← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

Ch 59

( မထင်ထားသော ပြဿနာ)

လုယန် တစ်ချိန်ထဲမှာ ဤတာအိုသခင်ကြီး၏ ဖန်တီးမှုကို ဘယ်လိုမျိုးအကျိုးရှိရှိ အသုံးချရမလဲ တွေးလိုက်သည်။

‘ ငါကိုယ်တိုင်ရှေ့ထွက်စရာ မလိုဘူး။ ငါလုပ်ဖို့ လိုတာက၊ အစေ့ကျဲထားလိုက်ပြီး အသီးမှည့်မဲ့အချိန်ကို စောင့်ရုံပဲ။ ဒီကိစ္စကို နောက်ကွယ်က စီမံနေတဲ့လူမရှိရင် ငါဘာလုပ်နေလဲ ဘယ်သူမှ သိမှာမဟုတ်ဘူး’

‘ ဒီတော့ ငါ့အနေနဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာတစ်ခု မဖန်တီးဘူး’

‘ ကပ်ဘေးကျနေတဲ့နေရာမှာပဲ သူရဲကောင်းတွေ ထွက်ပေါ်တာ မဟုတ်ဘူးလား။ နောက်နေတဲ့ရေက ငါးမြှားလို့ အကောင်းဆုံးပဲ။ အကယ်လို့ ငါ့လုပ်ရပ်တွေ အားလုံးကိုသိတဲ့ သူရဲကောင်းတစ်ယောက် ထွက်လာရင်တောင် ပြဿနာအကြီးကြီး ဖြစ်စေမှာမဟုတ်ဘူး’

‘ သူရဲကောင်းအချင်းချင်း ရင်ဆိုင်ခိုင်းလိုက်ရင် ငါ ကြားထဲကနေ လွတ်သွားမှာပဲ’

ထိုသို့ဖြင့် လျှို့ဝှက်နယ်မြေသည် ပြင်ဆင်မှုအများကြီး လုပ်ခံလိုက်ရသည်။

နောက်တစ်စက္ကန့်မှာ ကျောက်သလင်း တစ်ခုလုံးလင်းသွားပြီး စတင် လည်ပတ်လာသည်။ လျှို့ဝှက်နယ်မြေထဲက မြင်ကွင်းတွေ ပြောင်းလဲသွားတာကို သူ မြင်လိုက်ရ၏။

ထိုမြင်ကွင်းကြောင့် လျိုဝူယန်းက စကားစလိုက်သည်။

“ ညီလေးလု အသင့်ဖြစ်ပြီဆိုတော့ အကို မနှောက်ယှက်တော့ဘူး။ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်တယ်”

“ ကျေးဇူးပါဗျာ” လုယန် အရိုအသေပေးလိုက်သည်။

“ ဒုတိယအကိုလျိုရဲ့ သင်ပြမှုကို ကျွန်တော် မှတ်ထားပါ့မယ်။ ကျွန်တော်အောင်မြင်သွားခဲ့ပြီ အနာဂတ်မှာ ကျွန်တော့်အကူအညီ လိုအပ်တာမျိုး ရှိလာရင် မတုံ့ဆိုင်းနေဘဲ ပြောပါဗျ”

လျိုဝူယန်း ကျေနပ်စွာ ပြုံးလိုက်တော့သည်။

“ ညီလေးလုက စွမ်းဆောင်မှုရှိတဲ့ သူပဲ”

ထိုအချိန်မှာပဲ ကျောက်သလင်း၏ အလင်းက လုယန်ကို လွှမ်းခြုံသွားတော့သည်။

“ တော်တော် မိုက်သားပဲ”

လုယန် လက်ရှိတွင် လျှို့ဝှက်နယ်မြေထဲမှာ ရှိနေသည်။ တောင်ထိပ်တစ်ခုပေါ်မှာ သူက ရပ်နေမိပြီး ပတ်ဝန်းကျင်က ပန်းပင်တွေနှင့် သစ်ပင်များကို စပ်စုစွာကြည့်လိုက်သည်။

“ ဒါပေမဲ့ ပြစ်ချက်တော့ ရှိသေးတယ်”

လုယန်က အရိပ်မန္တာန်သိုင်းကို အသက်သွင်းလိုက်သည့်အတွက် လပြည့်ညလို အလင်းဝိုင်းတစ်ခုက သူ့ခေါင်းနောက်မှာ ပေါ်လာသည်။ ထိုအလင်းဝိုင်း၏ ခွဲခြားပေးမှုကြောင့် ပုံရိပ်ယောင်၏ ပစ်ချက်တွေကို သူမြင်လိုက်ရသည်။

သို့သော် ထိုပစ်ချက်တွေက အလွန်သေးငယ်သည်.. လုယန်တောင်မှ အနည်းငယ်သာ ရှာတွေ့တာပင်။ သာမာန် ကျင့်ကြံသူတစ်​ယောက်ဆိုလျှင် ဘယ်လိုမှ သတိထားမိမှာမဟုတ်ပေ။ ဒီလျှို့ဝှက်နယ်မြေထဲမှာ အစထဲကရှိနေကြသော ဝိညာဥ်တွေကတော့ သိစရာအကြောင်းကို မရှိပါချေ။

“ ဒါက ကမ္ဘာတစ်ခုဆိုတာထက်၊ ဧရာမ စတိတ်စင်ကြီးတစ်ခုနဲ့ ပိုတူတယ်”

ပန်းပွင့်၊ ငှက်၊ ငါးတွေ.. ပိုးမွှားတွေ.. အရာအားလုံးက အစစ်အမှန်အတိုင်းပင်။

သို့ပေမဲ့ ဤကမ္ဘာကြီးတစ်ခုလုံးက အတုအယောင်ဖြစ်ပြီး လူတစ်ယောက်၏ ​နေအိမ်ထဲက ဝက်ခြံလိုမျိုး အသုံးချခံ​နေရာတစ်ခုသာ ဖြစ်သည်။

“ ဒီတော့ဒါက ဂိုဏ်းရဲ့ ပါရမီရှင်တွေ အဓိကကျင့်ကြံတဲ့ အခြေခံပစ္စည်းပေါ့လေ”

လုယန် ခေါင်းယမ်းလိုက်ပြီး စစ်ဆေးနေတာ ရပ်လိုက်သည်။ သူ၏ အာရုံကို အသစ်ဖန်တီးမည့် ကျင့်ကြံရေးသိုင်း အပေါ်ပဲ အပြည့်ထားလိုက်တော့သည်။

“ တာအိုစာလိပ်ကို ရထားတာမလို့ လျိုဝူယန်းက ငါ့ကို သူတော်စင်သူခိုးသိုင်း ပေးခဲ့တာဖြစ်မယ်”

သူ ဖန်တီးသမျှ သိုင်းတွေကို တာအိုစာလိပ်ထဲမှာ စစ်ဆေးခိုင်းပြီး အမှားရှာခိုင်းလို့ရသည်။ ထိုသို့ဆိုလျှင် အထဲက ဝိညာဥ်တွေ၏ သံသယကို ကျော်လွှားနိုင်ခြေ မြင့်မားသွားမည်လေ။

“ ငါ့ရဲ့သိုင်းက အရမ်းရှုတ်ထွေးလို့မရဘူး”

“ ငါ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် ရှုတ်ထွေးတာက.. ပိုပြီး လျော့လျဲစေလိမ့်မယ်။ ဒီတော့ အရိုးရှင်းဆုံးက အကောင်းဆုံးပဲ။ အရူးတစ်ကောင်တောင် နားလည်နိုင်ပြီး ဘယ်သူမဆို ကျင့်ကြံနိုင်မှာမျိုးပေါ့..”

“ ဒါပေမဲ့ အရမ်းအားနည်းလို့လဲ မဖြစ်ဘူး။ ဒီနေရာရဲ့ အသန်မာဆုံး ဝိညာဥ်က ချီသန့်စင်ခြင်း ပထမအဆင့်ပဲ ရှိတဲ့အတွက် ငါ့အတွက် ဘယ်လိုမှ အန္တရာယ်တစ်ခုမှ ဖြစ်မလာနိုင်တာ။ ဒါပေမဲ့ အရမ်းခက်သွားလို့ ကျင့်ကြံတဲ့ လူနည်းနေရင်လဲ ငါစုပ်ယူနိုင်မဲ့ စွမ်းအင်တွေ လျော့ကုန်ပြန်မယ်။ ဒီတော့ လူတိုင်းရဲ့ မျက်စိထဲ ထင်းခနဲ ဝင်ရောက်နိုင်ပြီး တိုက်ပွဲစွမ်းရည်ကောင်းစေတဲ့ သိုင်းမျိုးဆို ကွက်တိပဲ”

လုယန် ရုတ်တရက် အတွေးတစ်ခု ရသွားသည်။

“ အစောပိုင်းက ဒုတိယအကိုလျို ပြတဲ့ လျှို့ဝှက်နယ်မြေထဲမှာ အသတ်ခံရလို့ အပြင်ပြန်ထွက်လာတဲ့ စစ်မှန်တပည့်ကလည်း ငါတွေးသလိုမျိုး တိုက်ပွဲစွမ်းရည်ကောင်းတဲ့ သိုင်းကို ဖန်တီးလိုက်လို့ဖြစ်မယ်”

“ မဖြစ်ဘူး၊ ငါသေချာတဲ့တစ်ခု ဖန်တီးရမယ်”

လုယန် အဆက်မပြတ် စဥ်းစားပြီးနောက် ပုံကြမ်းတစ်ခုရလာသည်။ တာအိုစာလိပ်၏ အကူအညီနဲ့ အချက်အလက်တွေကို ဖြည့်သွင်းလိုက်ချိန်မှာ သိုင်းကျမ်းတစ်ခု ရုပ်လုံးပေါ်လာ၏။

လုယန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

သူတော်စင်သူခိုးသိုင်းကလည်း ခန္ဓာကိုယ်သန့်စင်ခြင်းသိုင်းတစ်ခု ဖြစ်သည့်အတွက် အကျိုးသက်ရောက်မှု မြင့်မားသွားစေရန် ခန္ဓာကိုယ်သန့်စင်ခြင်းသိုင်း တစ်ခုကိုပဲ သူဖန်တီးလိုက်သည်။

လုယန်သည် ယွင်မြောင်ကျန်းဆီကနေ ထိုက်ယီရွှေကြာပွင့်သိုင်း၏.သိုင်းခွဲ ဖြစ်သော ထိုက်ယီရှေးဦးကျောက်စိမ်းသိုင်းလည်း ရထားသေးသည်။

လုယန် ထိုသိုင်းကို အခြေခံအဖြစ် အသုံးပြုမည်တွေးလိုက်ရင်း သိုင်းကို အသက်သွင်းလိုက်သည်။

အတွင်းအင်္ဂါငါးခုအတွင်းကို ချီစွမ်းအင် အရင်ဝင်ရောက်စေလိုက်ပြီး ထိုမှတစ်ဆင့် ခြေလက်များကိုပါ စွမ်းအင်ပို့လိုက်သည်။ လုယန် စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ပြုပြင်ပြီး ချီလည်ပတ်မှုမှာပဲ အာရုံစိုက်ထားသည်။ ထို့နောက်မှာ စွမ်းအင်တွေအားလုံးကို နဖူးစပ်မှာ စုဝေးစေလိုက်ပြီး သရဖူတစ်ခုဖြစ်ပေါ်အောင် ဖန်တီးယူသည်။

လုယန်တစ်ကိုယ်လုံးပေါ်ကို ကျောက်စိမ်းရောင် အလင်းတစ်ခု ဖြာကျလာခဲ့သည်.. ထိုအလင်းတန်းကြားမှာ သူ့ခန္ဓာကိုယ်တစ်ခုက ကျောက်စိမ်းလိုမျိုး သန့်စင်လာကာ အညစ်အကြေးအားလုံး ဖယ်ရှားခံလိုက်ရ၏။

လုယန် ထိုသို့ပြုလုပ်နေစဥ်မှာ တာအိုစာအုပ် ကျောက်စိမ်းပြားကို ဖြစ်စဥ်တိုင်းကို မှတ်တမ်းတင်ခိုင်းထားသည်.. ထိုမှတဆင့် ပြီးပြည့်စုံသော သိုင်းကျမ်းတစ်ခု ရရှိလာ၏။

“ ဒီသိုင်းကို မဟာတာအိုလို့ခေါ်လိုက်မယ်”

“ ဒီသိုင်းမှာ အဓိကအချက်က သွေးထဲကိုချီစွမ်းအင်တွေ ဝင်ရောက်ခိုင်းလိုက်တာပဲ။ အတွင်းအင်္ဂါငါးခုထဲကို လည်ပတ်စေပြီးရင် ချွေးထုတ်ပေါက်ကိုးခုကနေ ဖွင့်ထုတ်တယ်။ အဲ့ဒီနည်းလမ်းနဲ့ ခန္ဓာကိုယ်ကို အသစ်ပြောင်းလဲသွားသလို သန့်စင်ပေးတယ်။ ဒီသိုင်းက ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်နဲ့ ညီမျှတယ်”

“ ဒီသိုင်းက လူတစ်ယောက်ရဲ့ အစွမ်းကို တိုးတက်စေနိုင်ပေမဲ့ အားနည်းချက် တစ်ခုတော့ရှိတယ်၊ ဒါက ပျံလို့မရဘူး”

ဟုတ်ပါသည်.. မဟာတာအိုသိုင်းက အဖျက်စွမ်းရည်အားကောင်းသော်လည်း ကျင့်ကြံသူကို ပျံသန်းခွင့် မပေးဘူး။ ထိုအရာက လုယန်၏ တစ်ခုတည်းသော အာမခံချက်ဆိုလည်း မမှားပေ။

အကယ်၍ မတော်တဆများ ဤကမ္ဘာကလူတွေက သူ၏အတုအယောင်သိုင်းကို ဖော်ထုတ်မိသွားသည် ဆိုပါစို့.. ထိုအခါ သူ့ကို ဝိုင်းသတ်ကြလိမ့်မည်။

သို့သော် ထိုသူတွေ မပျံနိုင်ဘူးဆိုလျှင် သူ ပျံသန်းသွားလိုက်တာနဲ့ လွယ်ကူစွာ လွတ်မြောက်သွားမည်မလား။

အချိန်တစ်ခုကြာပြီးနောက်မှာ လုယန် ကြာပန်းပုံထိုင်နေရာကနေ မတ်တပ်ရပ်လိုက်တော့သည်.. သူ့လက်ထဲမှာ မဟာတာအို၏ ပထမဆုံးစာအုပ် ထွက်ပေါ်လာပြီ။

နောက်တစ်စက္ကန့်မှာပဲ ထိုစာအုပ်က အလင်းတွေဖြာထွက်ပြီး အပေါ်မြှောက်လာသည်… ထို့နောက် လေးအုပ်ကွဲသွားပြီး အဝေးကို ပျံသန်းပျောက်ကွယ်သွားတော့သည်။

“ အကွက်တော့ရွှေ့ပြီးပြီ၊ ဘာတွေပြောင်းလဲ သွားမလဲ စောင့်ကြည့်တာပေါ့”

လုယန် ခပ်ပြုံးပြုံးနဲ့ ဂူထဲပြန်ဝင်ကာ ကျင့်ကြံဖို့ ပြင်လိုက်သည်.. သူ့အနေနှင့် ကျင့်ကြံရေးပိုင်းမှာ လုပ်စရာအများကြီး ကျန်နေသေးသည်။

ဥပမာပြောရလျှင် သူအခုဆို ကောင်းကင်သွေးနတ်ဆိုးအလင်းသိုင်း၊ အရိပ်ဖမ်းသိုင်းနဲ့ ရတနာမန္တာန်သိုင်း သုံးခုလုံးကို ကျွမ်းကျင်သွားပြီ။ သို့ပေမဲ့ ယွင်မြောင်ကျန်း အသုံးပြုသွားသလို ကြီးမြတ်သောနတ်စွမ်းအား ဖြစ်ပေါ်စေရန် ထိုသိုင်းခွဲသုံးခုအား မပေါင်းစည်းတတ်သေးပေ။

အလောင်းအသွင်​ပြောင်ခြင်းအမတသိုင်း၏ နောက်ဆုံးအဆင့်က တကယ်တော့ ရိုးရှင်းပါသည်.. ထိုလျှို့ဝှက်ချက်ကို စာတစ်ကြောင်းထဲနဲ့ ဖော်ပြထား၏။

“ အမတလမ်းကြောင်းကို ဖြတ်ခြင်းသုံးမျိုးနဲ့ ကျော်ဖြတ်ရမယ်.. အလောင်းကိုထိုက်ယီအစွမ်းနဲ့ စောင့်ကြပ်စေမယ်၊ ဝိညာဥ်ကြီးသုံးကောင်က အရိုးကိုနေရာချပေးမယ်၊ ​မွန်မြတ်သောဝိညာဥ်ခုနှစ်ပါးဆီမှာ အသားတွေတစ်လွှာချင်းခွာပြီး ပြန်တပ်ဆင်ရမယ်။ ဖြတ်ခြင်းသုံးခုမှာ အကြင်သူ၏ ချီစွမ်းအင်ကို မှတ်တမ်းယူထားပြီး အဆီအနှစ်ကို ပြန်ဖြစ်စေရင်း ကောင်းကင်ဘုံကြား ပျံသန်းခွင့်ပေးမယ်”

“ သိုင်းကျင့်စဥ်မှာ စာတစ်တန်ပေတစ်တန်နဲ့ ပေရှည်ပြီး ပြောထားတာ၊ တကယ်တော့ ရှင်းရှင်းပြောရရင် သေပေးရမှာပဲ”

“ သေပြီးအသွင်ပြောင်းရမှာ”

“ ကျရှုံးသွားရင် တကယ်မာလကီးယားမှာ ဆိုပေမဲ့ အောင်မြင်သွားရင် အခြေခံတည်ထောင်ခြင်းအစွမ်းကိုရပြီး မသေမျိုးတစ်ယောက်လို ကြမ်းသွားလိမ့်မယ်”

ထိုအဆင့်က သာမာန်သူတွေအတွက်တော့ ကိစ္စမရှိပေ။ သေမလားရှင်မလား လောင်းကစား လုပ်လိုက်ရုံပဲ.. ကံကောင်းလို့ အောင်မြင်လျှင် အောင်မြင်မည်။

သို့ပေမဲ့ လုယန် အတွက်တော့ မတူညီပေ။

“ ငါသေတာနဲ့ အကုန်အစက ပြန်စရမှာ”

“ ငါက ဒီလိုအခြေအနေနဲ့ သေမလားရှင်မလား လောင်းကစားကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ”

လုယန် ရယ်ရခက်၊ ငိုရခက် ဖြစ်နေရသည်။

သက်တမ်းတစ်ရာစာအုပ်က သူ့၏အကြီးမားဆုံး အာမခံချက်ဖြစ်သည့်အတွက်၊ ဘယ်လိုအန္တရာယ်ကို ရင်ဆိုင်ရပါစေ၊ သူ ယုံကြည်ချက်ရှိရှိ ရင်ဆိုင်နိုင်သည်။ သို့ပေမဲ့ သူ အမြဲတမ်း အားကိုးခဲ့ရသည့် ဤဝှက်ဖဲက အဆုံးမှာ အတားအဆီးတစ်ခု ဖြစ်လာမည်လို့တော့ မထင်ထားခဲ့ပါချေ။

……..

Ch 60

(အကြောင်းတိုင်းအတွက် အကျိုးရှိတယ်)

​

အချိန်စက်ဝန်းသည် မြှားတစ်စင်း လေးညှို့မှ ထွက်သွားသည့်နှယ် လျှင်မြန်စွာ အရာအားလုံးကို ဖြတ်ကျော်လာခဲ့သည်မှာ.. နောက်ထပ် အနှစ်သုံးဆယ် ကုန်ဆုံးသွားသည်။

လုယန် မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာ တစ်ချိန်က သူ၏ အနက်​ရောင်ဆံပင်ရှည်တွေက အဖြူရောင်စွတ်စွတ်ကို ပြောင်းလဲနေခဲ့ပြီဖြစ်သည်။

“ ငါတောင် အသက်ရှစ်ဆယ် ရောက်ပြီပဲ.. ဟူး ခဏလေးပါလား”

ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတွေက သာမာန်သူတွေထက် သက်တမ်းပိုရှည်သည်.. ဆိုပေမဲ့ သက်တမ်းတစ်ရာ့ငါးဆယ်ထဲမှာ အခုလုယန်က သက်တမ်းတစ်ဝက် ကုန်ဆုံးပြီးသွားပြီလို့ ဆိုနိုင်ပါသည်။

နောက်နှစ် နှစ်ဆယ်နေလျှင် ကျောက်ရှဟယ် ပိတ်ထားသော သိုင်းလည်း ပြန်ပွင့်တော့မည်။

“ ငါ့ဒီဘဝမှာ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်ဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး။ ဒါပေမဲ့ သူတော်စင်သူခိုးသိုင်းကို အောင်မြင်ခဲ့ရင် အဆင့်တက်ဖို့ စိတ်ကူးယဥ်လို့ ရနိုင်သေးတယ်.. ဘယ်လိုဆိုဆို အကျိုးတော့ မယုတ်ဘူး”

“ တာအိုလမ်းကြောင်းက မျက်စိရှေ့မှာပဲ”

လုယန် ဤအနှစ်သုံးဆယ်အတွင်းမှာ တာအိုစာလိပ်၏ အကူအညီဖြင့် အလောင်းအသွင်ပြောင်ခြင်းအမတသိုင်းကို မပြတ်လေ့လာခဲ့ပြီး.. နည်းလမ်းတစ်ခု ရှာတွေ့ခဲ့သည်။

“ အလောင်းအသွင်ပြောင်းခြင်းအမတသိုင်းရဲ့ နောက်ဆုံးအဆင့်ကို အောင်မြင်ချင်ရင် အဲ့ဒီလူက သေပြီးအသွင်ပြောင်းဖို့လိုတယ်။ ဒါပေမဲ့ ငါသေတာနဲ့ သက်တမ်းတစ်ရာစာအုပ်က အသစ်ပြန်စမှာပဲ။ အခုဒီပြဿနာကို ရှောင်ကွင်းနိုင်မဲ့ နည်းတော့ရပြီ”

“ တကယ်တော့ အလောင်းအသွင်ပြောင်းခြင်း အမတသိုင်းရဲ့ သေဆုံးခြင်းဆိုတာက ကျင့်ကြံသူကို တကယ်သေခိုင်းတာမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုပဲ ထိခိုက်စေတာ”

“ ရုပ်ခန္ဓာကြီးသေသွားတာနဲ့ မြေကြီးအောက်မှာ အသွင်ပြောင်းပြီး အချိန်အကြာကြီးနေရင် အလောင်းကို ပြန်ရှင်သန်စေလိမ့်မယ်။ ဒီနေရာမှာ လူတွေအဖြစ်များတာက ရုပ်ခန္ဓာသေတာနဲ့ သူတို့ပါသေကုန်တာပဲ”

“ ဘယ်လိုပဲပြောပြော၊ ရုပ်ခန္ဓာက ဝိညာဥ်အတွက် အိမ်တစ်ခုလိုပဲ။ ရုပ်ခန္ဓာမရှိရင် ဝိညာဥ်က လွင့်မြောနေပြီး တဖြည်းဖြည်း ပျောက်ကွယ်လာမယ်။ ပြီး တကယ်သေပြီး ပြန်မွေးဖွားရမယ်”

“ ဒါပေမဲ့ ငါသာ ရုပ်ခန္ဓာအသက်မဲ့သွားပြီး နောက်မှာတောင်မှ ဝိညာဥ်အသိစိတ်ကို ထိန်းထားနိုင်မယ်ဆိုရင် ငါမသေဆုံးတော့ဘူး။ ဒါဆို သက်တမ်းတစ်ရာစာအုပ်လဲ အသက်မဝင်တော့ဘူး”

“ ငါ့အတွက် အခွင့်အရေးတစ်ခု ရှိလာနိုင်တယ်”

ထိုဖြေရှင်းချက်ကို တာအိုစာလိပ်က အကြံပြုပေးချိန်မှာ ဝိညာဥ်ထိမ်းသိန်းနိုင်မည့် လျှို့ဝှက်နည်းလမ်းတစ်ခုပါ ပေးခဲ့သည်။

“ တာအိုစာလိပ်က သူ့ရဲ့နည်းလမ်းကို အပြည့်အဝ အာမခံထားပေမဲ့ ငါအခုထိ ရုပ်ခန္ဓာမပါဘဲ လွတ်လွတ်လပ်လပ် ရှင်သန်နိုင်တဲ့ ဝိညာဥ်မတွေ့ဖူးသေးဘူး။ အရင်ဆုံး တစ်​ယောက်ကိုစမ်းသပ်ပြီး တာအိုစာလိပ်ကို မှတ်တမ်းတင်၊ စစ်ဆေးခိုင်းလိုက်မယ်ဆိုရင် အဲ့ဒီလျှို့ဝှက်နည်းလမ်းကို မျက်စိမှိတ် ယုံပေးလို့ ရသွားပြီ”

ထိုပုံစံနှင့် သဘောတရားဆင်တူသည့် ဖြစ်စဥ်ကို လုယန် သိသည်.. အခြေခံတည်ထောင်ခြင်း အမတသခင်ကြီးတွေပဲ။

သူတို့၏ပျမ်းမျှသက်တမ်းက နှစ်သုံးရာ ဆိုပေမဲ့ သူတို့၏ဝိညာဥ်တွေက သက်တမ်းပိုရှည်သည်။ နှစ်သုံးရာနေလို့ သက်တမ်းကုန်လျှင် သူတို့တွေက ပြန်လည်မွေးဖွားဖို့ပဲ ရွေးချယ်ကြသည်။

ထိုအခါ အသက်ရှစ်နှစ်ဝန်းကျင်မှာ မှတ်ဉာဏ်ဟောင်းတွေ ပြန်ရလေသည်။ ထိုမှတစ်ဆင့် မြန်ဆန်သော တိုးတက်မှုဖြင့် ကျင့်ကြံဆင့်တွေမြင့်လာကြသည်။ အဆုံးမှာ အခြေခံတည်ထောင်ခြင်းအဆင့်ကို ပြန်ရောက်ပြီး နောက်ထပ်နှစ်သုံးရာ နေထိုင်ကြသည်။

သို့ပေမဲ့ သေချာပေါက် သူတို့တွေလည်း မပြတ်ရှင်သန်နိုင်တာမျိုး မဟုတ်ပေ။

လူတစ်ယောက် ပြန်လည်မွေးဖွားတိုင်းမှာ ထိုသူ၏ ကံတရားက ပြန်လည်စီမံခြင်းခံရသည်။ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူသည် တာအိုလမ်းစဥ်မှာ အောင်မြင်မှု မရရှိခဲ့ပါက၊ အကြိမ်တိုင်းမှာ အားနည်းသထက် နည်းလာလိမ့်မည်။

ပထမမွေးဖွားမှုမှာ မဟာပါရမီရှင်တစ်ယောက် ဖြစ်လာမည်။

ဒုတိယမွေးဖွားမှုမှာ ယောက်ျားဆို နဂါး၊ မိန်းကလေးဆို ဖီးနှစ်လို ထူးချွန်မည်။

တတိယမွေးဖွားမှုမှာ သာမာန်ပါရမီရှင်တစ်ယောက်ဖြစ်မည်။

သို့တိုင်အောင် ထိုသူက အခြေခံတည်ထောင်ခြင်းကနေ အဆင့်မတက်နိုင်သေးပါက၊ စတုတ္ထုမွေးဖွားမှုမှာ သာမာန်သေမျိုးတစ်ယောက် ဖြစ်သွားပြီး ဘာအကျိုးခံစားခွင့်မှ မရှိနိုင်တော့ပေ။

ထို့အပြင် ပြန်လည်မွေးဖွားတိုင်းလည်း အခြေခံတည်ထောင်ခြင်းအဆင့်ကို ပြန်ရောက်နိုင်မည်လို့ မဆိုလိုပေ။ လူတစ်ယောက်က သေဆုံးချိန်မှာ ချီစွမ်းအင်ကို ကောင်းမွန်စွာ ထိန်းချုပ်ခဲ့မှ နောက်ဘဝအထိ ကံတရားကို ဆွဲခေါ်နိုင်မှာဖြစ်သည်။ တစ်နေရာမှာ မှားယွင်းသွားတာနှင့် အရာအားလုံး ပျက်ဆီးပေမည်။

ထို့ကြောင့် အမတသခင်ကြီးတိုင်းက ပြန်လည်မွေးဖွားခါနီးတိုင်း အထူးဂရုစိုက်ကြသည်။ ကံတရားနှောက်ယှက် ခံရမည်စိုး၍ အပြင်လူတွေကို မပြောကြတာ များလေသည်။

ထိုသို့သော အခြေအနေကြားထဲမှာ အခြေခံတည်ထောင်ခြင်း အမတသခင်ကြီး တစ်ယောက်အတွက် ပြန်လည်မွေးဖွားရတာ ဘယ်လောက်တောင် ခဲယဥ်းလိုက်မလဲ။

ထိုအတွေးကြောင့် လုယန် ထပ်မံခေါင်းကိုက်သွားသည်။ ထို့ကြောင့် ထိုအကြောင်းကို ဆက်မတွေးတော့ဖို့ ဆုံးဖြတ်လိုက်ပြီး သူ၏မဟာတာအိုသိုင်း တိုးတက်မှုရှိရဲ့လားဆိုတာပဲ စစ်ဆေးဖို့ လုပ်လိုက်တော့သည်။

“ ကောင်းကင်ဘုံ၏ခွင့်လွှတ်မှုကို အမိန့်တော်အဖြစ် သတ်မှတ်ပြီး ရတနာမှတ်တမ်းတင်စေ”

လုယန် လက်ညိုးနဲ့လက်ခလယ်ကို ကောင်းကင်ပေါ်မြှောက်ပြီး မန္တာန်ရွတ်ဆိုလိုက်သည်။ ရတနာမန္တာန်သိုင်း အသက်ဝင်လာခဲ့ပြီး သူ၏ အာရုံက ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်ဖြစ်သော ကံတရားကြိုးမျှင်တွေကြား နစ်မြုပ်သွားတော့သည်။

မကြာခင်မှာပဲ လုယန် လိုချင်သော အချက်အလက်ကို တွေ့လိုက်သည်။

“ ကျောက်မင်းဆက်ရဲ့ နှောင်းပိုင်းနှစ်တွေမှာ ညံ့ဖျင်းတဲ့ဘုရင်ရဲ့ သိုင်းပညာမတတ်ခြင်းကြောင့် တိုင်းပြည်အထိနာပြီး ပြည်သူတွေ အများကြီး ခံစားခဲ့ရတယ်။ ဒါကြောင့် ကောင်းကင်ဘုံရဲ့ ကောင်းချီးတစ်ခုကျလာခဲ့တယ်.. မဟာသိုင်းကြမ်းကြီးတစ်ခုသည် အပိုင်းလေးပိုင်းခွဲပြီး တိုင်းပြည်အနှံ့ ကျရောက်ခဲ့ရာမှ၊ မြောက်မြားစွာသော သူရဲကောင်းတွေကို ပေါ်ထွန်းစေခဲ့တယ်”

“ တိုင်းပြည်မငြိမ်မသက်နဲ့ လူတွေဒုက္ခရောက်နေချိန်မှာ ကောင်းကင်ဘုံရဲ့ အလိုအရ သိုင်းကြမ်းကြီး အပိုင်းလေးပိုင်းက ပိုင်ရှင်အသီးသီးကို အသိအမှတ်ပြုခဲ့ကြတယ်။ တစ်ပိုင်းကို တော်ဝင်ကျောင်းတော်က သိမ်းဆည်းထားပြီး ကျောင်းသားတွေ မျိုးဆက်လိုက် သင်ကြားခွင့်ရတယ်၊ နောက်တစ်ပိုင်းကို ကောင်းကင်ဘုရားကျောင်းက ပိုင်ဆိုင်ထားတယ်။ ကောင်းကင်ဘုရားကျောင်းရဲ့ ဗုဒ္ဓလမ်းစဥ်က ထိပ်သီးသိုင်းတစ်ခု ဖြစ်လာခဲ့တယ်။ နောက်တစ်ပိုင်းကိုတော့ တော်ဝင်နက္ခတ်စံအိမ်က ယူထားပြီး ထိပ်သီးနက္ခတ်ပညာရှင်တွေပဲ သင်ယူခွင့်ပေးတယ်။ နောက်ဆုံးတစ်ပိုင်းကတော့ လူတွေကြားမှာ ပျောက်နေပြီး အခုထိ မသိရှိရသေးဘူး”

“ စာပေ ပညာရှင်၊ ဘုန်းကြီးနဲ့ နက္ခတ်ပညာရှင်.. သုံးမျိုးသော ခေါင်းဆောင်အသီးသီး ထွက်ပေါ်လာပြီး တာအိုလမ်းစဥ်ကနေ ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့ကြတယ်”

“ ကောင်းတယ်၊ ကောင်းတယ်”

လုယန် တော်တော်လေး ပျော်ရွှင်သွားကာ သူတော်စင်သူခိုးသိုင်းကို ချက်ချင်း အသက်သွင်းလိုက်သည်။ ပြင်းထန်သော စွမ်းအင်တွေ အလုံးအရင်းလိုက် ရောက်ရှိလာကြောင်း ခံစားမိလိုက်၏။

ချက်ချင်းဆိုသလို လုယန်၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားသည်။

သို့သော် အသားစိုင်တွေအဖြစ် အပြင်ကို ပေါက်ကွဲထွက်လာတာ မဟုတ်ဘဲ မြူမှုန်များအဖြစ် ပြိုကွဲသွားပြီး သူ့အသိစိတ်က ထိုမြူမှုန်တွေ၏ အလယ်မှာ ရှိနေသည်။

သူ၏ ခန္ဓာကိုယ်ကလောင်ကျွမ်းနေပြီး ချီစွမ်းအင်တွေကြားမှာ သန့်စင်ခံနေရသလို လုယန် ခံစားနေရသည်။

လူသားအရင်းအမြစ်ကနေ ရွှေစင်ခန္ဓာ ကို တည်ဆောက်သည်။

အချိန်တစ်ခုကြာပြီးနောက်၊ ချီစွမ်းအင်တွေ ကုန်ဆုံးသွားချိန်မှာ မြူမှုန်တွေပြန်စုဝေးသွားပြီး လုယန်၏ ခန္ဓာကိုယ် ပြန်ဖြစ်ပေါ်လာသည်။

သို့ပေမဲ့ အသစ်ပြန်ဖြစ်ပေါ်လာသော သူ့ခန္ဓာကိုယ်က အများကြီးပြောင်းလဲသွားသည်။

“ သူတော်စင်သူခိုး ရွှေစင်ခန္ဓာအဆင့်တစ် အောင်မြင်ပြီ”

လုယန်၏ မျက်လုံးတွေ စူးခနဲလက်သွားပြီး ခြေဖနောင့်နဲ့ မြေကြီးကို စောင့်ချလိုက်သည်။ ချက်ချင်းပဲ တောင်တွေကိုခါယမ်းပစ်နိုင် လောက်သည့် စွမ်းအင်လှိုင်းလုံးတစ်ခုက ကြောက်ဖို့ကောင်းစွာ အရှေ့ပြေးထွက်လာသည်။

လုယန် ရှိနေသော တောင်တစ်ခုလုံး အရင်းကနေ ခါယမ်းသွားသည်။ မမြင်ရသော မုန်တိုင်းတစ်ခုကို ကြုံတွေ့လိုက်ရသည့်နှယ်၊ ကျောက်တုံးတွေ လှိမ့်ကျလာခဲ့သည်။ တောရိုင်းသားရဲတွေသာမက၊ ငှက်တွေပါမကျန် လုယန် ရှိနေသော တောင်ထိပ်ကို ​ကြောက်ရွံ့တကြား လှမ်းကြည့်လိုက်ကြပြီး ဆန့်ကျင်ဘက်ကို ထွက်ပြေးသွားကြသည်။

“.. ခံစားလို့ကောင်းလိုက်တာ”

ခန္ဓာကိုယ်၏ မာကြောမှုကို ပထမဆုံးအကြိမ် ခံစားမိလိုက်သောကြောင့် လုယန် ကျေနပ်စွာ ပင့်သက်ရှိုက်လိုက်သည်။ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခုထဲနှင့် ချီသန့်စင်ခြင်းနှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နိုင်မည်လို့ ယုံကြည်ချက် ရှိလာပြီပင်။

သို့သော် မကြာခင်မှာ သူ့မျက်နှာက ချက်ချင်း တည်တံ့သွားသည်။

“ ဒုတိယအကိုလျို ပြောသွားတာအရဆိုရင် ဒီသူတော်စင်သူခိုးသိုင်းရဲ့ လူတွေကို အာဟာရအဖြစ် စုပ်ယူတဲ့ကိစ္စက ကံတရားကို အများကြီးထိခိုက်စေတယ်။ ငါ့ရဲ့အသေးစား အောင်မြင်မှုက ကိစ္စမရှိသေးပေမဲ့ ထပ်အဆင့်တက်မယ်ဆိုရင် ကပ်ဘေးကို ဖိတ်ခေါ်မိလိမ့်မယ်”

“ လူအများစု ဒုက္ခရောက်တာလဲ ဒီနေရာမှာပဲ။ သူတို့တွေ ကံကောင်းရင် ကိုယ့်အသက်ကို ကယ်နိုင်အုံးမယ်။ မဟုတ်လို့ကတော့ ငါလျှို့ဝှက်နယ်မြေထဲမဝင်ခင်က တွေ့ခဲ့ရတဲ့ စစ်မှန်တပည့်လိုမျိုး ဒီထဲက လူတွေလက်ချက်နဲ့ သေရလိမ့်မယ်။ ဒါပေမဲ့ အခုငါက အရိပ်ထဲက လှုပ်ရှားနေခဲ့တာ.. ငါ့ရဲ့ ​ကပ်ဘေးကို ဘယ်သူကယူလာပေးမှာများလဲ”

လုယန် အတွေးလွန်သွားတော့သည်။

ကျန်းနန်ဒေသ၊ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ ခြံဝန်းတစ်ခုအတွင်းမှာ..

ယွင်ကျစ်ချိုး တည်ငြိမ်စွာ ရပ်နေခဲ့သည်။ လွန်ခဲ့သော နှစ်ခြောက်ဆယ်က တက်ကြွပြီး သူရဲကောင်းဆန်သော ပုံစံနှင့် နှိုင်းယှဥ်လိုက်လျှင် သူ၏အခုလို သေခါနီးပုံစံက တော်တော်လေး သနားစရာကောင်းနေသည်။

ထိုအချိန်မှာ စာတစ်စောင် ပျံသန်းပြီး ရောက်ရှိလာသည်။

ယွင်ကျစ်ချိုး ထိုစာကိုယူပြီး ဖတ်ကြည့်ပြီးနောက် ချက်ချင်း မျက်နှာပြောင်းသွားသည်။ လွတ်မြောက်အလင်းကို အသက်သွင်းကာ ယွင်အိမ်တော်ကို အမြန်ဆုံးသွားလိုက်တော့၏။

သူ ရောက်သည်နှင့်.. ဖြူဖျော့နေသော မျက်နှာနှင့် လူရွယ်တစ်​ယောက်ကို မြင်လိုက်ရသည်။ ထိုလူရွယ်က သူ့ကို မြင်သည်နှင့် ကျယ်လောင်စွာ ငိုယိုပါတော့သည်။

“ ဦးလေးငယ်၊ ယွင်အိမ်တော်ရဲ့ ဘိုးဘေး သွားရတော့မယ်။ ဦးလေးငယ်ကို နောက်ဆုံးတစ်ကြိမ် တွေ့ဖို့အတွက်နဲ့ ဘိုးဘေးက ခုနှစ်စင်ကြယ်မီးအိမ်ကို ထွန်းထားရတာ၊ မီးစာကုန်ရင် ဘိုးဘေး ပြန်မွေးဖွားရတော့မယ်။ ဦးလေးငယ် မြန်မြန်ဝင်တွေ့လိုက်ပါ”

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ယွင်ကျစ်ချိုး ချက်ချင်း ဝမ်းနည်းပမ်းနည်း ဖြစ်သွားသည်။ ထို့အတူ အနည်းငယ်လဲ ကြောက်ရွံ့သွားသည်။

ယွင်အိမ်တော်၏ဘိုးဘေး… ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ အခြေခံတည်ထောင်ခြင်း အမတသခင်ကြီးက နှစ်ပေါင်းများစွာ ထောက်ပံ့ခဲ့ပေမဲ့ အခုတော့ ကံကုန်တော့မှာတဲ့လား..

All Chapters