← Chapters

Chapter 9 - 10

Vol. 1 Ch. 9 - 10

Chapter 9 - 10

Vol. 1 Ch. 9 - 10

Chapter 9 ကျစ် … လူတွေကို ချစ်အောင်၊ မုန်းအောင် လုပ်နိုင်တဲ့ ပါးစပ်ပဲ (၁)

"ဆွေစဉ်မျိုးဆက် ကိုးဆက် ဟုတ်လား"

သမက်တော်၏ ရင်ခုန်သံမှာ တစ်ချက်မျှ တုံ့ခနဲ ဖြစ်သွားသော်လည်း မင်းသမီး၏ မေးစေ့ကို အတင်းအကျပ် ဆွဲကိုင် လိုက်ရင်း ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်သည်။

"မင်းကိုယ်မင်း ဘယ်သူ မှတ်နေတာလဲ။ ဒါက မင်း ရှိနေရမယ့်နေရာလို့ ထင်နေတာလား။ မင်းက နန်းတော်ထဲက ကိုယ်လုပ်တော် တစ်ယောက်ရဲ့ သမီးသက်သက်ပဲလေ။ ဒီနေရာက မြို့တော်ရဲ့ အစွန်အဖျားမှာရှိတဲ့ တောနယ် စံအိမ်တစ်ခုပဲ။ မင်း ဒီမှာသေသွားရင်တောင်မှ၊ မင်း ချောက်ထဲကို မတော်တဆ ပြုတ်ကျသွားတာပါလို့ ငါ ပြောလိုက်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ မင်းက ဧကရီမိဖုရားကြီး မွေးထားတဲ့သူလဲ မဟုတ်တော့၊ အရှင်မင်းကြီး ကလည်း မင်းအတွက် တစ်ချက်တောင် ထည့်စဉ်းစားပေးမှာ မဟုတ်ဘူး"

"အဟွတ်... အဟွတ်..."

မင်းသမီး ဝမ်ရှို့သည် အတင်းအကျပ် ရုန်းကန်ရင်း သူ့ကို လက်ဖြင့် ရိုက်ပုတ်သော်လည်း ရက်စက်လှသော သမက်တော်မှာမူ သူမ၏ မေးရိုးကျိုးတော့မည့်အလား ပို၍ပင် တင်းကြပ်စွာ ဆုပ်ကိုင်ထားတော့သည်။

"မင်းသမီး..."

သမက်တော်က အေးစက်စွာ ပြုံးလျက် ဆိုလိုက်သည်။

"မင်းက ကျစ်ကျစ်ရဲ့ နေရာကို ယူထားတာ သိပ်ကြာနေပြီ။ အခုတော့ ဒါကို သူမဆီ ပြန်ပေးရမယ့်အချိန် ရောက်ပြီ"

"ဘုန်း!"

တံခါးမှာ ကန်ဖွင့်ခံလိုက်ရသည်။

"ဘယ်သူ့ဆီ ပြန်ပေးရမှာလဲ"

ဒေါသများဖြင့် ပြည့်နှက်နေသော ဝိုင်အိုးတစ်လုံးမှာ လေထဲသို့ ပျံတက်လာပြီး သမက်တော်၏ နဖူးကို တည့်တည့် မှန်သွားတော့သည်။

"အား"

သမက်တော်သည် သူ၏ ခေါင်းကို အုပ်ထားလိုက်ရသည်။ ကြွေအိုး၏ ပြင်းထန်လှသော ထိချက်ကြောင့် ခေါင်း တစ်ခုလုံး မူးဝေသွားကာ နာကျင်မှုမှာလည်း ဦးရေပြားပေါ်သို့ ဓားဖြင့် အသာလေး လှီးဖြတ်နေသကဲ့သို့ စိမ့်ဝင် သွားတော့သည်။ ကြွေအိုးကွဲစများက သူ၏မျက်နှာကို ကုတ်ခြစ်သွားသဖြင့် အပ်စိုက်ခံရသကဲ့သို့ စူးရှသော နာကျင်မှု ကိုလည်း ခံစားလိုက်ရသည်။

သွေးစအနည်းငယ် ထွက်နေသော ဒဏ်ရာလေးများမှာ ပူစပ်ပူလောင် ဖြစ်လာတော့သည်။ သမက်တော်မှာ နာကျင်လွန်းသဖြင့် သူ၏ခေါင်းကို အုပ်ထားရမလား၊ မျက်နှာကို အုပ်ထားရမလားပင် မဝေခွဲနိုင်တော့ပေ။

မင်းသမီးမှာ ကြမ်းပြင်ပေါ်သို့ ခွေခနဲ လဲကျသွားပြီး လက်မောင်းနှစ်ဖက်လုံးမှာလည်း အားအင်ကုန်ခမ်းလျက် ဘေးသို့ကျနေတော့သည်။ သူမသည် အသက်ကို ပြင်းပြင်းရှူရင်း ရှေ့သို့ လျှောက်လှမ်းလာသော လူကို မော့ကြည့်လိုက်သည်။

“ခမည်းတော်”

သမက်တော်သည် မော့ကြည့်လိုက်ရာ အခန်းထဲသို့ ဝင်ရောက်လာသူမှာ သူ၏ ယောက္ခမတော်ဖြစ်သော ထျန်းထုန်း ဧကရာဇ်မင်းမြတ် ဖြစ်နေသည်ကို မှတ်မိသွားတော့သည်။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ အရှင်မင်းကြီး၏ နောက်ကွယ်တွင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ် ခြောက်ဦးစလုံး ရှိနေခြင်းပင်။ သူတို့အားလုံးသည် ပြုံးသည်လည်းမဟုတ်၊ လှောင်သည်လည်းမဟုတ်သော အမူအရာများဖြင့် သူ့ကို ဝိုင်းဝန်း ကြည့်ရှုနေကြသည်။

သူ၏ ခြေထောက်များမှာ... ချက်ချင်းပင် ခွေယိုင်သွားတော့သည်။

"အရှင် ... အရှင် ... အရှင်မင်းကြီး"

သမက်တော်မှာ သွားများတုန်ရီလျက် စကားများပင် ထစ်ကုန်ကာ မိမိမျက်စိကိုပင် မိမိ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

ဧကရာဇ်သည် အဘယ်ကြောင့် မြို့တော်အစွန်အဖျားသို့ ရုတ်တရက် ရောက်ရှိလာရသနည်း။ ၎င်းပြင် မင်းသမီး ဝမ်ရှို့ကို သူ ကွပ်မျက်တော့မည့်အချိန်နှင့် အဘယ်ကြောင့် ဤမျှ တိုက်ဆိုင်နေရသနည်း။

အရေးကြီးဆုံးအချက်မှာ သူသည် အဘယ်ကြောင့် အဆင့်မြင့်အရာရှိကြီးများစွာကို ခေါ်ဆောင်လာရသနည်း။ သမီးနှင့် သမက်ထံ အလည်သွားရာတွင် ဝန်ကြီးများကို အုပ်စုလိုက် ခေါ်သွားလေ့ရှိသလော။ သူ့ကို လက်ပူး လက်ကြပ် မိစေရန် ရည်ရွယ်ချက်ရှိရှိ လာရောက်ခြင်းလော။

ရှုရန်မြောင်သည် သမက်တော်၏ ပုံစံကို ကြည့်လိုက်မိသည်။

[ဒါက မင်းသမီးကို ကွပ်မျက်ဖို့အထိ ရဲတင်းနေတဲ့ သမက်တော်လား။ စုန့်နယ်စားကြီး လျိုရှန်းရဲ့ ဒုတိယသား လျိုယီ ပေါ့လေ။ ကဗျာ၊ ကမ္ပည်းစာနဲ့ ပန်းချီကားတွေမှာ နာမည်ကျော်ပြီး မဟာရှ မင်းဆက်ရဲ့ အတော်ဆုံး ပညာရှင်ကြီး တဲ့လား]

[ကြည့်ရတာတော့ လူကောင်း ပုံစံပါပဲ၊ ဒါပေမဲ့ သူက မင်းသမီးရဲ့ မျက်လုံးကို ဒဏ်ရာရအောင် လုပ်ခဲ့တာ၊ မင်းသမီး ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက်မှာ တမင်တကာ ကိုယ်လုပ်တော် ရှစ်ယောက်တောင် သိမ်းပိုက်ခဲ့တာ၊ ပြီးတော့ မင်းသမီးရဲ့ ရှေ့မှာတင် အဲ့ဒီမိန်းမတွေနဲ့ ပွေရှုပ်ပြခဲ့တာ အပြင် သူ့ညီအတွက် ရာထူးတောင်းပေးဖို့ မင်းသမီးကို အတင်း အကျပ် ခိုင်းစေခဲ့တာတွေ... ဒါတွေကို သူ ဘယ်လိုများ လုပ်ရဲရတာလဲ]

ရှုရန်မြောင်၏ အတွေးထဲမှ ထွက်ပေါ်လာသော သမက်တော်၏ ပြစ်မှုတစ်ခုချင်းစီမှာ ဧကရာဇ်အိုကြီး၏ အမျက်ဒေါသကို ပိုမိုကြီးထွားလာစေပြီး သူ၏ ရင်ထဲတွင် ဒေါသတကြီး ဟိန်းဟောက်နေသော သားရဲတစ်ကောင် ရှိနေသည့်အလား အသက်ရှူသံများမှာလည်း ပို၍ ပြင်းထန်လာတော့သည်။

နောက်ဆုံးတွင်မူ ထိုဒေါသများမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အမိန့်တော်အဖြစ် ပေါက်ကွဲ ထွက်လာတော့သည်။

"အစောင့်တွေ၊ ဒီကောင်ယုတ်ကို အပြင်ကို ဆွဲထုတ်ပြီး ခေါင်းဖြတ်သတ်စေ၊ သူ့အိမ်တော်ထဲမှာ ဒီအကြောင်းကို သိလျက်နဲ့ အစီရင်မခံဘဲ နေခဲ့တဲ့သူ မှန်သမျှကိုလည်း ကွပ်မျက်စေ။ သူ့ရဲ့ အစ်ကိုနဲ့ ညီတွေကိုလဲ ဒီပြစ်ဒဏ်မှာ အတူတူ အကျုံးဝင်စေရမယ်။ သူ့အဖေကိုတော့ ငါကိုယ်တော် အသက်ချမ်းသာပေးပြီး နယ်စပ်ကို စစ်မှုထမ်းဖို့ ပို့လိုက်မယ်။ ဒါ့အပြင် သူ့အဖေရဲ့ နယ်စားကြီး ဘွဲ့အာဏာကိုလည်း ပြန်လည်ရုပ်သိမ်းစေ၊ သူ့အမေရဲ့ ရာထူး ဂုဏ်ရှိန် တွေကိုလည်း အကုန်ချွတ်ပယ်ပြီး သာမန်အရပ်သူဘဝကို လျှော့ချစေ"

ဧကရာဇ်မင်းမြတ်သည် စုန့်နယ်စားကြီးအပေါ်တွင် ငဲ့ညှာမှုအချို့ ပြသနေခြင်းဖြစ်သည်၊ သို့မဟုတ်ပါက တစ်မိသားစုလုံးမှာ အမြစ်ပြတ် သုတ်သင်ခံရမည်မှာ အသေအချာပင်။

သို့သော် လျိုယီကမူ ထိုသို့မတွေးပေ။

အတော်ဆုံး ပညာရှင်ကြီးဟု အမည်ခံထားသူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ပင်ကိုယ် အရှိန်အဝါ အတိုင်း ခေါင်းကို မော့၊ ကိုယ်ကို မတ်၍ ရဲတင်းစွာပင် ဆိုလိုက်သည်။

"အရှင်မင်းကြီး ... ကျွန်တော်မျိုးရဲ့ ဇနီးသည်ကို ဆုံးမသွန်သင်တာက ဘယ်လိုပြစ်မှုမျိုး ကျူးလွန်လို့ ဒီလောက် ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ပေးရတာပါလဲ ဘုရား"

သူ၏ စကားလုံးများမှာ တည်ငြိမ်နေသော်လည်း အရှိန်အဟုန်ဖြင့် ခုန်နေသော နှလုံးခုန်သံ၊ နဖူးမှ စီးကျလာသော ချွေးစက်များနှင့် သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော ထိတ်လန့်တုန်လှုပ်မှု အနံ့အသက်များကမူ သူ၏ စိတ်အတွင်းမှ တင်းမာမှုများကို အတိုင်းသား ဖော်ပြနေတော့သည်။

ဧကရာဇ်အိုကြီးမှာ ခေတ္တမျှ ဆွံ့အသွားရပြီး ထူးဆန်းစွာ တုန်ရီနေသော အသံဖြင့် ပြန်မေးလိုက်သည်။

"မင်းရဲ့ ဇနီးကို ဆုံးမသွန်သင်တယ် ဟုတ်လား၊ မင်းက မင်းသမီးကို ဆုံးမသွန်သင်နေတာလို့ ပြောလိုက်တာလား"

လျိုယီသည် မင်းသမီး ဝမ်ရှို့ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ အပြစ်ပြောစရာမရှိသော မျက်နှာ ချောချော ကြီးမှာ သူမထံသို့ ဦးတည်သွားပြီး နှုတ်ခမ်းအစုံမှာလည်း အနည်းငယ် ကွေးညွှတ်သွားကာ ပြုံးယောင်သန်းနေ၏။

"မင်းသမီးက သက်သေခံပေးနိုင်ပါတယ်"

အားလုံး၏ အကြည့်မှာ မင်းသမီးထံသို့ ရောက်ရှိသွားတော့သည်။

သူမသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် အားအင်ချည့်နဲ့စွာဖြင့် စကားစလိုက်သည်။ သူမ၏ မေးရိုးများမှာ တင်းကျပ်နေသဖြင့် စကားပြောရန်ပင် အလွန်အားယူနေရပုံပေါ်သည်။

"ခမည်းတော်..."

ထိုစကားလုံးကို ပြောထွက်ရန် ကြိုးစားလိုက်ရသဖြင့် သူမ၏ မေးရိုးတွင် အညိုအမည်းစွဲသကဲ့သို့ နာကျင် သွားရသည်။ ထို့နောက် သူမက မျှော်လင့်မထားသော တောင်းပန်စကားကို ဆက်ပြောလိုက်သည်။

"ခမည်းတော်... ကျေးဇူးပြုပြီး အမိန့်တော်ကို ပြန်လည်ရုပ်သိမ်းပေးပါ။ ယီလေး ... ယီလေးက ခဏတာ ဒေါသထွက် သွားလို့ပါ။ သူ ကျွန်မကို တကယ် နာကျင်အောင် လုပ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး"

ဧကရာဇ်အိုကြီး : "..."

ဧကရာဇ်အိုကြီး : "ဟမ်"

လျိုယီကမူ အနည်းငယ် ပြုံးလိုက်သည်။ ထိုအပြုံးမှာ သူ၏ ယုံကြည်ချက်ပင် ဖြစ်သည်။

သူသည် မင်းသမီး၏ သူ့အပေါ်ထားရှိသော အချစ်ကို ကောင်းကောင်းသိသည်။ ထိုအချစ်ကိုပင် သူက ရွံရှာမိ နေသူဖြစ်သည်။

မင်းသမီး ဝမ်ရှို့သည်လည်း မိမိကိုယ်မိမိ အရှက်မရှိမှန်း သိသော်လည်း သူမသည် ယီလေးကို အမှန်တကယ် နာကျင်အောင် မလုပ်ရက်နိုင်ပါ။

ထို့ကြောင့် သူမသည် ဧကရာဇ်အိုကြီးကို ကြောက်ကြောက်လန့်လန့်ဖြင့် မော့ကြည့်လေသည်။

"ခမည်းတော်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

"မင်း စောင့်နေ၊ စောင့်နေ”

ဧကရာဇ်အိုကြီးသည် သူ၏ညာလက်ဖြင့် နဖူးကို တင်းကြပ်စွာ ဖိထားလိုက်ပြီး၊ စကားလုံးများကို လည်ချောင်းထဲမှ အနိုင်နိုင် ညှစ်ထုတ်၍ ဆိုလိုက်သည်။

"ဒီကောင်က မင်းရဲ့အခန်းထဲအထိ ကိုယ်လုပ်တော်တွေကို ခေါ်လာပြီး မင်းရှေ့မှာတင် အိပ်စက် ပျော်ပါးပြ နေတာတောင်၊ မင်းက သူ့အတွက် အသက်ချမ်းသာပေးဖို့ တောင်းပန်နေသေးတာလား"

အိပ်စက်ပျော်ပါးခြင်း ဟူသော စကားလုံးမှာ အလွန်ပင် ရိုင်းစိုင်းကြမ်းတမ်းလှသဖြင့် သမက်တော်မှာ အရှက်ရစွာဖြင့် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။

မင်းသမီး ဝမ်ရှို့မှာမူ မျက်နှာတစ်ပြင်လုံး ဖြူလျော့သွားပြီး အသံ တုန်ရီသွားသည်။

"ခမည်းတော်... ဒါတွေကို ဘယ်လိုလုပ် သိနေတာလဲ..."

သူမ သတိမထားမိလိုက်ဘဲ ကျင်းယီဝေ သူလျှိုများက သူမဘေးနားအထိ ထိုးဖောက် ဝင်ရောက်နေပြီလား။

ဧကရာဇ်ကမူ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်အလား နက်နဲသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။

မင်းသမီးတွင် ဘွဲ့အာဏာသာရှိပြီး အုပ်ချုပ်ရေးရာထူး မရှိပေ။ သမက်တော်တွင်လည်း အဆောင်အယောင် ရာထူး သာရှိပြီး အစိုးရ တံဆိပ်တော် မရှိသဖြင့် သူတို့နှစ်ဦးစလုံးမှာ ရှုရန်မြောင်၏ အတွေးများကို မကြားနိုင်ကြပေ။ လျိုယီ၏ ဖခင် စုန့်နယ်စားကြီးသာလျှင် ကြားနိုင်စွမ်း ရှိသော်လည်း သူကလည်း ထိုအကြောင်းကို သားဖြစ်သူအား ပြောပြမထားခဲ့ပေ။

အဓိကအချက်မှာ စုန့်နယ်စားကြီးကိုယ်တိုင်လည်း သူ၏သားဖြစ်သူမှာ မင်းသမီးနှင့် ဤကဲ့သို့ အရှုပ်တော်ပုံများ ရှိနေသည်ကို မသိရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ၊ အစိုးရတံဆိပ်တော်ကို ပိုင်ဆိုင်ထားသူဖြစ်ပါက ထိုသူ၏ အတွေးစများကို ကြားနိုင်စွမ်း ရှိပေသည်။

[မင်းသမီးက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်တာကို ခံနေရတာလား]

[မထူးဆန်းပါဘူး၊ သူမက ခဏခဏဆိုသလို အဆိပ်အတောက်ဖြစ်စေတဲ့ စကားလုံးတွေနဲ့ အစော်ကားခံနေရတာပဲ။ ဒီယုတ်မာတဲ့ သမက်တော်က တခြားမိန်းကလေးရဲ့ နေရာကို လုယူထားသူ ဆိုပြီး သူမကို ခဏခဏ အပြစ်တင် နေမှာပဲ၊ သူမကတော့ အရှက်သည်းပြီး ဘယ်သူ့ကိုမှ မပြောရဲရှာဘူး။ နန်းတွင်းထဲမှာပဲ အသံတိတ် ခံစားနေရပြီး၊ "ငါက ဒီလူယုတ်မာကို အရမ်းချစ်တာပဲ၊ သူ မရှိရင် ငါ မနေနိုင်ဘူး" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဖျောင်းဖျနေရတာ]

[မိုက်မဲတဲ့ လူယုတ်မာ၊ သူက သူများကျွေးတဲ့ ထမင်းကို စားနေပြီးတော့ တခြားမိန်းမတွေကိုပဲ မျက်စိကျနေတာ၊ တာဝန်မဲ့လွန်းတယ်။ သမက်တော်ရဲ့ လစာကို စားပြီး တော်ဝင်မျိုးနွယ်ရဲ့ အဆင့်အတန်းကို ခံစားနေပေမဲ့ မင်းသမီးကိုတော့ ကောင်းကောင်းမဆက်ဆံဘူး၊ သူမကို နှိမ်ချပြီး ဖိနှိပ်ထားတယ် ... တကယ့်ကို အမှိုက်ပဲ]

[နှမြောစရာကောင်းလိုက်တာ၊ မင်းသမီးကတော့ သူမကိုယ်သူမ တကယ်ပဲ ချစ်နေပြီး ဒီလူယုတ်မာမရှိရင် မနေနိုင်ဘူးလို့ ထင်နေတာ၊ ဒါပေမဲ့ သူမဟာ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်ခံနေရတယ်ဆိုတာကိုတော့ သတိမထား မိရှာဘူး။]

[တီ—]

Chapter 10 ကျစ် … လူတွေကို ချစ်အောင်၊ မုန်းအောင် လုပ်နိုင်တဲ့ ပါးစပ်ပဲ (၂)

[တီ—]

[တီ—]

ဧကရာဇ်အိုကြီးသည် ရှုရန်မြောင်အား အတွေးနက်နေသော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့် လိုက်သည်။

[ "ဒါ... ဒါက ဘာလဲ"]

*ဒါက ဘာကို ဆိုလိုတာပါလိမ့်*

သူသည် သမက်တော်အတွက် အသက်ချမ်းသာပေးရန် တောင်းပန်နေဆဲဖြစ်သော သမီးတော်ထံသို့ သူ၏ အေးစက်သော အကြည့်များကို ပြန်လည်ပို့လွှတ်လိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက်တွင် သူ၏ အတွေးထဲ၌ ရုတ်တရက် အကြံတစ်ခု ပေါ်လာတော့သည်။

"ဝမ်ရှို့"

မင်းသမီးသည် ခမည်းတော်၏ ခေါ်သံကို ကြားလိုက်ရသောအခါ မျက်ရည်များ ဝဲနေဆဲဖြစ်သော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။

ဧကရာဇ်သည် မတ်တပ်ရပ်လျက် သူမကို ငုံ့ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်လှိုင်းများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာစေသည်။

"ငါကိုယ်တော်က မင်းကို အခွန်ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီး ရာထူးကို ခန့်အပ်လိုက်တယ်။ မကြာခင် အဲ့ဒီဌာနကိုသွားပြီး မင်းရဲ့ တာဝန်တွေကို စတင်ထမ်းဆောင်တော့"

"ရှင်... ဘာပြောလိုက်တာလဲ"

မင်းသမီးမှာ အံ့အားသင့်လွန်းသဖြင့် ဆွံ့အသွားရတော့သည်။

"ဘယ်လို"

အခွန်ဘဏ္ဍာရေးဝန်ကြီးသည်လည်း အံ့အားသင့်လွန်းသဖြင့် ဆွံ့အသွားရတော့သည်။

ဝန်ကြီးချုပ်သော်က တစ်ခုခုပြောရန် ကြိုးစားလိုက်သည်။

"ဒါပေမဲ့..."

ဧကရာဇ်က သူ့ကို အကြည့်တစ်ချက်ဖြင့် ဟန့်တားလိုက်ရာ ဝန်ကြီးချုပ်မှာ ပြောစရာ စကားလုံးများစွာ ရှိနေ သော်လည်း ထပ်မံမပြောရဲတော့ချေ။ သူသည် မျက်မှောင်ကြုတ်လျက် မင်းသမီးကိုသာ စိုက်ကြည့်နေမိပြီး သူမအနေဖြင့် အခြေအနေကို နားလည်ကာ ဤရာထူး ကမ်းလှမ်းမှုကို မိမိဘာသာ ငြင်းပယ်လိမ့်မည်ဟုသာ မျှော်လင့် နေတော့သည်။

မင်းသမီးမှာမူ ခမည်းတော်က အဘယ်ကြောင့် ဤကဲ့သို့ စီစဉ်ရသည်ကို ကနဦးတွင် ဇဝေဇဝါဖြစ်နေသော်လည်း၊ သမက်တော်၏ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်ကို သတိပြုမိလိုက်သောအခါတွင်မူ သူမ ချက်ချင်းပင် နားလည်သွားခဲ့သည်။

မဟာရှ အင်ပါယာတွင် သမက်တော်ဟူသော ရာထူးမှာ အဆောင်အယောင် ဘွဲ့အာဏာသာ ဖြစ်ပြီး အမှန်တကယ် လုပ်ပိုင်ခွင့် တာဝန်များ မရှိပေ။ မည်မျှပင် အရည်အချင်းရှိစေကာမူ သမက်တော် ဖြစ်လာသည်နှင့် တစ်ပြိုင်နက် အစိုးရ အရာရှိ ရာထူး လက်ခံခြင်း သို့မဟုတ် နန်းတွင်းအရာရှိများနှင့် ဆက်ဆံခြင်းများကို တားမြစ်ထားသည်။ ထိုသို့ ပြုလုပ်သူများကို အုပ်စုဖွဲ့၍ ကိုယ်ကျိုးရှာမှုဖြင့် အရေးယူလေ့ရှိသည်။

လျိုယီသည် ဤစည်းမျဉ်းကို အမြဲတမ်း နာကျည်းနေခဲ့ပြီး ဤအကြောင်းကြောင့်ပင် သူမအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သူသည် နန်းတွင်းနှင့် အလှမ်းဝေးနေရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

*ငါသာ သူ့ကို သမက်တော်အဖြစ် အတင်းအကျပ် မလုပ်ခဲ့ဘူးဆိုရင် သူ နန်းတော်ထဲမှာ တောက်ပလာမယ့် ကြယ်တစ်ပွင့် ဖြစ်ပြီး အငယ်တန်းအရာရှိဘဝကနေ ခမည်းတော်ရဲ့ ယုံကြည်စိတ်ချရတဲ့ ဝန်ကြီးတစ်ယောက် ဖြစ်လာမှာ အသေအချာပဲ*

*ဒါတွေအားလုံး ငါ့အပြစ်တွေပဲ*

*ငါ သူ့အပေါ် အကြွေးတင်နေတာ*

*အခုတော့ သူက ခမည်းတော်ကို ဒေါသထွက်အောင် လုပ်မိလို့ ခမည်းတော်က သူ့ကို လှောင်ပြောင်တဲ့အနေနဲ့ ဒါကို အသုံးချ နေတာပဲ*

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မင်းသမီးက တိုးညှင်းစွာ ဆိုလိုက်သည်။

"ခမည်းတော်ရဲ့ အမိန့်တော်ကို နာခံပါ့မယ် ဘုရား"

သူမသည် သမက်တော်၏ ဒေါသတကြီးနှင့် နာကျည်းနေသော အကြည့်များကို ခံစားနေရသော်လည်း သူ့ဘက်သို့ ပြန်လှည့်ကြည့်ရန်ပင် မဝံ့ရဲရှာပေ။

*သမက်တော်...*

မင်းသမီးသည် သူမ၏ ရင်ထဲတွင် တိုးတိုးလေး ရေရွတ်နေမိသည်။

*ရှင် ကျွန်မကို မုန်းနေမှာပဲ မဟုတ်လား၊ ခမည်းတော်ကို ပျော်အောင် ထားနိုင်မှသာ ရှင့်ကို အသက်ချမ်းသာပေးဖို့ ကျွန်မ တောင်းဆိုလို့ ရမှာမို့လို့ပါ*

ဧကရာဇ်အိုကြီးကမူ အားရပါးရ ရယ်မောလိုက်ပြီး သူမ၏ခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။

"လိမ္မာတဲ့ ကလေးပဲ"

မင်းသမီးသည် အနိုင်နိုင် ပြုံးလိုက်ရရှာသည်။

ဧကရာဇ်က သူမ၏ခေါင်းကို နောက်တစ်ကြိမ် ပုတ်လိုက်ပြီး ကြင်နာစွာ ပြောလိုက်သည်။

"ယောက်ျားတွေနဲ့ ပတ်သက်ရင်တော့... ခမည်းတော် မင်းအတွက် ပိုကောင်းတဲ့လူတစ်ယောက် ရှာပေးပါ့မယ်..."

"မလုပ်ပါနဲ့ ခမည်းတော်၊ မဟုတ်ဘူး ... မဟုတ်ဘူး"

မင်းသမီးသည် ဧကရာဇ်၏ စကားကို ချက်ချင်းပင် ဖြတ်ပြောလိုက်ပြီး မျက်ရည်များကြားမှ ခေါင်းကို အတွင်တွင် ခါယမ်းနေတော့သည်။

"ခမည်းတော်၊ ကျေးဇူးပြုပြီး ကျွန်မ တောင်းပန်ပါတယ် ယီလေးက အပြစ်မရှိပါဘူး၊ ဒါတွေက ... ဒါတွေက ကျွန်မက သူ့ကို အတင်းအကျပ် ခိုင်းခဲ့လို့ပါ။ ကျွန်မကို လက်ထပ်ဖို့ သူ့ကို အတင်းအကျပ် ဖိအားပေးခဲ့တာပါ။ ကျွန်မသာ မရှိခဲ့ရင် သူက သူချစ်တဲ့လူနဲ့ အတူရှိနေမှာ။ ကျွန်မကိုယ်တိုင်ကပဲ ဇွတ်အတင်း..."

[ဪ... ဒါက တကယ့်ကို စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်ခံထားရတာပဲ]

အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး သူမ၏ စကားကို ဖြတ်လိုက်သည်။

မင်းသမီးသည် သူမ၏ မျက်နှာပေါ်ရှိ ထူးဆန်းသော အမူအရာ ပြောင်းလဲမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။

ထိုအသံမှာ ပိုးသားကဲ့သို့ နူးညံ့ချောမွေ့နေပြီး ညင်သာသော လေပြေလေးတစ်ခုအလား လေထုထဲတွင် ပျံ့လွင့် နေသည်။ စကားလုံး တစ်လုံးချင်းစီမှာလည်း ကြည်လင်သန့်စင်နေပြီး နားထောင်သူကို စွဲလန်းသွားစေကာ မေ့ပျောက် နိုင်စရာ မရှိပေ။

*ဒီလောက် သာယာတဲ့ အသံမျိုးက ဘယ်သူ့ဆီကပါလိမ့်*

မင်းသမီးသည် ရုပ်ချောသော ယောက်ျားများ၏ ပရိသတ်တစ်ယောက် ဖြစ်သည်၊ သို့မဟုတ်ပါက သမက်တော်ကို မြင်မြင်ချင်း စွဲလန်းခဲ့မည် မဟုတ်ပေ။

ထို့ကြောင့် သူမသည် ဘာမျှမစဉ်းစားဘဲ အလိုလိုပင် ထိုအသံပိုင်ရှင်ကို လိုက်လံရှာဖွေမိရာ ရုပ်ရည်ခန့်ညားသော လူကြီးပိုင်း ဝန်ကြီးများ၏ အနောက်တွင် ရပ်နေသည့် လူငယ်လေးတစ်ဦးထံသို့ သူမ၏ အကြည့်များ ရောက်ရှိ သွားတော့သည်။

သူ့ကို မြင်လိုက်ရသည့် ခဏတွင် သူမ၏ နှလုံးသားမှာ တခြားတစ်ယောက်ဆီ၌ ရှိနေသော်လည်း မင်းသမီးသည် ခေတ္တမျှ မှင်တက်သွားရပြီး သူမ၏ အကြည့်ကို အလိုလိုပင် လွှဲဖယ်လိုက်မိသည်။ သူ့၏ အလွန်တရာ လှပလွန်းသော ရုပ်ရည်ကို တည့်တည့်စိုက်ကြည့်ရန်ပင် ရှက်သွေးဖြာနေမိတော့သည်။

ထိုအခိုက်အတန့်တွင် ဘာအကြောင်းအရာမှ အရေးမကြီးတော့ပေ။ သူမ ချစ်လှပါပေ့ဆိုသော သမက်တော် အကြောင်း၊ ခွင့်လွှတ်ပေးရန် တောင်းပန်မှုများ။ အားလုံး ပျောက်ကွယ်သွားတော့သည်။ သူမ၏ စိတ်ထဲ တွေးနေမိသည်မှာ။

*ယောက်ျားတစ်ယောက်က ဒီလောက်အထိ ချောမောနေနိုင်တာလား၊ သူ့နဲ့ ယှဉ်လိုက်ရင် သမက်တော်က ပျင်းစရာကောင်းတဲ့ လူတစ်ယောက်လိုပဲ*

ထို့နောက်တွင် မင်းသမီးသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။

*ဒီလူက ... စကားပြောနေတဲ့အချိန်မှာ သူ့ရဲ့နှုတ်ခမ်းတွေက လှုပ်ရှားနေပုံမရပါလား*

မင်းသမီးသည် ပို၍သေချာအောင် စိုက်ကြည့်လိုက်သည်။ နေရောင်အောက်တွင် အလွန်တရာလှပလှသော သူ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ်မျှပင် လှုပ်ရှားခြင်း မရှိသော်လည်း၊ ပျိုမြစ်နုနယ်သော ထိုအသံမှာမူ သူမ၏နားထဲသို့ တိုးဝင် လာဆဲပင်။

[မင်္ဂလာမဆောင်ခင် တုန်းကတော့ မင်းသမီးက အာဏာပြလွန်းလို့ မငြင်းရဲပါဘူး ဆိုပြီး မင်္ဂလာဆောင် ပြီးတဲ့အခါ ကျတော့ ဘာလို့သူက မကြောက်တော့တာလဲ၊ မင်းသမီးကို နှိပ်စက်တယ်၊ မတရား ဆက်ဆံတယ်။ ဒီ ရက်စက်တဲ့မိန်းမက ဧကရာဇ်အိုကြီးဆီမှာ အားကိုးရှာမှာကို သူ မစိုးရိမ်ဘူးလား]

*ဒါက... ဝမ်းဗိုက်ထဲက အသံထုတ်တဲ့ ပညာလား*

*သူ ဘာတွေ ပြောနေတာလဲ*

မင်းသမီးသည် မျက်လုံးအစုံ ဝိုင်းစက်သွားပြီး သမက်တော်ဘက်မှ ခုခံကာကွယ်ရန် ပြန်လည် ပြောဆိုတော့မည့် အချိန်တွင် သူမ၏ ပခုံးပေါ်သို့ ခမည်းတော်၏ လက်တစ်ဖက် ရောက်ရှိလာသဖြင့် တုံ့ခနဲ ဖြစ်သွားရသည်။

သူမ လှည့်ကြည့်လိုက်သောအခါ ဧကရာဇ်သည် သူ၏အသံကို နှိမ့်၍ နှေးသော်လည်း ပြတ်သားစွာ ပြောလိုက်သည်။

"နားထောင်စမ်း"

*ချစ်ဖို့လဲ ကောင်းသလို မုန်းဖို့လည်းကောင်းလှသော ရှုရန်မြောင်၏ ပါးစပ်က ဘာတွေပြောနေသလဲဆိုတာကို သေချာ နားထောင်စမ်း*

ဧကရာဇ်သည် သူ၏ရင်ထဲတွင် အလွန်ပင် ကျေနပ်အားရနေတော့သည်။

ရှုရန်မြောင်က သူ့ကို ဝေဖန်တုန်းကဆိုလျှင် အဝေးကို ဆွဲထုတ်ပြီး ကွပ်မျက်ပစ်ချင်လောက်အောင် ဒေါသထွက်ခဲ့ရ သော်လည်း ယခုကဲ့သို့ တခြားသူများကို ဝေဖန်နေသည်ကို ကြားရသည့်အခါတွင်မူ သူသည် အလွန်ပင် ပျော်ရွှင်နေမိသည်။

[အတင်းအကျပ် ခိုင်းစေခံရတာပါ ဆိုပြီး လူမှုဗဟုသုတ မရှိတဲ့သူတွေကို လိမ်ညာနေတာပဲ။ တကယ်ပဲ အတင်းအကျပ် ခိုင်းခံရလို့ တော်ဝင်အာဏာကို ကြောက်ရပါတယ်ဆိုရင် မင်္ဂလာဆောင်ပြီးတဲ့နောက်မှာ ဘာလို့ စိတ်ထင်တိုင်း သောင်းကျန်းပြီး ကိုယ်လုပ်တော်တွေ ယူနေရတာလဲ၊ တကယ်လို့ ကိုယ်လုပ်တော် ယူချင်တယ် ဆိုရင်တောင် ဧကရာဇ်အိုကြီး နတ်ရွာစံတဲ့အထိ စောင့်သင့်တာ မဟုတ်ဘူးလား]

ဧကရာဇ် : "..."

မင်းသမီး : "..."

မင်းသမီးသည် ခမည်းတော်ကို အလေးအနက် စိုက်ကြည့်လိုက်ပြီး သူမ၏မျက်ဝန်းများဖြင့် မေးခွန်းထုတ် နေသည်။

*ခမည်းတော်... ဒါက သမီးကို နားထောင်စေချင်တဲ့ အရာလား၊ ခမည်းတော် နတ်ရွာစံမယ့်အကြောင်းကို ဒီလိုမျိုး ပြောနေတာကို ခမည်းတော်က သဘောကျနေတာလား*

All Chapters