ဂိုဏ်းတူမောင်လေး ၊ ဒီတစ်ကြိမ်တော့ ကာကွယ်ပေးပါ
Vol. 24 Ch. 333
အခန်း (၃၃၃) ဂိုဏ်းတူမောင်လေး ၊ ဒီတစ်ကြိမ်တော့ ကာကွယ်ပေးပါ
ကျန်းလန်သည် နေ့ဘက်တွင် အစီအရင်ပြုလုပ်ပြီး ညဘက်တွင် ကျင့်ကြံလေသည်။ယခင် နဝမတောင်ထွတ်တွင်နေထိုင်စဉ်က လုပ်ရိုးလုပ်စဉ်အတိုင်းပင် ကျန်းလန်က ဆက်လက်ပြုလုပ်နေခြင်း ဖြစ်၏။
အချိန် (၅)နှစ် ကုန်ဆုံးခဲ့ပြီးနောက် အပြင်ပိုင်းအလွှာအစီအရင် ပြီးစီးသွားခဲ့ပြီး အတွင်းပိုင်းအလွှာအစီအရင်ကို စတင်တည်ဆောက်သည်။
ထိုအတွင်းပိုင်းအလွှာအစီအရင်က လုန်ယွိ၏သွေးကို အသုံးပြုပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။
အစီအရင် တည်ဆောက်ပြီးစီးသည့်တိုင် လုန်ယွိ၏သွေးမရှိလျှင် အစီအရင်က အစွမ်းထက်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရင်ဆိုင်ရသည့်အချိန်တွင် အန္တရယ်ရှိနိုင်သည်။
ထို့ကြောင်း ကျန်းလန်က အတွင်းပိုင်းအလွှာအစီအရင်ကို ခပ်ဖြည်းဖြည်းနှင့် နှေးနှေးသာ ပြုလုပ်ခဲ့သည်။ အစီအရင်က ကျောက်စိမ်းရေကန်နှင့်နီးကပ်လာလေ သတိထားရန် ပိုမိုလိုအပ်လေ ဖြစ်သည်။
ကျောက်စိမ်းရေကန်၏ တန်ခိုးစွမ်းအားများက ရေထဲတွင်သာမက မြေဆီလွှာထဲတွင်ပါ ရှီနေသည်။ သို့သော် ရေထဲမှ တန်ခိုးစွမ်းအားလောက်တော့ တည်ငြိမ်ခြင်း မရှိပေ။
သို့သော် အစီအရင်တည်ဆောက်ခြင်း ပြီးဆုံးသွားသည်နှင့် ထိုတန်ခိုးစွမ်းအား မတည်ငြိမ်ခြင်းအတွက် စိတ်ပူစရာ မလိုတော့ပေ။ အစီအရင်က အလိုအလျောက်ပျက်စီးခြင်းမှာ ကာကွယ်ရန် သူ့ကိုယ်သူ ချိန်ညှိပေးမည် ဖြစ်သည်။
ထိုအဆင့်ထိရောက်အောင် ပြုလုပ်ရန်အတွက် နောက်ထပ် (၅)နှစ်ခန့် အချိန်ယူရမည် ဖြစ်သည်။
လုန်ယွိကတော့ ကျောက်စိမ်းရေကန်ထဲတွင် ကျင့်ကြံလျှက် ရှိသည်။ ကျန်းလန်က သူမကို လုံး၀ ခိုးမကြည့်ခဲ့ပေ။ ပေါ်တင်သာ ကြည့်ခဲ့ခြင်း ဖြစ်သည်။
အချိန် (၁၀)နှစ်လုံးလုံး လုန်ယွိသည် နိုးထလာခဲ့ခြင်း မရှိသလို အနေအထိုင် ပြောင်းလဲခဲ့ခြင်းလည်း မရှိပေ။
သူမ ရေထဲတွင်သာ ဒူးကို လက်နှစ်ဖက်ဖြင့်ပိုက်ပြီး ခွေနေခဲ့သည်။ သို့သော် သူမ၏ တန်ခိုးစွမ်းအားအတက်အကျများက အရင်ကထက်ပိုမို ဖြစ်ပေါ်လျှက် ရှိသည်။
သူမ၏တန်ခိုးစွမ်းအားက မရှိမှုအာကာသ ၊ အောင်မြင်သည့်အဆင့်သို့ ရောက်ရှိသွားခဲ့၏။ အင်မော်တယ်ဖြစ်ရန်အတွက် အလွန်နီးကပ်နေပြီ ဖြစ်သည်။
နောက်ထပ် အနှစ် (၂၀)တွင် သူမ အင်မော်တယ် ဖြစ်လာနိုင်သည်။ သို့ဖြစ်ရာ သူက အစီအရင်ကို အချိန် (၅)နှစ်မှ (၁၀)နှစ်အတွင်း အပြီးပြုလုပ်ရမည် ဖြစ်၏။
"ငါ အရှိန်မြှင့်ပြီး လုပ်ရမယ်"
နောင်အနှစ် (၂၀)လောက်ဆိုလျှင် ကျင့်ကြံခြင်းအဆင့်တက်ရန် လုန်ယွိ အဆင်သင့်ဖြစ်ပေတော့မည်။
သူမသည် အခြေခံကောင်းသည့် နဂါးတစ်ကောင်ဖြစ်လေရာ အရွယ်ရောက်လာလေ ကျင့်ကြံခြင်းအဆင့်တက်ခြင်းက လျှင်မြန်လာလေ ဖြစ်ပေလိမ့်မည်။
သူမ အဆင့်တက်သည့်အချိန်တွင် အစီအရင် မပြီးဆုံးသေးပါက သူမကို စိတ်ပျက်စေမည် ဖြစ်သလို အစီအရင်က စောလျင်စွာ ပြီးဆုံးနေ၍လည်း မဖြစ်ပြန်ပေ။
ဤအစီအရင်က လုန်ယွိအတွက် များစွာ အထောက်အကူဖြစ်ကြောင်း သေချာစေရန် စမ်းသပ်ခြင်းနှင့် ပြန်လည်ချိန်ညှိခြင်းများကိုလည ်ပြုလုပ်ရန် လိုအပ်သေးသည်။
ပြီးတော့ လုန်ယွိကိုယ်တိုင်သည်လည်း အစီအရင်က သူမကို မည်သို့ ထောက်ပံ့ပေးနိုင်ကြောင်းနှင့် မည်သို့အသုံးပြုရမည်ကို သိရှိရဦးမည် ဖြစ်၏။
မဟုတ်ပါက ထိုအစီအရင်က အလကားဟန်ပြသက်သက်သာ ဖြစ်ပေလိမ့်မည်။
ကျန်းလန်က အတွင်းပိုင်းအလွှာအစီအရင်ပြုလုပ်ခြင်းကို အရှိန်မြှင့်တင်လိုက်သော်လည်း စေ့စပ်သေချာမှုလျော့နည်းမသွားအောင် အလေးထားခဲ့သည်။
ထို့ကြောင့် ကျန်းလန်မှာ ညအချိန်တစ်ဝက်ခန့်အထိ မကျင့်ကြံနိုင်သေးဘဲ အစီအရင်နှင့်ပတ်သက်သည့် စာအုပ်များကို ဖတ်ရှုနေခဲ့ရသည်။ သို့မှသာ အစီအရင်များအကြောင်း ပိုမိုနားလည်မည် မဟုတ်ပါလား။
***
ထိုသို့ဖြင့်…
နောက်ထပ်အချိန် (၅)နှစ် ထပ်မံကုန်ဆုံးသွားလေသည်။
ကျန်းလန် ကျောက်စိမ်းရေကန်အစွန်းတွင် မတ်တတ်ရပ်လျှက် အစီအရင်ကို ကြည့်နေ၏။ အစီအရင်က ပြီးလုနီးပြီ ဖြစ်ပြီး လက်စသတ်ရန်သာ ကျန်ရှိတော့သည်။
"အရမ်းကောင်းတယ် ၊ နောက်နှစ်ဆိုရင် ဒီအစီအရင်ကို အဆုံးသတ်နိုင်တော့မယ် ၊ ဂိုဏ်းတူအစ်မ ကျင့်ကြံရာကထွက်လာရင် အကုန်အသင့်ဖြစ်နေပြီ"
ပြဿနာတစ်ခုကို ကျန်းလန် စဉ်းစားလိုက်မိသည်။
အစီအရင်ပြီးသွားသည့်အခါ လုန်ယွိ ကျင့်ကြံရာမှ ထွက်မလာသေးလျှင် သူမ ထွက်လာသည်အထိ စောင့်ရမည်လား ၊ သို့မဟုတ် အရင် ပြန်သွားနှင့်ရမည်လား။
ရေကန်ထဲတွင် ရှိနေသည့် လုန်ယွိကို ကျန်းလန် လှမ်းကြည့်လိုက်သည်။ သူမ ထွက်လာသည့်အချိန်ထိ စောင့်နေသင့်သည်ဟု ခံစားလိုက်ရ၏။
လုန်ယွိ ကျင့်ကြံခြင်းပြီးဆုံး၍ ရေကန်ထဲမှ ထွက်လာသည့် မြင်ကွင်းကိုလည်း သူတစ်ခါမှ မတွေ့မြင်ဖူးဘူး မဟုတ်လား။ အရင်ကတော့ သူ ကျင့်ကြံရာမှ ထွက်လာလေတိုင်း ပထမဆုံးတွေ့မြင်ရသူမှာ ရှောင်ယွိ ဖြစ်နေတတ်လေသည်။
နောက်တစ်နှစ်တွင်တော့…
အစီအရင်က အပြည့်အဝပြီးဆုံးသွားပြီ ဖြစ်သည်။
ဤနှစ်က ကျန်းလန် ကျောက်စိမ်းရေကန်သို့ရောက်သည်မှာ (၁၆)နှစ်ပြည့်သည့်နှစ် ဖြစ်၏။
ယခင်က နောက်ထပ် (၁၄)နှစ်ဆိုလျှင် လုန်ယွိ အင်မော်တယ်အဖြစ် အဆင့်တက်ရန် အဆင်သင့်ဖြစ်နေလောက်ပြီဟု သူ ခန့်မှန်းခဲ့သည်။
သို့သော် ယခုတော့ သူမ နောက်ထပ် (၉)နှစ်ဆိုလျှင် အဆင့်တက်နိုင်မည် ဖြစ်သည်။
ကံကောင်းထောက်မစွာ အစီအရင်က အချိန်မီပြီးစီးခဲ့သည်။
ယခုနှစ်တွင် ကျန်းလန် ဂိုဏ်းထဲသို့ရောက်သည်မှာ (၄၅၁)နှစ်ကြာခဲ့ပြီဖြစ်ပြီး အများအမြင်တွင် အင်မော်တယ်အဖြစ်အဆင့်တက်ရန် ခြေတစ်လှမ်းပိုနီးလာခဲ့ပြီ ဖြစ်သည်။
သူ၏ အစစ်အမှန် ကျင့်ကြံခြင်းသည်လည်း ယခုနှစ်များအတွင်း သိသိသာသာ တိုးတက်လာခဲ့သည်။
ကျောက်စိမ်းရေကန်အစွန်းတွင် ကျင့်ကြံနေရခြင်းက ငရဲတံခါးတွင် ကျင့်ကြံရခြင်းထက် လျော့နည်းခြင်း မရှိပေ။ ပို၍ပင် ကောင်းသေးသည်ဟု ဆိုနိုင်သည်။
ကျောက်စိမ်းရေကန်မှ တန်ခိုးစွမ်းအားများကြောင့် လုန်ယွိ ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာ မြင့်တက်လာသည်မှာ အံ့သြစရာမဟုတ်ပေ။ သူမ၏ တန်ခိုစွမ်းအားများသည်လည်း သာမန်နဂါးတစ်ကောင်ထက် ပိုမိုပြင်းထန်နေသည်။
အစီအရင်ပြီးဆုံးသွားသည့်နောက် ကျန်းလန်က လုန်ယွိ ကျင့်ကြံရာမှ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ ထိုအချိန်ကာလအတွင်း သူက နဝမတောင်ထွတ်တွင် နေထိုင်စဉ်ကကဲ့သို့ပင် ဆက်လက်ကျင့်ကြံခဲ့သည်။
နေ့ဘက်တွင် စာဖတ်လေ့ရှိပြီး ညဘက်တွင် ကျင့်ကြံလေသည်။
သို့သော် အစီအရင်နှင့်ပတ်သက်သည့် စာအုပ်များသာ ရှိသဖြင့် တစ်ခါတစ်ရံ ခွန်လွန်တောင်တန်းကြီးကို ကြည့်ရှုရင်း လောကကြီး၏တန်ခိုးစွမ်းအားများကို နားလည်ရန် ကြိုးစားသည်။
ထိုသို့ပြုလုပ်ခြင်းက မဟာတာအိုကိုနားလည်ရန် ကူညီပေးနိုင်၏။
"သားရဲဥလေးနဲ့ ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်လောင်းမပေးရတာတောင် အတော်ကြာနေပြီ"
ကျန်းလန် ရုတ်တရက် ထိုအရာလေးများကို သတိရသွားသည်။
သူတစ်ယောက်တည်း ကျင့်ကြံသည့်အခါတိုင်း ရှောင်ယွိက ထိုအရာလေးများကို ဝိညာဉ်ဆေးရည်များ လောင်းပေးလေ့ ရှိသည်။
ယခု သူရော ရှောင်ယွိပါ ကျောက်စိမ်းရေကန်တွင် ရောက်နေသည်ဖြစ်ရာ ဆရာဖြစ်သူက ထိုအရာလေးများကို ဝိညာဉ်ဆေးရည် လောင်းပေးမည်လား ၊ လောင်းမပေးဘူးလားဆိုသည်က မသေချာပေ။
ဘာပဲဖြစ်ဖြစ် ထိုအရာလေးများ ယခုအချိန်ထိ အသက်ရှင်နေသေးသည်ဖြစ်ရာ ယခုအချိန်ကိုလည်း ဖြတ်ကျော်နိုင်ပေလိမ့်မည်။
ထို့နောက် ကျန်းလန် စတင် ကျင့်ကြံလိုက်သည်။
သူက အလျင်လိုခြင်းမရှိဘဲ ရုပ်ခန္ဓာစွမ်းအားကို ဖြည်းဖြည်းချင်း အရှိန်မြှင့်လိုက်သည်။ သူ၏ အဆက်မပြတ် ကြိုးစားအားထုတ်မှုက သူ့ကို စိတ်မပျက်စေခဲ့ပေ။
သူ တစ်နေ့တခြား တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာခဲ့သည် မဟုတ်ပါလား။
မည်သည့်ရလဒ်မှ မရရှိသေးသော်လည်း ဤသည်မှာ သူ ယခု ကျင့်ကြံနေသည့် နည်းလမ်း ဖြစ်သည်။ သေးငယ်သည့် ကျင့်ကြံမှုလေးများသည် တစ်နေ့တွင် ရလဒ်ကောင်းတစ်ခုကို ဆောင်ကြဉ်းလာပေလိမ့်မည်။
ဤနည်းဖြင့် နှစ်ပေါင်း (၄၅၀) ကျော် ဖြတ်သန်းခဲ့သည်။
နှစ်အနည်းငယ် ကြာပြီးနောက်…
မျက်လုံများ မှေးမှိတ်ထားသည့် ကျန်းလန် ရုတ်တရက် နိုးထလာသည်။
သူက ခွန်လွန်တောင် ၊ အဓိကခန်းမဆောင် တည်ရှိရာနေရာသို့ လှမ်းကြည့်လိုက်သည်။
ထိုအချိန် အလင်းရောင်တန်းကြီးတစ်ခုက ကောင်းကင်ထက်သို့ ဖောက်ထွင်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်လျှက် ရှိသည်။
ထိုအလင်းတန်းကက ခွန်လွန်တောင်အဓိကခန်းမဆောင်အတွင်းမှ ထွက်ပေါ်နေသည့် အလင်းတန်းဖြစ်သည်။
"ဘာဖြစ်ပြန်ပြီလဲဟ"
ကျန်းလန် ရေရွတ်လိုက်သည်။
သူ လုန်ယွိကို စောင့်နေသည်မှာ အချိန် (၄)နှစ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။ ကျောက်စိမ်းရေကန်တွင် နေထိုင်သည်မှာ နှစ်ပေါင်း (၂၀) ရှိပြီ ဖြစ်၏။
ယခု လုန်ယွိ ကျင့်ကြံခြင်း ပြီးဆုံးရန် အချိန်တန်ပြီ ဖြစ်သည်။
ကျန်းလန် ကျောက်စိမ်းရေကန်အစွန်းသို့ လျှောက်လာပြီး လုန်ယွိကို ကြည့်လိုက်သည်။
လုန်ယွိမှာ ကျင့်ကြံခြင်းပြီးဆုံးသွားပြီး ရေမျက်နှာပြင်ထက် ထွက်ပေါ်လာတော့မည်ကို တွေ့လိုက်ရသည်။ နေမဝင်မီမှာပင် လုန်ယွိ၏ခန္ဓာကိုယ် လှုပ်ရှားလာပြီး ခေါင်းကိုမော့ကာ ကန်ရေပြင်ထက်ဆီတက်လာလေသည်။
ထို့နောက် သူမက ရေကန်စပ်တွင် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။
ကျောက်စိမ်းရေကန်မှ ရေများသည် လုန်ယွိ၏ခန္ဓာထက်မှ စီးဆင်းသွားပြီး အဝတ်အစားများကို စိုစွတ်ခြင်း အလျဉ်းမရှိပေ။
ထိုအချိန်တွင် ရှောင်ယွိသည် ကျောက်စိမ်းရေကန်နံဘေးတွင် သူမကိုကြည့်နေသော ကျန်းလန်ကိုတွေ့လိုက်ရသည့်အခါ ထိတ်လန့်သွားပြီး အလိုလို လှုပ်ရှားလိုက်မိသည်။
"ဖြန်း…"
သူမ ကျန်းလန်၏ ကျောကုန်းကို ရိုက်ချလိုက်ခြင်းပင်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေးက ကျွန်မကို ခိုးကြည့်နေတာပဲ ၊ အခု မိပြီ"
ကျန်းလန်က ရှောင်ယွိကို လှည့်ကြည့်လိုက်ပြီး သူ ခဏမျှ မှင်တက်သွားသည်။
ရှောင်ယွိမဟုတ်ဘဲ ရန်သူဖြစ်နေလျှင်တော့ သူ မှင်တက်နေမည် မဟုတ်ဘဲ တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်မည် ဖြစ်သည်။
"ဂိုဏ်းတူအစ်မ ၊ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်တော့မှာလား"
ကျန်းလန်က ခိုးကြည့်ခြင်းနှင့်ပတ်သက်သည့်အကြောင်းကို မပြောခဲ့ပေ။ သူက ခိုးကြည့်ခြင်းမဟုတ်ဘဲ ပေါ်တင်ကြည့်နေလေရာ ခိုးကြည့်သည်ဟု ဆိုနိုင်ပါမည်လား။
ရှောင်ယွိက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေး အစီအရင်တည်ဆောက်လို့ ပြီးသွားပြီလား"
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"အစီအရင်ပြီးသွားတာ (၄)နှစ်တောင် ကြာပြီ"
ရှောင်ယွိက ကျန်းလန်ကို မော့ကြည့်ရင်း…
"နောက်နှစ်နည်းနည်းလောက်ဆိုရင်တော့ ကျွန်မ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်တော့မယ် ၊ အင်မော်တယ် ဖြစ်သွားရင်တော့ ကျွန်မ ဂိုဏ်းတူမောင်လေးကို ကာကွယ်ပေးမယ်"
မိုးကောင်းကင်အင်မော်တယ်တစ်ယောက်၏ ရန်သူများကို ရင်ဆိုင်ပေးရန် စိတ်ကူးယဉ်နေသည့် ရှောင်ယွိကို ကျန်းလန်က စိုက်ကြည့်လိုက်သည်။
တကယ်တမ်းသာ ရင်ဆိုင်ရလျှင် ဒီနဂါးမယ်လေး သူ့အနောက်သို့ ဝင်ပုန်းနေမည်ပင်။
ထို့နောက် သူမက အရည်ထူထူဖြင့်ပင် ဆိုတော့သည်။
"ဂိုဏ်းတူမောင်လေး ၊ ရှင် ကျွန်မကို ဒီတစ်ကြိမ်တော့ ကာကွယ်ပေးပါ ၊ နောက်တစ်ခါကျ ကျွန်မ ရှင့်ကို ကာကွယ်ပေးပါ့မယ်"
"လက်စသတ်တော့ အဲဒီလိုမျိုးကိုး ၊ နဂါးတွေ တကယ့်ကို အရည်ထူတာပဲ"
ကျန်းလန်တွေးလိုက်သည်။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ ၊ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်မဆိုင်ခင် ဒီအစီအရင်ကို မင်းကိုယ်တိုင် ရင်းနှီးကျွမ်းဝင်အောင် လုပ်ထားသင့်တယ်"
ကျန်းလန်က ပြောရင်းဖြင့်ပင် ရှောင်ယွိကို အစီအရင်အတွင်းသို့ဝင်ရောက်ရန် လမ်းပြပေးပြီး အစီအရင်၏ အကျိုးသက်ရောက်မှုများအကြောင်း ကျန်းလန်က သူမကို ရှင်းပြသည်။
အပြင်ပိုင်းအလွှာအစီအရင်တွင် တိုက်ခိုက်စွမ်းအားနှင့် နဂါးပျံသန်းတန်ခိုးစွမ်းအားပါဝင်သည်။
အတွင်းပိုင်းအလွှာအစီအရင်ကတော့ ခုခံမှုကိုသာ အဓိကထား ပြုလုပ်ထားပြီး ကာကွယ်မှုဒိုင်းလွှား (၁၀၀) ပါဝင်သည်။
"စုစုပေါင်း မိုးကောင်းကင်စမ်းသပ်ခံရခြင်း (၉)ခု ရှိတယ် ၊ နဂါးပျံသန်းတန်ခိုးစွမ်းအားကို အသုံးပြုပြီး ပထမကနေ တတိယမြောက် မိုးကောင်းကင်စမ်းသပ်ခံရခြင်းအထိ ဂိုဏ်းတူအစ်မ ကာကွယ်နိုင်လိမ့်မယ် ၊ စတုတ္ထကနေ ဆဋ္ဌမအထိကတော့ အဲဒါတွေကို ပိတ်ဆို့ထားနိုင်ဖို့ ကာကွယ်မှုဒိုင်းလွှား (၁၀၀)ကို အသုံးပြုနိုင်တယ်"
"ဆဋ္ဌမမြောက်စမ်းသပ်ခံရခြင်းကနေ နောက်ပိုင်းအဆင့်တွေကတော့ အပြည့်အ၀ တားဆီးလို့ မရနိုင်ဘူး ၊ ဂိုဏ်းတူအစ်မ ကိုယ့်အားကိုယ်ကိုးရလိမ့်မယ်"
"ဘာပြဿနာမှာ မရှိပါဘူး ၊ တကယ်ဆိုရင် အစီအရင်မရှိဘဲနဲ့တောင် ဂိုဏ်းတူအစ်မက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်နိုင်ပါတယ် ၊ အစီအရင်က နည်းနည်းလေးလွယ်သွားအောင် ကူညီပေးရုံပဲ လုပ်ပေးနိုင်တာ"
ကျန်းလန်က ဆိုသည်။
ရှောင်ယွိက သူ့စကားကို ငြင်းခုံခြင်းမရှိဘဲ ခေါင်းညိတ်နားထောင်နေပြီး သူမ၏ နှုတ်ခမ်းလေးများကတော့ ပြုံးနေလေသည်။
ကျန်းလန်က သူမကို ချီးကျူးနေရုံသာမက သူမကို စကားတွေအများကြီးပြောနေသောကြောင့် သူမ ပျော်ရွှင်နေခြင်း ဖြစ်၏။
ပြီးတော့ ကျန်းလန်က သူမအတွက် အလုပ်တွေအများကြီး လုပ်ပေးခဲ့သည်ပဲ။ သူက သူမအတွက် အစီအရင်တစ်ခုကို ဆယ်စုနှစ်နှင့် ချီပြီး ပြုလုပ်ပေးခဲ့သည်။
ကျောက်စိမ်းရေကန်ကို စတင်လေ့လာခြင်းမှသည် အစီအရင်မည်သို့တည်ဆောက်ရမည်ကို စဉ်းစားခြင်းအလယ် ၊ ပစ္စည်းများစုစည်းပြီး နောက်ဆုံးအစီအရင်ပြုလုပ်ပြီးစီးသည်အထိ နှစ်ပေါင်း (၄၀)ကျော် အချိန်ကြာမြင့်ခဲ့သည်။
သို့သော် သူက သူမကို စိတ်သက်သာရာရစေရန်စကားများသာ ပြောခဲ့ပြီး ခက်ခဲမှုများအကြောင်း တစ်ခါမှ မပြောခဲ့ပေ။
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မ တစ်ခု ရှာတွေ့ထားတယ်"
ရှောင်ယွိက အစီအရင်ကို လေ့လာပြီးနောက် ကျန်းလန်ရှေ့တွင် မတ်တတ်ရပ်ရင်း အလေးအနက် စကားဆိုလာသည်။
ကျန်းလန်က…
"အစီအရင်မှာ တစ်ခုခု ဟာကွက်တွေ့လို့လား"
သူကတော့ ဟာကွက်မရှိအောင် ပြုလုပ်ထားသည်ပင်။ သို့သော် ကျန်းလန် စိတ်ရှုတ်ထွေးသွားသည်။
"မဟုတ်ဘူး ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်ရတာ ကောင်းတယ်လို့ ခံစားမိလို့ပါ ၊ ဘာလို့လဲဆိုတော့ ဂိုဏ်းတူမောင်လေးနဲ့ ဆုံစည်းခွင့်ရခဲ့တယ်လေ"
ပြောပြီးသည်နှင့် ရှောင်ယွိသည် ကျန်းလန်ကို အလှပဆုံးနှင့် အတောက်ပဆုံး ပြုံးပြလိုက်လေတာ့၏။