← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

Ch 51

လုယန်နှင့် ယွင်မြောင်ချင်း၏ ပျောက်ကွယ်မှုသည် ဓားအလင်း၏ လေထုကို ဆွဲချုံ့လိုက်ခြင်းကြောင့်ဆိုတာ အကုန်လုံး သဘောပေါက်လိုက်ကြသည်။

လျိူဝူယွင်း၏ မျက်နှာက အလွန်တည်တင်းလာတော့သည်။ သို့ပေမဲ့ သူစိတ်ထဲက ကြိတ်ပျော်နေတာကိုတော့.. ဘယ်သူမှ မသိရှိခဲ့ပေ။

‘ ရှိန်လောက်စရာ အရည်အချင်းတွေနဲ့ မိန်းကလေးပါလား။ အကိုကြီးက ဒီလိုငါးကြီးကြီးတစ်ကောင်ကို မြှားနိုင်မယ် မထင်ထားဘူး.. ဒါပေမဲ့ ကောင်းကင်ဘုံလမ်းကြောင်းဓားက ပြန်ပေါ်လာပြန်ပြီ’

ကောင်းကင်ဘုံလမ်းကြောင်းဓားက စိတ်ဝိညာဥ်ရတနာတစ်ခု မဟုတ်ပေမဲ့ စိတ်ဝိညာဥ်ရတနာထက် သာလွန်သော စွမ်းရည်ရှိသည်။ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ ဓားပေါင်း၁၀၈ လက်ထဲမှာ အဆင့် ၃၇ နေရာယူထားနိုင်ကာ ကမ္ဘာ့ရတနာများအတွင်း ထိပ်သီးစာရင်းဝင် လက်နက်တစ်ခုလည်း ဖြစ်၏။ ကောင်းကင်ဘုံလမ်းကြောင်းဓားမှာ ကောင်းကင်ဘုံလှိုဏ်ဂူတစ်ခု ပါဝင်နေတာပင်။ ဓားအလင်းထုတ်ဖော်လိုက်သည်နှင့် ရန်သူကို ကောင်းကင်ဘုံလှိုဏ်ဂူအတွင်း ဆွဲခေါ်သွားနိုင်သည်။ ထိုသို့ဖြင့် ကိုယ်ပိုင် ပိုင်နက်အတွင်းမှာ တိုက်ခိုက်နိုင်ကာ အခွင့်အရေး အပြည့်ရရှိသည်။

ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာသာ ရှိနေသရွေ့ ဓားပိုင်ရှင်၏ ချီစွမ်းအင်က ကောင်းကင်ဘုံ၏ ထောက်ပံ့မှုကို မပြတ်ရရှိနိုင်ကာ ချီစွမ်းအင်.ကုန်ဆုံးခြင်းကို ပူပန်စရာ မလိုတော့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဓားပိုင်ရှင်မဟုတ်သော လူတစ်ဦးသာ ကောင်းကင်ဘုံလှိုဏ်ဂူထဲ ရောက်လာခဲ့လျှင် ထိုသူ၏ ချီစွမ်းအင်သာမက၊ သိုင်းအစွမ်းနှင့် ရတနာပါမကျန် အကုန်လုံး သုံးဆယ်ရာခိုင်နှုန်း စွမ်းအင်ကျဆင်းသွားမည်။

တိုက်ပွဲအများစုက မတိုက်ခင်မှာ အနိုင်ရနေ​ပြီး ဖြစ်သွားသည်။

ထို့ကြောင့်ပဲ အစီအမံနှစ်ခုကို အကာအကွယ် ယူထားသော လုယန်ကို ယွင်မြောင်ကျန်း မျက်လုံးထဲတောင် မထည့်ခဲ့တာပင်။ အစီအမံကြီးနှစ်ခုက ဘယ်လောက် ကောင်းမွန်နေပါစေ၊ သူမ၏ ကောင်းကင်ဘုံလှိုဏ်ဂူကနေ မလွတ်မြောက်နိုင်မှန်း သူမ သေချာပေါက် သိသည်။

ကောင်းကင်ဘုံလှိုဏ်ဂူ၏ ဆွဲခေါ်မှုကို ဘယ်အရာကမှ မခုခံနိုင်ပေ.. အစီအမံတစ်ခုက တားဆီးနိုင်မည်တဲ့လား။

ဟင်းလင်းပြင်နယ်ပယ်ပါဝင်သော အစီအမံတစ်ခုဆိုလျှင်တော့ မပြောနိုင်ပေမဲ့ ထိုကဲ့သို့ အစီအမံမျိုးက မထွက်ပေါ်ဖူးလောက်အောင် ရှားပါးသည်။

အဆင့်ကိုးအစီအမံပညာရှင်တစ်ယောက်က ထိုသို့သော အစီအမံကို ထုတ်ဖော်နိုင်မည်တဲ့လား။

“ ဟဟ၊ ဒီကောင်လေး ဒီနေ့သေပြီပဲ”

အကြီးအကဲယန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူကိုယ်တိုင် လက်စားမချေနိုင်ခဲ့ပေမဲ့ လုယန်၏ သေဆုံးမှုကို ကြည့်နေရလျှင်လည်း သူ့နှလုံးသားထဲက အမုန်းတရားများကို ပြေလျော့စေနိုင်ပါသည်။

လျိုဝူယန်းလည်း အတွေးတူသောကြောင့် မငြင်းဆိုခဲ့ပေ။ ထိုအစား ဖြည်းညှင်းစွာ ခေါင်းယမ်းလိုက်သည်။ လုယန်သာ အစီအမံနှစ်ခု၏ အကာအကွယ် ရထားပါက၊ တိုက်ပွဲရလဒ်က မခန့်မှန်းနိုင်မှာ အသေအချာပင်။ သို့ပေမဲ့ ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာတော့ လုယန် သေရလိမ့်မည်။ ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာ သူဆိုလျှင်တောင် အန္တရာယ်များသွားမည် ဖြစ်သည်။

“ ဒါပေမဲ့ ဒါက အကိုကြီး လိုချင်နေတာပဲ။ အဲ့ဒီကောင်က အကိုကြီးရဲ့ကမ်းလှမ်းမှုကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး ပင်ပန်းရအောင် လုပ်ခဲ့တယ်။ ဒါကြောင့် အခုလို အငှားဓားနဲ့ အသတ်ခံရတာ”

ထိုအတွေးကြောင့် လျိုဝူယန်း အနည်းငယ် တည်ငြိမ်သွားသည်။

လုယန်က ရှေးဦးသူတော်စင်ဂိုဏ်း၏ တပည့်တစ်ယောက်ဆိုပေမဲ့ လျိုဝူယန်းမှာ ကူညီဖို့ စိတ်ကူးမရှိပါချေ။ ထိုအစားသူက စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။ လုယန် သေသွားပြီး.. ချီစွမ်းအင်တွေကို ယွင်မြောင်ကျန်း စုပ်ယူလိုက်မှသာ သူမကို မှီတည်ပြီး လျို့ဝှက်နယ်မြေ ပေါ်ထွက်လာမည်။

ထိုအချိန်တွင် အစီအမံတွေကို ဖောက်ထွက်ပြီး ဖြစ်ပေါ်လာသော ကောင်းကင်ဘုံလမ်းကြောင်းဓားအတွင်းက ကောင်းကင်ဘုံ လှိုဏ်ဂူထဲတွင်..

လုယန် အသိစိတ်ပြန်ကပ်လာသည်နှင့် အမြင်အာရုံလည်း ပြန်လည်ကြည်လင် လာခဲ့သည်။ သူ လှည့်ပတ်ကြည့်လိုက်ချိန်မှာ အရာအားလုံးက ပြောင်းလဲနေတော့သည်။

နေရာတိုင်းမှာ ဓားချီတွေ ပျံ့ကျဲနေသည်။

ထိုဓားချီ၏သက်ရောက်မှုကြောင့် သူ၏ ချီစွမ်းအင်က သုံးဆယ်ရာခိုင်နှုန်း အားလျော့သွားကာ၊ အစွမ်းထုတ်သုံးဖို့ ကြန့်ကြာသွားမှန်း ခံစားလိုက်မိသည်။ ဒါက ဒီနေရာ၏ ဖိနှိပ်မှုတစ်မျိုးဖြစ်မည်မှန်း လုယန် နားလည်လိုက်သည်။

နောက်တစ်စက္ကန့်မှာ လေထဲကို အလင်းတစ်မျိုစုဝေးလာပြီး ထိုအထဲမှ ယွင်မြောင်ကျန်း ထွက်လာခဲ့သည်။

“ ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ နတ်ဆိုးကောင်၊ ကောင်းကင်ဘုံရဲ့ ကပ်ဘေးနမိတ်အရ ဒီနေ့ကနင့်ရဲ့ သေခြင်းတရားကို ကြုံတွေ့ရမဲ့ နေ့ပဲ”

ကောင်းကင်ထက်ကနေ အမတသခင်ကြီးတစ်ယောက် အမိန့်အာဏာ ခြွေလိုက်သည့်နှယ် ကြည်ရှင်းသော အသံတစ်ခုက ပဲ့တင်ထွက်လာသည်။ ထိုစကားလုံးများကြားမှာ ကောင်းကင်နှင့်မြေကြီး လည်ပတ်သွားသည့်နှယ်၊ စွမ်းအင်တွေ၏ အပိုင်းပိုင်း ထိုးခွင်းလာမှုကို လုယန် ခံစားလိုက်ရ၏။

ယွင်မြောင်ကျန်းက သူမ၏နဖူးက သရဖူကို လက်နှစ်ဖက်ဖြင့် စုဝေးလိုက်သည်။ အလွန်တောက်ပသော အလင်းတန်းတစ်ခု ရုတ်ချည်းထွက်ပေါ်လာကာ ကောင်းကင်အနှံ့ နေရာယူလိုက်ပြီး နောက်တစ်စက္ကန့်မှာ ရွှေရောင်၊ ငွေရောင်၊ ကျောက်စိမ်းရောင်အလင်း သုံးသွယ် ဖြစ်ပေါ်သွားသည်။ ထိုအလင်းသုံးသွယ်က နဂါးတစ်ကောင် ရစ်ခွေလိုက်သည့်နှယ် သူမ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည့်အတွက်.. သူမ၏ ပုံစံက အလင်းရောင်တွေကြားက နတ်ဘုရားမတစ်ပါးလို ထည်ဝါနေသည်။

လုယန်၏ မျက်နှာက ပိုမိုတည်ငြိမ်လာပါတော့သည်။

သူ အကြိမ်ကြိမ် ပြန်လည်ရှင်သန်ခဲ့ဖူးပေမဲ့ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းကို မရင်းနီးခဲ့ပါချေ။ သို့ပေမဲ့ ယွင်မြောင်ကျန်း အသုံးပြုလိုက်သော သိုင်းကို သူ သဘောပေါက်လိုက်သည်။

“.ဒါက ကြီးမြတ်တဲ့နတ်စွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့ ထိုက်ယီရွှေကြာပွင့်သိုင်းပဲ”

လုယန်၏ခေါင်းထဲက အချက်ပေးသံတွေ အစွမ်းကုန် မြည်ဟည်းလာသည်။

သူ၏ အလောင်းအသွင်ပြောင်းခြင်းအမတသိုင်းကလည်း ကြီးမြတ်တဲ့နတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသော သိုင်းတစ်ခု ဖြစ်သောကြောင့် ထိုက်ယီရွှေကြာပွင့်သိုင်းကို သူဘယ်လိုမှ အထင်မသေးရဲချေ။

“ ငါ အသေအကြေ တိုက်ရတော့မှာပဲ”

လုယန် အသည်းအသန်စဥ်းစားလိုက်သည်။

ထိုက်ယီရွှေကြာပွင့်၏ ရွှေရောင်၊ ငွေရောင်၊ ကျောက်စိမ်း အလင်း သုံးခုလုံးမှာ ထိပ်သီးအဆင့် နတ်အစွမ်းတစ်ခုစီ ပါဝင်သည်။

ထိုက်ယီရွှေကြာပွင့်သိုင်းကို ပြီးပြည့်စုံခြင်းအဆင့်အထိ တက်ကျွမ်းလိုပါက၊ ထိုအလင်းသုံးသွယ်ကို ပေါင်းစည်းပြီး ရွှေကြာပွင့်အဖြစ် သန့်စင်ကာ သရဖူမှာ ပေါင်းစည်းဖို့လိုအပ်သည်။ ထိုက်ယီရွှေကြာပွင့် ထွက်ပေါ်လာလျှင် အစွမ်းက အဆပေါင်းများစွာ မြင့်မားသွားပြီး၊ ကျင့်ကြံမှုအတားအဆီးကို ချိုးဖြတ်နိုင်ရန်ပါ ကူညီပေးသည်။

‘ တော်သေးလို့ သူမရဲ့ နတ်စွမ်းရည်က ပြီးပြည့်စုံခြင်းအဆင့်ကို မရောက်သေးဘူး’

တာအိုအစွမ်းက ဆန်းကြယ်သည်။ သူမသာ ပြီးပြည့်စုံခြင်းအဆင့်အထိ တက်မြှောက်သွားပါက၊ အခုလို အလင်းတန်းသုံးခုမဟုတ်ဘဲ ပေါင်းစည်းပြီးသား အလင်းကို ဖော်ထုတ်လာမှာ ဖြစ်သည်။

‘ ဒါငါ့အတွက် အခွင့်အရေးပဲ’

ထိုအချိန်မှာပဲ ယွင်မြောင်ကျန်း လက်တစ်ဖက် ခါလိုက်သည်။ သူမ၏ စိတ်အာရုံကို အရင်းခံပြီး ရွှေရောင်အလင်းက လုယန်ရှိရာကို ပြေးလာတော့သည်။

လုယန် ချက်ချင်း အနောက်ဆုတ်လိုက်သည်။ ထိုရွှေရောင်အလင်းကို စိတ်အာရုံဖြင့် ရွေ့လျားရပြီး စိတ်အာရုံလွင့်ပျယ်သည်နှင့် ထိုအလင်းကလည်း အလိုအလျောက် ပျောက်ကွယ်သည်။ သို့ပေမဲ့ ထိုအလင်းက ရန်သူကို ထိမိလိုက်ပါက၊ ရန်သူ၏ တစ်ကိုယ်လုံးကို အတွင်းမှလောင်ကျွမ်းစေပြီး ရွှေရောင်အဖြစ် ပြောင်းသွားစေသည်။ ထိုအလင်းရောင်ကို မဖိနှိပ်နိုင်ပါက၊ အချိန်တိုအတွင်း ပြာအဖြစ်ပြောင်းသွားမှာ ဖြစ်သည်။

“ သွားတော့”

လုယန်လည်း အတွေးတစ်ချက်ဖြင့် ကောင်းကင်သွေးနတ်ဆိုးအလင်းကို ဆင့်ခေါ်လိုက်သည်။ မကောင်းဆိုးဝါးဆန်လှသော အနီရောင် အလင်းက ကြောက်မက်ဖွယ် အရှိန်ဖြင့် အရှေ့ပြေးသွားကာ ရွှေရောင်အလင်းကို ခုခံလိုက်သည်။ အလင်းတန်းနှစ်ခုက လေထဲမှာ ရပ်တန့်သွား၏။

ယွင်မြောင်ကျန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

နောက်တစ်စက္ကန့်မှာ ဓားဆေးလုံးတစ်လုံး ရုတ်ချည်းထွက်ပေါ်လာကာ၊ ပြန်လည် ပျောက်ကွယ်သွားပြန်သည်။ ထိုဓားဆေးလုံးက လုယန်၏ ခေါင်းတည့်တည့်မှာ ပေါ်လာခဲ့တာဖြစ်ပြီး အောက်ဆင်းချလာခဲ့သည်။

ချွမ်ချွမ်

လုယန် အလျင်စလို သွေးယန်ဓားကို ဆင့်ခေါ်လိုက်သည်။ သွေးယန်ဓားက ဓားသံတစ်ချွမ်ချွမ်သာ ထုတ်ပေးလာပြီး ကောင်း​ကင်ဘုံ လှိုဏ်ဂူအပြင်ကနေ အထဲမဝင်နိုင်ခဲ့ဘူး။ လုယန် သက်ပြင်းချလိုက်ပြီး အာရုံကိုစုစည်းလိုက်ကာ ထိုက်ရှီကြေးမုံကိုပဲ ဆင့်ခေါ်လိုက်သည်။

ကြေးမုံ၏မျက်နှာပြင်က ရုတ်ချည်းတုန်ခါသွားပြီး လေမိုးကြိုးချီစွမ်းအင်ကို ထုတ်လိုက်သည်။ လေမုန်တိုင်းထဲမှာ မိုးကြိုးစီးကြောင်းက အချိန်တိုင်း ထုတ်လွှတ်နေပြီး၊ ယွင်မြောင်ကျန်း၏ ဓားဆေးလုံးကို ပိုက်ကွန်မှာ ချုပ်ထားသလို… ချုပ်နှောင်လိုက်သည်။ လေမုန်တိုင်းက ဓားချီကို အဆက်မပြတ် တိုက်စားဖို့ ကြိုးစားတော့သည်။

ယွင်မြောင်ကျန်းက အလျင်မလိုပါချေ၊ ထိုအစား အေးစက်စက် ပြုံးလိုက်သည်။

သူမက အရိုးဈေးထဲကို မလာခင်ထဲက လုယန်၏ အကြောင်းကို နှံ့စပ်နေအောင် စုံစမ်းထားပြီးသားဖြစ်သည်။

ထိုက်ရှီကြေးမုံကိုလည်း သူမ ခန့်မှန်းပြီးသားပဲ။

သူမက ကောင်းကင်ဘုံလှိုဏ်ဂူကို အသုံးပြုပြီး အစီအမံကို တားဆီးသည်။ ဓားဆေးလုံးဖြင့် ထိုက်ရှီကြေးမုံကို ထိန်းချုပ်သည်.. ထိုသို့ဖြင့် သူမ၏နောက်ဆုံးရိုက်ချက်ကို တိုက်ခိုက်ဖို့ အလှည့်ကျလာလေပြီ။

ယွင်မြောင်ကျန်းက ငွေရောင်အလင်းနဲ့ ကျောက်စိမ်းအလင်းကို လှုပ်ရှားစေလိုက်သည်။ ချီအလင်းကို ကိုယ်စားပြုသော ငွေရောင်အလင်းက ကောင်းကင်ဘုံအောက်က ချီစွမ်းအင်တိုင်းကို ဖျက်ဆီးနိုင်ပြီး အဆီအနှစ်အလင်းကိုယ်စားပြု ကျောက်စိမ်းအလင်းသည် သံမဏိအရိုးကိုပင် ပိုင်းဖြတ်နိုင်အောင် မာကြောသည်။ သူမက ထိုအလင်းနှစ်ခုကို အတင်းအကျပ် ပေါင်းစည်းပြီး ကြည်လင်သော ဓားချီတစ်ခုကို ဖော်ထုတ်ကာ လုယန်ကို ရိုက်ချလိုက်တော့၏။

“ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ စစ်မှန်တပည့်တစ်ယောက် ဆိုတဲ့အတိုင်းပါပဲလား”

လုယန် သက်ပြင်းချလိုက်သည်။ ယွင်မြောင်ကျန်းက မျက်နှာပဲလှသည့် မိန်းကလေးတစ်ယောက် မဟုတ်ပါချေ။ သူမ၏ နည်းလမ်းနှင့်အချိန်ကိုက်က တိကျသည်။ ထို့အပြင် ကြီးမြတ်တဲ့နတ်စွမ်းအင်ကိုပါ ပိုင်ဆိုင်ထားသေးသည်။

ပြီးပြည့်စုံအဆင့်ကိုရောက်ပြီး အလင်းသုံးခုလုံး မပေါင်းစည်းနိုင်သေးပေမဲ့ အလင်းနှစ်ခုကို ပေါင်းစည်းနိုင်ပုံ ကြည့်ရသလောက် သူမက ခြေတစ်လှမ်းပဲ လိုတော့တာသိသာသည်။

လုယန်၏ အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း အပေါ် နားလည်မှုက သူမနှင့် နှိုင်းယှဥ်၍ မရပါချေ။

နောက်ဆုံးသိုင်းခွဲတစ်ခုဖြစ်သော ရတနာမန္တာန်အမိန့်သိုင်းက အခုထိ အလှမ်းဝေးနေဆဲဖြစ်ကာ သ်ိုင်းခွဲသုံးခုကိုပင် မတတ်ကျွမ်းသေးချေ။

“ တိုက်ခိုက်ကြရင် ငါကသူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး”

လုယန် ရှင်းရှင်းလင်းလင်း နားလည်ပါသည်။ သူက အနီးကပ်တိုက်ခိုက်ရာမှာ မတော်သလို အဝေးတိုက်ခိုက်ရာမှာလ​ည်း မထူးချွန်ဘူး။ သူ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တာက၊ ကိုယ့်ထက် အားနည်းတဲ့သူတွေကို ကျင့်ကြံဆင့်အားကိုးနဲ့ အနိုင်ကျင့်တာပဲ။

သို့ပေမဲ့ သူအခု ဘယ်လိုလုပ်ရတော့မလဲ။

ယွင်မြောင်ကျန်းက ချီသန့်စင်ခြင်းအဆင့်ကိုးရှိနေပြီး.. သူကအခုမှ အဆင့်ရှစ်ပဲ ရှိသေးသည်။

‘ လွန်ခဲ့တဲ့ လအနည်းငယ်ကဆိုရင်တော့ ငါသေချာပေါက် ဘဝသစ်ပြန်စနေရမှာ.. ဒါပေမဲ့အခု ငါ့မှာနောက်ထပ်ဝှက်ဖဲတစ်ခု ရှိနေသေးတယ်’

လုယန် တည်ငြိမ်စွာပဲ မန္တာန်စာရွက်နှစ်ရွက်ကို လေထဲပစ်လွှတ်လိုက်ကာ၊ လမ်းတစ်ဝက်မှာ ဖောက်ခွဲစေလိုက်သည်။

ဝုန်း

ကျယ်လောင်သော အသံကြီးနဲ့ ပေါက်ကွဲထွက်လာခဲ့သော မိုးကြိုးသွားတစ်ခုနှင့် ဓားချီသည် ယွင်မြောင်ကျန်း၏ ပေါင်းစည်းအလင်းကို နောက်ဆုံးအချိန်မှာ ပိတ်ပင်နိုင်သွားသည်။

“ အဆင့်ကိုးမန္တာန်စာရွက်လား”

ယွင်မြောင်ကျန်း အနည်းငယ် မျက်မှောင်ကြုတ်သွားပါသော်လည်း၊ ချက်ချင်း ပြန်တည်ငြိမ်သွားသည်။

“ နှစ်ခုလောက်နဲ့များ၊ နင်ဘယ်လောက် တားနိုင်မလဲ ငါကြည့်မယ်”

ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်သော သူမက မန္တာန်ပညာရပ်ကို မသင်ဖူးပါချေ။ သို့ပေမဲ့ အဆင့်ကိုးမန္တာန်စာရွက်တစ်ရွက်ကို ဖန်တီးဖို့အတွက် ချီသန့်စင်ခြင်းနှောင်းပိုင်း ကျင့်ကြံသူ ဖြစ်နေလျှင်တောင်မှ အချိန်သုံးရက်လုံး အပြည့်အဝ အာရုံစိုက်ထားဖို့ လိုအပ်မှန်း နားလည်ပါသည်။

လုယန်ဆီမှာ ဆယ်ခုထက်ပိုပြီး မရှိနိုင်မှန်း သူမ တွက်ဆထားပြီးသားပင်။

သို့ပေမဲ့နောက်တစ်စက္ကန့်မှာပဲ လုယန်၏ လုပ်ရပ်က သူမကို အလွန်အမင်း မှင်သက်သွားစေခဲ့သည်။

နှစ်ခု.. သုံးခုမှစပြီး ထွက်ပေါ်လာသော မန္တာန်စာရွက်များက မကြာခင်မှာပဲ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းပစ်နိုင်သည်အထိ အလွန်များပြားစွာ ထွက်ပေါ်လာလေရဲ့။

မန္တာန်စာရွက် ကောင်းကင်အနောက်မှာ ရပ်နေသော လုယန်က တစ်ချိန်ထဲမှာ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို လှုတ်ယမ်းလိုက်ပြီး ဖင်ကုတ်ချိန်တောင် မရအောင် အလုပ်များနေသော စာလိပ်ဝိညာဥ်များကို အလုပ်ပိုလုပ်ရန် တစ်ခါထဲ သတိပေးထားလိုက်သည်။

“ မင်းကငါ့ကို အထင်သေးလိုက်တာလား။ ဒီလိုဆိုမှတော့ စောက်ကျစ်မကောင်းတဲ့ နတ်ဆိုးဂိုဏ်းသားတစ်ယောက်ရဲ့ မန္တာန်စာရွက်စက်ရုံအင်အားကို ပြပေးရတော့မှာပေါ့”

လုယန်၏ အသံဆုံးသည်နှင့် မန္တာန်စာရွက်တွေက တပြိုင်နက်ထဲ လှုပ်ရှားလာကြသည်။

ချက်ချင်းပဲ မိုးကြိုးသွားနဲ့ဓားချီ ပေါင်းစပ်ထားသော အလင်းက ကောင်းကင်ဘုံလှိုဏ်ဂူကို ရောင်ပြန်ဟပ်သွားစေသည်.. ထိုတဖြတ်ဖြတ် လက်နေသော အလင်းကြားမှာ ယွင်မြောင်ကျန်း၏ အံ့သြနေသော မျက်နှာက အချိန်နဲ့အမျှ ရုပ်ဆိုးလာတော့သည်။

……

Ch 52

( ပန်းပွင့်တွေကို ရက်စက်စွာဖျက်ဆီးခြင်း)

အစီအမံပညာရပ်ဖြစ်စေ၊ မန္တာန်ပညာရပ်ဖြစ်စေ.. ထိုနှစ်မျိုးလုံးက တူညီသော ရလဒ်ကို ကိုယ်စားပြုသည်။ ပြင်ပအကူအညီဖြစ်သော နှစ်မျိုးလုံးက ကျင့်ကြံသူတစ်ယောက်ကို.. အားနည်းသူက သန်မာသူကို အနိုင်ယူခြင်းမှာလည်းကောင်း၊ အထက်ပိုင်းကျင့်ကြံသူကို သတ်ဖြတ်ရာမှာ လည်းကောင်း အခြေအနေကို ပြောင်းပြန်လှန်နိုင်သော ဝှက်ဖဲများ ဖြစ်လာကြသည်။

အဆင့်ကိုးအစီအမံတစ်ခုက လုယန်ကို အများကြီး အကျိုးကျေးဇူး ရစေခဲ့ဖူးသည်။

ထို့အတူ အဆင့်ကိုးမန္တာန်စာရွက်က အဆင့်ကိုးအစီအမံလောက် မသန်မာလျှင်တောင်မှ ယွင်မြောင်ကျန်းကို ခက်ခဲစေဖို့ လုံလောက်ပါသည်။

ပိုဆိုးသည်မှာ လုယန် အသက်သွင်းလိုက်တာက.. မန္တာန်စာရွက်ငါးရာနီးပါးဖြစ်လေ၏။ ထိုမျှ အင်အားစုနှင့်ဆိုပါက၊ ကောင်းကင်ဘုံတစ်ခုလုံးကို အရောင်းဆိုးဖို့ပင် လုံလောက်သည်။

မန္တာန်စာရွက်တစ်ရွက်က အသုံးပြုပြီးသည်နှင့် ပြာဖြစ်သွားသည့်အတွက်၊ ကျင့်ကြံသူများသည် အလွန်တန်ဖိုးထားကြသည်။ သို့ပေမဲ့ လုယန်ကတော့ အများကြီး ဂရုမစိုက်ဖို့ မလိုအပ်ပေ။ မန္တာန်စာရွက်တွေ ကုန်သွားရင်လား။ လွယ်ပါသည်.. သူ့မှာ အားယားနေသော စာလိပ်ဝိညာဉ်တွေ အပုံလိုက် ရှိနေသည်ပဲ။

ဝုန်း ဒုန်း အုန်း

ချက်ချင်းပဲ ဓားချီတွေ တဖြတ်ဖြတ် လက်လာသည့်အပြင် ကောင်းကင်အနှံ့ ခြိမ်းခြောက်မြည်သံပေးနေသော မိုးကြိုးသွားများက အလယ်က ယွင်မြောင်ကျန်း ရှိရာကို ဓားပေါင်းတစ်သိန်း ဦးတည်လာသည့်နှယ် ဖျက်ဆီးလိုမှုအပြည့်ဖြင့် ပြေးဝင်နေကြသည်။

ယွင်မြောင်ကျန်း အလျင်စလို ခုခံလိုက်သည်။

ချီအလင်း၏စူးရှရှ အလင်းတစ်ခုက ကောင်းကင်ယံကို ထိုးဖောက်သွားပြီး ငွေရောင်အကာတစ်ခုက ယွင်မြောင်ကျန်းအရှေ့မှာ ပိတ်ကာပေးလိုက်၏။

သို့ပေမဲ့ လုယန်၏ မန္တာန်စာရွက်တွေက အဆုံးအစမဲ့ တိုက်ခိုက်နေသည်။ သူမ၏ ငွေရောင်အကာအကွယ်က အစွမ်းတွေ အများကြီးပေးဆပ်ရသည်.. အချိန်နှင့်အမျှ လျော့ပါးလာသော ချီစွမ်းအင်ကြောင့် သူမ နောက်ဆုံးမှာ အသက်စွမ်းအင်ကိုပါ ထုတ်ပြီး ခုခံရတော့၏။

ဝုန်း..ဝုန်း

လုယန်မှာလည်း သူမကို ညှာတာပေးဖို့ အတွေးမရှိပါချေ။ ဓားချီမန္တာန်နှင့် မိုးကြိုးငါးသွယ် မန္တာန်၏ တိုက်ခိုက်မှုကြားမှာ သူမ၏ အကာအကွယ်စည်းတစ်ပိုင်း ကျိုးပျက်သွားသည်။ အရောင်အဝါအကျိုးပျက်သည်နှင့် ကောင်းကင်ထက်က မိုးရွာသလို ဖြာကျလာသော ပေါက်ကွဲမှုက သူမ၏ ဖြူဖွေးဖွေး အသားတစ်ခြမ်းကို အကာအကွယ် မဲ့သွားစေသည်။

အား

ယွင်မြောင်ကျန်း မျက်နှာရဲတောက်သွားသည်။ သူမ အလျင်စလို ကာကွယ်ချင်သော်လည်း လုယန်၏ ဆက်တိုက် တိုက်ခိုက်မှုကြောင့် သူမ ဘာမှ မစွမ်းသာခဲ့ပေ။

“ သူတောင်းစား၊ သေချင်နေတာပဲ”

ယွင်မြောင်ကျန်း အလွန်အမင်း မျက်နှာပျက်လာတော့သည်။ သူမက ငယ်ရွယ်လှသော အသက်အရွယ်မှာ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်နိုင်ခဲ့သည့်အတွက် စစ်မှန်တပည့်တွေကြားမှာ ထိပ်သီးပိုင်းနေရာ ရထားသည်။ အခြေခံတည်ထောင်ခြင်း အလျောင်းအလျာ စစ်မှန်တပည့်တစ်ယောက် အနေနှင့် သူမ၏ တစ်ဘဝလုံးက လူတိုင်း၏ အထက်မှာ ရှိခဲ့သည်။ အဲ့ဒီလိုသူမက အခုလို မကောင်းတဲ့ကောင်ဆီမှာ ကျရှုံးရမည်လား။

ယွင်မြောင်ကျန်း၏ ကူကယ်ရာမဲ့နေသော မျက်နှာကြောင့် လုယန် အနည်းငယ် ကောက်ကျစ်စွာ ပြုံးလိုက်တော့၏။

“ မိတ်ဆွေလေးက တုနှိုင်းမမှီအောင် လှတာပါလား။ အရမ်း ကြီးတယ်နော်.. အယ်မှားလို့ အရမ်းဖြူတယ်လို့ ဟင်းဟင်း”

ယွင်မြောင်ကျန်း.ဘယ်လိုပင် ဖုံးဖို့ ကြိုးစားပါစေ၊ လုယန်၏ စူးရှသော အမြင်အာရုံက မြင့်သင့်တာကော၊ မမြင်သင့်တာကော တွေ့လိုက်ရသည်။

လုယန်၏ ဖောက်ထွင်းမြင်နိုင်လောက်အောင် စူးရှနေသော အကြည့်ကြောင့် ယွင်မြောင်ကျန်း ပိုပြီး ယောက်ယက်ခတ်လာတော့သည်။

ထို့အတူလုယန်၏ အဆက်မပြတ် စနောက်မှုကလည်း သူမကို ပိုပြီးဒေါသထွက်စေသည်။

“ နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလိုမဖွယ်မရာတွေ လုပ်နေတာလား။ မိတ်ဆွေလေးက စစ်မှန်ဂိုဏ်းသူတစ်ယောက် ဟုတ်သေးရဲ့လား”

လုယန်က တစ်ချိန်ထဲမှာ မန္တာန်စာရွက်တွေကိုလည်း မပြတ် တိုက်ခိုက် ခိုင်းနေသည်။ တကယ်တော့ သူ၏ စနောက်မှုက သူမကို နှောက်ယှက်ရုံသာဖြစ်ပြီး.. သူ၏ အဓိကရည်ရွယ်ချက်ကတော့ ရန်သူကိုအသေသတ်ဖို့ပင်။

ထင်ထားသည့်အတိုင်းပင် လုယန်၏ စနောက်မှုနှင့်အတူ တိုက်ပွဲအစမှာ အားသာမှုရနေခဲ့ပေမဲ့ လုယန်၏ အရိုင်းဆန်သော တိုက်ချက်ကြောင့် အဝတ်တောင်မလုံနိုင်သည်အထိ ခွက်ထိုးခွက်လန် အထိနာနေရသော အဖြစ်မှန်က ယွင်မြောင်ကျန်း၏ နှလုံးသားထဲ ဒေါသမီးတောက်တစ်ခု စတင်စေကာ.. သူမ အနည်းငယ် အာရုံပျက်သွားတော့သည်။

“ အခုချိန်ပဲ’

လုယန်ကလည်း အခွင့်အရေးကို လက်လွတ်မခံပါချေ။ သူမ အာရုံလွင့်သွားသည်နှင့် လုယန် လက်ကွက်ဖော်လိုက်သည်။ သူ့ခေါင်းအနောက်မှာ အလင်းဝိုင်းတစ်ခု ထွက်ပေါ်လာသည်။

အလင်းဝိုင်းက ရုတ်ချည်းအလင်းတွေထုတ်လွှတ်လိုက်သလို တစ်ချိန်ထဲမှာ လုယန်၏ မျက်လုံးသည်လည်း အရောင်ပြောင်းသွားသည်။

သူတို့အစောပိုင်းက တိုက်ပွဲမှာ ယွင်မြောင်ကျန်း၏ ချီစွမ်းအင်တွေက နေရာတိုင်းမှာ ပျံ့ကျဲထားပြီးသားဖြစ်သည်။

“.. အရိပ်ဖမ်းချုပ်စေ”

လုယန်၏ အမိန့်ရသည်နှင့် အလင်းဝိုင်းက ယွင်မြောင်ကျန်း၏ ချီစွမ်းအင်ကိုစုပ်ယူကာ၊ သူမနှင့် တစ်ပုံစံထဲတူသော ပုံရိပ်တစ်ခုကို ဖန်တီးလိုက်သည်။

လုယန် တစ်စက်လေးမှ အချိန်မဆွဲရဲဘဲ လက်ညိုးနဲ့ လက်ခလယ်ကို ဖြဲလိုက်သည်။

ဒီတစ်ခေါက်လည်း သူ ဒေါင်လိုက် ပိုင်းဖြတ်ခဲ့သည်။

အလင်းဝိုင်း၏ သက်ရောက်မှုကြောင့် ယွင်မြောင်ကျန်း၏ အရိပ်နှစ်ပိုင်းပြတ်သွားသည်နှင့် သူမ၏ ခန္ဓာကိုယ်အစစ်ကို ပြင်ပအားတစ်ခုက ရုတ်ချည်း ထိန်းချုပ်လိုက်သည်။

ယွင်မြောင်ကျန်း၏ ဖြူဖွေးသော နဖူးပြင်ထက်မှာ သွေးနီရောင်အစက်တစ်ခု ပေါ်လာပြီး၊ ထိုသွေးစက်က စက္ကန့်ပိုင်းအတွင်း ကျယ်ပြန့်သွားသည်။

“.. နင် ဆုတောင်းလိုက်”

ချက်ချင်းဆိုသလို ယွင်မြောင်ကျန်းကလည်း မျက်စံကို ကျဉ်းမြှောင်းရင်း အော်ဟစ်လာသည်။ သူမ၏ မျက်လုံးထဲက ရွှေရောင်အလင်းတွေက အပြင်ဘက်ကိုပါ လင်းလက်လာ၏။

သူမက ကောင်းကင်သွေးနတ်ဆိုးအလင်းကို ထိန်းချုပ်ထားသော သူမ၏ နတ်အလင်းကို ပြန်ရုတ်သိမ်းလိုက်သည်။ သူမ၏ အလင်းသုံးသွယ်လုံးကို ပေါင်းစည်းစေလိုက်ပြီး အလွန်တောက်ပသော ရွှေရောင်အလင်းတစ်ခု ဖော်ထုတ်လိုက်၏။ မြေပြင်ကနေ ကောင်းကင်ယံကို ဖောက်ထွက်မတတ် စူးရှလွန်းသော ရွှေရောင်အလင်းကြားက သူမ၏ ပုံရိပ်က ကောင်းကင်ဘုံရဲ့ သူတော်စင်မတစ်ပါး ဆင်းသက်လာသလို.. ကြောက်ဖို့ကောင်းစေသည်။

အလင်းသုံးသွယ်ပေါင်းစည်းပြီး ထိုက်ယီရွှေကြာပွင့် ထွက်ပေါ်လာလေပြီ..

လုယန်တစ်ယောက် သူ့အရှေ့က ယွင်မြောင်ကျန်းသည် သူနှင့် ကမ္ဘာခြားသွားသလို မြင့်မားသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

‘ ဒါကြီးမြတ်တဲ့နတ်စွမ်းအင်လား’

အစောပိုင်းက ယွင်မြောင်ကျန်းသည် သာမာန်လို တိုက်ခိုက်နေခဲ့ပြီး.. အခုမှသာ ရွှေရောင်ကြာပွင့်နှင့်အတူ ကြီးမြတ်သော နတ်စွမ်းအင်ကို ဖော်ထုတ်လိုက်သည်။

ထိုက်ယီရွှေကြာပွင့်၏ ပံ့ပိုးမှုကြားမှာ သူမက တဖြည်းဖြည်း မြင့်တက်သွားပြီး လုယန်နှင့် အလွန်ကွာခြားသွားသည်။

လူနှစ်ယောက်.. တစ်ယောက်က အရမ်းမြင့်နေချိန်မှာ တစ်ယောက်ကတော့ နိမ့်ကျလွန်းသည်။

လုယန် ထိုခံစားချက်ကို အလွန်ရင်းနီးပါ၏။ ထိုနေ့ကလောက် ကြောက်ဖို့မကောင်းသော်လည်း လုယန် အနည်းငယ် ခြောက်ခြားလာသည်။

ထိုအချိန်မှာပဲ.ယွင်မြောင်ကျန်း လှုပ်ရှားလိုက်သည်။

သူမ၏ သွယ်လျသောလက်တစ်ဖက်ကို ညင်သာစွာ အပေါ်မြှောက်လိုက်သည်နှင့် သူမကို အတင်းအကျပ် ဝန်းရံထားသော အရိပ်ဖမ်းသိုင်း၏ အင်အားပြင်းလွန်းသည့် စွမ်းအင်လှိုင်းက သူမနှင့် ချီစွမ်းအင်သဏ္ဍာန် တူညီသည့် နောက်လူတစ်ယောက်ဆီကို ပြောင်းလဲရောက်ရှိသွားသည်။

သူမ၏အမွှာညီမ ယွင်မြောင်ချင်း..

နောက်တစ်စက္ကန့်မှာပဲ ယွင်မြောင်ချင်း၏ ဖြူဖွေးသော နဖူးစပ်မှာ သွေးနီရောင်အစက်တစ်ခု ပေါ်လာပြီး.. ကောင်းကင်ဘုံလှိုဏ်ဂူအပြင်ဘက်မှာပဲ နှစ်ပိုင်းပြတ်သွားလေ၏။

“ ရက်စက်သလို.. အသုံးချတတ်တယ်”

လုယန် ချက်ချင်း ခနဲ့လိုက်တော့သည်။

“ မိတ်ဆွေလေး အကွက်ရွှေ့တာ မြန်လှချည်လား။ အန္တရာယ်မြင်တာနဲ့ ညီမလည်း မထောက်ဘူးနော်။ ဒါကစစ်မှန်ဂိုဏ်းတွေရဲ့ အလုပ်လုပ်ပုံလား”

“ ဒါက မြောင်ချင်းရဲ့ ကပ်ဘေးပဲ။ အဖြူကိုအမည်းဖြစ်အောင် ပြောင်းမပြောနဲ့”

ယွင်မြောင်ကျန်းက အဖက်မလုပ်သော လေသံဖြင့် ဆက်ပြောသည်။

“ နင်ကသူ့ရဲ့ကျင့်ကြံဆင့်ကို နှောက်ယှက်ပြီး ကပ်ဘေးနံပါတ်ကို မလျော့နိုင်အောင် လုပ်ခဲ့တယ်။ ဒီနေ့ဖြစ်ရပ်မှာ နင်ကမှ တကယ့် တရားခံပဲ”

လုယန် ချက်ချင်းပဲ ကျယ်လောင်စွာ ရယ်မောလိုက်ပါ၏။

“ မိတ်ဆွေလေးက တော်တော် အရေ ထူတာပဲ။ မင်း ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းမှာ ရှိနေတာ ဖြုန်းတီးရာ ကျလွန်းတယ်။ ငါ့နတ်ဆိုးဂိုဏ်းကို လာခဲ့ပါ့လား”

ယွင်မြောင်ကျန်းက မလှုပ်ရှားသေးသော်လည်း ပိုအားကောင်းလာသော လူသတ်အငွေ့များနဲ့ လုယန်ကို အေးစက်စက်ကြည့်ပြီး ပြောလိုက်သည်။

“ လျှာစောင်းထက်နေတဲ့ကောင်.. ကောင်းကင်ဘုံရဲ့ကိုယ်စား ငါဒီနေ့ပဲ နင့်ဘဝကို အဆုံးအဖြတ်ပေးမယ်”

နောက်တစ်စက္ကန့်မှာ ယွင်မြောင်ကျန်း စုဝေးထားသော ထိုက်ယီရွှေကြာပွင့်က ကျယ်လောင်စွာ ပေါက်ကွဲထွက်သွားသည်။ ထိုက်ယီရွှေကြာပွင့်၏ အစွမ်းအောက်မှာ လုယန်နှင့် သူ၏ မန္တာန်စာရွက်များကလည်း တောင်အောင်က ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်လာ၏။ လုယန်သာမက၊ မန္တာန်စာရွက်တွေအားလုံး တစ်ချိန်ထဲမှာ ပျောက်ကွယ်သွားတော့သည်။

ရေးထားပြီးသားစာကို ဖျက်ဆေးဖြင့် ဖျက်လိုက်၍ ခြေရာလက်ရာမကျန်အောင် ပျောက်ကွယ်သွားသည့်နှယ်၊ အလောင်းမပြောနှင့် ချီစွမ်းအင် အကြွင်းအကျန်လေးတောင် ရှာမတွေ့တော့ပေ။

ထိုက်ယီရွှေကြာပွင့်လည်း ပြန်ပျောက်ကွယ်သွားပြီး.. ယွင်မြောင်ကျန်း၏ ကျက်သရေရှိသော ပုံရိပ်တစ်ခုသာ ကျန်ခဲ့သည်။ သို့ပေမဲ့ ထိုကောင်းကင်ဘုံ၏ သမီးတော်လေး မျက်နှာက အလွန်အမင်း ဖြူဖွေးနေသည်။

“ အွတ်..ထွီ”

ယွင်မြောင်ကျန်း မြေပြင်ပေါ် ခြေချလိုက်သည်နှင့် သွေးတစ်ပွက် အန်လိုက်ရသည်။ သူမကို ဝန်းရံထားသော အလင်းတွေပြိုကွဲသွားကာ.. တစ်စက်မှ ထွက်မလာတော့ပေ။

“ ပြီးသွားပြီ.. အကုန်ပြီးသွားပြီ”

ယွင်မြောင်ကျန်း၏ နှုတ်ခမ်းတစ်စုံက အောင်ပွဲကြောင့်ပျော်ရွှင်မှု တစ်စက်မှမရှိစွာ တုန်ယင်နေသည်။ ထိုက်ယီရွှေကြာပွင့်ကို မပိုင်သေးဘဲ အတင်းအကျပ် အသက်သွင်းလိုက်ရသော အကျိုးကို သူမ ပြန်ပေးဆပ်လိုက်ရလေပြီ.. သူမ၏ ဝိညာဉ်ထိခိုက်သွားပြီး၊ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော ကျင့်ကြံမှုအားလုံးကို ပေးဆပ်လိုက်ရသည်။

သူမ၏ အခြေခံတည်ထောင်ခြင်းလမ်းကြောင်းက အခုတော့ ဖုန်မှုန့်တွေလို လွင့်ပြယ်သွားပြီ။

ယွင်မြောင်ကျန်း သက်ပြင်းချလိုက်ပြီး၊ ကောင်းကင်ဘုံလှိုဏ်ဂူကနေ ထွက်သွားဖို့ ပြင်လိုက်သည်။

သို့ပေမဲ့ ထိုအချိန်မှာပဲ အလွန်မယုံနိုင်စရာ ကောင်းသော ပုံရိပ်တစ်ခု ပေါ်လာလေ၏။

“ မိတ်ဆွေလေးကလည်း တိုက်ပွဲရလဒ်တောင် မပေါ်သေးတာကို ထွက်သွားတော့မလို့လား”

လုယန်တစ်ယောက် တဖြတ်ဖြတ် လွင့်နေသော ဝတ်ရုံအနားစများနှင့် ကျက်သရေရှိရှိ ချောမောစွာ ထွက်ပေါ်လာလေရဲ့။

သူ၏ ချီစွမ်းအင်တွေက မရှိတော့သလောက် ကုန်ဆုံးသွားပေမဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတစ်ချက်တောင် မရှိခဲ့ပေ..

“ ဒါမဖြစ်နိုင်ဘူး”

ယွင်မြောင်ကျန်း၏ မျက်နှာက အရောင်မရှိတော့အောင် ဖွေးစွတ်သွားသည်။ သူမ၏ ကြည်ရှင်းသော အသံကလည်း အစွမ်းကုန် အော်ဟစ်မှုကြောင့် နားမခံနိုင်လောက်အောင် စူးရှနေသည်။

“ ဒါကထိုက်ယီရွှေကြာပွင့်လေ.. နင်ဘယ်လိုလုပ် တားနိုင်ရမှာလဲ”

လုယန် သေချာပေါက် ပြောမှာမဟုတ်ပေ။

လုယန်၏ စွမ်းအင်များနဲ့ဆိုလျှင် သေချာပေါက် ထိုက်ယီရွှေကြာပွင့်အစွမ်းကို မခုခံနိုင်ပဲ သေဆုံးမှာဖြစ်သည်။ ထိုက်ယီရွေကြာပွင့်မှာ အခြေခံတည်ထောင်ခြင်း အစွမ်းတွေ ကိန်းခိုနေသည်ပဲ။

သို့ပေမဲ့ ထိုက်ယီရွှေကြာပွင့်ကို တားခဲ့တာက.. သူ၏ စွမ်းရည်သာဖြစ်သည်။

(ခရမ်းရောင်စွမ်းရည်- လှည့်ကွက်)

( လှည့်ကွက်စွမ်းရည်- သင်ဘယ်လိုကြောက်ဖို့ ကောင်းတဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရပါစေ၊ အဲ့ဒါက သင်ကိုင်တွယ်နိုင်တဲ့ အနေအထားမှာ ရှိနေသရွေ့ ဒီလှည့်ကွက်စွမ်းရည်ကို နှစ်ကြိမ်သုံးပြီး ဖြေရှင်းနိုင်လိမ့်မည်)

ဤစွမ်းရည်ကို သူ့အရင်ဘဝတုန်းက ကောင်းကင်ပြုပြင်တောင်ထွတ်သခင်အား ဒေါသတကြီးဖြင့် ဓားဖြင့်ခုတ်ကာ သေဆုံးခဲ့ခြင်းမှ ရရှိခဲ့တာဖြစ်သည်။

ယွင်မြောင်ကျန်းသာ ထိုက်ယီရွှေကြာပွင့်ကို လေးငါးကြိမ်လောက် အသက်သွင်းနိုင်လျှင် မပြောလိုပေမဲ့ သူမကလည်း တစ်ကြိမ်သာ ဆင့်ခေါ်နိုင်ခဲ့သည်။

လှည့်ကွက်စွမ်းရည်က နှစ်ကြိမ်သာ အသုံးပြုခွင့်ရှိသည်.. သို့ပေမဲ့ ထိုအရာက သူ၏ အင်အားအကြီးဆုံး ဝှက်ဖဲတစ်ခုပဲ။

လုယန် တည်ငြိမ်စွာပဲ သူမကို ပြုံးပြလိုက်သည်။.ထို့နောက် ထိုက်ရှီကြေးမုံကို လက်တစ်ဖက်က ကိုင်ပြီး သူမအရှေ့ကို သွားလိုက်ကာ.. ကြေးမုံအလင်းကို သူမအပေါ် ကျရောက်စေလိုက်သည်။

ယွင်မြောင်ကျန်းက စူးစူးဝါးဝါး ကြည့်လာပြီး ရုန်းကန်အော်ဟစ်တော့သည်။

“ နင်ဘာလုပ်မလို့လဲ”

“ ငါမင်းရဲ့ ထိုက်ယီရွှေကြာပွင့်ကို တော်တော်လေး စိတ်ဝင်စားနေတာ”

“ငါ.. ငါနင့်ကို ဘာမှမပြောဘူး”

“ စိတ်မပူနဲ့၊ မင်းမကြာခင်မှာ ပြောရလိမ့်မယ်”

“ မင်းသိတဲ့အတိုင်းပဲ.. ငါက နတ်ဆိုးဂိုဏ်းရဲ့ တပည့်တစ်ယောက်လေ”

ထိုသို့ဖြင့် တိမ်စိုင်တွေ ကင်းရှင်းသွားသလို၊ မိုးရွာခြင်းလည်း ရပ်တန့်သွားသည်.. အချိန်တွေက မသိလိုက်စွာ ကုန်ဆုံးသွား၏။

“ သိုင်းကျင့်စဥ်က အပြည့်မဟုတ်တာ စိတ်မကောင်းစရာပဲ”

လုယန် မျက်လုံးမှိတ်ထားရင်းကနေ ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။

“ သုံးပုံတစ်ပုံပဲရတယ်၊ ကျန်တဲ့အပိုင်းက ကန့်သတ်ချက်ကြောင့် ဘယ်လိုမှ ကြည့်မရဘူး”

ထို့နောက် သူ ယွင်မြောင်ကျန်းကို လှည့်ကြည့်လိုက်သည်။

ယွင်မြောင်ကျန်း အံတင်းတင်းကြိတ်လိုက်သော်လည်း မုန်းတီိးမှု အနည်းငယ်တောင်.မပြရဲဘဲ အတင်းအကြပ် ပြုံးပြလိုက်ရ၏။

“ နင်ငါ့ကိုယူပြီးပြီ.. ဒါဆိုလုံလောက်ပြီမလား”

သို့သော် လုယန် မျက်နှာကိုမဲ့လိုက်ပြီး ပြန်ပြောသည်မှာ..

“ မင်းကဘာအသုံးဝင်လို့လဲ”

ဝုန်း

ချက်ချင်းပဲ ထိုက်ရှီကြေးမုံက လှုပ်ရှားလာကာ၊ ကြေးမုံထဲက ထွက်လာသော လေမိုးကြိုးချီအစွမ်းက နုနယ်သော ပုံရိပ်ကို သွေးမြူခိုးအဖြစ် ပြောင်းလဲလိုက်လေ၏။

……..

All Chapters