးဘေးပဲ။ နောက်ပိုင်းကျင့်စဉ်နဲ့ ပတ်သက်ပြီး တစ်ခုခု နားမလည်တာရှိရင် လာမေးလို့ရမယ်”
ထိုသည်ကို ကြားသော် ကျန်းယန် မျက်လုံးများ တောက်ပသွားသည်။ သူမ ပျော်ရွှင်စွာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”
ထို့နောက် စကားအနည်းငယ် ပြောပြီးနောက် သူမ အမှောင်ထုထဲသို့ ပြန်လည် ပျောက်ကွယ်သွားသည်။ ချူဖုန်း သူမ ထွက်သွားသည်ကို ကြည့်နေပြီးနောက် ပြန်အလှည့်တွင် ပင်းယန်၏ အကြည့်များနှင့် ဆုံလိုက်သည်။
“ရှင် ဘာလို့ သူ့ကို အဲ့သလို ကြည့်နေတာလဲ”
သူမ အသံက တည်ငြိမ်နေပါသည်။ “ယောကျာ်း ရှင် မဟာပဏ္ဍိတကျန်းယန်ကို ကြိုက်နေတာလား”
“ဘာလို့ အဲ့ဒီလို မေးတာလဲ”
ချူဖုန်း နားမလည်နိုင် ဖြစ်သွားသည်။
“ရှင်က သူ့ကို လမ်းညွှန်မှုပေးမယ် ပြောလိုက်တာကို” ပင်းယန် ပြန်ဖြေသည်။
“ဟားဟား”
ချူဖုန်း ရယ်မောလိုက်သည်။ “မင်း အတွေးလွန်နေပြန်ပြီ။ ကိုယ်က သင်ကြားပေးရတာကို ပျော်လို့ပါ”
“တကယ်လား”
ပင်းယန် ခဏရပ်ပြီးမှ ပြန်ပြောလိုက်သည်။ “ရှင် သူ့ကို ကြိုက်ရင် ကျွန်မ အောင်သွယ်ပေးမလို့လေ။ ဒါပေမဲ့ မကြိုက်ဘူးဆိုတော့လည်း ထားပါလေ”
“ကိုယ်က ဘယ်တော့မှ အလှလေးတွေကို မမက်မောဘူး”
ချူဖုန်း လေးနက်စွာ ဖြေသည်။
“အလှလေးတွေကပဲ ကိုယ့်ကို လိုချင်တာ”
“…”
ပင်းယန် စိတ်ဆိုးသွားတော့သည်။ သို့သော် ပြန်တွေးကြည့်လျှင် ဟုတ်နေသည့်အတွက် သူမ ခေါင်းစဉ် ပြောင်းလိုက်၏။
“ယောကျ်ား ကျွန်မ ကျမ်းစာကို ကြည့်လို့ရမလား”
“ရတာပေါ့။ လာခဲ့”
ချူဖုန်း သူမ သေးသွယ်သော ခါးလေးကိုပွေ့ဖက်ရင်း စာကြည့်ခန်းထဲသို့ ခေါ်သွားလိုက်သည်။
အထဲတွင် သူမကို တာအိုကျောက်စိမ်းတစ်ခု ကမ်းပေးလိုက်သည်။ ပင်းယန် လက်ခံလိုက်ပြီး တာအိုကျောက်စိမ်းထဲသို့ သူမ စိတ်အာရုံကို ထည့်လိုက်သည့်အခါ အရောက်တောက်နေသော တာအိုအနှစ်သာရများကို မြင်လိုက်ရသည်။
သူမ ခဏအကြာမှ ပြန်ချလိုက်ပြီး စားပွဲပေါ်မှ အခြားတာအိုကျောက်စိမ်းကို ကြည့်လိုက်ပြီး မေးလိုက်သည်။ “ယောကျ်ား ရှင် ဒီထဲက စာတွေကို နောက်တစ်ခုဆီ ကူးမလို့လား”
ချူဖုန်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဒါပေမဲ့ ကိုယ့်လက်ရှိ အဆင့်အရဆို ကျမ်းတစ်ခုကို ကူးဖို့ တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ထက် ပိုကြာနိုင်တယ်”
“ဒါဆို ကျွန်မ ကူညီပေးရမလား” သူမ မေးလိုက်သည်။
“မင်း ကိုယ့်ကို လက်ဖက်ရည်ဖျော်ပေး၊ ပခုံးနှိပ်ပေးပြီး ကူညီပေးလို့ ရပါတယ်” ချူဖုန်း စပ်ဖြီးဖြီးပြုံးကာ ပြောလိုက်သည်။
“အင်း”
ပင်းယန် လက်ဖက်ရည်ဖျော်ရန် ပြင်လိုက်ပြီး ချူဖုန်းက အလုပ်ဆက်လုပ်နေတော့သည်။