အခန်း (၉၆၅-၉၆၈)
Vol. 50 Ch. 965-968
အခန်း ၉၆၅။ အလုပ်ကြီး
ကြမ္မာဥယျာဉ်ရှိ ခေါင်းလောင်းသည် အဆက်မပြတ် မြည်လို့နေသည်။
ဆိုင်ရှင်ချန်ခမျာ သူ့ရဲ့နားရွက်တို့ကိုအုပ်ထားချင်မိသည်အထိ ဖြစ်နေရှာသည်။ တံခါးပေါက်အား စိုက်ကြည့်ရင်း စိတ်လှုပ်ရှားမှုကြောင့်လား ကြောက်လန့်မှုကြောင့်လားမသိ မျက်နှာတစ်ခုလုံး နီရဲနေလေ၏။
ရှဲ့ချောင်က နေရာတွင်သာရပ်လျက်ရှိပြီး ဇဝေဇဝါဖြစ်နေပုံရသည်။
“လူတစ်ယောက်က မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်လာရင်တောင်၊ အဆင့်အတန်းခွဲခြားတာမျိုး မရှိသင့်ဘူးလေ၊ ဘယ်လိုလုပ်ပြီး..အစေခံတစ်ယောက်ဖြစ်ချင်ရတာလဲ”
အဓိပ္ပာယ်ရှိမနေဘူး။
“ငါတို့ ပိုင်လိမိသားစုရဲ့ ဂုဏ်သတင်းကကောင်းတယ်၊ နှစ်တိုင်းလိုလို ငါတို့အတွက်ယစ်ပူဇော်ပစ္စည်းတွေပေးတဲ့ လူတချို့တော့ ရှိတတ်တယ်၊ ဝိုင်နဲ့ စားစရာလောက်လေးပဲဆိုတော့ သူတို့ကိုလည်းဝေစုနည်းနည်းပေးတယ်လေ၊နောက်ပြီး အဲဒီဝိဉာဉ်တွေက အသက်ရှင်တုန်းကလည်း စာမှမတတ်တာ၊ ယောကျာ်းပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ငါတို့ပိုင်လိမိသားစုက အရည်အချင်းရှိတဲ့သူတွေအပြည့်ဆိုတော့ သူတို့ကို တစ်ခုစနှစ်ခုစလောက် သင်ပေးတာပေါ့”ကျိပိုင်လိက ချက်ကျလက်ကျပြောလိုက်သည်။
ရှဲ့ချောင်၏ နှုတ်ခမ်းစွန်းတို့ နှစ်ခါလှုပ်သွားခဲ့သည်။
အရည်အချင်းရှိတယ်ဆို ဘယ်နေရာသွားသွား စိတ်ပူနေစရာမလိုဘူးဆိုတဲ့ သဘောလား?
“အထဲဝင်လေ၊ ဝိဉာဉ်တွေက အများကြီးဖြစ်နေတော့.. တကယ်လို့ ဘာမှလုပ်စရာမရှိဘူးဆို.. ဝိဉာဉ်တွေထည့်ထားတဲ့ပုလင်းထဲမှာနေလို့ရတယ်.. နောက်မှ လေကောင်းလေသန့်ရှုဖို့ အလှည့်ကျထွက်ခိုင်းပေ့ါ”
ရှဲ့ချောင် ရတက်မအေးသလိုဖြစ်နေ၏။
ဝိဉာဉ်တွေက အများကြီး..အကုန်လုံးကိုသာ ပြန်ဝင်စားဖို့ ပို့လိုက်ရင် ကောင်းတဲ့ကံတွေ ဘယ်လောက်တောင်စုဆောင်းမိမှာလဲ?
ရှဲ့ချောင်၏ မျက်လုံးတို့က မီးတောက်သေးသေးလေးတစ်ခု ထတောက်နေသည့်အလား။ အခုချက်ချင်း အကုန်လုံးကိုပို့ပစ်ချင်တာကလွဲပြီး
တခြားဘာမှမလုပ်ချင်တော့ဘူး!
သို့သော် စည်းမျဉ်းများကို သူမ သိသည်။ ကျိပိုင်လိသည် သူမအား ဝိဉာဉ်တစ်စုကိုရှာပေးဖို့ပဲ အကူအညီတောင်းတာဖြစ်သည်။ ဒီလိုကိစ္စသေးသေးလေးအတွက်နှင့် လူအများကြီးအောက်ဘုံကိုသွားဖို့က မမျှတပေ။ ဒါကြောင့် မကောင်းဆိုးဝါးဝိဉာဉ်များကိုရှာတွေ့ပြီးလျှင် ထိုလူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အကောင်းဆုံးကြိုးစားရလိမ့်မည်။ ဒါမှပဲ သူတို့ကထွက်သွားဖို့ဆန္ဒရှိမှာပင်။ ထိုအခါမှသာ သူမ လိပ်ပြာလုံလုံနှင့် နေရဲလိမ့်မည်။
ရှဲ့ချောင် ဒီထက်ပိုပြီးစောင့်မနေနိုင်တော့။
ဒုတိယထပ်၌ အခန်းတစ်ခန်းရှိ၏။
အခန်းထဲ၌ စာအုပ်စင်နှင့် တူသည့် စင်အထပ်တချို့ရှိသည်။ အခန်းထဲ၌ အကန့်ငယ်လေးများလည်းရှိကာ ဝိဉာဉ်များစုဆောင်းသည့် ပုလင်းများ
လည်းရှိပေသည်။
သူမဝိဉာဉ်တစ်ကောင်ကို ဖမ်းပြီးတိုင်း မရောထွေးရအောင် ပုလင်းအပြင်ဘက်၌ နာမည်ရေးထားလေ့ရှိသည်။
အခု သူ့တို့အား ပုလင်းအလွတ်များကိုရှာပြီးနေခိုင်းလိုက်သည်။
မကောင်းဆိုးဝါးဝိဉာဉ်များ အကျဉ်းချခံရမှာကို စိုးရိမ်နေစရာမလိုဘဲ လွတ်လွတ်လပ်လပ်သွားလာလို့ရအောင်အတွက်
ထိုပုလင်းပေါ်၌ အဆောင်စာရွက်မကပ်ထားခဲ့ပေ။
စီစဉ်စရာရှိတာ စီစဉ်ပြီးသွားသည့်နောက် ကျောက်ရွှမ်ကျင်းကိုရှာဖို့အတွက် တော်ဝင်ကျောင်းတော်ဆီသွားခဲ့သည်။
ကောင်းကင်တောင် အနည်းငယ်မှောင်စပြုနေလေပြီ။ အစက ဒီညအိမ်ပြန်ဖို့စီစဉ်ထားပေမဲ့ ကုသိုလ်ကံစုဖို့က လောလောဆယ်ပိုအရေးကြီးလေသည်။
သူမ၏ဆရာ လီရှီးယန်သည် မြို့တော်၌အိမ်တစ်လုံးရှိပေမဲ့ ရှဲ့ချောင်ကလွဲပြီး ကျန်တဲ့တပည့်တွေအကုန် တော်ဝင်ကျောင်းတော်မှာပဲနေနေသည့်အတွက် သူလည်းကျောင်းတော်မှာနေနေသည်။တစ်ညလုံးစကားဖောင်ဖွဲ့ပြောလို့ရသည့် မိတ်ဆွေကောင်းများလည်း ကျောင်းတော်ထဲမှာရှိ၏။
ရှဲ့ချောင် ကျောက်ရွှမ်ကျင်းကိုရှာတွေ့သည့်အချိန်တွင် သူက ဆရာ့ဆီကနေသင်ခန်းစာပို့ချမှုအား နားထောင်နေတာဖြစ်သည်။
သူမရောက်နေမှန်းသိတော့မှ အရှေ့ဘက်ခြံဝန်းဆီ
သွားခဲ့လေသည်။
အလျင်လိုနေသဖြင့် ခပ်သုတ်သုတ်လျှောက်သွားလိုက်သည်။
“သတင်းကောင်းရှိပြီဆို အရှင့်သားကိုသတိမရဘူးလို့ မပြောနဲ့နော်” ရှဲ့ချောင် သူ့ကိုတွေ့သည့်အခါ သူမ၏ မျက်လုံးတို့က ဆန္ဒများဖြင့်ပြင်းပြနေသည်။
“ဒီနေ့ လုပ်စရာတစ်ခုရှိတယ်၊ စုတ်တံကိုရှာဖို့လိုတယ်”
ကျောက်ရွှမ်ကျင်းသာ စုတ်တံကိုကူရှာပေးခဲ့လျှင် သူလည်း ကောင်းမွန်သည့်ကံအား မျှဝေရာရောက်ပေမည်။
ဒါတင်မက နောက်ပိုင်းအကူအညီလိုလျှင်လည်း သူ့ကိုမေးမြန်းရဦးမည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက
သူမ၏ လူဖြစ်လို့ သူပိုကောင်းလာဖို့ မျှော်လင့်ပေသည်။
“ဆရာတူအစ်မ အလောတကြီးရှာနေတာ ဘယ်စုတ်တံလဲ”
နောက်ကျနေတာတောင် သူမအလျင်စလိုအပြေးရောက်လာခဲ့သည်။
အရမ်း အရေးကြီးတာဖြစ်ရမည်။
“ကျိန်ဟန့်သဲ့ရွှယ် လို့ခေါ်တဲ့စုတ်တံ၊ အရင်မင်းဆက်က ကျန်ခဲ့တဲ့ပစ္စည်း၊ ကြားဖူးလား၊ မကြားဖူးလည်းကိစ္စမရှိဘူး, မနက်ဖြန်ကျ နန်းတော်ကိုသွားပြီး အဲဒီစုတ်တံကို ပစ္စည်းထိန်းသိမ်းတဲ့အဆောင်ထဲမှာသိမ်းထားတာလား ဒါမှမဟုတ် ပေးပစ်လိုက်ပြီးလား သွားကြည့်ပေးလေ..”
ရှဲ့ချောင်၏လေသံက မသိမသာမြန်နေလေသည်။
သူမ၏ ပူပင်နေတဲ့ပုံကြောင့် ဤကိစ္စက အလွန်
အရေးကြီးမှန်း ကျောက်ရွှမ်ကျင်းသိလိုက်သည်။
“ကြားတော့ကြားဖူးပေမဲ့ တော်တော်တော့ ကြာနေပြီ၊ ဘယ်မှာရှိလဲဆိုတာ ညီလာခံသွားတက်ရင်
စစ်ကြည့်လိုက်မယ်၊ စိတ်မပူနဲ့”
ကျောက်ရွှမ်ကျင်းက ချက်ချင်းပြောလိုက်သည်။
••••
အခန်း ၉၆၆။ အရိပ်အမြွက်
ရှဲ့ချောင်သည် မြင်းလှည်းစီးပြီးလာခဲ့တာဖြစ်ပေမဲ့ မြင်းလှည်းက ယိမ်းထိုးနေခဲ့သည်။ ကျောင်းတော်ထဲသို့ ဝင်လာတော့လည်း သူမ ခပ်သုတ်သုတ်လျှောက်ခဲ့ရ၍ သူမ၏ မျက်နှာက နီရဲနေပြီး နဖူးထဲ၌ ချွေးတို့စိုရွှဲလျက်။
သူမနှင့်တောင် တူမနေပေ။
ကျောက်ရွှမ်ကျင်းက သူမကိုထိုင်ခိုင်းလိုက်ပြီး လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးသည်။
“စုတ်တံက ဘာအတွက်လဲ”
ရှဲ့ချောင်က လက်ဖက်ရည်ခွက်ကိုယူ၍ တစ်ငုံသောက်၏။
“ကျိပိုင်လိက သူ့မျိုးဆက်တွေရဲ့ဝိဉာဉ်ကိုရှာပေးဖို့ အကူအညီတောင်းထားတာလေ၊ အလောင်း
တစ်လောင်းကို လမ်းညွှန်အနေနဲ့ သုံးဖို့လိုတာ၊ စဉ်းစားကြည့်လိုက်တော့ မြို့တော်မှာရှိတဲ့ စုတ်တံမှာပဲ အဲဒီအရိုးရှိနေတာ”
ကျောက်ရွှမ်ကျင်း၏ ခန္ဓာကိုယ်တောင့်တင့်သွားသည်။
“အရိုး?”
“ဟုတ်တယ်” ရှဲ့ချောင်က ခေါင်းညိတ်၍ ယခင်ဧကရာဇ်အကြောင်း ပြောပြလိုက်သည်။
ကျောက်ရွှမ်ကျင်း မသိစိတ်ကနေ သူ့လက်ကိုနှစ်ကြိမ်ပွတ်မိသွားသည်။
သူ့ရဲ့ ခမည်းတော်သည်သူ့အပေါ် ချစ်မြတ်နိုးသည်။
နန်းတော်ထဲမှာ ကောင်းတာတစ်ခုခုရှိပြီဆို သူ့ကိုအရင်ဆုံးပေးတတ်သည်။ နန်းတော်ထဲမှာ နေတုန်းကဆို နေ့ရက်တိုင်းလိုလို လက်ဆောင်ပစ္စည်းမျိုးစုံ ချီးမြှင့်ခံရသည်။ ထိုအထဲတွင် ကျော်ကြားသည့် စုတ်တံများ၊ မင်၊ စက္ကူတို့နှင့် မင်သွေးကျောက်တို့လည်းပါသည်။ သူဟာ တစ်ယောက်တည်းဖြစ်လို့ အကုန်လုံးကို အသုံးမပြုနိုင်။ ငယ်ငယ်တုန်းက သူ့ခမည်းတော်၏လက်ဆောင်များကို တန်ဖိုးထားခဲ့သည်။ သူဘာပစ္စည်းပဲရရ ရက်ပိုင်းလောက် ကိုယ်တိုင်အသုံးပြုသည်။
ဒါကြောင့် ဤစုတ်တံကိုလည်း သူ့ကိုပေးခဲ့၍၊ ရက်ပိုင်းလောက်အသုံးပြုပြီး သူ့ရဲ့ကိုယ်ပိုင်စတိုခန်းထဲမှာ သိမ်းထားတာဖြစ်နိုင်သည်။
သူ့မှာ ပစ္စည်းများစွာစုဆောင်းထားရသဖြင့် နောက်ပိုင်းတွင် ခမည်းတော်၏ခွင့်ပြုချက်ကိုတောင်းပြီး တခြားသူများကို ပြန်ပေးတတ်သည်။
ဥပမာ သူ့ညီတော်တွေ မွေးနေ့ကျင်းပတဲ့အခါ မရင်းနှီးလျှင်တောင် လက်ဆောင်တချို့တော့ ပေးလေ့ရှိသည်။ အထူးသဖြင့် စာဖတ်ရတာသဘောကျသည့် စတုတ္ထညီတော်အတွက်ဆို စုတ်တံ၊မင်၊ စက္ကူနှင့် မင်သွေးကျောက်အများစုက သူဆီရောက်သွားတာချည်းပင်။
“ဒီစုတ်တံမှာ နာမည်ကောင်းတစ်ခုရှိတာပဲ*
ကျောက်ရွှမ်ကျင်းက ကူကယ်ရာမဲ့သလို ခံစားနေရသည်။
လူ့အရိုးဖြင့် ဖန်တီးခဲ့သည့်စုတ်တံဖြင့် သူ့ရဲ့ကဗျာနဲ့ပန်းချီတွေအကြောင်း တွေးမိသည့်အခါ အနည်းငယ် စက်ဆုပ်ရွံရှာမိသွားသည်။
'အဲဒါကြောင့်မလို့ အရင်မင်းဆက်ရဲ့ ဘုရင်က အဖြစ်ဆိုးနဲ့သေခဲ့ရတာ'
ရှဲ့ချောင်သည် ဤတစ်ကြိမ်တွင်တော့ သူမရဲ့စကားတွေကို မျိုသိပ်ထားခဲ့သည်။
“ဒီတစ်လော အလုပ်များမှာဆိုတော့ ဆရာ့အပေါ်တာဝန်မကျေသလိုဖြစ်မှာစိုးတယ်၊ အဲဒါကြောင့် အရှင့်သားကိုပဲဒုက္ခပေးရတော့မယ်”
“ကျွန်တော့်တာဝန်ပါပဲ”
ကျောက်ရွှမ်ကျင်း ခေါင်းညိတ်သည်
ထိုသို့ပြောပြီးနောက် တိတ်ဆိတ်မှုကြီးစိုးသွားသည်။
ကျို့ဝေ့ကျုံးသည် အပြင်ဘက်မှာစောင့်ကြပ်နေ
တာဖြစ်ပြီး အထဲမှာတခြားဘယ်သူမှမရှိ။ ယောကျာ်းတစ်ယောက်နှင့် မိန်းမတစ်ယောက်သာရှိပြီး တစ်ယောက်နှင့်တစ်ယောက် နီးကပ်နေ၏။ ဘာဆက်ဆံရေးမျိုးမှသာမရှိလျှင် ရှဲ့ချောင်အနေနဲ့ သိပ်ပြီးတွေးနေမှာမဟုတ်။ သို့သော် နောက်နှစ် ဖေဖော်ဝါရီဆိုလျှင် လက်ထပ်တော့မှာဖြစ်လို့ သူ့ကိုအခုလို မျက်နှာချင်းဆိုင်နေရတာ လိပ်ပြာမလုံသလိုဖြစ်နေပြီး သူမရဲ့နားရွက်တို့ အနီရောင်ပြောင်းနေလေသည်။
“ဆရာတူအစ်မ၊ ဒီညတော့ ကျောင်းတော်မှာပဲနားလိုက်ပါလား၊ မှောင်လည်းမှောင်နေပြီဆိုတော့ ပြန်ဖို့ခက်လိမ့်မယ်”
ကျောက်ရွှမ်ကျင်းက သူမကိုကြည့်ပြီးပြောသည်။
ရှဲ့ချောင်က ဘေးဘယ်ညာကိုကြည့်ရင်း “မသင့်တော်ဘူးလားလို့”
“ကျောင်းတော်ထဲမှာ နားတာပဲ၊ ကျွန်တော့်ရဲ့ အရှေ့ဘက်ခြံဝန်းမှာမှမဟုတ်တာ၊ ဘာတွေတွေးနေတာလဲ၊ ကျွန်တော့်ခြံဝန်းထဲမှာ အိပ်ချင်တယ်ဆိုရင်တောင် ရှဲ့သခင်မလေးအထင်လွဲမှာကြောက်တယ်”
ကျောက်ရွှမ်ကျင်းက ပြုံးပြီး သူမအား နက်နဲစွာကြည့်လိုက်သည်။
ရှဲ့သခင်မလေး
ရှဲ့ချောင် တခစ်ခစ်ရယ်၏။
“ဆရာတူအစ်မကို မေးစရာတစ်ခုရှိလို့”
ကျောက်ရွှမ်ကျင်းက ရှဲ့ချောင်အတွက် လက်ဖက်ရည်နောက်တစ်ခွက်ငှဲ့ပေးသည်။
ရှဲ့ချောင် နားထောင်နေ၏။
“ကျွန်တော် ရှဲ့သခင်မလေးကိုဖုံးကွယ်ထားတာ တစ်ခုရှိတယ်၊ သူ့ကိုမပြောပြရင် မရိုးသားသလိုခံစားရလို့၊ ပြောပြန်ရင်လည်း သူအရမ်းတွေစိတ်ပူနေမှာစိုးလို့ ဘာလုပ်ရမှန်းမသိဖြစ်နေတာ၊ အစ်မက မိန်းကလေးပဲဆိုတော့ ကျွန်တော့်ကိုအကြံတစ်ခုလောက်ပေးပါလား” ကျောက်ရွှမ်ကျင်းက တစ်ခုခုအားသွယ်ဝိုက်ပြောနေပုံထင်ရပေမဲ့ ရိုးသားမှုအပြည့်ဖြင့် ပြောနေလေသည်။
ရှဲ့ချောင် ရင်တုန်သွားသည်။ သူမက မလုံမလဲဖြစ်လွန်းနေလို့ သူရိပ်မိသွားတာများလားဟု ခံစားနေရသည်။
“ပြောတာမပြောတာက...အရှင့်သားအပေါ်ပဲ
မူတည်တယ်၊ ရှဲ့သခင်မလေးက နှိုက်နှိုက်ချွတ်ချွတ်လိုက်ပြီးတွယ်ကပ်နေမယ့် သူမျိုးမှမဟုတ်တာ”
“ဒါပေမဲ့ လင်နဲ့မယားကြားမှာ ရိုးသားမှုက အရေးကြီးဆုံးပဲ၊ လျှို့ဝှက်ချက်တွေများလွန်းရင် မိသားစုနဲ့မတူတော့ဘူး” ကျောက်ရွှမ်ကျင်းက သက်ပြင်းချရင်း
“ဥပမာ ရှဲ့သခင်မလေးကို တခြားသူတွေထက်ပိုပြီးနားလည်နိုင်ဖို့ မျှော်လင့်မိတယ်၊ သူ့ရဲ့ အကြိုက်တွေကိုသိချင်တယ်၊ သူ့ရဲ့ရည်ရွယ်ချက်တွေ အတွေးတွေကိုနားလည်ချင်တယ်၊ အဲဒါမှပဲ အနာဂတ်မှာ သူ့ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်မှာ..”
•••••
အခန်း ၉၆၇။ ချစ်သူနှစ်ဦးကြားကစာ
ကျောက်ရွှမ်ကျင်း၏ စကားတို့က ရှဲ့ချောင်ကိုရှက်သွေးဖြာသွားစေပေမဲ့ သူမမျက်နှာတွင် မျက်နှာချေများလိမ်းထားတာကြောင့် မမြင်သာခဲ့ပေ။ သူမ၏ နားရွက်တို့က ခံစားချက်တချို့ကို ထုတ်ဖော်ပြနေမိသည်။
သူတစ်ခုခုကိုသိထားလို့ သူမကိုအမှန်တိုင်းပြောစေချင်နေတာနေမှာ..
သို့သော် ဒီအမျိုးသားက ပြောင်းလဲလွယ်၏။
သူ ဘာမှမပြောလျှင် သူမကဆရာတူအစ်မတစ်ယောက်ဖြစ်လို့ လုပ်ချင်တာလုပ်လို့ရသေးသည်။ ဒါပေမဲ့ သူသာပြောလဲလိုက်လျှင် နောက်ပိုင်းဘယ်လိုလုပ်ပြီး သည်းခံနိုင်တော့မှာလဲ။
ဒါတင်မက သူဟာအိမ်ရှေ့စံမင်းသားတစ်ပါးဖြစ်
ကာ နောင်တစ်ချိန်မှာ ဘုရင်ဖြစ်လာမည့်သူ။ သူ့ရဲ့ဇနီးဖြစ်ဖို့ လိုအပ်ချက်ကလည်း ပိုမြင့်မည်ပေ။ သိမ်မွေ့ကြင်နာတဲ့သူတစ်ယောက်မဖြစ်ချင်လျှင်တောင် မိသားစုကိုကာကွယ်ပေးတဲ့နေရာမှာ ရိုးသားဖို့လိုပေသည် မဟုတ်လား။
ရှဲ့ချောင် ဘာစကားတစ်ခွန်းမှမဆိုခဲ့။
“ကျွန်တော်ရဲ့ ဒီလက်တစ်ဖက်က ဆိုးဆိုးရွားရွားဒဏ်ရာရထားတာ၊ တစ်ခါတစ်လေ ဓားကိုင်တာမျိုး လေးကိုဆွဲတာမျိုးတော့ လုပ်တယ်၊ ပြောရရင် ပြဿနာကြီးကြီးမားမားမရှိဘူး၊ ဒါပေမဲ့ အားသုံးလိုက်တဲ့အခါတိုင်း လေတိုက်မိုးရွာတိုင်း နာကျင်မှုက ပိုဆိုးတယ်၊ ကျွန်တော့်အနားမှာရှိတဲ့သူတိုင်းက ဒီပြဿနာကိုသိလို့ ဂရုတစိုက် စောင့်ရှောက်ပေးကြပေမဲ့ သူတို့အဲ့လိုလုပ်ပေးလေလေ၊ တကယ့်ဒုက္ခိတတစ်ယောက်လို ခံစားရလေပဲ”
ကျောက်ရွှမ်ကျင်းသည် ရုတ်တရက်ကြီး အားနည်းချက်ကိုထုတ်ပြလာ၏။
သက်ပြင်းခပ်ဖွဖွချလျက် ခေါင်းငုံ့ထားက မှိုင်တွေနေပုံရသည်။
ထိုအခြင်းအရာကိုမြင်တော့ ရှဲ့ချောင်၏နှလုံးသားထဲတင်းကျပ်သွားရပြီး မသက်မသာဖြစ်သွားသည်။
“မင်းက သာမန်လူတစ်ယောက်နဲ့ ဘာမှမကွာဘူးလို့ထင်တယ်”
“ရှဲ့သခင်မလေးရဲ့အရှေ့ဆို ပိုပြီးသည်းခံရပြီး ဘယ်လက်ကိုသုံးရတယ်၊ ရှဲ့သခင်မလေးက ကျွန်တော်ရဲ့ညာလက်က သုံးစားမရဘူးလို့မြင်သွားပြီး အားနည်းတဲ့သူ၊ အသုံးမကျတဲ့သူလို့ ထင်နေမှာကြောက်တာ”
ကျောက်ရွှမ်ကျင်း ထပ်ပြောသည်။
သူ့ရဲ့အသံက ပိုပြီးနက်နဲလာသည်။
“ကျွန်တော်ရဲ့လက်က ဒဏ်ရာသေးသေးလေးပဲရထားတာလို့ ရှဲ့သခင်မလေးထင်နေလောက်တယ်၊ အဲ့တော့ ဒီအခြေနေကို ရှင်းပြလိုက်သင့်လား၊ ကျွန်တော်စိတ်ပူနေရတဲ့အကြောင်းက ဒါပဲ”
ကျောက်ရွှမ်ကျင်းက သူမကိုမေးလိုက်သည်။
ရှဲ့ချောင်လည်း မသိ။
သို့သော် သူမက တခြားသူကိုဘယ်လိုစောင့်ရှောက်ပေးရမလဲမသိတာပင်။
ဒါကြောင့် ပူပင်ရသည့်အကြောင်းရင်းက သူမကို
ဦးတည်နေသည့်အခါ ထွေထွေထူးထူးမဟုတ်တော့ပေ။
“ရှဲ့သခင်မလေးက..ကျန်းမာရေမကောင်းဘူး၊ သူ့အကြောင်းပိုသိချင်တယ်ဆို သူ့ကိုပိုပြီးစောင့်ရှောက်ပေးသင့်တယ်၊ တစ်ခါတစ်လေ မင်းရဲ့လက်ကို ပြုစုခွင့်ပေးတယ်ဆိုရင်တောင် မင်းကိုအားနည်းတဲ့သူတစ်ယောက်ဆိုပြီး တွေးမှာမဟုတ်ဘူး၊ မင်းလုပ်ပေးရမယ့် ကိစ္စဆိုရင် သူက မင်းရဲ့အကူအညီကိုအရင်ဆုံးတောင်းမှာ”
မှန်ပေသည်။
သူ အရင်ဆုံး နန်းတွင်းသမားတော်နှင့်စကားပြောရမည်။
သမားတော်က အသုံးပြုလို့ရသေးတယ်ဟုပြောလျှင် ထိုလက်တစ်ဖက်အား အဆင်တန်ဆာတစ်ခုခုသက်သက်အနေနဲ့ သဘောထားမည်မဟုတ်။
အသုံးပြုလို့ရနေသ၍ သူမအလိုရှိသလို စေခိုင်း
လို့ရသည်။ သူမအနေနဲ့ အငြင်းပွားနေမှာမဟုတ်သလို သတိထားနေမှာလည်းမဟုတ်။
“ဆရာတူအစ်မပြောတာမှန်တယ်၊ ရှဲ့သခင်မလေးက အဲ့လိုပဲနေမှာ"
ကျောက်ရွှမ်ကျင်း၏ တိမ်ဆိုင်တို့ ရှင်းလင်းသွားသည်။
“ဒါဆို တစ်ရက်ကျရင် ရှဲ့သခင်မလေးဆီ စာတစ်စောင်ပို့ပြီး ရိုးရိုးသားသားပြောလိုက်မယ်၊ ချစ်သူနှစ်ယောက်ကြားက စာပေါ့၊ ရှဲ့သခင်မလေးကရော စိတ်ဝင်စားဖို့ကောင်းတဲ လျှို့ဝှက်ချက်တွေပြောပြမလားမသိဘူး”
ရှဲ့ချောင်၏ နှလုံးသားတင်းကျပ်သွားရပြန်သည်။
ကျေးဇူးပဲ.. မပြောဘူး
အကြောင်းပြချက်က မတူပေ။
ဆရာမမော့၏ နာမည်က သူမအသက်ကိုကယ်ဖို့သုံးရတာဖြစ်ပြီး ဆရာကြီးယွင်ဝေ့၏နာမည်က ပိုက်ဆံရှာဖို့သုံးရတာဖြစ်သည်။
သို့သော် ကျောက်ရွှမ်ကျင်း၏ အကြည့်နှင့်ရင်ဆိုင်ရသည့်အခါ ရှဲ့ချောင်ရဲ့စိတ်တို့ တလှပ်လှပ်ဖြစ်သွားရသည်။
'အရှင့်သားရဲ့စိတ်က.. အစာအိမ်ထဲ ပျားအုံများရှိနေတာလား'
အချိန်တော်တော်ကြာ စကားပြောပြီးတဲ့နောက် သူမနားထောင်လေလေ သူမကိုတစ်ခုခုသတိပေးနေသလိုမျိုးဖြစ်လာလေသည်။
“ဆရာတူအစ်မပြောတာကို နားမလည်ဘူး.. ကျွန်တော်က ရှဲ့သခင်မလေးကိုစိတ်ပူရုံပါ.”
ကျောက်ရွှမ်ကျင်းက ခပ်ပြုံးပြုံးဆိုသည်။
ရှဲ့သခင်မလေး ရှဲ့သခင်မလေးနဲ့!
ဒီအလိုက်ကန်းဆိုးမသိတဲ့ ဆရာတူမောင်ကတော့လေ!
အစ်မကြီးအမိရာဆိုတာကို .. မသိဘူးလား?
“မနက်ဖြန် ကြမ္မာဥယျာဉ်မှာရှိမှာမဟုတ်ဘူး၊ ငါ့ကိုရှာဖို့လိုတယ်ဆို မင်းသားရုန်လင်းအိမ်တော်ကိုသာသွားလိုက်၊ အဲ့မိသားစုက မင်းသမီးကိုသွားကြည့်ရမှာမလို့”
“ကောင်းပါပြီ ၊ ပစ္စည်းက အရမ်းအရေးကြီးတယ်၊ ရှာတွေ့တာနဲ့ အစ်မလက်ထဲကိုယ်တိုင်လာပေးမယ်၊ မပျောက်ရအောင်လို့”
ရှဲ့ချောင် သက်ပြင်းချကာ မသိမသာမျက်မှောင်ကြုတ်လိုက်၏။
“ငါ့ဆီကံဆိုးမှုတွေရောက်လာတော့မယ်လို့ အာရုံရပေမဲ့ ကိုယ့်ကံကြမ္မာကိုမဖတ်ရဲဘူး၊ မဟုတ်ရင် အပြောင်းအလဲတွေပိုများပြီး ဒုက္ခရောက်လိမ့်မယ်”
ပိုင်လိမိသားစုက သူမအတွက် အကျိုးအမြတ်ကြီးတစ်ခုပင်။ သို့သော် ရုတ်တရက်ကြီးရောက်ချလာတာဖြစ်၍ တစ်ခုခုလွဲသွားမှာကြောက်နေမိသည်။
•••••
အခန်း ၉၆၈။ ကျောင်းသားက ဆရာဖြစ်လာ
ရှဲ့ချောင်မှာ ခံစားချက်ကောင်းမနေပေ။
ပိုင်လိမိသားစုဝိဉာဉ်များအားလုံး အင်အားကြီးကြသည်။
စုန်းအတတ်ကျင့်သူဆီမှာသာ ဖမ်းဆီးခံလိုက်ရတယ်ဆို သူတို့ကိုရှာတွေ့ဖို့ လွယ်လိမ့်မည်မဟုတ်။အင်အားကြီးရန်သူသာဆိုလျှင် အနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။
“ဆရာတူအစ်မက နဂါးစွမ်းအင်ဆီကနေ ကာကွယ်ပေးခံထားရတာပဲ၊ ကံဆိုးမှုနည်းနည်းလောက်လေးဆို သက်ရောက်မှုသိပ်ပြီးရှိမှာမဟုတ်ဘူး၊ စိတ်မပူပါနဲ့”
ကျောက်ရွှမ်ကျင်းက သူမအား ညင်သာစွာနှစ်သိမ့်ပေးသည်။
တကယ်တော့ ရှဲ့ချောင်က စကားအဖြစ်ပြော
လိုက်ခြင်းသာ။ ကျောက်ရွှမ်ကျင်း သူမကိုစိတ်ပူနေရတာမျိုး မလိုချင်ပေ။
“ပြီးတော့ အစ်မရဲ့ ရှေ့ဖြစ်ဟောနိုင်စွမ်း၊ ဝိဉာဉ်ဖမ်းနိုင်စွမ်းနဲ့ အစီအရင်လုပ်နိုင်တဲ့အရည်အချင်းတွေက လောကမှာ အတော်ဆုံးပဲလေ၊ အခက်အခဲနဲ့ ရင်ဆိုင်ရရင်တောင်မှ ကံဆိုးမှုကို ကံကောင်းမှုအဖြစ်ပြောင်းနိုင်မှာ” ကျောက်ရွှမ်ကျင်းက သူမအား ချီးကျူးလေသည်။
ဒီလို အမွှန်းတင်တဲ့စကားလုံးများကို ကြားရပါက ဘယ်သူမဆို ဂုဏ်ယူမိမှာပင်။
“ငါတိုအားလုံးက ဆရာအတူတူပဲဆိုပေမဲ့ မင်းပြောတဲ့စကားတွေက ဆရာတူမောင်လေးကျန်းပြောတာတွေထက် အများကြီးပိုကောင်းတယ်” ရှဲ့ချောင်က နှုတ်ခမ်းတို့ကိုစုဝိုင်းပြီး ပြုံးလိုက်သည်။
“ဟုတ်လည်းဟုတ်ပါတယ်လေ၊ တခြားဘာမှမပြောရဲပေမဲ့ ငါ့ရဲ့ ကံကြမ္မာဖတ်တဲ့အရည်အချင်းကတော့ တော်တော်ကိုကောင်းတာ၊ ဒါပေမဲ့ လောကမှာအတော်ဆုံးလို့ပြောဖို့ကကျတော့ လွန်လွန်ကြူးကြူးဖြစ်သွားပြန်ရော၊ ပြီးတော့ ငါ့မှာ ဆရာတစ်ယောက်လုံးရှိနေသေးတယ်၊ ကျောင်းသားတစ်ယောက်က ဆရာဖြစ်လာတယ်ဆိုရင်တော့ မသိတတ်တဲ့သူမျိုး၊ ဆရာ့မျက်နှာကိုနင်းတဲ့သူမျိုး အဖြစ်မခံနိုင်ဘူး”
ဤနယ်ပယ်ထဲ၌ ဝါရင့်ဆရာကြီးများစွာရှိသည်။
သူမ နောက်တန်းမှာထိုင်နေရင်လျှင်တောင် ကိစ္စမရှိပေ။
ကျောက်ရွှမ်ကျင်းကအခုလိုပြောလာသည့်အခါ သူမရဲ့စိုးရိမ်စိတ်တွေ သိသိသာသာကြီးလွင့်ပျယ်သွားသလို ရှဲ့ချောင်ခံစားလိုက်ရသည်။
နောက်ကျနေပြီဖြစ်လို့ ရှဲ့ချောင် ဆက်နေလို့မဖြစ်တော့။ အခန်းတစ်ခန်းစီစဉ်ကာ အနားယူလိုက်သည်။
နောက်တစ်နေ့နံနက်အစော၌ ရှဲ့ချောင် အိမ်ကိုသွားဖို့တောင်အချိန်မရှိခဲ့။ မင်းသားရုန်လင်း၏ နေအိမ်တော်သို့ ချက်ချင်းသွားခဲ့သည်။
ဖိတ်စာအားထုတ်ပြပြီးသည်နှင့် အစေခံများက ယဉ်ယဉ်ကျေးကျေးလမ်းပြပေး၏။
မင်းသားရုန်လင်းသည် အိမ်တော်မှာရှိမနေ။ ရှဲ့ချောင်အား ကြိုဆိုသည့်သူကာ ကြင်ရာတော်မင်းသမီးပင်။
ဤကြင်ရာတော်မင်းသမီးသည် လေးဆယ်ဝန်းကျင်ရှိနေပြီဆိုပေမဲ့ ငယ်ရွယ်ပုံရကာ ကျက်သရေရှိသည်။ သို့သော် သူမသမီးရဲ့ အခြေ
နေကဆိုးရွားနေလို့ဖြစ်မည်ထင်၊ စိတ်ဓာတ်ကျနေလေသည်။ အတင်းပြုံးပြနေရပုံနှင့်တောင်တူသည်။
“ရှင်က ဆရာမမော့လား၊ တကယ်ကို အမတတစ်ယောက်ရဲ့ ကိုယ်ဟန်မျိုးရှိတာပဲ၊ တစ်ချက်ကြည့်ရုံနဲ့တင် သာမန်လူတစ်ယောက်မဟုတ်မှန်း ပြောနိုင်တယ်”
မင်းသမီးရုန်လင်းက မြှောက်ပင့်ပြောဆိုနေကာ
“ဆရာမမော့ကို ဒုက္ခပေးသလိုဖြစ်သွားတယ်၊ ကျွန်မတို့လည်း ဆရာမမော့ကို အနှောင့်အယှက်ပေးဖို့ မရည်ရွယ်ပါဘူး၊ ဒါပေမဲ့ သမီးလေးရဲ့ ကျန်းမာရေးက မကောင်းဘူးရယ်၊ သမားတော်ကလည်း နေမကောင်းရတဲ့ အကြောင်းရင်းကို မရှင်းပြနိုင်တော့ ကျွန်မတို့လည်း ရွေးချယ်စရာမရှိတော့ဘဲ အိမ်တော်ကိုလာဖို့ဖိတ်လိုက်ရတာပါ”
သူမနှင့် ပဋိပက္ခဖြစ်ခဲ့သူက ကျောက်ကျားလင်ဖြစ်၏။
ကြင်ရာတော်မင်းသမီးရဲ့ စကားများကိုကြားရချိန်
တွင် ရှဲ့ချောင်ရင်ထဲ မလေးစားမိဘဲမနေနိုင်ပေ။
“မင်းသမီး ခွင့်လွှတ်ပေးပါ” ရှဲ့ချောင်ကလည်း ယဉ်ယဉ်ကျေးကျေးသာပြောသည်။
“သမားတော်တွေက ဘာပြောသွားလဲ”
“ဟူး.. ဒီသမားတော်တွေအကုန်လုံး.. ကျွန်မသမီးက… အချစ်နာကျတယ်လို့ပဲပြောနေကြတာ”
မင်းသမီးရဲ့ မျက်နှာထက်တွင် ခါးသီးမှုများရှိနေကာ
“ဘယ်အယုတ်တမာကောင်က
ဒီစကားတွေဖြန့်လိုက်လဲမသိဘူး၊ အခုတော့ တစ်မြို့လုံး ဒီအကြောင်းပဲပြောနေကြပြီ၊ သမီးလေးက နေပြန်ကောင်းလာရင်တောင် ဒီကောလဟာလတွေက သူ့ကိုအရှက်ရစေမှာပဲ”
ဤအကြောင်းအား တွေးမိသည့်အခါ မင်းသမီးက မျက်မှောင်ကြုတ်လေသည်။
တကယ်တမ်း မင်းသားရုန်လင်းအိမ်တော်တွင် သူမ၏ဂုဏ်သတင်းက ကောင်းနေတာမဟုတ်။
တစ်ချိန်တုန်းက သူမ၏ယောက္ခထီးဖြစ်သူ မင်းသားကြီးသည် စာသင်သားတစ်ယောက်အား မြင်းဖြင့်ဆွဲကာသေစေခဲ့လေရာ သူ့ရဲ့အသက်ကိုဆုံးရှုံးခဲ့ရသည်။ သို့သော် ဤအဖြစ်အပျက်က မြိုတော်ထဲ၌ မုန်တိုင်းထစေခဲ့ပြီး တစ်လောကလုံးက စာသင်သားများက သူတို့မိသားစုအပေါ် အငြိုးအတေးထားခဲ့ကြသည်။ မင်းကြီးကသည် ညီအစ်ကိုသံယောဇဉ်ကိုထောက်ထားပြီး စောင့်ရှောက်ပေးခဲ့တာမဟုတ်လျှင် မင်းသားရုန်လင်း၏အိမ်တော်သည် ကျဆင်းသွားတာကြာနေလေပြီ။
ကံကောင်းစွာဖြင့် သူမ၏သားက သူမရဲ့မျှော်လင့်ချက်များအားဖြစ်စေနေ၍သာ။
သို့သော် သမီးကတော့…
သူမအား ဆက်တိုက်ဆိုသလို ပူပင်နေခဲ့ရသည်။
“ ကျွန်မတို့သမီးလေးက အလိုလိုက်ထားတော့ သူ့ရဲ့စရိုက်က ကျွန်မတို့နှစ်ယောက်နဲ့လုံးဝမတူဘူး.. ကလေးတစ်ယောက်လိုပဲ၊ သူကသတို့သမီးတစ်ယောက်ဖြစ်ချင်တယ်ပြောရင်တောင် အမေတစ်ယောက်အနေနဲ့ ယုံပေးမှာပါ..ဒါပေမဲ့
.. အချစ်နာကျတယ်ဆိုတာကြီးက.. ဘယ်လိုမှယုတ္တိရှိမနေဘူး”
•••••