အခန်း (၃၂၁-၃၂၂)
Vol. 33 Ch. 321-322
အခန်း (၃၂၁) အစပိုင်းတွင် မာန်တက်ရာမှ အဆုံး၌ ရိုကျိုးသွားခြင်း
ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီးအတွင်း၌ ပင်လယ်မျိုးနွယ်စုဝင်အားလုံးသည် အဝင်ဝဆီသို့ တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြ၏။
ကျောင်းတော်သားနှင့်အတူ လျှောက်လှမ်းလာသည့် ပိုင်စုရှင်းကို သူတို့ မြင်လိုက်ရပြီး ထိုနှစ်ယောက်၏နောက်တွင် ထူးခြားထက်မြက်သော အသွင်အပြင်ရှိသည့် လူငယ်နှစ်ဦး လိုက်ပါလာသည်။
ထိုသုံးဦးမှာ အခြားသူများမဟုတ်ဘဲ ရွှီချိုက်ချန်၊ ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ပင်။ ချူဖုန်းနှင့် အခြားသူများမှာမူ ထိုအချိန်တွင် ဘေးဘက်ရှိ ခြံဝင်းတစ်ခုအတွင်း၌ အနားယူနေခဲ့ကြသည်။
ဤကဲ့သို့ သေးငယ်သော ကိစ္စရပ်အတွက် သူတို့ဆရာကိုယ်တိုင် ကြွရောက်လာရန် မလိုအပ်ပေ။
ပင်လယ်မျိုးနွယ်စုဝင်များသည် ထိုသုံးဦးကို စမ်းသပ်ရန်အတွက် သူတို့ နတ်ဘုရားအာရုံကို အလိုအလျောက် အသုံးပြုလိုက်ကြသော်လည်း အံ့ဩစရာကောင်းသည်မှာ ထိုသူတို့၏ ကျင့်စဉ်အဆင့်ကို အကဲမဖြတ်နိုင်ပေ။
သူတို့အပေါ် စူးစမ်းရှာဖွေနေသည့် အာရုံများကို ခံစားမိလိုက်သောအခါ ရှောင်ချန်း နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ်သွားခဲ့၏။ သူတို့ ဝမ်တောက်ကျောင်းတော်မှ မထွက်ခွာမီကပင် ကျင့်စဉ်အဆင့်ကို ဖုံးကွယ်ထားနိုင်ရန် ဆရာဖြစ်သူက ကျောက်စိမ်းအဆောင်လက်ဖွဲ့ တစ်ခုစီ ပြင်ဆင်ပေးထားခဲ့သည်။
သူတော်စင်အဆင့်သို့ ရောက်ရှိနေသူမဟုတ်လျှင် မည်သူမျှ ထိုးဖောက်မမြင်နိုင်ပေ။ ဤငါးကလေးများ စိတ်ကြိုက်သာ ခန့်မှန်းနိုင်ပါ၏။
ရွှီချိုက်ချန် မီးလျှံနက်ရေနဂါး၏ အကြည့်ကို တည့်တည့်ရင်ဆိုင်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ဂါရဝပြုလိုက်သည်။
“မျိုးဆက်သစ် ရွှီချိုက်ချန်က စီနီယာ ဟေးယန့်ကို နှုတ်ခွန်ဆက်သပါတယ်ခင်ဗျာ”
[T/N ဟေးယန့်ဆိုတာ မီးလျှံနက်ပါ]
ချူဖုန်း၏ နှစ်ရှည်လများ လမ်းညွှန်မှုအောက်တွင် ရွှီချိုက်ချန်သည် သူတစ်ပါးကို အကျိုးအကြောင်းပြ၍ နားချသည့်အတတ်ပညာကို ကောင်းစွာ ကျွမ်းကျင်နေပြီဖြစ်၏။
“ရွှီချိုက်ချန်”
“သူ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ”
ထိုအမည်ကို ကြားလိုက်ရသောအခါ ပင်လယ်မျိုးနွယ်စုဝင်များ၏ မျက်နှာအမူအရာမှာ အံဩသွားကြသည်။
ဤနေရာရှိ လူအများစုမှာ သေမျိုးလောကတွင် ပိုင်စုရှင်း ကြုံတွေ့ခဲ့ရသည့် ကိစ္စရပ်အချို့ကို ကြားဖူးနားဝရှိကြပြီး သူမ ခင်ပွန်းအမည်မှာ ရွှီချိုက်ချန်ဖြစ်ကြောင်းကိုလည်း သဘာဝကျကျပင် သိရှိထားကြသည်။
ပင်မနေရာတွင် ထိုင်နေသော ဟေးယန့်ကျောင်း(မီးလျှံနက်ရေနဂါး)ပင် မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်မိသည်။
[T/N ကျောင်းဆိုတာ ရေနဂါးပါ]
“အားနာနေဖို့ မလိုပါဘူး”
“ကျေးဇူးတင်ပါတယ် စီနီယာ”
ရွှီချိုက်ချန်သည် ပင်လယ်မျိုးနွယ်စုဝင်များ၏ တုံ့ပြန်မှုများကို အရေးမစိုက်ပေ။
ဟေးယန့်ကျောင်း ပိုင်စုရှင်းဘက်သို့ အကြည့်လွှဲလိုက်သည်။
“စုရှင်း၊ မင်း ငါ့ကို ရှင်းပြချက်တစ်ခု ပေးသင့်တယ် မဟုတ်လား”
သူ့လေသံမှာ အေးစက်နေသော်လည်း ထိုစကားလုံးများ၏ နောက်ကွယ်ရှိ နက်ရှိုင်းသော အဓိပ္ပာယ်ကို ခန်းမထဲရှိ လူတိုင်း ကြားနိုင်ခဲ့၏။
ပိုင်စုရှင်း၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။
“အဖေ၊ ချိုက်ချန်က သမီး လူသားလောကမှာ လက်ထပ်ခဲ့တဲ့ ခင်ပွန်းဖြစ်တာ အမှန်ပါပဲ။ သူက ဝမ်တောက်ကျောင်းတော်ကို ဝင်ခဲ့ပြီးပါပြီ”
သူမ စကားကြောင့် ခန်းမတစ်ခုလုံးတွင် ရယ်သံများ ချက်ချင်း ပျံ့လွင့်သွားတော့၏။
“ဟားဟားဟား...”
“စုရှင်း၊ အဲဒီအလိမ်အညာက သိပ်ကို အပေါစားဆန်လွန်းတယ်။ ငါမှတ်မိသလောက်တော့ ရွှီချိုက်ချန်ဆိုတာ သာမန်စာသင်သား တစ်ယောက်သက်သက်ပဲလေ။ အခုကျမှ သူက ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင်တစ်ယောက်လို့ ပြောနေတာလား”
“ဟုတ်တယ်။ ဝူနိုင်ငံ လိုမျိုး သာမန်လူသားတွေနေတဲ့ အရပ်က လူသားတစ်ယောက်က ဝမ်တောက်ကျောင်းတော်ကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ လမ်းမှာတင် နတ်ဆိုးတွေနဲ့ မိစ္ဆာတွေက သူ့ကို ဝါးမြိုပစ်လိုက်မှာပေါ့”
“ကောင်လေး၊ မင်းက ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင်လို့ ပြောတာလား ဒါဆိုရင် ငါကလည်း ဝမ်တောက်ကျောင်းတော်ရဲ့ ပြိုင်ဘက်ကင်းလက်သီးအရှင် ချောင်ရို့ချန်လို့ ပြောလိုက်ရင် ရတာပဲလေ”
ဟေးယန့်ကျောင်းသည် အောက်ခြေမှ လှောင်ပြောင်သံများကို တားဆီးခြင်း မပြုဘဲ ဤပါရမီရှင်ဟု ဆိုသူမှာ ထိုသို့သော အခြေအနေကို မည်သို့ကိုင်တွယ်မည်နည်းဟု စောင့်ကြည့်နေသည်။
အကယ်၍ ရွှီချိုက်ချန်သည် ဤမျှ သေးငယ်သော ပြဿနာကိုပင် မကိုင်တွယ်နိုင်ပါက သူ လိမ်ညာနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုစဉ်မှာပင် ခန်းမအတွင်း၌ ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့၏။
“စောစောက ဘယ်သူက သူကိုယ်သူ ချောင်ရို့ချန်လို့ ပြောလိုက်တာလဲ”
ခန်းမတစ်ခုလုံး စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် နဂါးဦးခေါင်းနှင့် လူခန္ဓာရှိသည့် ပင်လယ်မျိုးနွယ်စုဝင်တစ်ဦး ဝိုင်ခွက်ကို ကိုင်ကာ မတ်တတ်ရပ်လိုက်သည်။
မာနထောင်လွှားသော အကြည့်ဖြင့် သူကဆို၏။
“ငါပဲ”
စကား မဆုံးသေးမီမှာပင် လေဟာနယ်ထဲမှ လက်ဝါးကြီးတစ်ဖက် ပေါ်ထွက်လာပြီး သူ့လည်ပင်းကို ဆွဲညှစ်ကာ နေရာမှ ဆွဲမလိုက်၍ မြေပြင်ပေါ်သို့ ဘုန်းကနဲ အသံမြည်အောင် ရိုက်ချလိုက်သည်။
ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် ခန်းမတစ်ခုလုံးတွင် တင်းမာမှုများ ချက်ချင်း ဖုံးလွှမ်းသွားခဲ့၏။
လူတိုင်း၏ အကြည့်မှာ ထိုသို့ ပြုမူလိုက်သူဆီသို့ ရောက်သွားကြသည်။
ထိုသူက အရပ်ရှည်ရှည်နှင့် မထီမဲ့မြင် ပြုမူတတ်သော အသွင်ရှိသည့် လူငယ်တစ်ဦးဖြစ်ပြီး သူ့ခြေထောက်မှာ ဟေးပင်း၏ ဦးခေါင်းပေါ်တွင် ခိုင်ခိုင်မာမာ နင်းထားသည်။
“မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ”
“ကောင်လေး၊ ဒီနေရာက မင်း အကြမ်းဖက်လို့ရတဲ့ နေရာမဟုတ်ဘူးနော်”
“…”
ချောင်ရို့ချန်သည် ပင်လယ်မျိုးနွယ်စု၏ အော်ဟစ်သံများကို လျစ်လျူရှုလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ဖိအားများကို ထုတ်လွှတ်လိုက်၏။
တာအိုပေါင်းစည်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါမှာ လေထုအတွင်း ပျံ့နှံ့သွားပြီး လူအများအပြားကို ချက်ချင်းပင် နှုတ်ဆိတ်သွားစေသည်။
ပင်မနေရာရှိ ဟေးယန့်ကျောင်းပင်လျှင် မျက်လုံးများကို မှေးလိုက်မိ၏။
“တာအိုမိတ်ဆွေ၊ ဒါက ဘာသဘောလဲ”
ဟေးပင်းကို ကြက်ကလေးတစ်ကောင်ကဲ့သို့ မကာ ချောင်ရို့ချန်က အေးစက်စွာ ပြောလိုက်သည်။
“ဟေးယန့်ကျောင်း၊ ဒီအကောင်က ငါ ချောင်ရို့ချန်ရဲ့ ရှေ့မှာတင် ငါ့နာမည်ကို အတုခိုးရဲတယ်လေ။ သူ့ခေါင်းကို အခုပဲ နင်းခြေပစ်ရမလား ဒါမှမဟုတ် အရှင်လက်လက်ပဲ နဂါးအကြောတွေကို ဆွဲထုတ်ပစ်လိုက်ရမလား”
သူ့ စကားများထဲတွင် အကြောင်းအရာများစွာ ပါဝင်သော်လည်း ပင်လယ်မျိုးနွယ်စုဝင်များသည် အရေးကြီးဆုံးသော သတင်းအချက်အလက်ကို လျင်မြန်စွာ ဖမ်းဆုပ်နိုင်လိုက်ကြ၏။ ၎င်းမှာ ချောင်ရို့ချန်ဆိုသည့် အမည်ပင်။
“မင်းက တကယ်ပဲ ဝမ်တောက်ကျောင်းတော်ရဲ့ သူတော်စင်သားတော် ချောင်ရို့ချန်လား”
ဟေးယန့်ကျောင်း၏ မျက်နှာတွင် အံ့အားသင့်မှုများ သိသိသာသာ ထင်ဟပ်လျက် နေရာမှ ဝုန်းကနဲ ထရပ်မိလိုက်သည်။
အရှေ့ပင်လယ်မှာ ဝေးကွာလှသော်လည်း ထိုသူ၏ တိုက်ပွဲများ၊ အောင်မြင်မှုများအကြောင်းနှင့် နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို လက်ဗလာဖြင့် ဆွဲဖြဲပစ်ခဲ့သည့် သတင်းကို သူ ကြားဖူးနားဝရှိနေခဲ့၏။
သူတို့နှစ်ဦးလုံး တာအိုပေါင်းစည်းအဆင့်တွင် ရှိနေကြသော်လည်း တူညီသော အဆင့်အတွင်း၌ပင် ကွာခြားချက်မှာ ကြီးမားလှပေသည်။
ချောင်ရို့ချန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားပြီး ဖိအားမှာ ပိုမိုမြင့်တက်လာကာ ခန္ဓာကိုယ်မှ နတ်ဘုရားရောင်ခြည်များ ဖြာထွက်လာသည်။
ခန်းမထဲရှိ ပင်လယ်မျိုးနွယ်စုဝင်များသည် ထိုမြင်ကွင်းကို မြင်သောအခါ အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားကြ၏။
“နတ်ဘုရားခန္ဓာ…”
“သူက တာအိုပေါင်းစည်းခြင်းအဆင့်မှာတင် နတ်ဘုရားခန္ဓာကို နိုးထနိုင်ခဲ့တာလား။ သူ တကယ့် ချောင်ရို့ချန်ပဲ”
“…”
ချောင်ရို့ချန်းမှာ ဤအသိဉာဏ်မရှိသော ပင်လယ်မျိုးနွယ်စုဝင်များ၏ တုံ့ပြန်မှုကို အတော်ပင် ကျေနပ်နေခဲ့၏။
“ဟုတ်တယ်။ ပြောစမ်း၊ ဒီငတုံး ကလွဲလို့ ဘယ်သူက ငါ့နာမည်ကို အတုခိုးရဲသေးလဲ”
ခန်းမဆောင်ကြီးအတွင်းရှိ လူများသည် လေအေးတစ်ဆုပ် ရှူသွင်းလိုက်ကြပြီး ဟေးပင်းအပေါ် ထားရှိသော သူတို့အကြည့်များတွင် သနားရိပ်များ စွန်းထင်လာ၏။
စကားအမှားဖြင့် ရန်စမိသူပေါင်းများစွာထဲတွင် သူသည် တကယ့်လူစင်စစ်ကြီး၏ ရှေ့မှောက်၌ပင် ထိုသို့ ပြုမူမိခဲ့လေ၏။
‘ဒါက သေမင်းကို လက်ယက်ခေါ်နေတာ မဟုတ်ဘူးလား’
ဤအချိန်တွင် ဟေးယန့်ကျောင်း၏ နှလုံးသားမှာ ဂယောက်ဂယက် ဖြစ်နေခဲ့သည်။ ချောင်ရို့ချန်သည် နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူကို လက်ဗလာဖြင့် ဆွဲဖြဲနိုင်သည်ကို ဖယ်ထားရင်တောင် သူသည် ဝမ်တောက်ကျောင်းတော်၏ သူတော်စင်သားတော်တစ်ဦး ဖြစ်ရာ ထိုကဲ့သို့သော ပုဂ္ဂိုလ်၏ ဘေးတွင် အမြဲတမ်း အစွမ်းထက်သော အစောင့်အရှောက်ရှိနေတတ်သည်။
အကယ်၍ သူ ချောင်ရို့ချန်ကို ဒေါသထွက်အောင် လုပ်မိပါက ရေနဂါးနန်းတော်တစ်ခုလုံး မြေလှန်ဖျက်ဆီးခံရနိုင်ခြေရှိနေ၏။
သူ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ငိုသည်ထက်ပင် ကြည့်ရဆိုးသော အပြုံးကို ဖန်တီးကာ ရွှီချိုက်ချန်ကို ပြောလိုက်သည်။
“သမက်တော်လေး၊ ပါရမီရှင်ချောင် ရောက်လာမှာကို ငါပြင်ဆင်ထားနိုင်အောင် ဘာလို့ အစောကြီး မပြောခဲ့တာလဲ”
ဟေးယန့်ကျောင်းသည် မျက်နှာပန်းလှအောင် လမ်းရှာနေခြင်းသာ ဖြစ်ကြောင်း ရွှီချိုက်ချန် ကောင်းစွာ မြင်နိုင်၏။ သို့သော် အခြေအနေကို ပျက်စီးစေရန် သူ မရည်ရွယ်ထားပေ။ သူ ပြုံးကာ ပြောလိုက်သည်။
“အဖေ့ကို ကျွန်တော့်ရဲ့ စီနီယာအစ်ကိုတွေနဲ့ မိတ်ဆက်ပေးဖို့ အခွင့်အရေး မရသေးခင်မှာပဲ ဒီလူက စကားတွေ လျှောက်ပြောနေခဲ့တာ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူးလေ”
“စီ... စီနီယာအစ်ကို”
ဟေးယန့်ကျောင်းသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိပြီး ဟန်ချက်ပျက်ကာ ထိုင်ခုံပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ သူ့အကြည့်မှာလည်း တိတ်ဆိတ်နေသော ရှောင်ချန်ဆီသို့ ရောက်သွားသည်။
“မင်းပြောတာ ပြိုင်ဘက်ကင်းဓားသမားလား”
ရှောင်ချန်းသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့အရှိန်အဝါများ ချက်ချင်း ပေါက်ကွဲထွက်လာပြီး အလွန်တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်၏။
“ဟုတ်ပါတယ်။ ကျွန်တော် ရှောင်ချန်းပါ”
ဘုန်း
ဟေးယန့်ကျောင်းသည် ခန္ဓာကိုယ်ထဲမှ ခွန်အားများ ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး စကားတစ်လုံးမှ မပြောနိုင်ဘဲ ထိုင်ခုံပေါ်သို့ ပြိုလဲကျသွားသည်။
ခမ်းနားလှသော ခန်းမဆောင်ကြီးသည် သင်္ချိုင်းတစ်ခုအလား တိတ်ဆိတ်သွားခဲ့၏။
ပင်လယ်မျိုးနွယ်စုတစ်ခုလုံးမှာလည်း ကျောက်ရုပ်များသဖွယ် အေးခဲသွားပြီး မလှုပ်မယှက် ရှိနေကြသည်။
ကံကောင်းထောက်မစွာ ရှောင်ချန်းသည် သူ၏ အရှိန်အဝါကို ရုပ်သိမ်းလိုက်ရာ အစောပိုင်းကကဲ့သို့ပင် ထူးခြားမှုမရှိသော ပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။
ဂလောက်
ခွက်များ ပြုတ်ကျခြင်းနှင့် တူများ လွင့်စင်သွားသည့် အသံများ ခန်းမအတွင်း၌ ထွက်ပေါ်လာခဲ့၏။
ဤငါးကလေးများအတွက် ရှောင်ချန်းနှင့် ချောင်ရို့ချန်ဆိုသည့် အမည်များမှာ အလွန်ပင် လေးလံလွန်းလှသဖြင့် သူတို့ ကြောက်လန့်လွန်း၍ ကိုယ်ပိုင်ဆိုင်သောအမည်များကိုပင် မေ့လျော့သွားကြသည်။
ရှုပ်ထွေးနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ ဟေးယန့်ကျောင်း နဖူးမှ ချွေးစေးများကို လက်စဖြင့် သိုသိုသိပ်သိပ် သုတ်လိုက်သည်။
“မြန်မြန်... သမက်တော်၊ မင်းရဲ့ စီနီယာအစ်ကိုနှစ်ယောက်ကို နေရာယူခိုင်းလိုက်ပါဦး”
“ဟုတ်ကဲ့”
ရွှီချိုက်ချန် ပြန်လည်ဖြေကြားလိုက်ပြီး ချောင်ရို့ချန်ဘက်သို့ လှည့်ကာ လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။
“ဒုတိယစီနီယာအစ်ကို၊ ဒီနေ့ ကျွန်တော်က ယောက္ခမကို ဂါရဝပြုဖို့ လာတာမို့ သွေးထွက်သံယို မဖြစ်သင့်ပါဘူး။ ကျွန်တော့်မျက်နှာကို ထောက်ထားပြီး ကရုဏာသက်ညှာပေးပါဦး”
ချောင်ရို့ချန်သည် လူကြမ်းနေရာမှ သရုပ်ဆောင်ရန် ကြိုတင်ဆုံးဖြတ်ထားပြီးသားဖြစ်ရာ အားရပါးရ ပြုံးကာ ဆိုလိုက်၏။
“ငါ့ရဲ့ ဂျူနီယာညီလေးက ပြောလာမှတော့၊ စီနီယာတစ်ယောက်အနေနဲ့ ငါက ဘယ်လိုလုပ် မျက်နှာသာမပေးဘဲ နေနိုင်မှာလဲ”
သူ နဂါးလူသားကို ထိုင်ခုံပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။
“ကောင်လေး၊ နောက်ခါကျရင် ပိုပြီး သတိထားဦး”
ကြောက်လန့်တုန်ရီနေသော ဟေးပင်းသည် သူ့အသက်ကို အဖိုးတန်ရတနာတစ်ခုကဲ့သို့ ဆုပ်ကိုင်ထားမိသည်။ သူ ဒူးထောက်ကာ အလျင်အမြန် ဆိုလိုက်၏။
“ကျွန်တော့်အသက်ကို ချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ် ပါရမီရှင်ချောင်၊ ပြီးတော့ ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ယောက်ဖကြီး”
ရွှီချိုက်ချန် ခေါင်းအသာ ညိတ်ပြလိုက်ပြီး ပိုင်စုရှင်းနှင့်အတူ ထိုင်ရာနေရာများဆီသို့ လျှောက်သွားလိုက်သည်။
ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ သူတို့ဘေးနားရှိ ထိုင်ခုံများတွင် နေရာယူလိုက်ကြသည်။
ခန်းမအတွင်းရှိ လေထုမှာ ထူးဆန်းနေခဲ့၏။ ပင်လယ်မျိုးနွယ်စုဝင်များသည် အစောပိုင်းက မြင်ကွင်းကို ပြန်လည်တွေးတောမိတိုင်း ထိုသုံးဦးကို စိတ်အနှောင့်အယှက် မဖြစ်စေရန် အသက်ကိုပင် ပြင်းပြင်းမရှူရဲကြပေ။
ဟေးယန့်ကျောင်းပင် အားယူ၍ ပြုံးနေရပြီး တစ်ခါတစ်ရံတွင် သူတို့ကို ဝိုင်ခွက်မြှောက်ကာ ဧည့်ခံနေရသည်။
ဝိုင်သုံးခွက် သောက်ပြီးနောက်
ရွှီချိုက်ချန် မတ်တတ်ရပ်လိုက်ပြီး ဟေးယန့်ကျောင်းဘက်သို့ ဝိုင်ခွက်ကို မြှောက်လိုက်သည်။
“အဖေ၊ ကျွန်တော် ဝမ်တောက်ကျောင်းတော်မှာ နှစ်ပေါင်းများစွာ ပညာသင်ကြားခဲ့ပြီး မကြာသေးမီနှစ်တွေမှာ အောင်မြင်မှု အနည်းငယ် ရခဲ့ပါတယ်။ အခု ရေနဂါးနန်းတော်ကို လက်ထပ်ခွင့် တောင်းခံဖို့အတွက် လက်ဆောင်တွေ ယူဆောင်လာခဲ့ပါတယ်။ အဖေ့ အနေနဲ့ စုရှင်းကို ကျွန်တော့်ဆီ ထည့်ပေးဖို့ သဘောတူလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”
တိတ်ဆိတ်သွားသည်။ ခန်းမသည် တစ်ဖန် ငြိမ်သက်သွားပြီး မရေမတွက်နိုင်သော မျက်လုံးတို့သည် ဟေးယန့်ကျောင်းဆီသို့ လှည့်ကြည့်လာကြ၏။
အခန်း (၃၂၂) အဇူရာရေနဂါး
“ဟူး”
ခန်းမဆောင်ကြီးအတွင်း၌ ဟေးယန့်ကျောင်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
“သားမက်တော် မင်း မိသားစုပြန်ဆုံချင်နေတာ ငါသိပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ငါတစ်ယောက်တည်း ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးကွ။ အမှန်အတိုင်းပြောရရင် စုရှင်းကို အဲဒီ အဇူရာရေနဂါးနဲ့ ငါမိတ်ဆက်ပေးခဲ့တာ မဟုတ်ဘူး။ သူကိုယ်တိုင်က စုရှင်းရဲ့ နိုးထလာတဲ့ နဂါးသွေးမျိုးဆက်ကို သဘောကျလို့ ငါ့ရဲ့ အနက်ရောင်မီးလျှံ ရေနန်းတော်ဆီကို လက်ထပ်ခွင့် တောင်းဆိုလာတာ”
“ငါက တာအိုပေါင်းစည်းခြင်းအဆင့်ရှိတဲ့ နဂါးစစ်သူကြီးတစ်ယောက်သာ ဖြစ်ပေမဲ့ အဲဒီအဇူရာရေနဂါးကတော့
အဇူရာနဂါးဘုရင်ရဲ့ တိုက်ရိုက်တော်စပ်တဲ့ သားတော်ဖြစ်သလို သူ့ဘိုးဘေးကလည်း နဂါးမျိုးနွယ်စုရဲ့ သူတော်စင်တစ်ပိုင်း တစ်ယောက်လေ”
ချောင်ရို့ချန် နှုတ်ခမ်းများ ထိုစကားကို ကြားသောအခါ အနည်းငယ် တွန့်ကွေးသွားသည်။
“စီနီယာဟေးယန့်၊ ဆိုလိုတာက ဒီကိစ္စကို ဖြေရှင်းဖို့ ခက်ခဲလိမ့်မယ်လို့ ပြောတာလား”
ဟေးယန့်ကျောင်း ခေါင်းညိတ်ပြသည်။
“တကယ့်ကို ခက်ခဲလိမ့်မယ်”
“ဒါဆိုရင် စီနီယာက ခက်ခဲမယ်လို့ ထင်နေမှတော့ ကျုပ်နဲ့ ကျုပ်ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေကိုပဲ ကိုင်တွယ်ခွင့် ပေးလိုက်ပါလား”
မလာခင်ကတည်းက ချောင်ရို့ချန်နှင့် အခြားသူများသည် ဟေးယန့်ကျောင်း ဤကိစ္စကို အဇူရာနဂါးမျိုးနွယ်စုထံ လွှဲချလိမ့်မည်ဟု ခန့်မှန်းထားပြီးသား ဖြစ်၏။
ဟေးယန့်ကျောင်းမှာ သူ့စကားကြောင့် တစ်ခဏ တုံ့ဆိုင်းသွားပြီးမှ စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွားသည်။ စောစောက ဝိုင်သောက်နေစဉ်အတွင်း ဤကိစ္စမှ မည်သို့ရုန်းထွက်ရမည်ကို သူစဉ်းစားနေခဲ့ခြင်းပင်။ ယခု ချောင်ရို့ချန်က ကမ်းလှမ်းလာသဖြင့် သူ ဝမ်းမြောက်ဝမ်းသာပင် လက်ခံလိုက်၏။
“ဒါလည်း ဖြစ်နိုင်တာပဲ။ မင်းတို့လို ပါရမီရှင်တွေက အဇူရာနဂါးမျိုးနွယ်စုကို နားချနိုင်မယ်ဆိုရင် ငါ့ဘက်ကတော့ ဘာကန့်ကွက်စရာမှ မရှိပါဘူး”
‘မြေခွေးအိုကြီး’
ချောင်ရို့ချန် အတွေးထဲတွင် နှာခေါင်းရှုံ့လိုက်သော်လည်း အပြင်ပန်းတွင်မူ ထုတ်မပြပေ။ ဤအဘိုးကြီး နောက်ကျရင်တော့ နောင်တရရချေဦးမည်။
“ကောင်းပါပြီ၊ ဒါဆိုရင် စီနီယာဟေးယန့်၊ ကျုပ်တို့ကို အဇူရာနဂါးမျိုးနွယ်စုဆီ ခေါ်သွားပြီး စေ့စပ်ကြောင်းလမ်းမှုကို ပယ်ဖျက်ပေးပါ။”
“အာ”
ဟေးယန့်ကျောင်းမှာ ထိုကလေးများ သူ့ကိုပါ ဆွဲခေါ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ သူ အဇူရာရေနဂါးမျိုးနွယ်စုဆီ လိုက်သွားပါက ဤကိစ္စသည် သူနှင့်မဆိုင်သလို ရှောင်လွှဲ၍ ရတော့မည်မဟုတ်ပေ။
“ဟမ်”
ချောင်ရို့ချန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသဖြင့် ဟေးယန့်ကျောင်း ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားရသည်။
“ညီလေးချောင်၊ မင်းရဲ့ အပြုအမူကို ဆင်ခြင်ဦး”
ရှောင်ချန်း ချောင်ရို့ချန်၏ လှုပ်ရှားမှုကို ဖြတ်ပြောကာ ပြုံးလျက် ဆိုလိုက်သည်။
“စီနီယာဟေးယန့်၊ ကျွန်တော်တို့ ဝမ်တောက် ကျောင်းတော်မှာက တရားမျှတတဲ့ လုပ်ရပ်တွေကိုပဲ ယုံကြည်တာပါ။ စေ့စပ်ပွဲ ပယ်ဖျက်တာမျိုးမှာ စီနီယာကိုယ်တိုင် မရှိနေဘူးဆိုရင် ဒါက မသင့်တော်ဘူးလို့ ထင်ပါတယ်”
တစ်ယောက်က ဗီလိန်လုပ်၍ တစ်ယောက်က ချော့မော့ပြောဆိုနေခြင်း ဖြစ်သည်။ ဟေးယန့်ကျောင်း သူတို့၏ ကစားကွက်ကို သိသော်လည်း မကျေမနပ်ဖြစ်ခြင်းများကိုသာ မျိုသိပ်ထားလိုက်ရ၏။
လက်ရှိ အင်အားချင်း မမျှတမှုကို ထောက်ထား၍ သူ အံကိုကြိတ်ကာ ပြောလိုက်ရသည်။
“ကောင်းပြီလေ၊ မင်းတို့ ပါရမီရှင်နှစ်ယောက် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
စားပွဲမှာ ဆက်လက်ကျင်းပနေသော်လည်း ခန်းမထဲရှိ လေထုမှာ မြန်မြန်ဆန်ဆန်ပင် ပြောင်းလဲသွား၏။
စားပွဲ ပြီးဆုံးသောအခါ ချောင်ရို့ချန်၊ ရှောင်ချန်းနှင့် အခြားသူများသည် နှုတ်ဆက်ကာ ထွက်ခွာခဲ့ပြီး ချူဖုန်းထံသို့ အစီရင်ခံရန် ဘေးခြံဝင်းသို့ ပြန်လာခဲ့ကြသည်။
မကြာမီ ခန်းမထဲ၌ ဟေးယန့်ကျောင်းနှင့် ခေါင်းဖြူလိပ်အိုကြီးသာ ကျန်ရစ်တော့၏။
ဟေးယန့်ကျောင်း မေးလိုက်သည်။ “ခေါင်းဖြူ၊ ငါတို့ နောက်ထပ် ဘာလုပ်သင့်တယ်လို့ မင်းထင်သလဲ”
ခေါင်းဖြူလိပ် ပြန်ဖြေသည်။
“စစ်သူကြီး၊ ကျုပ်အမြင်အရဆိုရင် အဇူရာနဂါးမျိုးနွယ်စုကို ကြိုတင်အကြောင်းကြားထားပြီး သူတို့ကို ပြင်ဆင်ခိုင်းထားသင့်ပါတယ်။ ပြီးတော့ စစ်သူကြီးက အကျပ်ကိုင်ခံနေရတယ်လို့ အရိပ်အမြွက် ပြောထားလိုက်ပါ။ အဇူရာရေနဂါးရဲ့ ဒေါသကြီးတဲ့ အကျင့်အတိုင်းဆိုရင် သူဒါကို အလွတ်ပေးမှာ မဟုတ်တာ သေချာပါတယ်”
ဟေးယန့်ကျောင်း ထိုစကား၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားပြီး သူ့မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။
“ဒါကို မင်းပဲ တာဝန်ယူလိုက်တော့”
“ဟုတ်ကဲ့ပါ”
ခေါင်းဖြူလိပ်က လှည့်ထွက်သွားတော့သည်။
ဘေးခြံဝင်းအတွင်း၌...
ချောင်ရို့ချန်၏ အစီရင်ခံစာကို ကြားပြီးနောက် ချူဖုန်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားခဲ့၏။
“မင်းတို့ ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တာပဲ”
ပင်းယန်က ပြောသည်။
“ယောက်ျား၊ ဟေးယန့်ကျောင်းက ရိုးသားတဲ့လူစားမျိုး မဟုတ်ဘူး။ သူ ဒီကိစ္စအပေါ် တစ်ခုခု ကြံစည်ဦးမှာပဲ”
ချူဖုန်း ပြုံးလိုက်သည်။
“တကယ်တော့ သူ အဲဒီလိုလုပ်မှာကို ငါက မျှော်လင့်နေတာ။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
ထိုစကားကြောင့် ချောင်ရို့ချန်၏ မျက်နှာတွင် စိတ်လှုပ်ရှားစွာ မျှော်လင့်နေသည့် အမူအရာ ပေါ်လာခဲ့လေ၏။
တစ်ညလုံး ဘာမှမထူးခြားဘဲ ကုန်ဆုံးသွားသည်။
နောက်တစ်နေ့ နံနက်စောစောတွင် သုံးရက်ကြာလျှင် ဟေးယန့်ကျောင်း သူတို့ကို အဇူရာနဂါးနန်းတော်သို့ ခေါ်ဆောင်သွားပြီး စေ့စပ်ပွဲ ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း ချူဖုန်းထံ သတင်းရောက်လာခဲ့၏။
ချူဖုန်းက ထိုသတင်းကို သိပ်ဂရုမစိုက်ဘဲ မေ့ထားလိုက်သည်။
သုံးရက်ဆိုသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ထိုနေ့နံနက်တွင် ချူဖုန်းနှင့် အဖွဲ့သားများသည် အဇူရာနဂါးနန်းတော်သို့ ဦးတည်သည့် အနက်ရောင်မီးလျှံနန်းတော်၏ ရထားလုံးပေါ်သို့ တက်လိုက်ကြသည်။
လမ်းခရီးတွင် ချူဖုန်း ပတ်ဝန်းကျင်အလှကို တိတ်တဆိတ် ခံစားနေလိုက်၏။ သူ့ယခင်ဘဝတွင် ယခုကဲ့သို့ ပင်လယ်နက်၏အလှကို အနီးကပ် မြင်တွေ့ခံစားနိုင်ရန် အခွင့်အရေး မရခဲ့ချေ။
သူ့ဘေးရှိ မိန်းမပျိုနှစ်ဦးမှာလည်း ရထားလုံးပြတင်းပေါက်တွင် အတူတကွ မှီလျက် စူးစမ်းလိုသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်။
နာရီအနည်းငယ် ကြာပြီးနောက်
ယာဉ်တန်း၏ ရှေ့ဆုံးမှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့သည်။
“ရပ်”
ယာဉ်တန်းမှာ ချက်ချင်းပင် ရပ်တန့်သွားသည်။ ချူဖုန်း သူ၏ နတ်ဘုရားအာရုံကို အပြင်သို့ ဖြန့်ကျက်လိုက်ရာ ရှေ့တွင် ခမ်းနားထည်ဝါလှသော နဂါးနန်းတော်ကြီး တည်ရှိနေပြီး ပုစွန်စစ်သည်နှင့် ဂဏန်းစစ်သူကြီး တစ်သိန်းကျော်မှာ တင်းကျပ်သောဖွဲ့စည်းပုံတစ်ခုဖြင့် နေရာယူထားကြ၏။
သူတို့ ကိုင်ဆောင်ထားသော အဇူရာနဂါး အလံတော်များသည် ရေစီးကြောင်းနှင့်အတူ လွင့်ပါးနေပြီး မြို့တစ်မြို့လုံးကို တိမ်မည်းများ ဖုံးလွှမ်းထားသကဲ့သို့ ဖိအားအပြည့် ပေးနေသည်။
၎င်းကိုမြင်တော့ ချူဖုန်း နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားတော့၏။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ဟေးယန့်ကျောင်းရဲ့ လက်အောက်ငယ်သားတွေက အလုပ်ရှုပ်နေခဲ့ကြပုံပဲ”
ပင်းယန် တည်ငြိမ်စွာ မေးလိုက်သည်။ “ယောက်ျား၊ ရှင်ကိုယ်တိုင် လှုပ်ရှားမှာလား”
“ပုစွန်စစ်သည်နဲ့ ဂဏန်းစစ်သူကြီး တစ်စုလေးတင်ပါ၊ ငါ့လက်နဲ့ ထိဖို့တောင် မတန်ပါဘူး”
ချူဖုန်း ပြောပြီးသည်နှင့် ကျယ်လောင်သော အသံကြီးမှာ စစ်သည်တစ်သိန်းကြားမှ ထပ်မံထွက်ပေါ်လာပြန်သည်။
“မင်းသား ချင်ကျန်း ကြွရောက်လာပါပြီ”
ထိုအော်ဟစ်သံနှင့်အတူ နဖူးတွင် ရွှေရောင်အကြေးခွံများ ဖုံးလွှမ်းနေပြီး ခန့်ညားထည်ဝါသော အရှိန်အဝါရှိသည့် အရပ်ရှည်ရှည် လူတစ်ယောက်သည် ငါးပုံစံ ပင်လယ်သားရဲတစ်ကောင်ကို စီးနင်းလျက် ထွက်လာခဲ့၏။
သူသည် ရွှေပြာကွပ်ထားသည့်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် ဝတ်ရုံနက်ကြီး တလွင့်လွင့်နှင့် ဖြစ်ကာ လှုပ်ရှားမှုတိုင်းမှာ အမိန့်ပေးစေခိုင်းသူတစ်ယောက်၏ ဟန်ပန်မျိုး ရှိနေသဖြင့် လူတိုင်း၏ အကြည့်ကို ဖမ်းစားထားသည်။
သူကား အဇူရာနဂါးဘုရင်၏သားတော်ဖြစ်သလို အဇူရာနဂါးမျိုးနွယ်စု၏ ပါရမီရှင်လည်းဖြစ်သည့် ကျင်းချင်ကျန်းပင်။
ကျင်းချင်ကျန်းက လူအားလုံးကို အေးစက်သောအကြည့်ဖြင့် ဝေ့ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။
“မင်းတို့ထဲက ဘယ်သူက ရွှီချိုက်ချန်လဲ ထွက်လာပြီး အသေခံစမ်း”
ထိုသို့ပြောလိုက်သည်နှင့် သူ့ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော နဂါးအရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။
“ဒီလောက်ပဲလား၊ တာအိုပေါင်းစည်းခြင်း ဒုတိယအဆင့်ပဲရှိတဲ့ ဘာမှမဟုတ်တဲ့ ကောင်ပါလား”
ရထားလုံးတစ်စီးထဲမှနေ၍ ချောင်ရို့ချန် ထိုလူ၏ အရှိန်အဝါကို ခံစားမိပြီး အထင်သေးစွာ ကြည့်လိုက်၏။ သူ ချက်ချင်းပင်ထ၍လှုပ်ရှားချင်စိတ် ပျောက်သွားတော့သည်။
ရွှီချိုက်ချန် ဘာမှမပြောဘဲ ရထားလုံးထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
ပုစွန်စစ်သည်နှင့် ဂဏန်းစစ်သူကြီး တစ်သိန်း၊ ထို့အပြင် အာဏာပြနေသော ကျင်းချင်ကျန်းတို့နှင့် ရင်ဆိုင်နေရသော်လည်း သူ့မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် မရှိဘဲ မျက်ဝန်းများမှာ ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ တည်ငြိမ်နေခဲ့သည်။
သူ ကျင်းချင်ကျန်းကို လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။
“မင်းက ကျင်းချင်ကျန်း ဖြစ်မယ်ထင်တယ်”
ကျင်းချင်ကျန်း သူ့ရှေ့မှ လူသားကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
“မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ စာသင်သား ရွှီချိုက်ချန် ဆိုတာလား”
ရွှီချိုက်ချန် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် အထင်တော့မကြီးပါဘူး။ ဒါပေမဲ့ ကျုပ်က ရွှီချိုက်ချန်ဆိုတာတော့ အမှန်ပါပဲ”
“ကောင်းပြီ။ အနည်းဆုံးတော့ မင်းမှာ သတ္တိရှိသားပဲ”
ကျင်းချင်ကျန်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဝင်းလက်သွားလေ၏။
“မင်း ဝမ်တောက်ကျောင်းတော် ကို ဝင်ပြီး ငါ့မိန်းမကို လုဖို့ ကြံစည်နေတယ်လို့ ငါကြားတယ်။ ဟုတ်သလား”
ရွှီချိုက်ချန်မှာ တည်ငြိမ်နေဆဲပင်။
“စုရှင်းက ကျုပ်ရဲ့ ဇနီးပါ။ ဒါကို လုယူတယ်လို့ ဘယ်လိုပြောလို့ ရမလဲ”
“ဟမ့်”
ကျင်းချင်ကျန်း နှာခေါင်းရှုံ့လိုက်၏။
“အောင်သွယ်စကားလည်း မရှိ၊ မိဘသဘောတူညီချက်လည်း မရှိဘဲ စုရှင်းက ဘယ်လိုလုပ် မင်းရဲ့မိန်းမ ဖြစ်နိုင်မှာလဲ”
“ဒါပေမဲ့ ကောင်းကင်နဲ့မြေကြီး တိုင်တည်ပြီး ကျုပ်တို့ ကတိသစ္စာပြုခဲ့ကြတယ်။ ကျုပ်တို့က လက်တွေ့မှာ လင်မယားတွေ ဖြစ်သလို ကလေးတစ်ယောက်တောင် ရခဲ့ပြီးပြီ”
ရွှီချိုက်ချန် အေးအေးဆေးဆေးပင် ပြောသည်။
“စကားတတ်လှချည်လား”
ကျင်းချင်ကျန်း လှောင်ပြုံးပြုံးလိုက်၏။ “မင်းတို့လို စာသင်သားတွေက အမည်းကိုတောင် အဖြူဖြစ်အောင် ပြောနိုင်တယ်လို့ ငါကြားဖူးပါတယ်။ ဒီနေ့ မြင်ရမှပဲ နာမည်နဲ့ လိုက်ဖက်တယ်ဆိုတာ သိတော့တယ်။ ဒါပေမဲ့ ဒါတွေက ငါ့အပေါ်မှာတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး”
ရွှီချိုက်ချန် အနည်းငယ် ပြုံးလိုက်မိသည်။ “ဒါဆိုရင် မိတ်ဆွေက ဒီကိစ္စကို ဘယ်လိုမျိုး ဖြေရှင်းချင်တာလဲ”