အခန်း (၃၂၃-၃၂၄)
Vol. 33 Ch. 323-324
အခန်း (၃၂၃) ကောင်းပြီ၊ ယောက်ျားတွေလို တစ်ယောက်ချင်း ယှဉ်ပြိုင်ကြစို့
“ပင်လယ်မျိုးနွယ်စုက သန်မာသူကိုပဲ လေးစားတယ်။ မင်းနဲ့ငါ နှစ်ယောက်လုံးက စုရှင်းရဲ့ခင်ပွန်းလို့ အခိုင်အမာ ပြောနေကြတာဆိုတော့ ဘယ်သူ့လက်သီးက ပိုမာသလဲဆိုတာ ကြည့်ကြတာပေါ့။ အနိုင်ရတဲ့သူက စုရှင်းကို လက်ထပ်ရမယ်။ မင်း တိုက်ရဲသလား”
ကျင်းချင်ကျန်း မောက်မာစွာ ပြောလိုက်သည်။ သူ ထိုကျောင်းတော်သား၏ ကျင့်ကြံဆင့်ကို အကဲမဖြတ်နိုင်သော်လည်း ရွှီချိုက်ချန်နှင့် ပတ်သက်သည့် သတင်းများကို စုံစမ်းထားပြီးသားဖြစ်၏။
လွန်ခဲ့သော ဆယ်နှစ်ခန့်က ဤလူသားမှာ ကျင့်ကြံခြင်းလမ်းစဉ်ကိုပင် မစတင်ရသေးကြောင်း သူသိထားသည်။
ရွှီချိုက်ချန် ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်ခဲ့သည်ဆိုစေဦးတော့ ဆယ်စုနှစ်တစ်ခုအတွင်း မည်မျှ အစွမ်းထက်နိုင်ပါမည်နည်း။ သူ့ခန့်မှန်းရခက်သော အရှိန်အဝါမှာ အကာအကွယ်ပေးသည့် ရတနာတစ်ခုခု ရှိနေခြင်းကြောင့်သာ ဖြစ်ရမည်။
ရတနာနှင့် ပတ်သက်လာလျှင် နဂါးမျိုးနွယ်စုသည် မည်သည့် အင်အားကြီးအဖွဲ့အစည်းထက်မဆို မနိမ့်ပါးချေ။
ရွှီချိုက်ချန် ပြုံးလိုက်သည်။
“ကျင်းချင်ကျန်းက ရက်စက်ပြီး အကျိုးအကြောင်းမသိတဲ့သူလို့ လူတွေက ပြောကြတယ်။ ဒီနေ့ ဆုံရမှ ဒါဟာ နားလည်မှုလွဲတာလို့ ကျုပ်မြင်တော့တယ်။ မိတ်ဆွေချင်ကျင်း၊ မင်းက ထက်မြက်တဲ့ နဂါးတစ်ကောင်ပဲ။ ကောင်းပါပြီ၊ ဒါကို ကျုပ်တို့ချင်း ယှဉ်ပြိုင်ပြီး ဆုံးဖြတ်ကြစို့။ ရှုံးတဲ့သူက စေ့စပ်မှုကို ရုပ်သိမ်းရမယ်”
ထိုစကားတစ်ခွန်းကြောင့် ကျင်းချင်ကျန်း၏ မျက်နှာမှာ အရောင်အမျိုးမျိုး ပြောင်းလဲသွားသည်။
“ကောင်လေး မင်းက သတ္တိရှိသားပဲ။ စကားပဲပြောတတ်တဲ့ အဲဒီကျောင်းတော်သားတွေထက်စာရင် မင်းက ပိုပြီး ယောက်ျားပီသတယ်။ ဒါပေမဲ့ ငါ အခုကတည်းက သတိပေးထားမယ်။ ငါ လက်တွန့်နေမှာ မဟုတ်ဘူး။ မင်းရှုံးသွားတဲ့အခါ ငါက အားနည်းတဲ့သူကို နှိပ်စက်တယ်လို့ မပြောနဲ့ဦး”
ရွှီချိုက်ချန် တောက်ပစွာ ပြုံးလျက် ပြန်ဖြေသည်။
“ဒါပေါ့။ ဒါက ကျုပ်တို့နှစ်ယောက်ကြားက ကိစ္စပဲ၊ ဘယ်သူမှ ဝင်မစွက်ဖက်စေရဘူး”
“ကောင်းပြီ။ ဒါဆို စကြတာပေါ့”
ကျင်းချင်ကျန်း လက်တစ်ချက် ဝေ့ယမ်းကာ သူ့ပုစွန်စစ်သည်နှင့် ဂဏန်းစစ်သူကြီး တစ်သိန်းကို ခြေလှမ်းတစ်ရာ ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
ရွှီချိုက်ချန်သည်လည်း ရှေ့သို့ လှမ်းတက်လိုက်ရာ ပင်လယ်ပြင်ထက်တွင် လွင့်မျောသွားပြီး ကျင်းချင်ကျန်းနှင့် အမြင့်ချင်းတူညီသော နေရာ၌ ရင်ဆိုင်လိုက်သည်။
ဤရုတ်တရက် ဖြစ်ပေါ်လာသော ယှဉ်ပြိုင်ပွဲကြောင့် ဟေးယန့်ကျောင်းနှင့် အဇူရာနဂါးမျိုးနွယ်စုမှ နဂါးများပါ အံ့အားသင့်သွားခဲ့ကြသည်။
ဟေးယန့်ကျောင်း စိတ်မသက်မသာဖြင့် တွေးလိုက်မိသည်။
‘ဒီနှစ်ယောက်က သာမန်စည်းမျဉ်းတွေအတိုင်း မကစားကြဘူးပဲဟ။ ရွှီချိုက်ချန်သာ ကျင်းချင်ကျန်းလက်ချက်နဲ့ သေသွားရင် ငါတော့ ပြဿနာ အကြီးအကျယ် တက်တော့မှာပဲ’
အဇူရာတော်ဝင်နန်းတော် အတွင်း၌ နဂါးကြီးအချို့ ဤမြင်ကွင်းကို ကြည့်ရှုရင်း အေးအေးလူလူ စကားပြော နေကြ၏။
“ချင်ကျင်းက အမြဲတမ်း တိုက်ခိုက်ရတာ ဝါသနာပါတယ်။ တကယ်တော့ သူက အဆင့်အတန်းကို သုံးပြီး တိုက်ဖို့ အလွယ်တကူ ဖိအားပေးနိုင်တာကို”
“ငါ့အမြင်အရတော့ ချင်ကျင်းက ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင်ကို နင်းခြေပြီး နာမည်ကျော်ကြားအောင် လုပ်ချင်နေတာ”
“အဲဒီကျောင်းတော်သားက တကယ်ပဲ ပါရမီရှင် ဟုတ်လို့လား”
“သူနိုင်ရင်တော့ ဟုတ်တာပေါ့”
“ဟားဟားဟား…”
ပင်လယ်ပြင်ထက်တွင် ကျင်းချင်ကျန်းသည် ပင်လယ်သားရဲပေါ်မှ ခုန်ဆင်းကာ လက်ကို အသာအယာ ဝှေ့ယမ်း၍ သုံးခွမှိန်း တစ်ခုကို ဆင့်ခေါ်လိုက်ပြီး ရွှီချိုက်ချန်ထံသို့ ချိန်ရွယ်လိုက်၏။
“ကောင်လေး၊ မင်းကို ငါအရင် တိုက်ခိုက်ခွင့်ပေးမယ်။ လှုပ်ရှားမှုတစ်ခုတောင် မထုတ်သုံးရသေးခင် မင်း အမှုန်တွေ အဖြစ်ပြောင်းမသွားအောင်လို့ပေါ့”
ရွှီချိုက်ချန်က သူ့သိုလှောင်လက်စွပ်ထဲမှ ဓားရှည်တစ်လက်ကို တည်ငြိမ်စွာ ဆွဲထုတ်လိုက်သည်။
“ဒါက တရားမျှတတဲ့ ယှဉ်ပြိုင်မှုဆိုရင် ဘာလို့ ကျုပ်ကို အရင်တိုက်ခိုက်ခွင့် ပေးမှာလဲ”
ချလွင်ဟူသော အသံနှင့်အတူ ဓားအိမ်ထဲမှ ဓားမြည်သံ ထွက်ပေါ်လာ၏။ သန့်စင်သော အလင်းတန်းများ ဖြာထွက်နေသည့် ဓားတစ်လက်မှာ သူ့လက်ထဲတွင် တောက်ပနေသည်။
ဓား အမည်မှာ ကျွင်ထျန်းဖြစ်ပြီး ရွှီချိုက်ချန် အပျက်အစီးမြို့တော်ဟောင်းထဲမှ တွေ့ရှိခဲ့ခြင်းပင်။ ထိုဓား၏ သန့်စင်ဖြောင့်မတ်သည့် အရှိန်အဝါကို သူ အလွန်သဘောကျသဖြင့် အမြဲတစေ ဆောင်ထားလေ့ရှိသည်။
“မြင့်မြတ်ဓား၊ မင်းဆီမှာ ဒီလိုအရာမျိုး ဘယ်လိုရှိနေတာလဲ”
ကျင်းချင်ကျန်း၏ အထင်သေးမှုများ ပျောက်ကွယ်သွားပြီး အလေးအနက်ထားသည့် အရိပ်အယောင်များ ပေါ်လာ၏။
ရွှီချိုက်ချန် ရယ်မောလိုက်သည်။
“ပညာရှိတစ်ယောက်ဆိုတာ ဓားကို ဆောင်ထားရတယ်၊ နန်းတွင်းမှာပဲ စကားပြောပြော၊ လောကကြီးကိုပဲ ချိန်ရွယ်ချိန်ရွယ်ပေါ့။ ဝမ်တောက်ကျောင်းတော်က ကျောင်းတော်သားတစ်ယောက် မြင့်မြတ်ဓားကို ကိုင်ဆောင်ထားတာဟာ ဘာထူးဆန်းလို့လဲ”
“……”
ပင်လယ်မျိုးနွယ်စုဝင်များ နားမလည်နိုင် ဖြစ်သွားသည်။
ဟေးယန့်ကျောင်း ထိုဓားကိုမြင်ပြီး လျှာပင် ကိုက်မိတော့မတတ် ဖြစ်သွားရသည်။ ဤကလေးမှာ ချမ်းသာလွန်းလှ၏။ သူတော်စင်တစ်ပိုင်းတစ်ယောက်၏ တိုက်ရိုက်တပည့် ဖြစ်ရသည်မှာ တစ်ကယ်ကို ဇိမ်ကျလွန်းလှပေသည်။
ရထားလုံးအတွင်း၌ ပင်းယန်က သူမ လှပသောမျက်ဝန်းများဖြင့် ချူဖုန်းကို ကြည့်လိုက်သည်။
“ယောက်ျား ချိုက်ချန်က ရှင့်ဆီကနေ အများကြီး သင်ယူထားပုံရတယ်”
ချူဖုန်း ပြုံးလိုက်၏။
“ဒါပေါ့။ ဒါပေမဲ့ ကိုယ်သိချင်တာက သူ ဒီတိုက်ပွဲမှာ ဓားနဲ့ ဘယ်လိုကဗျာမျိုး ရေးစပ်မလဲဆိုတာပဲ”
“ကောင်းပြီ”
ကျင်းချင်ကျန်းသည် မြင့်မြတ်ဓားကို မြင်သော်လည်း နောက်ဆုတ်မသွားခဲ့ပေ။ ထိုအစား သူ့စိတ်လှုပ်ရှားမှုများက ပိုမိုတိုးလာသည်။
“ဒီမင်းသားက ပျင်းစရာကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်မယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ မင်းက ငါ့ကို အံ့ဩသွားစေတယ်။ ဒီနေ့ အလှလေးရော မြင့်မြတ်ဓားကိုပါ သိမ်းပိုက်ရမယ်။ တိုက်ကွက်ထုတ်စမ်း”
ဟိန်းဟောက်သံနှင့်အတူ သူ့သုံးခွမှိန်းမှာ အလင်းတန်းတစ်ခုအဖြစ် ရှေ့သို့ တိုးဝင်သွား၏။
သုံးခွမှိန်း ထိုးနှက်လိုက်သည်နှင့် ပင်လယ်ပြင်သည် မြင့်မားသော လှိုင်းလုံးကြီးများနှင့်အတူ ထကြွလာပြီး ၎င်း စွမ်းအားမှာ မြစ်များကိုပင် ပြောင်းပြန်လှန်နိုင်လောက်သည်အထိ ပြင်းထန်လှသည်။
ရွှီချိုက်ချန်သည် ဓားကို စုတ်တံတစ်ခုကဲ့သို့ ကိုင်တွယ်ပြီး ကျော့ရှင်းစွာ လှုပ်ရှားရင်း အော်ဟစ်လိုက်သည်။
“ကျောက်ပြည်သား ဧည့်သည်တော် ဝတ်ရုံတလွင့်လွင့်နှင့်၊ ဝူပြည်သုံးချိတ်ဓားမှာ နှင်းပမာ ဝင်းလက်လို့နေ”
ထိုစကားများ နှုတ်ဖျားမှ ထွက်လာသည်နှင့် စွမ်းအားများ ကပ်ပါလာသည်။ ဓား လှုပ်ရှားမှုမှာ ကဗျာနှင့် တစ်သားတည်း ဖြစ်နေတော့၏။
ကဗျာတစ်ပိုဒ်၊ ဓားတစ်ချက်။
ဓားအလင်းတန်း ကျဆင်းလာသည်နှင့် ကြီးမားသော လှိုင်းလုံးကြီးများ ပျောက်ကွယ်သွားပြီး သုံးခွမှိန်း၏ အရှိန်အဝါမှာလည်း ပျက်ပြယ်သွားသည်။
သို့သော် ရွှီချိုက်ချန် တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားနေရသည်။ သူ့ ရှေ့ရှိ ကျင်းချင်ကျန်းကို ဂရုမထားဘဲ သိုလှောင်လက်စွပ်ထဲမှ ဝိုင်အိုးတစ်လုံးကို ထုတ်ယူကာ အားရပါးရ သောက်လိုက်တော့သည်။
ဤလုပ်ရပ်က ကျင်းချင်ကျန်းကို ပို၍ပင် ဒေါသထွက်စေ၏။ သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ရူးသွပ်နေတဲ့ ပင်လယ်ပြင်က ဒီရေသံကို နားထောင်စမ်း”
သူ့အော်ဟစ်သံနှင့်အတူ သုံးခွမှိန်းမှာ နောက်တစ်ကြိမ် ဝေ့ယမ်းသွား၏။ ဤထိုးနှက်ချက်က ပေပေါင်း တစ်သောင်းမြင့်သော ရေဆင်နှာမောင်းကြီးများကို ဖန်တီးလိုက်ပြီး အရပ်မျက်နှာ အသီးသီးမှ တိုးဝင်လာသည်။
ပင်လယ်ကြမ်းပြင်မှာ တုန်ခါသွားပြီး ဤတိုက်ကွက်မှာ မောက်မာသော ကျောင်းတော်သားကို အပိုင်းပိုင်း အစစ ဖြစ်သွားစေရန် ရည်ရွယ်ခြင်းပင်။
ကြည့်နေသော ပင်လယ်မျိုးနွယ်စုဝင်များ၏ ရင်ခုန်သံများမှာ လည်ပင်းနားအထိ ရောက်လာခဲ့၏။ လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
‘ဒီကျောင်းတော်သား ကတော့ပွဲသိမ်းပြီ’
“ငွေရောင်ကုန်းနှီးက မြင်းဖြူထက်မှာ ဝင်းပလို့၊ ကြယ်တံခွန်ပမာ လျင်မြန်လှချေရဲ့”
ရွှီချိုက်ချန် ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်၏။
ကဗျာတစ်ပိုဒ်နှင့်အတူ ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး ထိုတိုက်ကွက်ကို အားစိုက်စရာမလိုဘဲ ဖြိုခွင်းလိုက်သည်။
‘ဂလု’
ရွှီချိုက်ချန် ဝိုင်တစ်ငုံကို ထက်၍ သောက်လိုက်ပြန်သည်။
“ဟူး...”
လေပူတစ်ချက် မှုတ်ထုတ်ရင်း သူ့နှုတ်ခမ်းကို အင်္ကျီလက်ဖြင့် သုတ်လိုက်ကာ ဓားကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
“ခြေလှမ်းဆယ်လှမ်းအတွင်း လူတစ်ယောက်ကို သတ်ဖြတ်လို့၊ မိုင်ပေါင်းထောင်ချီ ခရီးမှာ ခြေရာလက်ရာ မကျန်ရစ်စေနဲ့”
‘ချလွင်’
နောက်ထပ် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ကျင်းချင်ကျန်း ကပျာကယာ သူ့သုံးခွမှိန်းကို မြှောက်ကာ ခုခံလိုက်ရ၏။
နားကွဲမတတ် ကျယ်လောင်သော အသံကြီး မြည်ဟည်းသွားသည်။ ကျင်းချင်ကျန်း ချက်ချင်းပင် နောက်သို့ လွင့်ထွက်သွားပြီး အဇူရာတော်ဝင်နန်းတော်ဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားတော့သည်။
“ဒါနဲ့ပဲ ပြီးသွားပြီလား”
ဟေးယန့်ကျောင်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်ပြီး ပင်လယ်ပြင်ထက်တွင် တည်ငြိမ်စွာ လွင့်မျောနေသော ရွှီချိုက်ချန်ကို ကြည့်လိုက်မိသည်။ ဤကလေးကတော့ တကယ့်ကို အံ့မခန်းပင်။
“ငါ မင်းကို သတ်မယ်”
နန်းတော်ထဲမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ခြေသည်းလေးခုပါသော အဇူရာနဂါးကြီးတစ်ကောင်မှာ ပျံထွက်လာသည်။
သူ့ခေါင်းပေါ်တွင် ရွှေရောင်တောက်ပနေသဖြင်ြ ထိုနဂါးမှာ ကျင်းချင်ကျန်း ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိချေ။
ရွှီချိုက်ချန်က နောက်ထပ် ကဗျာတစ်ပိုဒ်နှင့် ဓားတိုက်ကွက်တစ်ခုဖြင့်သာ တုံ့ပြန်လိုက်သည်။
“အမှုကိစ္စ ပြီးမြောက်တဲ့အခါ ဝတ်ရုံကို ခါချလို့၊ ကိုယ့်ရဲ့ အမည်နာမနဲ့ ပုံရိပ်ကို ဖုံးကွယ်ထားလိုက်စမ်း”
“အား”
ကျင်းချင်ကျန်း နာကျင်စွာ အော်ဟစ်လိုက်သည်။ အားလုံးက ပြန်ကြည့်လိုက်သောအခါ သူ့ပါးစပ်နားတွင် ရှည်လျားသော ဓားရာကြီး ထင်ကျန်နေခဲ့ပြီး သွေးများ စီးကျနေသည်ကို မြင်လိုက်ရ၏။
ထိုတိုက်ကွက်က ကျင်းချင်ကျန်းကို ရူးသွပ်သွားစေသည်။
‘ဝေါင်း’
သူ နဂါးဟိန်းသံကို လွှတ်လိုက်ပြီး အပြာရောင် မီးလျှံများကို မှုတ်ထုတ်လိုက်၏။
သို့သော် ရွှီချိုက်ချန်မှာ အရက်သောက်မြဲ၊ ကဗျာရွတ်မြဲ၊ သူ့ဓားမှာ ကဗျာများနှင့်အတူ စီးမျောနေဆဲပင်။
“သေဆုံးသွားပေမဲ့လည်း သူရဲကောင်းတို့ရဲ့ အရိုးတွေကတော့ မွှေးရနံ့ ကျန်ရစ်ဦးမှာပါ၊ လောကရဲ့ သူရဲကောင်းတွေကြားမှာ ရှက်စရာမရှိလေနဲ့”
ဤတိုက်ကွက်နှင့်အတူ ကျင်းချင်ကျန်းကိုယ်ပေါ်တွင် ဒဏ်ရာများ ဗလပွ ဖြစ်သွားသည်။ သူ့ခြေသည်းတစ်ခုပင် ဖြတ်တောက်ခြင်း ခံလိုက်ရ၏။
ရွှီချိုက်ချန် အရက်တစ်ငုံ ထပ်သောက်၍ အေးစက်စွာ ပြောလိုက်သည်။
“မိတ်ဆွေချင်ကျင်း၊ မင်း ရှုံးသွားပြီ”
ထိုစကားက အနာပေါ် ဆားဖြူးလိုက်သလိုပင်။ ဒဏ်ရာဗလပွနှင့် သွေးသံရဲရဲ ဖြစ်နေသော ကျင်းချင်ကျန်းသည် နဂါးမီးလျှံများကို မှုတ်ထုတ်ရင်း နောက်တစ်ကြိမ် ရှေ့သို့ တက်လာပြန်၏။
၎င်းကိုမြင်တော့ ရွှီချိုက်ချန် အလျှော့မပေးတော့ပေ။ သူ နောက်ဆုံးတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
“မင်းရဲ့ ကြီးမြတ်မှုကို ဘယ်သူက မှတ်တမ်းတင်နိုင်မှာလဲ၊ ဆံဖြူရတဲ့တိုင်အောင် သင်ယူခဲ့ရတဲ့ ကျမ်းစာကြီးတွေအဆုံးမှာ”
ဤဓားတိုက်ကွက်သည် ယခင်တိုက်ကွက်များနှင့် ကွဲပြားနေ၏။
၎င်း ထွက်ပေါ်လာသည်နှင့် အတိုင်းအဆမဲ့သော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး လူတိုင်းကို မျက်စိကျိန်းသွားစေသည်။ မည်သူမျှ မျက်စိမဖွင့်နိုင်တော့ချေ။
ကျင်းချင်ကျန်းပင် ဤတိုက်ကွက်ကို မြင်သောအခါမှ ထိတ်လန့်တကြား သတိဝင်လာသည်။ သူ ကြောက်လန့်တကြား အော်ဟစ်လိုက်တော့၏။
“ခမည်းတော်၊ သားတော်ကို ကယ်ပါဦး”
အခန်း(၃၂၄)အရှက်မရှိလိုက်ကြတာ
“မောက်မာလိုက်တာ”
အဇူရာနဂါးနန်းတော်အတွင်းမှ ဒေါသတကြီး ဟိန်းဟောက်သံကြီး ထွက်လာပြီး ကြီးမားသည့် လက်သည်းကြီးသည် ဓားချက်ကို ပိတ်ဆို့ပေးလိုက်၏။
ကျင်းချင်ကျန်းသည် သေဘေးမှ လွတ်သွားတော့သည်။ ယခင်က သူ့မောက်မာမာနကြီးသည့် ပုံစံများ ပျောက်ကွယ်ကုန်သည်။ သူသည် ယခုတွင် အတော်လေး သနားစရာကောင်းနေတော့၏။
သူ ရွှီချိုက်ချန် ဝမ်တောက်ကျောင်းတော်သို့ ရောက်သည်မှာ နှစ်အနည်းငယ်သာ ရှိသော်ငြား စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်နှင့် နက်နဲသည့် နည်းစနစ်များကို မည်သို့ နားလည်တက်လှမ်းထားသည်ကို မသိပေ။
သူ့အတွက် ကံကောင်းသည်မှာ အဇူရာနန်းတော်ထဲမှ လူရိပ်ငါးခုထွက်လာပြီး သူ့ရှေ့တွင် ရပ်ကာ ကာကွယ်ပေးလိုက်ခြင်းပင်။
ထိပ်ဆုံးတွင် ဘုရင့်အဆင့် အရှိန်အဝါများ ထုတ်လွှတ်နေသည့် ရေနဂါးတစ်ကောင် ရပ်နေသည်။ သူ့လူသားခန္ဓာကိုယ်မှာ ရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းမှာ နဂါးခေါင်းနှင့်ပေ။
သူ ရွှီချိုက်ချန်ကို ကြည့်ရင်း တင်းမာစွာ ပြောလိုက်သည်။ “ကောင်လေး မင်းက ငါ့သားကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့။ ဒီနေ့တော့ ဒီဘုရင်က မင်းကို တောင်တစ်တောင်ထက် တစ်တောင် ပိုမြင့်သလို ကောင်းကင်ကြီးကလည်း ကျယ်ပြောတယ်ဆိုတာ ပြပေးမယ်။ မင်းက ဝမ်တောက်ကျောင်းတော်က ပါရမီရှင်ဆိုတာနဲ့ ဒီမှာလာပြီး ရိုင်းစိုင်းလို့ရမယ် ထင်လား”
ထိုသည်ကို ကြားသော် မီးလျှံနက်ရေနဂါး တုန်ယင်သွားသည်။
သူ လိပ်ဖြူအိုကြီးကို ပို့ခိုင်းခဲ့သည့် စာထဲတွင် ရွှီချိုက်ချန်သည် ဝမ်တောက်ကျောင်းတော်မှ ပါရမီရှင်များနှင့် လာရောက်ကြောင်းသာ ရေးသားထားသည်။ ထိုပါရမီရှင်များသည် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ ဖြစ်ကြောင်း မပြောထားပေ။ လက်ရှိ ပုံစံအရဆိုလျှင် အဇူရာနဂါးဘုရင်သည် ကပ်ဘေးဆိုက်ပေတော့မည်။
အဇူရာနဂါးမျိုးနွယ်စု၏ ဘိုးဘေးများပင် သတိပေးခံလိုက်ရလျှင် ကိစ္စများသည် ထိန်းချုပ်အောက်မှ လွတ်ကင်းသွားပေလိမ့်မည်။
‘ဘာလုပ်ရမလဲ’
‘သေစမ်း ကျင်းချင်ကျန်းက ဘာလို့အစီအစဉ်တိုင်း မလုပ်တာလဲ’
သူသည် အစက အနည်းငယ် ပွတ်တိုက် ရန်စ စကားများရန်သာ ရည်ရွယ်ထားသည်။ ဘိုးဘေးများပင် ထွက်လာပြီး ကြားဝင်သည်အထိ မဟုတ်ပေ။
ရွှီချိုက်ချန်သည် လဲကျနေသော ကျင်းချင်ကျန်းကို တည်ငြိမ်စွာသာ ကြည့်နေသည်။ “တာအိုရောင်းရင် ကျင်းချင်..ခုနလေးတင် ခင်ဗျား ဒီစကား ပြောခဲ့သလိုမဟုတ်ဘူးနော်။ ဘာလို့ အခုမှ မနိုင်တော့လို့ အဖေတနေတာလဲ”
“ဟမ့်”
ယခု သူ့အတွင် အထောက်အပံ့ ရှိလာ၍ ကျင်းချင်ကျန်း ပို၍ အတင့်ရဲလာသည်။ “ငါ့လက်ထပ်ပွဲက ငါ့အဖေ ဆုံးဖြတ်တာလေ။ ပြီးတော့ မင်းက ငါ့ကို ဒဏ်ရာရအောင်လုပ်ပြီး ငါ့စေ့စပ်ထားသူကို လုယူချင်သေးတာလား။ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် ခွင့်ပြုပေးရမှာလဲ”
သူပြောပြီး မကြာခင်မှာပင် လက်ခုပ်သံကျယ်ကြီး ထွက်ပေါ်လာသည်။
ထို့နောက် လှောင်ပြောင်လိုက်သည့် အသံကျယ်ကြီး ထွက်လာ၏။ “အရှက်မရှိလိုက်တာမှ လွန်နေရော။ ကျုပ် ရွှမ်ထျန်းတိုက်ကြီးကို ခရီးပတ်နေခဲ့တာ ကြာပြီ။ ဒါပေမဲ့ ခင်ဗျားလောက် ကျက်သရေးတုံးတဲ့ ကောင်နဲ့ မတွေ့ဖူးဘူး”
“ဘယ်သူလဲ”
အဇူရာဘုရင် အသံလာရာသို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှ အဇူရာအလင်းတစ်တန်း ထွက်လာသည်။
ထိုအလင်းတန်းက အသံထွက်ပေါ်လာသည့် မြင်လှည်းအနီးသို့ ကျရောက်သွားသည်။ မြင်းလှည်းတံခါး ပွင့်လာပြီး ဓားရှည်ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦး ထွက်လာပြီး အလင်းတန်းကို ပယ်ဖျက်လိုက်၏။
သူ့နောက်တွင် ထီမထင်ဟန် မျက်နှာပေးဖြင့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦး ထွက်လာသည်။
“မင်းပဲ”
အဇူရာဘုရင်ဘေးမှ လက်မောင်တစ်ဖက်တွင် ပတ်တီးများ စည်းနှောင်ထားသည့် ဦးချိုတစ်ချောင်း နဂါးတစ်ကောင်သည် ထိုအမျိုးသားကို အေးစက်စွာ ကြည့်လိုက်သည်။
ချောင်ရို့ချန်သည် ကြမ်းကြုတ်သည့် အကြည့်တစ်စုံကို ခံစားမိသည့်အခါ ပြန်ကြည့်လိုက်သည်။ ထိုအခါ သူနဂါးယုတ်ကို တွေ့လိုက်၏။ သူ မထူးခြားနားစွာ ပြောလိုက်သည်။ “ဘာလဲ။ ခင်ဗျားက ဒီသခင်လေးနဲ့ တိုက်ခိုက်ချင်တာလား”
ဦးချိုတစ်ချောင်းနဂါးသည် ဒေါသကြောင့် တုန်ယင်သွားပြီး အံကြိတ်လိုက်မိသည်။
အဇူရာနဂါးဘုရင်သည် သူ့ကို လှည့်ကာ မေးလိုက်သည်။ “အကြီးအကဲခြောက် ခင်ဗျား သူနဲ့ ရန်ငြိုးရှိတာလား”
ဦးချိုတစ်ချောင်း နဂါးသည် ဦးညွှတ်လိုက်သည်။ “အစ်ကိုကြီး...သူက ကျွန်တော့်လက်ကို ဖြတ်သွားတဲ့သူလေ။ ပြီးတော့ ကျွန်တော့်ရဲ့ကလေးကိုလည်း သတ်သွားသေးတယ်”
ချောင်ရို့ချန် လွှတ်ခနဲ ပြောလိုက်မိသည်။ “ဒါဆို ခင်ဗျားက မြွေသာသာလောက်ရှိတဲ့ သနားစရာ နဂါးရဲ့ အဖေပေါ့။ ခင်ဗျားရဲ့ လက်သည်းတွေကိုတော့ ကျုပ် ဖြတ်လိုက်ပြီ။ ဒါပေမဲ့ ခင်ဗျားရဲ့ အသုံးမင်တဲ့သားကတော့ ကျုပ် သူ့ကို သတ်လိုက်တာ မဟုတ်ဘူး။ ကျုပ်သတ်ရအောင်လည်း သူက တန်မနေဘူး”
အဇူရာနဂါးဘုရင် မျက်နှာသည် ရေခဲအလား အေးစက်သွားပြီး ချောင်ရို့ချန်ကို စူးစိုက်ကြည့်လိုက်၏။ “ကောင်းတယ်။ အရမ်းကောင်းတယ်။ ပထမတော့ ငါ့တူလေးကို သတ်တယ်။ ပြီးတော့ အကြီးအကဲခြောက်ကို ဒဏ်ရာရအောင်လုပ်တယ်။ ဒီနေ့တော့ ငါတို့တွေ ရန်ကြွေဟောင်းကိုရော အသစ်ကိုပါ ဖြေရှင်းကြတာပေါ့”
“ဘာပဲဖြစ်ဖြစ်”
ချောင်ရို့ချန် ပခုံးတွန့်လိုက်သည်။ “အိုး...ခင်ဗျား တစ်ခါတည်း ဘိုးဘေးတွေကိုပါ ဆင့်ခေါ်လိုက်ရင် ပိုကောင်းမယ်။ မဟုတ်လည်း ပြီးရင် ခေါ်ရမှာပဲ။ အရမ်းနောက်ကျသွားရင် ပြဿနာ တက်လိမ့်မယ်။ ဟုတ်တယ်မလား...စီနီယာအစ်ကို”
ရှောင်ချန်း ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။ ငါတို့တွေ ရန်ကြွေးကို တစ်ခါတည်း ဖြေရှင်းမယ်ဆိုမှတော့ အကုန်လုံးကို ရှင်းကြတာပေါ့။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ပြီး တစ်ယောက် ထွက်လာနေရင် အလုပ်ရှုပ်တယ်။ ငါတို့လည်း သူတို့ကို အမြဲတမ်း လိုက်သတ်မနေနိုင်ဘူး”
ပင်လယ်မျိုးနွယ်စုဝင်များသည် ဒေါသထွက်လာကြပြီး သူတို့သည် ရှောင်ချန်းတို့ကို ဓားသွားအလား စူးရှစွာ ကြည့်လာကြသည်။
အကြည့်ဖြင့်သာ လူသတ်နိုင်ပါက သူတို့သုံးယောက်သည် အကြိမ်တစ်ထောင်လောက် သတ်ဖြတ်ခံနေရနိုင်ပေသည်။
“မောက်မာလိုက်တဲ့ ကောင်စုတ်တွေ”
“မောက်မာလိုက်တာ။ ဒီနေ့တော့ ငါ မင်းတို့ကို အဇူရာနဂါးနန်းတော်ရဲ့ စွမ်းအားကို ပြသမယ်”
“…”
အဇူရာနဂါးဘုရင် ပြောပြီးနောက် သူ့ဘေးတွင် နီဗားနားရှင်သန်ခြင်းအဆင့် ကျွမ်းကျင်သူများ ပေါ်လာသည်။ သူတို့နောက်တွင် ဘုရင့်အဆင့်တစ်ပါးက ထိန်းမထားပါက သူတို့သည် ထိုသုံးယောက်ထံသို့ ပြေးဝင်တိုက်ခိုက်တော့မည် ဖြစ်သည်။
အဇူရာနဂါးဘုရင်လို တည်ငြိမ်သည့်သူပင် အေးစက်စွာ ကြည့်လာသည်။ သူ့လေသံက ပြင်းထန်နေတော့၏။
“ကောင်စုတ်လေးတွေ... မင်းတို့ ကိုယ့်ကျွင်းကို ကိုယ်တူးနေကြတာပဲ။ ဒီဘုရင်ကို အားနည်းသူကို အနိုင်ကျင့်ပါတယ်လို့ လာမပြောကြနဲ့”
ရှောင်ချန်း ရှေ့သို့ တစ်လှမ်းတက်ပြီး အေးစက်စွာ ပြောသည်။ “အခုလို စကားပြောနေမဲ့အစား တိုက်ရအောင်”
“ဟမ့်”
ဘုရင့်ဘေးမှ အစွယ်ခေါခေါနှင့် ရိုင်းစိုင်းကြမ်းကြုတ်သည့် နဂါးတစ်ကောင်က အေးစက်စွာ နှာရှုံ့လိုက်သည်။ “မင်းကို ဖြေရှင်းဖို့လောက်ကတော့ အစ်ကိုကြီး ဝင်ပါနေစရာမလိုဘူး။ ငါ ချင်ဖုန်းနဲ့တင် လုံလောက်နေပြီ”
“ကောင်းပြီလေ”
ရှောင်ချန်း အသံသည် တည်ငြိမ်နေသော်လည်း သူ့လေသံက ဘယ်သူလာလာ ဂရုမစိုက်ဘူးဟူသည့် လေကြောပင်။
အဇူရာနဂါးဘုရင် ဒေါသပေါက်ကွဲသွား၏။ ဆက်တိုက် စော်ကားအရှက်ခွဲခံရပြီးနောက် သူ သည်းခံစိတ် ကုန်ဆုံးသွားတော့သည်။ သူ လက်ကို ဝှေ့ယမ်းရင်း အမိန့်ပေးလိုက်သည်။ “ဒုညီလေး ဒီတစ်ယောက်ကို တာဝန်ယူလိုက်”
“ဟုတ်”
မြို့စားချင်းဖုန်း ပြန်ဖြေလိုက်ပြီး ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဦးချိုတစ်ချောင်းနဂါးသည် ပြောလိုက်၏။ “အစ်ကိုကြီး အဲဒီမောက်မာနေတဲ့ ကောင်က ကျွန်တော့်အတွက်ပဲ။ ဒီတစ်ကြိမ်တော့ အဲဒီ အရှက်ခွဲမှုအတွက် ပြန်ပေးဆပ်စေရမယ်”
“ကောင်းတယ်။ ငါ ဒီကနေ စောင့်ကြည့်ပေးထားမယ်။ မင်း ဆန္ဒရှိသလိုသာ လုပ်”
အဇူရာနဂါးဘုရင်သည် သူကိုယ်တိုင် ဝင်ပါရန် ဆန္ဒ မရှိသေးပေ။ မည်သို့ပင်ဆိုစေ အဇူရာနဂါးနန်းတော်၌ ဘုရင်တစ်ပါး၊ မြို့စားနှစ်ပါးနှင့် နီဗားနားရှင်သန်ခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ဦး ရှိသည်။ စွမ်းအားအကြီးဆုံး ငါးယောက် ဘေးတွင် ယှဉ်ရပ်နေ၍ ဝမ်တောက်ကျောင်းတော်မှ သာမန်ပါရမီရှင်များကို သူစိုးရိမ်စရာ မလိုတော့ပေ။
သူ့ထံမှ ခွင့်ပြုချက်ကို ရပြီးနောက် ဦးချိုတစ်ချောင်းရေနဂါးသည် ချောင်ရို့ချန်ကို စူးစိုက်ကြည့်လာသည်။ “ဂျူနီယာ ရှေ့ထွက်ပြီး အသေခံစမ်း”
ချောင်ရို့ချန် လေကုန်ခံမနေတော့ဘဲ ရှေ့သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
“ဝေါင်း”
ဦးချိုတစ်ချောင်းရေနဂါးသည် ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးကို ပြုလုပ်လိုက်ပြီး ဧရာမအဇူရာရေနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူ့မေးရိုးကြီး ဟလာပြီး အထဲမှ နဂါးပုလဲတစ်လုံး ပျံ့လွင့်လာ၏။
ပုလဲသည် အဇူရာအလင်းများ တောက်ပနေပြီး ပင်လယ်အတွင်း၌ နေတစ်စင်းအလားပင်။ ပင်လယ်ရေများပင် မြင့်တက်လာသည်။
ဦးချိုတစ်ချောင်းနဂါးသည် အော်ဟစ်လိုက်ပြီး အဇူရာမီးလျှံကို မှုတ်ထုတ်လိုက်သည်။ နဂါးပုလဲ၏ အစွမ်းမြှင့်တင်ပေးမှုကြောင့် မီးတောက်သည် ကောင်းကင်ယံကိုပါ လောင်းကျွမ်းလာ၏။ မီးတောက်ဖြတ်သန်းသွားရာ လမ်းကြောင်းတွင် ပင်လယ်ရေများ အငွေ့ပျံကုန်ပြီး အရာဝတ္ထုများသည် ပြာကျကုန်သည်။
ချောင်ရို့ချန်သည် ထိုသည်ကို လက်ပိုက်ရင်း ကြည့်နေသည်။ သူ ခုခံရန် ရည်ရွယ်ချက် မရှိဘဲ မီးတောက်ထံ အလောင်ကျွမ်းခံလိုက်၏။
ပုစွန်စစ်သားများနှင့် ဂဏန်းဗိုလ်ချုပ်များသည် ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။ “အရှင်ချိုတစ်ချောင်းက ပြိုင်ဘက်ကင်းပဲ။ လူသားတွေတော့ သေဖို့ပဲ ရှိတော့တယ်”
မြို့စားချင်ဖုန်းသည် ရှောင်ချန်းကို အေးစက်စွာ ကြည့်ပြီး နှာခေါင်းရှုပ်လိုက်သည်။
“ကောင်စုတ်လေး..မင်း ဂျူနီယာညီလေးတော့ ပြာဖြစ်တော့မယ်။ သူ့ဝိညာဉ် မပျက်သုဉ်းခင် ငါ မင်းကိုပါ ငရဲကို ပို့ပေးမယ်။ ဒါဆို မင်းတို့ အဝါရောင်းစမ်းချောင်းမှာ ပြန်တွေ့ကြတာပေါ့”
“ခင်ဗျား ထင်တာ မှားနေပြီ”
ရှောင်ချန်း နတ်ဘုရားဓားကို သိုလှောင်လက်စွပ်ထဲမှ ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။ သူ့အသံမှာ တည်ငြိမ်နေခဲ့သည်။ “အဝါရောင်စမ်းချောင်းပေါ်မှာ မင်းတို့လို နဂါးတွေပဲ ပြန်ဆုံလိုက်ကြတော့”
“သေတော့မှာတောင် အာချောင်နေတုန်းပဲ”
မြို့စားချင်ဖုန်းသည် ရေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။ အခြားသော လက်သည်းလေးခု ရေနဂါးများနှင့် မတူသည်မှာ သူ့ ခြေသည်းများသည် အထူးတလှည် ကြောက်မက်ဖွယ်ကောင်းပြီး ရှည်လျားလှသည်။
“စိန်နဂါးလက်သည်း”
သူ့လက်သည်းကျဆင်းလာသည့်အခိုက် အရှေ့မှ အဆုံးမဲ့ ဗုဒ္ဓအလင်းတန်းများ ထွက်ပေါ်လာပြီး လက်ကြီးတစ်ဖက်အဖြစ်ပြောင်းလဲကာ မခုခံနိုင်လောက်သည့် အင်အားဖြင့် ရိုက်လိုက်သည်။
“လှလိုက်တဲ့အကွက်”
ရှောင်ချန်း သာမန်အတိုင်းသာ ပြောလိုက်ပြီး သူ့ဓားကို သာမန်ကာလျှံကာ ဆွဲထုတ်လိုက်သည်။