အခန်း (၉၅၃-၉၅၆)
Vol. 49 Ch. 953-956
အခန်း ၉၅၃၊ ပုလ္လင်လုခြင်း
သို့သော် ကျန်းကျင်လု ကြားပုံအရဆို သူ့ရဲ့ဆရာတူအစ်မက သူ့အားရည်ရွယ်ချက်ရှိရှိ ထောက်ပြနေတဲ့ပုံပေါက်နေလေသည်။
သေချာစဥ်းစားကြည့်ပြန်လျှင်လည်း သူမ ပြောတာမှန်ပေ၏။ သူဟာ စကား အပြောအဆိုမတတ်သူတစ်ယောက်ဖြစ်ကာ သူတောင်မသိဘဲ လူတွေကိုမကြာခဏ အပြစ်လုပ်မိတတ်သည်။ နောင်အနာဂတ်မှာလည်း ဒီလိုသာဆက်ဖြစ်နေလျှင် သူတောင်မသိဘဲ လူတွေကို ဒေါသထွက်မိအောင်လုပ်မိနိုင်ချေများပေသည်။ ထိုအချိန်ကျလျှင် သူ့ရဲ့အရာရှိအလုပ်ပါ အခက်တွေ့ရပေလိမ့်မည်။
“ကျွန်တော်သိပါတယ်.. ဒါပေမဲ့. အစ်မ.. လူတွေကို ဘယ်လိုချီးကျူးရမလဲ ကျွန်တော် တကယ်မသိတာ.. ကျွန်တော် ဘာလုပ်သင့်လဲ”ကျန်းကျင်လု မေးသည်။
သူ့ရဲ့စကားဆုံးသည်နှင့် ကျောက်ရွှမ်ကျင်းရောက်လာကာ ကျန်းကျင်လုအား စူးစိုက်ကြည့်သည်။ ထို့နောက် သူတို့နှစ်ယောက်ကြား လျှောက်သွားပြီး “စားဖိုဆောင်ကို အဆာပြေမုန့်တွေလုပ်ဖို့ပြောထားတယ်၊ အရသာရှိတယ်။ စားကြည့်ဦးမလား”
“အင်း၊ ဒါပေမဲ့ အရင်ဖြေရှင်းရမယ့် ကိစ္စလေးတွေရှိနေသေးလို့” ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။
“အတူတူလုပ်ရအောင်လေ” ကျောက်ရွှမ်ကျင်းက ပြန်ဖြေလိုက်ကာ “ခုနက နှစ်ယောက်သား ဘာအကြောင်းပြောနေကြတာလဲ”
“ကျ..ကျွန်တော်က စကာအပြောအဆိုမတတ်ဘူးလို့ခံစားရလို့။ တခြားသူတွေ အဆင်ပြေအောင်
ဘာပြောရမလဲ ကျွန်တော်မသိဘူး..” အိမ်ရှေ့စံမင်းသားအား မျက်နှာချင်းဆိုင်ထားရသည့် ကျန်းကျင်လု၏ အသံတို့က ပိုပြီးအားပျော့လာကာ တရိုတသေဖြစ်နေသည်။
နောင်တစ်ချိန်မှာ ရာဇပုလ္လင်ကိုဆက်ခံရမည့် အိမ်ရှေ့စံမင်းသားအကြောင်းတွေးမိသည့်အခါ သူ့ရှေ့ကလူဟာ သူ့ရဲ့ဆရာတူအစ်ကိုတစ်ယောက်မဟုတ်၊ သူ့ရဲ့ခေါင်းဘယ်နေရာမှာရှိမလဲဆိုတာ ထိန်းချုပ်နိုင်သည့်သူတစ်ယောက်ဖြစ်ကာ ရန်စလို့မသင့်သူတစ်ယောက်ဖြစ်ပေသည်။
သူ့အစ်မကို အပြစ်လုပ်မိလျှင်တောင် ညှိုနှိုင်းလို့ရချင်ရဦးမည်။ အိမ်ရှေ့စံမင်းသားကို အပြစ်လုပ်မိလျှင်တော့ နတ်ဘုရားတောင် ဆင်းကယ်နိုင်မည်မဟုတ်ပေ။
“ငါနဲ့ ဆရာတူအစ်မကို မှတ်ချက်ပေးကြည့်
နားထောင်ကြည့်မယ်” ကျောက်ရွှမ်ကျင်းက ဆိုသည်။
ကျန်းကျင်လုခမျာ ဖော်မပြနိုင်လောက်အောင် စိတ်လှုပ်ရှားသွားရပြီး သူ့နှလုံးက လည်ချောင်းမှာတစ်ဆို့နေသည့်အလား။
ဤအခိုက်အတန့်၌ သူ့ကိုယ်သူ ရုံးတော်စာမေးပွဲဆီ အချိန်စောသွားပြီး ဧကရာဇ် သို့မဟုတ် တော်ဝင်မိသားစု၏ ပညာရှိမှုအကြောင်း လေလုံးထွားချင်နေသူတစ်ယောက်ပမာ ခံစားလိုက်ရသည်။
အရှင့်သားသည် သူ့ရဲ့ဆရာတူအစ်ကိုတစ်ယောက်ဖြစ်ပေမဲ့ သူတို့နှစ်ယောက်က အကြိမ်အနည်းငယ်မျှသာ တွေ့ဖူးသည်။ နောက်ပြီး အိမ်ရှေ့စံမင်းသားဟာ အင်မတန်အလုပ်များပြီး နန်းတွင်းရေးရာဖြေရှင်းစရာများစွာလည်း ရှိနေသူတစ်ယောက်။
“ အရှင့်သားက.. ဘက်စုံထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပြီး ပြည်သူပြည်သားတွေကို ချစ်မြတ်နိုးတဲ့ နှလုံးသားရှိတဲ့သူပါ။ အရှင့်သားက ညှာတာထောက်ထားတတ်ပြီး သဘောထားကြီးတဲ့သူတစ်ယောက်။ သူရဲကောင်းတစ်ယောက်ရဲ့ နှလုံးသားမျိုးရှိတဲ့သူပါ…” ဘာပဲဖြစ်ဖြစ် ကျန်းကျင်လုသည် စာစဥ်တစ်စောင်ရေးသားနေခြင်းမဟုတ်၍ မြှောက်ပင့်ပြောဆိုဖို့သာတတ်နိုင်သည်။
“ဟားဟား…” ကျောက်ရွှမ်ကျင်း ရယ်မိသွားသည်။
ရှဲ့ချောင်လည်း အလားတူပင်။
“ငါဘယ်သူလဲဆိုတာ ကြည့်ပါဦး။ ငါက လူတွေကိုချစ်တဲ့နှလုံးသားရှိပြီး သဘောထားကြီးတဲ့သူ
တစ်ယောက်… ငါက ထီးနန်းလုဖို့ တိတ်တဆိတ်ကြံစည်နေတယ်ထင်နေတာလား။ ခမည်းတော်ကို မောင်းထုတ်ပြီး သူ့နေရာကို ယူဖို့လေ?” ကျောက်ရွှမ်ကျင်းက ပြုံးလျက်မေးသည်။
ကျန်းကျင်လု၏ ခြေထောက်တို့ ပျော့ခွေသွားရကာ ချက်ချင်း ဒူးထောက်လိုက်သည်။ “ကျွန်တော် မလုပ်ရဲပါဘူး”
“ငါတို့က အတူတူသွား အတူတူစားတဲ့သူတွေလေ။ မင်းက ငါ့ရဲ့ ဆရာတူညီတစ်ယောက်။ ငါက မင်းကို ပြောခိုင်းမှတော့ နားထောင်ရခက်တဲ့စကားလုံးတွေမျိုးမဟုတ်ပဲနဲ့
အရှိကိုအရှိတိုင်းပဲပြောသင့်တာပေါ့။”
ကျောက်ရွှမ်ကျင်းက ဒေါသထွက်သွားတာမျိုးမရှိဘဲ သူ့ကိုကြည့်၍ “ထတော့ ငါမင်းကို စကားလေးပဲပြောခိုင်းရုံရှိသေးတာတောင် ပျာယာခတ်နေပြီ။ ပီုပြီးသင်ယူဖို့လိုသေးတယ်”
ကျန်းကျင်လု၏ နဖူးထက်၌ ချွေးစေးများပြန်နေလျက်။
သူ ဒူးမထောက်ချင်ပေမဲ့ “ထီးနန်းလုသည်” ဟူသည့် စကားက သူ့ကို တကယ်လန့်သွားစေသည်။
မတ်တပ်ထရပ်ပြီးနောက် ကျန်းကျင်လုသည် နဖူးထက်က ချွေးကိုသုတ်ကာ သေချာစဥ်းစားကြည့်လိုက်၏။
ဆရာတူညီတစ်ယောက်ရဲ့ ရှုထောင့်ကနေ…
“ကျွန်တော်ဆရာ့ဆီကနေ ကြားထားတာက.. ဆရာတူအစ်ကိုက ငယ်ငယ်လေးကတည်းက ထက်မြက်တဲ့သူတစ်ယောက်၊ ဂိုဏ်းကိုဝင်လာတဲ့အချိန်ကတည်းက အရည်အချင်းပြည့်နေပြီးသား ဒါပေမဲ့ ဒီလိုအရည်အချင်းတွေက ကောင်းကင်ပေါ်ကနေ ကျလာခဲ့တာမဟုတ်ဘူး။
ကြိုးကြိုးးစားစား လေ့လာသင့်ယူခဲ့တာတွေ။ ဆရာတူအစ်ကိုက တော်ဝင်မျိုးနွယ် ကျောင်းသားတစ်ယောက်ဖြစ်ပေမဲ့ သင်ယူလိုစိတ်က ကျွန်တော်လို ဆင်းရဲသားတစ်ယောက်ထက်တောင် ပိုပြီး ပြင်းပြသေးတယ်။ ကိုယ့်ကိုကိုယ်လည်း အရမ်းစည်းကမ်းတင်းကျပ်တယ်။ စာဖတ်ရတာ သဘောကျတာဖြစ်နိုင်သလို လောကကြီးက လူတွေအတွက် စာဖတ်တယ်။ ဒီလောက်နှစ်တွေကြာတောင် ပျင်းရိတာမျိုးမရှိခဲ့ဘူး။ ဒါက ကျွန်တော်အလေးစားရဆုံးအချက်ဖြစ်ခဲ့တာ” ကျန်းကျင်လုက အမှန်အတိုင်းပြောဖို့အတွက် အစွမ်းကုန်ကြိုးစားထားသည်။
“အင်း.. ငါတို့က ပင်ကိုယ်ဥာဏ်ကောင်းနေရုံနဲ့ လုပ်နိုင်တာဘာမှမှမရှိတာ။ နည်းနည်းလောက်လေး ပိုပြီးကြိုးစားလိုက်ရင်ကို တခြားသူတွေ ငါတို့ကိုမှီနိုင်မှာမဟုတ်တော့ဘူး” ကျောက်ရွှမ်ကျင်းက သက်ပြင်းအသာချသည်။
ကျန်းကျင်လု၏ နှုတ်ခမ်းထောင့်စွန်းတို့ လှုပ်သွားခဲ့သည်။
အဲဒီတခြားသူတွေထဲမှာ သူလည်းပါတယ်ဟုတ်?
သူ့က စာဖတ်ခြင်းစွမ်းရည်မှာ အင်မတန်ပါရမီရှိသူဟု သတ်မှတ်လို့ရတဲ့သူတစ်ယောက်ဖြစ်၏။ သို့မဟုတ်လျှင်..ဆရာက သူ့ကို လက်ခံခဲ့မှာမဟုတ်.. သို့သော် သူ့ရဲ့ဆရာတူအစ်ကို အိမ်ရှေ့စံမင်းသားကတော့ အခြားသူတွေ လိုက်မမီနိုင်တဲ့နေရာမှာ ရှိနေတာပင်…
••••
အခန်း ၉၅၄။ အဖြေ
ကျောက်ရွှမ်ကျင်းသည် တော်တော်လေး အရေထူသူတစ်ယောက်ဖြစ်၏။ သူ့အား ချီးကျူးခိုင်းပြီးသည့်နောက် “ ဆရာတူအစ်မကို ချီးကျူးလိုက်”
ကျန်းကျင်လုမှာ တကယ်ကိုအကျပ်ရိုက်သွားရသည်။
သူ့အစ်မအား ငယ်ငယ်လေးကတည်းက အမွှန်းတင်လာခဲ့တာဖြစ်ပြီး တော်တော်များများလည်း ပြောလို့ပြီးနေလေပြီ။ ထိုအချိန်တုန်းက သူ့ဆရာကိုသာပြောပြခဲ့ခြင်းဖြစ်ကာ စကားလုံးများက အင်မတန်ရိုးရှင်းလွန်းသည်။ ရုပ်ရည်သွင်ပြင်၊ ၊အမူအရာ၊ အရည်အချင်း - ဤအချက်သုံးချက်ကိုသာ ဦးတည်ရည်ညွှန်းခဲ့၏။
စကားတိုင်းက ကြွားဝါးပြောဆိုခြင်းတွေချည်း
သာ။ သူမက မြို့တွေကို အနိုင်ယူ ပြည်ကို ဖျက်စီးနိုင်သည်ဟူသော စကားများအထိ ပြောဖို့ဝန်မလေးခဲ့သူဖြစ်ပြီး သံသယမရှိ ယုံကြည်ခဲ့သည်။
သိုသော် အခုတော့…
သူဟာ ဆရာတူအစ်မအစစ်အားရင်ဆိုင်နေရတာဖြစ်ပြီး စိတ်ကူးထဲကသူမဟုတ်တော့။
မြို့တွေကို အနိုင်ယူ ပြည်ကို ဖျက်စီးနိုင်သည်ဟုသာ ပြောလိုက်လျှင် တကယ်ဒုက္ခရောက်သွားလိမ့်မည်။
“ဆရာတူအစ်မ….”ကျန်းကျင်လုခမျာ ကျဥ်းထဲကျပ်ထဲရောက်နေလေသည်။ သူ ချီတုံချတုံဖြစ်နေစဥ် သူ့အစ်မရဲ့ မကျေမချမ်းအကြည့်ဖြင့်
ကြည့်နေပုံကိုမြင်ပြီး ရှေ့နော်ကမစဥ်းစားဘဲ ပြောချလိုက်သည်။ “ဆရာတူအစ်မက ပုံမှန်နဲ့မတူအောင်ကို ခက်ထန်တဲ့သူ…”
“မဟုတ်ဘူး… ကျွန်တော်ပြောချင်တာက…” ကျန်းကျင်လု စိတ်လှုပ်ရှားနေပြီး “ကျွန်တော်ပြောချင်တဲ့သဘောက ဆရာတူအစ်မက အရမ်းသတ္တိရှိတယ်၊ မကောင်းဆိုးဝါးဝိဥာဥ်တွေနဲ့တောင် ဆက်သွယ်နိုင်တယ်၊ နောက်ပြီး အစ်မက ကြင်နာတတ်တဲ့သူ၊ မကောင်းဆိုးဝါးဝိဥာဥ်တွေရဲ့ ဆန္ဒပြည့်ဖို့ကိုလည်း ကူညီပေးသေးတယ်။ အစ်မရဲ့အကျင့်စရိုက်က အေးတိအေးစက်နိုင်ပေမဲ့ ဆရာတူမောင်တွေကိုလည်း ဂရုစိုက်ပေးသေးတာ။ အစ်မ ဘယ်လောက်ထိကြင်နာတတ်လဲ ကျွန်တော်သိတာပေါ့”
ထိုသို့ပြောပြီးနောက် ကျန်းကျင်လု တံတွေးမျိုချကာ အရိုက်ခံရမှာကြောက်နေလေသည်။
“ခက်ထန်သည်”ဟူသည့် စကားလုံးအား သူမပြောလို့မရ။
“မင်းအတွက် ဒီစကားတွေပြောဖို့ တော်တော်ခက်ခဲမှာပဲ” ရှဲ့ချောင်က ခနဲ့လိုက်သည်။
“အမှန်တွေပဲလေ။ ဆရာတူအစ်မက ကျွန်တော်တွေ့ဖူးသမျှ သူတွေထဲမှာ အထူးခြားဆုံးပဲ”
ကျန်းကျင်လုက ရိုးရိုးသားသားပြောသည်။
ရှဲ့ချောင်အတွက် “ထူးခြားသည်” ဆိုတဲ့စကားက ကောင်းတယ်အဓိပ္ပာယ်လို့မခံစားရ။ သို့သော် ဒီကလေးလည်း အလားတူပင်။
“ဒီလောကကြီးမှာ မကောင်းဆိုးဝါးဝိဥာဥ်တွေရှိတယ်လို့ ယုံလား?” ရှဲ့ချောင်က ခပ်တိုးတိုးမေးလိုက်သည်။
“ထင်..ပါတယ်” ကျန်းကျင်လုက ခါးသီးစွာပြုံးရင်း “ဒါပေမဲ့.. အခွင့်အရေးရှိတယ်ဆိုရင်.. ကိုယ်တိုင် ကြည့်ကြည့်နိုင်ဖို့ မျှော်လင့်မိတယ်”
“ရတာပေါ့။ နွားမျက်ရည်ကိုသာ သွားရှာလာခဲ့။ မင်းကြည့်လို့ရအောင် ကောင်းကင်ဘုံမျက်လုံးကို ဖွင့်ပေးမယ်” ရှဲ့ချောင်က ချက်ချင်းပြောလိုက်သည်။
“နွားမျက်ရည်” ကျန်းကျင်လု သိချင်မိသွားသည်။
“တစ်သက်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရပြီး သေရတော့မယ့် နွားအိုတစ်ကောင်ရဲ့မျက်ရည်” ရှဲ့ချောင်က ထပ်ပေါင်းပြောပြ၏။ “နွားအိုကြီးတစ်ကောင်က သူ့တစ်ဘဝလုံးပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရတယ်။ ငါကြားဖူးတာတော့ သူမသေခင်
မှာ သူ့ရဲ့ဘဝအကြောင်းပြန်တွေးတော့ သူ့ရဲ့မျက်ရည်ကလည်း အရမ်းဝမ်းနည်းဖို့ကောင်းတယ်တဲ့။ နွားမျက်ရည်ရပြီဆို ငါက ဆေးတချို့နဲ့ ရောပြီး မင်းရဲ့မျက်ခွံပေါ်ကို တင်ပေးမှာ။ အဲဒါဆို..မတူညီတဲ့လောကကြီးကို မင်းမြင်ရလိမ့်မယ်”
ရှဲ့ချောင်၏ စကားကိုကြားပြီး ကျန်းကျင်လု၏ စိတ်ခံစားချက်တို့ ရှုပ်ထွေးသွားခဲ့သည်။
တစ်ဘဝလုံးအလုပ်လုပ်ပေးခဲ့ရတဲ့ နွားတစ်ကောင်… သူ အခုတောင် နွားအတွက် စိတ်မကောင်းဖြစ်မိနေလေပြီ။
“ကျွန်တော် ရှာကြည့်လိုက်မယ်” ကျန်းကျင်လုက လေးလေးနက်နက်ခေါင်းညိတ်ကာဆိုသည်။
မှုန်မိုင်းနေတဲ့လေနှင့် ဖယောင်းတိုင်တို့လောက်
ဖြင့် မကောင်းဆိုးဝါးဝိဥာဥ် ရှိမရှိဆုံးဖြတ်ဖို့က လုံလောက်သည်လို့ သူမထင်။
သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်ရမှဖြစ်မည်။
သူရဲ့ဇွဲကောင်းနေတဲ့ပုံကိုမြင်ပြီး သူမဆီမှာကျန်တဲ့ နွားမျက်ရည်တစ်စက်အား သူ့ကိုပေးရကောင်းနိုးနိုးဖြစ်နေ၏။ သို့သော် သူမ မပေးလိုက်နိုင်။ နွားမျက်ရည်စက်က သိပ်ပြီးကျန်တော့တာမဟုတ်။ အခုဆို သူမက အလွန်ဆင်းရဲနေပြီဖြစ်၍ သိမ်းထာတာပိုကောင်းသည်။ ကျန်းကျင်လု သူ့ဘာသာသူရှာလိမ့်မည်!
စကားပြောနေရင်း ခန်းမဆောင်ထဲသို့ ရောက်လာခဲ့သည်။
လူလိမ်အဖိုးကြီးအား အထဲကို ခေါ်ခိုင်းလိုက်၏။
လူလိမ်သည် အိမ်ထဲသို့ဝင်လာ၏။ အထဲကိုရောက်လာလေလေ ဆရာမမော့၏ စွမ်းရည်ကို ယုံကြည်လာလေပင်။
သူမသာ ဆရာတစ်ယောက်မဟုတ်ဘူးဆိုရင် ဒီလိုအိမ်မျိုးမှာ နေနိုင်မှာမဟုတ်ဘူး.. ဟုတ်တယ်မလား?
ဆရာမမော့အား လူကိုယ်တိုင်တွေ့လိုက်ရသည့် လူလိမ်သည် သူမရဲ့အရှိန်အဝါအောက်မှာ ချိုးနှိမ်ခံလိုက်ရသည်။ သူ ချက်ချင်းဒူးထောက်၍ “ ကျွန်တော် ကန်းပြီး ဆရာမကို အပြစ်လုပ်မိပါတယ်။ ဆရာမစိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”
“ယဥ်ကျေးလွန်းနေပါပြီ” ရှဲ့ချောင်က အရေးမလုပ်သည့်ဟန်ဖြင့် ပြောကာ “ရှင် ကျွန်မဆီလာတာ ရှင့်ရဲ့ကံဆိုးမှုတွေကို ဖယ်ပေးဖို့အတွက်မလား”
“ဟုတ်ပါတယ်” လူအိုကြီးက မတ်တပ်ထရပ်ပြီး တုန်ယင်နေသည့် အသံဖြင့် “ ဒီနေ့ ကျုပ်ရဲ့ကံက မကောင်းဘူး။ လူတစ်ယောက်ဆီကနေ အရိုက်ခံရပြီး လက်လည်း ဒဏ်ရာရသွားသည်။ ငွေလည်း ဆုံးရှုံးသွားသေးတယ်။ ပိုက်ဆံက .. အရေးမကြီးပါဘူး.. ဒါပေမဲ့ .. ဆရာမ ကျွန်တော့်သားအကြောင်းပြောသွားတာ တွေးမိလို့.. သူက အပြစ်ကင်းပါတယ်.. သူ အောက်လောကမှာ ခက်ခဲနေမှာမျိုးအဖြစ်မခံနိုင်ဘူး။ ဆရာမ ကျွန်တော့်ကို ကူပြီး ဖြေရှင်းပေးဖို့ မျှော်လင့်ပါတယ်”
••••
အခန်း ၉၅၅။ ဆရာမက ပိုက်ဆံမလိုချင်ဘူး
ရှဲ့ချောင်သည် ခါတိုင်းလိုပင် တည်ငြိမ်နေ၏။ လူလိမ်အဖိုးကြီးအား စုံချည်ဆန်ချည် စိုက်ကြည့်လိုက်သည်။
“ ရှင့်ရဲ့ ကပ်ဆိုးကဖြေရှင်းဖို့ခက်တယ်ရယ်”
ရှဲ့ချောင်က တိုးညှင်းစွာဖြင့် “ ရှင့်စိတ်ထဲကသိမှာပါ၊ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ရှင် မကောင်းမှုတွေဘယ်နှခုလောက်တောင် ကျူးလွန်ခဲ့လဲ သိရဲ့လား”
လူလိမ်အဖိုးကြီးမှာ စိုးထိတ်သွားပြီး “ဆရာ.. ကျုပ် ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ဖူးဘူး၊ ကျုပ်ဆီရောက်လာတဲ့သူတွေက သူတို့ကံဆိုးရတဲ့ အကြောင်းရင်းကို ကူရှာပေးဖို့ မျှော်လင့်ကြတာလေ၊ ကျုပ်သာ သူတို့ကို အမှန်အတိုင်းမပြောပြရင် ကျုပ်ကို ငွေပေးမှာမဟုတ်ဘူး….”
“ဒါတွေအကုန် သူတို့အပြစ်၊ ကျုပ်နဲ့ဘာမှမဆိုင်ဘူး”
ရှဲ့ချောင်၏ အကြည့်တို့ နက်ရှိုင်းသွားသည်။
မှန်ပေ၏။ အနှီအဖိုးကြီးသည် လမ်းပျောက်နေတဲ့သူတွေအတွက် ရိုးရိုးရှင်းရှင်းစကားတွေကိုသာ ပြောခဲ့တာဖြစ်သည်။
ဥပမာ ထိုမိန်းကလေး၏ မိသားစု။ မိသားစု၏ ထောက်တိုင်ဖြစ်တဲ့သူက မကြာခင်သေရတော့မည်။ အကယ်၍ တစ်ယောက်ယောက်ကသာ မိန်းကလေးက ကံဆိုးစေတဲ့သူဟုပြောလျှင် ထိုမိသားစုက လူတွေက ယုံကြည်ကြမလား..
သူတို့သာ ယုံကြည်လိုက်လျှင် မိန်းကလေးသည် အဆုံးသတ်ကောင်းလိမ့်မည်မဟုတ်။ မယုံကြည်
ပြန်လျှင်လည်း မိသားစု၏ ထောက်တိုင်က သေသွားခဲ့သော် မိသားစုဝင်များက သံသယဝင်ကြမှာ အသေချာပင်။ ထိုမိန်းကလေး၏ ဘဝက ဘယ်လိုလုပ် ကောင်းနိုင်မှာလဲ။
ထိုမိန်းကလေးနှင့် အခြေနေတူသည့်သူပေါင်းများစွာရှိသည်။
သူကိုယ်တိုင် လူသတ်ခဲ့တာမဟုတ်သော်လည်း သူ့ကြောင့်သေသွားခဲ့ရသည့်သူတွေရှိသည်။
အခု.. သူ့ကိုလာရှာတဲ့သူ ရှိလာခဲ့လေပြီ..
သို့သော် မိန်းကလေးက ငွေကိုသာ အလိုရှိနေသည်မလို့ တခြားမလိုအပ်တဲ့အရာတွေ သူမ လုပ်မှာမဟုတ်။
“ရှင့်ရဲ့ ပုံပန်းသွင်ပြင်က ကြည့်ကောင်းပေမဲ့ ရှင့်ပါးစပ်က ကြွယ်ဝမှုကို ပြနေတယ်၊ ရှင့်မုတ်ဆိတ်မွေးက နက်နေသေးတော့ ဟန်ဆောင်လို့ရသေးတယ်၊ ဒါပေမဲ့ နောင်တစ်ချိန် မုတ်ဆိတ်ဖြူတဲ့ အဖိုးကြီးတစ်ယောက်ဖြစ်သွားရင် ရှင့်ရဲ့ ကြွယ်ဝမှုကို ထိန်းထားနိုင်မှာမဟုတ်တော့ဘူး၊ကြာရင် ရှင့်မှာ ငွေမရှိတော့ရုံတင်မကဘူး ကျန်းမာရေးကလည်း ကောင်းမှာမဟုတ်ဘူး”
“ရှင့်မျက်လုံးကလည်း ကြည့်ရတာအဆင်မပြေတော့ဘူးမလား”
“ဟုတ်တယ်… နည်းနည်းယားနေတော့ မပွတ်ဘဲ မနေနိုင်ဘူးဖြစ်နေတာ…” လူအိုကြီးက အလျင်စလိုပြန်ဖြေသည်။
“ဒါပဲလေ၊ ရှင်အသက်ကြီးလာတဲ့အချိန်ကျ အမြင်အာရုံလုံးဝပျောက်ဆုံးသွားမှာတောင် စိုးရိမ်ရတယ်၊ ဒီလိုတွေဖြစ်ရတာ ရှင် တစ်ယောက်ယောက်ကိုသေစေခဲ့လို့၊ မထိသင့်တဲ့
ဟာကို သွားပြီးရန်စမိလို့”
ရှဲ့ချောင်ဆက်ပြီး ဖြီးဖြန်းနေလေသည်။
“ဒါဆို ကျုပ်ဘာလုပ်ရမလဲ” လူလိမ်သည်လည်း ကြက်သေသေနေ၏။
ဤဆရာ၏ ခန့်မှန်းချက်များဟာ အင်မတန် တိကျလွန်းသည်။
သူ့မှာ သားတစ်ယောက်ရှိမှန်း ဘယ်သူမှမသိ။ သိတဲ့သူတွေကလည်း အရွယ်ရပြီးသေသူကသေ၊ တချို့ကလည်း မေ့နေကြလေပြီ။
သူ့ရဲ့မျက်လုံးက မသက်မသာဖြစ်ပေမဲ့ သမားတော်ပြသည့်အခါတွင်လည်း ဘာမှထွေထွေထူးထူးမရှိ။ သူ အသက်ရလာတာကြောင့် ရောဂါအသေးမွှားများနှင့် ကံဆိုးတယ်ဟုသာ တွေးမိသည်။
“ရိုးရိုးလေးရယ်၊ ရှင်မတတ်နိုင်ပါဘဲကြောက်တာ”
ရှဲ့ချောင် ပြုံးလိုက်သည်။
သူမ၏ စကားကြောင့် လူလိမ်ခမျာ နှလုံးခုန်မြန်သွားရသည်။
ရောက်လာပြီ..
တစ်ချိန်တုန်းက သူ တခြားသူတွေကိုပြောလေ့ရှိခဲ့တဲ့စကား။ ဘာပဲဖြစ်ဖြစ် ဒါက ကပ်ဆိုးပျောက်စေမည်ဖြစ်လို့ သူ ငွေပေးရမည်ပင်။
လူလိမ်မှာ နှလုံးသားထဲနာကျင်နေမိ၏။ သူ့မှာ ငွေကြေးအမြောက်အများမရှိ။ လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက် ငွေများစွာရှာနိုင်ခဲ့ပေမဲ့ မကြာခဏဆိုသလို ငွေဆုံးရှူံးတတ်ကာ မတော်တဆမှုများလည်း ဖြစ်ခဲ့သည်။ ငွေစ ၈၀ လောက်ထိစုနိုင်ဖို့ဆိုတာ လွယ်တာမဟုတ်။ မတော်တဆဖြစ်ရပ်များ
ကို ရှောင်နိုင်ရန်အတွက် ဘဏ်မှာအပ်ထားသည်။
“ဘယ်.. ဘယ်လောက်လောက်လိုတာလဲ…”
သူ့ကိုယ်သူ အားတင်းကာမေးလိုက်၏။
လူလိမ်တစ်ယောက်ဖြစ်သည့်သူက တခြားသူကို ဒီစကားတွေပြောရမယ့်တစ်နေ့ရှိလာလိမ့်မယ်ဟု ဘယ်တုန်းကမှ မထင်ခဲ့ဖူးပေ။
“ကျွန်မက ငွေပြတ်လပ်နေတာမဟုတ်ဘူး.. ရှင့်ရဲ့ကပ်ဆိုးကို ဖယ်ချင်တယ်ဆို ဒီငွေတွေကို ပိုင်ရှင်အစစ်ဆီ ပြန်ပေးရမှာ၊ ရှင်ရခဲ့တဲ့ နည်းအတိုင်းပြန်ပေး၊၊ လျော်ကြေးတချို့လည်း ပေးဖို့လိုတယ်၊ အဲ့တော့မှပဲ ရှ့င်ရဲ့ မကောင်းမှုကိုဆေးနိုင်မှာ၊ ပြန်သွားပြီး စဉ်းစားကြည့်ပေါ့၊ ရှင့်အသက်ကိုလိုချင်လား ပိုက်ဆံကိုလိုချင်လား၊ ရှင့်အသက်ကိုလိုချင်တယ်ဆို ကျန်တဲ့ကိစ္စတွေ သိပ်ပြီးပြောစရာမလိုတော့ဘူး ဟုတ်တယ်မလား”
လူလိမ်သည် ထိတ်လန့်နေကာ စိတ်ထဲဗလာကျင်းနေ၏။
ဆရာမက ပိုက်ဆံမလိုချင်ဘူး..
ဒါပေမဲ့… ပိုက်ဆံတောင်းတာထက်ပိုပြီး ရက်စက်နေတယ်!
သူ့ရဲ့ငွေတွေက လူတွေကို လှည့်စားပြီးတော့မှရလာခဲ့တာ.. မဟုတ်မှလွဲရော.. ဒီငွေတွေအကုန်လုံးကို မသိမ်းထားဘဲနဲ့ ပြန်ပေးပစ်ရမှာလား?
သူ လိမ်ခဲ့တဲ့သူတွေက အများကြီး ဘယ်နေရာမှာ သွားရှာရမှာလဲ..?
သူ့ရဲ့ မျက်နှာထက်၌ ပူပင်မှုတို့ရှိနေ၏။
ရှဲ့ချောင်က “ အခုလက်ရှိ ရှင့်ဆီမှာဖြစ်နေတဲ့ ဒုက္ခ
က ရှင့်ဘေးမှာရှိနေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်ဆီကနေလာတာ၊ သူ့ကိုနှစ်သိမ့်ပေးလိုက်ရင် သူ့ရဲ့မကောင်းတဲ့စွမ်းအင်တစ်ဝက်လောက်တော့ ဖိနှိပ်နိုင်သွားလိမ့်မယ်၊ ဒီဝိဉာဉ်လေးက ရှင့်ရဲ့စကားတွေကြောင့် သူ့မိသားစုရဲ့ သစ္စာဖောက်တာခံရပြီး အဖြစ်ဆိုးနဲ့သေခဲ့ရတာ၊ သူ့ဆီမှာ နာကြည်းချက်တွေရှိတာ ကြာနေပြီ၊ အချိန်ကြာလာတာနဲ့အမျှ ရှင်က ပိုပိုပြီး ကံဆိုးလာမှာ”
••••
အခန်း ၉၅၆။ ဘာလို့လိမ်တာလဲ
ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိဉာဉ်မိန်းကလေး၏ ဇာစ်မြစ်အား တန်းပြီးပြောပြောလိုက်ရာ လူအိုကြီးမှာ အတိတ်တုန်းက ဖြစ်ရပ်တချို့ကို ချက်ချင်းပြန်မှတ်မိသွားသည်။
သူသည် မိန်းကလေးငယ်များကို သဘောမကျ။
တစ်ချိန်တုန်းက သူ့ရဲ့သားအား အိမ်နီးချင်းကလေးမတစ်ယောက်က ခေါ်ထုတ်သွားခဲ့တာကြောင့် အအေးမိပြီး သေသွာခဲ့ရခြင်းဖြစ်သည်။ ဒါကြောင့် အဲဒီအချိန်တုန်းက ထိုအိမ်မှာ မိန်းကလေးများစွာကိုတွေ့ရပြီး သူတို့ထဲကတစ်ယောက်က ချစ်စရာကောင်းစွာဝတ်စားထားသည်ကို မြင်ရသည့်အခါ သူအင်မတန် စက်ဆုပ်မိသည်။ ဒါကြောင့် ထိုမိန်းကလေးက မိသားစုကို ကံဆိုးစေသူဟု ပြောခဲ့ရခြင်းပင်။
နောက်ပိုင်း အဲဒီမိန်းကလေး ဆောင်ကြာမြိုင်ဆီရောင်းစားခံလိုက်ရမှန်း သိရသည့်အခါ အလွန်
ပျော်ရွှင်မိသည်။
သို့သော် သူ့ရဲ့ကံဆိုးခြင်းက ဒီမိန်းကလေးကြောင့်ဖြစ်နေမှန်း ကြားလိုက်ရချိန်တွင်တော့ လူအိုကြီး၏ နှလုံးသားထဲ ပိုပြီးစက်ဆုပ်သွားခဲ့သည်။
ဒီ အသက်တိုတိုတဲ့ အကြွေးတောင်းနေတဲ့ဟာမလေးကတော့!
သူပြီးတာတောင် သူ့ကိုလိုက်ကပ်နေသေးတယ်!
“တာအိုဆရာမ.. အဲဒီမကောင်းဆိုးဝါးဝိဉာဉ်ကို မောင်းထုတ်ပေးလို့ရမလား၊
သူ့လို မကောင်းဆိုးဝါးဝိဉာဉ်မျိုးက လူ့လောကမှာ ကပ်တွယ်နေတာ မုန်းစရာကောင်းလို့၊ ဆရာသာ ကူညီပေးမယ်ဆို ကျွန်တော်အရမ်းကျေးဇူးတင်မိမှာ”
လူအိုကြီးက အမြန်ထပ်ပေါင်းပြောလိုက်သည်။
ရှဲ့ချောင်က တခစ်ခစ်ရယ်ရင်း; “ဆုတောင်းလေ”
လူလိမ်မှာ ကြက်သေသေသွားရသည်။
“ကျွန်မရှင့်ကို ဖြေရှင်းနည်းပြောပြီးနေပြီးပဲ၊ လုပ်တာမလုပ်တာက ရှင့်အပိုင်း”
ရှဲ့ချောင်သည် သိပ်ပြီးဂရုစိုက်နေပုံမရ။
ရှဲ့ချောင် သူ့ကိုလစ်လျူရှုထားလေလေ လူအိုကြီး၏ နှလုံးနာကျင်လာရလေဖြစ်ပြီး စိုးရိမ်မှု ကြောက်လန့်မှုတို့ဖြင့် ပြည့်နေခဲ့သည်။
ရှဲ့ချောင် သူ့ကိုကြာကြာမနေခိုင်း။ ပြောသင့်သလောက်ပြောပြီးသွားသည့်နောက် ပြန်ခိုင်းလိုက်သည်။
အဖိုးအခ တစ်ပြားတစ်စေ့လေးတောင် မတောင်းခဲ့။
အိမ်တော်မှာ ထွက်လာပြီးသည့်တိုင် လူလိမ်မှာ အစစ်အမှန်မဟုတ်သလို ခံစားနေရဆဲ။
သို့သော်လည်း ဆရာမပြောစကားကို နားထောင်ခဲ့သည်။
ငွေနှင့် အသက်နှိုင်းယှဉ်လျှင် အသက်ကပိုအရေးကြီးသည်။ သူကံဆိုးရခြင်း၏ အဓိကအကြောင်းရင်းက ထိုအသက်တိုသည့်မိန်းကလေးဟု ပြော၏။ ထိုမိန်းကလေးရဲ့ မိသားစုကိုသာ ကျေနပ်အောင်လုပ်နိုင်လျှင် ဒီကပ်ဆိုးကိုကျိန်းသေပေါက် ကျော်လွှားနိုင်လိမ့်မည်ပေ။
မလုပ်နိုင်ခဲ့လျှင်တောင် အသက်ကြီးလာတဲ့အခါ အရမ်းကြီး ဝမ်းနည်းစရာကောင်းမှာမဟုတ်တော့!
ရှဲ့ချောင်က မကောင်းဆိုးဝါးဝိဉာဉ်အား
လွှတ်ပေး၍ လူအိုကြီးနှင့်အတူ အိမ်ကိုသွားခိုင်းလိုက်သည်။
“ဆရာတူအစ်မ ဘာလို့ဒီအခွင့်ရေးကိုအသုံးချပြီး သူ့ကို မခြိမ်းခြောက်ရတာလဲ.. ငွေပြန်တောင်းလို့ရတယ်လေ၊ ကျွန်တော်တို့ သူ့ကိုပိုက်ဆံတောင်ပေးခဲ့သေးတာပဲကို”
ကျန်းကျင်လုက လူလိမ်ထွက်သွားသည်နှင့် တန်းမေးလေသည်။
“လိမ်လည်လှည့်စားတာက မကောင်းဘူးလေ ဟုတ်တယ်မလား” ရှဲ့ချောင်က သူ့အား အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
ကျန်းကျင်လုခမျာ မျက်နှာတစ်ခုလုံး ထူပူနေလျက်။
သူ့ရဲ့အစ်မက ဂုဏ်သတင်းကို ဂရုစိုက်တဲ့သူမလို့ ငွေတောင်းဖို့မလွယ်လောက်ဘူး..
ဒါပေမဲ့..
ဒီလူလိမ်သည်လည်း ဘာတစ်ခုမှကောင်းမနေ။ ငွေတောင်းတာက ဖြစ်သင့်သည်။
ငွေမတောင်းနိုင်ရင်တောင် ရှုံးလို့တောင်မဖြစ်ဘူးလေ. ဟုတ်တယ်မလား?
ရှဲ့ချောင်သည် ကျန်းကျင်လုအား ရှည်ရှည်ဝေးဝေးရှင်းပြမနေ။
နောက်တစ်နေ့၌ လူလိမ်အိုကြီးသည် မုန့်ကျားပေါင်အပြင်ရှိ ရွာသို့သွားကာ မိန်းကလေး၏အိမ်အား ရှာခဲ့၏။
ဤအဖြစ်အပျက်ဟာ ကြာပြီဆိုသော်ငြား မိန်းကလေး၏အမေအတွက်တော့ နေ့ရက်တိုင်းဟာ ညှဉ်းဆဲမှုတစ်ခုပင်။ လူအိုကြီးပေါ်လာ
သည်နှင့် အမျိုးသမီး၏ မျက်လုံးတို့နီရဲသွားပြီး သူမ၏စိတ်ခံစားချက်တို့ကို မဖော်ပြတတ်တော့။
တစ်ချိန်က သူမသာကလေးကို ရောင်းလိုက်လျှင် သူမ၏ခင်ပွန်းကို ကယ်နိုင်မည်ဟု ဆရာမာက ရှင်းရှင်းလင်းလင်းပြောခဲ့သည်။
ဆရာမာသည် သတ္တိမွေးပြီး အမျိုးသမီး၏ရှေ့ကို လျှောက်သွားလိုက်၏။ ထို့နောက် ငွေစ သုံးဆယ်ကိုယူထုတ်ကာ “ဒီအညတရဆရာက မင်တို့်မိသားစုရဲ့ အဖြစ်ဆိုးကိုကြားလို့၊ သေချာပြန်စဉ်းစားကြည့်ပြီး ဒီငွေကို မင်းတို့ဆီပြန်ပေးတာကောင်းမယ်ထင်လို့၊ ငါအရင်တုန်းက မင်းတို့ဆီကနေ ငွေစနှစ်ဆယ်ယူခဲ့တယ်၊
အခုမင်းတို့ နေထိုင်စားသောက်လို့ရအောင်အတွက် ငွေဆယ်စပါထပ်ထည့်ပေးထားတယ်”
အမျိုးသမီးသည် ထိုစကားကြောင့် အနည်းငယ်ဆွံ့အသွားရသည်။
ငွေစ? ဘာလို့လဲ?
“ရှင်- ရှင်အဲ့တုန်းက ကျွန်မတို့ကို ဘာလို့လိမ်ခဲ့ရတာလဲ၊ ကျွန်မယောကျာ်းကို မကယ်နိုင်ခဲ့ဘူး …” အမျိုးသမီးမှာ တုန်ယင်နေလျက်။
“ဒီလူအိုကြီးက မင်းကိုလိမ်တယ်လို့ ဘယ်သူပြောလဲ၊ အဲ့တာ မင်းတို့ရဲ့ဘိုးဘေးတွေက ကောင်းချီးမပေးလို့၊ အဲ့တာကြောင့်မလို့ ကလေးကိုရောင်းပြီးတာတောင် ခင်ပွန်းဖြစ်သူကို မကယ်နိုင်ခဲ့တာလေ၊ ငါလည်း အဲ့တုန်းက အကောင်းဆုံးကြိုးစားခဲ့ပေးတာပဲ၊ နောက်ပြီး မင်းတို့မိသားစုကြောင့် ငါ့ရဲ့ကောင်းတဲ့ကံတွေတောင် အများကြီးဆုံးရှုံးသွားရသေးတယ်၊ မင်းရဲ့ကလေးကို ရောင်းစားလိုက်တော့ သူအပြင်မှာသေသွားခဲ့တယ်၊ သူရဲ့နာကြည်းချက်တွေက ငါ့ကိုလာခြောက်နေတုန်း၊ မင်းတို့ကို ကူညီပေးခဲ့တာကိုကမှားတာ!” ဆရာမာက သက်ပြင်းချ၏..
သူမနေ့က ဘယ်လိုတောင်အကူညီတောင်းခံခဲ့ရလဲ လုံးလုံးမေ့သွားခဲ့လေပြီ။
သူသည် ဟန်ဆောင်သည့်နေရာတွင် အသားကျနေပြီဖြစ်ရာ ပြောင်းလဲ၍မရ။
သူ့ဘေး၌ရှိနေသည့် မကောင်းဆိုးဝါးဝိဉာဉ်မှာ သူ၏စကားများကြားကာ.. မျက်လုံးတို့နီရဲသွားတော့သည်..
•••••