← Chapters

Chapter 7-8

Vol. 1 Ch. 7-8

Chapter 7-8

Vol. 1 Ch. 7-8

Chapter 7 ဝါး … သမက်တော်က သူ့တစ်မိသားလုံးကို ရှင်းလင်းပစ်လိုက်တာပဲ (၁)

[ဒီဟင်းသီးဟင်းရွက်တွေကတော့...]

ရှုရန်မြောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာကြွက်သားများမှာလည်း တင်းမာသွားတော့သည်။

ဘေးနားရှိ စစ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနမှ အမတ်တစ်ဦးသည် ရှုရန်မြောင်၏ နှာခေါင်းမှာ ရှုံ့မဲ့သွားပြီး မျက်ခုံး နှစ်ဖက်မှာလည်း တစ်ခုနှင့်တစ်ခု ထိလုနီးပါး တွန့်ချိုးသွားသည်ကို သတိပြုမိလိုက်သည်။ ရှုရန်မြောင်၏ မျက်နှာ တစ်ခုလုံးတွင် အလွန်တရာ အခက်ကြုံနေရသည့်အလား စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖုံးလွှမ်းနေတော့သည်။

*ဘာများ ဖြစ်လို့ပါလိမ့်*

စစ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနမှ အမတ်သည် သိချင်စိတ်ဖြင့် ရှုရန်မြောင်ရှိရာဘက်သို့ လည်ပင်းကို အသာဆန့်၍ ကြည့်လိုက် မိသည်။

[ဒါတွေက ဝါကျင့်ကျင့်နဲ့ ညှိုးခြောက်နေတာပဲ၊ ငါ ဒါကို ဘယ်လိုလုပ် စားလို့ရမှာလဲ]

[ကြားဖူးတာတော့ ဧကရာဇ်မင်းမြတ် ပေးသနားတဲ့ အရာတွေကို ဒီတိုင်း လွှင့်ပစ်လို့ မရဘူးဆိုပဲ။ တကယ့် ဒုက္ခပါပဲ ... ထားလိုက်ပါတော့၊ အိမ်ပြန်ရောက်ရင် ဟော့ပေါ့ထဲ ထည့်ချက်စားလိုက်မယ်။ တစ်နပ်စာအတွက်တော့ အဆင်ပြေမှာပါ]

[ဒီလောက် ခမ်းနားကြီးကျယ်တဲ့ နန်းတော်ကြီးမှာ လတ်ဆတ်တဲ့ ဟင်းရွက်စိမ်းလေး တစ်ပင်တောင် မရှိဘူးလား၊ ကြည့်ပါဦး၊ ဒီအရွက်တွေ ညှိုးနေလိုက်တာ။ ဒါကိုတောင် ဆုလာဘ်အဖြစ် ပေးရဲသေးတယ်... တကယ့်ကို စုတ်ပြတ်သတ်နေတာပဲ...]

"ဘုန်း"

ရှုရန်မြောင်သည် နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်ရာ၊ စောစောကမှ ကြောက်ကြောက်လန့်လန့် ဖြစ်နေသော စစ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနမှ အမတ်မှာ ရုတ်တရက် ကြမ်းပြင်ပေါ်သို့ ခွေခနဲ လဲကျကာ သတိလစ်သွားသည်ကို တွေ့လိုက် ရသည်။

သူသည် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိသည်။

[အရှင်မင်းကြီးရဲ့ ကရုဏာတော်ကို ခံစားရလွန်းလို့ ထပ်ပြီး သတိလစ်သွားပြန်ပြီလား]

*မဟုတ်ဘူး*

*သူက ကြောက်လွန်းလို့ လန့်ပြီး သတိလစ်သွားတာကွ*

ညီလာခံအတွင်းရှိ စစ်ဘက်၊ နယ်ဘက် အမတ်အားလုံးက သူတို့၏ ရင်ထဲတွင် တစ်သံတည်း အော်ဟစ် လိုက်ကြတော့သည်။

စစ်ဘက်ဆိုင်ရာဝန်ကြီးသည် သူ၏နဖူးပေါ်မှ ချွေးများကို အလျင်အမြန်သုတ်လိုက်ပြီး ဝတ်ရုံလက်ကို အလိုလို နမ်းကြည့်လိုက်မိသည်။ ချွေးနံ့များမှာ အလွန်ပြင်းထန်လှသဖြင့် သူကိုယ်တိုင်ပင် ရွံရှာစွာဖြင့် မျက်နှာ ရှုံ့မဲ့သွားတော့သည်။

ရှေ့ဆုံးရှိ ပလ္လင်ထက်တွင်မူ ဧကရာဇ်အိုကြီးသည် နဂါးပလ္လင်၏ လက်တန်းကို ဘုန်းခနဲ ရိုက်ချလိုက်သည်။ သူ၏ လက်စွပ်ရှိ ရွှေနှင့် စိမ်းပြာကျောက်တို့မှာ သစ်သားနှင့် ထိခိုက်မိသဖြင့် မြည်ဟည်းသွားသော အသံမှာ တိတ်ဆိတ် နေသော ညီလာခံအတွင်း၌ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားတော့သည်။

အမတ်အားလုံးမှာ ဧကရာဇ်မင်းမြတ်ထံသို့ လှည့်ကြည့်လိုက်ကြသည်။

ဧကရာဇ်၏ မျက်နှာတော်မှာ ဒေါသကြောင့် နီမြန်းနေတော့သည်။

*ဝါကျင့်ကျင့်နဲ့ ညှိုးခြောက်နေတယ် ဟုတ်လား၊ တကယ့်ဒုက္ခပဲ ဟုတ်လား၊ အရွက်တွေ ညှိုးနေလိုက်တာ ဟုတ်လား၊ စုတ်ပြတ်သတ်နေတာပဲ ဟုတ်လား*

*မင်းက လတ်ဆတ်ပြီး ကြွပ်ရွနေတဲ့ ဆောင်းရာသီဟင်းရွက်တွေကို မြည်းစမ်းဖူးလို့လား*

*ဒီဂုဏ်ဒြပ်က ဘယ်လောက်တောင် ကြီးမားသလဲ... မင်း တကယ်ပဲ ကျေးဇူးကန်းလွန်းတာပဲ*

[မဟာရှ အင်ပါယာမှာက သိုးသားကို ပြုတ်စားရုံပဲ ရှိပုံရတယ်၊ ဟော့ပေါ့လိုမျိုးတော့ မဟုတ်ဘူးပဲ။ အလုပ်ဆင်းရင် စားဖိုမှူးကို အသားတွေကို အလွှာလေးတွေ လှီးခိုင်းရမယ်]

[ငရုတ်သီးတွေ ရောက်နေပြီးတာ တကယ်ကံကောင်းတာပဲ။ ဆောင်းရာသီမှာ အစပ် ဟော့ပေါ့စားရတာ အကောင်းဆုံးပဲလေ]

[နီရဲနေတဲ့ အစပ် ဆီပူပူတွေထဲမှာ ပါးပါးလှီးထားတဲ့ အမဲသားလွှာလေးတွေကို တူနဲ့ညှပ်ပြီး ဟင်းရည်ထဲကို အသာလေး နှစ်လိုက်ရမယ်။ အသားအရောင် ပြောင်းသွားတဲ့အထိ တူကို မလွှတ်ဘဲ ကိုင်ထားရမှာ။ အမဲသားက တကယ့်ကို နူးညံ့ပြီး ပါးလွှာနေတာ၊ အစပ်ဟင်းရည်တွေကလည်း အသားထဲအထိ စိမ့်ဝင်နေမှာ ... ပြီးတော့မှ ပြန်ထုတ်ပြီး ကိုက်စားလိုက်ရရင် ... အဲ့ဒီအရသာကတော့ တကယ့်ကို ရှယ်ပဲ]

မဟာရှ အင်ပါယာတွင် နွားသတ်ခြင်းကို တားမြစ်ထားသော်လည်း ၎င်းမှာ လယ်ထွန်နွားများကိုသာ ကန့်သတ် ထားခြင်းဖြစ်ပြီး အသားစားနွားများကိုမူ ကန့်သတ်ထားခြင်းမရှိပေ။

အသားစားနွားများနှင့် ပတ်သက်လျှင်မူ သူတို့မှာ တကယ့်ကို ရက်ရက်ရောရော စားသောက်ကြသည်။ ဆီပူထိုးစားမလား၊ ပြုတ်စားမလား၊ ဖုတ်စားမလား၊ ကင်စားမလား သို့မဟုတ် အသားထောင်း၊ အသားခြောက်၊ အသားဆားနယ် စသည်ဖြင့် အမျိုးမျိုး ပြုလုပ်စားသောက်ကြသည်။ သူတို့သည် အသား၊ အကြော၊ အသည်း၊ အူပတ်၊ လျှာ စသည်ဖြင့် အကုန်လုံးကို စားကြလေသည်။

ဤအတွေးများထဲတွင် နစ်မျောနေသော ရှုရန်မြောင်၏ မျက်ဝန်းများမှာ အရောင်တောက်လာပြီး ပတ်ဝန်းကျင် ကမ္ဘာကြီးကို အာရုံမရတော့ဘဲ ဗိုက်ဆာစရာ အိပ်မက်ကမ္ဘာထဲသို့ ကျရောက်သွားတော့သည်။

[ပြီးတော့ သိုးသားကိုလဲ ပါးပါးလေးတွေလှီးပြီး အိုးထဲကို ပစ်ထည့်လိုက်မယ်၊ ခဏလေးအတွင်းမှာတင် ရှဲခနဲ အသံ မြည်လာတာနဲ့ ချက်ချင်းပြန်ထုတ်ပြီး စားလိုက်ရုံပဲ]

[ပြီးရင် ငါးဆုပ် အလုံးနှစ်ဆယ်လောက်ကို လက်နဲ့ ကိုယ်တိုင်လုပ်ခိုင်းရမယ်။ အဲ့ဒီငါးဆုပ်တွေက ဝိုင်းစက် ဖောင်းကား နေပြီး ဝါးလိုက်ရင် စေးပိုင်နေတဲ့ ခံစားချက်မျိုး ရနေမှဖြစ်မှာ]

[ပြီးတော့ ဝက်သားလွှာတွေ၊ အဆီတစ်ဝင်းဝင်းနဲ့ ဝက်သားသုံးထပ်သားတွေ၊ ကြက်သားလွှာတွေ၊ ဖန်ချက်သီးလို ကြည်လင်နေတဲ့ ကြာဆံတွေ၊ ငါးတိုဖူးတွေ၊ အမဲအူကြမ်းတွေ...]

[ပြီးတော့ အတို့အမြှုပ်အတွက်ကတော့ နှမ်းဆီနဲ့ ကြက်သွန်ဖြူထောင်းက မပါမဖြစ်ပဲ]

*ဂလု*

ဧကရာဇ်အိုကြီးသည် တံတွေးတစ်ချက် မျိုချလိုက်မိသည်။

သူ၏မျက်နှာပေါ်ရှိ ဒေါသရိပ်များမှာ ခဲသွားသကဲ့သို့ ဖြစ်သွားပြီး အတွေးများမှာလည်း အဝေးသို့ လွင့်ပါးသွားကာ၊ ၎င်းတို့၏ နေရာတွင် အစားကောင်းစားရတော့မည့် မျှော်လင့်ချက်နှင့် သာယာမှုတို့က အစားထိုး ဝင်ရောက် လာတော့သည်။

"ဒီ ရှုရန်မြောင်ကတော့..."

ဧကရာဇ်အိုကြီးသည် ဟော့ပေါ့ဟုခေါ်သော ထိုစားကောင်းသောက်ဖွယ်ကို ခေတ္တမျှ စိတ်ကူးကြည့်လိုက်ပြီး၊ မိမိကိုယ်မိမိပင် သတိမထားမိဘဲ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်မိသည်။

"သူကတော့ တကယ်ကို စားတတ် သောက်တတ်ပုံ ရတယ်"

*ဒါပေမဲ့... "ကြည်လင်နေတဲ့ ကြာဆံ" ဆိုတာက ဘာလဲ။ ငါ တစ်ခါမှ မကြားဖူးပါလား*

မနက်ခင်း ညီလာခံအပြီးတွင် အတွင်းညီလာခံ အစည်းအဝေး ဆက်ရှိသော်လည်း ၎င်းမှာ ဒုတိယအဆင့် အရာရှိကြီးများ အတွက်သာ ဖြစ်သဖြင့် ရှုရန်မြောင်ကဲ့သို့ အဆင့်နိမ့်အရာရှိလေးနှင့် အလွန်အလှမ်းဝေးလှသည်။ သူသည် ပုံမှန်အတိုင်းပင် မိမိ၏ရုံးခန်းသို့ပြန်၍ တာဝန်များကို ထမ်းဆောင်ရုံသာ ရှိတော့သည်။

မူလကတော့ ထိုသို့သာ ဖြစ်သင့်ပါသည်။

သို့သော် ယနေ့တွင်မူ...

"ဆင့်ခေါ်စေ"

"ဌာနဆိုင်ရာ အရာရှိ ရှုရန်မြောင်... အရှေ့တော်မှောက်သို့ ဝင်စေ"

မိန်းမစိုး၏ ဟိန်းဟောက်သံမှာ ရွှေပလ္လင်၏ ဘေးတစ်ဖက်တစ်ချက်မှ ထွက်ပေါ်လာပြီး၊ အဆင့်ဆင့်သော လှေကားထစ် များကို ဖြတ်ကျော်၍ ပဲ့တင်ထပ်သွားတော့သည်။ နေရောင်ခြည်များမှာ အပေါ်မှ ဖြာကျနေလျက် စစ်ဘက်နှင့် နယ်ဘက် အမတ်များကို အရိပ်များဖြင့် ပိုင်းခြားထားလေသည်။ အမတ်အားလုံးမှာ တစ်ယောက်ပြီး တစ်ယောက် လှည့်ကြည့်လိုက်ကြပြီး အံ့အားသင့်တုန်လှုပ်စွာဖြင့် ဌာနဆိုင်ရာ အရာရှိလေး ရှုရန်မြောင်အား ဝိုင်းဝန်း စိုက်ကြည့် နေကြတော့သည်။

"ကျွန်တော့်ကိုလား"

ဟော့ပေါ့အကြောင်းကို ပျော်ရွှင်စွာ တွေးတောနေသော ရှုရန်မြောင်မှာ ရုတ်တရက် အခေါ်ခံလိုက်ရသဖြင့် ကြောင်တောင်တောင် ဖြစ်သွားရပြီး၊ သူ၏ စိတ်ကူးထဲက ဟော့ပေါ့ကြီးမှာလည်း လွင့်ထွက်သွားသယောင် ခံစားလိုက်ရသည်။

သတိလစ်နေသော စစ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနမှ အမတ်မှာမူ ရှုရန်မြောင် ရှေ့သို့ တုန်တုန်ချိချိဖြင့် လျှောက်သွားစဉ် သူ၏ ခြေဖနောင့်ကို တစ်ချက် ကန်လိုက်မိလေသည်။

ရှုရန်မြောင်သည် သူ၏ စိတ်ကူးယဉ်အိပ်မက်ထဲမှ ရုတ်တရက် နိုးထလာတော့သည်။ ယခုအချိန်မှာ အိပ်မက်ယဉ် နေရမည့် အချိန်မဟုတ်မှန်း သတိပြုမိလိုက်သဖြင့် သူသည် ဝတ်စုံရှိ အရာရှိဦးထုပ်ကို အလျင်အမြန် ပြင်ဆင် လိုက်ပြီး စီတန်းနေကြသော အမတ်မင်းများ၏ ကြားမှတစ်ဆင့် ရွှေပလ္လင်တော်ရှိရာသို့ လျှောက်လှမ်း သွားတော့သည်။

သူသည် အဆင့် (၉) အရာရှိများကို ဖြတ်ကျော်ခဲ့သည်။

အဆင့် (၈) အရာရှိများကိုလည်း ဖြတ်ကျော်ခဲ့သည်။

ထို့နောက် အဆင့် (၇)၊ (၆)၊ (၅)၊ (၄) နှင့် အဆင့် (၃) ဝန်ကြီးများကိုပါ တစ်ဦးပြီးတစ်ဦး ကျော်ဖြတ်လာခဲ့လေသည်။

နောက်ဆုံးတွင် ရှေ့ဆုံးသို့ ရောက်ရှိသွားသောအခါ အိုမင်းလှပြီ ဖြစ်သော ဧကရာဇ်မင်းမြတ်မှာ ရွှေပလ္လင်ထက်မှ ဆင်း၍ နန်းဆောင်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုနေရာတွင် အဆင့် (၂) ဝန်ကြီးများသာ ကျန်ရှိတော့ပြီး သူတို့တစ်ဦးချင်းစီ၏ အာဏာစက်မှာ ရှုရန်မြောင်ကဲ့သို့ အရာရှိလေးတစ်ဦးကို အသာလေး ဖိနှိပ်ပစ်နိုင်လောက်သည်အထိ ကြီးမားလှပေသည်။

ရှုရန်မြောင်သည် တည်ငြိမ်စွာဖြင့် ဦးညွှတ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။

"လူကြီးမင်းတို့အားလုံးကို ဂါရဝပြုပါတယ်"

စစ်ဘက်ဆိုင်ရာဝန်ကြီးကမူ မကျေမနပ်ဖြစ်နေဟန်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

ရှုရန်မြောင်က သူ့အား နားမလည်နိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။

[ဘာတွေဖြစ်နေတာလဲ။ ငါ သူ့ကို ဘယ်တုန်းကများ သွားစော်ကားမိလို့ပါလိမ့်]

စစ်ဘက်ဆိုင်ရာ ဝန်ကြီးမှာမူ - "..."

"ဟွန်း"

အခြားသော ဝန်ကြီးကြီးများ၊ အထူးသဖြင့် ရာထူးကြီးမားသူများမှာလည်း ရှုရန်မြောင်ကို ထူးဆန်းသော အကြည့် များဖြင့် စိုက်ကြည့်နေကြသည်။

ရှုရန်မြောင် : "?"

သူတို့တွေ ဘာလို့ သူ့ကို မနှစ်သက်ကြတာလဲဟု ရှုရန်မြောင် ခံစားနေရသည်။

"ရှုလန်"

တစ်စုံတစ်ယောက်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။ ရှုရန်မြောင် လှည့်ကြည့်လိုက်သောအခါ ၎င်းမှာ ဝန်ကြီးချုပ်သော် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဝန်ကြီးချုပ်က သူ့ကို နူးညံ့စွာ ပြုံးပြရင်း ခေါင်းငြိမ့်ပြလိုက်သည်။ ရှုရန်မြောင်၏ စိတ်ထင်ကြောင့်လားတော့မသိ၊ ဝန်ကြီးချုပ်၏ မျက်ဝန်းထဲတွင် ကျေးဇူးတင်ရှိနေသည့် အရိပ်အယောင်အချို့ကို မြင်တွေ့လိုက်ရသလိုပင်။

"အရှင်မင်းကြီးက မင်းကို ဆင့်ခေါ်တယ်ဆိုတာ မင်းအပေါ်မှာ မျှော်လင့်ချက်တွေ အများကြီး ထားရှိလို့ပဲ။ စိတ်မပူပါနဲ့။ အရှင်မင်းကြီးနဲ့ တွေ့တဲ့အခါမှာ မဆင်မခြင် မပြုမူမိဖို့ပဲ သတိထားပါ"

ထို့နောက် ဝန်ကြီးချုပ်သည် ဧကရာဇ်နှင့် မည်သို့တွေ့ဆုံရမည်ဆိုသော နည်းလမ်းကောင်းများကို တိုးတိုးလေး အကြံပေးလိုက်လေသည်။

ရှုရန်မြောင်မှာမူ အနည်းငယ် မြှောက်ပင့်ခံလိုက်ရသလို ခံစားလိုက်ရသည်။

[ဪ... ဝန်ကြီးချုပ်က တကယ့်ကို အောက်ခြေလူတန်းစားကို ငဲ့ညှာတတ်တဲ့ ပုဂ္ဂိုလ်ကြီးပါလား]

စစ်ဘက်ဆိုင်ရာ ဝန်ကြီးက ဝန်ကြီးချုပ်ကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း ရှုရန်မြောင်အပေါ်တွင် ရန်လိုသည့် အမူအရာ ထပ်မပြတော့ပေ။

ယဉ်ကျေးမှု ဝန်ကြီးကမူ အခြေအနေကို ထိန်းညှိပေးသည့်အနေဖြင့် ပြောဆိုလိုက်တော့သည်။

"အရှင်မင်းကြီးက နန်းဆောင်ထဲမှာ စောင့်နေတုန်းပဲ။ သွားကြရအောင် လူကြီးမင်းတို့"

Chapter 8 ဝါး … သမက်တော်က သူ့တစ်မိသားလုံးကို ရှင်းလင်းပစ်လိုက်တာပဲ (၂)

ဧကရာဇ်အိုကြီးသည် အတွင်းညီလာခံ အတွက် ပုံမှန်အသုံးပြုသည့် သူ၏ရုံးခန်းဖြစ်သော ဝူရင်နန်းဆောင်အတွင်း စံမြန်းနေသော်လည်း ပထမဦးဆုံးအကြိမ်အဖြစ် သူသည် နန်းတွင်းရေးရာကိစ္စများတွင် အာရုံမစိုက်နိုင်ဘဲ ရှိနေသည်။ သူသည် မကြာခဏဆိုသလို နန်းဆောင်တံခါးဝဆီသို့ မော့ကြည့်နေသဖြင့် မိန်းမစိုး အရာရှိချုပ်မှာပင် အံ့ဩနေမိတော့သည်။

*အရှင်မင်းကြီးက ဘယ်သူ့ကိုများ စောင့်နေတာပါလိမ့်*

မိန်းမစိုးတစ်ဦးက အလျင်အမြန် ဝင်ရောက်လာပြီး အစီရင်ခံသည်။

"အရှင်မင်းကြီး ... ဝန်ကြီးချုပ်နဲ့ တခြားဝန်ကြီးတွေ အရှေ့တော်မှောက်ကို ရောက်ရှိနေပါပြီ ဘုရား"

ဧကရာဇ်အိုကြီးက ခေါင်းငြိမ့်ပြလိုက်ပြီး ခေတ္တမျှ ထပ်မံစောင့်ဆိုင်းနေလိုက်သည်။ နောက်ထပ် အစီရင်ခံသံ ထွက်ပေါ် မလာတော့သည့်အခါတွင် သူသည် မိန်းမစိုးအား လှည့်ကြည့်လိုက်ရာ ထိုမိန်းမစိုးမှာ ဇဝေဇဝါဖြစ်လျက် မိန်းမစိုးအရာရှိချုပ်ထံသို့ အကူအညီမဲ့စွာ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ အရာရှိချုပ်မှာလည်း ဘာကိုဆိုလိုမှန်း နားမလည်ဘဲ ရှိနေတော့သည်။

နန်းဆောင်ထောင့်ရှိ လိုက်ကာလေးမှာ အနည်းငယ် လှုပ်ခတ်သွားပြီး ဧကရာဇ်က တည်ငြိမ်စွာ မေးလိုက်သည်။

"တခြား ဘယ်သူ ရှိသေးလဲ"

ထိုအခါမှ မိန်းမစိုးမှာ ရုတ်တရက် သဘောပေါက်သွားပြီး အမြန်ပြန်ဖြေလိုက်သည်။

"ဌာနဆိုင်ရာ အရာရှိ ရှုရန်မြောင်လဲ အပြင်မှာ စောင့်ဆိုင်းနေပါတယ် ဘုရား"

ဧကရာဇ်က ခေါင်းငြိမ့်လိုက်သည်။

"သူတို့အားလုံးကို အထဲဝင်စေ"

မိန်းမစိုးမှာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆင့်ခေါ်လိုက်လေသည်။

"အရှေ့တော်မှောက်သို့ ဝင်စေ"

မကြာမီမှာပင် ဝန်ကြီးများမှာ နန်းဆောင်အတွင်းသို့ ဝင်ရောက်လာကြသည်။

ထုံးတမ်းစဉ်လာအတိုင်း ပြုမူပြီးနောက် ဧကရာဇ်က အမိန့်ပေးလိုက်သည်။

"အစားအစာတွေ ပြင်ဆင်စေ"

နန်းတွင်းအစေခံများက စားပွဲငယ်လေးများနှင့် ထိုင်ခုံပျော့လေးများကို သယ်ဆောင်လာကြပြီး အရာရှိကြီး များမှာလည်း မိမိတို့ နေရာအသီးသီးတွင် အစဉ်လိုက် ထိုင်လိုက်ကြသည်။

ရှုရန်မြောင်သည် သူ၏ အရာရှိ ဝတ်ရုံကို သေချာစွာ ပြင်ဆင်လိုက်ပြီး နန်းတွင်းအစေခံ သယ်ဆောင်လာသော လင်ဗန်း ကိုသာ စူးစိုက်ကြည့်နေမိတော့သည်။

ပုံမှန်အားဖြင့် ညီလာခံ အပြီးတိုင်းတွင် ဧကရာဇ်က အရာရှိများကို အစားအစာဖြင့် ဧည့်ခံလေ့ ရှိသော်လည်း၊ သက်ဆိုင်ရာ ဌာနရုံးခန်းများတွင် ကျွေးမွေးသည့် အစားအစာနှင့် ဝူရင်နန်းဆောင်တွင် ကျွေးမွေးသည့် အစား အစာမှာ မတူညီနိုင်ပေ။ ယခုအခါတွင်မူ သူသည် ဒုတိယအဆင့် အရာရှိကြီးများ မည်သို့သော အစားအစာများ စားသောက်ရသည်ကို ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းခွင့်ရတော့မည် မဟုတ်ပါလား။

သို့သော် လင်ဗန်းကို ရှေ့တွင် ချလိုက်သည့်အခါ ရှုရန်မြောင်မှာ အစားအစာများကို ကြည့်ပြီး ကြောင်အမ်း သွားရရှာသည်။

*တိုဖူး၊ ဟင်းရွက်စိမ်း၊ခေါက်ဆွဲ၊ အသားလဲ မပါဘူး၊ ပြီးတော့ ခေါက်ဆွဲထဲမှာ အများဆုံးမှ ကြက်ဥ နှစ်လုံးပဲ ပါတာလား*

ရှုရန်မြောင် : "..."

[ဒါက ငါတို့ဌာနရုံးမှာ စားရတာထက်တောင် ပိုဆိုးနေပါလား]

ဧကရာဇ်အိုကြီးသည် ဘာမှမကြားမိလေဟန်ဖြင့် အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

"အင်း ... နန်းတွင်းစားဖိုဆောင်ကလဲ ဒီဟင်းလျာ ရာဂဏန်းလောက်ကိုပဲ ဆယ်စုနှစ်ချီအောင် ချက်လာခဲ့တာ ဆိုတော့ ငါလည်း ငြီးငွေ့လာပြီ။ မကြာသေးခင်ကလည်း ငါက သိပ်ပြီး အစားအသောက် ပျက်နေတာနဲ့ပဲ ပေါ့ပေါ့ပါးပါး လေးတွေပဲ စားနေတာ။ ငါနဲ့အတူ အခုလို လိုက်စားပေးကြရတာကို အားနာမိပါတယ်"

အမတ်မင်းများ : "..."

*မဖြစ်နိုင်တာ အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ အားမနာပါဘူး ဘုရား*

ပုံမှန်အားဖြင့်ဆိုလျှင် အခြေအနေကို နားလည်တတ်သော အမတ်များသည် ဤကဲ့သို့သော အချိန်မျိုးတွင် မိမိတို့ ရရှိထားသည့် ဟင်းချက်နည်းအသစ်များကို အရှင်မင်းကြီးအား ဆက်သရန် အခွင့်အရေး ယူတတ်ကြသည်။

သို့သော်လည်း "စာအုပ်ကြီးအတိုင်းသာ နေတတ်သော" ရှုရန်မြောင်ကမူ ဘာတုံ့ပြန်မှုမျှ မရှိချေ။

ဧကရာဇ်အိုကြီး : "..."

ရှုရန်မြောင်သည် အပြင်ပန်းတွင် တည်ငြိမ် လေးနက်နေရန် ကြိုးစားနေသော်လည်း ဧကရာဇ်ကမူ သူ၏ အတွင်းစိတ်ကို အကုန်မြင်နေရသည်။ ရှုရန်မြောင်သည် အထက်လူကြီး၏ အရိပ်အကဲကို လုံးဝ နားမလည်သူ ဖြစ်ကြောင်း သိလိုက်ရသဖြင့် 'ဒီလိုလူစားမျိုးက ဘယ်လိုလုပ်ပြီး ရာထူးတက်ဖို့ မျှော်လင့်နေတာလဲ' ဟုပင် တွေးမိသွားသည်။

ဧကရာဇ်၏ ရင်ထဲတွင် မကြုံစဖူး အလိုမကျမှုများ ဖြစ်ပေါ်လာတော့သည်။

ယနေ့တွင် သူသည် ထို ဟော့ပေါ့ ဆိုသည့်အရာကို မရရအောင် စားမည်ဟု ဆုံးဖြတ်လိုက်သည်။

သူသည် မိန်းမစိုး အရာရှိချုပ်အား တိုးတိုးလေး အမိန့်ပေးလိုက်သည်။ ခေတ္တမျှအကြာတွင် အစေခံများက စားပွဲ တစ်ခုစီ အတွက် အကန့်များပါသော အိုးငယ်လေးများကို သယ်ဆောင်လာကြသည်။ အိုး၏ အကန့်တစ်ခုစီတွင် ဟင်းရည်များ ပြည့်နေပြီး၊ အသားနံ့နှင့် မီးသွေးနံ့တို့ ရောယှက်နေသော မွှေးပျံ့သည့်ရနံ့မှာ လေထုထဲတွင် ပျံ့လွင့် လာကာ အမတ်အားလုံးကို သွားရည်ကျစေတော့သည်။

*ဟော့ပေါ့လား*

ရှုရန်မြောင်သည် အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။ ဧကရာဇ်အိုကြီးသည် သူ၏တူကို ကိုင်လိုက်ပြီး ခေါက်ဆွဲ စားနေရင်း စိတ်ထဲမှ ကျိတ်၍ တွေးလိုက်သည်။

'ငါ သိတာပေါ့! အသားစိမ်းကို ကိုင်ပြီး ဟင်းရည်အိုးထဲ နှစ်ချက်စားတာ ... ဘယ်လိုပဲ စားစား ဒါဟာ ဟင်းရည် အပြည့်နဲ့ အိုးထဲမှာပဲ ဖြစ်နေမှာပဲလေ*

ဤကဲ့သို့သော "အနွေးအိုး" မျိုးကို စားပွဲပေါ်မှာ တင်ထားလို့ ရနိုင်သည်။

တစ်ဖက်တွင်လည်း ရှုရန်မြောင်၏ အတွေးများက ပဲ့တင်ထပ်နေပြန်သည်။

[ဪ ... ဒါက ဟော့ပေါ့ မဟုတ်ဘဲ အစားအစာတွေကို နွေးနေအောင်လုပ်တဲ့ အနွေးအိုးပဲကိုး။ တကယ့်ကို နှမြောစရာပဲ၊ ဒီလောက် ကောင်းတဲ့အရာကို ဟော့ပေါ့အတွက် အသုံးချရမှာကို]

"ဒီလိုရှိတယ်..."

ဧကရာဇ်က ဆက်ပြောလာသည်။

"ငါ စဉ်းစားကြည့်တော့၊ မင်းတို့အားလုံးက နေ့နေ့ညည ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြရတာ။ ဒီလောက် ပေါ့ပေါ့ပါးပါး တွေပဲ စားနေရတာက ကျန်းမာရေးအတွက် မကောင်းဘူး"

သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ကျေနပ်အားရမှုများဖြင့် ပြည့်နှက်နေသည်။

"အိုးထဲကို တစ်ခုခု ထပ်ထည့်ချင်တယ်ဆိုရင် အစေခံတွေကိုသာ ပြောလိုက်ကြ"

ရှုရန်မြောင်၏ မျက်ဝန်းများမှာ အရောင်တောက်သွားတော့သည်။

အခြားသော ဝန်ကြီးကြီးများ၏ မျက်ဝန်းများမှာလည်း ဝင်းလက်သွားကြသည်။

ရှုရန်မြောင် : “အရင်ဆုံး အမဲသားနဲ့ သိုးသား နှစ်ပိဿာလောက်ကို ပါးပါးလေးတွေ လှီးပြီး ယူလာခဲ့

အခြားဝန်ကြီးများ : “ဟုတ်တယ်၊ ဟုတ်တယ် အမဲသားနဲ့ သိုးသားလွှာတွေ ယူလာခဲ့ကြစမ်း"

ရှုရန်မြောင် : “မီးသွေးတွေ ထပ်ထည့်ဦး၊ ဒီလောက်နည်းနည်းလေးနဲ့တော့ ဟင်းရည်က ပွက်မှာမဟုတ်ဘူး”

အခြားဝန်ကြီးများ : "အင်း ... မီးသွေးတွေ ထပ်ထည့်ဦး၊ ငါတို့အတွက်လည်း အများကြီး ထည့်ပေး!"

ရှုရန်မြောင် : [ငရုတ်သီး၊ ဆား၊ ကြက်သွန်ဖြူထောင်းနဲ့ ဆီ... ငါတို့ ဆီလိုတယ်...]

အခြားဝန်ကြီးများ : "ငရုတ်သီး..."

ရှုရန်မြောင်က သူတို့ကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

ဒီအဆင့် (၂) ဝန်ကြီးကြီးတွေက တကယ့်ကို မျက်နှာပြောင်တိုက်လွန်းလှသည်။ သူ၏ အထင်သေးသော အကြည့်ကို မမြင်ချင်ယောင်ဆောင်နေကြသည်လေ။

ဧကရာဇ်အိုကြီးက ချောင်းတစ်ချက် ဟန့်လိုက်သည်။

"အဟမ်း... ငါကိုယ်တော်လဲ နည်းနည်းလောက် စားမယ်"

မိန်းမစိုးအရာရှိချုပ်က တိုးတိုးလေး ကပ်မေးလိုက်သည်။

"အရှင်မင်းကြီး... ထုံးစံအတိုင်း မိဖုရားကြီးဆီကိုလဲ အချို့အဝက် ပို့ပေးရမလား ဘုရား"

"ဒါပေါ့၊ ပို့ပေးလိုက်ရမှာပေါ့..."

ဧကရာဇ်အိုကြီးသည် စကားကို ခေတ္တရပ်လိုက်သည်။

ထို့နောက် သူသည် ဒေါသတကြီးဖြင့် ရေရွတ်လိုက်သည်။

"မိဖုရားကြီး ... မိဖုရားကြီးက ဘာဖြစ်လို့လဲ၊ ငါ့မှာရှိသမျှ အရာအားလုံးကို သူမကိုပဲ ပေးနေရမှာလား"

ဧကရာဇ်၏ အသံမှာ အနည်းငယ် မြင့်တက်သွားသည်။

ရှုရန်မြောင်မှာမူ ဇဝေဇဝါ ဖြစ်သွားရသည်။

[ဘာတွေဖြစ်နေတာလဲ။ သူတို့ ရန်ဖြစ်နေကြတာလား။]

ဧကရာဇ်အိုကြီးမှာ တုံ့ခနဲ ဖြစ်သွားသည်။

[ဖြစ်နိုင်တာက ... သမက်တော်က မင်းသမီးကို ကွပ်မျက်တော့မယ်ဆိုတာကို ဧကရာဇ်က သိနေလို့လား။ သူက သမက်တော်ကို အသက်ချမ်းသာပေးချင်ပေမဲ့ မိဖုရားကြီးက သဘောမတူလို့ အခုလို ငြင်းခုံနေကြတာလား]

"ဖူး"

ဝိုင်သောက်နေသော ယဉ်ကျေးမှုဝန်ကြီးမှာ ရုတ်တရက် ဝိုင်များ ပန်းထွက်ကုန်ပြီး ငရုတ်သီးအစပ်မိကာ တရှူးရှူး တရှဲရှဲဖြင့် အဆက်မပြတ် ချောင်းဆိုးတော့သည်။

"အဟွတ်... အဟွတ်..."

*ကွပ်မျက်မယ်*

*ဘာကွပ်မျက်တာလဲ*

*ဘယ်သူက အကွပ်မျက်ခံရမှာလဲ*

*ငါ ကြားတာ မှားသွားတာလား*

ဧကရာဇ်အိုကြီးမှာလည်း ဆွံ့အသွားရရှာသည်။

သူသည် ဒေါသထွက်ဖို့ပင် ခေတ္တမေ့လျော့သွားပြီး သာမန်လူတစ်ယောက်က ဘာကြောင့် ဒီလောက်အထိ ထူးဆန်းတဲ့ အတွေးတွေ ရှိနေရတာလဲ ဆိုတာကို ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားရသည်။

*ဒီသမက်တော်က သူ့မိသားစုတစ်စုလုံးအပေါ် ရန်ငြိုးများ ရှိနေလို့လား*

*ငါ့မှာ သမီးတော် နှစ်ဆယ့်တစ်ယောက်တောင် ရှိတာ၊ ဘယ်သမက်တော်ကများ သူ့အသက်ကို မနှမြောဘဲ ဒီလို လုပ်ရဲရတာလဲ*

...

ထိုမေးခွန်းကိုပင် ဧကရာဇ်၏ ပဉ္စမမြောက်သမီးတော် မင်းသမီး ဝမ်ရှို့က သူမ၏ သမက်တော်ကို မေးမြန်း နေလေသည်။

"ရှင်က ... ကျွန်မလို ရက်စက်တဲ့မိန်းမကို အပြင်ကို ဆွဲထုတ်ပြီး ကွပ်မျက်ချင်နေတာလား"

မင်းသမီး ဝမ်ရှို့သည် သူမ၏ သမက်တော်ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။

"ရှင် အခုပြောနေတာတွေကို ရှင့်ရဲ့ ဆွေစဉ်မျိုးဆက် ကိုးဆက်လုံးကရော သိရဲ့လား"

All Chapters