အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း (၂၅) ထောက်ပံ့ရေးပစ္စည်းများသည် စွမ်းအားဖြစ်သည်
အမျိုးသားက ခဏမျှစဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်၊
"ကျွန်တော်တို့မှာ အာတိတ်အအေးဒဏ်ခံဝတ်စုံ နဲ့ အိပ်ယာလိပ်အိတ်တွေ တွေ ရှိပါတယ်။ အဲဒါတွေ ကို တွဲသုံးရင် အလွန်အမင်းအေးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် ဈေးကနည်းနည်းတော့ကြီး ပါလိမ့်မယ်…။"
ယောင်ရန်ကပြတ်သာားစွာပင် ပြောလိုက်သည်၊
"အဲဒီဟာတွေကို အစုံ( ၂၀) စီ လိုချင်ပါတယ်….။"
"ဟုတ်ကဲ့ပါ….။"
ယောင်ရန်သည် ခရီးသွားပစ္စည်းအရောင်းဆိုင်၌ ယွမ် (၄၀၀,၀၀၀) ကျော် သုံးစွဲခဲ့လိုက်သည်။ သူမဤ မဆိုင်မှ ထွက်လာပြီးသည့်အခါ သူမ၏ ထရပ်ကားလေးသည် ပစ္စည်းများနှင့် ပြည့်နေပြီး ပစ္စည်းများကို လူမမြင်အောင် သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက်လေသည်။
ခရီးသွားပစ္စည်းအရောင်းဆိုင်မှ ထွက်လာပြီးနောက် ယောင်ရန်သည် အကြီးဆုံးသော လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ကို မောင်းလာလိုက်သည်။ ထိုဆိုင်တွင် သူမသည် လေအေးပေးစက်များ၊ ရေခဲထုတ်စက် များ၊ သယ်ဆောင်ရလွယ်သော အအေးပေးစက်များ၊ ပန်ကာများ၊ အပူပေးစက်များ၊ အစိုဓာတ်ထိန်းစက် များ၊ လေသန့်စင်စက်များနှင့် တခြားအရာများစွာကို ဝယ်ယူခဲ့လိုက်သည်။
ထိုဆိုင်မှ သူမ ထွက်လာသည့်အချိန်တွင် နေ့လယ်စာစားချိန်ဖြစ်နေပေပြီ။ ခရီးသွားပစ္စည်းအရောင်းဆိုင် ဘေး၌ရှိသော မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာဆိုင်ကိုမြင်ပြီး ယောင်ရန်သည် မိုဘိုင်းဖုန်း၊ လက်ပ်တော့၊ SSD၊ HDD နဲ့ USB များကို ဝယ်ယူထားရန် ဆုံးဖြတ်လိုက်လေသည်။
သူမ ပြန်ရောက်သောအခါ ရုပ်ရှင်များ၊ တီဗီဇာတ်လမ်းတွဲများ၊ လက်တွေ့အသုံးဝင်တဲ့ ဗီဒီယိုများနှင့် e-book များကို ဒေါင်းလုဒ် ပြုလုပ်မည်ဖြစ်သည်။ အနာဂတ်တွင် ပျင်းလာပါက ဗီဒီယိုများ ကြည့်ခြင်း သို့မဟုတ် သူမ၏ ရှင်သန်ရေးစွမ်းရည်များ တိုးတက်ရန် စာအုပ်များဖတ်ခြင်းတို့ကို ပြုလုပ်နေနိုင်ပေ သည်။
ဆိုင်မှ ထွက်လာသောအခါ ယောင်ရန်သည် မိုးသားများက ဖုံးလွှမ်းနေပြီး မည်းမှောင်နေလျက်ရှိသော ကောင်းကင် ကိုကြည့်ကာ မျက်မှောင်နည်းနည်းကြုတ်လိုက်မိလေသည်။ ဤအချိန်မှစပြီး မိုးရွာသွန်း မှုပမာဏသည် နေ့စဉ် တိုးလာတော့မည်ဖြစ်သည်။
သူမသည် မည်းမှောင်နေသော ကောင်းကင်မှ အကြည့်လွှဲပြီး တံခါးနှင့် ပြတင်းပေါက်များ ရောင်းသော ဆိုင်ဆီကို ဦးတည်လိုက်သည်။ အချိန်ကုန်သက်သာစေရန် ဒီမနက်၌ ယောင်ရန်သည် သူမတိုက်ခန်း၏ တံခါးနှင့် ပြတင်းပေါက်များကို တိုင်းတာခဲ့ပြီးသားဖြစ်သည်။
သူမသည် ဆိုင်ပိုင်ရှင်ကို အရွယ်အစားများကို ပေးပြီး သူမလိုအပ်သည်များကို ပြောလိုက်သည်၊
"ဒီအရွယ်အစားရှိတဲ့ သတ္တုတံခါးသုံးချပ်နဲ့ သုံးလွှာပါ ကျည်ကာမှန် နဲ့လုပ်ထားတဲ့ ဒီအရွယ်အစားရှိ ပြတင်းပေါက်တွေကို မှာချင်ပါတယ်။ ပြီးတော့ ပြတင်းပေါက်ရဲ့ အပြင်ဘက်အလွှာကို ဖန်အမာသားနဲ့ ဖုံးပေးပါ…။"
ဆိုင်ပိုင်ရှင်က သူမ၏ တောင်းဆိုချက်များကိုကြားသောအခါ အံ့အားသင့်သွားပြီး မေးလိုက်သည်၊
"မစ်စ်က ခံတပ်တစ်ခု ဆောက်ချင်တာလား…..။"
ယောင်ရန်က အနည်းငယ်ပြုံးလိုက်ပြီး
"ကျွန်မ တစ်ယောက်တည်းနေတာဆိုတော့ ဘေးအန္တရာယ်ကင်းဖို့က အဓိကပါပဲ…။"
ဆိုင်ပိုင်ရှင်က ယောင်ရန်၏ ချစ်စရာကောင်းပြီး ချိုသာသည့် မျက်နှာကိုကြည့်ပြီး နမူနာတစ်ခုကိုပြ လိုက်သည်၊
"မစ်စ်က ဘေးအန္တရာယ်ကင်းဖို့ လိုချင်တယ်ဆိုရင် အခုမှ ထုတ်လုပ်တဲ့ ဒီသတ္တုနဲ့ တံခါးလုပ်တာရော ဘယ်လိုလဲ။ ဒီပစ္စည်းကို တန်စတင် ကာဗိုက် နဲ့ ပြုလုပ်ထားပြီး အရမ်းမာကျောတာကြောင့် ဗုံးတွေနဲ့ တောင်မှ ပျက်စီးအောင် မလုပ်နိုင်ပါဘူး…။"
ယောင်ရန်သည် ဆိုင်ပိုင်ရှင်ကမ်းပေးသော နမူနာကိုကြည့်ပြီး သဘောတူလိုက်လေသည်။
"ကောင်းပါပြီ။ ဒီပစ္စည်းနဲ့ တံခါးတွေ ပြင်ဆင်ပေးပါ။ နောက်ထပ် တံခါး(၁၀)ချပ်လည်း ပြင်ဆင်ပေးပါ။ ကျွန်မ မှာထားတဲ့ ပြတင်းပေါက်တွေအပြင် ဖန်အမာသား အခု (၅၀၀) နဲ့ ကျည်ကာမှန် အခု (၅၀၀) လည်း လိုချင်ပါတယ်…။"
ယခုကဲ့သို့ အော်ဒါကြီးကြီးမားမားကို ရခြင်းကြောင့် ဆိုင်ပိုင်ရှင်သည် အရမ်းပျော်ရွှင်သွားပြီး၊
"မစ်စ် အများကြီးဝယ်တာဆိုတော့ တံခါးနဲ့ပြတင်းပေါက်တွေကို အခမဲ့တပ်ဆင်ပေးပါ့မယ်။ ဒါပေမယ့် မှာထားတဲ့ပစ္စည်းတွေကို ပြင်ဆင်ဖို့ နှစ်ရက်တော့ လိုပါမယ်။ ငွေတစ်ဝက်ကိုတော့ စရံချပေးရပါ မယ်…။"
ယောင်ရန်က သဘောတူလိုက်ပြီး စရံငွေပေးချေလိုက်သည်။ နာရီပေါင်းများစွာ လျှောက်သွားခဲ့ရခြင်း ကြောင့် ဗိုက်ဆာလာပြီမို့ အနီးအနားရှိ စားသောက်ဆိုင်ကို နေ့လယ်စာစားရန်သွားခဲ့လိုက်လေသည်။
သူမ စားသောက်ဆိုင်မှ မထွက်ခွာခင်မှာပင် မီနူးပေါ်မှ ဟင်းပွဲတိုင်းကို ပွဲ (၃၀၀) စီ မှာလိုက်လေသည်။ နေ့လယ်စာစားပြီးသည့် နောက်မှာ စက်ရုံနယ်မြေကို မောင်းသွားခဲ့လိုက်သည်။
သူမ၏ စိုက်ပျိုးမြေသည် နှစ်ဆတိုးလာခဲ့ပြီး အခုဆိုရင် လက်ဖြင့်စိုက်ပျိုးရန်နှင့် ပြုစုရန်မှာ မြေနေရာမှာ အလွန်ကြီးမား နေပြီဖြစ်သည်။ ယောင်ရန်သည် အနာဂတ်တွင် စိုက်ပျိုးရေးလုပ်ငန်းများတွင် လွယ်ကူ စေရန်အတွက် လယ်ယာသုံးစက်များ ဝယ်ယူရန် လိုအပ်နေပြီဖြစ်သည်။
သူမ၏နေရာလွတ်ထဲ၌ လျှပ်စစ်နှင့် ရေ သည်လုံလောက်စွာ ရှိသောကြောင့် စက်များကို အသုံးပြုရန် အတွက် အခက်အခဲမရှိနိုင်ပေ။
စက်ရုံနယ်မြေကို ရောက်သောအခါ ယောင်ရန်သည် ဟိုဟိုဒီဒီမေးမြန်းပြီး လယ်ယာသုံးစက်ပစ္စည်းများ ရောင်းသော စက်ရုံကို ချက်ချင်း ရှာတွေ့ခဲ့လေသည်။
ထွန်စက်များ၊ စပါးရိတ်သိမ်းစက်များ၊ စပါးချွေတာစက်များ၊ ပက်ဖျန်းစက်များ၊ မြေသြဇာဖြန့်စက်များ၊ မြေတူးစက်များနှင့် အမျိုးမျိုးသော သီးနှံများအတွက် ရိတ်သိမ်းစက်တွေအပါအဝင် လိုအပ်သော စက်ပစ္စည်းများ နှင့် ကိရိယာများကို ယောင်ရန် အားလုံးဝယ်ယူခဲ့လိုက်သည်။
ထိုစက်များကို တိုက်ခန်းကို ပို့ခိုင်းရန်မှာ အဆင်မပြေနိုင်ကြောင်းကို တွေးလိုက်မိခြင်းကြောင့် ဂိုဒေါင် တစ်ခုကို အမြန်ငှားခဲ့လိုက်လေသည်။ ဂိုဒေါင်လိပ်စာကို စက်ရုံပိုင်ရှင်ကို ပေးပြီးနောက် သူမသည် နောက်ထပ်စက်ရုံတစ်ခုဆီ သွားခဲ့လိုက်တော့သည်။
ကျွင်းချန်မြို့တွင် စစ်တပ်အခြေစိုက်စခန်းနှစ်ခု ရှိပေသည်။ တပ်မတော်က မြို့အနီး၌ တပ်စွဲထားပြီး စစ်တပ်သုံး ဆီသွပ်ဘူးများ နှင့် စစ်တပ်ရိက္ခာများ ထုတ်လုပ်သော စက်ရုံတစ်ခုသည်လည်း ဤစက်ရုံ နယ်မြေ တွင် ရှိနေပေသည်။
စစ်တပ်သုံးစည်သွပ်ဘူးများသည် ကြာရှည်ခံပြီး ပျမ်းမျှအားဖြင့် အနှစ် (၁၀၀) ကျော်အထိ ခံပေသည်။ သူမ၏ ယခင်ဘဝက သေဆုံးခဲ့ချိန်တွင် သဘာဝဘေးအန္တရာယ်သည် ဘယ်အချိန်တွင်ပြီးဆုံးမည်ဆိုတဲ့ သတင်းမကြားခဲ့ရဘူးပေ။ သူမသည် အနာဂတ်တွင် လိုအပ်လာနိုင်သောကြောင့် စစ်တပ်သုံး စည်သွပ် ဘူးများနှင့် ရိက္ခာများကို ဝယ်ယူထားရန် စီစဉ်လိုက်သည်။
သူမအား အဖွဲ့အစည်းဆီ အရောင်းမခံရခင်တုန်းက အသက်ရှင်ကျန်ရစ်သူအဖွဲ့တစ်ဖွဲ့သည် စစ်တပ်သုံး စည်သွပ်ဘူးများနှင့် ရိက္ခာများ အပြည့်ပါသော ဂိုဒေါင်တစ်ခုကို တွေ့ခဲ့ကြညသည်ဟု သူမ ကြားခဲ့ ဖူးပေ သည်။ ကမ္ဘာပျက်ကပ်စပြီး ( ၈ )နှစ်အကြာတွင် ထိုအစားအသောက်များကို တွေ့ခဲ့ခြင်းဖြစ်သော်လည်း စားသုံး၍ ရနိုင်သေးပြီး သက်တမ်း (၄၈) နှစ် ကျန်နေပေသေးသည်။
ထိုသူတို့သည် ဤအစားအသောက်များကို ဈေးကွက်မှာ ရောင်းချသောအခါ စစ်တပ်သုံးစည်သွပ်ဗူး တစ်ဘူးသည် အရေးပေါ်စားစရာ ဘီစကစ် (၅၀) ကီလိုဂရမ်နဲ့ လဲလှယ်နိုင်ပေသည်။ ဈေးနှုန်းမြင့်မားပေ သော်လည်း အာဏာရှိသောသူဌေးများနှင့် ချမ်းသာသောလူများကတော့ ဝယ်ယူရန် ဆန္ဒရှိကြပေသည်။
ကမ္ဘာပျက်ကပ်တွင် အစားအသောက်များ၊ လက်နက်များ၊ ဆီ နှင့် ရှားပါးကုန်ပစ္စည်းများသည် အကန့် အသတ်ဖြင့် ရှိပေသည်။ အသက်ရှင်ကျန်ရစ်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကသာ စွမ်းအား ဖြစ်သည်။
ယောင်ရန်သည် အဖွဲ့အစည်းကို လက်စားချေချင်သောကြောင့် သူမတွင် ခွန်အားနှင့် စွမ်းအားများရှိရန် လိုအပ်နေပြီး ထိုအစားအသောက်များကို ပြင်ဆင်ထားခြင်းက သူမကို အနာဂတ်တွင် ပိုပြီး အသာစီး ရနေစေမည် ဖြစ်သည်။
ယောင်ရန်သည် စက်ရုံကိုရောက်ရန် မိနစ် (၃၀) လောက် ကားမောင်းခဲ့လိုက်ရသည်။ သူမ၏ ထရပ်ကား ကို ရုံးခန်းအသေးလေးရဲ့ရှေ့၌ ရပ်ထားခဲ့ပြီး အထဲကို ဝင်သွားလိုက်လေသည်။
စားပွဲနောက်တွင် အလုပ်လုပ်နေသော အသက်လတ်ပိုင်းအရွယ် အမျိုးသားက သူ့ကိုမြင်သောအခါ ပြုံးပြီး ကြိုဆိုလိုက်လေသည်၊
"ကြိုဆိုပါတယ်၊ ဘာများကူညီပေးရမလဲ…။"
ယောင်ရန်က ထိုသူ့ကို နှုတ်ဆက်ပြီး
"စစ်တပ်သုံးဆီသွပ်ဗူး အစားအသောက်တွေနဲ့ စစ်တပ်သုံးရိက္ခာတွေ ဝယ်ချင်ပါတယ်…။"
သာမန်လူတွေအတွက် စစ်တပ်သုံးဆီသွပ်ဗူးများ နှင့်စစ်တပ်ရိက္ခာများ ဝယ်သူခြင်းက အထူးဆန်းမ ဟုတ်ပေ။ အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုများ ပိုမိုရေပန်းစားလာခြင်းကြောင့် လူအများအပြားသည် ဤအစားအသောက်များကို ဝယ်ယူပြီး လူကြိုက်များရန်အတွက် ဗီဒီယိုများ ရိုက်ကူးတတ်ကြပေသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားတွင် တိုက်ရိုက်ထုတ်လွှင့်သည် ပလက်ဖောင်းများအတွက် အလုပ် လုပ်သော ပုံမှန်ဖောက်သည်များစွာရှိသောကြောင့် ယောင်ရန် ကိုလည်း သူတို့ထဲက တစ်ယောက်ဟုပင် ထင်လိုက်တယ်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားက ယောင်ရန် ကို ထိုင်ဖို့ အချက်ပြပြီး၊
"စစ်တပ်သုံးဆီသွပ်ဘူးအစားအသောက်တွေနဲ့ စစ်တပ်ရိက္ခာတွေ အမျိုးအစားအများကြီးရှိပါတယ်။ ဒီစာရင်း ကို အရင်ကြည့်နိုင်ပါတယ်…။"
အခန်း (၂၆) ဟန်ဆောင်ကစားပွဲ
ယောင်ရန်သည် စာရင်းကို ကြည့်လိုက်သောအခါ စစ်သုံးဆီသွပ်ဘူးအစားအစာ အမျိုးပေါင်း (၂၀၀) ကျော် ကို တွေ့ရလေသည်။ အသားမျိုးစုံမှ အချိုပွဲများအထိ အားလုံးနီးပါး ပါဝင်လေသည်။ စက်ရုံက ရောင်း သော ဆီသွပ်ဘူးသေတ္တာတစ်ခုတွင် ဆီသွပ်ဘူး (၁၀၀) ပါဝင်ပေသည်။
ထို့အပြင် ၎င်းတို့သည် အဓိက စစ်သုံးရိက္ခာ လေးမျိုးဖြစ်သော လတ်ဆတ်သော ရိက္ခာများ၊ ကြိုတင် ချက်ပြုတ်ထားသော ရိက္ခာများ၊ အသင့်စား ရိက္ခာ (MRES) နှင့် ရေဓာတ်ခန်းခြောက် ရိက္ခာများ ကိုလည်း ရောင်းချလေသည်။
ဤစစ်သုံးရိက္ခာများကို သေတ္တာလိုက် ရောင်းပြီး သေတ္တာတစ်ခုတွင် (၂၄) ထုပ် ပါဝင်ပေသည်။ တစ်ထုပ် စီတိုင်းတွင် သုံးနပ်စာ၊ အဆာပြေစားစရာ နှစ်ခု၊ အသင့်ဖျော်အချိုရည် နှစ်ထုပ်၊ ရေးပေါ်စားစရာ ဘီစကစ် နှင့် အားဖြည့်စာတောင့် နှစ်ခုစီ ပါဝင်ပေသည်။
ယောင်ရန်သည် စာရင်းကို ချလိုက်ပြီး…၊
“ဆရာ၊ ကျွန်မ ဆီသွပ်ဘူးအစားအစာ အမျိုးအစားတိုင်းကို သေတ္တာ (၅၀,၀၀၀) စီ နဲ့ စစ်သုံးရိက္ခာ အမျိုး အစားတိုင်းကို သေတ္တာ (၁၀၀,၀၀၀) စီ မှာချင်ပါတယ်…။”
စစ်သုံးအထူးထုတ် ရေးပေါ်ဘီစကစ် နှင့် အားဖြည့်စာတောင့် များကို ရောင်းချသည်ကို မြင်သောအခါ ယောင်ရန်က၊
“ရေးပေါ်စားစရာဘီစကစ် သေတ္တာ (၅၀၀,၀၀၀) နဲ့ အားဖြည့်စာတောင့် သေတ္တာ (၅၀၀,၀၀၀) ကိုပါ ယူပါမယ်…။”
ဟု ထပ်ပြောလိုက်သည်။
သူမ ပြောသည်ကို ကြားသောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသားက သူမကို ကြည့်ကာမေးလိုက် သည်၊
“မစ္စ ၊ စစ်သုံးရိက္ခာတွေက ဈေးမသက်သာဘူးနော်။ ဒီလောက်အများကြီး ဝယ်ဖို့ သေချာပြီလား…။” ဟု အံ့ဩတကြီးမေးလိုက်လေသည်။
ယောင်ရန်သည် အမှန်တကယ်တော့ ပို၍ပင် ဝယ်ချင်နေသော်လည်း အရေအတွက် များလွန်းပါက အစိုးရက သတိထားမိပြီး ပြဿနာတက်မည်ကို စိုးရိမ်နေမိခြင်းဖြစ်လေသည်။
ခဏမျှ စဉ်းစားပြီးသည့်နောက် သူမက မေးလိုက်သည်၊
“ဆရာ၊ ဒီအစားအစာတွေကို ဝယ်ခွင့်မရှိဘူးလားရှင့်…။”
သူမ၏ မေးခွန်းကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလိုက်ပြီး၊
“မဟုတ်ပါဘူး…၊ ဝယ်လို့ရပါတယ်။ ဒါပေမဲ့ စစ်သုံးအစားအစာရဲ့ ဈေးနှုန်းကတော့ သာမန်အစားအစာနဲ့ မတူပါဘူး…။”
“ကျွန်မမှာ ပိုက်ဆံတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီလောက်အများကြီး ဝယ်ရင် အစိုးရက ဖမ်းမှာ မဟုတ် ဘူးလား…။” ဟု သူမက စကားကို သတိထားပြော၍ မေးလိုက်သည်။
ထိုအခါ အမျိုးသားက ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်၊
“သူတို့က ကျွန်တော့်ရဲ့ လုပ်ငန်းကို စိတ်ပူနေဖို့ အချိန်မရှိပါဘူး…။”
ထိုသူ၏ အဖြေကို ကြားလိုက်ရသည့်အခါ ယောင်ရန်၏ မျက်လုံးများ တောက်ပသွားသည်။ သူမက ပြုံးလိုက်ကာ၊
“ဒါဆိုရင် ကျွန်မရဲ့ မှာယူတဲ့ ပမာဏကို နှစ်ဆ တိုးချင်ပါတယ်…။”
သူမစကား ဆုံးသည်နှင့် ထိုအမျိုးသားမှာ အံ့အားသင့်သွားခဲ့လေသည်။
ယောင်ရန်က သူမအား စဉ်းစားဟန်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ ပြုံး၍ ပြောလိုက်သည်၊
“ဆရာ၊ ဆရာ့စက်ရုံက ဒီနိုင်ငံမှာ အကြီးဆုံး စစ်သုံးအစားအစာ ထုတ်လုပ်သူပါ။ ဒီလောက်တောင် ပစ္စည်းလက်ကျန် မရှိဘူးလို့တော့ မပြောပါနဲ့နော်…။”
သူမ၏စကားကို ကြားသောအခါ ထိုအမျိုးသားက ရယ်မောလိုက်ပြီး ပြန်ပြောလေသည်၊
“ကျွန်တော်တို့ဆီမှာ အဲဒီ့ထက် ပိုပါတယ်၊ ဒါပေမဲ့ စုစုပေါင်းဈေးကိုတော့ မစ္စ မတတ်နိုင်မှာ စိုးရ ပါတယ်…။”
ယောင်ရန်သည် သူမ၏ အနက်ရောင်ကတ် ကို ထုတ်ပြပြီး ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့။ ကျွန်မ တတ်နိုင်ပါတယ်…။”
အနက်ရောင်ကတ် ကို မြင်လိုက်ရသောအခါ ထိုအမျိုးသားက ထပ်မံရယ်မောလိုက်ပြီး
“ခင်ဗျားကို အထင်သေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ခင်ဗျားမှာ ပိုက်ဆံရှိမှတော့ ဒီလုပ်ငန်းကို ကျွန်တော် လက်ခံလိုက်ပါမယ်…။”
ယောင်ရန်သည် ထက်မြက်သူများနှင့် စကားပြောရသည်ကို သဘောကျသည်။ သူမက မေးလိုက်သည်၊
“ဆရာ၊ ကျွန်မကို ဘယ်လောက်အထိ ရောင်းပေးနိုင်မလဲ…။”
ထိုအခါ အမျိုးသားသည် လက်တော့ပ်ပေါ်တွင် စက္ကန့်အနည်းငယ်ကြာ စာရိုက်ပြီးနောက် မျက်နှာပြင်ကို ကြည့်ကာ ပြောလိုက်သည်၊
“ခင်ဗျားကို ပိုရောင်းပေးဖို့က ပြဿနာမရှိပါဘူး…။”
ယောင်ရန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး တည်ငြိမ်စွာပင် ပြောလိုက်လေသည်၊
“ဒါဆိုရင် ဆရာတို့ရဲ့ လက်ကျန်ပစ္စည်း အားလုံး ကို ကျွန်မ လိုချင်ပါတယ်…။”
ထိုအမျိုးသားက သူမကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ ကျွန်တော်တို့ရဲ့ ပစ္စည်းစာရင်းကို စစ်ဆေးနေတုန်း ခဏလေးတော့ စောင့်ပါ…။”
ဖုန်းခေါ်ဆိုမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားက စာရင်းကို ရွတ်ပြလိုက်သည်၊
“ကျွန်တော်တို့ ဂိုဒေါင်မှာ လက်ရှိ စစ်သုံးဆီသွပ်ဘူးအစားအစာ အမျိုးအစားတိုင်း သေတ္တာ (၅၀၀,၀၀၀)စီ၊ စစ်သုံးရိက္ခာ အမျိုးအစားတိုင်း သေတ္တာ (၃၀၀,၀၀၀) စီ၊ အရေးပေါ်စားစရာ ဘီစကစ် သေတ္တာ (၆) သန်း နဲ့အားဖြည့်အစာတောင့် သေတ္တာ (၅)သန်း ရှိပါတယ်….။”
သူက ပြုံးပြီး မေးလိုက်သည်၊
“မစ္စ၊ ခင်ဗျား အားလုံးကို တကယ်လိုချင်တာ သေချာပါတယ်နော်…။”
ယောင်ရန်သည် ထိုသူ၏အသံထဲက စိန်ခေါ်သံကို ကြားလိုက်ရသဖြင့် ပြန်ပြုံးလိုက်ပြီး ပြောလိုက်သည်၊
“သေချာပါတယ်။ ကျေးဇူးပြုပြီး ဒီလိပ်စာကို ပို့ပေးပါ…။”
ထိုသို့ ပြောပြီးနောက် သူမသည် ဂိုဒေါင်လိပ်စာကို ရေးချလိုက်ပြီး ထပ်ပြောလိုက်သည်၊
“ငွေတစ်ဝက်ကို စရံငွေ အဖြစ် ပေးချေပါမယ်။ ကျန်တဲ့ငွေကို ပစ္စည်းရောက်မှ ပေးပါမယ်…။”
သူမသည် အရမ်းကို စိတ်အားထက်သန်နေသည်ကို မြင်သောအခါ ထိုအမျိုးသားက ဈေးနှုန်းကို လျင်မြန်စွာ တွက်ချက်၍ ဝယ်ယူရေးစာချုပ် အကြမ်းကို ရေးလိုက်သည်။
ယောင်ရန်သည် စာချုပ်ကို လက်မှတ်ထိုးကာ ဘီလီယံတစ်ရာ ကို စရံငွေ အဖြစ် ပေးချေလိုက်ပြီး
“ဒါက ကျွန်မရဲ့ ဖုန်းနံပါတ်ပါ။ ပစ္စည်းတွေ ပို့တဲ့အခါ ဖုန်းဆက်ပေးပါ…။”
သက်လတ်ပိုင်းအရွယ် အမျိုးသားက လိပ်စာကိုယူပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ…။”
နေ့တစ်ဝက်အတွင်း ဘီလီယံနှစ်ရာကျော် သုံးစွဲပြီးနောက် ယောင်ရန်သည် ဘဏ်တစ်ခုသို့ ကားမောင်း သွားလိုက်သည်။ သူမတွင် ဘီလီယံတစ်ထောင်ရှစ်ရာကျော် ကျန်နေသေးသော်လည်း စာရင်းထဲက ပစ္စည်းများအားလုံးကို ဝယ်ယူပြီးပြီ ဖြစ်သည်။ ငွေကြေးတန်ဖိုး မကျဆင်းမီ ထိုငွေများကို ရွှေတုံးများ နှင့် လဲလှယ်ရန် သူမ စီစဉ်ထားပေသည်။
ရွှေတုံးများ ကို လဲလှယ်ခဲ့ပြီး နေရာလွတ် အတွင်းသို့ ထည့်သွင်းပြီးနောက် ယောင်ရန်သည် ကျန်ရှိသော ငွေများကို သူမ၏ ဘဏ်အကောင့်မှ ထုတ်ယူထားလိုက်သည်။
သူမ မှတ်မိနေသော အချက်များအရ မြို့ ရေကြီးမှုနှင့်အတူ လျှပ်စစ်၊ ဓာတ်ငွေ့ နှင့် ရေ ဖြတ်တောက် ခြင်း ခံခဲ့ရသည်။ မုန်တိုင်းသည် နိုင်ငံကို ဝင်ရောက်ပြီး ငါးရက် အကြာတွင် အီလက်ထရွန်းနစ်ပစ္စည်း များကို အသုံးမပြုနိုင်တော့သဖြင့် အွန်လိုင်းပေးချေမှုများ မရတော့ဘဲ ငွေသား ဖြင့်သာ အရောင်း အဝယ် ပြုလုပ်နိုင်တော့သည်။
ကမ္ဘာပျက်ခါစ အစောပိုင်းတွင် ငွေကြေးသည် တန်ဖိုးရှိနေဆဲပင်။ သို့သော် ထောက်ပံ့ရေးပစ္စည်းများ ရှားပါးလာသည်နှင့်အမျှ ဈေးနှုန်းများ မြင့်တက်လာပြီး ငွေကြေးသည် ဖြည်းညှင်းစွာဖြင့် အမှိုက်စက္ကူ အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤအချက်များအားလုံးကို သူမ သိသော်လည်း လူအုပ်ထဲတွင် ရောနှောနေထိုင်နိုင်ပြီး မလိုအပ်ဘဲ အာရုံစိုက်မှု မခံရစေရန်အတွက် ယောင်ရန်သည် ငွေသား အချို့ကို ပြင်ဆင်ထားရန် လိုအပ်နေဆဲပင်။
သူမသည် ကျန်ရှိသော ငွေများကို ဘဏ်အကောင့်မှ ထုတ်ယူကာ နေရာလွတ် အတွင်းသို့ ထည့်သွင်းပြီး ဘဏ်မှ ထွက်လာခဲ့လေသည်။ သူမ တံခါးဝမှ လျှောက်လာချိန်တွင် မိုးသည် နောက်တစ်ကြိမ် ပြန်လည် ၍ စတင် ရွာလာခဲ့လေသည်။ ယောင်ရန်သည် လင်ယွမ်တိုက်ခန်းအဆောက်အအုံ အနီးရှိ စူပါမားကတ် သို့ ကားမောင်းသွားကာ နေ့စဉ်သုံးပစ္စည်းများ နှင့် အစားအစာအချို့ ကို ဝယ်ယူခဲ့သည်။
သူမ မနေ့က ပြောင်းရွှေ့လာစဉ်က တိုက်ခန်းအဆောက်အအုံမှ လူအနည်းငယ်က သူမကို မြင်သွားခဲ့ကြ သည်။ အခုမှ ပြောင်းလာသည့်အတွက် ပုံမှန်အတိုင်း ပြုမူနေထိုင်ကာ သူတို့အတွက် ဟန်ဆောင်ကစားပွဲ တစ်ခု ကစားပေးရန် လိုအပ်သည်။ မဟုတ်ပါက သူမ၏ နေရာလွတ် အကြောင်းကို တစ်စုံတစ်ယောက် ကသာ သိရှိသွားပါက သူမ၏ အသက်ကိုပင် ဆုံးရှုံးရနိုင်ပေသည်။
ယောင်ရန်သည် သူမ၏ တိုက်ခန်းယူနစ်အတွက် သီးသန့်ထားရှိသော ကားပါကင်တွင် ကားလေးကို ရပ်ပြီး ပစ္စည်းအပြည့်ထည့်ထားသော ပလတ်စတစ်အိတ်ကြီးများစွာကို သယ်ကာ ဓာတ်လှေကားဖြင့် အထပ် (၂၀) သို့ တက်ခဲ့သည်။ ဓာတ်လှေကားသည် မြေညီထပ်တွင် ရပ်လိုက်သောအခါ လူအချို့ ဝင် လာခဲ့ကြသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက သူမကို မြင်ပြီး စူးစမ်းသောလေသံဖြင့် မေးလေသည်၊
“ညီမလေးက ဒီကို အခုမှ ပြောင်းလာတာလား…။”
ယောင်ရန်သည် ထိုသက်လတ်ပိုင်းအရွယ် အမျိုးသမီးကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်…။”
ထိုအမျိုးသမီးက သူမလက်ထဲရှိ ပလတ်စတစ်အိတ်ကြီးများကို ကြည့်ပြီး မေးလိုက်သည်၊
“ဘယ်အထပ်မှာ နေတာလဲ…။”