အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း (၂၉) လေဆင်နှာမောင်းများ
ယောင်ရန်သည် သေဆုံးချိန်အထိ တစ်ယောက်တည်း နေထိုင်သွားရန် ရည်ရွယ်ချက် မရှိသည့်အပြင် လက်စားချေလိုစိတ်ကလည်း ရှိနေပေသေးသည်။ ထို့ကြောင့် သူမသည် အဖွဲ့အစည်း နှင့်ပတ်သက်သည့် အချက်အလက်များကို စုဆောင်းရန် ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှုများ ပြုလုပ်နေရန် လိုအပ်ပေသည်။
ဆုံးဖြတ်ချက်ချပြီးနောက် ယောင်ရန် သည် သူမ၏ မိုဘိုင်းဖုန်း ကို ထုတ်ယူကာ ရပ်ရွာချက်တင်အဖွဲ့ တွင် ပါဝင်လိုက်သည်။
ယောင်ရန် ကို ချက်တင်အဖွဲ့ ထဲသို့ ဖိတ်ခေါ်ပြီးနောက် စွန်းကျိုးဖိန်က ဆက်ပြောလိုက်သည်၊
“ကျွန်တော်တို့ ရပ်ရွာချက်တင်အဖွဲ့ မှာ ရပ်ရွာသတင်းတွေနဲ့ အချက်အလက်တွေကို တင်ပါတယ်။ လိုအပ်ရင် တခြားအဖွဲ့ဝင်တွေနဲ့လည်း စကားပြောလို့ ရပါတယ်…။”
ယောင်ရန် က ခေါင်းညိတ်ပြီး
“နားလည်ပါပြီ…။”
စွန်းကျိုးဖိန်သည် သူမနှင့် စကားအနည်းငယ်ပြောပြီးနောက် ထွက်ခွာသွားခဲ့သည်။ ယောင်ရန်သည် ထိုသူက ဘေးချင်းကပ်အခန်းသို့ သွားပြီး အခန်း( ၂၀၀၂) ၏ တံခါးဘဲလ် ကို တီးနေသည်ကို တွေ့လိုက် ရသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် တံခါးပွင့်လာပြီး အနက်ရောင် ရှပ်အင်္ကျီ ဝတ်ထားသော အမျိုးသား တစ်ဦး တံခါးဖွင့်လိုက်သည်ကို သူမ မြင်လိုက်ရသည်။ ထိုအမျိုးသားသည် ချောမော ပြီး အေးစက်သော ရုပ်ရည်ရှိသည်။ သူသည် အရပ်ရှည်ပြီး ပိန်သွယ် သော်လည်း အဝတ်အစားများအောက်တွင် ကြွက်သား များကို မှိန်ပျပျ မြင်နေရပြီး အားကောင်း ပြီး ကြောက်စရာကောင်းသော အရှိန်အဝါကို ခံစားရစေသည်။
ယောင်ရန် ၏ မျက်လုံးများ ထိုအမျိုးသားပေါ် ကျရောက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ကျောရိုးတစ် လျှောက် အေးစက်မှု တစ်ခု ဖြတ်ပြေးသွားပြီး အန္တရာယ် ကို ခံစားလိုက်ရသည်။ သူမ၏ အကြည့်ကို သတိပြုမိလိုက်သည့် ထိုအမျိုးသားက လှမ်းကြည့်လိုက်သော်လည်း ယောင်ရန်က သတ္တုတံခါး ကို ပိတ်လိုက်သည်ကိုသာ တွေ့လိုက်ရသည်။
ယနေ့အတွက် ချက်ပြုတ်ရန် မီးဖိုချောင်သို့ သွားရင်း ယောင်ရန်သည် အခန်း( ၂၀၀၂) မှ ပိုင်ရှင်အမျိုးသား ၏အကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ပေ။
သူမသည် မျက်မှောင်ကြုံ့လျက် တွေးနေမိသည်။
*ငါ ဒီမှာ နေ နေတုန်း ဘာမှမဖြစ်ရင် ကောင်းပါတယ်။ ငါပိုပြီး သတိထား သင့်တယ်။ ငါ့ နေရာလွတ် ရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူမှ သိလို့မရဘူး..။*
ယောင်ရန်သည် မီးဖိုချောင်ထဲ၌ အလုပ်များနေစဉ် လန်ကွမ်းဟွေ့၏ မိသားစုသည် ထောင်မှ လွတ်လာပြီ ဖြစ်သည်။
ထောင်ထဲတွင် နှစ်လ ကြာပြီးနောက် သူတို့သည် သူတို့၏ အိမ်သို့ အလျင်အမြန် ပြန်လာခဲ့ကြသည်။ သို့သော် ရောက်ရှိလာသောအခါ သူတို့၏ ဗီလာ သည် ဓားပြတိုက်ခံထားရသည်ကို တွေ့လိုက်ရသည်။ ဗီလာထဲတွင် နံရံလေးခု နှင့် ပျက်စီးနေသော မိသားစုဓာတ်ပုံ မှလွဲ၍ ဘာမျှ မရှိတော့ပေ။
“ရှာကြ….၊ သုံးရက် အတွင်း သူခိုးကို ရှာကြ…။ မဟုတ်ရင် မင်းတို့တွေ ပြန်လာစရာ မလိုဘူး…။”
ဟု လန်ကွမ်းဟွေ့ က ဒေါသတကြီး အော်ဟစ်ပြီး သူ၏ လူများကို သူခိုးရှာရန် အမိန့်ပေးလိုက်သည်။
သူသည် အံကို ကြိတ်ပြီး ကျိန်းဝါးလိုက်လေသည်၊
“ငါ့လက်ထဲ မမိစေနဲ့။ မိလို့ကတော့ အရေခွံစုတ် ပစ်မယ်…။”
လန်ကွမ်းဟွေ့ နှင့် အခြားသူများ ဒေါသ ဖြင့် သေလုနီးပါး ဖြစ်နေချိန်တွင် ယောင်ရန် သည် သူမ၏ နေရာလွတ်တွင် စိုက်ပျိုးခြင်း နှင့် သူမ၏ တိုက်ခန်း တွင် ချက်ပြုတ်ခြင်း တို့ဖြင့်သာ အလုပ်များ နေခဲ့ လေသည်။ သူမ နေ့တိုင်း အလုပ်ရှုပ်နေသောကြောင့် အချိန်များ လျင်မြန်စွာ ကုန်လွန်သွားသည်ကို သတိမထားမိလိုက်ချေ။
သုံးရက် ကြာပြီးနောက်တွင် အင်အားပြင်းထန်သော မုန်တိုင်းသည် နောက်ဆုံးတွင် မျှော်မှန်းထားသည် ထက်စော၍ ရောက်ရှိလာခဲ့လေသည်။
ယောင်ရန်သည် လှေကားထစ်တွင် ရပ်ကာ အပြင်ဘက်မှ ရွာသွန်းနေသော မိုး နှင့် ပတ်ဝန်းကျင်ကို ဖျက်ဆီးနေသော မုန်တိုင်း ကို ကြည့်နေမိသည်။ လှေကားထစ် ပတ်လည်ရှိ ထူထဲသော လေးထပ်မှန် နှင့် သတ္တုလက်ရန်းများ က အသံများကို တိတ်ဆိတ်စေသည်။ သို့သော် မိုးခြိမ်းသံ မှိန်ဖျဖျ နှင့် မိုးရေများက မှန်ကို ထိမှန်သော အသံကြောင့်ပင် သူမ စိတ်ဓာတ်ကျ သလို ခံစားနေမိသည်။
တစ်ညတည်းဖြင့် လမ်းများ ရေလွှမ်းမိုးကာ ယာဉ်များစွာ ရေနစ်မြုပ်ခဲ့ရပြီး ရေလျှံခြင်းက နိမ့်သော နေရာများကို မျောပါစေခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းနေခြင်းက သူမ၏ မြင်ကွင်းကို ပိတ်ဆို့ထားသဖြင့် ယောင်ရန်သည် အပြင် ဘက်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူမသည် သူမ၏ နေရာလွတ်ထဲမှ စစ်သုံးမှန် ပြောင်းကို ယူလိုက်ပြီး ကြည့်သည့်အခါမှ ပိုမို ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။
နံနက် ခုနစ်နာရီ သာ ရှိသေးသော်လည်း အပြင်ဘက် ကောင်းကင်သည် မှိုင်းညို့မှောင်မဲ နေလျက်ရှိ သည်။ ယောင်ရန် သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကောင်းကင်သည် ပိုမို မှောင်မဲ လာသည်ကို တွေ့လိုက်ရသည်။ ရေမျက်နှာပြင်သည် ဆက်လက် မြင့်တက်လာပြီး မှောင်မဲသော တိမ်တိုက်များ က ပို၍ ပြိုဆင်းလာခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ရေဝဲတစ်ခု ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်နေသည် ကို မြင်လိုက်ရရာ သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ရေဝဲ သည် လျင်မြန်စွာ လည်ပတ်နေပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံး၊ မိုးရေ၊ သစ်ပင်၊ ကားများ ကို ဆွဲစုပ်နေပြီး ထို မှောင်မဲ သော ရေဝဲထဲသို့ ကမ္ဘာကြီးကိုပင် မျိုချလိုဟန်ရှိနေသည်။
"လေဆင်နှာမောင်းလား…။ ဘာဖြစ်လို့ ဒီနေရာမှာ လေဆင်နှာမောင်းက ရုတ်တရက် ပေါ်လာတာလဲ…။"
သူမသည် ထိတ်လန့်ခြင်း၊ အံ့ဩခြင်းများစွာဖြင့် ရေရွတ်လိုက်မိသည်။
ယောင်ရန် သည် မှန်ပြောင်း ကို သူမ၏ လက်ချောင်းများ ဖြူဖွေး သွားသည်အထိ တင်းတင်း ဆုပ်ကိုင် ထားသော်လည်း လေဆင်နှာမောင်းမှ မျက်လုံးအကြည့်ကို ဖယ်ရှားရနိုင်ပေ။ သူမ တွေးနေစဉ်တွင် လေဆင်နှာမောင်း သည် ကုန်းကျော်တံတားတခုကို ဖြတ်တောက်လိုက်လေသည်။
လေဆင်နှာမောင်း ဒဏ်ခံနေရစဉ် လျှပ်စီးများက သစ်ပင်များကို ထိမှန်ပြီး မီးလောင်ကျွမ်းမှုများ စတင် နေသော်လည်း မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် မီးများ လျင်မြန်စွာ ငြိမ်းသွားခဲ့သည်။
လေဆင်နှာမောင်းသည် အဆောက်အအုံများနှင့် လမ်းများကို ဖျက်ဆီးနေသည်ကို ကြည့်ရင်း ယောင်ရန် ၏ စိတ်ထဲတွင် လျင်မြန်စွာ လည်ပတ်နေသည်။ သူမ၏ ယခင်ဘဝက အရာအားလုံးကို ပြန်အမှတ်ရရန် ကြိုးစားသော်လည်း ကျွင်းချန်မြို့ တွင် လေဆင်နှာမောင်း ဖြစ်ခဲ့သည်ကို မမှတ်မိပေ။
သူမသည် မှန်ပြောင်းကို ချလိုက်ပြီး သူမ၏ မျက်လုံးများ လင်းလက်သွားသည်။
"ငါ့ရဲ့ ပြန်လည်မွေးဖွားခြင်းက အရာအားလုံးကို တစ်ခြားနည်းနဲ့ ဖြစ်လာစေတာလား….။"
သူမ အတွေးလွန်နေစဉ် သူမ၏ ဖုန်း သည် တုန်ခါနေခဲ့သည်။ သူမ အိတ်ကပ်ထဲမှ ထုတ်လိုက်ရာ ရပ်ရွာ ချက်တင်အဖွဲ့ တွင် အကြောင်းကြားချက် ကိုးဆယ့်ကိုးခု ကျော် ရှိနေသည်ကို တွေ့ရသည်။
အဖွဲ့ထဲမှ လူများ ပြောနေသည်ကို မြင်သောအခါ ယောင်ရန် သည် ရပ်ရွာချက်တင်အဖွဲ့ ကို အသံပိတ် ထားလိုက်ပြီး ချက်ပြုတ်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။ ဓာတ်ငွေ့ နှင့် ရေမပြတ်တောက်မီ သူမ သည် ချက်ပြုတ်ပြီးသား အစားအစာများ ကို ပိုမို စုဆောင်းထားရပေမည်။
သူမ၏ မှတ်ဉာဏ်များအရ မုန်တိုင်းတိုက်ပြီး ငါးရက် အကြာတွင် နိုင်ငံတစ်ဝှမ်း လျှပ်စစ်၊ ဓာတ်ငွေ့ နှင့် ရေ ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။ ဤပြတ်တောက်မှုများသည် ဆယ်ရက်ကျော် ကြာခဲ့ပြီးမှ နာရီ အနည်းငယ်သာ ပြန်လည်ရရှိခဲ့သည်။
လူတိုင်း ပျော်ရွှင်နိုင်ခြင်းမရှိမီ လျှပ်စစ်၊ ဓာတ်ငွေ့ နှင့် ရေ တို့သည် နောက်တစ်ကြိမ် ပြတ်တောက်သွား ပြီး ပြန်လည်ချိတ်ဆက်နိုင်ခြင်း မရှိတော့ပေ။ ၎င်းသည် ကမ္ဘာပျက်ခြင်း၏ အစပင် ဖြစ်သည်။
သို့သော် သူမ ပြန်လည်မွေးဖွားခြင်း မှစ၍ မတူညီသော အရာများ ဆက်တိုက် ဖြစ်ပျက်နေသောကြောင့် ယောင်ရန် သည် နောင်တွင် ဘာဖြစ်လာမည်ကို သေချာမသိနိုင်တော့ပေ။ သူမ၏ မှတ်ဉာဏ်များသည် ယေဘုယျ လမ်းညွှန်ချက် ကိုသာ ပေးနိုင်သော်လည်း နောင်တွင် ဘာဖြစ်မည်ကို ကြိုတင်ခန့်မှန်းရန် မသုံးနိုင်တော့ပေ။
ဘီယာဘဲသား၊ ကြက်ခြေထောက်ပေါင်း၊ ဆိတ်သားပေါင်း၊ ဝက်သားသုံးထပ်သားပေါင်း နှင့် အမဲသား ပေါင်း အတွက် ပါဝင်ပစ္စည်းများကို ထုတ်ယူပြီးနောက် ယောင်ရန်သည် ချက်ပြုတ်ခြင်းကို စတင်လိုက် သည်။
ပေါင်းထားသော အစားအစာများ၏ အနံ့ သည် အလွန်ပြင်းထန်ပြီး သူမ လုပ်နိုင်သမျှ ပိုမိုပြင်ဆင်နိုင်ရန် စီစဉ်ထားသည်။ အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် မိုးရေ က သူမ၏ ချက်ပြုတ် နေသောအနံ့ ကို အားပျော့ စေလိမ့်မည်။
ထို့အပြင် ကမ္ဘာပျက်ခါစ တွင် လူများတွင် အစားအစာ နှင့် ရိက္ခာ များ ရှိနေသေးသောကြောင့် သူမ၏ အိမ်တွင် ချက်ပြုတ်ခြင်းသည် လုံခြုံပေသည်။ အိမ်တိုင်းတွင် ရိက္ခာများ ကုန်သွားသောအခါ ပြဿနာ များ ရှောင်ရှားရန် ယောင်ရန်သည် နေရာလွတ်ထဲတွင် ချက်ပြုတ်မည် ဖြစ်သည်။
နာရီပေါင်းများစွာ ချက်ပြုတ်ခြင်းကို လုပ်ဆောင်ပြီးနောက် ယောင်ရန်သည် စားချင်စိတ် မရှိတော့ပေ။ နေ့လယ်စာအတွက် သူမ ကြက်ဥပြုတ် နှင့် ခရမ်းချဉ်သီး ခေါက်ဆွဲတစ်ပန်းကန်ကိုသာ ပြုလုပ်၍ စားခဲ့ လိုက်သည်။
အခန်း (၃၀) မရိုးရှင်းဘူး
ယောင်ရန်သည် မီးဖိုခေါင်းတိုင်ကို ပိတ်ကာ အမှိုက်များကို သိမ်းဆည်းပြီးနောက် အခန်းတံခါး၏ အပြင် ဘက်တွင် ချထားလိုက်သည်။ တံခါးပြန်ပိတ်ခါနီးတွင် အခန်း (၂၀၀၁) မှ ကလေးငယ်တစ်ဦး၏ တိုးလျ စွာ ရှိုက်ငိုသံကို သဲ့သဲ့ ကြားလိုက်ရသည်။ သူမသည် ပညာသင်ဆုဖြင့် ဟိုင်ချန်မြို့ ဆေးတက္ကသိုလ်တွင် နှစ်နှစ် တက်ရောက်ခဲ့ပြီး ယခင်ဘဝက ဆေးပညာ အတွေ့အကြုံများကြောင့် ထိုကလေး၏ငိုသံသည် မူမမှန်ကြောင်း ချက်ချင်းသိလိုက်သည်။
ခဏတာမျှ ရပ်တန့် စဉ်းစားပြီးနောက် သူမက သူတစ်ပါးကိစ္စတွင် ဝင်မစွက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူမ ပြန်လှည့်မည် အပြုတွင် အခန်း (၂၀၀၁)၏ တံခါးသည် ရုတ်တရက် ပွင့်လာခဲ့လေသည်။ ထိတ်လန့်တကြား၊ မျက်လုံးနီရဲနေသည့် ကျိုးရွေလင်း ၏ မျက်နှာကို မြင်လိုက်ရသောအခါ ငိုနေသည့် ကလေးသည် သူမ၏ ရင်သွေးဖြစ်ကြောင်း သိလိုက်သည်။ ယောင်ရန်သည် တံခါးကိုပြန်ပိတ်ရန် ပြင် လိုက်စဉ်တွင် ကျိုးရွေလင်းက သူမကို မြင်သွားခဲ့သည်။
ယောင်ရန်ကို မြင်လိုက်သည်နှင့် ကျိုးရွေလင်း၏ မျက်ဝန်းများတွင် မျှော်လင့်ချက်အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။ သူမသည် အလျင်အမြန် ပြေးလာခဲ့ပြီး မျက်ရည်များကို သုတ်ကာ၊ တိမ်ဝင်နေ သော အသံဖြင့် ယဉ်ကျေးစွာ အကူအညီ တောင်းခံလိုက်သည်။
"တောင်းပန်ပါတယ် အစ်မရယ်။ ကူညီပါဦး။ သားလေး ဖျားနေတာ နှစ်ရက်ရှိပြီ။ မိုးကြီးတာ၊ ရေကြီး တာ တွေကြောင့် ဆေးရုံမပြနိုင်ဘူး ဖြစ်နေလို့ပါ…။"
ယောင်ရန် သည် ခဏမျှ စူးစမ်းစွာ ကြည့်ပြီးနောက် သိချင်စိတ်ဖြင့်မေးလိုက်သည်၊
"ကလေးအဖေက ဘယ်မှာလဲ…။"
ကျိုးရွေလင်း ကလက်အုပ်ချီရင်း ရှိုက်သံဖြင့် ပြောပြသည်၊
"ကျွန်မယောက်ျားက မီးသတ်သမား ပါ။ ပြန်မလာတာ ရက်အတော်ကြာပါပြီ…။“
ယောင်ရန်က သူမ၏ တုန်ရီနေသော လက်များကို ကြည့်ကာ
"ကျွန်မက ဟိုင်ချန်မြို့ တက္ကသိုလ်က ဆေးကျောင်းသူပါ။ ရှင့်သားကို စစ်ဆေးကြည့်ပေးလို့ ရပေမယ့် အာမခံချက်တော့ မပေးနိုင်ဘူး…။"
ထိုစကားကြားသော် ကျိုးရွေလင်း သည် လျင်မြန်စွာ ဦးညွှတ်လိုက်ပြီး
"ကျေးဇူးအများကြီး တင်ပါတယ်ရှင်…။" ဟု ရိုးသားစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ယောင်ရန် က ဦးညွှတ်ခြင်းကို တားမြစ်လိုက်ပြီး ၊
"ဒီမှာ ခနစောင့်ပါ။ ကျွန်မ ဆေးအိတ် သွားယူလိုက်ပါဦးမယ်….။”
ပြောပြီးနောက် တံခါးပိတ်၍ သူမ၏ အခန်းသို့ ဝင်သွားသည်။ ပြန်ထွက်လာသောအခါ ကျိုးရွေလင်း ကို မတွေ့ရတော့ပေ။
အခန်း( ၂၀၀၁) တံခါးပွင့်နေသည်ကို မြင်သောကြောင့် ယောင်ရန်သည် သူမ၏အခန်းတံခါးကို သော့ခတ် ခဲ့ပြီး ထိုတိုက်ခန်းဆီသို့ လျှောက်သွားခဲ့သည်။ တိုက်ခန်းအတွင်းသို့ ရောက်သည်နှင့် အိပ်ခန်းတစ်ခန်းမှ
"ရှုရှု…သားလေး၊ ဘာတွေ ဖြစ်နေတာလဲ သားရယ်။ အမေ့ကို စိတ်မပူအောင် မလုပ်ပါနဲ့…။ ရှုရှု…။" ဟူသော ကျိုးရွေလင်း ၏ တုန်ယင်စွာပြောနေသည့် အသံကို ကြားလိုက်ရသည်။
တစ်ခုခု ဖြစ်နေသည်ကို ရိပ်မိသော ယောင်ရန်သည် အလျင်အမြန် သွားရောက်ကြည့်ရှုရာ ကလေးငယ် တက်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး အိပ်ရာနား သို့ လျှောက်သွားကာ ငွေအပ်တစ်စုံကို ထုတ်ယူလိုက်သည်။
လက်ချောင်းများကြားတွင် ငွေအပ်ကိုကိုင် ပြီး ကလေး၏ ရွှေကော် နှင့် ရဲန်ကျုံး အပ်စိုက်မှတ်များတွင် ချက်ချင်း ထိုးသွင်း လိုက်သည်။ အပ်များကို လှည့်၍ လှုပ်ရှားပေးလိုက်သောအခါ တက်နေခြင်းသည် တဖြည်းဖြည်းခြင်း ရပ်တန့် သွားပြီး ကလေး ၏ အသက်ရှူနှုန်း တည်ငြိမ်သွားလေသည်။
ငွေအပ်ကို ပြန်ထုတ်ပြီးနောက် အံ့အားသင့်နေသော ကျိုးရွေလင်းကို ကြည့်ကာ ယောင်ရန်က မေးလိုက် သည်၊
"ကလေးက အဖျား အရမ်းကြီးနေတယ်။ အမြန်ဆုံး အဖျားချဖို့လိုတယ်။ အိမ်မှာ ကလေးအဖျားကျ ဆေး ရှိသေးလား…။"
သတိပြန်ဝင်လာသော ကျိုးရွေလင်းက အမြန်ပြန်ဖြေလိုက်သည်။
"နည်းနည်း ကျန်ပါသေးတယ်…။"
ယောင်ရန် က ခေါင်းညိတ်ပြီး ညွှန်ကြားလိုက်သည်။
"ကောင်းပြီ။ ဆေးညွှန်းအတိုင်း တိုက်ပါ၊ ဆန်ပြုတ် နည်းနည်း ခွံ့ကျွေးပါ။ ပြီးရင် ကိုယ်အပူချိန်ကျဖို့ ရေပတ်ဝတ်နဲ့ ကိုယ်ကို သုတ်ပေးပါ…။”
ကျိုးရွေလင်း သည် ယောင်ရန် ပြောသမျှကို မှတ်မိအောင် ကြိုးစားရင်း ခေါင်းကို ဆက်တိုက် ညိတ်နေခဲ့ သည်။ စိတ်အေးသွားသောအခါ သူမသည် ယောင်ရန် ၏ လက်များကို ကိုင်ထားပြီး မျက်ရည်များဖြင့် ရှိုက်ကြီးတငင် ကျေးဇူးတင်စကား ဆိုခဲ့သည်။
"ကျေးဇူးတင်လိုက်တာ၊ အစ်မရယ်။ အစ်မသာ မရှိရင်... အစ်မသာ မရှိရင် ကျွန်မသားလေး ဘယ်လို များ ဖြစ်သွားမလဲမသိဘူး….။"
ယောင်ရန်သည် လူတို့၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်တွေ့ကြုံခဲ့ရဖူးသောကြောင့် သူမ၏ နှလုံးသား သည် အချိန်အတော်ကြာ အေးစက်နေခဲ့သည်။
သားသမီးအတွက် အသည်းအသန် ကြိုးစားနေသော မိခင်တစ်ဦးကိုမူ သူမ လျစ်လျူမရှုနိုင်ခဲ့ပေ။ ဤ အခြေအနေက သူမအကူအညီ လိုအပ်စဉ် မည်သူမျှ လက်ကမ်းမပေးခဲ့သည့် ခံစားချက်ကို ပြန်လည် သတိရစေခဲ့သည်။ သူမသည် ကျိုးရွေလင်း ၏ လက်ထဲမှ သူမ၏ လက်ကို ဆွဲထုတ်လိုက်ပြီး၊
"ဒီလောက်လေးပဲ ကူညီနိုင်တာပါ…။" ဟုပြောကာ အဖြေကို မစောင့်တော့ဘဲ ထွက်ခွာလာခဲ့သည်။
အခန်း (၂၀၀၁) မှ ထွက်လာစဉ် အခန်း( ၂၀၀၂) ပိုင်ရှင်နှင့် ဆုံမိသည်။ မိုးကာအင်္ကျီနှင့် ရေစိုနေသော ဆံပင်ကို မြင်သောအခါ ယောင်ရန် ၏ မျက်လုံးများ တစ်ချက် လင်းလက်သွားပြီး တွေးလိုက်မိသည်၊
*အပြင်မှာ လေဆင်နှာမောင်း၊ စူပါတိုင်ဖွန်း မုန်တိုင်းတွေ တိုက်ခတ်နေချိန်မှာတောင် သူ ထွက်သွားနိုင် သေးတယ်။ ဒီလူဟာ တကယ်ပဲ ရိုးရှင်းမနေဘူး…။*
သူတို့နှစ်ဦး ခဏမျှ အကြည့်ချင်း ဆုံပြီးနောက် ယောင်ရန် သည် နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြ ကာ သူမ၏ တိုက်ခန်းသို့ ပြန်လာခဲ့သည်။ သူမ အခန်းထဲပြန်ဝင်သွားစဉ် ထိုလူ၏ မျက်လုံးများက သူမ ကို လိုက်ကြည့်နေခဲ့သည်။ ယောင်ရန်သည် တံခါးကို သော့ခတ်လိုက်သည်ကို မြင်သောအခါ ထိုသူသည် လည်း သူ၏အခန်းသို့ ပြန်ဝင်သွားခဲ့သည်။
အိမ်ပြန်ရောက်ပြီးနောက် ယောင်ရန်သည် ဆေးအိတ်ကို သိမ်းဆည်းကာ အိပ်ခန်းထဲရှိ အိပ်ယာ၊ ဧည့်ခန်းရှိ ဆိုဖာနှင့် မီးဖိုချောင်မှလွဲ၍ ကျန်ရှိသော အိမ်ရှိပစ္စည်းအားလုံးကို သူမ၏ နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်လေသည်။
အပူချိန်သည် ဆက်လက် ကျဆင်းနေသောကြောင့် အိပ်ခန်းတွင်သာ အပူပေး စနစ် တပ်ဆင်ထား သည့်အတွက် ထွက်ပြေးရမည့် အခြေအနေမျိုးတွင် အထုပ်အပိုး မပိုက်ရလေအောင် ကြိုတင်ပြင်ဆင် ထားခြင်းပင် ဖြစ်သည်။
ကမ္ဘာပျက်သည့်နောက်ပိုင်း အသက်ဆုံးရှုံးရန် လွယ်ကူလွန်းသော ကြောင့် ကြိုတင်ကာကွယ်ထားခြင်း ကသာ အကောင်းဆုံးဖြစ်သည်ဟု သူမ ယူဆမိသည်။
ယခုအခါ မာစတာအိပ်ခန်း နှင့် မီးဖိုချောင်မှလွဲ၍ အရာအားလုံး လွတ်နေသော တိုက်ခန်းကို ကြည့်ကာ ယောင်ရန်သည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စိုက်ပျိုးရန် ဆုံးဖြတ်လိုက်သည်။ ဤသည်က သူမအား စိုးရိမ်စိတ်မှ အာရုံပြောင်းစေရန် အချိန်ဖြုန်းခြင်းအပြင် သူမ၏ နေရာလွတ်ထဲမှ စားစရာများ ကို ပေါ်ပေါ်ထင်ထင် စားသုံးနိုင်မည့် တရားဝင် အကြောင်းပြချက် တစ်ခုလည်း ဖြစ်စေသည်။
သူမ၏ စွမ်းရည် နိမ့်ကျနေခြင်း၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် နောက်ခံအင်အား မရှိခြင်းတို့ကြောင့်၊ လက်နှစ်ဖက်က ခြေလေးချောင်းနဲ့ မယှဉ်နိုင်၊ ဟူသော စကားအတိုင်း သတိထား လုပ်ဆောင်ခြင်းနှင့် သိုသိုသိပ်သိပ် အနေအထားဖြင့် နေထိုင်ခြင်း သည်သာ သူမ၏ တစ်ခုတည်းသော ရွေးချယ်မှုပင် ဖြစ်လေသည်။