← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇) အိမ်နီးချင်းများ

ယောင်ရန်သည် ထိုသက်လတ်ပိုင်းအရွယ် အမျိုးသမီးက သူမအား စူးစိုက်ကြည့်ကာ သူမ၏ တန်ဖိုး ကို ခန့်မှန်းနေသည့် အမူအရာကို မနှစ်မြို့ပေ။

ယောင်ရန်က မေးခွန်းကို ပြန်မဖြေသည်ကို မြင်သောအခါ ထိုအမျိုးသမီးက နှာခေါင်းရှုံ့လိုက်ပြီး အသံ တိုးတိုးဖြင့် ရေရွတ်နေခဲ့သည်၊

"ဒီခေတ်လူငယ်တွေကတော့ တကယ်ပဲ လူမှုရေးခေါင်းပါးကြတာပဲ…။"

သူမ၏ စကားကို ကြားရသည့်အခါ ဓာတ်လှေကားထဲမှ ကျန်သူများက မျက်လုံးဝေ့ကြည့်လိုက်ကြ သည်။ ယောင်ရန်သည် သူတို့၏ တုံ့ပြန်မှုကို အေးဆေးပင် အကဲခတ်ပြီး မျက်ခုံးအနည်းငယ် ပင့်လိုက် သည်။ နောင်တွင် ဤနားညီးသော အမျိုးသမီး နှင့် ဝေးဝေးနေသင့်သည်ဟု သူမ တွေးမိလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ယောင်ရန်သည် ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။ သူမ အခန်း (၂၀၀၁) တံခါးကို ဖြတ်သွားစဉ် ရုတ်တရက် တံခါးပွင့်လာခဲ့သည်။ ယောင်ရန်နှင့် ထိုလူသည် တစ်ပြိုင် နက်တည်း ရပ်တန့်သွားမိကြသည်။

အသက် သုံးဆယ်ကျော် ခန့်ရှိသော ထိုအမျိုးသမီးက ယောင်ရန်ကို အားနာဟန် ဖြင့် ပြုံးပြပြီး နှုတ်ဆက် လိုက်သည်၊

“မင်္ဂလာပါရှင်၊ ရှင်က အခန်း (၂၀၀၃) ကို အသစ်ပြောင်းလာတဲ့ ပိုင်ရှင်လားမသိဘူး…။”

ယောင်ရန်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်၊

“ဟုတ်ပါတယ်ရှင်။ မနေ့ကမှ ပြောင်းလာတာပါ….။”

ထိုအမျိုးသမီးက ပြုံးပြီး ပြောလိုက်သည်၊

“ကျွန်မနာမည်က ကျိုးရွေလင်း ပါ။ တွေ့ရတာ ဝမ်းသာပါတယ်၊မစ္စ…။”

ယောင်ရန်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်၊

“တွေ့ရတာ ဝမ်းသာပါတယ်…။”

ယောင်ရန်သည် ပစ္စည်းများစွာ သယ်လာသည်ကို မြင်သောအခါ ကျိုးရွေလင်း သည် ဘေးသို့ ရှောင်ပေး လိုက်သည်။ ယောင်ရန်လည်း ကျေးဇူးတင်စကား ဆိုပြီးနောက် ဆက်လျှောက်သွားလိုက်သည်။ တံခါး ဖွင့်ပြီးနောက် ယောင်ရန်သည် ကျိုးရွေလင်း ကို လှည့်ကြည့်လိုက်ရာ သူမသည် အမှိုက်အိတ် တစ်လုံးကို သယ်ကာ ဓာတ်လှေကားထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။

ယောင်ရန်သည် ကျိုးရွေလင်း အပေါ် ပထမဆုံး အထင်အမြင်မှာ မဆိုးလှသော်လည်း သူမ၏ ရင်ထဲတွင် လျှို့ဝှက်ချက် တစ်ခု ရှိနေသဖြင့် ပေါ့ဆ၍မရ ဟုတော့ တွေးလိုက်မိသည်။

ထို့အပြင် လူတစ်ဦးကို နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သော်လည်း စိတ်ရင်း ကို မြင်နိုင်မည်မဟုတ်ပေ။ ဤ သင်ခန်းစာကို သူမ၏ ယခင်ဘဝတွင် ကြီးလေးသော တန်ဖိုးပေး၍ သင်ယူခဲ့ရပြီးပြီဖြစ်သည်။

တံခါးသော့ကို ခတ်ပြီးနောက် ယောင်ရန်သည် ဝယ်လာခဲ့သော ပစ္စည်းများကို နေရာချ ကာ ရေချိုးရန် သွားလိုက်သည်။ ဆယ်မိနစ်ခန့်ကြာပြီးနောက် လန်းဆန်းသော ခံစားမှုဖြင့် ပြန်ထွက်လာခဲ့သည်။

ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်ရာ မိုးစဲသွားပြီဖြစ်သော်လည်း ကောင်းကင်ယံ တွင် မည်းမှောင် သော တိမ်တိုက်များ က ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ ယောင်ရန်သည် ဧည့်ခန်းရှိ ကော်ဇောခင်း ထားသော ကြမ်းပြင်တွင် ထိုင်ကာ မျက်နှာသုတ်ပုဝါ ဖြင့် သူမ၏ ဆံပင်ကို သုတ်နေလိုက်သည်။

ဆံပင်တစ်ဝက်ခန့် ခြောက်သောအခါ မျက်နှာသုတ်ပုဝါ ကို သိမ်းလိုက်ပြီး အီလက်ထရွန်းနစ်စတိုးဆိုင်မှ ဝယ်လာသော လက်တော့ပ် နှင့် မိုဘိုင်းဖုန်းများ ကို ထုတ်ကြည့်လိုက်သည်။ ဖုန်းများနှင့် လက်တော့ပ် အားလုံးကို Wi-Fi ချိတ်ဆက်ပြီးနောက် ယောင်ရန်သည် ဗီဒီယိုများ နှင့် e-books များကိုရှာ ဖွေ၍ ဒေါင်းလုပ် ပြုလုပ်ခြင်းကို စတင်လိုက်သည်။

ဗီဒီယိုရာပေါင်းများစွာ ကို ဒေါင်းလုပ်စာရင်းသို့ ထည့်ပြီးနောက် ယောင်ရန်သည် အမဲသားခေါက်ဆွဲဟင်း တစ်ပန်းကန်ကို ထုတ်ယူလိုက်သည်။ ညစာစားနေရင်း သတင်းများနှင့် ဖိုရမ်များကို ဖတ်ရှုရန်အင်တာ နက်ကို ဝင်ကြည့်လိုက်သည်။

ဖျော်ဖြေရေးလောကမှ သတင်းများနှင့် ကောလာဟလ အများအပြားထဲမှ ယောင်ရန်၏ အာရုံစူးစိုက်မှု သည် သိပ်မထင်ရှားသော ပို့စ် တစ်ခုပေါ်တွင် ရပ်တန့်သွားခဲ့သည်။

[ဒါက ကမ္ဘာပျက်မယ့် လက္ခဏာများလား…]

ခေါင်းစဉ်ကို မြင်သည်နှင့် သူမ ချက်ချင်း နှိပ်လိုက်သည်။ ထိုပို့စ်ကို ဖတ်သောအခါ ဤ အင်တာနက် အသုံးပြုသူ သည် သတင်းများ၊ ဆောင်းပါးများ၊ နှင့် သိပ္ပံနည်းကျ အစီရင်ခံစာများ စွာကို စုစည်းထား သည်ကို တွေ့ရသည်။ ဆောင်းပါးကို ဖတ်ရှုရာတွင် အလွန်မွေ့လျော်နေသောကြောင့် သူမ၏ လက်ထဲမှ ကိုင်ထားသော တူကိုပင် နေရာရွှေ့ရန် မေ့နေခဲ့သည်။

ယောင်ရန် ဆက်ဖတ်လိုက်ရာ မှတ်ချက်ပေးသူ အများစုသည် ဤဆောင်းပါးကို မယုံကြည်ကြဘဲ၊ တင်သူသည် လူသိများရန် အတွက် သတင်းအတု ဖြန့်နေသည်ဟု ပြောကြသည်။ မှတ်ချက်ထောင် ပေါင်း များစွာ ထဲမှ အနည်းငယ်သာလျှင် ထိုဆောင်းပါးကို ယုံကြည်ကြလေသည်။

ယောင်ရန်သည် ဆောင်းပါးကို ဖတ်ပြီးသောအခါ သူမ၏ ခေါက်ဆွဲမှာ ပွပြီး အေးခဲ နေခဲ့ပြီ ဖြစ်သည်။ အင်တာနက်ကြည့်ရင်း နှစ်နာရီခန့် ကုန်သွားသည်ကို သိလိုက်ရသောအခါ သူမသည် အေးစက်နေသော ခေါက်ဆွဲကို လျင်မြန်စွာ စားလိုက်ပြီး ဒေါင်းလုပ်စာရင်းသို့ ဗီဒီယိုများ ထပ်မံထည့်သွင်းခြင်းကို ဆက်လုပ်​ေလိုက်သည်။

နာရီအနည်းငယ်အတွင်း သူမသည် ဗီဒီယို ထောင်ပေါင်းများစွာ ကို ဒေါင်းလုပ်ရယူခဲ့သည်။ နာကျင် ကိုက်ခဲနေသော ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး ယောင်ရန်သည် မတ်တပ်ရပ်ကာ အဝတ်လဲရန် သွားခဲ့သည်။

ယောင်ရန်သည် ရှပ်အင်္ကျီ၊ အနက်ရောင် ဟူဒီ၊ ဘောင်းဘီတို နှင့် မိုးကာအင်္ကျီ ကို ဝတ်ဆင်သည်။ ထို့နောက် သူမ သည် မျက်နှာဖုံးစွပ်ကာ ဟူဒီ ကို ဆွဲချလိုက်သည်။ ညသန်းခေါင်ယံတွင် ကားသော့ကို ယူကာ တိုက်ခန်း မှ ထွက်ခွာလာခဲ့လေသည်။

ကျွင်းချန်မြို့ ပတ်လည်တွင် ရေလှောင်ကန်များ အများအပြား ရှိပေသည်။ ၎င်းတို့ထဲမှ တစ်ခုသည် လင်းယွမ်တိုက်ခန်းအဆောက်အအုံ မှ ကီလိုမီတာ ငါးဆယ် အကွာတွင် တည်ရှိလေသည်။ ယနေ့ညတွင် ယောင်ရန်သည် ဤရေလှောင်ကန် သို့ သွားရောက်ကာ ရေမျှော်စင်များ၊ သိုလှောင်ကန်များ၊ ရေပုံးကြီး များ နှင့် ပုံးများ ကို ရေဖြည့်ရန် စီစဉ်ထားပေသည်။

မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရေလှောင်ကန်သို့ ရောက်ရှိရန် ပိုကြာ ခဲ့သည်။ ပတ်ဝန်းကျင်တွင် လူသူကင်းမဲ့နေသဖြင့် ယောင်ရန်သည် ကားအသေးစားကို ရေလှောင်ကန်အနီးတွင် ရပ်လိုက်သည်။ သူမ ဆင်းလာ၍ ကန် ဆီသို့ လျှောက်သွားလိုက်လေသည်။

သူမသည် စိတ်ဝိညာဉ်စွမ်းအင် ကို အသုံးပြု၍ ပစ္စည်းများကို သူမ၏ နေရာလွတ် အတွင်းသို့ ထည့်ခြင်း သို့မဟုတ် ထုတ်ယူခြင်း ပြုလုပ်လိုသောကြောင့် ယောင်ရန်သည် ရေ ကို ထိုဗလာပုံးများထဲသို့ တိုက်ရိုက်ထည့်နိုင်မလားဆိုခြင်းကို စမ်းသပ်လိုခဲ့ပေသည်။

သူမသည် ဘယ်ဘက်လက် ကို ရေကန်ထဲသို့ နှစ်လိုက်ပြီး အာရုံစုစည်းလိုက်သည်။ ရေကို နေရာလွတ် ထဲသို့ ရွှေ့ရန် ကြိုးစားပြီး နေရာလွတ်ထဲရှိရေမျှော်စင် တစ်လုံးထဲသို့ တိုက်ရိုက်လောင်းထည့် လိုက် သည်။ နောက်တစ်စက္ကန့်တွင် နေရာလွတ် အတွင်းရှိ လေထုထဲ၌ ရေစီးကြောင်း တစ်ခု ပေါ်လာပြီး ရေမျှော်စင် ထဲ သို့ ရေများ စီးဆင်းသွားခဲ့လေတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ ယောင်ရန်၏ မျက်လုံးများ အရောင်တောက်လာပြီး အလွန်စိတ်လှုပ်ရှား သွားသည်။ ဤရေပုံးများကို ဖြည့်ရန်အတွက် ရေစုပ်စက် ကို အသုံးမပြုရခြင်းက သူမ လူသိခံရမည့် အန္တရာယ်ကို များစွာ လျှော့ချပေးလိုက်နိုင်လေပြီ။

သူမ၏ စိတ်ကို အာရုံစူးစိုက်နေသရွေ့ ရေအများအပြားကို တစ်စက္ကန့်တွင်းပင် နေရာလွတ်ထဲသို့ ပို့ဆောင်နိုင်သည်။ နေရာလွတ် အတွင်းသို့ ရွှေ့ပြောင်းသည့် ရေပမာဏသည် သူမ၏ စိတ်ဆန္ဒအပေါ် လုံးလုံး လျားလျား မူတည်သောကြောင့် အချိန်ကုန်ခြင်းကိုလည်း သက်သာစေမည် ဖြစ်သည်။

မိုးသည်းထန်စွာ ရွာနေသည့်ကြားမှ ယောင်ရန်သည် ရေမျှော်စင်များ ကို တစ်လုံးပြီးတစ်လုံး ဆက်လက် ဖြည့်နေခဲ့သည်။ ခေါင်းကိုက် လာသဖြင့် ရပ်တန့်ရန် ဆုံးဖြတ်လိုက်သောအချိန်တွင် မိုးသည် ဖွဲဖွဲလေး သာ ရွာတော့ပြီး ကောင်းကင်ယံသည်လည်း တဖြည်းဖြည်း အရောင်ပြောင်းလဲလာပြီဖြစ်သည်။

ယောင်ရန်သည် ရေထဲမှ လက်ကို ပြန်ထုတ်ကာ နဖူးကို ပွတ်လိုက်သည်။ ခေါင်းကိုက်ခြင်း သက်သာ သွားသည်ဟု ခံစားရသောအခါ လင်းယွမ်တိုက်ခန်းအဆောက်အအုံ သို့ လျင်မြန်စွာ ကားမောင်း၍ ပြန်လာလိုက်သည်။ အိမ်ပြန်ရောက်သော် ရေနွေးဖြင့် ရေချိုးပြီး အိပ်ရာဝင်ခဲ့လိုက်သည်။

နာရီအနည်းငယ်ကြာအိပ်စက်ပြီးနောက် သူမ နိုးလာခဲ့သည်။ ယောင်ရန်သည် မျက်လုံးများကို ပွတ်သပ် ပြီး ကုတင်ဘေးရှိစားပွဲ ပေါ်မှ ဖုန်းကိုယူကာ အချိန်ကို ကြည့်လိုက်သည်။ နံနက်ကိုးနာရီ ရှိနေပြီကို မြင်သောအခါ သူမ ထလိုက်ကာ ရေချိုးခန်းသို့သွား၍ ကိုယ်လက် သန့်စင် လိုက်လေသည်။

မိုးမရွာတော့သဖြင့် သူမသည် အပြင်ထွက်စားရန် နှင့် တိုက်ခန်းမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ သူမ အပြင်သို့ ထွက်လာသောအခါ အလုပ်သမားနှစ်ဦးသည် အခန်း (၂၀၀၂) တွင် လေးလံသော သတ္တုတံခါး သုံးချပ်ကို တပ်ဆင်နေသည်ကို တွေ့လိုက်ရလေသည်။

အခန်း (၂၈) သတိပေးချက်

အလုပ်သမားတစ်ဦးက သူမ ကြည့်နေသည်ကို မြင်လိုက်သောအခါ မေးလိုက်သည်၊

“မစ္စ၊ ကျွန်တော်တို့ကြောင့် ခင်ဗျားကို အနှောင့်အယှက် ဖြစ်စေမိသွားလားခင်ဗျ…။”

ယောင်ရန်က ခေါင်းကိုယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်၊

“မဖြစ်ပါဘူး…။”

လင်ယွမ်တိုက်ခန်းအဆောက်အအုံ ၏ အသံကာကွယ်မှုစနစ်သည် အလွန်ကောင်းမွန်သောကြောင့် သူမ အပြင်မထွက်မီအချိန်အထိ မည်သည့်အသံကိုမျှ မကြားခဲ့ရချေ။ အခန်း (၂၀၀၂) တွင် အလုပ်သမားများ က တံခါးလဲနေသည်ကိုပင် သူမ မသိခဲ့ပေ။

အလုပ်သမားများက သူမ သော့ခတ်သွားသည်ကို မြင်သောအခါ စကားတစ်ခွန်းမျှ မပြောဘဲ ဆက်လက် လုပ်ကိုင်နေကြသည်။ ယောင်ရန်သည် လေးလံသော သတ္တုတံခါးများ ကို ခဏမျှ စဉ်းစားဟန်ဖြင့် ကြည့် ပြီးနောက် ထွက်ခွာလာခဲ့သည်။

သူမ၏ ထရပ်ကားလေးဖြင့် စားသောက်ဆိုင်များစွာသို့ သွားကာ အစားအစာ အများအပြား ကို ဝယ်ယူ စုဆောင်းခဲ့သည်။ စားသောက်ဆိုင်တစ်ခုတွင် အော်ဒါအတွက် စောင့်နေစဉ် စက်ရုံ မှ ဖုန်းဝင် လာခဲ့ သည်။

ဝယ်ယူထားသော အစားအစာများကို နေရာလွတ် အတွင်းသို့ ထည့်ပြီးနောက် ယောင်ရန်သည် ဂိုဒေါင် သို့ မောင်းသွားလိုက်သည်။ မကြာမီပင် သူမ မနေ့က ဝယ်ခဲ့သော လယ်ယာသုံးစက်ကိရိယာများ ရောက်ရှိ လာခဲ့လေသည်။

စက်ကိရိယာများ အသစ် ဖြစ်ကြောင်းနှင့် ကောင်းမွန်စွာ အလုပ်လုပ်ကြောင်း သေချာစွာစစ်ဆေးပြီး နောက် သူမသည် လယ်ယာသုံးစက်ကိရိယာများ အတွက် လက်ကျန်ငွေကို ပိုက်ရှင် ထံသို့ လွှဲပေးလိုက် သည်။

သူမသည် လယ်ယာသုံးစက်ကိရိယာများ ကို သူမ၏ နေရာလွတ် အတွင်းသို့ ရွှေ့လိုက်ပြီးချိန်တွင် ကား အရောင်းပြခန်း ၏ မန်နေဂျာက သူမကို ဖုန်းခေါ်လာခဲ့သည်။ မန်နေဂျာက ကားများကို ဘယ်ကို ပို့ရ မည်ကို မေးသောအခါ ယောင်ရန်သည် ဂိုဒေါင်လိပ်စာကို ပေးလိုက်ပြီး ဂိုဒေါင် တွင် စောင့်နေခဲ့သည်။

တစ်နာရီမျှကြာပြီးနောက် ကားများ အဝေးမှ ချဉ်းကပ်လာသည်ကို သူမ မြင်လိုက်ရသည်။

ယာဉ်မောင်းများသည် ကားများကို ဂိုဒေါင်ရှေ့တွင် ရပ်ကာ သော့များ ကို ယောင်ရန်ထံ လွှဲပြောင်းပေး လိုက်သည်။ ကားများကို စစ်ဆေးပြီးသည့်နောက် သူမသည် ကျန်ရှိသောငွေကို ပေးချေလိုက်ရာ ယာဉ်မောင်းများ ပြန်လည် ထွက်ခွာသွားခဲ့လေသည်။

ယခုအခါ လယ်ယာသုံးစက်ကိရိယာများ နှင့် ကားများ ကို သူမ၏ နေရာလွတ်အတွင်းသို့ ပို့ဆောင်ပြီးစီး ခဲ့ပြီ ဖြစ်သည်။ စစ်သုံးစည်သွပ်ဘူးများ၊ သတ္တုတံခါးများ နှင့် ပြတင်းပေါက်များ သာ ကျန်တော့သည်။

ယောင်ရန်သည် ဂိုဒေါင်ကို သော့ခတ်လိုက်ပြီး အစားအစာများ ဆက်လက် စုဆောင်းခဲ့သည်။ နေ့ဘက် တွင် သူမသည် အစားအစာများကို စုဆောင်းပြီး ညသန်းခေါင်ယံတွင် ရေစည်များ ကို ရေဖြည့်ခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင် ယောင်ရန်သည် စစ်သုံးအစားအစာများ ရောင်းချသော စက်ရုံမှ ဖုန်း ခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ သူမသည် ပေါက်စီ အနည်းငယ် စားပြီးနောက် ပစ္စည်းများ လက်ခံရန် ဂိုဒေါင် သို့ သွားလိုက်သည်။ ငွေပေးချေပြီး ပစ္စည်းအားလုံးကို သူမ၏ နေရာလွတ် အတွင်းသို့ ထည့်ပြီး နောက် ဂိုဒေါင်သော့ကို ပိုင်ရှင်အား ပြန်ပေးကာ အိမ်သို့ ပြန်လာခဲ့သည်။

မွန်းလွဲပိုင်းတွင် သတ္တုတံခါးများ နှင့် ပြတင်းပေါက်များ ကို တပ်ဆင်ရန် အလုပ်သမားများ ရောက်ရှိလာ ခဲ့သည်။

သူမ၏ အိမ်တွင် ကြမ်းပြင်အပူပေးစနစ် မရှိသည်ကို မြင်သောအခါ အလုပ်သမားတစ်ဦးက မေးလေ သည်၊

“မစ္စ၊ ကြမ်းပြင်အပူပေးစနစ် တပ်ချင်လားခင်ဗျ။ ကျွန်တော်တို့ ဆိုင်မှာ ရောင်းပါတယ်။ လိုအပ်မယ်ဆို ရင် ဒီနေ့ပဲ တပ်ဆင်ပေးနိုင်ပါတယ်…။”

ရောက်လာတော့မည့် အလွန်အေးသော ရာသီဥတု ကို ထည့်သွင်းစဉ်းစားပြီး ယောင်ရန်သည် သူမ၏ အိပ်ခန်းတွင် ကြမ်းပြင်အပူပေးစနစ် ကို တပ်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ အလုပ်သမားများ အလုပ်ရှုပ် နေစဉ်တွင် ဆိုင်ပိုင်ရှင် က သူမအား ဖုန်းခေါ်လာခဲ့လေသည်။

“မစ္စ၊ မစ္စ လိုချင်တဲ့ သတ္တုတံခါးများ၊ အပူဒဏ်ခံ မှန် နဲ့ ကျည်ကာမှန် တွေ အားလုံး အဆင်သင့် ဖြစ်နေပါ ပြီ။ လာယူလို့ ရပါပြီ…။”

ယောင်ရန်က လျှင်မြန်စွာပြန်ဖြေလိုက်သည်၊

“ကောင်းပါပြီ။ မိနစ် သုံးဆယ် အတွင်း ရောက်ပါမယ်…။”

ဖုန်းချပြီးနောက် ယောင်ရန်သည် အလုပ်သမားများကို သူမ ခဏနေ ပြန်လာမည်ဖြစ်ကြောင်း ပြော လိုက်သည်။ သူမသည် ထရပ်ကားလေးကို မောင်းပြီး ဆိုင်သို့ အလျင်အမြန် သွားလိုက်သည်။ သူမ ရောက်သောအခါ ဆိုင်ပိုင်ရှင် က သူမကို စောင့်နေပြီဖြစ်သည်။

သူက ပြုံးပြပြီး မေးလာခဲ့သည်

“မစ္စ၊ ခင်ဗျားရဲ့ အော်ဒါ အဆင်သင့် ဖြစ်နေပါပြီ။ ပစ္စည်းတွေကို စစ်ဆေးကြည့်ချင်ပါသလား…။”

“ဟုတ်ကဲ့…။”

ဆိုင်ပိုင်ရှင်က သူမကို ဂိုဒေါင် သို့ ခေါ်သွားပြီး သူမသည် ပစ္စည်းများကို သေချာ စစ်ဆေးနေလိုက်သည်။ ယောင်ရန်သည် အရည်အသွေးကို အလွန်ကျေနပ်သောကြောင့် ကျန်ရှိသောငွေကို ပေးချေလိုက်သည်။

သူမ တစ်ယောက်တည်း ဖြစ်နေသည်ကို မြင်သောအခါ ဆိုင်ပိုင်ရှင်က အလုပ်သမားများကို ခေါ်ယူ၍ ပစ္စည်းများကို ယောင်ရန်၏ ထရပ်ကားလေးပေါ်သို့ တင်ပေးစေခဲ့သည်။ ကားအပြည့် တင်ပြီးသောအခါ ယောင်ရန်သည် လူသူကင်းမဲ့သော လမ်းကြား တစ်ခုအတွင်းသို့ မောင်းသွားခဲ့ပြီး အရာအားလုံးကို သူမ ၏ နေရာလွတ် အတွင်းသို့ ရွှေ့လိုက်သည်။ အရာအားလုံးကို ရွှေ့ရန်အတွက် ခရီးပေါင်းများစွာကို သူမ သွားခဲ့ရပေသည်။

သူမသည် နောက်ဆုံးတွင် အိမ်သို့ပြန်ရောက်သောအခါ၌ အလုပ်သမားများသည် သတ္တုတံခါး သုံးချပ်ကို တပ်ဆင်ခြင်းနှင့် ပြတင်းပေါက်များ အစားထိုးခြင်း ပြီးစီးသွားခဲ့ပြီ ဖြစ်ပေသည်။ ကြမ်းပြင်အပူပေးစနစ် သည်လည်း ပြီးခါနီးပြီဖြစ်သည်ကို မြင်သောအခါ ယောင်ရန်သည် အပြင်ဘက်တွင် ထိုင်ကာ စောင့်နေခဲ့ သည်။

နာရီဝက်ခန့်ကြာပြီးနောက် အလုပ်သမားတစ်ဦးက ပြောလာသည်၊

“မစ္စ၊ ကျွန်တော်တို့ ကြမ်းပြင်အပူပေးစနစ် ကို တပ်ဆင်ပြီးပါပြီ။ စမ်းကြည့်လို့ရပါတယ်။ တစ်ခုခုလွဲ မှား နေရင် ကျွန်တော်တို့ ချက်ချင်း ပြင်ပေးနိုင်ပါတယ်…။”

“ကောင်းပါပြီ…။”

ယောင်ရန်သည် အိပ်ခန်း သို့ သွားကာ ကြမ်းပြင်အပူပေးစနစ် ကို ဖွင့်လိုက်သည်။

သူမ ဝယ်ယူခဲ့သော ကြမ်းပြင်အပူပေးစနစ် သည် နောက်ဆုံးပေါ် နည်းပညာ ကို အသုံးပြုထားခြင်းဖြစ် သည်။ စက္ကန့်အနည်းငယ် အတွင်း အိပ်ခန်းတစ်ခုလုံးသို့ နွေးထွေးမှုသည် ပျံ့နှံ့သွားခဲ့သည်။

သူမ ပိတ်လိုက်ပြီးနောက် အလုပ်သမားများသည် နောက်ဆုံး စစ်ဆေးမှုများ ပြုလုပ်ပြီး ထွက်ခွာသွားခဲ့ ကြသည်။

ထူထဲသော သတ္တုတံခါးများ နှင့် ကျည်ကာမှန် ပြတင်းပေါက်များ ကို ကြည့်ပြီး ယောင်ရန်သည် နောက် ဆုံးတွင် သက်ပြင်းချ လိုက်သည်။ ယခုအခါ ပြင်ဆင်မှုများ ပြီးစီးပြီဖြစ်၍ သူမ လုပ်နိုင်သည်မှာ သဘာဝ ဘေးအန္တရာယ်များ ကမ္ဘာပေါ်သို့ ကျရောက်လာမည့် အချိန်ကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။

နောက်ရက် အနည်းငယ်ကို ယောင်ရန်သည် သူမ၏ တိုက်ခန်း၌သာ နေထိုင်ခဲ့သည်။ သူမသည် အစား အစာများစွာ ချက်ပြုတ်ခြင်း၊ ဗီဒီယိုများ ဒေါင်းလုပ် လုပ်ခြင်း နှင့် ညဘက်တွင် ရေစည်များ ကို ရေဖြည့် ခြင်းတို့ လုပ်ဆောင်ခဲ့သည်။ ဗလာပုံးများ အားလုံးကို သန့်ရှင်းသောရေ ဖြင့် ဖြည့်ရန် သူမ ခြောက်ရက် အချိန်ယူခဲ့ရသည်။ တစ်ချိန်တည်းမှာပင် မိုးသည် တစ်နေ့ထက်တစ်နေ့ ပိုမို ပြင်းထန်စွာ ရွာလာခဲ့သည်။

ရက်နှစ်ဆယ် ကြာပြီးနောက် အစိုးရမှ ပထမဆုံးသော မုန်တိုင်းသတိပေးချက်ကို ထုတ်ပြန်လာခဲ့သည်။

[သတိပေးချက်၊ အင်အားပြင်းထန်သော မုန်တိုင်းတစ်ခုသည် တစ်ပတ်အတွင်း ကျွင်းချန်မြို့ကို ဝင် ရောက်မည်ဟု ခန့်မှန်းရပါသည်။ ကျေးဇူးပြု၍ ပြင်ဆင်ထားကြပါရန်။]

သူမ၏ မိုဘိုင်းဖုန်း ပေါ်ရှိ မိုးလေဝသနှင့် ဘူမိရူပဗေဒဗျူရို မှ မက်ဆေ့ချ် ကို ဖတ်ပြီးနောက် ယောင်ရန် သည် အပြင်ဘက်ရှိ သည်းထန်စွာ ရွာသွန်းနေသည့်မိုးကို ကြည့်လိုက်သည်။

သူမသည် ဖုန်းကို ဆုပ်ကိုင်ထားပြီး မျက်မှောင်ကြုံ့လိုက်သည်။ သူမ၏ ယခင်ဘဝ နှင့် နှိုင်းယှဉ်ပါက သဘာဝဘေးအန္တရာယ်သည် ပို၍ လျင်မြန်စွာ ရောက်လာခဲ့ပြီဖြစ်သည်။

သူမ အတွေးလွန်နေစဉ် တစ်စုံတစ်ယောက်က တံခါးဘဲလ် ကို တီးလိုက်သည်။ ယောင်ရန်သည် အတွေး များမှ ပြန်လည် နိုးထလာခဲ့ပြီး အခန်းဝသို့လျှောက်သွားကာ သတ္တုတံခါး နှစ်ချပ်ကို ဖွင့်လိုက်သည်။ နောက်ဆုံး တံခါးကို မဖွင့်ဘဲ ချောင်းကြည့်ပေါက်ငယ် မှ အပြင်သို့ ချောင်းကြည့်လိုက်သည်။

အပြင်၌ စောင့်နေသူသည် လူစိမ်း တစ်ယောက် ဖြစ်သည်ကို မြင်သောအခါ ယောင်ရန်သည် နောက်ဆုံး သတ္တုတံခါး ကို ဖွင့်လိုက်သည်။ ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သတ္တုတံခါး၏ အထူ ကို မြင်သောအခါ အံ့အားသင့်နေသည်။

ယောင်ရန်က သူ့တိုက်ခန်းကို စူးစမ်း သော မျက်လုံးဖြင့် ကြည့်နေသည်ကို မြင်သောအခါ မျက်မှောင် ကြုံ့၍ အေးစက်စွာ မေးလိုက်သည်၊

“ရှင် ဘယ်သူလဲ…။”

ယောင်ရန်၏ မေးခွန်းကို ကြားသောအခါ ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားသည် အကြည့်များကို ရုတ်သိမ်းလိုက်သည်။

သူက ပြုံးပြီး ရှင်းပြလာခဲ့သည်၊

“မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်နာမည်က စွန်းကျိုးဖိန် ပါ။ ကျွန်တော်က အဆောက်အအုံ (၃) ရဲ့ ရပ်ရွာ လူထု မန်နေဂျာပါ။ မစ္စကို ကျွန်တော်တို့ရဲ့ ရပ်ရွာချက်တင်အဖွဲ့ မှာ ပါဝင်ချင်လားလို့ မေးဖို့ လာ တာ ပါ…။”

ယောင်ရန်သည် ခဏမျှ စဉ်းစားပြီးနောက် ချက်တင်အဖွဲ့ တွင် ပါဝင်ရန် ဆုံးဖြတ်လိုက်သည်။ သူမတွင် ရှိသော ရိက္ခာများ နှင့်ဆိုလျှင် တစ်ယောက်တည်း ကြာကြာနေထိုင်ခြင်းသည် ပြဿနာမရှိပေ။ သို့သော် သူမသည် အပြင်ဘက်၌ ဘာတွေဖြစ်ပျက်နေလဲဆိုသည်ကို သိရန်လည်း လိုအပ်နေပေသေးသည်။

All Chapters