အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
🍋 Chapter 33
အဒေါ်ဖြစ်သူ၏ ဆုံးမနှိပ်ကွက်ပေးလိုသော မာန်မာနများ ရုတ်တရက် အရှိန်တက်လာသည်။
သူမသည် ကျိုးထျန်း ပိုက်ဆံဖြုန်းနေသည်ကို လက်ပူးလက် ကြပ် မိထားပြီဖြစ်၍ ဆုံးမစာပေးရင်း သူမ၏ ဒေါသများကိုပါ ပုံချရန် ဆုံးဖြတ်လိုက်သည်။
“ထျန်းထျန်း... နင်ကတော့ တကယ်ကို အတောမသတ်နိုင်အောင် ဖြစ်နေပြီ! ဒီအိမ်ဖျက်သိမ်းတဲ့ လျော်ကြေးငွေတွေက နင့်မိဘတွေ ပိုင်တာလေ။
နင်က အသက်ဘယ်လောက်ရှိသေးလို့ ဒီလောက်ဖြုန်းနေရတာလဲ။ ဒီအတိုင်းသာ ဆက်သွားရင်တော့ နင်တို့အိမ်က ပိုက်ဆံတွေ အနှေးနဲ့အမြန် ပြောင်တော့မှာပဲ”
“ဟုတ်တယ် ထျန်းထျန်း... မမလည်း နင့်ကို တစ်ခုတော့ ပြောရမယ်။ ပိုက်ဆံလေး နည်းနည်းရှိလာရုံနဲ့ မာနမတက်ပါနဲ့။ ဒီပုံစံအတိုင်းဆိုရင် တစ်နှစ်အတွင်းမှာ ဒီပိုက်ဆံတွေ အကုန်ကုန်သွားလိမ့်မယ်”
ကျိုးထျန်းသည် ၎င်းတို့၏သိသာလွန်းလှသော တိုက်ခိုက်မှုများကို နားထောင်ရင်း မျက်နှာအမူအရာ မပျက်သည့်အပြင် ရယ်တောင် ရယ်ချင်လာမိသည်။
“အန်တီ... မမ... ကျွန်တော့်မိဘတွေတောင် စိတ်မပူတာ၊ အန်တီတို့က ဘာလို့ ဒီလောက် စိတ်ပူနေရတာလဲ။ ပြောရရင် ‘ဧကရာဇ်က စိတ်မပူဘဲ မိန်းမစိုးက ပူနေသလို’ ဖြစ်နေပြီနော်”
“နောက်ပြီးတော့ ကျွန်တော်တို့ အိမ်ဖျက်သိမ်းတဲ့ လျော် ကြေးက အဲ့ဒီအိမ်ဟောင်းအတွက်လို့ ဘယ်သူပြောလဲ”
“ဟင် ? မဟုတ်လို့လား? နင်တို့ရဲ့ တခြားအိမ်နှစ်လုံးက ဝယ်တာ ၁၀ နှစ်တောင် မပြည့်သေးဘူး၊ အဲ့ဒါတွေက ဖျက်သိမ်းခံရဖို့ မဖြစ်နိုင်ဘူး။ ငါ့ကို လာလိမ်ဖို့ မကြိုးစားနဲ့”
အဒေါ်ဖြစ်သူက အရာအားလုံးကို သိနေသလို အမူအရာမျိုး လုပ်လိုက်သည်။
သူမသည် တခြားသူများ၏ ပိုင်ဆိုင်မှုများကို စပ်စုရသည်ကို အလွန်ဝါသနာပါသဖြင့် အသေအချာ သိနေခြင်း ဖြစ်သည်။ ကျိုးထျန်းကမူ သူမ၏ထိုအကျင့်ကို အသုံးချရန် ဆုံးဖြတ်လိုက်သည်။
“အန်တီ... ဖျက်သိမ်းခံရတာက ကျွန်တော်တို့ အိမ်ဟောင်းသုံးလုံး မဟုတ်ဘူးဗျ၊ အသစ်ဝယ်ထားတဲ့ အိမ်တွေပါ”
“ဘာ! နင်တို့ နောက်ထပ်အိမ်တစ်လုံး ထပ်ဝယ်လိုက်သေးတယ် ဟုတ်လား!”
အဒေါ်ဖြစ်သူသည် သူမ ဆယ်စုနှစ်ပေါင်းများစွာ နေလာခဲ့သော အိမ်ဟောင်းကို သတိရသွားပြီး မျက်လုံးများ နီမြန်းလာသည်။
“ဒါဆို... အဲ့ဒီအိမ်က ဝယ်ပြီးပြီးချင်း ဖျက်သိမ်းခံလိုက်ရတာပေါ့?”
သူမသည် အဖြေကိုမကြားချင်သော်လည်း မေးလိုက်မိပြန်သည်။
“ဟုတ်တယ်... အိမ်ဂရန်ရပြီး နောက်တစ်နေ့မှာတင် ဖျက် သိမ်းမယ်ဆိုတဲ့ အမိန့်ထွက်လာတာလေ”
“ငါ... ငါ...”
အဒေါ်ဖြစ်သူမှာ ယိုင်နဲ့သွားသဖြင့် ဝမ်းကွဲဖြစ်သူက လှမ်းမဖမ်းထားလျှင် လဲကျသွားပေလိမ့်မည်။
ဟူး... ဟူး... ဟူး...
စက္ကန့်အနည်းငယ်ခန့် အမောဖြေပြီးနောက် သူမသည် စကားအချို့ကို မနည်းညှစ်ထုတ်လိုက်ရသည်။
“နင်တို့ မိသားစုကတော့ တကယ်ကို ကံကောင်းတာပဲ!”
ကျိုးထျန်း ခေါင်းခါလိုက်မိသည်။
ဤလူများသည် အခြားသူများ၏ အောင်မြင်မှုကို ကံကောင်းခြင်းကြောင့်ဟုသာ ဘာကြောင့် အမြဲသတ်မှတ်နေကြသနည်း။
မိမိကိုယ်ကို နှစ်သိမ့်ရန်အတွက်သာလော။
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အန်တီ ကျွန်တော် တို့ ဆက်ပြီး ကြိုးစားပါ့မယ်”
အဒေါ်ဖြစ်သူမှာ ရင်ဘတ်ကို ဖိထားရင်း သမီးဖြစ်သူကို ကြည့်ကာ အရှက်ပြန်ဆယ်နိုင်ရန် တစ်ခုခုပြောရန် အချက်ပြလိုက်သည်။
“ရှောင်ထျန်း... နင်တို့မိသားစုက ဒီလောက်တောင် ကံကောင်းနေတာ၊ အိမ်တွေ အများကြီး ထပ်ဝယ်ပြီး လျော်ကြေးစောင့်ရမှာပေါ့။
ဘာလို့ အဲ့ဒီပိုက်ဆံတွေကို ဒီလိုမျိုး ဖြုန်းပစ်ရတာလဲ။ အိမ်တွေ အများကြီးသာဝယ်ထားရင် အခုထက် ပိုပြီးချမ်းသာဦးမှာ”
ဝမ်းကွဲဖြစ်သူက နှမြောတသဟန်ဖြင့် ကျိုးထျန်းတို့ မိသားစုကို ကြည့်ကာပြောလိုက်သည်။
ကျိုးထျန်းသည် သူမ၏ လှည့်ကွက်ကို ချက်ချင်း ရိပ်မိလိုက်သည်။
သူမသည် ဖြစ်နိုင်ခြေရှိသော အခြေအနေကောင်းတစ်ခုကို အသုံးချကာ လက်ရှိအောင်မြင်မှုကို အားမရသလိုမျိုး လုပ်ဆောင်နေခြင်း ဖြစ်သည်။
၎င်းမှာ မိသားစုအတွင်း စိတ်ဝမ်းကွဲအောင် လုပ်ဆောင်သော စိတ်ပညာ လှည့်ကွက်တစ်ခုပင် ဖြစ်သည်။
“မမ ပြောတာ တကယ်မှန်တယ်ဗျာ”
ကျိုးထျန်းက သူမကို ဖန်ခွက်မြှောက်ကာ ဂုဏ်ပြုလိုက်သည်။
သူ တစ်ငုံသောက်လိုက်ပြီး ဆက်ပြောသည်။
“အမှန်ပဲ... အိမ်တွေ အများကြီးဝယ်လေလေ၊ လျော်ကြေး ပိုရလေလေပေါ့။ အဲ့ဒါကြောင့် ဒီတစ်ခါ ကျွန်တော်တို့ အိမ် ၁၃ လုံး ဝယ်လိုက်တယ်၊ အဲ့ဒါတွေအားလုံး ဖျက်သိမ်းခံလိုက်ရတယ်လေ”
အဒေါ်ဖြစ်သူမှာ မျက်လုံးများ ပြူးသွားပြီး နှုတ်ခမ်းများ တုန်ရီလာကာ ရူးမတတ် ဖြစ်သွားတော့သည်။
“ဘယ်နှစ်လုံး... ဘယ်နှစ်လုံးလဲ”
“၁၃ လုံးပါ၊ ဒါပေမဲ့ အဲ့ဒီအိမ်တွေက အစကတည်းက ဈေးပေါတော့ လျော်ကြေးက ယွမ် သန်း ၉၀ ပဲ ရတယ်”
အင့်...
အဒေါ်ဖြစ်သူမှာ ရုတ်တရက် ရင်ဘတ်ထဲက ကျပ်လာပြီး အသက်ရှူရခက်ကာ အနောက်သို့ ပက်လက်လန် လဲကျသွားတော့သည်။
“မေမေ! မေမေ! ဘာဖြစ်တာလဲ!”
ဝမ်းကွဲဖြစ်သူက အော်ဟစ်ကာ သူမ၏မိခင်ကို မြေပြင်ပေါ်တွင် ဒူးထောက်တွဲထားလိုက်သည်။
ဤအခြေအနေမှာ ကျိုးထျန်း မျှော်လင့်ထားသည့်အတိုင်းပင်။ သူသည် သူ့ ကျောပိုးအိတ်ထဲမှ နိုက်ထရိုဂလစ်ဆရင်း ဆေးဘူးကို အေးအေးဆေးဆေး ထုတ်ပေးလိုက်သည်။
“မမ... ကျွန်တော့်မှာ ဆေးပါတယ်၊ အန်တီ့ကို မြန်မြန်တိုက်လိုက်ပါ”
“ကျေးဇူးပါ ထျန်းထျန်းရယ်”
ဝမ်းကွဲဖြစ်သူက ဆေးကို အမြန်ယူကာ သူမ မိခင်ပါးစပ်ထဲသို့ အကုန်လောင်းထည့်လိုက်သည်။
ကျိုးထျန်းသည်လည်း မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ဝမ်းနည်းပူဆွေးဟန်ဖြင့်
“အန်တီ... အန်တီ ဘာဖြစ်တာလဲ။ တစ်ခုခု စားမှားလို့လား? ဘာလို့ မျက်နှာကြီးက လီမွန်ရောင်လို ဝါဖန့်နေရတာလဲ”
“အန်တီ ဘာမှ မဖြစ်ပါနဲ့ဦး၊ မဟုတ်ရင် ကျွန်တော်တို့မိသားစု နောက်တစ်ခါ ပိုက်ဆံတွေ ထပ်ရတဲ့အခါ ဘယ်သူနဲ့ သွားပြီး ပျော်ရတော့မလဲ!”
“အန်တီ... အန်တီ!”
အဒေါ်ဖြစ်သူမှာ ထိုစကားများကို ကြားလိုက်ရသည့်အခါ ဒေါသကြောင့် မျက်လုံးများ ပြူးထွက်လာတော့သည်။
ငါးမိနစ်ခန့် ကြာပြီးနောက်တွင်မှ သူမ သတိပြန်ဝင်လာသည်။
သူမ၏ မျက်နှာမှာ လီမွန်သီးတစ်လုံးလို ပူလောင်နေခဲ့သည်။ ကျိုးထျန်းမှာတော့ သူမ၏ မနာလိုမှုအရှိန်ကြောင့် သေလုမျောပါး ဖြစ်သွားသည်ကို ကြည့်ကာ အလွန်ပင် ကျေနပ်နေတော့သည်။
ထိုအခါမှ ဝမ်းကွဲဖြစ်သူမှာ အခြေအနေကို ရိပ်မိသွားသည်။
‘ဒီကောင်လေးက ဘာလို့ ဒီဆေးတွေကို အသင့်ဆောင်ထားရတာလဲ။ သူ ဒါကို ကြိုတင်စီစဉ်ထားတာပဲ၊ ငါတို့ကို တမင် သက်သက် ဒေါသထွက်အောင် လုပ်နေတာ!’
သို့သော် သူမ ဘာမှ မပြောနိုင်ပေ။
ကျိုးထျန်းကို “နင် ငါတို့ကို ဒေါသထွက်အောင် ပိုက်ဆံတွေ အများကြီး ရှာတာလား!” ဟု ဆဲနိုင်ပါမည်လော။
ထို့ကြောင့် သူမသည် ဒေါသကိုသာ အောင့်မြိုထားရင်း သူမ မိခင်ကို တွဲကူလိုက်သည်။
သူမဆီမှ ထွက်လာသော အချဉ်နံ့မှာ တစ်ခန်းလုံးကိုပျံ့နှံ့သွားနိုင်သည်။
သူမ၏ ‘Green Tea’ စတိုင်မှ ‘Lemon Tea’ စတိုင်သို့ ပြောင်းလဲသွားသည်ကို ကြည့်ရင်း ကျိုးထျန်း ကျေနပ်သွားမိသည်။
‘နောက်ဆုံးတော့ အပြိုင်အဆိုင်နဲ့ တွေ့ပြီပေါ့’
ထို့ပြင် ဤတစ်ကြိမ်တွင် တက်လာသော လီမွန်အရှိန်မှာ အလွန်ပြင်းထန်လှပြီး ထိုလူခြောက်ဦးစလုံးကို တစ်ပြိုင်နက်တည်း အမြင့်ဆုံး အချဉ်ဓာတ်အဆင့်သို့ ရောက်ရှိသွားစေသည်။
[ဒင်~!]
[စနစ်မှ အသိပေးချက် - တာဝန်ပြီးမြောက်ပါပြီ၊ စနစ်မှ တာဝန်ကို အကဲဖြတ်နေသည်။]
[တာဝန်အကဲဖြတ်ချက် - တာဝန်အား အပြည့်အဝ ပြီးမြောက်သည်]
[ဆုလာဘ် - လီမွန်မျိုးစေ့များ]
[မှတ်ချက် - လီမွန်မျိုးစေ့ကို ပစ်မှတ်တစ်ခုတည်းပေါ်တွင် တစ်ကြိမ်သာ စိုက်ပျိုးနိုင်သည်။
ထိုပစ်မှတ်၏ ကျန်ရှိသော သက်တမ်းတစ်လျှောက်တွင် Host အား တစ်နာရီလျှင် ၁ မှတ်နှုန်းဖြင့် အချဉ်ဓာတ်ကို အမြဲတမ်း ထောက်ပံ့ပေးသွားမည် ဖြစ်သည်။]
တာဝန်ပြီးမြောက်ကြောင်း အသိပေးချက် ထွက်ပေါ်လာပြီးနောက် မျိုးစေ့ ၆ စေ့မှာ ထိုလူများဆီသို့ ပျံသန်းသွားတော့ သည်။
“နောက်ဆုံးတော့ ပြီးသွားပြီ! ဒီစွမ်းရည်က တကယ်ကို အရေးကြီးတာ၊ ဒါကို အနားယူချိန်အတွက် သုံးလို့ရပြီ!”
ကျိုးထျန်းသည် ဤစွမ်းရည်ကို အလွန်တန်ဖိုးထားသည်။
အကယ်၍ ပစ်မှတ်အရေအတွက် များလာလျှင် သူသည် ဘာမှမလုပ်ဘဲ နေ့တိုင်း ပိုက်ဆံအမြောက်အမြား ရနေပေလိမ့် မည်။
‘အကယ်၍ ငါ လူပေါင်း ၁,၀၀၀ ကျော်လောက်ကို မျိုးစေ့စိုက်ထားနိုင်ရင် ဒီတစ်ခုတည်းနဲ့တင် တစ်နှစ်ဝင်ငွေ ယွမ် သန်းချီ ရှိလာမှာပဲ!’
‘လူပေါင်း တစ်သောင်း၊ တစ်သိန်းဆိုရင်ကော? ဝင်ငွေက စိတ်ကူးတောင် ယဉ်လို့ ရမှာ မဟုတ်တော့ဘူး’
ကမ္ဘာပေါ်ရှိ လူဦးရေ ၇ ဘီလီယံလုံးကို မျိုးစေ့စိုက်ထားလျှင် ဘယ်လိုဖြစ်မလဲဆိုသည်ကို သူ စဉ်းစားရုံနှင့်ပင် ရင်ခုန်မိတော့သည်။
သူ ဤသို့ စဉ်းစားနေစဉ်မှာပင် အဒေါ်ဖြစ်သူတို့ မိသားစုမှာ ဆက်မနေနိုင်တော့ပေ။
သူမ နေမကောင်း၍ အိမ်ပြန်နားချင်သည်ဟု အကြောင်းပြကာ ထိုသုံးဦးမှာ အလောတကြီးထွက်သွားကြတော့သည်။
ကျန်ရှိသော မိသားစုဝင်များလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးနောက်ပြန်ရန် ပြင်ကြတော့ သည်။
ယခုဆိုလျှင် အခန်းထဲတွင် သူတို့ သုံးဦးသာကျန်တော့ သည်။
“သား... နင် နည်းနည်း များသွားပြီ၊ အန်တီ ပိုပြီးစိတ်မကောင်း ဖြစ်သွားလိမ့်မယ်” ဟု မိခင်ဖြစ်သူက ပြောလိုက်သည်။
“မေမေ... ကျွန်တော်က သူမကို စိတ်မကောင်းအောင် လုပ်တာမဟုတ်ဘူး၊ သူမဘာသာ သူမ ဖြစ်တာ။
ကျွန်တော်တို့မိသားစု ချမ်းသာလာတာကို ကြားတော့ သူမက ဒေါသတွေထွက်ပြီး သေမလို ဖြစ်သွားတာလေ။ အဲ့ဒါက ကျွန်တော့်အပြစ်လို့ မေမေ ထင်သလား”
ကျိုးကျန့်ခန်းကလည်း ဝင်ပြောသည်။
“သားပြောတာ မှန်တယ်။ မင်း အစ်မက အရင်ကတည်းက ဒီလိုပဲ၊ အမြဲတမ်း ငါတို့ကို အသာစီးရချင်နေတာ၊ မဟုတ်ရင်လည်း ရွဲ့စောင်းတာတွေ ပြောတတ်တာ။
တူမကလည်း သူ့အမေအတိုင်းပဲ။ ဒီလို ဆွေမျိုးမျိုးက သူစိမ်းထက်တောင် ဆိုးသေးတယ်”
မိခင်ဖြစ်သူမှာ သက်ပြင်းချလိုက်ပြီး ဘာမှ မပြောတော့ပေ။ သူမ၏ အစ်မအကြောင်းကို သူမ မသိဘဲ နေပါမည်လော။
ငယ်ငယ်ကတည်းက ထိုသို့ဖြစ်ခဲ့ကြပြီး အခု အသက်ကြီးလာသည်အထိ မပြောင်းလဲသည့်အပြင် ပိုဆိုးလာကြသည်။ သူမ သမီးမှာလည်း မိခင်၏လွှမ်းမိုးမှုကြောင့် ထိုပုံစံအတိုင်း ဖြစ်နေသည်။
စားပွဲပေါ်ရှိ ဟင်းများမှာ တစ်ဝက်ခန့်သာ ကုန်သေးသည်။
ကံကောင်းစွာဖြင့် အခုလေးတင် ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် သားအဖနှစ်ဦးမှာ အစားပိုမြိန်နေကြပြီး နောက်ဆုံးတွင် ဟင်းများမှာ ထုပ်ပိုးစရာမလိုဘဲ ကုန်စင်သွားတော့ သည်။
“မေမေ... အဲ့ဒီရွှေချောင်းတွေကို လုံခြုံတဲ့နေရာမှာ သိမ်းထားလိုက်နော်။ ဒါကို ရင်းနှီးမြှုပ်နှံမှုလို့ပဲ သဘောထားလိုက်။ အခု ရွှေဈေးက သိပ်မတက်သေးလည်း မေမေ ရှုံးမှာတော့ မဟုတ်ဘူး”
မိခင်ဖြစ်သူမှာလည်း ထိုအချက်ကို သိနေသည်။ လက် ဆောင်မှာ လက်တွေ့ကျပြီး ငွေဖော်ရလွယ်ကူသဖြင့် သူမ အတော်လေး ကျေနပ်နေသည်။
“အေးပါ... သားရဲ့ စေတနာကို မေမေ သိပါတယ်။ သားကိုယ်တိုင်လည်း သတိထားဦး၊ ပိုက်ဆံတွေကို ဖြုန်းမပစ်နဲ့ဦးနော်”
အနားတွင် ရပ်နေသော ဖခင်ဖြစ်သူမှာတော့ စိတ်လှုပ်ရှားစွာဖြင့် လက်များကို အဆက်မပြတ် ပွတ်သပ်နေသည်။ သူ၏ လက်ထဲရှိ ကားသော့မှာပင် နွေးနေပြီ ဖြစ်သည်။
“ဖေဖေ... သွားပြီး ကားမောင်းစမ်းကြည့်ရအောင်”
“ဟေး... ဒါကို စောင့်နေတာ!”
ကားနားသို့ ရောက်သောအခါ ဖခင်ဖြစ်သူက ချက်ချင်း မတက်သေးဘဲ ကားကို ပတ်ပတ်လည် လိုက်ကြည့်ကာ ချီးကျူးနေတော့သည်။
သူ့ မျက်လုံးထဲတွင် အစစ်အမှန် ချစ်ခင်မြတ်နိုးမှုကို တွေ့နေရသည်။
“လောင်ကျိုး... ကျွန်မ သတိပေးလိုက်မယ်နော်၊ ဒီကားမောင်းရင် သတိထား။ အွန်လိုင်းမှာ ပြောနေကြတာ ‘ကောင်စုတ်တွေက G-Wagon မောင်းတယ်’ တဲ့၊ ရှင် သတိထားမောင်းနော်”
မိခင်ဖြစ်သူက ခနဲ့ကာ ပြောလိုက်သဖြင့် ကျိုးကျန့်ခန်းမှာ တစ်ချက် တုန်သွားရသည်။
ကျိုးထျန်းမှာလည်း သူ့ မိခင်က ဤမျှအထိ ခေတ်မှီနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
🍋 Chapter 34
ဇနီးသည်၏အကြည့်အောက်တွင် ကျိုးကျန့်ခန်း ကျောစိမ့်သွားရသည်။
“ဒါက သွားလာရေးယာဉ်တစ်မျိုးပဲဟာကို၊ မင်းကလည်း ဘာတွေပြောနေတာလဲ”
ထိုသို့ ပြောလိုက်သော်လည်း သူ၏ခြေထောက်များကတော့ ဘေးက ခရီးသည်တင်တံခါးဆီသို့ အမြန်ပြေးသွားပြီး မိခင်ဖြစ်သူအတွက် တံခါးဖွင့်ပေးလိုက်သည်။
“ဒါမှ ဟုတ်တာပေါ့”
သူတို့ သုံးဦးသား ကားထဲသို့ ဝင်ထိုင်လိုက်ကြပြီး ဖခင်ဖြစ်သူက စတီယာရင်ကို စိတ်လှုပ်ရှားစွာ ကိုင်ကြည့်နေသည်။
“ဒီသားလေးကတော့ အဖိုးတန်ပဲ၊ ငါလိုချင်တာနဲ့ အကွက်တိပဲ”
“ဖေဖေ... ဒီကားက လိုင်စင်မတင်ရသေးဘူး၊ ကျွန်တော်တို့ ကားဟောင်းကိုရောင်းပြီး အဲ့ဒီလိုင်စင်ပြားကို ဒီမှာပဲ ပြောင်းတပ်လိုက်ရင်ရော”
“မဖြစ်ဘူးလေ၊ ဆိုင်ကို ပစ္စည်းသယ်ဖို့ ကားတစ်စီးတော့ လိုသေးတယ်”
ဖခင်ဖြစ်သူမှာ ဤကားကြီးနှင့် ပစ္စည်းသယ်ရန် မရက်စက်နိုင်ပေ၊ သူ နှမြောလွန်း၍ ရင်ကွဲသွားပေလိမ့်မည်။
“ဒါဆိုရင် ပစ္စည်းသယ်ဖို့အတွက်ပဲ ထရပ်ကားအသေးလေးတစ်စီးထပ်ဝယ်လိုက်လေ၊ လျှပ်စစ်ကား ဝယ်လိုက်ရင် လိုင်စင်အတွက်လည်း သက်သာတာပေါ့”
“ရပါတယ်၊ ဒါပေမဲ့ အိမ်ထောင်ဦးစီးက သဘောတူပါ့မလား မသိဘူး” ဟု ဖခင်ဖြစ်သူက မိခင်ဖြစ်သူကို မျက်လုံးထောင့်ကနေ ခိုးကြည့်ရင်း ပြောလိုက်သည်။
မိခင်ဖြစ်သူကလည်း မတတ်သာဘဲ ခေါင်းငြိမ့်လိုက်ရသည်။ ဘယ်လိုလုပ် သဘောမတူဘဲ နေနိုင်ပါမည်နည်း။
ယွမ်သန်းချီတန်တဲ့ ကားကြီးနဲ့တော့ ပစ္စည်းမသယ်နိုင်သည်မှာ အမှန်ပင်၊ ထရပ်ကားမှာလည်း မရှိလို့မဖြစ်ပေ။
သို့သော် သူမက စိတ်ပူနေဆဲဖြစ်၍ ကျိုးထျန်းကို သတိပေးလိုက်သည်။
“သား... ထရပ်ကားကတော့ ဈေးပေါတာပဲ ဝယ်နော်၊ ပြည် တွင်းဖြစ်ဆိုရင် ရပြီ။ ပစ္စည်းသယ်ဖို့ပဲဟာကို၊ ဈေးပေါလည်း ရှက်စရာမရှိပါဘူး”
“ဟုတ်ကဲ့... ရပါတယ်... ဟောဗျာ... မေမေကလည်း၊ ဘာလို့ ကျွန်တော့်ကို ပြောနေတာလဲ။ အဲ့ဒီထရပ်ကားဖိုးကိုလည်း ကျွန်တော်ပဲ စိုက်ရမယ်လို့ ပြောတာလား”
“ဒါပေါ့! အခု ငါတို့မိသားစုမှာ သားက အချမ်းသာဆုံးပဲလေ၊ သားမဝယ်ပေးရင် ဘယ်သူဝယ်မှာလဲ”
ကျိုးထျန်း မငြင်းရဲတော့ပေ။
ဝယ်ပေးရမှာပေါ့၊ မိသားစုအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ရမည့် အချိန်ရောက်ပြီ မဟုတ်ပါလား။
“ဒါနဲ့ မေမေ... မေမေရော ကားဝယ်ချင်လား။ မေမေ့မှာလည်း လိုင်စင်ရှိတာပဲ၊ ကားမရှိရင် သွားရလာရတာ အဆင်မပြေဘူးလေ။ အမြဲတမ်း ဖေဖေနဲ့ လိုက်နေရတာကလည်း လွတ်လပ်မှု မရှိဘူး”
မိခင်ဖြစ်သူ စဉ်းစားကြည့်တော့ သားပြောတာ မှန်နေသည်။
ထို့အပြင် ကျိုးကျန့်ခန်း စိတ်လှုပ်ရှားနေပုံအရ သူငယ်ချင်းတွေနဲ့ ကားမောင်းထွက်ချင်နေပုံရရာ သူမက အမြဲလိုက်နေ၍ မဖြစ်ပေ။
“ကောင်းပြီလေ၊ ဒါဆိုရင် မေမေ့အတွက် တစ်စီးဝယ်ပေး၊ မေမေကတော့ အသေးလေးပဲ ကြိုက်တယ်”
“ဒါပေမဲ့ ကျွန်တော်တို့မှာ လိုင်စင်ပြားရော၊ ကားပါကင်နေရာရော မရှိဘူးလေ၊ ဘယ်လိုလုပ်ကြမလဲ”
မိခင်ဖြစ်သူ၏မေးခွန်းက အလွန်လက်တွေ့ကျလှသည်။
ကျိုးထျန်းမှာလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၎င်းကို စဉ်းစားနေခြင်း ဖြစ်သည်။
သူ၏ 720S ကို ကုန်တိုက်မှာ သွားရပ်ထားရသည်မှာ ရေရှည်အတွက် အဆင်မပြေပေ။
“ဖေဖေနဲ့ မေမေ... ကျွန်တော် နောက်ထပ် အိမ်တစ်လုံးဝယ်ဖို့ စီစဉ်နေတယ်၊ အဲ့ဒီကို ပြောင်းကြတာပေါ့၊ ကားပါကင်နေရာလည်း ပိုရမယ်လေ။ လိုင်စင်ပြားကတော့ ကုမ္ပဏီလိုင်စင် တစ်ချို့ကို ဝယ်ဖို့ စဉ်းစားထားတယ်”
“ကုမ္ပဏီလိုင်စင်တွေက ဈေးကြီးတယ်နော်၊ တစ်ခုကို ယွမ် ၃ သိန်းကျော်လောက် ရှိတာ” ဟု ဈေးကွက်အကြောင်း နားလည်သော မိခင်ဖြစ်သူက ပြောလိုက်သည်။
“ဖေဖေနဲ့ မေမေ စိတ်မပူပါနဲ့၊ ကျွန်တော့်မှာ ပိုက်ဆံရှာဖို့ တခြားနည်းလမ်းတွေ ရှိပါသေးတယ်။
ပိုက်ဆံကို စိတ်ကြိုက်သာ သုံးကြပါ။ နောက် နှစ်နှစ်၊ သုံးနှစ်လောက်နေရင် ဖေဖေတို့ အပြီးအပိုင် အနားယူနိုင်လောက်တဲ့အထိ ကျွန်တော် ရှာပေးနိုင်မှာပါ”
“သားကတော့ ကြွားပြန်ပြီ။ ပိုက်ဆံကို ချွေတာသုံးစမ်းပါ။ ငါတို့ အနားယူတာ မယူတာက သားအလုပ် မဟုတ်ဘူး”
ထိုသို့ ပြောလိုက်သော်လည်း ဖခင်နှင့် မိခင်မှာ သားဖြစ်သူ၏ စကားကြောင့် ဝမ်းသာနေကြသည်။
ဖခင်ဖြစ်သူက ကားကို စက်နှိုးကာ မြို့ပတ်လမ်းတစ် လျှောက် နှစ်နာရီခန့် မောင်းနှင်ပြီးမှ ကျေနပ်သွားတော့ သည်။
ကျိုးထျန်း ကားပေါ်က ဆင်းလိုက်သည့်အခါ ညည်းညည်း ညူညူ လုပ်လိုက်သည်။
“ဒီကားကြီးက ယွမ် ၃ သန်းနီးပါး တန်တာတောင်၊ မောင်းရတာ အရမ်းလှုပ်တာပဲ၊ ကျွန်တော်တောင် အန်ချင်လာပြီ”
“မင်းက ဘာနားလည်လို့လဲ၊ ဒါကို ကြမ်းတမ်းတဲ့ကား လို့ ခေါ်တာကွ၊ သိလား” ဟု ဖခင်ဖြစ်သူက သူ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ဖေဖေ ကြိုက်သလိုသာ လုပ်ပါ”
သူ ဖခင်ဖြစ်သူနှင့် မငြင်းတော့ဘဲ အပေါ်ထပ်သို့ တက်လာခဲ့သည်။ လျို့မုယန်နှင့် စကားပြောရန် ကျန်သေးသည် မဟုတ်ပါလား။
အပေါ်ထပ် ရောက်ရောက်ချင်းမှာပင် အတန်း Group Chat ထဲတွင် အတန်းခေါင်းဆောင် လျို့မုယန် ပို့ထားသော Message တစ်ခု တက်လာသည်။
“ကျောင်းက ကြေညာလိုက်ပါပြီ၊ ဘွဲ့နှင်းသဘင် အခမ်းအ နားကို ဇွန်လ ၂၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ကျောင်းသားအားလုံး ကျောင်းဝတ်စုံဝတ်ပြီး နေ့လယ် ၁ နာရီမှာ ကျောင်းခန်းမဆောင်ကို လာကြပါ”
“ဘွဲ့နှင်းသဘင်မှာ ကျောင်းသားတိုင်း ဘွဲ့လက်မှတ်တွေ ရရှိကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်နှစ်မှာ ၁၂ တန်း တက်ရမယ့် မောင်လေး၊ ညီမလေးတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
သူတို့ကို ယုံကြည်မှုနဲ့ တက်ကြွမှုတွေ ပေးနိုင်ဖို့အတွက် ကျောင်းသားကိုယ်စားလှယ်တွေက မိန့်ခွန်းပြောကြားပေးကြပါမယ်။ သူတို့ကို အားတက်သရော အားပေးကြဖို့ တောင်းဆိုပါတယ်”
ကျိုးထျန်း ထို Message ကို ဖတ်ပြီးနောက် ဘာဖိအားမှ မခံစားရပေ၊ သူကတော့ စာတော်တဲ့ ကျောင်းသားတစ်ယောက် ဖြစ်သွားပြီ မဟုတ်ပါလား။
‘နောက်ဆုံးတော့ ကျောင်းပြီးပြီပေါ့! သဘက်ခါ ကျောင်းသွားရမယ်။ မနက်ဖြန်တော့ မုယန်နဲ့အတူ ကားသွားဝယ်ရမယ်’
သူ အွန်လိုင်းတွင် သင့်တော်မယ့် ကားမော်ဒယ်လ်တွေကို ရှာဖို့ ပြင်နေတုန်းမှာပင် လျို့မုယန်ဆီမှ Message တစ်စောင် ရောက်လာသည်။
“ကျိုးထျန်း... သဘက်ခါ ဘွဲ့နှင်းသဘင်မှာ ငါ မိန့်ခွန်းပြောရမယ်ဆိုတာ မိန့်ခွန်းတစ်ခု ရေးထားတယ်၊ ရှင် တစ်ချက်လောက် ကြည့်ပေးလို့ ရမလား”
လျို့မုယန်သည် စာတော်သည့် ကျောင်းသူတစ်ဦး ဖြစ်သဖြင့် ကျောင်းက သူမကို ကျောင်းသားကိုယ်စားလှယ်အဖြစ် မိန့်ခွန်းပြောခိုင်းသည်မှာ ပုံမှန်ပင် ဖြစ်သည်။
သို့သော် သူ့ဆီမှ အကူအညီ တောင်းလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ၊ ထို့ပြင် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
သူမ ပို့ထားသော မူကြမ်းကို ကြည့်လိုက်သည့်အခါ လက် ရေးဖြင့် ရေးထားပြီး အကြိမ်ကြိမ် ပြင်ဆင်ထားသည်ကို တွေ့ရသည်။
“မုယန်... စိတ်မပူပါနဲ့၊ ဒီမူကြမ်းက တော်တော်ကောင်းပါတယ်။ နင်က အမြဲတမ်း တော်ခဲ့တာပဲဟာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ပြောလိုက်ရုံပါပဲ”
“တကယ်လား? ငါ့ကို လိမ်မပြောနဲ့နော်”
လျို့မုယန်မှာ စာမေးပွဲတွင် သူမ မျှော်လင့်ထားသလောက် အမှတ်မရခဲ့သဖြင့် ယုံကြည်မှု အနည်းငယ် လျော့နည်းနေခြင်း ဖြစ်သည်။
အမှန်တော့ ၅၈၉ မှတ်ဆိုသည်မှာ ကျောင်းတစ်ကျောင်းလုံးတွင် ထိပ်တန်း ၁၀ ဦးစာရင်းဝင်၍ အလွန်ကောင်းမွန်လှသည်။
သို့သော် ဖူတန့်တက္ကသိုလ်လို ကျောင်းမျိုးတွင် သူမ ဝါသနာပါသည့် မေဂျာကို တက်ခွင့်ရပါ့မလားဟု စိုးရိမ်နေခြင်း ဖြစ်သည်။
၎င်းအပြင် မကြာသေးမီက ကျိုးထျန်း၏ ဂရုစိုက်မှုများကြောင့် သူမသည် သူ့အပေါ် အမှီပြုလိုစိတ် ဖြစ်ပေါ်လာသည်။
ထို့ကြောင့် သူမသည် အမျိုးသမီးတစ်ဦး၏ နူးညံ့သော စိတ်ခံစားချက်များ ပိုမိုဖြစ်ပေါ်လာပြီး ပို၍ စိုးရိမ်ပူပန်လာခြင်း ဖြစ်သည်။
ကျိုးထျန်းမှ စာရော၊ ငွေကြေးဓနပါ သူမထက် ပိုမိုသာလွန်နေပြီး ရုပ်ရည်ကလည်း ချောမောလှသဖြင့် သူမသည် သူ့အတွက် မထိုက်တန်မှာကို စိုးရိမ်နေမိခြင်း ဖြစ်သည်။
“နင့်မှာ ကျောင်းမှာ အမာခံပရိသတ်တွေ အများကြီးပဲ။ နင် ဘာမှမပြောရင်တောင် စင်ပေါ်မှာ ရပ်နေရုံနဲ့တင် လူတွေ အများကြီး လာအားပေးကြမှာပါ”
“နင်ကတော့ လျှောက်ပြောပြန်ပြီ။ ငါက အဲ့လောက်လည်း မဟုတ်ပါဘူး”
လျို့မုယန်သည် သူမ၏ ဆံပင်များကို လက်ဖြင့် လိပ်ရင်း သူ့ စကားကြောင့် ပြုံးလိုက်မိသည်။
ကျိုးထျန်းမှာမူ စိတ်ထဲမှ တွေးလိုက်မိသည်။
‘နင့်မှာ ပရိသတ် ဘယ်လောက်များလဲဆိုတာ ငါ မသိဘူးများ မှတ်နေလား။ သူတို့ရဲ့ မနာလိုမှု အရှိန်အဟုန်တွေက တကယ်ကို ကြောက်စရာကြီးပဲ’
“အားမနာပါနဲ့၊ ယောင်္ကျားလေးတွေတင် နင့်ကို ငေးကြည့်ကြတာ မဟုတ်ဘူး၊ မိန်းကလေးတွေတောင် နင့်ကို ကြည့်မဝ ဖြစ်နေကြတာ”
“ဟွန့်... နင်ကတော့ လျှောက်ပြောနေတာပဲ”
“နောက်တစ်ချက် ရှိသေးတယ်၊ ကျောင်းက နင့်ကိုလည်း မိန့်ခွန်းပြောပေးဖို့ စီစဉ်ထားတယ်တဲ့”
လျို့မုယန်က ရုတ်တရက် ထပ်ပြောလိုက်သည်။ သူမ၏ အသံမှာ သူ့ကို အံ့ဩသွားစေရန် စနောက်လိုသော အမူအရာ ပါဝင်နေသည်။
“ဘာ! ငါက ဘာလို့ ပြောရမှာလဲ။ ငါက စာတော်တဲ့ ကျောင်းသားကိုယ်စားလှယ်မှ မဟုတ်တာ”
“ဒါပေမဲ့ ရှင့်ရဲ့ ရမှတ်တွေက ပုံမှန်ထက် ထူးထူးခြားခြား တက်လာတာလေ။ ကျောင်းက ရှင့်ကို စာမေးပွဲမှာ ဘယ်လိုမျိုး အမှတ်တွေ အများကြီး ရအောင် ဖြေဆိုခဲ့လဲဆိုတာကို အဓိက ပြောခိုင်းချင်တာ”
ကျိုးထျန်း စိတ်ထဲမှ တွေးလိုက်မိသည်။
‘အမှတ်တွေ အများကြီးရဖို့ဆိုရင်တော့ စနစ်က လာထုရိုက်တာကိုပဲ စောင့်ရမှာပေါ့’
ကျောင်းက သူ့ကို စင်ပေါ်မှာ စကားပြောခိုင်းသည်မှာ သူ့ကို လူကြားထဲ ကြွားခိုင်းနေသလိုပင်။
ကောင်းပြီလေ၊ ငါ အကောင်းဆုံး ကြိုးစားရမှာပေါ့။
“ကောင်းပြီလေ၊ နားလည်ပြီ။ ဒါနဲ့ မုယန်... နင် မနက်ဖြန် အားလား”
“အင်း... အခုတလော အားပါတယ်၊ ဘာမှ အရေးကြီးတာ မရှိပါဘူး”
လျို့မုယန်သည် သူ ထိုသို့မေးသဖြင့် ဝမ်းသာသွားသည်။ သူမလည်း ကျိုးထျန်းနှင့် တွေ့ချင်နေသည် မဟုတ်ပါလား။
“ဒါဆို မနက်ဖြန် ကားသွားဝယ်ရအောင်။ ငါ့အတွက် တစ်စီး၊ မေမေ့အတွက် တစ်စီးနဲ့ အိမ်အတွက် ထရပ်ကားတစ်စီး ဝယ်ရမယ်။ တော်တော်လေးတော့ အလုပ်ရှုပ်မယ် ထင်တယ်”
“မနက်ဖြန် ကားသုံးစီးတောင် မှာရမှာဆိုတော့ အချိန်ကတော့ အတော်လေး လောက်ပါ့မလား”
“ဟာ... နင် တကယ် ဝယ်တော့မလို့လား? ငါက ဒီတိုင်း ပြောလိုက်တာပါ” ဟု လျို့မုယန်က ချက်ချင်းပင် ရှင်းပြလိုက်သည်။
“နင် မပြောခင်ကတည်းက ဝယ်ဖို့ စဉ်းစားထားပြီးသားပါ။ ပြီးတော့ ငါကိုယ်တိုင်လည်း မောင်းရတာ အဆင်မပြေဘူးလေ။ ခရီးတိုဆိုရင်တော့ ရပေမဲ့ နာရီဝက်လောက်ဆိုရင်ကို မခံနိုင်တော့ဘူး”
Supercar များမှာ မောင်းနှင်ရသည့် အရှိန်နှင့် ထိန်းချုပ်မှုကိုသာ ဦးစားပေးသဖြင့် သက်သောင့်သက်သာရှိမှုကို စတေးထားရသည်။
ထို့ပြင် ရှန်ဟိုင်းတွင် လမ်းပြင်နေသော နေရာများ များပြားသဖြင့် 720S ကဲ့သို့ ကားနိမ့်နိမ့်များ သွားလာရန် မလွယ်ကူပေ။
“ဒါဆိုရင် မနက်ဖြန် မနက် တွေ့ကြမလား”
“ကောင်းပြီလေ၊ မနက် ၉ နာရီ ငါ လာခေါ်မယ်”
အချိန်သတ်မှတ်ပြီးနောက် ကျိုးထျန်း စတင်ပြင်ဆင်တော့သည်။
သူ့ ကားအတွက်သာမက မိခင်ဖြစ်သူ၏ ကားအတွက်ပါ ထည့်သွင်းစဉ်းစားရမည်။ သူကတော့ Mercedes-Benz ကို ထပ်မဝယ်ချင်တော့ပေ၊ ဝန်ဆောင်မှုကလည်း ညံ့သလို ကားတွေကလည်း သာမန်ပါပဲ။
ယခုဆိုလျှင် Mercedes-Benz သည် ဂျာမနီဇိမ်ခံကား အမှတ်တံဆိပ် သုံးခုထဲတွင် အရှက်မရှိဆုံးဟု လူသိများနေသည်။
1.3 လီတာ ကားတစ်စီးကို ယွမ် ၂ သိန်းကျော်၊ 2.0 လီတာ ကားတစ်စီးကို ယွမ် သန်းချီ ရောင်းနေသည်မှာ ဘယ်လိုမှ မဟုတ်ပေ။
တတိယတန်းစား အမှတ်တံဆိပ်များပင် ထိုသို့ လုပ်ရဲကြမည် မဟုတ်ပေ။
သူ အဓိက စဉ်းစားနေသည်မှာ မိခင်ဖြစ်သူ၏ တောင်းဆို ချက်ဖြစ်သော ကားအသေးစား ဖြစ်သည်။
သာမန် အမှတ်တံဆိပ်တွေတော့ သူ ထည့်မစဉ်းစားတော့ပေ၊ ထိုကားလေးတွေမှာ ယွမ် သောင်းဂဏန်း သို့မဟုတ် သိန်းဂဏန်းသာ ရှိသည်။
ဖခင်ဖြစ်သူကို ယွမ် ၃ သန်းနီးပါးတန် ကားဝယ်ပေးပြီး၊ မိခင်ဖြစ်သူကို ယွမ် တစ်သိန်းလောက်တန် ကားဝယ်ပေးလျှင် မမျှတသလို ဖြစ်နေပေလိမ့်မည်။