← Chapters

ဒီစောင့်ကြည့်ရေးအမတ်ရဲ့ အစ်ကိုက အမျိုးသား ပြည့်တန်ဆာတွေနဲ့ ပျော်ပါးနေတာပဲ (၁)

Vol. 1 Ch. 15

ဒီစောင့်ကြည့်ရေးအမတ်ရဲ့ အစ်ကိုက အမျိုးသား ပြည့်တန်ဆာတွေနဲ့ ပျော်ပါးနေတာပဲ (၁)

Vol. 1 Ch. 15

တိတ်ဆိတ်သွားသည်။

တစ်လောကလုံး တိတ်ဆိတ်သွားသကဲ့သို့ပင်။

လေးလံလှသော တိတ်ဆိတ်မှုကြီးက ညီလာခံ တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။

ဧကရာဇ်အိုကြီး၏ ပြင်းထန်လှသော ဒေါသမာန်များပင် ခေတ္တရပ်တန့်သွားပြီး သူ၏အကြည့်မှာ ချွေ့ယီ၏ မျက်နှာထံသို့ ထူးဆန်းစွာ စိုက်ကြည့်နေမိသည်။

ချွေ့ယီနှင့် ရင်းနှီးသော ဝန်ကြီးအချို့မှာမူ သူ့ဘက်မှ ခုခံ ကာကွယ် ပေးချင်သော်လည်း မည်သည့်စကားလုံးကို သုံးရမည်မှန်း မသိတော့သဖြင့် ဆွံ့အနေကြရသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ဦးနှောက်ထဲတွင်လည်း အလိုလို အတွေးဝင်လာကြသည်။

*အံ့ဩစရာ မရှိတော့ဘူးပဲ၊ ငါတို့ သူ့အိမ်ကို သွားလည်တုန်းက သူ့မိန်းမက သူ နေမကောင်းလို့ ဧည့်မခံနိုင်ဘူးဆိုပြီး ငြင်းလွှတ်လိုက်တာ။ တကယ်တော့ သူက အိမ်မှာတောင် ရှိမနေတာကိုး*

စစ်မက်ရေးရာ ဝန်ကြီးက ဘေးနားရှိ မှင်တက်နေသော အိမ်ထောင်စုရေးရာ ဝန်ကြီးကို လှည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။

"ကျွန်တော် မှတ်မိသေးတယ်။ သူ ဖျားလို့ခွင့်ယူပြီး ပြန်လာတုန်းက ချွေ့ယီရဲ့ ဘယ်ဘက်မျက်လုံးက ညိုမည်း နေပြီး၊ ညာဘက်ပါးမှာလည်း ကုတ်ရာကြီးနဲ့။ နှုတ်ခမ်းကလည်း ပေါက်နေသလို ညာဘက် လက်ကောက်ဝတ် မှာလည်း အညိုအမည်းစွဲနေတာ"

အိမ်ထောင်စုရေးရာ ဝန်ကြီးက သူ့ကို အံ့ဩတကြီး ကြည့်လိုက်သည်။

*ဒီလူကတော့ တကယ့်ကို မှတ်ဉာဏ်ကောင်းတာပဲ။ လွန်ခဲ့တဲ့ လဝက်က ချွေ့ယီ ဘယ်နေရာတွေမှာ ဒဏ်ရာ ရခဲ့တယ် ဆိုတာကို အတိအကျ မှတ်မိနေတာပဲ*

အံ့ဩပြီးနောက်တွင် သူသည်လည်း စိတ်ပါလက်ပါဖြင့် ထိုစကားဝိုင်းထဲသို့ ဝင်ရောက်လာသည်။

"ဟုတ်ပါရဲ့ဗျာ။ သူပြောတုန်းကတော့ အိမ်မှာ အုတ်ခဲတစ်လုံး ပြုတ်ကျလို့ အိမ်က ရက်ကွန်းဝံတွေ လန့်ပြီး သူ့မျက်နှာကို ကုတ်မိတာတဲ့။ သူကလည်း ပျာပျာသလဲနဲ့ လှမ်းအဆွဲမှာ ခြေချော်ပြီး မျက်နှာနဲ့ ထိမိသွားတာဆိုပဲ"

စစ်မက်ရေးရာ ဝန်ကြီး: "ဒါကြီးက... ဒီလိုဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"

အိမ်ထောင်စုရေးရာ ဝန်ကြီး : "အိမ်က ကျားမရဲ့ လက်ချက်ကိုး"

ထိုနှစ်ဦးမှာ အကြည့်ချင်း ဆုံလိုက်ကြပြီးနောက် လူယုတ်မာ အကြံတူသကဲ့သို့ ပျော်ရွှင်မြူးထူးစွာဖြင့် တူတူ ရယ်မော လိုက်ကြတော့သည်။

ထိုအတောအတွင်း ရှုရန်မြောင်၏ အတွေးသံကြောင့် အထိနာသွားသော ချွေ့ယီမှာမူ တည်ငြိမ်သော အမူအရာကို ဆက်လက်ထိန်းထားဆဲပင်။

"တတိယအချက် အနေနဲ့ကတော့"

သူသည် ယခင်ကတည်းက ဤသို့ပြောရန် စီစဉ်ထားသည့်အလား ပြတ်သားလှသော လေသံဖြင့် ဆက်ပြော လိုက်သည်။

"ဒါပေမဲ့ တော်ဝင် အာဏာစက်ရဲ့ သိက္ခာကိုတော့ ထိပါးလို့ မရပါဘူး။ တခြားသူတွေ အသက်ဘေးက လွတ်မြောက် နိုင်ပေမဲ့ လျိုယီကိုတော့ လောကကြီးကို သတိပေးတဲ့အနေနဲ့ သေဒဏ်ပေးသင့်တယ်လို့ ကျွန်တော်မျိုး ယုံကြည် ပါတယ် ဘုရား"

သူ၏ စကားလုံးများမှာ ဖြောင့်မတ်မှန်ကန်လှပြီး တည်ငြိမ်ရဲဝံ့ကာ မိုးခြိမ်းသံကဲ့သို့ပင် ဟိန်းထွက်နေတော့သည်။

ရှုရန်မြောင်မှာမူ အံ့အားသင့်နေလေ၏။

[အဆင့် ၄ ရာထူးအထိ တက်လှမ်းနိုင်တဲ့သူဆိုတာ ဒီလိုအရည်အချင်းမျိုး ရှိရတာကိုး၊ အခြေအနေအရ လေယူ ရာယိမ်း တတ်တာ တကယ့်ကို ထူးချွန်လွန်းတယ်]

အခြားစောင့်ကြည့်ရေးအမတ်များ၏ သွယ်ဝိုက်သော အကြည့်များနှင့် တစ်ခါတစ်ရံတွင် ပေါ်ထွက်လာသော အထင်သေးမှုများကို ရင်ဆိုင်နေရသော်လည်း ချွေ့ယီမှာမူ အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိပေ။

*ဘာလေယူရာယိမ်းတာလဲ၊ အဲ့ဒါက ဘာကြီးလဲ၊ အထင်သေးခံရတာနဲ့ ပတ်သက်လို့ကတော့...*

ချွေ့ယီသည် စိတ်ထဲမှ သွားကြိတ်ရင်း နှာခေါင်းရှုံ့လိုက်မိသည်။

*နေနှင့်ဦးပေါ့ ... မကြာခင် မင်းတို့အလှည့် ရောက်လာမှာပါ*

"အရှင်မင်းကြီး"

အခြား စောင့်ကြည့်ရေး အမတ်တစ်ဦးမှာ မြွေဟောက်တစ်ကောင်ကဲ့သို့ ခေါင်းကို မော့ကာ ချွေ့ယီအား အထင် သေးစွာဖြင့် တစ်ချက်ကြည့်ပြီးနောက် ရှေ့သို့ တိုးထွက်လာခဲ့သည်။ သူ၏စကားလုံးများမှာ တစ်ဖက်လူကို ထိခိုက်စေလိုသော အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသည်။

"ကျွန်တော်မျိုးကတော့ အခြားသူတွေလို လျှို့ဝှက်ချက်တွေကို ဖုံးကွယ်မထားတတ်ပါဘူး ဘုရား"

ရှုရန်မြောင်သည် သူ၏ ပါးကို ကုတ်လိုက်ရင်း ဤစကားကို တစ်မျိုးကြီး ခံစားလိုက်ရသည်။ ၎င်းမှာ သူတို့ ရောက်ရှိ နေသည့် အခြေအနေနှင့် လုံးဝကို ကိုက်ညီမှုမရှိသလိုပင်။

*ချွေ့ယီရဲ့ လေယူရာယိမ်းတတ်သော ပရိယာယ်များကနေ "ကျွန်တော်မျိုးကတော့ လျှို့ဝှက်ချက်တွေ ဖုံးကွယ် မထားတတ်ပါဘူး" ဆိုတဲ့ အသုံးအနှုန်းကို ဘယ်လိုများ ရုတ်တရက် ရောက်သွားရတာလဲ*

[အခုမှပဲ ငါ သဘောပေါက်တော့တယ်]

ရှုရန်မြောင်သည် တစ်စုံတစ်ခုကို သိရှိသွားသည့်အလား မျက်ဝန်းများ ဝင်းလက်သွားပြီး စိတ်ထဲမှ လက်သီးကို လက်ဝါးနှင့် ရိုက်ကာ ကျေနပ်သွားတော့သည်။

[ခုနက ငါ သတိမထားမိလိုက်တဲ့ အချိန်မှာ ဧကရာဇ်အိုကြီးက ချွေ့ယီကို တစ်ခုခုနဲ့ ခြိမ်းခြောက်လိုက်တာ ဖြစ်ရမယ်။ ချွေ့ယီ ခမျာ အကျပ်ကိုင်ခံလိုက်ရတာပဲ]

[ပြီးတော့ အခု ဒီအမတ်အသစ်ကလဲ ချွေ့ယီ ခြိမ်းခြောက်ခံလိုက်ရတာကို မြင်သွားတော့ သူကတော့ ဒီလို ခြိမ်းခြောက်မှု တွေကို မကြောက်ဘူးဆိုတာ ဧကရာဇ်ကို သက်သေပြဖို့ ရှေ့ထွက်လာတာပေါ့]

ချွေ့ယီ : “…”

*တွေးတောပုံ လုပ်ငန်းစဉ်ကတော့ မှန်ပါရဲ့၊ ဒါပေမဲ့ ပစ်မှတ်ကတော့ လွဲနေပြီကွ*

ဧကရာဇ်အိုကြီး : “…”

*အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲ၊ မင်းကသာ အပြစ်ရှိနေတဲ့သူပါ၊ သူများပေါ် လာပုံမချနဲ့၊ လက်အောက်ငယ်သားက ကျူးလွန်တဲ့ အပြစ်ကို ဧကရာဇ်က ခေါင်းခံရတယ်ဆိုတာ သမိုင်းမှာ မရှိခဲ့ဖူးဘူး)

ဧကရာဇ်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ တရစပ် စီးဆင်းသွားကာ တုံ့ပြန် ပြောဆိုချင်စိတ်များမှာလည်း ထိန်းမနိုင် သိမ်းမရ ဖြစ်နေတော့သည်။

ထိုအမတ်အသစ်မှာမူ အမူအရာအားဖြင့် ရိုသေဟန် ရှိသော်လည်း ပြောဆိုသော လေသံမှာ အလွန်ပင် ပြင်းထန်လှသည်။

"ကျွန်တော်မျိုး ယုံကြည်တာကတော့ မင်းသမီးက တော်ဝင်မျိုးနွယ် ဖြစ်ပေမဲ့၊ လက်ထပ်ပြီးတဲ့နောက်ပိုင်း သူမ ဖခင်ရဲ့ အာဏာကို အသုံးချပြီး ခင်ပွန်းအပေါ် မတရားမပြုသင့်ပါဘူး။ 'ယောကျ်ားဟာ ယန် ၊ မိန်းမဟာ ယင်၊ ယောကျ်ားဟာ ခိုင်မာပြီး မိန်းမဟာ နူးညံ့ရမယ်' ဆိုတဲ့ စကားအတိုင်းပါပဲ။ ခင်ပွန်းကို ရိုသေရမှာဖြစ်ပြီး ဇနီးက နာခံရမှာဟာ ရှေးရိုးစဉ်လာ လမ်းစဉ်ပဲ ဖြစ်ပါတယ်"

"အတိတ်တုန်းက ထိုက်ကျုံး ဧကရာဇ်က သမီးတော် ဖန်းလင် မင်းသမီးကို အလွန် ချစ်မြတ်နိုးခဲ့ပေမဲ့၊ မင်းသမီးက အချစ်တော်တွေ အများကြီးထားပြီး ခင်ပွန်းကို အရှက်ခွဲခဲ့ပါတယ်။ ဒီကိစ္စ ပေါ်ပေါက်လာတဲ့အခါမှာတော့ အဲ့ဒီ အချစ်တော်တွေကို ကွပ်မျက်တာ ဒါမှမဟုတ် နယ်နှင်ဒဏ်ပေးခဲ့ပြီး မင်းသမီးကိုလဲ အကျဉ်းချခဲ့ပါတယ်"

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ချူမင်းဆက်တုန်းကလဲ ဧကရီ မယ်တော်ကြီးက တန်ယန် မင်းသမီးအတွက် နာမည်ကျော် စစ်သူကြီး တစ်ဦးကို ကြင်ဖက်အဖြစ် ရွေးချယ်ပေးခဲ့ပေမဲ့ မင်းသမီးက သူ့ကို မနှစ်သက်လို့ လက်ထပ်ပြီး ခြောက်လ ကြာတဲ့အထိ အတူမနေခဲ့ပါဘူး။ ဧကရာဇ်က ဒါကို ကြားသိရတဲ့အခါ ဇနီးဝတ္တရားနဲ့ မညီညွတ်ဘူးလို့ ယူဆပြီး သူတို့ကို ကွာရှင်းဖို့ အမိန့်ချမှတ်ခဲ့ပါတယ်"

"အရင်က ဧကရာဇ်တွေတောင်မှ မင်းသမီးတစ်ပါးက ဇနီးဝတ်တရားကို လိုက်နာရမယ်၊ အကျင့်စာရိတ္တ ကောင်းမွန်ရမယ်၊ နူးညံ့ရမယ်၊ ရိုသေရမယ်၊ အိမ်ထောင်မှုကို ကောင်းမွန်စွာ စီမံရမယ်ဆိုတာကို နားလည် ခဲ့ကြပါတယ်။ အခု အရှင်မင်းကြီးကတော့ အတိတ်က အားနည်းတဲ့ ဧကရာဇ်တွေထက်တောင် ဆိုးရွားစွာနဲ့ လင်မယားကြားက ရန်ပွဲတွေမှာ ဝင်ပါပြီး ခင်ပွန်းကို အမိန့် မနာခံတဲ့အတွက် အပြစ်ပေးနေတော့မှာလား ဘုရား"

ထိုစကားများအဆုံးတွင်တော့ အံ့ဩမှင်တက်သွားသော အသံတစ်သံ ထွက်ပေါ်လာသည်။

[ဝါး]

ဧကရာဇ်အိုကြီးသည် ထိုအမတ်ကို ထရိုက်ရန် ပြင်လိုက်သော်လည်း ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် လှုပ်ရှားမှုကို ရပ်တန့်ကာ အေးအေးဆေးဆေးပင် ပြန်လည်ထိုင်လိုက်တော့သည်။

...

အမတ်သစ် စကားပြောပြီးနောက် ရှုရန်မြောင်က စစ်မက်ရေးရာ ဝန်ကြီးဌာနက အရာရှိကို ထပ်မံ တို့လိုက်ပြန်သည်။

"ဒီတစ်ယောက်ကကော ဘယ်သူလဲ"

စစ်မက်ရေးရာ ဝန်ကြီးဌာနက အရာရှိက သူ၏ မျက်ရည်များကို သုတ်လိုက်သည်။

"ရှုလန်၊ ကျွန်တော် ဒီသတင်းကို ပြောပြတဲ့အတွက် နောင်တစ်ချိန်မှာ ကျွန်တော့်အတွက် အုတ်ဂူလေး တစ် ခုလောက်တော့ တည်ပေးဖို့ မမေ့ပါနဲ့ဦးဗျာ"

ရှုရန်မြောင်မှာ ဇဝေဇဝါဖြင့် မျက်တောင်တခတ်ခတ် ဖြစ်သွားရသည်။

စစ်မက်ရေးရာ ဝန်ကြီးဌာနက အရာရှိသည် စိတ်အားထက်သန်စွာ ရှေ့သို့တိုးကာ ပြုံးလိုက်သည်။

"ဒီအဘိုးကြီးရဲ့ နာမည်က ဝမ်ရှင်းယီတဲ့။ သူ့အစ်ကိုက မင်းသားတစ်ပါးရဲ့ ကိုယ်ရံတော် အရာရှိ ဖြစ်ပြီး၊ သူ့သား ကတော့ အရှင်မင်းကြီးရဲ့ ၁၈ ပါးမြောက် သမီးတော်နဲ့ လက်ထပ်ထားတာဗျ"

ရှုရန်မြောင်က နားလည်သွားသည့်အလား ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

[အခုမှပဲ အားလုံးက အဓိပ္ပာယ်ရှိသွားတော့တယ်]

ဤမျှလောက် အသေးစိတ်ကျသော အချက်အလက်များ ရှိနေပြီဆိုလျှင် စနစ်ထဲမှ အတင်းအဖျင်း သတင်းများကို ရှာဖွေရန်မှာ ပို၍ပင် လွယ်ကူသွားချေပြီ။

[ဝါး]

ရှုရန်မြောင်၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး အပြင်ပန်းတွင် ညီလာခံကို အာရုံစိုက်နေဟန် ဆောင်ထား သော်လည်း တကယ်တမ်းမှာမူ အတွင်း သတင်းများကို အားရပါးရ အရသာခံနေတော့သည်။

[အံ့ဩစရာ မရှိတော့ပါဘူး၊ ဒီလူက မင်းသမီးဆိုတာ ခင်ပွန်းရဲ့ အာဏာကို နာခံရမယ် ဆိုတာကို ဒီလောက်တောင် အတင်းအကျပ် ပြောနေတာကိုး။ အကြောင်းကတော့ ရှန်းယန် မင်းသမီးက သူ့ကို တစ်ခါမှ မျက်နှာသာ မပေးခဲ့လို့ပဲ]

စောစောကပင် စိတ်မသက်မသာ ဖြစ်နေသော မင်းသမီး ဝမ်ရှို့မှာမူ ရှုရန်မြောင်အား ကြောင်စီစီဖြင့် စိုက်ကြည့် နေမိသည်။

မနေ့က သမက်တော်၏ အိမ်တော်မှ ပြန်လာပြီးနောက် သေချာစွာ စဉ်းစား လေ့လာ ကြည့်ရာတွင် သူမ သိလိုက် ရသည်မှာ ရှုရန်မြောင်ဆီမှ ထွက်ပေါ်နေသော အသံမှာ ဝမ်းဗိုက်ဖြင့် စကားပြောသည့် ပညာ မဟုတ်ဘဲ သူ၏ စိတ်ကူး အတွေးများသာ ဖြစ်နေခြင်းပင်။

ယခုမူ သူ၏ အတွေးများက သူမ၏ ၁၈ ယောက်မြောက် ညီမတော် အကြောင်းသို့ ရောက်ရှိသွားချေပြီ။

"ရှန်းယန်..."

မင်းသမီးဝမ်ရှို့သည် ဧကရီသော်ကို သတိရလိုက်မိသည်။

စာစဉ် ၁ ပြီးပါပြီ။

All Chapters