Chapter 13 - 14
Vol. 1 Ch. 13 - 14
Chapter 13 ဟေဟေ့ … ဉာဏ်ကြီးရှင် ဖြေပြီကွ (၁)
ဧကရာဇ်အိုကြီးက မိမိအပေါ်တွင် ဤမျှလောက်အထိ ယုံကြည်မှု မရှိဖြစ်နေလိမ့်မည်ဟု ရှုရန်မြောင် တစ်ခါဖူးမျှ မတွေးခဲ့ဖူးပေ။
လူငယ်လေး၏ မျက်နှာပေါ်တွင် ပေါ့ပါးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ဒေသတစ်ခုရဲ့ ဘုရင်ခံအဖြစ် တာဝန်ထမ်းဆောင်မယ့်သူဟာ စိုက်ပျိုးရေးကို အားပေးဖို့၊ အခွန်အတုတ်တွေကို မျှတအောင် ချိန်ညှိဖို့၊ စစ်မှုထမ်း အင်အားကို စနစ်တကျ စုဆောင်းဖို့၊ အခမ်းအနားတွေမှာ ရိုသေလေးစားမှုရှိဖို့၊ တရား စီရင်ရေးမှာ မျှတဖို့၊ မိဘအပေါ် သိတတ်ရိုသေမှုကို မြှင့်တင်ဖို့၊ သက်ကြီးရွယ်အိုနဲ့ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ဖို့၊ ပြီးတော့ လူတော်လူကောင်းတွေကို ပျိုးထောင်ပေးဖို့... ဒါတွေကို နားလည်ထားရမှာ ဖြစ်ပါတယ်"
ဘုရင်ခံတစ်ဦးသည် စိုက်ပျိုးရေးကို အားပေးရမည်ဖြစ်ရာ ၎င်းမှာ ထိုရာထူးအတွက် အဓိကလိုအပ်ချက်တစ်ခု ဖြစ်သည်။ သို့သော် သီးနှံများကို မည်သည့်အချိန်တွင် စိုက်ပျိုးရမည်ကိုပင် မသိရှိပါက လယ်သမားများကို အလုပ် ကြိုးစားရန် မည်သို့ တိုက်တွန်းနိုင်ပါမည်နည်း။
သမက်တော်၏ ရင်ဘတ်မှာ အသက်ရှူသံ ပြင်းပြင်းဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေကာ မျက်လုံးများမှာလည်း နီမြန်းလာပြီး အလွန်အမင်း အရှက်ရနေတော့သည်။
*ဒီလို အသေးအဖွဲကိစ္စတွေကို စိုက်ပျိုးရေးအကြောင်း သိတဲ့ လက်အောက်ငယ်သားတစ်ယောက်ကို ခိုင်းလိုက်ရင် ရနေတာပဲ။ ငါက ဘုရင်ခံတစ်ယောက်အနေနဲ့ ဒါတွေကို ဘာလို့ သိနေဖို့ လိုမှာလဲ။ ဧကရာဇ်က သူ့သမီးအတွက်နဲ့ ငါ့ကို တမင်တကာ ခက်ခဲအောင် လုပ်နေတာပဲ*
နောက်တစ်ကြိမ်တွင်မူ လူငယ်လေး၏ မျက်ဝန်းများမှာ မှေးစင်းသွားပြီး သူ၏အသံမှာ ပေါ့ပါးနေသည်။
"ဒါ့အပြင် အရှင်မင်းကြီးက ပိုးစာပင်၊ ဆီးသီးပင်၊ တည်သီးပင်နဲ့ ဂွမ်းပင်တွေကို ပြည်သူတွေရဲ့ စားဝတ်နေရေး အတွက် အလွန်အရေးကြီးတယ်လို့ ယုံကြည်ထားတာပါ။ အမှန်တော့ ထျန်းထုန်း နန်းစံ ၄ နှစ်၊ ပထမလတုန်းက အမိန့်တော် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ ထျန်းထုန်း နန်းစံ ၁ နှစ်နောက်ပိုင်း စိုက်ပျိုးတဲ့ ပိုးစာပင်နဲ့ ဆီးသီးပင် အားလုံးကို အခွန်ကင်းလွတ်ခွင့် ပေးမယ်ဆိုတာပါပဲ။ ဒါဟာ အရှင်မင်းကြီးရဲ့ စိုက်ပျိုးရေးအပေါ် ထားရှိတဲ့ စိုးရိမ်ပူပန်မှုကို ထင်ရှားစေပါတယ်။ မင်းက အရာရှိတစ်ယောက် ဖြစ်ချင်ပေမဲ့ ဧကရာဇ်ရဲ့ အမိန့်တော်တွေ ကိုတောင် နားမလည်ဘူး၊ အရှင်မင်းကြီး ဘာကို နှစ်သက်သလဲဆိုတာကိုလည်း လေ့လာထားတာ မရှိဘူး။ ဒီလိုဖြစ်နေတာတောင်မှ မင်းက ကိုယ့်ကိုယ်ကိုယ် ကံကြမ္မာရဲ့ သားကောင်လို့ ဘယ်လိုများ ယုံကြည် နေရသေးတာလဲ"
သူသည် စကားပြောရုံတင်မကဘဲ စိတ်ထဲမှလည်း တိတ်တဆိတ် ကဲ့ရဲ့လိုက်သေးသည်။
[ပြီးတော့ ကံကြမ္မာရဲ့ သားကောင် ဖြစ်ဖို့ဆိုတာ အရင်ဆုံး ပါရမီရှိဖို့ လိုတယ်လေ]
[ပါရမီ ဆိုတာက ကိုယ်ဝန်ဆောင်ထားရသလိုပဲ၊ ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရဘူး]
ဧကရာဇ်အိုကြီးသည် ရှုရန်မြောင်၏ ထက်မြက်လှသော စကားပြောစွမ်းရည်ကို အမှန်တကယ်ပင် သဘောကျ သွားတော့သည်။
သူသည် သူနှင့်အတူ ပါလာသော မိန်းမစိုး အရာရှိကြီးကို အကြည့်တစ်ချက် ပေးလိုက်ရာ ထိုသူကလည်း ချက်ချင်းပင် မှတ်သားထားလိုက်သည်။
*နန်းတော်ကို ပြန်ရောက်တဲ့အခါ ဧကရာဇ်က ဒီလူကို ဆုလာဘ်တွေ ပေးသနားလိမ့်မယ်*
ဧကရာဇ်အိုကြီးသည် ရှုရန်မြောင်ကို ကြည့်ရင်း ပို၍ပင် ကျေနပ်အားရလာကာ သက်ပြင်းကို ချောင်ချောင်ချိချိ ချလိုက်မိသည်။
သူ အများကြီး တွေးပူခဲ့မိသည်။ မည်သို့ပင် ဆိုစေကာမူ ရှုရန်မြောင်သည် ဝန်ထမ်းရေးရာ ဝန်ကြီးဌာနက အရာရှိ တစ်ဦး ဖြစ်ပြီး အမိန့်စာတမ်းများကို ထုတ်ပြန်ပေးရသူ မဟုတ်ပါလား။ သူ၏ လက်ထဲမှ ဖြတ်သန်းသွားသော အမိန့်သစ်များ ဖြစ်စေ၊ စနစ်တကျ ပြန်လည်စီစဉ်ထားသော အမိန့်ဟောင်းများဖြစ်စေ၊ သူသည် ဤမူဝါဒများကို ကောင်းကောင်းကြီး သိထားသင့်သည်လေ။
စိတ်လက်ပေါ့ပါးသွားသည်နှင့်အမျှ ဧကရာဇ်သည် သတိလက်လွတ်ပင် ဆိုလိုက်မိတော့သည်။
"ရှုရန်မြောင် ... မင်းပဲ ဒေသတစ်ခုကို ရွေးပြီးတော့ ပိုးစာပင်၊ ဆီးသီးပင်၊ တည်သီးပင်နဲ့ ဂွမ်းပင်တွေကို ဘယ်အချိန်မှာ စိုက်ရမလဲဆိုတာ သူ့ကို ပြောပြလိုက်စမ်း"
ရှုရန်မြောင် : "..."
ဧကရာဇ်အိုကြီး : (ပြုံးလျက် စောင့်ကြည့်နေသည်)
ရှုရန်မြောင် : "..."
ဧကရာဇ်အိုကြီး : (ဇဝေဇဝါ ဖြစ်လာသည်)
*ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ၊ သူလဲ မသိတာလား*
ဧကရာဇ်အိုကြီးသည် မိမိကိုယ်မိမိ စိတ်ထဲမှ ပြန်လည်ရိုက်နှက်လိုက်သည်။
*မင်းကို စကားအများကြီး မပြောပါနဲ့လို့ ငါ ပြောသားပဲ*
သို့သော် နောက်တစ်စက္ကန့်တွင်မူ ရှုရန်မြောင်က တည်ငြိမ်စွာပင် ဖြေဆိုလိုက်သည်။
"ဇန်နဝါရီ၊ မတ်လ၊ မေလ၊ ဇူလိုင်လ ပါ ဘုရား"
အခွန်ဘဏ္ဍာရေးဝန်ကြီး : "ဟမ်"
*မဖြစ်နိုင်တာ... ငါမှတ်ထားတာက အဲ့ဒီအချိန်တွေ မဟုတ်ပါဘူး*
တစ်ချိန်တည်းမှာပင် သမက်တော်သည်လည်း ရှုရန်မြောင်အား သံသယမျက်လုံးများဖြင့် စိုက်ကြည့်လာသည်။
"တကယ်ပဲ အဲ့ဒီလိုလား"
သူကိုယ်တိုင် စိုက်ပျိုးရေး ပြက္ခဒိန်ကို နားမလည်သော်လည်း ထိုလများမှာ တစ်ခုခုတော့ ထူးဆန်းနေသလို သူ ခံစား နေရသည်။
"ဘာပြဿနာရှိလို့လဲ"
ရှုရန်မြောင်၏ မေးခွန်းမှာ အလွန်ပင် ချောမွေ့နေတော့သည်။
ထို့ပြင် သူသည် ဝန်ခံရန်လည်း တုံ့ဆိုင်းမနေခဲ့ပေ။
[ကဲ ... ကြည့်စမ်း။ ပိုးစာပင်၊ ဆီးသီးပင်၊ တည်သီးပင်နဲ့ ဂွမ်းပင်တွေကို ဘယ်အချိန်မှာ စိုက်ရမလဲဆိုတာ ငါ မသိပေမဲ့ သမက်တော်ကလည်း မသိဘူးလေ၊ သူ့ကို လိမ်လို့ရနေသရွေ့တော့ ဒါက အရေးမကြီးပါဘူး]
အခြားသူများ : "..."
*ဪ... မင်းက လျှောက်ပြီး လိမ်နေတာကိုး*
ရှုရန်မြောင်၏ ယုံကြည်မှု အပြည့်ရှိလှသော ပုံစံကို မြင်လိုက်ရသောအခါ သမက်တော်သည် မိမိကိုယ်မိမိ ပြန်လည် သံသယ ဝင်လာတော့သည်။
*တကယ်ပဲ အဲ့ဒီလိုလား၊ ငါပဲ တစ်သက်လုံး ဗဟုသုတ နည်းပါးနေခဲ့တာလား*
ရှုရန်မြောင်မှာမူ အေးအေးဆေးဆေးပင် ခေါင်းတစ်ချက်ညိတ်ပြလျက် တည်ငြိမ်နေဆဲ ဖြစ်သည်။
*ဟုတ်တယ်... မင်းက တစ်သက်လုံး ဗဟုသုတ နည်းပါးနေခဲ့တာပဲ*
သူ့အလိမ်အညာတွေ ပေါ်သွားမှာကိုလည်း သူ လုံးဝမကြောက်ပေ။ အဘယ်ကြောင့်ဆိုသော်
[မဖြစ်နိုင်တာ ... ဘယ်အရာရှိကမှ ဧကရာဇ်ရဲ့ ရှေ့မှောက်မှာ ငါ မှားနေပါတယ်လို့ ထွက်ပြီး ငြင်းရဲမှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား]
အခွန်ဘဏ္ဍာရေးဝန်ကြီး : "..."
သူသည် ရှေ့သို့ပင် တစ်လှမ်းတိုး၍ အကျအန အရိုအသေ ပေးလိုက်ပြီ ဖြစ်သည်။ ထိုအမူအရာမှာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေ၍ မရတော့သော အခြေအနေပင်။
သို့သော်လည်း စိုးရိမ်စရာမရှိပေ။
အခွန်ဘဏ္ဍာရေး ဝန်ကြီးသည် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ အသံကိုမြှင့်၍ ဆိုလိုက်သည်။
"အရှင်မင်းကြီး၊ သမက်တော်က စိုက်ပျိုးရေးပြက္ခဒိန်ကိုတောင် အခြေခံကျကျ နားမလည်ဘဲနဲ့ သူ့ဘဝ နှောင့်နှေးရတာ မင်းသမီးကြောင့်ပါဆိုပြီး အရှက်မရှိ အပြစ်ပုံချနေပါတယ်။ ဒါဟာ ... တကယ့်ကို အရှက် သိက္ခာမဲ့ လှပါတယ်၊ မင်းသမီးကို ဒီလိုမျိုး စွပ်စွဲပြောဆိုတဲ့အတွက် သမက်တော်ကို ပြင်းထန်စွာ ပြစ်ဒဏ်ပေးသင့်တယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ် ဘုရား"
သမက်တော်မှာ အသက်ရှူပင် မှားသွားရပြီး အခွန်ဘဏ္ဍာရေးဝန်ကြီးကို မကျေမနပ် ကြည့်နေမိသည်။ သူ၏ မေးရိုးများမှာ ဒေါသကြောင့် တင်းမာနေပြီး ဘာကြောင့်မှန်းမသိဘဲ အလိုလို ဒေါသထွက်နေရတော့သည်။
*ကျုပ် ခင်ဗျားကို ဘာစော်ကားမိလို့လဲ၊ ဘာဖြစ်လို့ ကျုပ်ကို နင်းချဖို့ ဒီလောက်တောင် စိတ်အား ထက်သန် နေရတာလဲ*
ဧကရာဇ်အိုကြီး၏ ခေါင်းညိတ် အချက်ပေးမှုနှင့်အတူ ကိုယ်ရံတော်များက ရှေ့သို့ ပြေးဝင်လာပြီး သမက်တော်ကို မြေပြင်ပေါ်တွင် ဒူးထောက်ခိုင်းလိုက်ကြသည်။ ဧကရာဇ်သည် သူ၏ စိတ်မရှည်မှုကို ထိန်းချုပ်ရင်း မင်းသမီး ဝမ်ရှို့ဘက်သို့ လှည့်လိုက်သည်။
"မင်းရော ဘယ်လိုထင်လဲ?"
ဤသည်မှာ နောက်ဆုံးအခွင့်အရေးပင်။
အကယ်၍ ဤသမီးတော်ကသာ လျိုယီအတွက် ဆက်ပြီး တောင်းပန်နေဦးမည်ဆိုလျှင် သူတို့ကို အတူတူ ပိတ်လှောင် ထားပြီး တစ်သက်လုံး လင်မယားအဖြစ်ပဲ နေခိုင်းတော့မည်ဟု ဧကရာဇ်က တွေးထားသည်။
မင်းသမီး ဝမ်ရှို့သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် သူမ၏ မျက်ဝန်းများကို ဖြည်းညင်းစွာ မှိတ်၍ ပြောလိုက်သည်။
"သမက်တော်က သမီးတော်အပေါ်မှာ မှားယွင်းစွာ ပြုမူခဲ့ပါတယ်။ ဒါကြောင့် ခမည်းတော်ပဲ အမှန်တရားအတိုင်း စီရင်ပေးတော်မူပါ"
ဧကရာဇ်အိုကြီးကမူ အားရပါးရ ရယ်မောလိုက်တော့သည်။
လျိုယီ၏ မျက်နှာမှာ ဖြူလျော့သွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် လွှတ်ခနဲ မေးလိုက်မိသည်။
"မင်းသမီး ... မင်း ... မင်းက ငါ့ကို အမြဲတမ်း ချစ်ခဲ့တာ မဟုတ်ဘူးလား"
မင်းသမီး ဝမ်ရှို့ကမူ နှာခေါင်းရှုံ့လိုက်သည်။ ဤအခြေအနေမှာ အလွန်ပင် ရယ်စရာကောင်းလှသည်ဟု သူမ ခံစား လိုက်ရသည်။
ဤလူသည် သူမ သူ့အပေါ် ချစ်မြတ်နိုးကြောင်း ကောင်းကောင်းကြီး သိနေခဲ့၏။ ရှုရန်မြောင် ပြောခဲ့သလိုပင်၊ သူသည် သူမ၏ ချစ်ခြင်းမေတ္တာကို အခွင့်ကောင်းယူပြီး ဘာအထိန်းအကွပ်မှမရှိဘဲ စိတ်ထင်တိုင်း လုပ်နေခဲ့သည်။
Chapter 14 ဟေဟေ့ … ဉာဏ်ကြီးရှင် ဖြေပြီကွ (၂)
လူမသိသူမသိ မြုပ်ကွယ်နေရတဲ့ ပါရမီရှင်ဆိုတာလည်း အလိမ်အညာ။ မြင့်မြတ်ဖြူစင်တဲ့ စရိုက်ရှိတယ် ဆိုတာလည်း အလိမ်အညာ။ မတရားမှုကို အောင့်အည်း သည်းခံ နေရပါတယ် ဆိုတာကတော့ ပိုပြီးတော့တောင် အလိမ်အညာကြီး ဖြစ်နေသေးတော့သည်။
*အရာအားလုံးက အတုအယောင်တွေပဲ ဒါဆိုရင် သူမ ဒီနှစ်တွေ တစ်လျှောက်လုံး ဘယ်လိုအရာတွေ အတွက် စိတ်မကောင်း ဖြစ်ပြီး ဘာတွေကို သည်းခံနေခဲ့တာပါလိမ့်*
"ခမည်းတော် ... သမီးတော် အရမ်း ပင်ပန်းနေပါပြီ။ နန်းတော်ကို ပြန်ပြီး ရက်အနည်းငယ်လောက် အနားယူ ချင်ပါတယ် ဘုရား"
ခွင့်ပြုချက် ရပြီးနောက် မင်းသမီးဝမ်ရှို့သည် လှည့်ထွက်သွားတော့သည်။ သူမ၏ ဝတ်စုံနားစများ လှုပ်ရှားသွားစဉ် ခါးတွင် ချိတ်ထားသော ကျောက်စိမ်းဆွဲပြားလေး ပြုတ်ကျ ကျန်ရစ်ခဲ့သည်။ သူမကိုယ်တိုင် သတိမထားမိလိုက် သော်လည်း သမက်တော်ကမူ မြင်သွားခဲ့သည်။
ခဏအကြာတွင် မင်းသမီး ဝမ်ရှို့သည် သမက်တော်က တစ်စုံတစ်ခုကို ကောက်ယူလိုက်ပြီး တစ်ခုခုအား မသဲမကွဲ အော်ပြောနေသည်ကို ကြားလိုက်ရသည်။
"မင်း ... မင်းပဲလား၊ မီးထွန်းပွဲတော် ညက၊ မိန်းကလေးငယ်လေး၊ လွန်ခဲ့တဲ့ ၁၀ နှစ်က ၊ တောင်းပန်ပါတယ်”
သို့သော် သူမ ပို၍ဝေးရာသို့ လျှောက်လာသည်နှင့်အမျှ ထိုအသံများမှာ တဖြည်းဖြည်း တိတ်ဆိတ် ပျောက်ကွယ် သွားတော့သည်။
နောက်တစ်နေ့ နန်းတွင်း ညီလာခံတွင် ရှုရန်မြောင်နှင့် မင်းသမီး ဝမ်ရှို့တို့ အကြည့်ချင်း ဆုံမိကြသည်။
မင်းသမီးဝမ်ရှို့မှာ အရာရှိ ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ကြောင်အမ်းအမ်းမျက်နှာလေးမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက် နေသည်။
ရှုရန်မြောင်မှာ အံ့အားသင့်သွားသည်။
"မင်းသမီးဝမ်ရှို့"
*သူမက ဒီကို ဘာလာလုပ်တာလဲ*
မင်းသမီးဝမ်ရှို့သည် သူမ၏ ဦးခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး ဝတ်ရုံလက်စဖြင့် မျက်နှာကို တစ်ဝက်ခန့်ကာကာ အားကိုးရာမဲ့စွာ ဆိုလိုက်သည်။
"ခမည်းတော်က ဧကရာဇ်ရဲ့အမိန့်ဟာ ရွှေအမိန့်ပဲတဲ့။ မနေ့က သူက ကျွန်မကို အခွန်ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ လက်ထောက် ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့တာဆိုတော့ အနည်းဆုံးတော့ ရုံးကို ရက်အနည်းငယ်လောက် သွားရမယ် တဲ့လေ။ ဒါကြောင့် ကျွန်မကို 'ငါးချက်တီး' အချိန်ကတည်းက ထခိုင်းတာပဲ"
ငါးချက်တီး အချိန် ဆိုသည်မှာ နံနက် ၃ နာရီမှ ၅ နာရီ အတွင်း ဖြစ်သည်။
ရှုရန်မြောင်သည် သူမကို သနားကရုဏာသက်စွာ ကြည့်လိုက်မိတော့သည်။
[ဂုဏ်ယူပါတယ် ... အလုပ်ဒဏ်ပိတဲ့ အရာရှိ တန်းလျားထဲက ကြိုဆိုပါတယ်]
ထို့နောက် သူမ၏ မကောင်းလှသော မျက်နှာပေးကို သတိပြုမိသွားသဖြင့် ရှုရန်မြောင်က မေးလိုက်သည်။
"မနေ့ညက ကောင်းကောင်း အနားမယူခဲ့ရဘူးလား မင်းသမီး"
မင်းသမီး ဝမ်ရှို့သည် သူမ၏ ပူစပ်စပ်ဖြစ်နေသော မျက်ဝန်းများကို ဖိနှိပ်လိုက်ရင်း ခေါင်းညိတ်ပြသည်။
"တစ်ညလုံး အိပ်လို့မရခဲ့ဘူး"
ဤသို့ပြောနေစဉ် သူမ၏ ရင်ထဲတွင် မကျေမနပ်ဖြစ်မှုများ ပြည့်နှက်နေတော့သည်။
သမက်တော်အပေါ် စိတ်ကုန်သွားခဲ့သည်မှာ မှန်သော်လည်း သူမမှာ အသည်းကွဲနေရသူ မဟုတ်ပါလား။ မိမိ၏ အိပ်ဆောင်ထဲတွင် မှိုင်တွေလျက်၊ ဝမ်းနည်းပူဆွေးရင်း လမင်းကြီးကိုကြည့်ကာ ငိုကြွေးနေမိသဖြင့် အိပ်မပျော်နိုင် ဖြစ်နေခဲ့သည်။ နန်းတွင်း အပျိုတော် တစ်စုက ရုတ်တရက် အခန်းထဲသို့ ပြေးဝင်လာပြီး ပြောလာကြသည်။
"မင်းသမီး၊ အရှင်မင်းကြီးက ညီလာခံတက်ဖို့ ဆင့်ခေါ်နေပါတယ်"
သူမမှာ အကြီးအကျယ် ပျာယာခတ်သွားခဲ့ရသည်။
အသည်းအသန် ပြင်ဆင်ရခြင်း၊ အရာရှိ ဝတ်စုံကို ဝတ်ဆင်ရခြင်း၊ ဆံပင်ကို စနစ်တကျ ထုံးဖွဲ့၍ အရာရှိ ဦးထုပ်ကို ဆောင်းရခြင်း တို့ဖြင့် ရှုပ်ယှက်ခတ်ပြီးနောက် နန်းတော်၏ တစ်ဝက်ခန့်ကို အပြေးအလွှား ဖြတ်ကျော်ခဲ့ရသည်။ အမောတကောဖြင့် ညီလာခံသို့ အချိန်မီရောက်အောင် အနိုင်နိုင် လာခဲ့ရသည် မဟုတ်ပါလား။
ထိုအချိန်တွင် အသည်းကွဲခြင်း၊ ဝမ်းနည်းခြင်းဟူသော ခံစားချက်များမှာ လွင့်စင် ပျောက်ကွယ်ကုန်ပြီ ဖြစ်သည်။ သူမ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်ကာ လှဲချလိုက်ပြီး အိပ်ပျော်သွားချင်စိတ်သာ ရှိတော့သည်။
ရှုရန်မြောင်က ပို၍ပင် သနားသွားမိသော်လည်း စကားအများကြီး မပြောတော့ဘဲ အသံတိတ်သာ အရိုအသေ ပေးလိုက်တော့သည်။
ညီလာခံ စတင်ပြီးနောက်တွင် ရှုရန်မြောင်က လှည့်ကြည့်လိုက်ရာ မင်းသမီးဝမ်ရှို့မှာ အလွန်ပင် နုံးချိနေသည်မှာ သိသာလှ သော်လည်း အိပ်မပျော်သွားစေရန် အတင်းအကျပ် အားတင်းထားသည်ကို တွေ့လိုက်ရသည်။
[ဒီမင်းသမီးက တကယ့်ကို စိတ်အားထက်သန်တာပဲ၊ အိပ်မငိုက်အောင် အတင်းကြိုးစားနေတာ]
ရှုရန်မြောင်မှာ စိတ်လှုပ်ရှားမိသွားသည်။
[ငါတို့က အခန်းရဲ့ အနောက်ဘက်ဆုံးမှာ ဆိုတော့ တော်တော်လေး လူကွယ်ပါတယ်။ တကယ်လို့ အရမ်း ပင်ပန်း နေရင် ခဏတဖြုတ် မှေးလိုက်လဲ ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။ ဘာတွေ လွတ်သွားမလဲဆိုပြီး စိုးရိမ် နေဖို့လဲ မလိုပါဘူး။ ငါ့တို့လို စာရွက်စာတမ်း ကိုင်ရတဲ့ အရာရှိငယ်လေးတွေအတွက် ဒီညီလာခံက အနှစ်သာရ သိပ်ရှိတာမှ မဟုတ်တာ။ အရင်မင်းဆက်တွေတုန်းကဆိုရင် အဆင့် ၅ အောက် အရာရှိတွေကို ညီလာခံ တက်ဖို့ တောင် ခွင့်မပြုဘူး။ အခု ဧကရာဇ်က အရာရှိတွေ အိမ်မှာ အိပ်နေမှာကို မလိုလားလို့သာ လူအင်အား တိုးချဲ့ပြီး တက်ခိုင်းနေတာ]
မင်းသမီး ဝမ်ရှို့သည် သူ့ကို မျက်ရည်ဝဲသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
*ရှင်ဟာ တကယ့်ကို လူကောင်းတစ်ယောက်ပဲ*
*ရှင်က သမက်တော်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်း ပေးရုံတင်မကဘဲ အခုတော့ အလုပ်ခိုးနားနည်းကိုပါ သင်ပေးနေပြီပဲ*
သို့သော် ထိုအတွေးဝင်လာသည်နှင့် တစ်ပြိုင်နက် နန်းတွင်းရှိ လူအားလုံးက ကြားသွားကြသဖြင့် မင်းသမီးမှာ အမှန် တကယ်ပင် ထပ်မံ၍ အိပ်မငိုက်ရဲတော့ချေ။
ထို့ကြောင့် ညီလာ ခံတစ်လျှောက်လုံးတွင် မင်းသမီးဝမ်ရှို့မှာ သူမ၏ မျက်ခွံများကို အတင်းအကျပ် ဖွင့်ထားရန် အစွမ်းကုန် ကြိုးစားနေရတော့သည်။ သမက်တော်နှင့် ပတ်သက်သော ကိစ္စများမှာမူ ယခုအချိန်တွင် အိပ်ရ ဖို့လောက် မအရေးကြီးတော့ပေ။
ရှုရန်မြောင်မှာမူ အိပ်မပျော်သော်လည်း မိန်းမစိုးအရာရှိက ညီလာခံ ပြီးဆုံးကြောင်း ကြေညာမည့်အချိန်ကို စောင့်ရင်း ကျွမ်းကျင်စွာပင် ငေးငိုင်နေခဲ့သည်။
ထိုစဉ် သူတို့ နှစ်ဦးလုံးကို တုန်လှုပ်သွားစေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
"မနေ့က သမက်တော် လျိုယီကို နိုင်ငံတော် ပုန်ကန်မှုနဲ့ အကျဉ်းချထားတယ်လို့ ကျွန်တော်မျိုး ကြားသိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တင်ပြစရာ ရှိပါတယ် ဘုရား"
"ပထမ အချက် ကတော့ သမက်တော်ဟာ ခင်ပွန်းဖြစ်ပြီး မင်းသမီးက ဇနီးဖြစ်ပါတယ်။ ခင်ပွန်းဟာ အိမ်ထောင် ဦးစီးပါ။ အိမ်ထောင်ဦးစီးက ဇနီးအပေါ် မတရားပြုမူတာကို ဘယ်လိုလုပ်ပြီး နိုင်ငံတော်ပုန်ကန်မှုအဖြစ် သတ်မှတ် နိုင်မှာလဲ"
"ဒုတိယ အချက် အနေနဲ့ သူဟာ နိုင်ငံတော် ပုန်ကန်မှုမှာ အပြစ်မရှိဘူးဆိုရင်၊ စုန့်နယ်စားကြီးရဲ့ အမှုတွဲကိုလည်း ပြန်လည် သုံးသပ် သင့်ပါတယ်။ သူတို့ကို နယ်နှင်ဒဏ်မပေးသင့်ပါဘူး။ ဒါဟာ အပြစ်သေးသေးလေးကို ကြီးကြီး မားမား အပြစ်ပေးလိုက်တာဖြစ်ပြီး တရားစီရင်ရေးစနစ်ကို ထိခိုက်စေပါတယ် ဘုရား"
"တတိယအချက်ကတော့..."
ထိုအမတ်အပြင် အခြားသူများလည်း မတ်တပ်ရပ်ကာ ဧကရာဇ်ထံသို့ အကြောင်းပြချက်များစွာ တင်ပြ လာကြသည်။ သူတို့၏ အဓိက အဆိုပြုချက်မှာ မင်းသမီးသည် သမက်တော်နှင့် လက်ထပ်ထားပြီး ဖြစ်သဖြင့် ဇနီးကောင်းတစ်ဦး၏ တာဝန်များကို ကျေပွန်သင့်ကြောင်း၊ နူးညံ့သိမ်မွေ့၍ ခင်ပွန်းကို နာခံရမည်ဖြစ်ပြီး ခင်ပွန်းကိုသာ အိမ်ထောင်ဦးစီးအဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း၊ ပြဿနာရှိတိုင်း ခမည်းတော်ထံသို့ အားကိုး မရှာသင့်ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းက ခင်ပွန်းကို အကျဉ်းကျစေရုံတင်မက ယောက္ခမများကိုပါ ဘွဲ့ထူးများ ရုပ်သိမ်းခံ ရစေသည်ဟူ၍ ဖြစ်သည်။
ရှုရန်မြောင်မှာ အမှန်တကယ်ပင် အံ့အားသင့်သွားရသည်။
သူသည် စစ်မက်ရေးရာ ဝန်ကြီးဌာနမှ အရာရှိကို တံတောင်နှင့် အသာတို့လိုက်ရာ ထိုအရာရှိမှာ တိတ်ဆိတ်စွာပင် ဘေးသို့ အနည်းငယ် တိုးကပ်သွားသည်။
ရှုရန်မြောင်က လက်မလျှော့ဘဲ ထပ်မံတို့လိုက်ပြန်ရာ ထိုအရာရှိမှာ လှည့်ကြည့်၍ တိုးတိုးလေး မေးလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ"
*ဒီနန်းတွင်း အရာရှိတွေ ပြောနေတာတွေကို သူ မကြားဘူးလား၊ ဧကရာဇ်ကြီး ဒေါသတွေ ပေါက်ကွဲတော့မယ် ဆိုတာကိုရော သူ မသိဘူးလား*
ရှုရန်မြောင်က လေသံတိုးတိုးဖြင့် ပြန်မေးလိုက်သည်။
"ဒီရှေးရိုးစွဲ အဘိုးကြီးတွေက ဘယ်သူတွေလဲဆိုတာ ခင်ဗျား သိလား"
စစ်မက်ရေးရာ ဝန်ကြီးဌာနမှ အရာရှိမှာမူ အဖြေမပေးလိုပေ။ သူသည် ဤကိစ္စရပ်များတွင် အနည်းငယ်မျှပင် ပါဝင် ပတ်သက်လိုစိတ် မရှိချေ။
သို့သော် ရှုရန်မြောင်က မရမက လိုက်လံနှောင့်ယှက်နေသဖြင့် ထိုအရာရှိမှာ နောက်ဆုံးတွင် လက်လျှော့လိုက်ရပြီး တီးတိုး ပြောလိုက်သည်။
"ဒီလူတွေအားလုံးက နန်းတွင်းစောင့်ကြည့်ရေးအဖွဲ့က အမတ်တွေပဲ"
စစ်မက်ရေးရာ ဝန်ကြီးဌာနမှ အရာရှိက မျက်မှောင်ကြုတ်လျက် ပထမဆုံး စတင်ပြောဆိုခဲ့သည့် အမတ်ကို ညွှန်ပြ လိုက်သည်။
"သူကတော့ အဆင့် ၄ ရှိတဲ့ ဒုတိယ အကြီးအကဲ အမတ်မင်း ချွေ့ယီပဲ။ သူကတော့ တကယ့်ကို နာမည်ကျော်ပဲဗျ။ သူက တကယ့် လယ်သမား မိသားစုကနေ ဆင်းသက်လာတာ။ သူ စာသင်နေတုန်းကဆိုရင် အိမ်မှာ စားစရာတောင် မရှိလို့ အိမ်နီးနားချင်းတွေရဲ့ အကူအညီနဲ့ ရုန်းကန်ခဲ့ရတာ။ သူက လယ်သမား သားသမီးလို့ အမည်ခံပြီး တကယ်တမ်း ကျတော့ လယ်လုပ်သူအနည်းငယ်ရှိတဲ့ ပညာတတ်မိသားစုက ဆင်းသက်လာတဲ့သူမျိုး မဟုတ်ဘူး"
"ချွေ့ယီ... ချွေ့ယီ..."
ရှုရန်မြောင်က တိုးတိုးလေး ရေရွတ်နေမိသည်။
"ဒီနာမည်ကို တစ်နေရာရာမှာ ငါ မြင်ဖူးသလိုပဲ"
ထိုအရာရှိ၏ မျက်ဝန်းအိမ်များမှာ တုန်လှုပ်သွားရပြီး စိုးရိမ်တကြီးဖြင့် အတင်းအကျပ် တားမြစ်လိုက်သည်။
"မ... မစဉ်းစားနဲ့တော့..."
သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ရှုရန်မြောင်သည် ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ရုတ်တရက် အရာအားလုံးကို သတိရသွားတော့သည်။
ထိုအခိုက်အတန့်တွင် ဒေါသထွက်နေသော ဧကရာဇ်၊ စကားလုံးကြွယ်ဝစွာ တင်ပြနေသော ချွေ့ယီနှင့် ဧကရာဇ်၏ ဒေါသကို မရင်ဆိုင်ရဲသဖြင့် တုန်လှုပ်နေကြသော အရာရှိများအားလုံးမှာ ရှုရန်မြောင်၏ စိတ်ထဲမှ ကျယ်လောင် လှသော အသံကြီးကို ကြားလိုက်ကြရသည်။
[ချွေ့ယီ၊ သူက မိန်းမကြောက်ရတဲ့လူ မဟုတ်လား၊ လွန်ခဲ့တဲ့ လဝက်လောက်က သူ အရက်သွားသောက်ပြီး အိမ်မပြန် ခဲ့ဘူးလေ။ သူ့မိန်းမက အိမ်ပြန် နောက်ကျလို့ဆိုပြီး သူ့ကို သေအောင်ရိုက်မယ်လို့ ခြိမ်းခြောက်ပြီး ဒေါသ ထွက်နေတာ။ သူကလည်း အိမ်ရှေ့မှာ သူ့မိန်းမ စောင့်ဖမ်းနေမှာကို ကြောက်လွန်းလို့ အိမ်မပြန်ရဲတော့ဘူး။ နောက်ဆုံး တော့ သူ့မိန်းမနဲ့ မတွေ့ရအောင်ဆိုပြီး ဖျားချင်ယောင်ဆောင်ပြီး အနီးနားက တောင်ပေါ်မှာ တောရ ဆောက်တည်သလိုလို ဘာလိုလိုနဲ့ ရက်အတော်ကြာ ပုန်းနေခဲ့တာလေ]
[မအံ့ဩပါဘူး ... ဒါကြောင့်မို့လို့လဲ ခင်ပွန်းဆိုတာ အိမ်ထောင်ဦးစီးပါ ဆိုပြီး အားရပါးရ အော်ဟစ်နေတာကိုး]
[လူဆိုတာ ကိုယ့်မှာ မရှိတဲ့အရာကိုမှ ပိုပြီး တောင့်တတတ်ကြတာပဲ]