အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း (၁၅) အစားအသောက်များ စုဆောင်းခြင်း (၅)
ယောင်ရန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက်
“တစ်မျိုးကို ဆယ်စုံစီ ပေးပါ…။”
သူမပြောပြီးနောက် ရွာသူကြီးက အလျှင်အမြန်တွက်ချက်လိုက်ပြီး
“တိရစ္ဆာန်တွေရဲ့ ပျမ်းမျှအလေးချိန်ပေါ် မူတည်ပြီး စုစုပေါင်း (၁၉၁,၅၂၀) ယွမ် ကျသင့်ပါတယ်…။”
ယောင်ရန်သည် ခေါင်းညိတ်ပြလိုက်ပြီး ၊ ထပ်မံ၍…၊
“ကျောက်မီးသွေးနဲ့ ထင်းဈေးကိုလည်း တွက်ပေးပါဦး…။”
ရွာသူကြီးသည် ခဏမျှ တွက်ချက်လိုက်ပြီး…၊
“ဦးတို့ဆီက ကျောက်မီးသွေးက အရည်အသွေးကောင်းပြီး မီးခိုးမထွက်ပါဘူး။ သာမန်ကျောက် မီးသွေး တွေထက်( ၆၀%) ပိုခံပြီး အပူဓာတ်ကိုလည်း( ၇၀%) ပိုထုတ်ပေးပါတယ်။ ပုံမှန်ဆိုရင် တစ်ကီလိုကို( ၆) ယွမ်နဲ့ ရောင်းပေမဲ့ သမီးက အများကြီးဝယ်တာဆိုတော့ လက်ကားဈေးဖြစ်တဲ့ တစ်ကီလိုကို( ၄ )ယွမ်နဲ့ ပေးပါ့မယ်…။”
“ဦးတို့ရဲ့ ထင်းရောင်းဈေးက တစ်ကီလိုကို (၅ )ယွမ်ပါ၊ ဒါပေမဲ့ သမီးကို တစ်ကီလိုကို (၄) ယွမ်နဲ့ ရောင်း ပေးပါ့မယ်။ တိရစ္ဆာန်တွေ၊ ကျောက်မီးသွေးနဲ့ ထင်းအပါအဝင် စုစုပေါင်းက (၁,၆၇၁,၅၂၀)ယွမ် ကျသင့် ပါတယ်။ ဒါပေမဲ့ လျှော့ဈေးနဲ့ (၁.၆) သန်းပဲ ပေးပါ…။”
ဟုရွာသူကြီးက ရှည်လျားစွာပင်ရှင်းပြလိုက်ပြီး စျေးနှုန်းများကိုလည်း သက်သာစွာဖြင့်ပင်ပေးလိုက် လေသည်။ထို့နောက် ရွာသူကြီးက ဆက်လက်၍…၊
“ငါးတွေကို သွားကြည့်ကြမလား…။”
“ဟုတ်ကဲ့…”
ယောင်ယန်ကလည်း ရွာသူကြီးပြောသည်ကို ထောက်ခံလိုက်သည်။
“ငါးကန်က မြစ်ဘေးမှာပါ။ ဒီလမ်းအတိုင်း လာပါ….။”
ရွာသူကြီး၏ ဦးဆောင်မှုဖြင့် နှစ်ဦးသား ငါးကန်ဧရိယာသို့ ရောက်ရှိလာခဲ့ကြသည်။ ရေပြည့်နေသော စတုရန်းကန်များစွာကို ကြည့်ရင်း ယောင်ရန်သည် အတွင်းရှိ ငါးများ ခုန်ပေါက်နေသည်ကို တွေ့နေရပြီး ကျန်းမာသန်စွမ်းပုံရသည်။ သူမသည် ရွာသူကြီးနောက်သို့ လိုက်၍ ဧရိယာပတ်လည်ကို ကြည့်လိုက် သောအခါ ငါးများသည် အရွယ်အစား အမျိုးမျိုးရှိသည်ကို တွေ့ရှိလိုက်ရလေသည်။
ရွာသူကြီးသည် ငါးကန်ဘေးတွင် ရပ်လိုက်ပြီး၊
“ဦးတို့မှာ ငါးအမျိုးအစားတွေ အများကြီးရှိပါတယ်။ ဘယ်ဟာ လိုချင်ပါသလဲ…။”
ယောင်ရန်သည် ခဏမျှ စဉ်းစား၍
“ဘယ်လို ရောင်းသလဲဦးလေး…။”
“ဦးတို့ဆီမှာ ရေချိုငါးအမျိုးအစား( ၁၀၀) လောက်ရှိပြီးတော့ ရေငန်ငါးအမျိုးအစား( ၂၀၀) ကျော်ရှိ ပါတယ်။ ရေချိုငါးဈေးက တစ်ကီလိုကို (၅ )ယွမ်ဖြစ်ပြီးတော့ ရေငန်ငါးဈေးက တစ်ကီလိုကို (၃) ယွမ် ပါ…။”
ကမ္ဘာပျက်ကပ်စသောအခါ၌ ရေများ ညစ်ညမ်းလာမည်ကို စဉ်းစားမိသောအခါ ယောင်ရန်သည် တွေဝေ ခြင်းမရှိဘဲ လျှင်မြန်စွာပင်ပြောလိုက်သည်၊
“ဦးလေးဟန်၊ ငါးတစ်မျိုးစီကို ငါးကောင်စီ လိုချင်ပါတယ်။ သားပေါက်ဖို့အတွက် မွေးမြူနိုင်တဲ့ ငါးတွေ ဆိုရင် ပိုကောင်းတာပေါ့…။”
ရွာသူကြီးက ခေါင်းညိတ်ပြီး ၊
“ဒီတော့ ဦးလေး အလုပ်သမားတွေကို ငါးတွေ အရင်ပြင်ခိုင်းလိုက်ပါ့မယ်။ သမီးက ရုံးခန်းထဲမှာ ထိုင်စောင့်နေလို့ ရပါတယ်…။”
“ဟုတ်ကဲ့…”
တစ်နာရီအကြာတွင် ရွာသူကြီးသည် ပြန်ရောက်လာခဲ့ပြီး
“ဦးတို့ ငါးတွေကို အလေးချိန် ချင်တွယ်ပြီးပါပြီ။ ရေချိုငါးက တစ်ကောင်ကို ပျမ်းမျှ( ၂၀) ကီလိုဂရမ် ၊ ရေငန်ငါးက တစ်ကောင်ကို ပျမ်းမျှ( ၂၅) ကီလိုဂရမ် လောက် ရှိပါတယ်…။”
ယောင်ရန်က ခေါင်းညိတ်ပြီး မေးလိုက်သည်။
“စုစုပေါင်းဈေး ဘယ်လောက်လဲရှင့်…။”
ရွာသူကြီးသည် စားပွဲခုံတွင် ထိုင်ကာ ဈေးနှုန်းများကို ချရေးနေလျက်ဖြင့်ပင် ပြန်ဖြေလိုက်သည်၊
“ငါးတွေ အားလုံးအတွက် စုစုပေါင်းဈေးက (၁.၂၅) သန်းပါ။ တိရစ္ဆာန်တွေ၊ ကျောက်မီးသွေးနဲ့ ထင်းဈေး တွေ ပေါင်းလိုက်ရင် စုစုပေါင်း (၃,၀၄၀,၀၀၀) ယွမ် ကျပါတယ်။ (၃) သန်းပဲ ပေးပါ….။”
သူသည် ငွေတောင်းခံလွှာကို ယောင်ရန်အား ပေးလိုက်ပြီး၊
“ဦးတို့က ဘဏ်ငွေလွှဲ ဒါမှမဟုတ် ကတ်နဲ့ ပေးချေတာကို လက်ခံပါတယ်…။”
ဤရွာတွင် အင်တာနက်လိုင်း မကောင်းနိုင်လောက်ပေဟု တွေးမိသောကြောင့် ယောင်ရန်သည် သူမ၏ အနက်ရောင်ကတ်ကို ထုတ်ပေးလိုက်လေသည်။
“ကတ်နဲ့ပဲ ပေးပါ့မယ်…။”
အနက်ရောင်ကတ်ကို ကြည့်ပြီး ရွာသူကြီးသည် သူ့မျက်လုံးကိုပင် မယုံနိုင်ပေ။ နှစ်ပေါင်းငါးဆယ်ကျော် နေထိုင်လာပြီးနောက် ဒဏ္ဍာရီလာ အနက်ရောင်ကတ်ကို သူပထမဆုံးအကြိမ်အဖြစ် မြင်ဖူးရခြင်းဖြစ် ပေသည်။
ဤအမျိုးသမီးငယ်ကို သူမ၏ ချိုသာပြီး အပြစ်ကင်းသည့် အပေါ်ယံပုံစံကိုကြည့်ရုံဖြင့် အကဲဖြတ်၍ မရနိုင်ပေ။ သူမ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် သူ့နှလုံးသားမှာ ထိတ်လန့်တုန်လှုပ်သွားပေသည်။
ငွေပေးချေမှု ပြီးစီးပြီးနောက် ယောင်ရန်သည် သူမ ငှားရမ်းထားသော ဂိုဒေါင်လိပ်စာကို ပေးလိုက်ပြီး၊
“ဦးလေးဟန်၊ ဒီလိပ်စာကို ပစ္စည်းတွေ ပို့ပေးနိုင်မလား…။”
သူမက အများအပြား ဝယ်ယူထားသောကြောင့် ရွာသူကြီးသည် ပစ္စည်းများကို ပို့ဆောင်ပေးရန် သဘော တူခဲ့လေသည်။ ထို့နောက် ရွာသူကြီးက ဆက်ပြောလိုက်လေသည်၊
“ပစ္စည်းတင်တာနဲ့ တိရစ္ဆာန်တွေကို ပြင်ဆင်တာ အချိန်ယူရပါတယ်။ အစောဆုံးဆိုရင် မနက်ဖြန်မှပဲ ပို့နိုင်ပါလိမ့်မယ်…။”
ယောင်ရန်သည် ကန့်ကွက်စရာမရှိဘဲ လက်ခံလိုက်လေသည်။
“ဒီလိုဆို မနက်ဖြန် ပစ္စည်းလာပို့တာကို စောင့်နေပါ့မယ်…။”
“ကောင်းပါပြီဗျာ…။”
ရွာသူကြီးနှင့် ရွာသူရွာသားများကို နှုတ်ဆက်ပြီးနောက် ယောင်ရန်သည် အချိန်ကို ကြည့်လိုက်ရာ အချိန် အများကြီး ကျန်နေသေးသည်ကို တွေ့လိုက်ရသည်။ သူမသည် အသားစားရသည်ကို ကြိုက်နှစ် သက် သောကြောင့် အသားများစွာ စုဆောင်းရန် စီစဉ်ထားခဲ့သည်။ အချိန်ရနေသေးသည်ကို တွေ့သောကြောင့် သားသတ်ရုံသို့ သွားရန် ဆုံးဖြတ်လိုက်လေသည်။
ယောင်ရန်သည် ထရပ်ကားလေးကို ကားပါကင်တွင် ရပ်လိုက်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ သူမ ကားပေါ်မှ ဆင်းသည်နှင့် လေထဲတွင် ညှီနံ့ပြင်းပြင်းကို ရလိုက်သည်။ ကမ္ဘာပျက်ပြီးနောက် ဆယ်နှစ် ကြာ နေထိုင်ခဲ့ရပြီး ဆိုးရွားသော အနံ့ကို ကျင့်သားရနေခဲ့သောကြောင့် ယောင်ရန်သည် သူမ၏ အမူ အရာမပျက်ပဲ ကားပါကင်အနီးရှိ ရုံးအဆောက်အအုံဆီသို့ အေးဆေးတည်ငြိမ်စွာ လျှောက်သွား လိုက် လေသည်။
သူမသည် မှန်တံခါးကို တွန်းဖွင့်လိုက်သောအခါ လေအေးများက သူမကို ကြိုဆိုနေခဲ့သည်။ ချွေးထွက် ပြီး ချွေးများရွှဲနေသော ယောင်ရန်သည် ရုံးခန်းငယ်လေးထဲသို့ ဝင်လိုက်သောအခါ အနည်းငယ် တုန်ယင် သွားခဲ့လေသည်။
အလုပ်စားပွဲခုံတွင် ထိုင်နေသည့် အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးသည် ကီးဘုတ်ကို ရိုက် နေခဲ့ပြီး အလုပ်များနေသည့်ပုံပေါ်သည်။ တံခါးဖွင့်သံကို ကြားလိုက်သောအခါ သူမသည် ကွန်ပြူတာ မျက်နှာပြင်မှ မျက်လုံးလွှဲကာ ယောင်ရန်ကို ပြုံး၍ ကြိုဆိုလိုက်သည်။
“မင်္ဂလာပါ၊ ဘာများကူညီပေးရမလဲရှင်…။”
ယောင်ရန်သည် သူမရှေ့တွင် ဝင်ထိုင်လိုက်ပြီး ၊
“ကျွန်မ အသားလတ်လတ်ဆတ်ဆတ်တွေ ဝယ်ချင်ပါတယ်…။”
အမျိုးသမီးသည် ခေါင်းညိတ်ပြီး အံဆွဲထဲမှ ဈေးနှုန်းစာရင်းကို ထုတ်ပြလိုက်ကာ ယောင်ရန်အားပေး လိုက်သည်၊
“ဒါက အသားဈေးနှုန်းစာရင်းပါ။ ကျွန်မတို့ရဲ့ ဈေးနှုန်းက ဈေးကွက်ထဲကထက် သက်သာပါတယ်။ ဒါပေ မဲ့ အနည်းဆုံး (၁ )တန်တော့ ဝယ်ရပါမယ်…။”
ယောင်ရန်သည် ဈေးနှုန်းစာရင်းကို ကြည့်လိုက်ရာ အမျိုးအစားစုံလင်စွာရှိသည်ကို တွေ့ရသည်။ အမဲသား တစ်မျိုးတည်းပင် အရည်အသွေးအမျိုးမျိုးနှင့် ဈေးနှုန်းအမျိုးမျိုးဖြင့် ဆယ်မျိုးကျော်ရှိလေ သည်။ အမဲသားအပြင် သိုးသား၊ သမင်သား၊ ဝက်သား၊ ကြက်သား၊ ဘဲသား အစရှိသည့် အသားများ အပြင် အမျိုးအစားစုံလင်စွာဖြင့် ပင်လယ်စာများကိုလည်း ရောင်းချပေသည်။
သူမသည် ဈေးနှုန်းစာရင်းကို ကြည့်ပြီးနောက် သူမဝယ်ယူမည့်စာရင်းကို ပြောပြလိုက်သည်၊
“အသားတစ်မျိုးစီကို တန်( ၂၀၀) စီနဲ့ ပင်လယ်စာတစ်မျိုးစီကို တန်( ၂၀၀) စီ လိုချင်ပါတယ်…။”
ထိုအမျိုးသမီးသည် ယောင်ရန်၏ အမှာစာကို အံ့သြခြင်းမရှိပေ။ ဤသည်မှာ ဟိုင်ချန်မြို့တွင် အကြီးဆုံးသားသတ်ရုံဖြစ်ပြီး ၎င်း၏ဖောက်သည်အများစုမှာ စားသောက်ဆိုင်ခွဲများ သို့မဟုတ် စူပါမားကတ်များမှ လာကြသောကြောင့်ဖြစ်ပေသည်။
အခန်း (၁၆) အစားအသောက်များ စုဆောင်းခြင်း (၆)
ထိုအမျိုးသမီးသည် ခေါင်းညိတ်ပြလိုက်ပြီး ကီးဘုတ်ကို စတင်ရိုက်လိုက်ရင်းဖြင့် ပြောလိုက်သည်၊
“အစ်မ၊ ကျွန်မတို့ အစ်မရဲ့အမှာစာကို ပြင်ဆင်ဖို့အတွက် အနည်းဆုံးအချိန် တစ်ရက်တော့ လိုပါမယ်။ မနက်ဖြန် အစောဆုံး ပစ္စည်းပို့ပေးပါ့မယ်နော်…။”
“ကောင်းပါပြီ…”
ထိုအမျိုးသမီးသည် ခဏမျှ စာရိုက်နေခဲ့ပြီးသည့်နောက် ယောင်ရန်အား မေးလိုက်လေသည်၊
“ကတ်နဲ့ ပေးချေမလား ဒါမှမဟုတ် ငွေသားနဲ့ ပေးချေမလားရှင်…။”
ယောင်ရန်သည် သူမ၏ အနက်ရောင်ကတ်ကို ထုတ်ပေးလိုက်ပြီး၊
“ကတ်နဲ့ပဲ ပေးပါ့မယ်….။”
ကီးဘုတ်တွင် ရိုက်ပြီးနောက် ထိုအမျိုးသမီးသည် ဝယ်ယူမှုအော်ဒါစာရွက်ကို ပရင့်ထုတ်ပေးကာ
“ဒါက အစ်မရဲ့ ဝယ်ယူမှုအော်ဒါစာရွက်ပါ။ အရင်ဆုံး (၁၀%) စရန်ငွေ ပေးချေဖို့ လိုပြီး ကျန်တာကိုတော့ ကျွန်မတို့ ပစ္စည်းရောက်ပြီးမှ ရှင်းလို့ရပါတယ်ရှင်…။”
ယောင်ရန်သည် ခေါင်းညိတ်ပြီး ဝယ်ယူမှုအော်ဒါစာရွက်၌ လက်မှတ်ထိုးကာ စရန်ငွေ ပေးချေလိုက် သည်။ အသားဝယ်ရန်အတွက် ယွမ် သန်း (၈၀၀) ကျော် အသုံးပြုပြီးနောက် သူမဆီသို့ ဖုန်းဝင်လာ ခဲ့လေသည်။
“ဟယ်လို….”
ခဏအကြာတွင် တစ်ဖက်မှ အမျိုးသားတစ်ဦး၏ အသံကပြောလာခဲ့လေသည်၊
“အစ်မ၊ ကျွန်တော်တို့ အလုပ်ပြီးပါပြီ…။”
ယောင်ရန်သည် သူမ၏ ဖုန်းရှိ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး
“ဦးလေး၊ အလုပ်ပြီးရင် ပြန်လို့ရပါပြီ။ ကျွန်မ စင်တွေကို စစ်ပြီးရင် ပိုက်ဆံ လွှဲပေးလိုက်ပါ့မယ်….။”
ထိုအမျိုးသားက သဘောတူလိုက်ပြီး ဖုန်းချလိုက်လေသည်။ ထို့နောက် ယောင်ရန်သည် ဂိုဒေါင်သို့ ကားမောင်း၍ ပြန်လာခဲ့လေသည်။ စင်များကို ကြည့်ရန်ပင် အချိန်မရသေးမီ သူမဆီသို့ ဆန်ဆိုင်နှင့် ဆီဆိုင်တို့မှ ဖုန်းထပ်ဝင်လာခဲ့သည်။ သူမ မှာထားသော ပစ္စည်းများကို လာပို့ကြတော့မည်ဖြစ်သည်။
ယောင်ရန်သည် ပစ္စည်းများရောက်လာမည်ကို စောင့်နေစဉ် စင်များကို စစ်ဆေးနေခဲ့သည်။ ပြဿနာ မရှိသည်မှာ သေချာပြီးနောက် ကျန်ရှိသောငွေကို စင်ဆိုင်ပိုင်ရှင်ထံသို့ လွှဲပေးလိုက်လေသည်။
သူမသည် ခဏစောင့်ပြီးနောက် ကားကြီးအများအပြား အဝေးမှ ချဉ်းကပ်လာသည်ကို လှမ်းတွေ့ လိုက် ရသည်။ သူမ အွန်လိုင်းမှ မှာယူထားသော ပစ္စည်းများအပါအဝင် ပို့ဆောင်မှုများ တစ်ခုပြီးတစ်ခု ရောက် ရှိလာခဲ့သောကြောင့် ယောင်ရန်သည် ထိုနေ့တစ်နေ့တာလုံး ပစ္စည်းများ လက်ခံခြင်းဖြင့်ပင် အချိန်ကုန်ခဲ့ ရလေသည်။
ထိုနေ့အတွက် နောက်ဆုံး ပို့ဆောင်မှု ရောက်ရှိလာသည့်ချိန်တွင် မှောင်နေပြီဖြစ်သည်။ သူမသည် မီး များကို ပိတ်လိုက်ပြီး ပစ္စည်းများဖြင့် ပြည့်နေပြီဖြစ်သော စင်များကို နေရာချထားလိုက်သည်။ ဂိုဒေါင် ကို သော့ခတ်ပြီးနောက် ယောင်ရန်သည် သူမ၏ တိုက်ခန်းငယ်လေးသို့ ကားမောင်းပြန်လာခဲ့လေတော့ သည်။
အိမ်သို့ရောက်သောအခါ ယောင်ရန်သည် ရေမြန်မြန်ချိုးပြီးနောက် အိပ်ရာပေါ်တွင် လဲလျောင်းလိုက် သည်။ အနားယူနေစဉ် သူမသည် သူမ၏ စိတ်ဝိညာဉ်ကို အသုံးပြု၍ သူမ၏ အကာသထဲရှိ ပစ္စည်းများ ကို နေရာတကျ စီထားလိုက်သည်။ ထိုစင်များ ထပ်ဖြည့်လိုက်ခြင်းကြောင့် သူမ၏ ကိုယ်ပိုင်နေရာလွတ် သည် ပိုမိုစနစ်ကျ လာခဲ့ပြီး နေရာအလွတ်များပို၍ ရလာခဲ့လေသည်။
ပစ္စည်းများ စီစဉ်ပြီးနောက် ယောင်ရန်သည် လယ်ယာမြေဘေးရှိ မြေကို တိုင်းတာသည်။ သူမသည် မကြာသေးခင်ကမှ ဝယ်ယူထားသော တိရစ္ဆာန်များအတွက် ဝက်ခြံ၊ ကြက်ခြံ၊ နွားတင်းကုပ် စသည် တို့ကို ဆောက်လုပ်ရန် စီစဉ်ထားလိုက်သည်။
ငါးများကိုပါ ထည့်စဉ်းစားပြီး ငါးကန်များလည်း ပြင်ဆင် ရန် လိုအပ်သည်။ ရေကန်ထဲမှရေကို သောက်သုံးရေအဖြစ် သီးသန့်ထားရှိပြီး ငါးနှင့် ပင်လယ်စာ မွေးမြူ ရန်အတွက် မသင့်တော်ပေ။
ထိုအရာများ ပြီးစီးပြီးနောက် ယောင်ရန်သည် သူမ၏ စိတ်ဝိညာဉ်ကို နေရာလွတ်ထဲမှ ပြန်ရုပ်သိမ်းလိုက် သည်။ အိပ်ရာဝင်ရန်အတွက် သူမသည် ပေါက်စီအနည်းငယ်ကို ညစာအဖြစ် စားပြီး အွန်လိုင်းစျေးဝယ် ပလက်ဖောင်းများစွာမှ ပစ္စည်းများစွာကို ထပ်မံဝယ်ယူခဲ့သည်။
နောက်တစ်နေ့၌ ဖုန်းခေါ်ဆိုမှုတစ်ခုက သူမကို နှိုးလိုက်သည်။ ယောင်ရန်သည် ဖုန်းကို ရှာမတွေ့မီ အိပ်ရာပေါ်တွင် ခဏကြာသည်အထိ စမ်းတဝါးဝါးဖြင့် ရှာနေခဲ့ရသည်။ တစ်ဝက်တစ်ပျက် အိပ်မော ကျနေချိန်တွင် သူမသည် ဖုန်းကိုဖွင့်ကာ ခေါ်ဆိုမှုကို အသံဖြင့်ဖြင့် လက်ခံဖြေကြားလိုက်သည်။
“ဟယ်လို၊ ဘယ်သူလဲ…။”
ခဏအကြာ၌ လက်ထောက်ဟယ်၏ အသံကိုကြားလိုက်ရလေသည်၊
“အိပ်ရေးပျက်အောင် နှောင့်ယှက်မိလို့ တောင်းပန်ပါတယ် မမလေး…။”
ယောင်ရန်သည် သူမ၏ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး၊
“ရပါတယ်။ ဘာထူးခြားတာရှိလို့လဲ…။”
လက်ထောက်ဟယ်က ဆက်ပြောလိုက်သည်၊
“ရှေ့နေလီ အခုမှ ကျွန်တော့်ကို ဆက်သွယ်ပြီး လန်ကွမ်းဟွေ့၊ ချန်မေလင်နဲ့ လန်လီဖေးတို့ကို နှစ်လ ထောင်ချခဲ့တယ်လို့ ပြောပါတယ်။ လန်ကွမ်းဟွေ့မှာ နောက်ခံလူနဲ့ အစိုးရထဲက လူတွေနဲ့ အဆက် အသွယ်ကောင်းတွေ ရှိပုံရပါတယ်…။”
လက်ထောက်ဟယ်၏ အဖြေကို ကြားပြီးနောက် ယောင်ရန်သည် အံ့သြမှုမရှိပေ။ လန်ကွမ်းဟွေ့မှာ စွမ်းရည်မရှိခဲ့လျှင် ကမ္ဘာပျက်ချိန်တွင် သက်သောင့်သက်သာ နေထိုင်နိုင်မည် မဟုတ်ပေ။
ထို့အပြင် ယခင်ဘဝက သူသည် ပစ္စည်းများစွာကို ပြင်ဆင်နိုင်ခဲ့ခြင်းသည် ဘေးအန္တရာယ်ကျရောက် မည့်အကြောင်းကို ကြိုတင်၍ သတင်းအချက်အလက် အချို့ရရှိခဲ့ကြောင်း သက်သေပြနေခဲ့သည်။
ယောင်ရန်သည် ထထိုင်ပြီးလိုက်ပြီး၊
“အရေးမကြီးပါဘူး။ နှစ်လဆိုရင် သူတို့ သင်ခန်းစာရဖို့ လုံလောက်ပါတယ်။ တခြားဘာများ ရှိသေး လဲ….။”
“ရှိပါတယ်။ မမလေးရဲ့ ပိုင်ဆိုင်မှုတွေကို ဈေးကွက်မှာ စာရင်းတင်ထားပြီး သခင်မလေးရဲ့ လက်ဝတ် ရတနာနဲ့ ရှေးဟောင်းပစ္စည်းတွေကို လေလံပွဲတင်ထားသလို လက်ကိုင်အိတ်တွေ၊ ဖိနပ်တွေ စတာ တွေကို လည်း ရောင်းချထားပါတယ်။ ငွေတွေက နာရီအနည်းငယ်အတွင်း မမလေးရဲ့ ဘဏ်အကောင့် ထဲ ဝင်လာပါလိမ့်မယ်…။”
ယောင်ရန်သည် လက်ထောက်ဟယ်၏ အစီရင်ခံခြင်းကို တည်တည်ငြိမ်ငြိမ်ပင် နားထောင်နေလိုက်ပြီး ကျေးဇူးတင်ကြောင်းပြောလိုက်လေသည်။
“ကျွန်မ နားလည်ပါပြီ။ ကျေးဇူးပါပဲ လက်ထောက်ဟယ်…။”
ထို့နောက် သူ၏ အသံတွင် အပြုံးတစ်စွန်းတစ်စ ပါလာခဲ့သည်၊
“ဒါက ကျွန်တော် လုပ်သင့်တဲ့ အလုပ်ပါ။ ရှေ့နေလီနဲ့ သွားတွေ့ရဦးမှာမို့လို့ မမလေးကို ထပ်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး….။”
“ကောင်းပါပြီ….”
ယောင်ရန်သည် ဖုန်းချပြီး ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။ သူမသည် ကိုယ်လက် ဆန့်ပြီး ရေချိုးခန်းသို့ သွားကာ နောက်တစ်နေ့အတွက် ဈေးဝယ်ထွက်ခြင်းကို စတင်လိုက်သည်။
ရိုးရှင်းသော မနက်စာစားပြီးနောက် ယောင်ရန်သည် ဂိုဒေါင်သို့ ကားမောင်းသွားသည်။ သူမ ရောက်သောအခါ ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ဖုန်းကို ထုတ်ကြည့်လိုက်သည်။
ဂိုဒေါင်၌ ပစ္စည်းပို့ဆောင်မှုများ စောင့်နေစဉ် ယောင်ရန်သည် စားသောက်ကုန်အက်ပ်များတွင် စားသောက် ကုန်ပစ္စည်း အများအပြားကို မှာယူလိုက်သည်။ ကမ္ဘာပျက်ပြီးနောက်တွင် ဤကဲ့သို့သော အစားအသောက်မျိုးကို ထပ်မံမြည်းစမ်းခွင့်ရတော့မည်မဟုတ်ပေ။
ထို့ကြောင့် သူမလုပ်နိုင်သမျှများများ ပို၍ စုဆောင်းထားသင့်ပေသည်။
စားသောက်ဆိုင် (၂၀) ကျော်မှ အများအပြား မှာယူပြီးနောက် ယောင်ရန်သည် ကုမ္ပဏီနှင့် စက်ရုံများစွာ ၏ အဆက်အသွယ်များကို ရှာဖွေလိုက်လေသည်။
ယနေ့တွင် သူမသည် ကြီးမားသော ကုမ္ပဏီများနှင့် စက်ရုံများမှ ကုန်ပစ္စည်းများကို တိုက်ရိုက်ဝယ်ယူရန် စီစဉ်ထားသည်။ လုံလောက်သော ထောက်ပံ့မှုနှင့် ပြည့်စုံသော အမျိုးအစားများရှိသည့်အပြင် ဈေးနှုန်း သည်လည်း ဈေးကွက်ထဲကထက် ပိုသက်သာပေသည်။ သူမ ပိုက်ဆံပို၍ ချွေတာနိုင်ပါက ပစ္စည်းပို၍ ဝယ်နိုင်မည်ဖြစ်ပေသည်။
သူမ ပထမဆုံး ဆက်သွယ်ခဲ့သည့် ကုမ္ပဏီမှာ ရေသန့်စက် ကုမ္ပဏီဖြစ်သည်။ နောင်တွင် အသက်ရှင် ကျန်ရစ်သူများသည် မည်သည့်သဘာဝဘေးအန္တရာယ်များကို မဆို ရင်ဆိုင်ရပါက ရေသည် အရှား ပါးဆုံး သယံဇာတခု ဖြစ်လာမည်ပင်ဖြစ်သည်။
နျူကလီးယားဓါတ်ရောင်ခြည် ပျံ့နှံ့ပြီးနောက် စွမ်းရည်ရှိသူများ မပေါ်ပေါက်လာမီတွင် လူများသည် သန့်ရှင်းသောရေအရင်းအမြစ်များကို ရှာဖွေနိုင်ခြင်းမရှိပေ။
၎င်းတို့လုပ်နိုင်သည်မှာ မိုးရေကို စုဆောင်းခြင်းနှင့် ညစ်ညမ်းသောရေကို သောက်ရန်အတွက် စစ်ထုတ် ခြင်းသာဖြစ်သည်။ သို့သော် ရလဒ်များမှာ ဆိုးရွားလှသည်။ လူအများစုမှာ အဆိပ်သင့်၍ သေဆုံးကြ ခြင်း သို့မဟုတ် ဦးနှောက်မရှိသည့် ဘီလူးများအဖြစ် ဗီဇပြောင်းလဲသွားကြသည်သာဖြစ်သည်။