အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
Ch 55
( တကယ့်လူအစစ် ထွက်ပေါ်လာပြီ)
မင်ချန်းက အလွတ်တန်းကျင့်ကြံသူလေး တစ်ဦးသာ ဆိုသော်လည်း ဗုဒ္ဓအမွေအနှစ်ကို ဆက်ခံခဲ့ရ၍ ကံတရားအလှည့်အပြောင်း အကြောင်းကို နားလည်သည်။ အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူ ထွက်ပေါ်လာတာကို သူချက်ချင်း သတိထားမိခဲ့သည်.. ထိုနယ်ပယ်ကျင့်ကြံသူတွေက ဘယ်လောက် ကြောက်ဖို့ကောင်းလဲ သူကောင်းစွာ နားလည်လေ၏။
တကယ်တော့ အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူတွေကို ကျင့်ကြံရေးလောကမှာ အမတသခင်ကြီးများအဖြစ် တင်စားကြသည်။ ကျင့်ကြံသူတစ်ဦးက ပြီးပြည့်စုံသော တာအိုခန္ဓာကိုယ်ကို ကျင့်ကြံနိုင်ပြီး အမတလမ်းကြောင်းပေါ် စတင်ရောက်ရှိသည့်အတွက် အမတသခင်ကြီး ဖြစ်လာသည်။ သို့ပေမဲ့ ဗုဒ္ဓလမ်းစဥ် ကျင့်ကြံသူတွေကြားမှာတော့ ထိုသို့ အလင်းပွင့်သွားသော ဘုန်းကြီးများသည် နိဗ္ဗာန်လမ်းစဥ်ပေါ် စတင်ခြေချနိုင်ကြသော အာဟက်အရှင်များ ဖြစ်လာကြသည်။
“ အာဟက်.. ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ အာဟက်ရှိနေတယ်”
“ ချီးတွေဖြစ်ကုန်ပြီ၊ ဘာအခွင့်အရေးလဲ၊ ဒါတွေအားလုံးအတုတွေပဲ။ အခွင့်အရေးရှိခဲ့ရင်တောင် အကုန်လုံးကို အာဟက်ပဲ ယူသွားမှာ”
“ သောက်ကျိုးနည်း.. အော်မီသိုဖော်”
မင်ချန်းခဗျာ ဘုန်းကြီးတစ်ယောက်၏ အိန္ဒြေကိုပင် မဆယ်နိုင်စွာ ဆဲရေးကုန်တော့သည်။ အကြောက်တရား၏ နှိုးဆော်မှုကြားမှာ သူဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ အရင်က သူသည် တောဓားပြတစ်ယောက်သာဖြစ်သည်။ သူ လူသတ်မိချိန်တိုင်းနှင့် ဓားပြတိုက်ပြီးတိုင်းမှာ ဗုဒ္ဓရုပ်ထုကို ကန်တော့တတ်သော အကျင့်တစ်ခုရှိသည်။ ရယ်စရာကောင်းသည်မှာ ထိုအကျင့်က သူ့ဘဝကို အခုလို ပြောင်းလဲသွားစေခဲ့တာပဲ။
သူ၏သုံးဘဝစာ ကံကောင်းမှုတွေ စုဝေးပြီးမှ ဖြစ်ပေါ်လာသော အခွင့်အရေးလို့တောင် ဆိုလိုက်သေးသည်။
ထိုသို့ဖြင့် ဓားသိမ်းကာ.. ဗုဒ္ဓလမ်းစဥ်ထဲ ရောက်လာခဲ့သည်။ ထိုနောက်ပိုင်း မင်ချန်း၏ဘဝက ချောမွေ့စွာ တိုးတက်ခဲ့ပြီး ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်အထိ ရောက်လာသည်။
သို့ပေမဲ့ အခုချိန်မှာတော့ သူ အလွန်စိတ်ခြောက်ခြားလာတော့၏။
သုံးဘဝစာ သူ၏ ကံကောင်းမှုတွေက အာဟက်အရှင်ရှေ့မှာ အကျိုးသက်ရောက်မှု ပျောက်ဆုံးသွားသည်။ သူ ခံစားခဲ့ရတာက.. အဆုံးမဲ့ အန္တရာယ်အငွေ့အသက်ပဲ။
အန္တရာယ်.. သေဆုံးမှု။
မင်ချန်း ပြေးနေရင်းမှ အရှိန်ကိုလျော့ကာ ခဏရပ်လိုက်သည်.. ဂတုံးထိပ်ကနေ ချွေးစေးတွေက မျက်လုံးထဲအထိပါ ကျလာ၏။ သို့သော် မကြာခင်မှာ သူ ဘယ်လောက်ပြေးခဲ့ပါစေ၊ စမှတ်ကိုပဲ ပြန်ရောက်ရှိနေတာ သတိထားမိလိုက်သည်။
“ ဘာလို့ဒီနေရာပဲလဲ.. ငါ.. ငါပြေးနေခဲ့တာလေ”
“ ငါ..”
မင်ချန်း မျက်လုံးထဲက ဗုဒ္ဓရောင်ခြည်တွေ အားဖျော့လာပြီး.. ချီသွေဖယ်မည့် လက္ခဏာတွေ စတင်ထွက်ပေါ်လာသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံထားသော ခန္ဓာကိုယ်က အသက်ကိုပြင်းစွာ ရှုနေရပြီး မကြာခင်မှာ အသက်ရှုရပ်သွားလေပြီ..
ဖြစ်စဥ်အစကနေ အဆုံးအထိ အမတသခင်ကြီး၏ အရိပ်ကိုတောင် မမြင်ခဲ့ရပေ။ ထိုသူက ကံတရာကြိုးမျှင် အနည်းငယ်ကို ဆော့ကစားခဲ့ရုံသာဖြစ်ပြီး.. နားလည်လွန်းနေသော မင်ချန်းသည် မလွှဲမရှောင်သာဖြင့် ကြမ်းတမ်းသော သေဆုံးမှုကို လက်ခံခဲ့ရသည်။
အရိုးဈေးထဲက ယွင်ကျစ်ချိုးနဲ့ ယန်ဖန်းလဲ ချွေးအပြည့်ဖြင့် ကြောက်ရွံ့စွာ ရပ်နေခဲ့ကြသည်.. သူတို့ မပြေးကြခြင်းက မင်ချန်းထက် နှေးကွေးနေ၍ မဟုတ်ပါ၊ တကယ်တော့ ထွက်ပြေးလဲ အသုံးမဝင်တာ သူတို့ကောင်းကောင်း သိကြသည်။.
အမတသခင်ကြီးတစ်ယောက်က လွတ်လမ်းချန်ပေးမည်တဲ့လား.. မင်ချန်းက အလွတ်တန်းကျင့်ကြံသူဆိုတော့ အတွေ့အကြုံ နည်းပါးတာ သိသာလှသည်။
လုယန် အဆင့်တက်လိုက်ပြီးတည်းက စိတ်ဝိညာဥ်စွမ်းအင်တွေ ပြင်းထန်နေသော လေထုသည် ရုတ်တရက် ကင်းရှင်းသွားခဲ့သည်။
သူတို့နှစ်ယောက်လုံး၏ ခေါင်းထဲမှာ အတိတ်ဖြစ်ရပ်တွေကိုသာ မေးခွန်းထုတ်နေမိတော့၏။
သူတို့ဘယ်သူတွေလဲ.. သူတို့ ဘာလုပ်နေခဲ့ကြတာလဲ။
ထိုအချိန်မှာပဲ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူရွယ်တစ်ယောက်..
ထိုလူရွယ်၏ အသားအရောင်က ဖြူဖျော့နေသည်။ ဘယ်လိုပင်ကြည့်ကြည့်၊ သာမာန်ကျင့်ကြံသူတစ်ဦးလိုမျိုးသာ ခံစားရသည်။
“.. အကိုကြီးကို အရိုအသေပေးပါတယ်”
ယွင်ကျစ်ချိုး ဓားသိမ်းကာ ချက်ချင်း ဦးညွတ်လိုက်သည်။
ယန်ရှန်းကျန့်ယန်က အဖက်မလုပ်ပါချေ။ သူ့ အကြည့်က အရိုးတောင်အောက်ပိုင်းမှ စတင်ထွက်ပေါ်လာသော အနက်ရောင် မီးလုံးတစ်ခုအပေါ်မှာပဲ ကျရောက်နေသည်။
လုယန်လည်း သဘောပေါက်သွားသည်။
“ ရှေးဟောင်းကဝေဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေ”
ကြည့်ရတာ သူ အဆင့်တက်လိုက်ချိန်မှာ သူ၏ ကံတရားက အမြင့်ဆုံးမှတ်ကို ရောက်ရှိသွားသည်.. ထို့အတူလျှို့ဝှက်နယ်မြေ၏ ရွေးချယ်မှုကိုပါ ခံလိုက်ရပုံ ရှိလေ၏။
“.. တကယ်ကို ငါးမြှားနေကြတာပဲ”
သို့သော် နောက်တစ်စက္ကန့်မှာပဲ သူ့ကို အမှီပြုပြီး ရုပ်လုံးပေါ်စပြုလာသော လျှို့ဝှက်နယ်မြေက ရုတ်ချည်းရပ်တန့်သွားသည်.. ထိုနေရာမှ ဒေါသအရိပ်အငွေ့တွေ လျှံကျလာ၏။
သို့သော် လျို့ဝှက်နယ်မြေစိတ်ဝိညာဥ် သတိထားမိသွားလျှင်တောင်မှ ငါးက အစာကို ဟပ်မိထားလေပြီ။
“ လာခဲ့စမ်း”
ယန်ရှန်းကျန့်ယန်က စကားတစ်ခွန်းသာ ပြောလိုက်သည်။ ချီစွမ်းအင်တစ်စက် မထွက်ပေါ်ခဲ့ပေမဲ့ ထိုစကားတစ်ခွန်းနဲ့တင် ရပ်တန့်နေသော လျှို့ဝှက်နယ်မြေသည် ထိန်းချုပ်မှုလွတ်ကင်းစွာ ပျံဝဲလာတော့သည်။
“ သောက်ကျိုးနည်း”
လုယန် မထိန်းနိုင်စွာ စိတ်ထဲမှ ဆဲရေးမိသွားသည်။
လျှို့ဝှက်နယ်မြေထဲမှာ နဂါးတစ်ကောင်လို အင်အားကြီးစွာ ရစ်ခွေနေသော ဓားချီတစ်ခုကို သူ မြင်တွေ့လိုက်ရလို့ပင်။ ထိုပြင်းထန်သည့် ရိုက်ချက်က အပြင်လူတွေကို အသေသတ်ဖို့ စောင့်နေသည့်အလား ထီးထီးကြီး ရှိနေလေရဲ့။
ချွမ်း
သို့သော် လုယန် ဘာကိုမှ မတွေးနိုင်တော့ပေ.. ပြင်းထန်သည့်ဓားချီ၏ သတိထားမှုကို ခံလိုက်ရ၍ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
“ ရွှေအမြုတေအဆင့်ဓားချီပဲ”
ယန်ရှန်းကျန့်ယန်က ချက်ချင်းပဲ လုယန်အနောက် ဝင်ပုန်းလိုက်၏။ ထိုရွှေအမြုတေဓားချီကြောင့်ပဲ သူ အရာအားလုံးကို နောက်ကွယ်က စီမံနေခဲ့တာမလား။
အခုတော့ သူ တော်တော်လေး စိတ်ချမ်းသာသွားသည်။ လျှို့ဝှက်နယ်မြေက လူတစ်ဦးကို ရွေးချယ်ကာ ထွက်ပေါ်လာခဲ့သည့်အပြင် ဓားချီကလည်း ထိုလူအပေါ် ကျရောက်နေသည်။
ရွှေအမြုတေဓားချီနှင့် ရင်ဆိုင်ရပါက.. အခြေခံတည်ထောင်ခြင်းအဆင့်ကို ရောက်လင့်ကစား၊ မလွဲမသေ သေဆုံးရလိမ့်မည်။
သို့သော် အခုထိတိုင်အောင် မလှုပ်ရှားသေးသော ဓားချီကြောင့် ယန်ရှန်းကျန့်ယန် အံ့သြသွားသည်။
တစ်ချိန်ထဲမှာ လုယန်သည်လည်း သူ၏ပြီးပြည့်စုံသွားသော အဆင့်သုံးနဂါးချီက လျှို့ဝှက်နယ်မြေ၏ ဓားချီကို တုံ့ပြန်နေခြင်းကြောင့် မှင်သက်မိနေခဲ့သည်။
“..ဟမ်”
ယန်ရှန်းကျန့်ယန်တစ်ယောက် လုယန်ကို အံ့သြစွာ ကြည့်လိုက်ပါတော့၏။ ဒီအလှည့်အပြောင်းကိုတော့ သူ မမျှော်လင့်ထားမိခဲ့ပေ။
အချိန်ဘယ်လောက်ကြာသွားသည် မသိ.. နောက်ဆုံးမှာ လုယန် စစ်ဆေးမှုကို အောင်မြင်သွားသည်။ အချိန်မရွေးရိုက်ချဖို့ရန် ချိန်ရွယ်ထားသော ဓားချီက မာန်လျော့လိုက်ပြီး စွမ်းအင်လှိုင်းအဖြစ် ကောင်းကင်မှာ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
“ အာ”
လုယန်လည်း အခုမှ အသိစိတ်ပြန်ကပ်လာသည်.. သူ့တကိုယ်လုံးက ရေကန်ထဲက ဆွဲထုတ်ခံထားရသည့်နှယ် ချွေးအေးများ စိုရွှဲနေတော့သည်။
“ အမတနဂါးသခင်ရဲ့ အမွေအနှစ်ဖြစ်တဲ့ နဂါးအသွင်ပြောင်းနည်းကိုးသွယ် သိုင်းလား။ အမတနဂါးသခင်က နတ်ဆိုးကျင့်ကြံသူ မဟုတ်တာ မင်း ကံကောင်းသွားတယ်”
“ ဒီဓားချီက နတ်ဆိုးကျင့်ကြံသူတွေကို ချိန်ရွယ်ထားတာ၊ မင်းသာ နတ်ဆိုးသိုင်းကို အဓိက ကျင့်ကြံထားရင် အဲ့နားတင် သေချာပေါက် လျှောပြီပဲ”
ယန်ရှန်းကျန့်ယန်က လုယန်ကို အနည်းငယ် အံ့သြစွာ ကြည့်ရုံမှ အပ၊ အများကြီး အာရုံမစိုက်ခဲ့ဘူး။ ငါးမြှားခြင်းဖြစ်စဥ်ထဲမှာ ငါးစာ၏ သေခြင်းရှင်ခြင်းက အဘယ်မှာအရေးပါမည်နည်း။ လျှို့ဝှက်နယ်မြေလဲ ပေါ်လာခဲ့ပြီ.. သူ့ပန်းတိုင် ငါးကိုလည်း ရရှိခဲ့ပြီ။ အခုငါးမြှားကြိုးကို ပြန်ရစ်ဖို့ အချိန်ကျပြီပဲ။
သူ လက်တစ်ဖက် အပေါ်မြှောက်လိုက်သည်။ အနက်ရောင်မီးတောက်များ ဝန်းရံထားသော လျှို့ဝှက်နယ်မြေက အလင်းတန်းတစ်ခုအဖြစ် တဖြည်းဖြည်း သေးငယ်သွားပြီး အဆုံးမှာ သူ့လက်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
“ ကောင်းကင်အလောင်းချီစွမ်းအင်လား.. ကောင်းတယ်၊ အရမ်းကောင်းတယ်”
ယန်ရှန်းကျန့်ယန်၏ မျက်နှာထားက အလွန်ကျေနပ်နေဟန်ပင်။ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်လာလျှင် ကမ္ဘာ့စဦးချီစွမ်းအင်များကို လိုအပ်လာသည်.. ထို ကောင်းကင်အလောင်းချီစွမ်းအင်က အဆင့်မြင့် ကမ္ဘာ့စဦးချီစွမ်းအင်တွေထဲက တစ်ခုပဲ။
ထိုချီစွမ်းအင်နှင့်ဆိုလျှင် သူ မကြာခင်မှာပဲ အခြေခံတည်ထောင်ခြင်းအလယ်နယ်ပယ်ကို အဆင့်တက်နိုင်တော့မည်။
ထိုအချိန်မှာ လုယန် ရှေ့တစ်လှမ်းတက်လိုက်သည်။ ထို့နောက် ဒူးထောက်ချလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ အခွင့်အရေးကြီးကို ရရှိသွားတာ ဂုဏ်ပြုပါတယ်၊ ပထမအကိုကြီး။ ကြီးမြတ်တဲ့အောင်မြင်မှုတွေက ပထမအကိုကြီးရဲ့ လက်တစ်ကမ်းအတွင်း ရောက်လာတော့မယ်”
ထိုမြင်ကွင်းကို ကြည့်နေရင်း လျိုဝူယန်း ချက်ချင်း မျက်နှာပျက်သွားတော့၏။
‘ သေစမ်း၊ သောက်ကောင်စုတ်လေး လက်ဦးသွားပြန်ပြီ။ နတ်ဆိုးဂိုဏ်းသားလို့ မပြောရဘူး၊ သောက်ကျင့်က တစက်မှ မကောင်းပါလား’
‘ ဒါကြောင့်လဲ အခုလို အောင်မြင်လာတာနေမယ်’
လျိုဝူယန်း ချက်ချင်းပဲ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
“ ပထမအကိုကြီးကို ဂုဏ်ပြုပါတယ်၊ မကြာခင်မှာ သက်တမ်းတစ်သောင်းကို ရရှိပါစေ”
“ ဟားဟားဟား၊ သက်တမ်းတစ်သောင်းဆိုတာ ရွှေအမြုတေသခင်ကြီးရဲ့ အခွင့်အရေးပဲ။ ဒီသာမာန်သူက မမျှော်လင့်ရဲပါဘူးကွာ၊ ဟားဟားဟား”
ယန်ရှန်းကျန့်ယန်၏ ပုံစံက တော်တော်လေး နှစ်ခြိုက်နေဟန်ရှိပြီး မြှောက်ပင့်စကားတွေကို ထပ်ကြားရဖို့ မျှော်လင့်နေသလိုတောင် ထင်ရသည်။
နောက်ဆုံး ယွင်ကျစ်ချိုးနဲ့
ယန်ဖန်းလဲ အံတင်းတင်းကြိတ်ပြီး ဂုဏ်ပြုစကား ပြောလိုက်ရသည်။
ယန်ရှန်းကျန့်ယန်က ချက်ချင်းပဲ ယန်ဖန်းကို စနောက်လိုစွာ ကြည့်လိုက်သည်။
“ ရှန်းဝူဂိုဏ်းက ရှေးဦးသူတော်စင်ဂိုဏ်းကို ပြဿနာရှာထားတာမလား။ မင်းက ငါ့ရှေ့မှာ အသံထွက်ရဲတယ်လား”
ယန်ဖန်း ချက်ချင်းပဲ တုန်ယင်စွာ ဖြေကြားလာ၏။
“ မင်း.. မင်းကျုပ်ကို သတ်လို့မရဘူး။ ကျုပ်ရဲ့ ရှန်းဝူဂိုဏ်းမှာလဲ အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူ ရှိ…”
“ မရှိနိုင်တော့ဘူး”
“ ဒီသခင်ကြီးရောက်နေမှတော့ ရှန်းဝူဂိုဏ်း ကံကုန်ပြီလို့ ဆိုလိုတာပဲ”
“ ဒါ..ဒါမဖြစ်နိုင်ဘူး။ ကျုပ်ရဲ့ ရှန်းဝူဂိုဏ်းက..”
ယန်ဖန်းတစ်ယောက် စကားမဆုံးခင်မှာပဲ ခန္ဓာကိုယ်ထဲက ဆန်တက်လာသော ချီစွမ်းအင်တွေကြောင့် ရပ်တန့်သွားရသည်။ သို့သော် ဒေါသနှင့်ကြောက်ရွံ့မှုတွေ ရောနှောနေသော သူ့စိတ်က အာရုံမစိုက်နိုင်တော့ဘဲ ဖိနှိပ်မှု ကျရှုံးခဲ့သည်။ သူ့မျက်လုံးတွေ ပြူးသထက် ပြူးကျယ်လာပြီး မကြာခင်မှာ..
ဘန်း
ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် ထိုကဲ့သို့ လွယ်ကူစွာ ပေါက်ကွဲထွက်သွားပြီး ကောင်းကင်နဲ့မြေကြီးကြားထဲ လွင့်မြောသွားလေရဲ့။
ထိုအချိန်မှာပဲ ယန်ရှန်းကျန့်ယန်၏ အကြည့်က ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ ယွင်ကျစ်ချိုးအပေါ်ကို ညင်သာစွာ ကျရောက်သွားသည်။ သို့သော် သူ မလှုပ်ရှားခဲ့ဘဲ ရိုးရှင်းစွာ အင်္ကျီလက်ခေါက်လိုက်သည်။ ထို့နောက် လုယန်နှင့် လျိုဝူယန်းကို ခေါ်ပြီး အရိုးဈေးထဲက ပျောက်ကွယ်သွားလေ၏။
…….
Ch 56
( အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို မရောက်သရွေ့ မင်းတို့က နယ်ရုပ်တွေပဲ)
လုယန်အတွက်တော့ ဒါဟာ သူတစ်ခါမှ မခံစားဖူးသည့် အတွေ့အကြုံဖြစ်လေသည်။
သူ အပေါ် တက်နေခဲ့သည်…
နက်ရှိုင်းပြီးဆန်းကြယ်သော နယ်ပယ်တစ်ခုဆီကို သူ၏ကျင့်ကြံမှုက တိုးတက်နေပြီး.. ကမ္ဘာလောက၏ အရေးကိစ္စတွေက သူ့အတွက် မလုံလောက်တော့ပေ။
‘ ဒါက အခြေခံတည်ထောင်ခြင်း အဆင့်ရဲ့ လက္ခဏာရပ်တွေလား.. ဒါက အမတလမ်းကြောင်းကို စတင်ဝင်ရောက်ခြင်း ခံစားချက်လား’
အခြေခံတည်ထောင်ခြင်းအဆင့် အမတသခင်ကြီးများနှင့် ရင်ဆိုင်ရလျှင် နဂါးတစ်ကောင်ကို ရင်ဆိုင်နေရသလိုမျိုး ကမ္ဘာခြားစေသည့် ခံစားချက်က ဤမြင့်မားမှုကြောင့်ဖြစ်ရပေမည်။
ယွင်မြောင်ကျန်း အသုံးပြုခဲ့သော ထိုက်ယီရွှေကြာပွင့်ကို လုယန် ပြန်စဥ်းစားမိလိုက်သည်။ ထိုက်ယီရွှေကြာပွင့်မှာ ယခုကဲ့သို့ တူညီသော ခံစားချက် ရပေမဲ့လည်း.. ထိုကြီးမြတ်သော နတ်စွမ်းအားက အခုလောက် မမြင့်မားပေ။ ကြီးမြတ်သော နတ်စွမ်းအားက အခြေခံတည်ထောင်ခြင်းအဆင့်ကို တက်နိုင်စေရန် တွန်းအားပေးနိုင်ရုံသာ ဖြစ်ရမည်။
တောင်တစ်တောင်ကို တောင်ခြေက စတက်သည်နှင့်.. လှေကားမှ တက်ခြင်းကြားက ကွာခြားချက်လိုမျိုးပေါ့။ ချီသန့်စင်ခြင်း ပြီးပြည့်စုံနယ်ပယ်မှာ ကြီးမြတ်သောနတ်စွမ်းအား ပါဝင်သည့် သိုင်းကို လေ့ကျင့်ပါက.. လှေကားမှ တက်ရသည့်အတိုင်း တောင်ထိပ်ကို မြန်ဆန် ချောမွေ့စွာ ရောက်သွားမည်။
လုယန် အတွေးလွန်နေစဥ်မှာပဲ သူ၏ စိတ်နှလုံးက ပြင်းထန်သော လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်မှာ သူ့မျက်နှာရှေ့က လက်ကိုတောင်မှ မမြင်ရတော့ပေ။ ထိုအစား လေဟာနယ်တစ်ခုအတွင်း ရောက်နေသလို အမှောင်ထုတစ်ခုသာရှိသည်.. အရာအားလုံးက တိတ်ဆိတ်နေ၏။ ထိုနေရာမှာ သူ၏ စိတ်ဝိညာဥ်အာရုံက ရုန်းကန်ရင်း ဖြန့်ကျပ်ဖို့ ကြိုးစားလိုက်သည်။
သို့သော် မကြာခင်မှာပဲ အခြေအနေတွေက ရုတ်ချည်းပြောင်းသွားပြန်သည်။
“ သားရဲကောင်.. သားရဲကောင်တွေ”
ထိုဒေါသတကြီး အော်သံထွက်ပေါ်လာသည်နှင့် တစ်နေရာက ဝင်ရောက်လာသော သက်တံ့ရောင်ချီစွမ်းအင်ကို တွေ့လိုက်ရသည်.. သို့သော် ထိုသက်တံ့ရောင်ချီစွမ်းအင်ကို အဘက်ဘက်က ရောက်ရှိလာသော အမဲရောင်ချီများက ချက်ချင်း ပိတ်လှောင်လိုက်သည်။
လုယန်အတွက်တော့ ထိုချီစွမ်းအင်နှစ်မျိုးလုံးက တောင်တစ်တောင်လို လေးလံစွာ သက်ရောက်နေသည်။
အခြေအနေကို ကြည့်ရသလောက် သက်တံ့ရောင်ချီစွမ်းအင်က ချုပ်မိသွားပြီး အမဲရောင်ချီ၏ တိုက်စားမှုကို အချိန်နှင့်အမျှ ခံနေရပုံပင်.. မကြာခင်မှာ ဒေါသတကြီး ကြိမ်းဝါးသံလည်း လျော့ပါးသွားသည်။
‘ ဒါက အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတွေ ကြားက တိုက်ပွဲလား’
လုယန် ကောင်းစွာ နားလည်ပါသည်.. သူသည် အရိုးတောင်ဖြစ်ရပ် နောက်ကွယ်က အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူ၏ ယာယီလိုက်ပါစီးနင်းခွင့်ကို ခံစားနေရရုံသာ ဖြစ်သည်.. သူတို့ကြားက တိုက်ပွဲကို မြင်တွေ့နိုင်ဖို့ အခွင့်အရေးမရှိဘူး။
သူ၏ နှလုံးသားက သံသယများဖြင့် မသက်မသာ ခံစားနေရသော်လည်း အတိတ်ဘဝအတွေ့အကြုံတွေအရ၊ အနည်းငယ်တော့ ဝေဖန်ပိုင်းခြားနိုင်ပါသေးသည်။
‘ ဒီသက်တံ့ရောင်ချီက ရှန်းဝူဂိုဏ်းရဲ့ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ ဖြစ်ရမယ်.. အာ၊ ငါသိပြီ။ ပထမအကိုကြီးက အရိုးတောင်ကို ငါးစာအနေနဲ့ သုံးပြီး ရှန်းဝူဂိုဏ်းက အမတသခင်ကြီးကို သတ်ဖို့ ကြိုးစားနေတာပဲ’
လုယန် ပဟေဋ္ဌိတစ်ခုကို အဖြေထုတ်လိုက်နိုင်စွာ အရာအားလုံး ရှင်းလင်းသွားသည်။
လုယန် အစက ထင်ခဲ့သည်မှာ.. ပထမအကိုကြီးက ကျင့်ကြံမှုပိုင်း တိုးတက်ချင်၍ အရိုးတောင်၏ လျှို့ဝှက်နယ်မြေကို ဝါးမြိုဖို့ ကြိုးစားခဲ့သည်ဟူ၍ပင်။
အစကနေအဆုံးထိ အရိုးတောင်မှာ အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူသည် ပထမအကိုကြီးတစ်ယောက်သာ ရှိခဲ့သည်.. ထိုသို့ဆိုလျှင် ရှန်းဝူဂိုဏ်း၏ အမတသခင်ကြီးက ဘယ်နေရာက ရောက်လာပါသနည်း။
ပထမအကိုကြီးက ကျွမ်းကျင်စွာ သူ၏တည်ရှိမှုကို ဖုန်းကွယ်နိုင်ခဲ့၍ ဘယ်သူမှ သတိမထားမိဘဲ လျှို့ဝှက်နယ်မြေကို ရယူနိုင်ခဲ့သည်ဟု လုယန် အစက ထင်ခဲ့မိသည်။
တကယ်တော့ အမှန်တရားက ဆန့်ကျင်ဘက်ပင်။
ပထမအကိုကြီးက အစတည်းက ဖုံးကွယ်ဖို့ မကြိုးစားခဲ့ဘူး။ ထိုသူက ကံကြမ္မာကြိုးမျှင်ကို သေချာဆော့ကစားခဲ့ပြီး ရှန်းဝူဂိုဏ်း၏ အမတသခင်ကြီး အပြင်ထွက်လာအောင် မြှားခေါ်ခဲ့သည်။
ပထမအကိုကြီးက လုယန်ကိုငါးစာအဖြစ် အသုံးချပြီး လျှို့ဝှက်နယ်မြေကို ရယူခဲ့သည်.. တစ်ချိန်ထဲမှာ ရှေးဦးသူတော်စင်ဂိုဏ်းက ပထမအကိုကြီးကို ငါးစာအဖြစ် ပြန်အသုံးချပြီး ရှန်းဝူဂိုဏ်းကို ဖျက်ဆီးဖို့ ကြိုးပမ်းလေ၏။ အခုတော့ မြောက်ပိုင်းနယ်မြေ၏ ငါးကြီးက ငါးစာကို ဟပ်လိုက်လေပြီ..
ဝုန်း
ကမ္ဘာမြေကြီးတစ်ခုလုံး ကြမ်းတမ်းစွာ တုန်ယင်လာသည်.. တစ်ချိန်ထဲမှာ ဒေါသတကြီး အော်သံကိုပါ ကြားလိုက်ရသည်။
‘ နတ်ဆိုးကောင်တွေ၊ မင်းတို့ကငါ့ရဲ့ ရှန်းဝူဂိုဏ်းကို အမြစ်ပျက် ဖျက်ဆီးချင်နေတာလား’
ရှေးဦးသူတော်စင်ဂိုဏ်း၏ အမတသခင်ကြီးတစ်ယောက်ထံမှ အသံကိုပါ ထပ်ကြားလိုက်ရသည်။
‘ ဘာလို့မဖြစ်နိုင်ရမှာလဲ’
‘ နေပါအုံး၊ မင်းက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ သောက်ကြောက်တွေကို အခုထိ မျှော်နေသေးတာလား။ ငါပြောမယ်.. သူတို့လာမှာ မဟုတ်ဘူး’
‘ လွန်ခဲ့တဲ့ဆယ်နှစ်က ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းနဲ့ ငါတို့နဲ့ သဘောတူညီမှုလုပ်ထားတယ်။ သူတို့က တောင်ပိုင်းကို အပိုင်ယူပြီး ငါတို့ရဲ့အပိုင်းက မြောက်ပိုင်းဖြစ်လာရမယ်လို့။ ဒီနေ့မြောက်ပိုင်းနယ်မြေထဲက ရှန်းဝူဂိုဏ်းကို ငါတို့ ဖျက်ဆီးမယ်။ နောက်ရက်ကျ တောင်ပိုင်းရဲ့ အဆိပ်တစ်သောင်းဂိုဏ်းကို သူတို့ပြန်ဖျက်ဆီးလိမ့်မယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ။ ဘယ်သူမှ အရှုံးမရှိဘူး’
‘ ဘာ၊ မဖြစ်နိုင်ဘူး။ လူသန်ကြီး.. မင်းလိမ်ပြောနေတာ’
ရှန်းဝူဂိုဏ်းက အမတသခင်ကြီး၏ ဒေါသတကြီးအော်ဟစ်သံကို လူသန်ကြီးက ခပ်မဲ့မဲ့ ပြန်ပြောသည်။
‘ မင်း စိတ်ပါသလို တွေးလို့ရတယ်။ ဒါပေမဲ့ ရှန်းဝူဂိုဏ်း ဒီနေ့ပဲ ပျက်ဆီးရမယ်’
‘သတ်’
ချက်ချင်းပဲ သက်တံ့ရောင်အလင်းက ခမ်းနားသော ချီစွမ်းအင်ငါးခုအဖြစ် ပြိုကွဲသွားသည်။ သို့သော် တိုက်ခိုက်မှု ပြုမလာဘဲ ထိုအစား.. အခွင့်ကောင်းယူပြီး အုပ်စုခွဲထွက်ပြေးလေတော့၏။
‘ အားလုံးလူစုခွဲပြီး ဂိုဏ်းကိုပြန်ကြ’
‘ ပြန်မယ်..ဘာတွေစိတ်ကူးယဥ်နေတာလဲ’
ကြည့်ရသည်မှာ ရှေးဦးသူတော်စင်ဂိုဏ်း၏ လူသန်ကြီးဆိုသူက အနိုင်ရနေဟန်ပဲ။ ထိုသူက နှစ်နှစ်ခြိုက်ခြိုက်ရယ်မောရင်း ပြောလိုက်သည်။
‘ အထက်ကောင်းကင်၊ အောက်မြေကြီးရဲ့ကြားမှာ ငါ့ညီနောင်က ဘယ်အရပ်ကို ထွက်ပြေးချင်နေတာလဲ’
ဝုန်း
ထိုဆူညံသံအပြီးမှာ လုယန်လုံးဝ သတိမေ့သွားခဲ့သည်.. အချိန်ဘယ်လောက် ကြာသွားသည်မသိ၊ သူ ပြန်သတိရလာခဲ့သည့်တိုင်အောင် အိပ်မက်က နိုးလာသလို ဝေဝေဝါးဝါး ခံစားနေရဆဲပင်။
“နိုးပြီလား”
ရုတ်တရက် ဘေးကနေ ကပ်ကြားလိုက်ရသော အသံကြောင့် လုယန် မျက်စံတွေကျဥ်းမြှောင်းသွားပြီး သတိကပ်သွားသည်။ သူလှည့်ပတ်ကြည့်ရှုလိုက်ချိန်မှာ အရိုးတောင်၏ တောအုပ်ထဲပြန်ရောက်နေကြောင်း သတိထားမိလိုက်သည်။
သူ့ဘေးမှာ ပထမအကိုကြီးက လက်နောက်ပစ်ရပ်နေပြီး..အပြုံးတစ်ခုဖြင့် သူ့ကို ကြည့်နေလေ၏။
“ ပထမအကိုကြီးကို နှုတ်ဆက်ပါတယ်”
လုယန် ချက်ချင်း ဒူးထောက်ချလိုက်သည်။
“ ထပါ”
ပထမအကိုကြီးက စိတ်လိုလက်ရ ရယ်မောရင်းမှ စကားစလိုက်သည်။
“ မင်းငါ့ကို လျှို့ဝှက်နယ်မြေရအောင် ကူညီပေးခဲ့တယ်ဆိုတော့ ငါမင်းကို တစ်ချို့အရာတွေ ညွှန်ပြပေးမယ်”
“ ကျေးဇူးပြုပြီး သင်ပေးပါအုံး” လုယန် လေးစားစွာ ပြောလိုက်၏။
“ အရင်ဆုံး ငါအစောက မင်းကို ကူညီပေးခဲ့တာ သိတယ်မလား။ တစ်ခြားသူတွေရဲ့ ကံကောင်းမှုကို အငှားယူပြီး မင်းရဲ့ကံတရားကို အတင်းအကျပ်မြင့်တင်ခဲ့တဲ့အတွက် မင်း အောင်မြင်မှုကြီးတွေ ရသွားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါရဲ့အကျိုးဆက်က မသေးဘူး”
ထိုသူက ပြောနေတာရပ်လိုက်ပြီး လုယန်ကို အရင်အကဲခတ်လာသည်။ လုယန်၏ တည်ငြိမ်နေသော မပြောင်းမလဲ မျက်နှာထားကို မြင်မှ ခပ်ဖွဖွ ခေါင်းညိတ်ပြီး ဆက်ရှင်းပြ၏။
“ ငါ့ရဲ့တွက်ချက်မှုအရ မင်းနောက်ထပ် အနှစ်သုံးဆယ်တိတိ ကံဆိုးမှုကို ရင်ဆိုင်ရမယ်.. ကျင့်ကြံလည်း တိုးတက်မှာ မဟုတ်ဘူး။.အပြင်ထွက်လည်း သေဘေးကြုံလိမ့်မယ်”
“ ကျွန်တော် မှတ်သားထားပါ့မယ်”
လုယန် အနည်းငယ်တောင် ဒေါသမထွက်ရဲပေ။ သူက အနှစ်သုံးဆယ်စာ ကံကောင်းမှုတွေ ဆုံးရှုံးလိုက်ရချိန်မှာ ထိုသူကတော့ လျှို့ဝှက်နယ်မြေကို ရရှိခဲ့သည်။
သို့ပေမဲ့ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ အရှေ့မှာ တစ်ခြားသူတွေက နယ်ရုပ်တွေပဲ.. နယ်ရုပ်တစ်ရုပ်က ခံစားချက် ပြသခွင့်ရှိမလား။
အခုလိုအသုံးချခံရတာကို ကံကောင်းမှုအဖြစ် သတ်မှတ်သင့်သည်ပင်။
ထို့အပြင် ထိုသူ အခုလိုမျိုး ပြောပြလာခြင်းက မြစ်သုံးသွယ်အဖွဲ့ထဲ ဝင်ရောက်ထားသည့် မျက်နှာကိုထောက်ပြီး လက်အောက်ခံအဖြစ် မြင်ပေးလို့ပဲမလား။
လုယန်၏ နာခံသော ပုံစံကြောင့် ယန်ရှန်းကျန့်ယန် ကျေနပ်စွာ ပြုံးလိုက်တော့သည်။
“ ဒါပေမဲ့ မင်းကငါ့ကိုကူညီပေးခဲ့တဲ့အတွက် ငါမင်းကို ဆုချီးမြှင့်မှာပါ”
“ မြစ်သုံးသွယ်အဖွဲ့မှာ ငါက လုပ်ဆောင်မှုအပေါ် မူတည်ပြီး အမြဲတမ်း ဆုပေးလေ့ရှိတယ်”
“ မင်းကအခု ချီသန့်စင်ခြင်းရဲ့ အဆင့်တစ်ဆယ်ကို ရောက်နေပြီ.. အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်ရုံအပြင် ဘာမှမလိုတော့ဘူး။ ငါမင်းကို အခြေခံတည်ထောင်ခြင်းအဆင့် ရတနာတစ်ခု ဆုချမယ်။.ဘယ်လိုလဲ”
လုယန် ချက်ချင်း မျက်လုံးပြူးသွားသည်။
အခြေခံတည်ထောင်ခြင်းအဆင့် ရတနာဆိုမှ သူ သတိရသွားလို့ပင်။ အတိတ်ဘဝမှာတုန်းက ကျောက်ရှဟယ်လည်း ထိုရတနာကို ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့ပေမဲ့ အခုဘဝမှာ အချိန်ဒီလောက်ကြာတာတောင်မှ ဘာသတင်းမှ မကြားရသေး၍ အရင်ဘဝက ကျောက်ရှဟယ်က သတင်းအမှားလွှင့်တာပဲဟူ၍တောင် သူ ထင်ခဲ့မိသေးသည်။ ကျောက်ရှဟယ် အခုလို နည်းလမ်းဖြင့် ရသွားမယ်လို့ မထင်ခဲ့မိဘူး။
လုယန် စိတ်လှုပ်ရှားနေပေမဲ့ ရုတ်ချည်း မျက်လုံးမှိတ်ချလိုက်ကာ စိတ်ထိန်းလိုက်သည်။ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီးမှ ခေါင်းကို ခပ်ဖြည်းဖြည်း ရမ်းလိုက်သည်။
“ ပထမအကိုကြီး.. ကျွန်တော်နောက်ထပ် ဆုတစ်ခု တောင်းလို့ရမလား”
“ အိုး”
ယန်ရှန်းကျန့်ယန် အံ့သြသွားတော့သည်။
“ မင်းသေချာလား။ ငါပေးမဲ့ ရတနာက မင်းရဲ့ အဆင့်တက်နိုင်စွမ်းကို ဆယ်ရာခိုင်နှုန်း အထောက်အကူပြုနိုင်တယ်နော်”
“ ကျွန်တော် သေချာတယ်”
လုယန် ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်သည်။ ထိုရတနာက သေချာပေါက် အဖိုးတန်ပါသည်.. သို့ပေမဲ့ သူ၏နည်းပါးနေသော ကံတရားက ရတနာကို ကာကွယ်နိုင်စွမ်းမရှိမှာ လုယန် နားလည်သည်။
ထိုအရာက အခွင့်အရေးတစ်ခု မဟုတ်ဘဲ သူ့ကိုသေဆုံးစေမည့် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်။ ကျောက်ရှဟယ်၏ အရင်ဘဝကလည်း ထိုကဲ့သို့ ဆုံးပါးသွားတာပဲ ဖြစ်ရပေမည်။ လုယန် စိတ်ပြတ်သားစွာပဲ လောဘကိုဖိနှိပ်လိုက်တော့သည်။
‘ ငါအလျင်မလိုပါဘူး.. အခုမှ ချီသန့်စင်ခြင်း ပြီးပြည့်စုံနယ်ပယ်ကို ရောက်တာ။ ကြီးမြတ်သောနတ်စွမ်းအားပါတဲ့ သိုင်းတစ်ခုခု တောင်းလိုက်ရင်လဲ မဆိုးဘူး။ ဒီရတနာက ငါ့နောက်ဘဝမှာ လာယူရလဲဖြစ်တယ်’
လုယန်၏ ပြတ်သားပုံကြောင့် ယန်ရှန်းကျန့်ယန်ပင် အနည်းငယ် မှင်သက်သွားသည်။
တကယ်တော့ သူ လုယန်ကို ဂရုကိုမစိုက်ခဲ့တာပင်။ သို့ပေမဲ့ တိုက်ပွဲအတွင်းမှာ အခြေအနေကို ဖောက်ထွက်နိုင်သည့်အပြင် မြစ်သုံးသွယ်အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်နေသည့်အတွက် အနည်းငယ် လမ်းပြပေးဖို့ ကြိုးစားခဲ့ရုံသာဖြစ်သည်။
ခဏနေတော့ သူမေးလိုက်တော့သည်။
“ မင်း.ဘာလိုချင်တာလဲ”
လုယန် ချက်ချင်း ပြန်ဖြေသည်။
“ နားလည်နိုင်စွမ်း တိုးမြင့်ပေးတဲ့ ရတနာ လိုချင်ပါတယ်”
သူ၏ အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း၏ သိုင်းခွဲတစ်ခုဖြစ်သော ရတနာမန္တာန်သိုင်းကို သူအခုထိ နားလည်အောင် မလုပ်နိုင်သေးဘူးလေ။
သူ့အနေနှင့် ဘယ်လိုမှ နားလည်အောင် လုပ်နိုင်မှာမဟုတ်တော့ဘူးလို့ ယုံကြည်သည်။
သူ ဘဝပေါင်းများစွာ မွေးဖွားလာလျှင်တောင်မှ ရတနာတစ်ခုခုကို အားမကိုးဘဲ ထိုသိုင်းကို တက်ကျွမ်းတော့မည် မထင်ပေ။
…….