Chapter 11 - 12
Vol. 1 Ch. 11 - 12
Chapter 11 အမလေး၊ အရှင်မင်းကြီးရဲ့ မေးခွန်းက သမက်တော် ဖြေဖို့အတွက် အရမ်း များလွန်းနေတယ် (၁)
ဧကရာဇ်အိုကြီးသည် စိတ်ပျက်လက်ပျက်ဖြင့် အံကြိတ်နေမိတော့သည်။
*ဒီကောင်စုတ်လေးကတော့... ငါ့စိတ်ထဲရှိတာကို ပြောနေရတာပဲဆိုပြီး ဘာမဆို လျှောက်ပြောရဲနေတာပဲ*
အခြားဝန်ကြီးများ - "..."
သူတို့သည် ဘာမှမကြားမိသယောင် ဆောင်ကာ မျက်နှာကို ငုံ့ထားရင်း ကိုယ့်နှလုံးသားကိုယ်သာ ပြန်လည် ဆန်းစစ် နေကြတော့သည်။
ဝန်ကြီးချုပ်သော်သည် မင်းသမီး ဝမ်ရှို့ကို ခိုးကြည့်လိုက်ရာ သူမသည် တိတ်ဆိတ်နေသော်လည်း၊ သူမ၏ မျက်နှာပေါ်ရှိ စဉ်းစားဆင်ခြင်နေသော အမူအရာမှာ ရှုရန်မြောင်၏ စကားများကို အလေးအနက် ထည့်သွင်း စဉ်းစားနေကြောင်း ထင်ရှားနေသည်။
"..."
*ဪ... ဒါကြောင့်မို့လို့ အရှင်မင်းကြီးက မင်းသမီးကို ရာထူးပေးခဲ့တာကိုး*
*ရှုရန်မြောင်ကို သုံးပြီး သူမကို အိပ်မက်ထဲက နိုးထစေချင်တာလား*
ဝန်ကြီးချုပ်သော်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခံစားလိုက်မိသည်။
*တကယ့်ကို ကောင်းမွန်တဲ့ အစီအစဉ်ပဲ*
ရန်မြောင်၏ ပွင့်လင်းလွန်းသော စကားလုံးမျိုးကို အခြားသူများက နားလည်နေလျှင် တောင်မှ မင်းသမီးကို နားဝင်အောင် ပြောပြရဲမည် မဟုတ်ပေ။ ရှုရန်မြောင် တစ်ဦးတည်းသာ ဤကဲ့သို့ ပြောရဲသည် မဟုတ်ပါလား။
[ပြီးတော့ မင်းသမီးကလဲ တကယ့်ကို ရိုးအလွန်းတာပဲ။ စုန့်နယ်စားကြီးဆိုတာ နိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ နယ်စားကြီး၊ ဧကရာဇ်ရဲ့ လက်ရုံးတစ်ဆူပဲ။ မင်းသမီးနဲ့ လက်ထပ်ဖို့အတွက်ဆိုပြီး နယ်စားကြီးရဲ့ သားကို တောက်ပတဲ့ အနာဂတ်တွေကို လက်လျှော့ဖို့ ဖိအားပေးရအောင် ဧကရာဇ် ရူးနေမှပဲ ရမယ်၊ မိတ်ဖွဲ့တာမဟုတ်ဘူး၊ ရန်သူ ဖြစ်အောင် လုပ်တာပဲ။]
[တကယ်လို့ သမက်တော်ကသာ လက်မခံနိုင်လောက်အောင် ခေါင်းမာနေမယ်ဆိုရင် ကရာဇ်အိုကြီးက သူ့ကို လက်ဆောင်တွေပေးပြီး ချော့မှာပေါ့၊ ပြီးတော့ စုန့်နယ်စားကြီးကိုလဲ ဒါက သူတို့ရဲ့ သစ္စာရှိတဲ့ ဆက်ဆံရေးကို မထိခိုက်စေပါဘူးလို့ အာမခံမှာပဲ]
[သူ သဘောတူမှသာ ဧကရာဇ်က ဒီလက်ထပ်ပွဲကို ခွင့်ပြုမှာပေါ့]
ဧကရာဇ်အိုကြီး၏ မျက်နှာမှာ ရုတ်တရက် ဝင်းလက်သွားသည်။
မှန်ပေသည်။ သူသည် စုန့်နယ်စားကြီးကို သေချာစွာ မေးမြန်းခဲ့ပြီးဖြစ်ကာ၊ မင်းသမီးကို ငြင်းပယ်ခြင်း သို့မဟုတ် တခြား ချစ်သူရှိသည် ဟူသော ပြောကြားချက်မျိုး မရှိခဲ့ပေ။ ထို့ကြောင့်သာ သူက လက်ထပ်ရန် အမိန့်တော် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သမီးတော်တစ်ဦးအတွက်နှင့် မိမိ၏ အရေးပါသော ဝန်ကြီးများနှင့် တင်းမာမှု ဖြစ်အောင် လုပ်လောက်သည်အထိ သူ မမိုက်မဲပေ။
မင်းသမီး ဝမ်ရှို့မှာ မှင်တက်သွားပြီးနောက် ခမည်းတော်ကို လှည့်ကြည့်လိုက်သည်။ ခမည်းတော်အပေါ် ထားရှိသော သူမ၏ ယုံကြည်မှုကြောင့် ရှုရန်မြောင်၏ စကားများကို တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံလိုက်မိသည်။
ခမည်းတော် လောကကြီးကို သိမ်းပိုက်စဉ်အချိန်က ကာလတစ်ခုအထိ သားတော် တစ်ဦးတည်းသာ ရှိခဲ့သည်၊ ၎င်းမှာ ယခုလက်ရှိ အိမ်ရှေ့စံမင်းသားပင် ဖြစ်သည်။ အိမ်ရှေ့စံမှာ ငယ်ရွယ်စဉ်က အတွေ့အကြုံမရှိဘဲ စစ်တိုက် ထွက်ခဲ့ရာ၊ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး သူ့ကို ကယ်တင်ရန် ကြိုးစားရင်း စစ်သူကြီး သုံးဦးမှာ ဒဏ်ရာရကာ သေဆုံးခဲ့ရသည်။ ထိုစဉ်က ခမည်းတော်မှာ အလွန်ဒေါသထွက်ပြီး အိမ်ရှေ့စံကို သတ်ရန်ပင် ကြိုးစားခဲ့ဖူးသည်။ အိမ်ရှေ့စံမှာ သေဘေးမှ လွတ်ခဲ့သော်လည်း ခြေထောက်တစ်ဖက်မှာ မသန်စွမ်းဖြစ်သွားခဲ့ရပြီး ယနေ့တိုင် ထော့နဲ့ ထော့နဲ့ ဖြစ်နေရရှာသည်။
*ဒါဆိုရင်...*
မင်းသမီး ဝမ်ရှို့သည် ရုတ်တရက် သဘောပေါက်သွားသည်။
သူမအနေဖြင့် စုန့်နယ်စားကြီး၏ ဒုတိယသားကို ဘာများ အတင်းအကျပ် လုပ်နိုင်မှာလဲ။ သူမ၏ အဆင့်အတန်းက အိမ်ရှေ့စံ မင်းသားထက်တောင် ပိုသာလို့လား။
သူမ၏ အတွေးများမှာ လွန်ခဲ့သော ၈ နှစ်၊ သမက်တော်ကို လက်ထပ်ရန် သူမကိုယ်တိုင် တောင်းဆိုခဲ့သည့် အချိန်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
ရှစ်နှစ်ခန့်က... တာ့ပေါင်ဆောင် အတွင်းရှိ ရှေးဟောင်းပစ္စည်းစင်များ ဘေးတွင်ဖြစ်သည်၊ ထိုစဉ်က သူမမှာ အသက် ၁၆ နှစ်သာ ရှိသေးသည်။ ယောက်ျားလေးဝတ်စုံ ဝတ်ဆင်၍ နန်းတော်မှ ခိုးထွက်လာခဲ့ပြီး၊ ထိုစဉ်က အိမ်ထောင် မရှိသေးသော စုန့်နယ်စားကြီး၏ ဒုတိယသားကို ထောင့်တစ်နေရာတွင် ပိတ်ဆို့လိုက်သည်။
"ရှင်... ကျွန်မကို လက်ထပ်မလား"
ထိုမတိုင်မီက သူတို့နှစ်ဦးမှာ နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဆုံတွေ့ခဲ့ဖူးပြီး စကားပြောဖူးကြသည်။ သူသည် သူမအပေါ် စိတ်ဝင်စားမှု ရှိသည်ဟု မင်းသမီးက ထင်ခဲ့သည်။ သို့သော် သူ၏ မျက်ဝန်းထဲမှ ရွံရှာမှုများကို သူမ မမြင်ခဲ့ဘဲ၊ သူ၏ အေးစက်သော "ကျွန်တော်မျိုး အလိုရှိပါတယ်" ဟူသော စကားကိုသာ ကြားခဲ့ရသဖြင့် ဝမ်းသာအားရဖြင့် ခမည်းတော်ထံ လက်ထပ်ခွင့် တောင်းခဲ့ခြင်း ဖြစ်သည်။
မင်္ဂလာဆောင်ပြီးနောက်တွင် သမက်တော်မှာ အမြဲတမ်း အေးစက်နေခဲ့သည်။ မင်းသမီးသည် စိတ်နာကျင် ရသော်လည်း သူမ တောင်းဆိုခဲ့စဉ်က သူမ၏ အမူအရာနှင့် ချဉ်းကပ်ပုံကြောင့် သူ ဖိအားများ ခံစားခဲ့ရ သလားဟုသာ ပြန်လည်သုံးသပ်နေမိခဲ့သည်။
*ဒါပေမဲ့ ... အဲ့ဒါက အမှန်တရား မဟုတ်ခဲ့ဘူးဆိုရင်ကော*
ရှုပ်ထွေးလှသော ခံစားချက်များဖြင့် မင်းသမီးသည် ရှုရန်မြောင်ကို ကြည့်လိုက်သည်။
*ဒီလူက ငါ့အတွက် အဖြေတစ်ခု ပေးနိုင်မှာလား*
ရှုရန်မြောင်သည် တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအတိတ်ဇာတ်ကြောင်းကို ကြည့်ရှုပြီးသွားပြီ ဖြစ်သည်။
ထို့နောက်တွင် သူသည် သရော်လှောင်ပြောင်သော မှတ်ချက်တစ်ခုကို မတွေးဘဲ မနေနိုင်တော့ပေ။
[ဪ ... တော်လိုက်တာ။ သူက ကိုယ်တိုင်လဲ အစပျိုးတာ မဟုတ်ဘူး၊ ငြင်းတာလဲ မဟုတ်ဘူး၊ တာဝန်ယူဖို့ ဆိုရင်တော့ ဝေးသေး။ ဒီသမက်တော်ကတော့ ဝေခွဲမရဖြစ်အောင် လုပ်တဲ့အတတ်ပညာကို အပိုင်ရထားတာပဲ]
[မင်းသမီးက ဧကရာဇ်ဆီမှာ တိုက်ရိုက် လက်ထပ်ခွင့်တောင်းခဲ့တာလို့ ငါ ထင်နေတာ။ အခုတော့ သူမက သမက်တော်ကို အရင်တောင် ခွင့်တောင်းခဲ့သေးတာပဲ၊ စိတ်ထဲမှာတော့ နာကျည်းနေပြီး အပြင်ပန်းမှာတော့ "ရပါတယ်၊ ပြဿနာမရှိပါဘူး" လို့ ပြောပြီး လူတွေကို သူပျော်နေသယောင် ထင်အောင်လုပ်တတ်တဲ့ လူစားမျိုးကို ငါ တကယ်မုန်းတာပဲ။ နောက်ကျမှ ပြဿနာရှာပြီး တစ်ဖက်လူကို "ငါ့မှာပဲ အမှားရှိနေတာလား" လို့ တွေးမိအောင် လုပ်တဲ့သူမျိုး...]
[သူက ဘာကောင်မို့လို့လဲ]
ဝန်ကြီးချုပ်သော်သည် အားရပါးရ နားထောင်နေရင်း သူ၏ အကြည့်ကို သမက်တော်ထံသို့ သွယ်ဝိုက်၍ ပို့လွှတ်ကာ စိတ်ထဲမှ မြှောက်ပင့်ပေးနေမိသည်။
*ထပ်ဆဲစမ်း အများကြီး ထပ်ဆဲလိုက်စမ်း*
ရှုရန်မြောင်သည် မည်သူ၏ အတွေးကိုမျှ မကြားနိုင်သော်လည်း ဝန်ကြီးချုပ်သော်ကမူ လူသိရှင်ကြားပင် သူ့ကို အားပေး နေမိတော့သည်။
သမက်တော်၏ လုပ်ရပ်များမှာ မင်းသားတစ်ပါးနှင့် ပတ်သက်သော ကိစ္စတစ်ခုကို ပြန်လည် သတိရစေသဖြင့် ဝန်ကြီးချုပ်မှာ တစ်ကျော့ပြန် ဒေါသထွက်နေရသည်။
မင်းသမီး ဝမ်ရှို့သည်လည်း အသက်ရှူရ ခက်ခဲနေပြီး လွန်ခဲ့သော ၈ နှစ်လုံးလုံး သူမ ယုံကြည်ခဲ့သမျှ အရာ အားလုံးမှာ ပြောင်းပြန် ဖြစ်ကုန်သကဲ့သို့ ခံစားနေရသည်။
*ဒါဆို... ဒါက သူမအပြစ် မဟုတ်ဘူးပေါ့*
သူမ စကား မပြောသော်လည်း သူမ၏ ကြောင်အမ်းနေသော ပုံစံမှာ သမက်တော်အား ထိတ်လန့်သွားစေသည်။
အခန်းထဲရှိ မည်သူကမျှ သူ့ကို တိုက်ရိုက် အပြစ်မဆိုကြ သော်လည်း သူ၏ နှလုံးသားထဲသို့ စိမ့်ဝင်လာသော အေးစက်မှုက သူ့ကို ထိတ်လန့်စေပြီး ရေခဲလှိုဏ်ဂူထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
တစ်စုံတစ်ခု ပြောင်းလဲသွားသကဲ့သို့ ခံစားရလေသည်။ သမက်တော်မှာ ယခင်ကကဲ့သို့ ယုံကြည်မှု မရှိတော့ပေ။ သူသည် သည်းမခံနိုင်တော့ဘဲ အားနည်းစွာ ခေါ်လိုက်သည်။
"မင်းသမီး..."
ထို့နောက် ငြိမ်ကျသွားသည်။ သူသည် သူမ၏ အမည်ကိုသာ ခေါ်ပြီး ဝါးပင် တစ်ပင်ကဲ့သို့ ကျောကို မတ်နေအောင် ရဲတင်းစွာ ရပ်နေဆဲပင်။
မင်းသမီးသည် သူ၏ ထိုကဲ့သို့ ခေါင်းမာမှုကို အလွန်နှစ်သက်ခဲ့သူဖြစ်သည်။ ထိုအမူအရာက သူမ၏ နှလုံးသားကို ဆွဲကိုင်လိုက်သဖြင့် သူမ၏ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိသည်။ နောက်တစ်စက္ကန့်တွင်မူ
"ခမည်းတော်"
မင်းသမီးက တိုးတိတ်စွာ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူသာ သမက်တော် ဖြစ်မလာခဲ့ရင် သူက အစိုးရအဖွဲ့ထဲမှာ ကောင်းမွန်တဲ့ ရာထူးတစ်ခု ရနိုင်မှာပါ။ ကျွန်မကပဲ သူ့ဘဝကို ဖျက်ဆီးခဲ့တာ..."
"မင်းက ဒီတိရစ္ဆာန်အတွက် တောင်းပန်နေတုန်းပဲလား"
"ဟုတ်ကဲ့..."
ဧကရာဇ်အိုကြီးမှာ အလွန်အမင်း ဒေါသထွက်သွားသဖြင့် ရှုရန်မြောင်ကိုသာ လှည့်ကြည့်လိုက်တော့သည်။
Chapter 12 အမလေး၊ အရှင်မင်းကြီးရဲ့ မေးခွန်းက သမက်တော် ဖြေဖို့အတွက် အရမ်း များလွန်းနေတယ် (၂)
*ကဲ... ဆက်ပြောစမ်းပါဦး*
ရှုရန်မြောင်မှာမူ ဧကရာဇ်၏ စိုက်ကြည့်မှုကို ခံရသဖြင့် ဇဝေဇဝါ ဖြစ်သွားရသည်။ သူသည် နိုင်ငံရေး အတွေ့အကြုံ မရှိသူပီပီ အခြေအနေကို မိမိဘာသာ ခန့်မှန်းကြည့်မိတော့သည်။
[ဧကရာဇ်အိုကြီးက သိက္ခာကို ငဲ့နေတာနေမှာ။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို အပြင်ကို မပေါက်ကြားစေချင်ဘူး။ ဒါပေမဲ့ ဒီလို အဆင့်မြင့်အရာရှိကြီးတွေကို သတ်ပစ်ဖို့ကလည်း မဖြစ်နိုင်ဘူးဆိုတော့ တခြားသူတွေကို သတိပေးတဲ့ အနေနဲ့ ငါ့လို အရာရှိငယ်လေးကိုပဲ သတ်ပစ်ဖို့ ကြံနေတာလား]
အဆင့်မြင့် အရာရှိကြီးများ : "..."
*အဆင့်ကိုး အရာရှိလေးတစ်ယောက်ကို သတ်တာက တခြားသူတွေကို သတိပေးရာ ရောက်ပါ့မလားကွာ*
ဧကရာဇ်အိုကြီးမှာ ဒေါသထွက်လွန်းသဖြင့် နောက်သို့ပင် လန်ကျတော့မလို ဖြစ်သွားရသည်။ သူသည် ရှုရန်မြောင်၏ နဖူးကို လက်ညှိုးဖြင့် ထိုးကာ ပြောချင်စိတ်များ တဖွားဖွား ပေါ်လာတော့သည်။
*ဒီလို နိုင်ငံရေးကိစ္စတွေကို လျှောက်မတွေးစမ်းနဲ့။ မင်းရဲ့ အကွက်တွေနဲ့ဆိုရင် ညီလာခံထဲမှာ သုံးရက်တောင် ခံမှာမဟုတ်ဘူး*
ဒေါသကို အနိုင်နိုင်ထိန်းရင်း ဧကရာဇ်သည် ဘာမှမဖြစ်သယောင် ဟန်ဆောင်ကာ အခြားတစ်ဖက်သို့ အေးအေး ဆေးဆေးပင် လှည့်ကြည့်လိုက်တော့သည်။
[ဟင်၊ ဝန်ကြီးချုပ်ကို ထပ်ကြည့်ပြန်ပြီလား၊ စောစောကလဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ လှမ်းကြည့်မိတာ ဖြစ်မှာပါ]
ဧကရာဇ်သည် မျက်နှာကို တည်ငြိမ်အောင် ထားလိုက်သော်လည်း စိတ်ထဲတွင်မူ မသက်မသာ ဖြစ်နေဆဲပင်။
ကြီးမြတ်လှသော ဧကရာဇ်တစ်ပါးဖြစ်ပါလျက်နှင့် အရာရှိငယ်လေးတစ်ဦး၏ အတွေးများကြောင့် ယခုကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်နေရသည် မဟုတ်ပါလား။
သို့သော် သူသည် ရှုရန်မြောင်ကို တကယ်တမ်း သတ်ပစ်ရန် စိတ်မကူးနိုင်သေးချေ။
ရှုရန်မြောင်သည် သေသွားနိုင်သော်လည်း သူ့ကို သခင်အဖြစ် သတ်မှတ်ထားသည့် စနစ်ဟူသော နတ်ဘုရား လက်နက်ကသာ ကလဲ့စားချေခဲ့လျှင် မဟာရှ မင်းဆက်အတွက် ကပ်ဘေးကြီး ဆိုက်ရောက်နိုင်သည် မဟုတ်ပါလား။
သို့မဟုတ် ရှုရန်မြောင်က အသက်ဘေးမှ လွတ်မြောက်သွားပြီး ထိုလက်နက်ကို အသုံးချကာ နန်းတွင်း လျှို့ဝှက်ချက်များကို လိုက်လံဖြန့်ဝေခဲ့လျှင် တော်ဝင်မိသားစုမှာ လူရယ်စရာ ဖြစ်ရချေတော့မည်။
သူ မခံစားနိုင်သော အခြားသော အကျိုးဆက်များလည်း ရှိနေနိုင်သေးသည်။
ထို့ကြောင့် ယခုလက်ရှိ အခြေအနေအတိုင်း ထိန်းထားခြင်းကသာ ပို၍ကောင်းပေလိမ့်မည်။ ရှုရန်မြောင်၏ အတွေးများက သူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော်လည်း တစ်ဖက်တွင်လည်း ထိုအတွေးများကပင် သူတို့အတွက် များစွာသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးသည် မဟုတ်ပါလား။
ဧကရာဇ်အိုကြီးသည် မိမိကိုယ်မိမိ တိတ်တဆိတ် ဖျောင်းဖျလိုက်ပြီး ဟမ့်ခနဲ တစ်ချက် ခနဲ့သံပေးပြီး မိမိကိုယ်ကို သဘောထား ကြီးသော ဧကရာဇ်တစ်ပါးအဖြစ် သတ်မှတ်လျက် ဤမျိုးဆက်သစ်လူငယ်လေးနှင့် အာရုံနောက် မခံရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူက သက်ပြင်းတစ်ချက်ချရင်း တွေးလိုက်မိသည်။
*ရှုရန်မြောင်က သမက်တော်ကို ဆက်ပြီး ပစ်မှတ်ထားနေဦးမလားပဲ။ ငါ့သမီးရဲ့ ရိုးအလွန်းတဲ့ ဦးနှောက်ကိုတော့ သူကပဲ လှုပ်နှိုးပေးဖို့ တကယ်ကို လိုအပ်နေတာ*
အမှန်တကယ်ပင် ရှုရန်မြောင်သည် သမက်တော်အပေါ် ဆက်လက်စိတ်ဝင်စားနေဆဲဖြစ်သည်။
[ကြီးမားတဲ့ အလားအလာရှိတယ် ဟုတ်လား]
ထိုသို့ သံသယဖြင့် မြင့်တက်သွားသော အတွေးသံကြောင့် မင်းသမီးဝမ်ရှို့၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။ သူမသည် တစ်စုံတစ်ဦးကို ယခုမျှလောက်အထိ တစ်ခါဖူးမျှ မကြောက်ရွံ့ခဲ့ဖူးပေ။
သူမသည် အသံကိုမြှင့်၍ အော်ဟစ်မေးမြန်းလိုက်ချင်စိတ် ပေါ်လာတော့သည်။
*ရှင်က ဒီလိုစကားလုံး အလှအပတွေနဲ့ ဘာတွေကို ပြောချင်နေတာလဲ*
ဧကရာဇ်အိုကြီးမှာမူ အလွန်အမင်း ဝမ်းသာအားရဖြစ်နေသည်ကို ဖုံးကွယ်ထားရန် ကြိုးစားနေသော်လည်း၊ သူ၏ နှုတ်ခမ်း ထောင့်စွန်းများမှာမူ အလိုလိုပင် ကွေးညွှတ်၍ ပြုံးချင်နေတော့သည်။
ရှုရန်မြောင်၏ အတွေးသံမှာ ဇဝေဇဝါဖြစ်နေပုံပေါ်သည်။
[စာရေးတာ၊ ပန်းချီဆွဲတာနဲ့ ကဗျာစပ်တာ တော်ရုံနဲ့ပဲ နိုင်ငံရေးလောကမှာ တကယ်ပဲ အောင်မြင်မှု ရနိုင်ပါ့မလား]
[ပြီးတော့ သမက်တော် ဖြစ်လာတာက သူ့ကို အရာရှိလောကထဲ ဝင်ခွင့်မပေးတာ မှန်ပေမဲ့ သူ စာတမ်းတွေ ရေးတာ ဒါမှမဟုတ် နိုင်ငံတော် မူဝါဒတွေကို ဆွေးနွေးတာကိုတော့ တားမြစ်ထားတာ မဟုတ်ဘူးလေ။ တကယ်လို့ သူ့မှာသာ နိုင်ငံရေးပါရမီ ရှိခဲ့မယ်ဆိုရင် သမက်တော်ဆိုတဲ့ ရာထူးက ဧကရာဇ်နဲ့ ပိုပြီး နီးကပ်ခွင့်ရနေတာပဲ မဟုတ်လား။ သူ့ရဲ့ အကြံဉာဏ်တွေကို တိုက်ရိုက်တင်ပြဖို့ အခွင့်အရေး ပိုတောင် ရသေးတယ်]
[ဒါဆိုရင် တစ်ခုခုတော့ ထူးဆန်းနေပြီနော်။ ဒီနှစ်တွေ အတောအတွင်းမှာ သူဟာ အသုံးဝင်တဲ့ နိုင်ငံတော်မူဝါဒ တစ်ခုကိုမှ မတင်ပြနိုင်ခဲ့ဘူး။ ဘာဖြစ်လို့ သူက သမက်တော် မဟုတ်မှသာ အလိုလိုနေရင်း အောင်မြင်မှုတွေ ရလာ လိမ့်မယ်လို့ ထင်နေရတာလဲ]
"ဟား"
ဧကရာဇ်အိုကြီးသည် မိမိကိုယ်မိမိ မရယ်မိစေရန် အားတင်းထားသော်လည်း နောက်ဆုံးတွင်မူ မအောင့်နိုင်တော့ဘဲ ရယ်ချလိုက်မိတော့သည်။
*ဒီ ရှုမျိုးနွယ်က ကောင်လေးကတော့...*
မင်းသမီး ဝမ်ရှို့မှာမူ သူမ၏ နီမြန်းသော နှုတ်ခမ်းအစုံကို ပို၍ပင် တင်းတင်းစေ့ထားမိသည်။
သူမသည် တုံ့ပြန်ချေပရန် အချက်အလက်များကို အသည်းအသန် ရှာဖွေနေမိသော်လည်း ရှာလေလေ စိတ်မသက် မသာ ဖြစ်ရလေလေပင်။
သူမ ဘာမှပြန်မပြောနိုင်ပါ။ သမက်တော်သည် ဤနှစ်များအတွင်း မည်သည့် မူဝါဒတစ်ခုကိုမျှ အဆိုပြုခဲ့ခြင်း မရှိခဲ့ချေ။
သူသည် အမြဲတမ်း သူငယ်ချင်းများနှင့်အတူ ရှုခင်းကြည့်ခြင်း၊ ခရီးထွက်ခြင်းများဖြင့်သာ အချိန်ကုန်လွန်စေခဲ့သည်။ အခြားသူများကလည်း သူ၏ လက်ရေးမှာ လက်ရာမြောက်ကြောင်း၊ သူ၏ ကဗျာများမှာ လွတ်လပ် ပွင့်လင်းကြောင်း၊ သူ၏ ပန်းချီကားများမှာ သက်ဝင်လှပကြောင်း၊ သူ၏ အရပ်အမောင်း၊ ရုပ်ရည်နှင့် စရိုက်များ ကိုပင် ချီးမွမ်းကြသည်။ သို့သော် သူ၏ တိုင်းပြည်အုပ်ချုပ်ရေးဆိုင်ရာ အမြင်များနှင့် ပတ်သက်၍မူ တစ်ခွန်း တစ်ပါဒ မျှပင် ချီးမွမ်းသံ မကြားခဲ့ရဖူးပေ။
"ဒီလူကလား"
ဧကရာဇ်အိုကြီးသည် သမက်တော်ဘက်သို့ လှည့်ကြည့်ကာ ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်သည်။
"ဝမ်ရှို့ကတော့ မင်းဟာ အခွင့်အရေး မရတဲ့ ပါရမီရှင်တစ်ယောက်လို့ ပြောနေတာပဲ။ ဒီနေ့တော့ ငါကိုယ်တော် မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ တကယ်လို့ မင်းသာ ငါ့ရဲ့မေးခွန်းကို ဖြေနိုင်မယ်ဆိုရင် 'သမက်တော်များ အရာရှိရာထူး မယူရ' ဆိုတဲ့ စည်းမျဉ်းကိုတောင် ပယ်ဖျက်ပေးဖို့ ငါ စဉ်းစားပေးမယ်"
သမက်တော်သည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
"အရှင်မင်းကြီး... မေးမြန်းတော်မူပါ ဘုရား"
မင်းသမီး ဝမ်ရှို့၏ မျက်ဝန်းလေးများမှာလည်း သူမ ချစ်လှစွာသောသူကို ကြည့်ရင်း တောက်ပလာတော့သည်။
ဧကရာဇ်အိုကြီးသည် ခေတ္တစဉ်းစားလိုက်သည်။
"ငါ မင်းကို အရမ်းခက်တာတွေ မမေးပါဘူး။ ပြောစမ်းပါဦး ... ငါက မင်းကို ဒေသတစ်ခုရဲ့ ဘုရင်ခံအဖြစ် ခန့်အပ် လိုက်မယ်ဆိုရင် ပိုးစာပင်၊ ဆီးသီးပင်၊ တည်သီးပင်နဲ့ ဂွမ်းပင်တွေကို ဘယ်အချိန်မှာ စိုက်ပျိုးရမလဲ"
သမက်တော်မှာ ဆွံ့အသွားရသည်။
သူ စဉ်းစားနေမိသည်။ သူ၏ နဖူးပေါ်တွင် ချွေးစက်များ စတင်ထွက်ပေါ်လာတော့သည်။
မျှော်လင့်ချက်အပြည့် ရှိနေခဲ့သော မင်းသမီး ဝမ်ရှို့မှာမူ ယခုအခါ ဇဝေဇဝါဖြစ်ကာ သံသယများ ဝင်လာတော့သည်။ သူမသည် နှုတ်ခမ်းကိုကိုက်လျက် စိတ်မထိန်းနိုင်ဘဲ တိုးတိုးလေး မေးလိုက်မိသည်။
"သမက်တော်"
ဧကရာဇ်အိုကြီးက အေးစက်စွာ မိန့်လိုက်သည်။
"ဒါ ဘာဖြစ်တာလဲ၊ ဒီလောက် ရိုးရှင်းတဲ့ မေးခွန်းကိုတောင် မင်း မဖြေနိုင်ဘဲနဲ့ သမက်တော် ဖြစ်နေလို့ ဘဝ နှောင့်နှေး ရပါတယ်လို့ ပြောရဲသေးတာလား"
သမက်တော်၏ လည်ချောင်းထဲမှ အသံများ ထွက်ပေါ်လာပြီး သူက ပြန်လည် ချေပရန် ကြိုးစားလိုက်သည်။
"အရှင်မင်းကြီး၊ ပညာရှိတစ်ယောက်ကို စိုက်ပျိုးရေးအကြောင်း မေးတာကတော့ အဖြေရမှာ မဟုတ်တာ သဘာဝပါပဲ ဘုရား"
"ဟုတ်လား"
ဧကရာဇ်အိုကြီးသည် နောက်သို့ပင် လှည့်မကြည့်ဘဲ အရာရှိများအုပ်စုဘက်သို့ ပေါ့ပေါ့ပါးပါးပင် လက်ညှိုး ညွှန်လိုက်သည်။
"ကဲ... မင်းတို့ထဲက တစ်ယောက်ယောက်၊ ငါ ဘာဖြစ်လို့ ဒီမေးခွန်းကို မေးရတာလဲဆိုတာ သူ့ကို ပြောပြလိုက်စမ်း"
"ဪ..."
ဧကရာဇ်သည် သူ လျစ်လျူမရှုနိုင်သော အသံတစ်ခုကို ကြားလိုက်ရသဖြင့် ခေါင်းကို လှည့်ကြည့်လိုက်မိသည်။
"ရှု..."
သူသည် မိမိ၏ လက်ညှိုးကို ကြည့်လိုက်မိပြီး ထိုလက်ညှိုးကိုသာ ဖြတ်ပစ်လိုက်ချင်စိတ် ပေါ်လာတော့သည်။
သူသည် အဘယ်ကြောင့် ဤကံဆိုးမိုးမှောင်ကျနေသော ကောင်လေးကိုမှ သွားပြီး ညွှန်ပြမိရသနည်း။ တကယ်လို့ ဒီကောင်လေးသာ မဖြေနိုင်ခဲ့ရင် ဧကရာဇ်အနေဖြင့် အရှက်ရရုံတင်မကဘဲ အခုမှ ရရှိလာသော အသာစီးရမှုများပါ အကုန်လုံး ပျက်စီးသွားပေတော့မည်။