အခန်း (၃၂၅-၃၂၆)
Vol. 33 Ch. 325-326
အခန်း(၃၂၅) ကောင်လေး.. မင်းလည်းရှိရင် ထုတ်သုံးလို့ရတယ်ကွ
ကလန်...
ဓားအလင်းတန်းတစ်ချက် ထွက်ပေါ်လာပြီး မရပ်တန့်နိုင်သော အားအင်ဖြင့် အရပ်မျက်နှာအနှံ့သို့ တိုးထွက်သွားသည်။
ရှောင်ချန်း၏ လက်ထဲမှ နတ်ဘုရားဓားသည် အောက်သို့ ကျဆင်းသွားပြီး မြို့စားချင်ဖုန်း၏ လက်သည်းကို တားဆီးလိုက်သည်။ ပင်လယ်ရေများ မြင့်တက်လာပြီး နဂါးလက်သည်းပေါ်မှ ဗုဒ္ဓအလင်းတန်းများ မှေးမှိန်သွားသည်။
“အား”
မြို့စားချင်ဖုန်း ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ ပင်လယ်မျိုးနွယ်စုဝင်များသည် မြို့စားချင်ဖုန်း လက်သည်းနှင့် ခန္ဓာကိုယ်တစ်ဝက်ကျော်က ဒဏ်ရာရသွားပြီး သွေးများ စီးကျလာသည်ကို တွေ့လိုက်ရသည်။ ပင်လယ်ပြင်မှာ သွေးရောင်သန်းသွား၏။
အဇူရာနဂါးဘုရင်နန်းတော်မှ ပင်လယ်မျိုးနွယ်ဝင်များသည် ထိုမြင်ကွင်းကို မှင်တက်စွာ ကြည့်နေမိသည်။ သူတို့မျက်လုံးထဲတွင် မြို့စားချင်ဖုန်းသည် စွမ်းအားကြီး ဖြစ်တည်မှုဖြစ်သည်။ အထူးသဖြင့် သူ့လက်သည်းများပင်။ ထိုလက်သည်းများသည် မြင့်မြတ်ရတနာတစ်ခုအလား ထက်ရှသော်လည်း ဓားတစ်ချက်ကြောင့် ဒဏ်ရာရသွား၏။
သူတို့ ထိုအဖြစ်အပျက်ကို လက်မခံနိုင်ဖြစ်သွားသဖြင့် မသိစိတ်ဖြင့် မျက်လုံးကို ပွတ်သက်ကာ ဟုတ်မဟုတ် ပြန်လည် အတည်ပြုနေကြသည်။
ရှောင်ချန်းသည် ထိုအရာကို သတိမထားမိသည့်အလား သူ့ဓားကို ထပ်မြှောက်လိုက်သည်။ သူ ခုတ်ချတော့မည့်အခိုက်တွင် အဇူရာနဂါးဘုရင် အော်လိုက်၏။ “ရပ်စမ်း”
သို့သော် ရှောင်ချန်းသည် ထိုသူကို လျစ်လျူရှူထား၏။ သူ့ဓားက ထပ်မံကျဆင်းသွားသည်။
ကလန်...
ဓားအလင်းတန်းက တောက်ပလာပြီး မြို့စားချင်ဖုန်း မျက်လုံးများသည် ထိတ်လန့်တကြား ပြူးကျယ်သွား၏။ “အစ်ကိုကြီး ကယ်ပါဦး”
ဘုန်း
ကြောက်မက်ဖွယ် အသံကြီးထွက်လာပြီး ဧရာမလှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။
လူတိုင်း၏ အကြည့်အောက်တွင် လှိုင်းလုံးများ ငြိမ်သက်သွားစဉ် ချောင်ရို့ချန်သည် လှုပ်ရှားလာတော့၏။ သူသည် အဇူရာမီးလျှံများထဲမှ ထွက်လာသည်။
ဦးချိုတစ်ချောင်းနဂါးသည် ထိုသူ မထိခိုက်သည်ကို မြင်သော် မယုံကြည်မှုဖြင့် မျက်လုံးများ ပြူးကျယ်သွား၏။ ‘မဖြစ်နိုင်ဘူး’
ချောင်ရို့ချန်သည် သူ့ကိုယ်ပေါ်မှ အဇူရာမီးလျှံများကို ခါထုတ်လိုက်သည်။ “မင်းရဲ့ အဇူရာမီးလျှံက ဒီလောက်ပဲလား။ ဒါဆိုရင်တော့ သေလို့ရပြီ”
သူ့စကားအဆုံးတွင် ရုတ်တရက် ရှေ့တက်လာပြီး ရေနဂါးပုလဲကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
ဖွီး
နဂါးပုလဲက အက်ကွဲသွားပြီး ဦးချိုတစ်ချောင်းနဂါးသည် သွေးများ အန်ထုတ်လိုက်ရပြီး ထွက်ပြေးရန် ကြိုးစားတော့၏။ သို့သော် သူမပြေးနိုင်ခင် လက်သီးလုံးများသည် သူ့ခေါင်းပေါ်သို့ ကျရောက်လာသည်။
ဘုန်း...
သူ ဦးခေါင်းပေါ်တွင် အသည်းခိုက်မတန် နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုခံစားချက် မှေးမှိန်သွားချိန် သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။ ‘ငါ့ချိုတော့ ကျိုးသွားပြီ’
ပင်လယ်လှိုင်းလုံးများ ငြိမ်ကျသွားသည်။
အဇူရာနဂါးဘုရင်သည် မြို့စားချင်ဖုန်း ရှေ့တွင် ရပ်နေသည်။ သူသည် အစိမ်းရောင်နဂါးလှံပုဆိန်ကို ကိုင်ဆောင်ထားပြီး ဒေါသတကြီး မျက်လုံးများဖြင့် ရှေ့က လူငယ်လေးကို ကြည့်လိုက်၏။
“ကောင်လေး မင်းနာမည်က ဘယ်သူလဲ။ ငါ့ကို ပြောစမ်း”
ရှောင်ချန်းသည် ဓားကို မြှောက်၍ အဇူရာနဂါးဘုရင်ကို ချိန်ကာ အေးစက်စက် ပြောလိုက်သည်။ “ကောင်းကောင်းမှတ်ထား။ ကျုပ်နာမည်က ရှောင်ချန်းပဲ”
ထိုစကားများသည် မိုးခြိမ်းသံအလားပင် ပင်လယ်မျိုးနွယ်ဝင်များအားလုံးကို တုန်ယင်သွားစေသည်။
ပင်လယ်နက်ထဲမှ သူတို့ပင် ရှောင်ချန်း အကြောင်း ကြားဖူးသည်။
သူ့ဓားတစ်ချက်သည် မြို့စားတစ်ဦးကို ဒဏ်ရာရသွားစေသည်။ သူတို့ ရေနဂါးနန်းတော်က မည်သို့သော လူကို စော်ကားမိသွားသနည်း။ ကပ်ဘေးက ဆိုက်လာပေပြီ။
“မင်းက ရှောင်ချန်းအစစ်လား”
အဇူရာနဂါးဘုရင် ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။ သူသည် ဘုရင့်အဆင့် ကျွမ်းကျင်သူတစ်ဦးသာဖြစ်ပြီး ရှောင်ချန်း၏ နတ်ဘုရားဓားကို မစမ်းသပ်လိုပေ။
“ဒီကမ္ဘာကြီးထဲမှာ ဘယ်သူက ကျုပ်အယောင်ဆောင်ရဲလဲ”
ရှောင်ချန်း ပြောပြီးသည်နှင့် သူ့ကိုယ်ပေါ်မှ နတ်ဘုရားအလင်းတန်းများ တောက်ပလာပြီး သူ၏ ထူးခြားသော အထောက်အထားကို ထုတ်ဖော်လိုက်၏။
“အား”
ထိုစဉ် နှလုံးကွဲကြေမတတ် အော်သံကြီးထွက်ပေါ်လာသဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။
သူတို့ အသံလာရာသို့ ကြည့်လိုက်စဉ် လူငယ်လေးထံမှ အရွတ်အကြောများ ဆွဲထုတ်ခံနေရသည့် ဦးချိုတစ်ချောင်းနဂါးကို တွေ့လိုက်ရသည်။
ချောင်ရို့ချန် ထိုအကြည့်များကို လျစ်လျူရှူလိုက်၏။ သူသည် ပိုးချည်မျှင်များကို ရက်လုပ်နေသည့်အလား အရွတ်အကြောများကို ဆွဲထုတ်လိုက်သည်။
“ဘယ်သူအော်လိုက်တာလဲ။ ငါ လန့်သွားတယ်ကွ”
“ရပ်စမ်း”
အဇူရာနဂါးဘုရင် ဒေါသထွက်သွားသည်။ သူ့မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်း တောက်လာ၏။ သူ့ ညီခြောက် သေတော့မည့်ကို တွေ့လိုက်ရသဖြင့် သူ အဘယ်သို့ နောက်ဆုတ်နိုင်မည်နည်း။
“ရှောင်ချန်း ဒီဘုရင် မင်းကို သတ်မယ်”
သူ ဒေါသတကြီး အော်ဟစ်လိုက်ပြီး စစ်မှန်ခန္ဓာကိုယ် ထုတ်ဖော်လိုက်သည်။ ပင်လယ်ပြင်ထက်တွင် ကျန်းတစ်ရာလောက် ရှည်လျားသော ရေနဂါးကြီးတစ်ကောင်ပေါ်လာပြီး သူ၏ သွေးရောင်သန်းနေသော ပါးစပ်ကြီးကို ဟလိုက်သည်။
“ဝေါင်း”
နားပင်လုမတတ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ပင်လယ်လှိုင်းလုံးများ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ပင်လယ်မျိုးနွယ်ဝင်များသည် အဝေးသို့ပင် လွင့်ထွက်သွားသည်။
ရှောင်းချန်သည် နေရာတွင်ပင် ရပ်တန့်နေပြီး ဓားရှည်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။
ကလန်...
ဓားအလင်းတန်းများ တောက်ပသွားသည်။ အဇူရာနဂါးဘုရင်သည် သတိတကြီးဖြင့် မီးဘောလုံးကြီးတစ်လုံး မှုတ်ထုတ်လိုက်၏။
ဘုန်း
မိုးခြိမ်းသံကြီးနှင့်အတူ မီးဘောလုံးကြီးနှင့် ဓားချီသည် အတူတကွ ပျောက်ဆုံးသွားသည်။
ရှောင်ချန်း တည်ငြိမ်စွာ ပြောလိုက်သည်။ “နောက်ဆုံးတော့ ကျုပ်နဲ့ တိုက်ခိုက်နိုင်တဲ့သူ တွေ့ပြီ။ ဓားတစ်သောင်းတို့ အပြန်”
သူ့စကားအဆုံးတွင် ဓားရှည်ကြီးသည် ရှေ့သို့ ထွက်လာပြီး မရေမတွက်နိုင်သော ဓားအရိပ်များအဖြစ် ပြောင်းလဲကာ အဇူရာဘုရင်ထံသို့ တိုးဝင်သွား၏။
“စစ်မှန်နဂါးအင်အား”
အဇူရာနဂါးဘုရင်နောက်တွင် စစ်မှန်နဂါးတစ်ကောင်၏ ပုံရိပ်ပေါ်လာပြီး ဓားမိုးကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
ခရက်..ခရက်
ဓားအလင်းတန်းသည် နဂါးပုံရိပ်ကို ထိမှန်သွားပြီး အက်ကွဲသံများ ထွက်ပေါ်လာသည်။
ဓားအလင်းများ ပျောက်ကွယ်သွားချိန်တွင် နဂါးပုံရိပ်လည်း ပျောက်ကွယ်သွားတော့၏။
ထိုသည်ကို မြင်သော် ရှောင်ချန်း ခပ်ဖွဖွပြုံးလိုက်သည်။ သူ့မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားသည်။ “အဇူရာရေနဂါးဘုရင်ဆိုတဲ့အတိုင်းပဲ။ ကျုပ်ရဲ့ ဓားချက်ကို ခံနိုင်တယ်။ အခု နောက်ထပ်ဓားတစ်ချက်ကို ခံနိုင်မယ်ဆိုရင် နောက်ဆုတ်ပေးမယ်”
အဇူရာနဂါးဘုရင်သည် တည်ငြိမ်နေဟန်ပေါ်သော်လည်း အတွင်းစိတ်ထဲတွင် ထိတ်လန့်နေတော့သည်။ နဂါးပုံရိပ်သည် သူ၏ အသန်မာဆုံး တိုက်ကွက်ဖြစ်သည်။ သို့သော် ရှောင်ချန်းသည် ၎င်းကို လွယ်လွယ်ကူကူပင် ဖျက်ဆီးလိုက်၏။ ဤတိုက်ပွဲကို အနိုင်ရရန်အတွက် သူ အသက်ကို ရင်းရန်သာ ရှိတော့သည်။
“မင်းငါ့ကို ဖိအားပေးနေတာပဲ”
သူ့စကားအဆုံးတွင် ရေနဂါးပုလဲကို ထုတ်လိုက်သည်။ နဂါးပုလဲသည် တောက်ပလာပြီး အလင်းရောင်တောက်ပလာလေ အဇူရာရေနဂါးဘုရင်၏ အရှိန်အဝါက ပို၍ ပြင်းထန်လာလေပင်။
“ခင်ဗျားက အသက်စွမ်းအင်ကိုပါ လောင်ကျွမ်းနေပြီပေါ့လေ”
ရှောင်ချန်း မျက်နှာသည် မထူးမခြားနားပင်။ သူ ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘဲ ဝိညာဉ်စွမ်းအင်အားလုံးကို နတ်ဘုရားဓားအတွင်းသို့ ထည့်သွင်းလိုက်၏။
“စစ်မှန်နဂါးပုံရိပ်”
အဇူရာနဂါးဘုရင်၏ နောက်တွင် နောက်ထပ် နဂါးပုံရိပ်တစ်ခု ပေါ်လာ၏။ ဤတစ်ကြိမ်တွင်တော့ နဂါးပုံရိပ်သည် ရှေ့တက်လာသည်။ နဂါးက သိပ်မကြီးသော်လည်း ယခင်တစ်ကောင်ထက် အဆပေါင်းများစွာ ပို၍ သန်မာသည်။
“ဓားတစ်သောင်းတို့ တစ်သားတည်း”
ရှောင်ချန်း ဓားကို ခုတ်ပိုင်းလိုက်သည်။
တစ်ခဏအတွင်း ဓားတစ်လက်နှင့် နဂါးတစ်ကောင်တို့ ထိပ်တိုက်ရင်ဆိုင်သွားကြ၏။
ကလန်...
ဓားသည် နဂါးပုံရိပ်ပေါ် ကျဆင်းသွားပြီးနောက် အဇူရာနဂါးဘုရင်ထံသို့ ဆက်လက် ကျဆင်းလာ၏။
“မဟုတ်ဘူး”
ဘုန်း...
ဓားကျဆင်းလာပြီး အဇူရာနဂါးဘုရင်နားတွင် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုကြီး၏ နောက်ဆက်တွဲသည် ဆူနာမီလှိုင်းလုံးကြီးပင် ဖြစ်ပေါ်လာပြီး ပင်လယ်ကြမ်းပြင်ပင် တုန်ခါသွားရသည်။
အချိန်တချို့ကြာပြီးနောက် ဆူနာမီလှိုင်းလုံးကြီး ငြိမ်သက်သွား၏။
ပင်လယ်မျိုးနွယ်ဝင်များသည် အဇူရာနဂါးဘုရင်ရပ်နေသည့် နေရာကို ကြည့်နေကြသည်။ သူတို့ တစ်ဖက်သူ မထိမခိုက် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သို့သော် ထိုသူ၏ မျက်လုံးထဲတွင် သေဘေးမှ လွတ်မြောက်လောက်သည့် စိတ်သက်သာရာ ရမှုများကို တွေ့နိုင်သည်။
သူ မထိခိုက်ကြောင်းတွေ့လိုက်သည့်အခါ အဇူရာရေနဂါးဘုရင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဟားဟားဟားဟား... ဂျူနီယာ ငါက ဘိုးဘေးပေးထားတဲ့ နဂါးကြေးခွံအသက်ကယ်အဆောင်ကို အမြဲဆောင်ထားတာ။ မင်းငါ့ကို မထိခိုက်နိုင်ပါဘူး။ ဒီနေ့ နောက်ဆုံးမှာ ရယ်နိုင်တဲ့သူ ပေါ်လာပြီနော်”
“အဲ့သလိုကိုး။ ခင်ဗျားက မရိုးသားမှတော့ ကျုပ်ကို အပြစ်မတင်နဲ့တော့”
ရှောင်ချန်း ပြောလိုက်သည်။
အဇူရာနဂါးဘုရင် တစ်ခဏ ကြောင်အသွားသော်လည်း နှာခေါင်းရှုံ့လိုက်၏။ “ဟမ့်... မင်းမှာသာ ရှိရင် မင်းလည်း ဘိုးဘေးပေးထားတဲ့ ရတနာတွေ ဘာတွေ ထုတ်သုံးလေ”
“ခင်ဗျား ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
ရှောင်ချန်း ဖြည်းညင်းစွာ ပြောပြီး ဓားကျောက်စိမ်းတစ်ခုကို ထုတ်ယူလိုက်သည်။
အခန်း (၃၂၆)
ငါက ဝမ်တောက်ကျောင်းတော်ရဲ့ ချူဖုန်း
ချွင်
ဓားကျောက်စိမ်းဆီမှ ဓားအလင်းတစ်ချက်မှာ ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုဓားအလင်းသည် လျှပ်စီးကဲ့သို့ လျင်မြန်လွန်းလှသဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။
ဖောက်
တစ်ချက်တည်းနှင့်ပင် အဇူရာနဂါးဘုရင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့သည်။
တိုက်ပွဲထဲတွင် အဆက်မပြတ် သောင်းကျန်းနေခဲ့သော သူသည် ယခု ကြယ်တံခွန်တစ်ခုကဲ့သို့ ပင်လယ်ထဲသို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွား၏။
ဝုန်း
သူ့ကြီးမားလှသော ခန္ဓာကိုယ်သည် ပင်လယ်ကြမ်းပြင်ကို တွင်းကြီးတစ်ခုဖြစ်အောင် ဆောင့်မိသွားပြီး မိုးထိမတတ် လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။
လှိုင်းလုံးများ ငြိမ်သက်သွားသောအခါ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားတော့၏။
ပတ်ဝန်းကျင်မှာ အပ်ကျသံပင် မကြားရလောက်အောင် ခြောက်ကပ်သွားခဲ့သည်။
မီးလျှံနက်မျိုးနွယ် ဖြစ်စေ၊ အဇူရာနဂါးနန်းတော်မှ ကျင့်ကြံသူများဖြစ်စေ အားလုံးမှာ သူတို့ရှေ့က မြင်ကွင်းကို ကြည့်ပြီး ဆွံ့အသွားကြ၏။
အဇူရာဘုရင် အမှန်တကယ်ပင် ကျရှုံးသွားတော့သည်။ သူသည် အရှေ့ပင်လယ်၏ ထိပ်တန်း အင်အားကြီးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပြီး အဆုံးမဲ့ပင်လယ်ပြင်ကို နှစ်ပေါင်းများစွာ စိုးမိုးခဲ့သူ အဇူရာနဂါးမျိုးနွယ်စု၏ ဘုရင်တစ်ပါးပင်။
သို့သော် ယခုမူ မျိုးဆက်သစ် လူငယ်တစ်ဦး၏ နှိမ်နင်းသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ထိုလူငယ်များမှာ အထင်သေး၍ မရနိုင်ပေ။
ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများသည် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ကို ကြည်ညိုလေးစားသော အကြည့်များဖြင့် ကြည့်နေမိကြ၏။
အထူးသဖြင့် အဇူရာနဂါးနန်းတော်မှ ကျင့်ကြံသူများမှာ ယခုအချိန်တွင် အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေခဲ့ကြပြီး ခုခံလိုစိတ်ပင် မရှိတော့ချေ။
သို့သော် ချိပ်ပိတ်အဆောင်တစ်ခုဖြင့် အနှောင်အဖွဲ့ ခံထားရသကဲ့သို့ သူတို့ ထွက်ပြေးချင်သော်လည်း မလှုပ်နိုင်ဘဲ ထိုနေရာ၌ပင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းနေကြ၏။
ထိုစဉ် ပင်လယ်ရေနက်ပိုင်းဆီမှ အိုမင်းပြီး လေးနက်သော အသံတစ်သံ ပဲ့တင်ကာ ထွက်ပေါ်လာခဲ့သည်။
“ဘယ်သူက ငါ့ရဲ့မျိုးဆက်ကို သတ်ရဲတာလဲ”
ထိုအသံနှင့်အတူ ကြောက်မက်ဖွယ် ဖိအားတစ်ခု ထွက်ပေါ်လာ၏။
ခဏတွင်းမှာပင် ထိုဖိအားသည် ပင်လယ်ပြင်တစ်ဝိုက် လီပေါင်းတစ်ရာခန့်ကို လွှမ်းခြုံသွားတော့၏။
အင်အားနည်းသော ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူအချို့မှာ ထိုဖိအားအောက်တွင် တိုက်ရိုက်ပင် သတိလစ်သွားကြသည်။
အစွမ်းထက်လှသော ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ပင် ထိုကြောက်မက်ဖွယ် အရှိန်အဝါအောက်တွင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။
ကျင့်ကြံသူအားလုံးသည် ဖိအားများ ထွက်ပေါ်လာရာအရပ်သို့ လှည့်ကြည့်လိုက်ကြရာ လှိုင်းလုံးကြီးများ ရိုက်ခတ်လာသည့်အသံကို ကြားလိုက်ရသည်။
ထို့နောက် အနက်ရောင် အရိပ်ကြီးတစ်ခု ပင်လယ်ထဲမှ ထွက်လာ၏။
သေချာကြည့်လိုက်သောအခါ ၎င်းမှာ လက်သည်းငါးခုပါသော အဇူရာရေနဂါး တစ်ကောင်ပင်။
ထိုနဂါးကို မြင်လိုက်ရသောအခါ မြို့စားချင်ဖုန်းနှင့် အဇူရာနန်းတော်မှ နီဗားနားရှင်သန်ခြင်းအဆင့် မျိုးနွယ်ဝင်တို့သည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြပြီး အော်ဟစ်လိုက်ကြသည်။
“ဘိုးဘေးချင်လင်ကို ဂါရဝပြုပါတယ်”
အခြားသော အဇူရာနန်းတော်မှ ကျင့်ကြံသူများကလည်း တညီတညွတ်တည်း အော်ဟစ်ကြလိုက်၏။
“ဘိုးဘေးချင်လင်ကို ဂါရဝပြုပါတယ်”
ဘိုးဘေးချင်လင် ရောက်ရှိလာသည်နှင့် အဇူရာနဂါးနန်းတော်၏ ကျဆင်းနေသော စိတ်ဓာတ်များက ချက်ချင်း ပြန်လည် နိုးကြားလာခဲ့သည်။ ယခု သူတို့သည် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ကို သတ်ဖြတ်လိုသော အငြိုးအတေးများဖြင့် စိုက်ကြည့်နေကြ၏။
‘ငါတို့ရဲ့ အဇူရာနဂါးနန်းတော်ဟာ မြင့်မြတ်နယ်မြေ မဟုတ်ပေမဲ့ ဘယ်သူမဆို စိတ်ကြိုက် လာနင်းလို့ရတဲ့ နေရာတော့ မဟုတ်ဘူး’
‘ဘိုးဘေးသာ ဒီမှာရှိရင် မြင့်မြတ်နယ်မြေက ပါရမီရှင်တွေပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အားလုံး သေရမှာပဲ’
ဟေးယန့်ကျောင်းသည် ဤမြင်ကွင်းကို ကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်မိလိုက်သည်။
“ပြီးပြီ... ဒီတစ်ခါတော့ ငါတို့ တကယ် ပြီးသွားပြီ။ ဘိုးဘေးချင်လင်သာ ဒီကိုရောက်လာရင် ငါတို့ အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး”
မနီးမဝေးတွင် မဟာပဏ္ဍိတကျန်းယန်သည် ဘိုးဘေးချင်းလင်ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားကို ခံစားမိပြီး မျက်မှောင်ကြုတ်လိုက်၏။
“တာအိုမိတ်ဆွေရီရှန်း... ရှင် ဒီဘိုးဘေးချင်လင်အကြောင်း ကြားဖူးလား”
မြို့စားရီရှန်း ပြန်ဖြေသည်။ “ကြားဖူးတာပေါ့။ ဘိုးဘေးချင်လင်က နဂါးနန်းတော်ရဲ့ အဆင့်မြင့်သူတော်စင်တစ်ပိုင်း ငါးဦးထဲက တစ်ဦးပဲ။ သူတော်စင်အဆင့်အောက်မှာ ပြိုင်ဘက်မရှိဘူးလို့ ပြောကြတယ်။ သူဟာ တစ်ချိန်က အဆင့်မြင့်သူတော်စင်တစ်ပိုင်း ပင်လယ်နတ်ဆိုး သုံးကောင်ကို တစ်ယောက်တည်းနဲ့ နှိမ်နင်းခဲ့ဖူးတယ်။ ကောလာဟလတွေအရ သူတော်စင်အဆင့်ကို တက်လှမ်းနိုင်တာ ကြာပြီဆိုပေမဲ့ သူရဲ့ တာအို အနှစ်သာရကို ပြည့်စုံအောင် လုပ်ဖို့အတွက် အချိန်ဆွဲထားတာလို့ သိရတယ်”
“ဒါဆိုရင် ဒီနေ့တော့ ကျွန်မတို့ တစ်ကယ့်တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရတော့မှာပေါ့”
မဟာပဏ္ဍိတကျန်းယန်သည် ဤစကားကို ကြားသော်လည်း နောက်ဆုတ်မည့် အရိပ်အယောင် မပြခဲ့ချေ။
မြို့စားရီရှန်း လေးလေးနက်နက် ခေါင်းညိတ်ပြသည်။
“ခင်ဗျားနဲ့ကျုပ်၊ ပြီးတော့ အကြီးအကဲချူနဲ့ စီနီယာရွှေတောင်ပံတို့ ပါမယ်ဆိုရင် ဘိုးဘေးချင်လင်ကို တားဆီးဖို့ဆိုတာ ပြဿနာ မရှိနိုင်ပါဘူး”
အဆင့်မြင့်သူတော်စင်တစ်ပိုင်း အချင်းချင်းကြားတွင်တောင်မှ ကွာခြားချက်များ ရှိကြ၏။ သူနှင့် မဟာပဏ္ဍိတရွှေတောင်ပံတို့မှာ ယခုမှ အဆင့်တက်ထားကာစသာ ရှိသေးသည်။ ဘိုးဘေးချင်လင်ကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦးချင်း ရင်ဆိုင်ရန်မှာ အခွင့်အရေး မရှိသလောက်ပင်။
မြင့်မြတ်လက်နက်တစ်ခု လက်ထဲမှာ ရှိနေလျှင်ပင် အသက်ရှင်ဖို့ရန် မသေချာချေ။
ဘိုးဘေးချင်လင်သည် ပင်လယ်မျိုးနွယ်စု လူအုပ်ကြီးကို လျစ်လျူရှုကာ ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ကိုသာ ကြည့်နေ၏။ သူတို့နှစ်ဦးစလုံးတွင် အဇူရာရေနဂါးမျိုးနွယ်စု၏ ကံကြမ္မာ အငြိုးအတေး အရှိန်အဝါများ စွန်းထင်းနေသည်ကို မြင်သည်နှင့် သူ့မျိုးဆက်ကို မည်သူသတ်ခဲ့သည်ကို ချက်ချင်း သိလိုက်သည်။
“လူငယ်လေးတွေ... ပြောစမ်း၊ မင်းတို့ ဘယ်လိုပုံစံမျိုးနဲ့ သေချင်လဲ”
သူ့စကားအဆုံးတွင် အဇူရာနန်းတော်မှ ကျင့်ကြံသူများသည် သူတို့၏ လက်နက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကြ၏။ ဘိုးဘေးက ထိုသူများကို နှိမ်နင်းပြီးသည်နှင့် သူတို့က အပြေးအလွှား သွားရောက်ပြီး အစိမ်းလိုက် ဝါးမျိုပစ်ရန်တွေးနေကြသည်။
ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ချောင်ရို့ချန်သည် သူ့သိုလှောင်လက်စွပ်ထဲမှ ဓားကျောက်စိမ်းတစ်ခုကို ထုတ်ယူလိုက်ပြီး နှစ်ယောက်စလုံးက တပြိုင်နက်တည်း ပြောလိုက်၏။
“ခင်ဗျားကိုယှဉ်ဖို့က ဒါလေးနဲ့တင် လုံလောက်တယ်”
ဘိုးဘေးချင်းလင်၏ မျက်လုံးများ ပြူးထွက်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ရိုင်းစိုင်းတဲ့ ကလေးတွေ ဒီနေ့တော့ ငါ့ရှေ့မှာ ဒီလိုစကားပြောရဲအောင် ဘယ်အရာက မင်းတို့ကို သတ္တိပေးထားသလဲဆိုတာ ကြည့်ရသေးတာပေါ့”
သူ့စကားအဆုံးတွင် ဖိအားများသည် ပို၍ ကြောက်မက်ဖွယ်ကောင်းအောင် ကြီးထွားလာခဲ့သည်။ နဂါးအရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ကို ချက်ချင်းပင် ထိုနေရာ၌ တောင့်တင်းသွားစေ၏။
ထိုခဏ၌ သူတို့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် နဂါးအရှိန်အဝါကြောင့် ပိတ်ဆို့ခံလိုက်ရသည်။ သူတို့တွင် ပြိုင်ဘက်ကင်းတာအိုနှလုံးသား ရှိသော်လည်း ထိုပိတ်ဆို့မှုကို ချက်ချင်း ရုန်းထွက်ရန်မှာ မဖြစ်နိုင်သောအရာပင်။
“သူတို့ကို အဲဒီသတ္တိ ပေးခဲ့တာ ကျုပ်ကိုယ်တိုင်ပဲ”
အေးအေးဆေးဆေးဖြစ်နေသော အသံတစ်သံမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ဘိုးဘေးချင်လင်၏ ဖိအားကို လျော့ပါးသွားစေသည်။
မျက်လုံးများသည် အသံထွက်ပေါ်ရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။
ဟေးယန့်ကျောင်းသည် ထိုအသံမှာ သူ့အဖွဲ့နောက်ဘက်ရှိ ရထားလုံးထဲမှ ထွက်ပေါ်လာမှန်း သိလိုက်ရသောအခါ ကြောက်လန့်လွန်းသဖြင့် မူလပုံစံပင် ပြောင်းသွားလုနီးပါး ဖြစ်သွားသည်။
‘သွားပြီ။ ဒီတစ်ခါတော့ သူ တကယ်ပဲ အပြစ်ကနေ မလွတ်နိုင်တော့ဘူး’
သူသည် ထိုသူနှင့် မပတ်သက်ကြောင်း ပြသရန် ရထားလုံးပေါ်မှ ခုန်ချချင်သော်လည်း ဘိုးဘေးချင်လင်၏ နဂါးအရှိန်အဝါမှာ သူကဲ့သို့ အဆင့်နိမ့် ရေနဂါးများအပေါ် တွင် အလွန်အမင်းသက်ရောက်မှု ရှိနေ၏။
သူ စကားပင် မပြောနိုင်ခဲ့သလို လှုပ်ရှား၍လည်း မရနိုင်တော့ချေ။
ဘိုးဘေးချင်းလင်သည် ချက်ချင်း အရေးမယူသေးဘဲ ရထားလုံးဆီသို့ အကြည့်ပို့လိုက်၏။
သူ့စိတ်ထဲတွင် သတ်ဖြတ်ရန်ဟူသော အတွေးတစ်ခုသာ ကျန်တော့သည်။ အဇူရာနဂါးဘုရင်ကို သတ်ခဲ့သော လူငယ်ဖြစ်စေ၊ သူ့ကို ရန်စရဲသော ဤသူဖြစ်စေ၊ နှစ်ယောက်စလုံး သေရပေမည်။
ကျွီ
ရထားလုံးတံခါး ပွင့်သွားပြီး ကျောင်းတော်သားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ထွက်လာ၏။ သူသည် သားမြီးယပ်တောင်ကို အေးအေးဆေးဆေး ခတ်နေသည်။
ထိုလူငယ်မှာ ချူဖုန်းပင်။ သူသည် ရထားပေါ်မှ ဆင်းပြီးနောက် ရှေ့သို့ လှမ်းလိုက်ရုံဖြင့် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ကို နှိမ်နင်းထားသော နဂါးအရှိန်အဝါများသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ထိုကဲ့သို့ သိမ်မွေ့သော ပြောင်းလဲမှုသည် ဘိုးဘေးချင်လင်၏ မျက်လုံးများမှ မလွတ်သွားချေ။ သူ အေးစက်စွာ မေးလိုက်သည်။
“မင်း တကယ်ပဲ ဘယ်သူလဲ”
ချူဖုန်းက ပြုံး၍ပြောလိုက်၏။
“ဝမ်တောက်ကျောင်းတော်၊ သောင်းပြောင်းပညာရပ်ဌာနရဲ့ ဌာနမှူး ချူဖုန်း”
ထိုအမည်ကို ကြားလိုက်ရသည်နှင့် အဇူရာနဂါးနန်းတော်မှ ပင်လယ်မျိုးနွယ်စုများမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
“သူက ချူဖုန်းလား”
“မဟာပဏ္ဍိတ နှစ်ယောက်ကို တောင် နှိမ်နင်းခဲ့ဖူးတဲ့သူ”
“သူကိုယ်တိုင် ရောက်လာမယ်လို့ မထင်ထားဘူး”
“….”
ဘိုးဘေးချင်လင်၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိနေခဲ့ပေ။
“ဒါဆိုရင် ဝမ်တောက်ကျောင်းတော်က သူတော်စင်တစ်ပိုင်းပေါ့။ ဒီလူငယ် နှစ်ယောက်က မင်းနဲ့ ဘာပတ်သက်လဲ”
ချူဖုန်းက ပြုံးလိုက်သည်။
“ရှောင်ချန်းနဲ့ ရို့ချန်က ကျုပ် တပည့်တွေပါ”
“ဒါဆိုရင် မင်းက ဒီနေ့ သူတို့အတွက် ရပ်တည်ပေးမယ်ပေါ့”
ဘိုးဘေးချင်လင် ထိုစကားကို ပြောနေသော်လည်း သူ့မျက်လုံးများထဲတွင်မူ သတ်ဖြတ်လိုစိတ်များ တောက်လောင်နေ၏။
အဇူရာနဂါးနန်းတော် ကျင့်ကြံသူများသည် ထိုစကားကို ကြားသောအခါ အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။
သူတို့ဘိုးဘေးမှာ ထိပ်တန်းသူတော်စင်တစ်ပိုင်းတစ်ဦး ဖြစ်သည်။ ယခုမှ အဆင့်တက်ထားသည့် အဆင့်မြင့်သူတော်စင်တစ်ပိုင်း ချူဖုန်းက မည်သို့ အနိုင်ယူနိုင်မည်နည်း။
“ဘိုးဘေးက ပြိုင်ဘက်ကင်းပဲ”
“ဘိုးဘေးက အစွမ်းထက်တယ်”
“….”
သူတော်စင်တစ်ပိုင်းကျန်းယန် ရှေ့သို့ လှမ်းတက်ရန် ပြင်လိုက်သော်လည်း မဟာပဏ္ဍိတရီရှန်း သူ့ကို တားလိုက်သည်။
“နေဦး။ အရင်ဆုံး စောင့်ကြည့်ကြရအောင်။ အကြီးအကဲချူက ကျုပ်တို့အကူအညီမပါဘဲ ဒါကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်လိမ့်မယ်”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူတော်စင်တစ်ပိုင်းကျန်းယန် သံသယမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
ချူဖုန်းသည် ဝမ်တောက်ကျောင်းတော် သမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံး အဆင့်မြင့်သူတော်စင်တစ်ပိုင်း ဖြစ်လျှင်ပင် သူ ထိုအဆင့်ကို ရောက်သည်မှာ ဆယ်စုနှစ်တစ်ခုပင် မပြည့်သေးချေ။
သူ့ရှေ့တွင် ရှိနေသည်မှာ တစ်ကမ္ဘာလုံး၌ ကျော်ကြားပြီး သူတော်စင်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းဟု ဆိုရမည့် ဘိုးဘေးချင်လင်ဖြစ်၏။ ချဲ့ကားပြောထားသည် ဆိုလျှင်ပင် ထိုကဲ့သို့သော ဘွဲ့အမည်မှာ သာမန် အဆင့်မြင့်သူတော်စင်တစ်ပိုင်းများနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။
ချူဖုန်း အေးဆေးစွာ ပြုံးလိုက်၏။
“အမှန်ပဲ။ ကျုပ် တပည့်တွေကို ဘယ်သူကမှ အနိုင်ကျင့်လို့ မရဘူး။ တကယ်လို့ တာအိုမိတ်ဆွေ ချင်လင်က ဒီလူငယ် နှစ်ယောက်ကို လက်ဖျားနဲ့တောင် ထိဖို့ ကြိုးစားမယ်ဆိုရင်တော့ ကျုပ်နဲ့အတူ ကစားပွဲတစ်ခု ကစားဖို့ ဖိတ်ခေါ်ပြီး ရန်ငြိုးတွေကို တိတ်ဆိတ်မှုအဖြစ် ပြောင်းလဲရုံပဲ ရှိတော့တာပေါ့”
“ဟမ့်”
ဘိုးဘေးချင်လင် နှာခေါင်းရှုံ့လိုက်သည်။
သူ့အမြင်တွင် ချူဖုန်းသူ့ကို မတိုက်ရဲသော်လည်း တပည့်များရှေ့တွင် မျက်နှာပျက်မည် စိုးသဖြင့် ဤဆင်ခြေကို ပေးနေခြင်းပေ။
“ငါ့ကို လက်လျှော့စေချင်ရင် အရင် အနိုင်ယူလိုက်။ ကစားပွဲတွေ လုပ်နေဖို့ ငါ့မှာ အချိန်မရှိဘူး”
ချူဖုန်းသည် သူ့ယပ်တောင်ကို ခပ်ဖွဖွလေး ခတ်လိုက်ရင်း ပြုံးကာဆိုလိုက်သည်။
“ဒါပေမဲ့ ခင်ဗျားက စစ်တုရင်ခုံပေါ် ရောက်နေပြီပဲ။ ဒီကစားပွဲ မပြီးမချင်းတော့ ထွက်သွားဖို့ဆိုတာ မလွယ်ကူလောက်ဘူး”
သူ့စကားအဆုံးတွင် အရှေ့ပင်လယ်ပြင်သည် ရုတ်တရက် ပြောင်းလဲသွားတော့၏။