အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
🍋 Chapter 31
ဝမ်းကွဲဖြစ်သူက ရွဲ့စောင်းပြောဆိုမည်ကို သူ ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်၍ စကားနိုင်လုရန် သူ အစီအစဉ်မရှိပေ။
“ဟူး... ဒီနေရာကတော့ သာမန်ပါပဲ။ ကဲ... ထိုင်ကြပါဦး၊ အချိုပွဲလေးတွေ အရင်စားကြတာပေါ့”
သူတို့ ထိုင်လိုက်သည့်အခါ သူက ပြုံးရွှင်စွာဖြင့် ဆီးကြိုနှုတ်ဆက်လိုက်သည်။
“ဒုတိယမမ... တတိယမမ... တို့မရောက်သေးတာကို နင်တို့က စားနှင့်နေကြပြီလား”
သူတို့ရှေ့ရှိ ပန်းကန်နှင့် တူများမှာ အသုံးပြုပြီးသား ဖြစ်နေသလို၊ တစ်ယောက်ချင်းစီတွင်လည်း ဟင်းရည်ပန်းကန်အလွတ်တစ်ခုစီ ရှိနေသည်ကို အဒေါ်ဖြစ်သူက သတိထားမိသွားသည်။
ကျိုးထျန်းသည် သူတို့မှာ အသေးအဖွဲကိစ္စလေးကအစ ဂျီကျတတ်သူများမှန်း သိနေသဖြင့် မေးခွန်းထုတ်မည်ကို သိထားသည်။
“အန်တီ... အန်တီတို့ မရောက်သေးတာနဲ့ ကျွန်တော်တို့လည်း ဗိုက်ဆာနေတာနဲ့ ‘သက်ရှည်ကျန်းမာခြင်း စွပ်ပြုတ်’ တစ်ယောက်တစ်ပွဲ စားနှင့်လိုက်တာ။ ဒီဆိုင်က အဲ့ဒီဟင်းရည်က တော်တော်နာမည်ကြီးသလို အရသာလည်း ရှိတယ်လေ”
“အော်... အေးအေး။ စားပွဲထိုး... တို့ကိုလည်း စမ်းစားကြည့်ဖို့ သုံးပွဲလောက် ပေးပါဦး”
အဒေါ်ဖြစ်သူက အားမနာတမ်းပင် ပိုက်ဆံအိတ်အထူကြီးရှိသည့် ဟန်ပန်ဖြင့် မှာလိုက်တော့သည်။
စားပွဲထိုးမလေးက ကျိုးထျန်းကို တစ်ချက်ကြည့်ပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။
“တောင်းပန်ပါတယ် အန်တီ၊ ကျွန်မတို့ဆိုင်က ‘သက်ရှည်ကျန်းမာခြင်း စွပ်ပြုတ်’ ဟင်းရည်က အကန့်အသတ်နဲ့ပဲ ရတာပါ။ အန်တီတို့ ရောက်တာ နောက်ကျသွားတော့ အကုန်ကုန်သွားပါပြီ”
ပြောပြီးနောက် စားပွဲထိုးမလေးက ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်သည်။
“ဒါ... ဘယ်လိုလုပ် ကုန်သွားရတာလဲ”
အဒေါ်ဖြစ်သူမှာ အတော်လေး စိတ်ပျက်သွားပုံရသည်။
“အန်တီ... သူတို့က တကယ်ပဲ အကန့်အသတ်နဲ့ ရောင်းတာမို့လို့ အရသာက တကယ်ကောင်းတာ။ တစ်ယောက်ကို ယွမ် ၆၉၉ တောင် ပေးရတာလေ”
ကျိုးထျန်းမှ မီးလောင်ရာလေပင့်ကာ ချက်ချင်း ထပ်ပြောလိုက်သည်။
သူသည် စားပွဲအောက်မှနေ၍ စားပွဲထိုးမလေးကို လက်မ ထောင်ပြလိုက်သည်။ အကယ်၍ နောက်ဆုံးမှ ရောက်လာသည့် မိသားစုမှ ထိုဟင်းရည်ကိုမှာလျှင် ကုန်သွားပြီဟု ပြောရန် သူ ကြိုတင်မှာကြားထားခြင်း ဖြစ်သည်။
သူမ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ရန်အတွက် သူ ယွမ် ၁၀၀ တန် အနီရောင်စာအိတ်ပင် ပေးထားခဲ့သေးသည်။
မျှော်လင့်ထားသည့်အတိုင်းပင် စားပွဲထိုးမလေး၏ အမူအရာမှာ တစ်စက်ကလေးမျှ အပြစ်ပြောစရာမရှိအောင် ကောင်း မွန်လှသည်။
ကျိုးထျန်း ဆက်ပြီး ဖိအားပေးလိုက်သည်။
“အို... နောက်တစ်ခါ စောစောလာရင်တော့ ရမှာပါ။ အော်... မေ့လို့၊ အန်တီတို့က ဒီလို စုတ်ပြတ်နေတဲ့နေရာမျိုးကိုမကြိုက်ဘူးဆိုတော့ နောက်ကျရင် တခြားနေရာ သွားစားကြတာပေါ့”
အဒေါ်နှင့် ဝမ်းကွဲဖြစ်သူတို့၏ နှုတ်ခမ်းများ တုန်သွားကြသည်။ ဒီနေ့ ကျိုးထျန်း ဤမျှတက်ကြွနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားကြပေ။
ကျိုးကျန့်ခန်းမှာ ဘေးနားကနေ တည်ငြိမ်စွာဖြင့် သားဖြစ်သူ၏ သရုပ်ဆောင်မှုကို ကြည့်နေသည်။
“အော်... ရပါတယ်၊ တို့က ကောင်းတာတွေ စားဖူးလွန်းလို့ ငြီးငွေ့နေပါပြီ။ နင်တို့ပဲ စားကြပါ၊ နင်တို့ကတော့ ဒါမျိုး ခဏခဏ စားရတာ မဟုတ်ဘူးလေ”
ဝမ်းကွဲဖြစ်သူက အေးအေးဆေးဆေးပင် ပြန်လည် တုံ့ပြန်လိုက်သည်။
ကျိုးထျန်း စိတ်ထဲကနေ လှောင်ပြုံး ပြုံးလိုက်သည်။
‘မင်းတို့ သုံးယောက်ဆီက တက်လာတဲ့ အချဉ်ဓာတ် အဆင့်တွေကိုသာ ငါ မမြင်ရရင် မင်းတို့ပြောတာကို ငါ ယုံမိတော့မှာပဲ’
[ကျန်းကျန့်ကော်၏ အချဉ်ဓာတ် +၂၇!]
[ဟွမ်ရှုကျဲ၏ အချဉ်ဓာတ် +၆၉!]
[ကျန်းယင်း၏ အချဉ်ဓာတ် +၈၉!]
အချဉ်ဆုံးကတော့ ဝမ်းကွဲဖြစ်သူ ကျန်းယင်းပင်။ သူမက စားရတာ ငြီးငွေ့နေပြီဟု ရွံရှာဖွယ် အမူအရာဖြင့် ပြောနေသော်လည်း စနစ်ထဲတွင်တော့ အချဉ်ဓာတ်များ အရှိန်အဟုန်ဖြင့် တက်နေသည်။
မိခင်ဖြစ်သူက ကျိုးထျန်းကိုပုတ်ကာ အရင်စားရန် အချက် ပြလိုက်သည်။
ဟင်းပွဲများက တစ်ခုပြီးတစ်ခု ရောက်လာသည်။ စားပွဲပေါ်တွင် ဟင်းများမှာ အလွန်စုံလင်လှသည်။
ကလေးနှစ်ယောက်၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအပြီး ဂုဏ်ပြုစားပွဲဖြစ်၍ တော်တော်များများ မှာထားခြင်း ဖြစ်သည်။
ထို့အပြင် သူတို့မိသားစုသည် မကြာသေးမီက ငွေအမြောက် အမြား ရထားသဖြင့် ယခင်ကထက် ပိုရက်ရက်ရောရော ရှိနေကြသည်။
ခဏကြာ စားသောက်ပြီးနောက် အချိန်တန်ပြီဟု ယူဆကာ ဝမ်းကွဲဖြစ်သူက သူမ၏ တူကို ချလိုက်ပြီး မျက်လုံးများ ကစားကာ စကားစလာသည်။
“ရှောင်တုန်း... ဒီတစ်ခါ စာမေးပွဲ ဘယ်လိုလဲ”
သူမသည် သူမ ဝမ်းကွဲမောင်လေး၏ရမှတ်ကို သိထားသော် လည်း သိသိကြီးနှင့်ပင် အရင်ဦးအောင် မေးလိုက်ခြင်း ဖြစ်သည်။
“မဆိုးပါဘူး၊ စမ်းသပ်စာမေးပွဲတုန်းက ရမှတ်နဲ့ အတူတူပါပဲ၊ နည်းနည်းတောင် ပိုကောင်းသေးတယ်၊ စုစုပေါင်း ၄၉၇ မှတ် ရပါတယ်”
ဝမ်းကွဲမောင်လေး ရှောင်တုန်းသည် သူ့ ရမှတ်ကို အလွန်ကျေနပ်နေသည်။ ဘာမှ မထူးခြားလျှင် သူ ဝါသနာပါသည့် တက္ကသိုလ်သို့ တက်နိုင်ပေလိမ့်မည်။
“အော်... တော်တော်ကောင်းတာပဲ။ မမတုန်းကတော့ ၅၁၅ မှတ်ပဲ ရတာ။ တို့မိသားစုကတော့ စာတော်တဲ့ မျိုးရိုးရှိပုံရတယ်”
ဝမ်းကွဲဖြစ်သူက ကျိုးထျန်းဘက်သို့ လှည့်ကာ ဟန်ဆောင်ပန်ဆောင် ဂရုစိုက်ဟန်ဖြင့် မေးလာသည်။
“ရှောင်ထျန်း... နင်ကရော ဘယ်လိုလဲ။ နင်လည်း ကောင်း ကောင်း ဖြေနိုင်မှာပါပဲ။ မမကို ပြောပြပါဦး၊ ၃၀၀ ကျော်လောက် ရရဲ့လား”
သူမသည် နှိမ်ချချင်စိတ်ဖြင့် တမင်တကာမေးလိုက်ခြင်း ဖြစ်သည်။ သူမ အသာစီးရလိုသည့် စိတ်ကို မထိန်းနိုင်တော့ပေ။
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျိုးထျန်း၏ မိခင်ပင် မျက်မှောင်ကြုံ့သွားသည်။ ယခင်ကဆိုလျှင် သူမသည် ဆွေမျိုးသားချင်းများဖြစ်၍ အကောင်းအဆိုး ဘာမှမဖြစ်ဟု ယူဆခဲ့သည်။
သို့သော် ယခုမူ ကျိုးထျန်း၏ ကြိုတင်စီစဉ်မှုကြောင့် သူ့အမှတ်ကို မေးသည့်အခါ မိခင်ဖြစ်သူက သက်ပြင်းအသာချကာ နှုတ်ဆိတ်နေလိုက်သည်။
ပုံမှန်ဆိုလျှင် သားဖြစ်သူ စာမေးပွဲ အဆင်မပြေဟု သူတို့ ယူဆသွားကြပေလိမ့်မည်။
သို့သော် ယခု သူမ၏ တူမဖြစ်သူက ၃၀၀ ကျော်လောက်ပဲ ရမှာပါဟု တမင်နှိမ်ပြီး မေးလိုက်ခြင်းက သူမကို အတော်လေး မကျေမနပ် ဖြစ်သွားစေသည်။
သူမသည် ပြုံးနေခြင်းကို ရပ်လိုက်ပြီး ခင်ပွန်းနှင့် သားကို တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ ခေါင်းငုံ့စားနေတော့ သည်။
ကျိုးထျန်းသည် မိခင်ဖြစ်သူ၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်သည်။
“သား ကြိုက်သလိုလုပ်၊ မေမေ မတားတော့ဘူး” ဟူသော သဘောပင်။
သူသည် ဝမ်းကွဲဖြစ်သူကို ပြုံးပြရင်း သက်ပြင်းချကာ
“မမ... ကျွန်တော့်အမှတ်နဲ့ဆိုရင်တော့ မမတို့ကျောင်းကို တက်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်က မမတို့လောက် မတော်ဘူးလေ။ နောက်တစ်ခါ ပြန်တွေ့ရင် မမတို့က တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ ဖြစ်နေကြပြီပေါ့”
ဝမ်းကွဲဖြစ်သူ၏အပြုံးမှာ ဖုံးကွယ်မရအောင် ဖြစ်သွားပြီး သူမသည် အလွန်ပင် ကျေနပ်သွားရှာသည်။
ကျိုးမိသားစု၏အားနည်းချက်ကို သူမ ထိုးနှက်နိုင်ခဲ့ပြီဟု ခံစားလိုက်ရသည်။ နှစ်ပေါင်းများစွာ သူမနှင့် သူမ မိခင်သည် ကျိုးမိသားစုအပေါ် မကျေနပ်ချက်များ ရှိခဲ့ကြသည်။
ယခင် သူမ၏ဖေဖေမှာ စက်ရုံရှိ ဌာနမှူးဖြစ်ပြီး ကျိုးကျန့်ခန်းက စက်ပြင်သမားသာ ဖြစ်သည်။
နောက်ပိုင်းတွင် ဖခင်ဖြစ်သူက ဌာနမှူးအဖြစ် ဆက်ရှိနေသော် လည်း ကျိုးကျန့်ခန်းက အလုပ်ထွက်ပြီး စားသောက်ဆိုင်သေးသေးလေး ဖွင့်ခဲ့သည်။
နောက်ပိုင်းတွင် ကျိုးကျန့်ခန်း၏ဆိုင်မှာ တစ်နေ့ထက်တစ်နေ့ ကြီးမားလာပြီး အောင်မြင်လာသည်။
သူတို့၏အတွေးမှာ ရိုးရှင်းပေသည်။ လက်ရှိ ကျိုးမိသားစုမှာ ကံကောင်းလို့သာ ဖြစ်ပြီး၊ သူတို့ ရှုံးနိမ့်မည့်အချိန်ရောက် လာလိမ့်မည်ဟု ယူဆထားကြသည်။
ထို့ကြောင့် ကျိုးမိသားစု ဒုက္ခရောက်မည့်အချိန်ကို သူတို့ စောင့်နေခဲ့ကြသည်။ သူတို့ စောင့်ရင်း စောင့်ရင်းနှင့် ကျိုးမိသားစုက အိမ်ဝယ်လိုက်လေသည်၊ သူတို့ကတော့ အိမ်ဟောင်းမှာပဲ နေနေရဆဲပင်။
သူတို့ ထပ်စောင့်ပြန်သည်၊ ကျိုးမိသားစုက နောက်ထပ် အိမ်တစ်လုံးနှင့် ကားတစ်စီးဝယ်လိုက်ပြန်သည်၊ သူတို့ကတော့ ထိုနေရာမှာပဲ ရှိနေဆဲ ဖြစ်ပြန်သည်။
သူတို့၏မကောင်းသော စိတ်ဓာတ်မှာ မနာလိုမှုမှ မြစ်ဖျားခံခြင်း ဖြစ်သည်။ သူငယ်ချင်းများ သို့မဟုတ် သူစိမ်းများနှင့်ဆိုလျှင် ပုံမှန်ဆက်ဆံနိုင်သော်လည်း မိမိနှင့် အနီးဆုံး ဆွေမျိုးများ ကောင်းစားနေသည်ကိုတော့ သူတို့ ကြည့်မရကြပေ။
ကျိုးထျန်းက ဆက်ပြောသည်။
“မမတို့ကတော့ နောင်မှာ နာမည်ကြီးတက္ကသိုလ်ကျောင်း သားတွေ ဖြစ်ကြတော့မယ်၊ ကျွန်တော်ကတော့ သူတို့နဲ့ မတူဘူးလေ”
သူက သက်ပြင်း ထပ်ချလိုက်ပြန်သည်။
“ကျွန်တော်က ဖူတန့်တက္ကသိုလ်လို သာမန်ကျောင်းမျိုးပဲ တက်နိုင်တော့မှာပါ”
ဖူတန့်တက္ကသိုလ်၏ဂုဏ်သိက္ခာမှာတော့ ကျိုးထျန်းကြောင့် ထိခိုက်ရပြီ ဖြစ်သည်။ ပြောပြီးနောက် သူသည်လည်း မိခင်ဖြစ်သူကဲ့သို့ ခေါင်းငုံ့ပြီး စားနေတော့သည်။
ရှိနေသူအားလုံး ဆွံ့အသွားကြသည်။
ငါတို့ နားကြားမှားတာလား?
“ရှောင်ထျန်း... နင် စာမေးပွဲကျလို့ စိတ်များ ဖောက်ပြန်သွားတာလား။ နင် ဖူတန့်တက်ချင်တယ်ဆိုတာကို တို့တွေ အရင်ကလည်း ဖျောင်းဖျပြီးသားလေ။ ဘာလို့ အခုထိ ဒါကို ပြောနေတုန်းလဲ။ နင် လက်တွေ့ကို ရင်ဆိုင်ရမယ်လေ”
ဝမ်းကွဲဖြစ်သူက ပြောရင်း စာအုပ်အချို့ကို ထုတ်လိုက်သည်။
“ရော့... ဒါက မမ အရင်တစ်ခါ ပြောထားတဲ့ စာမေးပွဲပြန်ဖြေမယ့် အတန်းတွေအကြောင်း သတင်းအချက်အလက်တွေပဲ။ သေချာဖတ်ကြည့်လိုက်ဦး”
ကျိုးထျန်း စိတ်ထဲကနေ လှောင်ပြုံး ပြုံးလိုက်သည်။ သူမက ကြိုတင်ပြင်ဆင်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူမသည် သူ့ကို ရန်စရန် အမြဲကြံစည်နေခဲ့ခြင်း ဖြစ်သည်။
“ဟုတ်တယ် ထျန်းထျန်း... နင့်မမက နင့်အကျိုးအတွက် လုပ်ပေးတာပါ။ စာမေးပွဲ ပြန်ဖြေတာက ရှက်စရာ မဟုတ်ပါဘူး။ နောက်နှစ်ကျမှ တတိယတန်းစား တက္ကသိုလ်တစ်ခုခု ရအောင် ကြိုးစားကြတာပေါ့”
အဒေါ်ဖြစ်သူကလည်း အချိန်ကိုက် ဝင်ပြောလိုက်သည်။
ကျိုးထျန်း သူတို့ကို ဂရုမစိုက်ဘဲ ဖုန်းကို ထုတ်ကာ တက္ကသိုလ်ဝင်ခွင့်ရမှတ် Screenshot ကို ဖွင့်လိုက်ပြီး စားပွဲပေါ်က လှည့်စားပွဲပေါ်သို့ တင်လိုက်သည်။
“ကျွန်တော် တကယ်ပဲ ဒီတစ်ခါ ကောင်းကောင်း မဖြေနိုင်ခဲ့ဘူး၊ အမှားအယွင်း အကြီးကြီး လုပ်မိသွားတယ်၊ ၅၉၅ မှတ်ပဲ ရတယ်၊ ၆၀၀ တောင် မပြည့်ဘူး!”
စားပွဲ ဝိုင်းလည်သွားသည်နှင့်အမျှ အဒေါ်ဖြစ်သူ၏ မောင်၊ ဦးလေး၊ ဘိုးဘွားများနှင့် ဝမ်းကွဲဖြစ်သူတို့သည် ထို Screenshot ကို တစ်ယောက်ပြီးတစ်ယောက် မြင်သွားကြသည်။
“မမ... ကျွန်တော် တကယ်ကောင်းတဲ့ ကျောင်းတစ်ကျောင်း သွားလည်ချင်ရင် မမကပဲ ဧည့်ခံရမှာနော်!”
“အန်တီ... ကျွန်တော်ကပဲ မိသားစုထဲမှာ စာအညံ့ဆုံး ဖြစ်နေတာဆိုတော့ ဒီစာမေးပွဲပြန်ဖြေမယ့် သင်တန်းကြော်ငြာတွေကို ကျွန်တော်ပဲ ယူထားလိုက်ပါ့မယ်။ နောက်နှစ်ကျမှ ပေကျင်းတက္ကသိုလ်ရအောင် ထပ်ဖြေကြည့်ရမှာပေါ့”
အဒေါ်ဖြစ်သူတို့ မိသားစုမှာ ဘာမှ မပြောနိုင်ကြတော့ဘဲ သူတို့၏ မျက်နှာများမှာ အတော်လေး ကြည့်ရဆိုးနေသည်။
ဝမ်းကွဲဖြစ်သူ ကျန်းယင်းကတော့ မျက်လုံးပြူးကာ မယုံနိုင်စရာ ဖြစ်ရပ်တစ်ခုကို မြင်လိုက်ရသကဲ့သို့ ဆွံ့အလျက် ရှိသည်။
သူမကိုယ်တိုင်မှာ ထိုစဉ်က အသေအလဲ ကြိုးစားပြီးမှ ယခုကျောင်းကို မနည်းတက်ခဲ့ရခြင်း ဖြစ်သည်။
ကျိုးထျန်းက အမြဲတမ်း စာညံ့ခဲ့သော်လည်း စာမေးပွဲတွင် ရုတ်တရက် အမှတ်တွေ ဒီလောက်ရသွားသည်ကို ဘယ်သူက လက်ခံနိုင်ပါမည်နည်း။ သူမမှာ သွေးအန်မတတ် ခံစားနေရသည်။
အဒေါ်ဖြစ်သူမှာ စားပွဲခင်းကို တင်းတင်းဆုပ်ကိုင်ထားပြီး သူမ၏ မျက်နှာမှာ ရှုံ့မဲ့နေသည်။
“ကဲ... အားလုံး စားကြပါဦး! မမ... အန်တီ... စားကြပါဦး။ ဒီမှာ... ကျွန်တော် အန်တီတို့အတွက် လီမွန်ပုစွန်၊ နာနတ်သီးချိုချဉ်နဲ့ အချဉ်ဟင်းရည်တွေ အထူးမှာပေးထားတယ်လေ။ အန်တီတို့က အချဉ် (မနာလိုမှု) ကြိုက်မှန်း ကျွန်တော် သိပါတယ်၊ အားမနာကြပါနဲ့”
ကျိုးထျန်းက သူတို့ကို စိတ်ပါလက်ပါ ဟင်းခတ်ပေးလိုက်သည်။ သူတို့ကလည်း အလိုက်သင့်ပင် တုံ့ပြန်လာကြသည်။
[ကျန်းကျန့်ကော်၏ အချဉ်ဓာတ် +၆၅!]
[ဟွမ်ရှုကျဲ၏ အချဉ်ဓာတ် +၉၃!]
[ကျန်းယင်း၏ အချဉ်ဓာတ် +၉၉!]
ကျိုးထျန်းသည် ဝမ်းကွဲဖြစ်သူ၏ မျက်နှာမှာ တစ်ဖြည်း ဖြည်းနှင့် လီမွန်ရောင်သန်းကာ ဝါဖန့်လာသည်ကို ကြည့်နေလိုက်သည်။
ထိုမျှမကသေးဘဲ အဒေါ်ဖြစ်သူတို့ မိသားစုတစ်ခုလုံး၏ အချဉ်ဓာတ်များမှာလည်း အရှိန်အဟုန်နှင့် တက်နေတော့ သည်။
[ချူးကျိ၏ အချဉ်ဓာတ် +၃၄!]
[ဟွမ်မင်ကျဲ၏ အချဉ်ဓာတ် +၇၇!]
[ချူးချန်း၏ အချဉ်ဓာတ် +၈၅!]
🍋 Chapter 32
ကျိုးထျန်းသည် သူရရှိခဲ့သော လက်ဆောင်အသေးအမွှားလေးအချို့အတွက် အတော်လေး ကျေနပ်မိသည်။
မိသားစုဆိုသည်မှာ ဤသို့ပင် ဖြစ်သင့်သည်မဟုတ်ပါလား။
မိသားစုဆိုသည်မှာ တစ်ဦးကိုတစ်ဦး ကူညီရမည်ဖြစ်ပြီး၊ 'အချဉ်ဓာတ်' ရအောင် ကူညီပေးခြင်းသည်လည်း ကူညီခြင်းတစ်မျိုးပင် ဖြစ်သည်။
ဝမ်းကွဲဖြစ်သူမှာ သူမ၏ ကြောင်အမ်းအမ်းဖြစ်နေမှုမှ သတိပြန်ဝင်လာပြီး လေ့ကျင့်ထားသော ဟန်ဆောင်အပြုံးတစ်ခုကို ချက်ချင်းပင် ထုတ်သုံးလိုက်သည်။
“ဂုဏ်ယူပါတယ် ရှောင်ထျန်း! ဒီလောက် အမှတ်ကောင်း ကောင်းရဖို့ မလွယ်ဘူးလေ။ တို့တွေအားလုံးက နင့်အတွက် စိတ်ပူနေကြတာ၊ အခုမှပဲ စိတ်အေးရတော့တယ်”
“ဒါနဲ့... နင်လည်း အခု ၁၈ နှစ် ပြည့်ပြီဆိုတော့ ရည်းစားရော ရပြီလား”
ထိုစကားကို ကြားလိုက်ရသည့်အခါ အဒေါ်ဖြစ်သူ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး ချက်ချင်းပင် ဝင်ပြောတော့သည်။
“ဟုတ်တယ် ရှောင်ထျန်း... နင်လည်း ရည်းစားအမြန်ရှာသင့်ပြီ! နင့်မမကို ကြည့်ဦး၊ သူက ခုလေးတင် ရည်းစားရထားတာ၊ ဟိုဘက်က မိသားစုကလည်း တော်တော်လေး ချမ်းသာတယ်”
သူမသည် ပြောရင်းနှင့် သူမ၏လက်ကောက်ဝတ်ကို မြှောက်ပြလိုက်သည်။
“ကြည့်စမ်း... ဒါက ပထမဆုံးအကြိမ် တွေ့တုန်းက သူပေးတဲ့ ရွှေလက်ကောက်ပဲ! ကြည့်ဦး... ဘယ်လောက်ထူလဲဆိုတာ၊ ၂၀ ဂရမ်တောင် ရှိတယ်!”
အဒေါ်ဖြစ်သူသည် ထရပ်လိုက်ပြီး မိခင်ဖြစ်သူ၏ ရှေ့တွင် လက်ကို ရမ်းပြကာ ကြွားလုံးထုတ်တော့သည်။ ဝမ်းကွဲဖြစ်သူလည်း ထရပ်လိုက်သည်။
“ဒုတိယအဒေါ်... ကြည့်ပါဦး၊ သူက သမီးကိုလည်း ရွှေလက် ကောက်တစ်ကွင်း ပေးထားသေးတယ်၊ ဒါက ၃၀ ဂရမ် ရှိတယ်!”
သူတို့သည် အခြေအနေကို ပြန်လည်ထိန်းချုပ်ရန်အတွက် အကြောင်းအရာကို အမြန်ပြောင်းလဲလိုက်ကြသည်။ သို့သော် ကျိုးထျန်းက သူတို့ကို အလွယ်တကူ လွှတ်ပေးပါမည်လော။
“အန်တီ... မမ... အခု ရွှေဈေးက ၄၀၀ ကျော်နေပြီနော်။ ဒီပစ္စည်းနှစ်ခုတင် ၅၀ ဂရမ်ဆိုတော့ အနည်းဆုံး ယွမ် ၂၀,၀၀၀ လောက် ရှိမှာပဲ”
ကျိုးထျန်း မနာလိုဟန်ဖြင့် ကြည့်လိုက်သည်။
သူ့မိခင်နှင့် အဒေါ်တို့လည်း မော့ကြည့်လိုက်ကြသည်။
မိန်းကလေးမှန်သမျှ ရွှေထည်ပစ္စည်းများကို ကြိုက်နှစ်သက်ကြသဖြင့် သူတို့လည်း တစ်ချက်ကြည့်မိကြသည်မှာ မဆန်းပေ။
“အို... အေးပါ... ဒါလေးတွေက တော်တော်လှတာပဲ။ ဂုဏ်ယူပါတယ် ရှောင်ယင်း... ဒီလူက တော်တော်ကောင်းပုံရတယ်” ဟု မိခင်ဖြစ်သူကလည်း ချီးကျူးလိုက်သည်။
ဝမ်းကွဲဖြစ်သူ၏ မျက်လုံးများက ကစားသွားပြီး ချက်ချင်းပင် ဝင်ပြောသည်။
“ဒုတိယအဒေါ်... အဒေါ်က ဘာလို့ လက်ဗလာ ဖြစ်နေတာလဲ။ ဦးလေးက အဒေါ်ဝတ်ဖို့ ရွှေထည်လေးဘာလေး ဝယ်မပေးဘူးလား”
ကျိုးကျန့်ခန်းကတော့ မျက်မှောင်အနည်းငယ် ကြုံ့သွားသော်လည်း ပြန်မဖြေခဲ့ပေ။ ကျိုးထျန်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြုံးဖြီးနေသော ထိုနှစ်ဦးကို ကြည့်ပြီးနောက် ကောက် ကျစ်စွာ ပြုံးလိုက်သည်။
“အန်တီ... မမ... တို့ကတော့ ကံကောင်းလိုက်တာ။ လက် ဆောင်အဖြစ် ရွှေတွေ ရကြတယ်ပေါ့။ ကျွန်တော့်အမေမှာတော့ ဒါမျိုးပေးမယ့်သူ မရှိတော့ ကျွန်တော်ပဲ သူမကို ရွှေပေးရတာပေါ့”
သူသည် သူ့ ကျောပိုးအိတ်ကို မလိုက်ပြီး လက်ဆောင်ဘူးကြီးတစ်ခုကို ထုတ်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော် အမေကို ပေးတဲ့လက်ဆောင်ကတော့ အန်တီတို့လို ဂရမ်အနည်းငယ်ပဲရှိတဲ့ ရွှေတွေလိုမျိုး ဈေးမကြီးပါဘူး”
သူသည် လက်ဆောင်ဘူးကို ဖွင့်လိုက်သည့်အခါ အတွင်းရှိ ရွှေချောင်းကြီး နှစ်ချောင်းမှ ထွက်ပေါ်လာသော အလင်းပြန်မှုကြောင့် သူတို့၏ မျက်လုံးများပင် ပြာဝေသွားရသည်။
အရင်တစ်ခါ ဖုန်းတုန်းကကဲ့သို့ပင် သူသည် ထိုလက်ဆောင်ဘူးကို အားလုံးမြင်စေရန် လှည့်စားပွဲပေါ်သို့တင်လိုက်သည်။
ထို့နောက် ဆက်ပြောလိုက်ပြန်သည်။
“ကျွန်တော်ကတော့ သူတို့နဲ့ မတူဘူးလေ။ ဒီလို ရွှေထည်အသေးအမွှားလေးတွေကို ဘယ်မှာဝယ်ရမှန်း မသိလို့ အမေအတွက် ရွှေချောင်း နှစ်ချောင်းပဲ ဝယ်ပေးနိုင်ခဲ့တာ”
သူသည် ဘာမှမတတ်နိုင်သည့်ပုံစံဖြင့် ပခုံးတွန့်ပြလိုက်သည်။ ရွှေချောင်း နှစ်ချောင်းမှာ စုစုပေါင်း ၄ ပေါင်ခန့် လေးသဖြင့် လှည့်စားပွဲမှာ လူခြောက်ယောက်ရှေ့မှ ဖြတ်သွားသည့်အခါ အနည်းငယ် စောင်းနေခဲ့သည်။
ခုနက မတ်တတ်ရပ်ပြီး ကြွားလုံးထုတ်နေသူ နှစ်ဦးမှာ ဆွံ့အသွားကြပြီး အနေရခက်စွာဖြင့် ပြန်ထိုင်လိုက်ကြရသည်။
“ထျန်းထျန်း... ဒီရွှေချောင်းကြီးတွေက ဒီလောက်ကြီးတာ၊ ဘယ်လောက် ပေးရလဲ” ဟု အဒေါ်ဖြစ်သူက တံတွေးမြိုချရင်း မေးလိုက်သည်။ သူမတစ်သက်တွင် ဤမျှများပြားသော ရွှေများကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
“အာ... ဒါက အမေအတွက် ပေးတဲ့လက်ဆောင်ပဲ၊ ဘာလို့ ပိုက်ဆံအကြောင်း ပြောနေမှာလဲ။ ဒါက သိပ်လည်း မတန်ပါဘူး၊ ယွမ် ၈ သိန်းကျော်လေးတင်ပါ”
ဖူး!
ဦးလေးဖြစ်သူက သူသောက်နေသော လက်ဖက်ရည်များကို အဒေါ်နှင့် ဝမ်းကွဲဖြစ်သူတို့အပေါ်သို့ ပန်းထုတ်လိုက်မိတော့သည်။
ကျိုးထျန်း ပြုံးလိုက်ပြီး စားပွဲပေါ်တွင် လည်နေသောလက် ဆောင်ဘူးကို ယူကာ မိခင်ဖြစ်သူအား ကမ်းပေးလိုက်သည်။
“မေမေ... ဒါကို ယူထားပြီး အိမ်ရောက်ရင် တစ်နေရာရာမှာ သိမ်းထားလိုက်နော်။ တကယ်လို့ သိမ်းစရာနေရာ မရှိရင်လည်း ကျွန်တော်တို့ ထမင်းစားပွဲက ခြေထောက်တစ်ဖက်က နည်းနည်း နိမ့်နေတာဆိုတော့ အဲ့ဒီအောက်မှာ ခုဖို့ သုံးလိုက်ပေါ့”
ဖူး!!
ဦးလေးဖြစ်သူမှာ ထပ်မံ၍ ရယ်မောမိပြန်သည်။
ဘာတဲ့... စားပွဲခြေထောက်အောက်မှာ ခုဖို့ ဟုတ်လား?! စားပွဲအသစ်သာ ဝယ်လိုက်ပါတော့လား!
[ကျန်းကျန့်ကော်၏ အချဉ်ဓာတ် +၇၉!]
[ဟွမ်ရှုကျဲ၏ အချဉ်ဓာတ် +၉၉!]
[ကျန်းယင်း၏ အချဉ်ဓာတ် +၉၉!]
[ချူးကျိ၏ အချဉ်ဓာတ် +၇၈!]
[ဟွမ်မင်ကျဲ၏ အချဉ်ဓာတ် +၉၉!]
[ချူးချန်း၏ အချဉ်ဓာတ် +၇၅!]
‘ဝါး... ဒီမိသားစုထဲက ယောက်ျားတွေကတော့ စိတ်ဓာတ် တော်တော်လေး ကြံ့ခိုင်တာပဲ၊ ဘယ်သူမှ အမြင့်ဆုံးအမှတ်ကို မရောက်ကြဘူး’
သို့သော် ပြန်စဉ်းစားကြည့်လျှင် ဒါက ဖြစ်နိုင်ပါသည်။
ယောက်ျားများအတွက်တော့ ရွှေဆိုသည်မှာ ပိုက်ဆံအပုံလိုက်ကြီးတစ်ခုသာ။
သို့သော် သူ့ ပြင်ဆင်မှုများမှာ ဤမျှနှင့် မပြီးသေးပေ။
“ဖေဖေ... ကျွန်တော် မေမေအတွက် လက်ဆောင်ပေးပြီးပြီဆိုတော့ ဖေဖေ့အတွက်ကရော ဘာဖြစ်မယ်ထင်လဲ”
စားပွဲဝိုင်းရှိ လူတိုင်းမှာ သူ စားပွဲပေါ်သို့ နောက်ထပ် ဘာများ တင်ဦးမလဲဆိုသည်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။
“ဒါပေမဲ့ ဒီလက်ဆောင်ကိုတော့ စားပွဲပေါ် တင်လို့မရဘူးဗျ၊ ပြတင်းပေါက်ကနေပဲ ကြည့်လို့ရမယ်”
ကျိုးကျန့်ခန်းမှာ ဇဝေဇဝါဖြစ်ပြီး ထရပ်လိုက်သည်။
သားဖြစ်သူမှ မိခင်အတွက် ဤမျှဈေးကြီးသည့်အရာ ဝယ်ပေးထားသည်ဆိုလျှင် ဖခင်အတွက် လက်ဆောင်မှာလည်း ဈေးပေါမည်မဟုတ်သည်မှာ အသေအချာပင်။
“လာပါ ဖေဖေ... ဟိုအောက်မှာ ကြည့်လိုက်ပါဦး”
ကျိုးကျန့်ခန်းသာမက တခြားသူများလည်း ပြတင်းပေါက်ဆီသို့ သွားကြည့်ကြသည်။
“ဘာတွေ လျှို့ဝှက်နေတာလဲ... ဘာမှ မမြင်ရပါဘူး!”
ဖခင်ဖြစ်သူက လိုက်ကြည့်သော်လည်း ကားပါကင်ထဲတွင် ထူးထူးခြားခြား ဘာမှ မတွေ့ရပေ။
“ဟောဗျာ... ဖေဖေကလည်း၊ ဟိုဘက်မှာ မြင်လား? ဟို ငွေရောင် G-Class လေ”
“မြင်တယ်... ဒါပေမဲ့ အဲ့ဒီဘေးမှာ ဘာမှမရှိဘူးလေ”
ကျိုးထျန်းမှာ စိတ်မရှည်တော့ပေ။
“ဟာ... ဖေဖေကလည်း! အဲ့ဒီ G-Class ကားကြီးကပဲ လက်ဆောင်ပေါ့!”
သူသည် ကားသော့ကို ထုတ်ကာ ဖခင်ဖြစ်သူထံ ကမ်းပေး လိုက်သည်။
ဤတစ်ကြိမ်တွင်မူ ကျိုးကျန့်ခန်းကိုယ်တိုင် အံ့ဩသွားရသည်။
သားဖြစ်သူမှ သူ့အား သူအမြဲတမ်း စိတ်ကူးယဉ်ခဲ့ရသော ကားကို ပေးလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ထို့အပြင် သူဆိုသည်မှာ G-Class ကို လမ်းပေါ်တွင် မြင်တိုင်း အမြဲတမ်းငေးကြည့်ခဲ့ရသူ ဖြစ်သည်။
စစ်မှန်သော ယောက်ျားတစ်ယောက်သည် Off-road ကားကိုသာ မောင်းနှင်ရမည်ဟု သူ ယူဆထားသည်။
ထို့အပြင် သူ့ အနားယူချိန် အစီအစဉ်မှာ ဇနီးဖြစ်သူနှင့်အတူ တရုတ်ပြည်အနှံ့ ကားမောင်းလည်ရန်ဖြစ်ရာ ဤကားနှင့်ဆိုလျှင် မည်မျှပင် ဝေးလံခေါင်ဖျားသော နေရာမျိုးကိုမဆို သွားနိုင်ပေလိမ့်မည်။
ဦးလေးဖြစ်သူများမှာလည်း ယောက်ျားလေးများဖြစ်ကြသည့်အလျား ကားအကြောင်းကို နားလည်ကြသည်။
အထူးသဖြင့် G-Class ၏ စွမ်းဆောင်ရည်သာမက ၎င်း၏ မတန်တဆ ဈေးနှုန်းကြီးမြင့်မှုကိုပါ သိကြသဖြင့် သူတို့တစ်သက်တွင် ဝယ်နိုင်မည်မဟုတ်မှန်း သိနေကြသည်။
ထို့ကြောင့် သူတို့သည် ကျိုးကျန့်ခန်း ရရှိသော လက်ဆောင်အပေါ် ပိုလို့မနာလို ဖြစ်သွားကြတော့သည်။
[ကျန်းကျန့်ကော်၏ အချဉ်ဓာတ် +၉၉!]
[ဟွမ်ရှုကျဲ၏ အချဉ်ဓာတ် +၉၉!]
[ကျန်းယင်း၏ အချဉ်ဓာတ် +၉၉!]
[ချူးကျိ၏ အချဉ်ဓာတ် +၉၉!]
[ဟွမ်မင်ကျဲ၏ အချဉ်ဓာတ် +၉၉!]
[ချူးချန်း၏ အချဉ်ဓာတ် +၉၇!]
ဤမျှများပြားသော အချဉ်ဓာတ်လှိုင်းကြီးကို မြင်လိုက်ရသည့်အခါ ကျိုးထျန်းမှာ အံ့ဩသွားသည်။
ဝမ်းကွဲညီလေးက ဤမျှအထိ တောင့်ခံနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“သား... ဒါတွေအတွက် ပိုက်ဆံ ဘယ်လောက်တောင် သုံးလိုက်တာလဲ။ ပိုက်ဆံစုရတာ မလွယ်ဘူးနော်၊ အကုန်မဖြုန်းပစ်ပါနဲ့ဦး” ဟု မိခင်ဖြစ်သူက သူ့ကို ပုတ်ကာ ပြောသော် လည်း၊ ဖခင်ဖြစ်သူကတော့ သူမကို ချက်ချင်းပင် တားမြစ်လိုက်သည်။
အမှန်ပင်... သူက လက်ဆောင်ရရှိသူ ဖြစ်နေသဖြင့် သားဖြစ်သူဘက်မှ ကူညီပေးရမည် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် သူသည် ကျိုးထျန်းဘက်သို့ လှည့်ကာ “ငါ အရမ်းကြိုက်တယ်” ဟု နှုတ်ခမ်းလှုပ်ရုံဖြင့် ပြောလိုက်သည်။
ကြီးမားသော စိတ်ပျက်အားငယ်မှုဒဏ်ကြောင့် ထိုလူခြောက်ဦးစလုံးမှာ စိတ်ဓာတ်ကျနေကြသည်။
ကျိုးမိသားစု သုံးဦးသာလျှင် စိတ်လက်ပေါ့ပါးစွာဖြင့် ထမင်းကို မြိန်ယှက်စွာ စားနေကြသည်။
သူတို့မှာ စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် အစားအ သောက်မှာ ပိုမြိန်နေတော့သည်။
ကောက်ကျစ်စဉ်းလဲရာတွင် ဆရာကျသော ဝမ်းကွဲဖြစ်သူပင်လျှင် ဘာမှမပြောနိုင်ဘဲ ခေါင်းငုံ့နေရှာသည်။
သို့သော် ခဏအကြာတွင် ဝမ်းကွဲဖြစ်သူက ရုတ်တရက် မေးလာသည်။
“ရှောင်ထျန်း... ဒီပိုက်ဆံတွေ အကုန်လုံး နင် ဘယ်ကရတာလဲ။ တရားမဝင်တဲ့ နည်းလမ်းတွေကနေ ရတာတော့ မဟုတ်ပါဘူးနော်”
ဤမေးခွန်းက ကျန်ရှိသောသူများအတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခုကို တောက်ပလာစေသကဲ့သို့ ဖြစ်သွားပြီး သူတို့အားလုံး သူ့ကို မော့ကြည့်လိုက်ကြသည်။
“ဟုတ်တယ် ထျန်းထျန်း... ဒီလောက်များတဲ့ ပိုက်ဆံတွေ နင် ဘယ်ကရတာလဲ။ တို့မိသားစုက အမြဲတမ်း ဥပဒေကို လိုက်နာတဲ့သူတွေနော်၊ တရားမဝင်တာတွေတော့ မလုပ်ရဘူး”
သူတို့၏ အရှက်ကို မရမက ပြန်ဆယ်ရန် ကြိုးစားမှုကို ကြည့်ပြီး ကျိုးထျန်း ခေါင်းခါလိုက်သည်။
သူသည် သူတို့ကို ထိုကဲ့သို့သော အခွင့်အရေးမျိုး ပေးပါမည်လော။
“အန်တီ... တခြားသူတွေတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ မိသားစုကတော့ ဖြောင့်မတ်တဲ့သူတွေပါ။ ဒီပိုက်ဆံတွေက ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ပြီး အပတ်ပေါင်းများစွာကြာမှ ရှာထားရတာပါ”
ဤစကားများက သူတို့ကို ပိုသံသယဝင်စေသည်။
ရက်သတ္တပတ် အနည်းငယ်အတွင်း ယွမ်သန်းပေါင်းများစွာ ရှာနိုင်တယ် ဟုတ်လား?
ဘယ်သူက ယုံမှာလဲ။
ဆင်းရဲမွဲတေမှုက သူတို့၏ စိတ်ကူးစိတ်သန်းများကို လုံးဝ ပိတ်ပင်ထားခဲ့သည်ဟု ဆိုရပေမည်။
သူတို့ မယုံကြသော်လည်း ကျိုးထျန်းက ယနေ့တွင် သူတို့ကို အံ့ဩစရာများစွာ ပေးခဲ့သဖြင့် သူတို့မှာ ဝေခွဲမရ ဖြစ်နေကြသည်။
စိတ်ခံစားချက်အရ လက်မခံချင်သော်လည်း၊ ဖိနှိပ်ထားသော သူတို့၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကတော့ ဤကောင်လေး ပြောတာ အမှန်ဖြစ်နိုင်သည်ဟု ပြောနေသည်။
“ဒါဆိုရင် နင် ဘယ်လိုရှာတာလဲဆိုတာ ပြောပြပါဦး။ တို့တွေလည်း ဗဟုသုတရတာပေါ့”
အဒေါ်ဖြစ်သူက မယုံကြည်နိုင်သေးဘဲ မေးလိုက်သည်။ ယခု သူမ၏ အသံမှာ ယခင်ကလောက် ယုံကြည်ချက် မရှိတော့ပေ။
“ဘာမှ မဟုတ်ပါဘူး... အိမ်ဖျက်သိမ်းတဲ့ လျော်ကြေးရတာပါ” ဟု ကျိုးထျန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“အော်... တစ်ခုခု အရေးကြီးတာများလားလို့။ အိမ်ဖျက်သိမ်းတဲ့ လျော်ကြေးပဲကိုး၊ ကျိုးမိသားစုရဲ့ အိမ်ဟောင်းက မဟုတ်လား”
အဒေါ်ဖြစ်သူတို့မှာ ထိုအခါမှပင် စိတ်သက်သာရာ ရသွားကြတော့သည်။
“တို့ အဲ့ဒီအိမ်ကို သိတာပေါ့။ အရမ်းကြီး မကြီးပေမဲ့ ယွမ် ၄ သန်း၊ ၅ သန်းလောက်တော့ တန်မှာပါ။ အဲ့ဒီကနေ ပိုက်ဆံအများကြီး ရလိုက်တာပဲ။ ဒါပေမဲ့ အဲ့ဒီလိုမျိုးတော့ မဖြုန်းသင့်ဘူးလေ၊ နင်က အရမ်းကို ဖြုန်းလွန်းတယ်။ အဒေါ်ကတော့ နင့်ကို သေချာ ပြောဆိုဆုံးမရဦးမယ်”