← Chapters

ဒုက္ခရောက်နေသော ဥက္ကဋ္ဌကျန်း

Vol. 12 Ch. 171

ဒုက္ခရောက်နေသော ဥက္ကဋ္ဌကျန်း

Vol. 12 Ch. 171

*ဟမ်*

*ကလောင်နာမည်လား*

လူတိုင်း မသိမသာ အံ့ဩသွားကြသည်။

*ကလောင်နာမည်က ဘာဖြစ်လို့လဲ*

သူတို့ နတ်ဘုရားများကို သုတ်သင်ခြင်း စာအုပ်ထဲ ဝင်လိုက်ပြီး ကလောင်နာမည်ကို ကြည့်လိုက်သည်။ နာမည်က “ငါကဝိုင်” တဲ့လား။

*မြတ်စွာဘုရား*

သူတို့အားလုံးသည် အမြင်အာရုံ လှည့်စားခံနေရသည်ဟုပင် ထင်လိုက်မိသည်။ သူတို့ မျက်လုံးကို ပွတ်၍ ထပ်ကြည့်သော်လည်း တကယ် ဖြစ်နေ၏။

[မယုံနိုင်စရာပဲ၊ ဒါ ကြော်ငြာလှည့်ကွက်လို့ ထင်လား၊ ဒါမှမဟုတ် ဝတ္ထုအသိုင်းအဝိုင်းထဲမှာလည်း ဝိုင်တစ်ယောက် ရှိနေတာလား]

[ဒါ သတင်းထူးကြီးပဲ၊ ဝိုင်က ဝတ္ထုရေးနေတာလား]

[နတ်ဘုရားများကို သုတ်သင်ခြင်းက တအား ကောင်းနေတာက အံ့ဩစရာ မဟုတ်တော့ဘူး၊ ဒါက ဝိုင်ရဲ့ လက်ရာ ဖြစ်နေတာကိုး]

[စာရေးဆရာက အရူးပဲ၊ ဒီလို နာမည်မျိုးကို ယူပြီး အာရုံစိုက်ခံရအောင် လုပ်ရတယ်လို့၊ သူ လူရယ်စရာ ဖြစ်မှာကို မကြောက်ဘူးလား]

…

အချိန် အတိုင်းအတာတစ်ခု ဆွေးနွေးခန်းက ပို၍ အသက်ဝင်နေသည်။

ရဲ့လင်းချန်သည် မနက်ခင်း လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ကျန်းယွင်ရှီ ပြင်ပေးထားသော မနက်စာကို စားပြီး မြို့တော် အားကစား အဖွဲ့အစည်းသို့ ဘတ်စ်ကားစီး၍ ထွက်လာလိုက်သည်။

ရဲ့လင်းချန်သည် ဘတ်စ်ကားစီးနေချိန်တွင် ပျင်းရိသလို ခံစားလာရသဖြင့် ဖုန်းကိုထုတ်၍ နတ်ဘုရားများကို သုတ်သင်ခြင်း၏ PK ရလဒ်ကို စစ်ဆေးလိုက်သည်။

ဒိန်ချဉ်က PK အခန်းကဏ္ဍသည် ဝတ္ထုသစ်တစ်ပုဒ်အတွက် အရေးပါသော လုပ်ငန်းစဉ်ဟု သူ့ကို ပြောခဲ့သည်။ သူ၏ စာပေစွမ်းရည်အရ နတ်ဘုရားများကို သုတ်သင်ခြင်း၏ PK ရလဒ်က မဆိုးနိုင်ပါ။

စာရေးဆရာ ကဏ္ဍကို ဝင်လိုက်သည်နှင့် ရဲ့လင်းချန် မှင်တက်သွားရသည်။ မှတ်ချက်ပေးနိုင်သည့် အပိုင်းတွင် မှတ်ချက်များ စုပြုံနေပြီး သူ၏ လက်ဆောင်စာရင်းဇယားကလည်း တောက်လျှောက် တက်နေ၏။

အထူးသဖြင့် လုံအောင်းထျန်းနှင့် တုကူရီထျန်းတို့ပင်။ သူတို့၏ လက်ဆောင်များက ဆက်တိုက် ဝင်လာနေပြီး သူတို့ နှစ်ယောက်လုံး အတော်လေး ပိုက်ဆံ ကုန်နေလေပြီ။ ထို့အပြင် နှစ်ယောက်လုံးက ပြင်းပြသော ကိုယ်ရည်ကိုယ်သွေး ရှိပုံရသည်။ တစ်ဖက်လူကို ကြော့ကြော့မော့မော့ ရန်စပြီး တောက်လျှောက် လက်ဆောင်ပေးကာ ကြွားဝါနေလေသည်။

၎င်းတို့အောက်တွင် အခြားသူများ၏ လေးစားသော အသံများနှင့် ညံနေ၏။ သူတို့အားလုံးက လူချမ်းသာ နှစ်ယောက်ကို ထိုင်ကြည့်နေကြသည်။

နောက်ဆုံးတွင် တုကူရီထျန်းက ပြိုင်ပွဲကို နိုင်သွားသည့်ပုံပင်။ သူ့နာမည်က လက်ဆောင် စာရင်းဇယား၏ ထိပ်ဆုံးတွင် ရပ်တည်နေသည်။ ထို့အပြင် သူ့နာမည်အား တုကူချိုးပိုင်ဟုပင် ပြောင်းလိုက်သေးသည်။ ကြောက်စရာ ကောင်းလိုက်သည့်သူပင်။

၎င်းအပြင် သူ၏ စာရင်းဇယားက အချို့သော အကြီးအကျယ် ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ပုံရသည်။ စာအုပ်ကို သိမ်းဆည်းသည့်နှုန်းနှင့် အားပေးထောက်ခံမှုများက ဆယ်ဆ မြင့်တက်လာသည်။ တစ်ညတည်းနှင့် ထိုအရာအားလုံး ဖြစ်သွားခဲ့ခြင်းပင်တည်း။

ထိတ်လန့်စရာပါတကား။

PK ကြော်ငြာက ဤသို့သော သက်ရောက်မှုမျိုး ဖြစ်စေလိမ့်မည်ဟု သူ မျှော်လင့်မထားမိပါ။

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားမိသည်။ ဝတ္ထုကို ချီးကျူးထားသည့် မှတ်ချက် များစွာထဲတွင် ခပ်ကြမ်းကြမ်း ဝေဖန်ထားသည့် မှတ်ချက်များလည်း ရောထွေးနေသည်။

[သောက်ရေးမပါတာ၊ အဓိပ္ပာယ်ကိုမရှိဘူး၊ မင်းမေမေရဲ့ ဝတ္ထုကိုပဲ သွားရေးနေလိုက်]

[ဒါက ဘာသောက်ချီးကြီးလဲ၊ စာရေးဆရာက အခုထိ အလယ်တန်း မပြီးသေးတာလား]

[ဒီဝတ္ထုက အမှိုက်ထုပ်ကြီးပဲ၊ ဉာဏ်ထိုင်းတဲ့သူ ရေးရင်တောင်မှ ပိုကောင်းဦးမယ်၊ ဒီဝတ္ထုက ဝတ္ထုသစ် စာရင်းမှာ နံပါတ်တစ် ချိတ်တယ်တဲ့လား၊ ရယ်ချင်စရာ ကောင်းလိုက်တာ]

[ဒါ ချီးထုပ် ဝတ္ထုတစ်ခုပဲ၊ ကျေးဇူးပြုပြီး ဝေးဝေးနေကြပါ၊ မျက်လုံးတွေပါ လောင်လာလိမ့်မယ်]

…

ထိုမှတ်ချက်များက အမနာပ ပြောထား‌သော မှတ်ချက်များပင်။ ထိုလူများက သူ့ကို တမင်သက်သက် မကောင်းပြောနေမှန်း သိသော်လည်း ရဲ့လင်းချန် ခံရခက်သလို ခံစားနေရသည်။

ဝတ္ထုသည် သူ အားထုတ်၍ အချိန်ပေး ရေးခဲ့သော အရာဖြစ်ပြီး ကွန်ပျူတာရှေ့၌ ထိုင်ကာ တစ်လုံးချင်း သေချာရေးခဲ့ခြင်းပင်။ မည်မျှ ကြိုးစားအားထုတ်ခဲ့ရသလဲဆိုသည်က မတွေးတတ်လောက်အောင်ပင်။ ဤဝတ္ထုက သူ့ကလေးတစ်ယောက်လို တန်ဖိုးထားသော်လည်း အခြားသူများ၏ အညှာအတာမဲ့စွာ ပြောဆိုခြင်း ခံနေရသည်။

ယင်းက သူ ကြိုးစားအားထုတ်ခဲ့မှုကို အခြားသူများက ငြင်းပယ်လိုက်သလိုပင်။ သူ၏ အားထုတ်မှုက လှောင်ရယ် ခံလိုက်ရသည်နှင့် အတူတူပင်။ ဝတ္ထုရေးခြင်းက လွယ်ကူသော အလုပ် မဟုတ်ပေ။

*မင်း မကြိုက်ရင် မဖတ်နဲ့၊ နက်နဲပြီး စိတ်ကူးယဉ်ဆန်တာမျိုး လိုချင်ရင် တစ်ခြားစာအုပ်တွေ သွားဖတ်၊ ဘာလို့ ဒီမှာ ဝတ္ထု လာဖတ်နေတာလဲ*

အချို့သော ဝေဖန်ချက်များက ဝတ္ထုကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုအထိ ဦးတည်နေသည်။ ဘာအကြောင်းပြချက်မှ မရှိဘဲ စော်ကားပြောဆိုခံရခြင်းက မည်သူ့ကိုမဆို စိတ်ဆင်းရဲစေ၏။

ထို့အပြင် ဝတ္ထုက အခမဲ့ ဖတ်၍ ရနေသေးသော ဝတ္ထုဖြစ်သည်။ မကြိုက်လျင် မဖတ်ဘဲ ထားလိုက်၍ ရသည်။ အဘယ်ကြောင့် ပြဿနာ ရှာနေရသေးသနည်း။

“တင် တင် တင်”

သူ၏ QQ အကောင့်က တုန်လာပြီး စာတစ်စောင် ပေါ်လာသည်။ Rugao Under The Bridge ထံမှ စာပင်။

[ဘရို မင်းရဲ့ PK ရလဒ်က ကြောက်စရာပဲ၊ မင်းရဲ့ ပထမဆုံး ဝတ္ထုနဲ့တင် မင်း ဆုရမှာ သေချာနေပြီ]

[ဒီအတိုင်း သာမန်လေးပါပဲ၊ ဝေဖန်ချက်တွေလည်း အများကြီး ရှိတာပဲကို]

ရဲ့လင်းချန် နှိမ့်ချ၍ ပြန်ပြောလိုက်သည်။

[ကျွန်တော် ခင်ဗျားရဲ့ ဝတ္ထုတွေလည်း ဖတ်ပြီးပြီ၊ တော်တော်လေး ကောင်းတယ်]

[မင်းက နှိမ့်ချလွဣ်းနေပြီ၊ ငါ့အရေးအသားက မင်းလောက်နီးနီး မကောင်းဘူး]

Rugao Under The Bridge က ဆက်ပြောသည်။

[မင်း အဲ့မကောင်းပြောတာတွေကို မသိချင်ယောင်ဆောင်ထားလိုက်၊ သူတို့က လမ်းဘေးကနေ ဟောင်နေတာ၊ မင်း သူတို့ မှတ်ချက်ပေးတဲ့ မှတ်တမ်းကို စစ်ကြည့်လိုက်ရင် ဘယ်လို ဝတ္ထုပဲဖြစ်ဖြစ် သူတို့ တစ်ခွန်းစ နှစ်ခွန်းစ မကောင်းပြောထားတာကို တွေ့လိမ့်မယ်]

[တကယ့် အရူးတွေပဲ]

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

[အဲ့လူတွေက တကယ့် လက်တွေ့မှာ ဘာမှကောင်းကောင်း မလုပ်နိုင်တဲ့ လူစားမျိုးတွေ၊ သူတို့က အခြားသူတွေ အောင်မြင်တာကို တွေ့လိုက်တဲ့အချိန်တိုင်း အောင်မြင်ရတဲ့ အကြောင်းရင်းကို မစဉ်းစားတတ်ကြဘူး၊ အဲ့လိုလူတွေက ဘာမှကောင်းကောင်းမကြိုးစားပင်မယ့် အခြားသူတွေ ကြိုးစား အားထုတ်နေတာကိုလည်း မရှုစိမ့်ကြဘူး၊ မနာလိုဖြစ်တတ်တာကလွဲပြီး ဘာမှမလုပ်တတ်ဘူး၊ သူတို့က မင်းကို သူတို့ ဝေဖန်လိုက်လို့ စာရေးတာ ရပ်သွားတာကလွဲပြီး ဘာမှမလိုချင်ကြဘူး၊ မင်းကိုလည်း ကျရှုံးစေချင်တာလေ၊ မင်း သတိမထားမိဘူးလား၊ သူတို့ ဝတ္ထုထဲက အကြောင်းအရာ တစ်ခုမှကို ထည့်မရေးထားဘူး၊ သူတို့ စာအုပ်တောင် ဖတ်ကြည့်ရဲ့လားလို့ ငါ သံသယ ဝင်မိတယ်]

ထိုစကားက မှန်လှပေသည်။ အကယ်၍ စာဖတ်သူများသည် ဇာတ်လမ်း၏ အကြောင်းအရာ တစ်ခုခုကို မကြိုက်ပါက ဤသို့ အမနာပ ပြောမည့်အစား ထိုအကြောင်းကို မှတ်ချက်ထဲ၌ ထည့်ရေးပေလိမ့်မည်။

Rugao Under The Bridge သည် အွန်လိုင်း ဝတ္ထုနယ်ပယ်၌ ရောက်နေသည်မှာ ကြာနေပြီဖြစ်ပြီး ဤသို့သော ကိစ္စများကို ကြုံတွေ့ဖူးပြီးသား ဖြစ်သည်။ သူသည်လည်း အချို့သော ဝေဖန်မှုများကို ဖြတ်ကျော်ခဲ့ရသည့်ပုံပင်။

[ပြီးတော့ အဲ့ဝေဖန်တဲ့သူ တော်တော်များများက အချို့စာရေးဆရာတွေရဲ့ ဒုတိယအကောင့်တွေ ဖြစ်ကောင်း ဖြစ်နေတတ်တယ်၊ သူတို့က မင်းရဲ့ ပြိုင်ဘက်တွေဆိုတော့ မကောင်းပြောပြီး ထွက်သွားအောင် လုပ်ဖို့ ကြိုးစားနေတာ၊ မင်းရဲ့ ဝတ္ထုက ကောင်းတယ်၊ ဒီကိစ္စကြောင့် မင်း စိတ်ဒုက္ခ အရောက်မခံပါနဲ့၊ ပြီးတော့ ငါလည်း ဆက်ပြီး ဖတ်ချင်သေးတယ်]

[အင်း … ကျေးဇူးတင်ပါတယ်]

ရဲ့လင်းချန် ပြုံး၍ စာပြန်ပို့လိုက်သည်။

ထိုအခိုက်တွင် ချွမ့်ရှစ်၏ စာချုပ်ချုပ်ဆိုထားသော စာရေးသူများ၏ စကားပြောခန်းအတွင်း၌ သက်ဝင် လှုပ်ရှားလျက် ရှိနေသည်။ လူတိုင်းက ရဲ့လင်းချန်ကို နာမည်တပ်ခေါ်၍ သူ့ဝတ္ထုအောင်မြင်မှုအတွက် ဂုဏ်ပြုနေကြသည်။

အချို့သော အယ်ဒီတာများပင် ဝင်ပြောကြသည်။ သူတို့က သူ့ဝတ္ထုကို ချီးကျူး၍ ဆက်ကြိုးစားရန် တိုက်တွန်းကြသည်။

စကားပြောခန်းတွင်း၌ သာမန်ကာလျှံကာ ပြောဆိုနေပြီးနောက် သူ မြို့တော် အားကစားရုံသို့ ရောက်လာသည်။

အားကစားရုံကြီးက ကြီးမားလှသည်။ ၎င်းတွင် အပြေး၊ ရေကူး၊ ပြေးခုန်ပစ်၊ စားပွဲတင် တင်းနစ်၊ ကြက်တောင် စသဖြင့် အားကစား အမျိုးမျိုးအား နေရာခွဲထားသည်။

အပြင်ဘက်ခြမ်းကို အများပြည်သူများ တင်ရောက်နိုင်သည်။ ရဲ့လင်းချန်က ဥက္ကဋ္ဌကျန်း ပြောထားသည့်အတိုင်း အားကစားရုံ၏ အတွင်းဘက်သို့ ဦးတည်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် အားကစားရုံထဲမှ မြို့တော် ဘတ်စကတ်ဘော အဖွဲ့အစည်းအတွင်း၌ …

ကျန်းဟဲသည် မျက်နှာနီရဲနေကာ အခြား သက်ကြီးပိုင်းတစ်ယောက်နှင့် အပြင်းအထန် စကားများနေ၏။

ထိုသက်ကြီးပိုင်း၏ ဆံပင်နှင့် မုတ်ဆိတ်မွေးတို့က ဖြူစွတ်နေသည်။ သူသည် အသက်သာ ကြီးနေသော်လည်း စိတ်က ကြည်လင်၍ ဖျတ်လတ်နေဆဲပင်။ သူ့မျက်နှာသည်လည်း အလားတူပင် နီရဲနေကာ ကျန်းဟဲနှင့် အချင်းများနေသည်။

သူတို့ဘေးတွင် အနီရောင် ဘတ်စကတ်ဘော ဂျာစီတို့ ဝတ်ထားသည့် လူဆယ်ယောက်ကျော် ရှိနေပြီး သူတို့က ခေါင်းငုံ့၍ ဘာမှမကြားသလို ပြုမူနေကြသည်။

“ကျန်းဟဲ မင်းက ငါ့ကို သွေးတိုးအောင် လုပ်နေတာပဲ၊ မင်း ဘာလုပ်နေလဲဆိုတာကိုတောင် သိရဲ့လား၊ ငါ ဥက္ကဋ္ဌနေရာကို မင်းဆီ မလွှဲလိုက်သင့င်ဘူး၊ ငါ့နှလုံး … အမယ်လေး သနားစရာ ငါ့နှလုံးသားလေး …”

အဘိုးအိုက အသံမာမာဖြင့် ကြိမ်းမောင်းနေပြီး ဒုက္ခသုက္ခ ကြုံရသကဲ့သို့ အသက်ကို ပုံမှန်ထက် မြန်မြန်နှင့် ပြင်းပြင်း ရှူနေ၏။

“ဆရာ စိတ်ကိုလျှော့ပါ၊ ကျွန်တော် ရှင်းပြတာကို နားထောင်ပေးပါလား”

ကျန်းဟဲက အောင့်သက်သက် ရယ်နေမိသည်။

“ရှင်းပြမယ် ဟုတ်လား၊ ဘာလို့ ဒုက္ခခံနေရမှာလဲ”

အဘိုးအိုက လက်ထဲက စာရွက်နှင့် စားပွဲကို ဖြန်းခနဲ ရိုက်လိုက်သည်။

“မင်း ဒီထဲမှာ ရေးထားတဲ့ အကြောင်းအရာကိုလည်း ဖတ်ကြည့်ဦး၊ ဒါ စာချုပ် ဟုတ်ရဲ့လား၊ ဒါ ငါတို့ ဘတ်စကတ်ဘော အဖွဲ့အစည်းက လက်မှတ်ထိုးမယ့် စာချုပ်လားကွ”

အဘိုးအိုသည် ထိုအကြောင်းအရာကို ပြောလိုက်သည်နှင့် သွေးတက်လာသည်။ သူက ကျန်းဟဲကို တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးလေသည်။

“မင်း ပြောစမ်း၊ ဒါ မင်းအမျိုးလား၊ အဲ့ဒါကြောင့် မင်း အလကား ဝင်လာခိုင်းတာလား၊ အကျင့်ပျက် ခြစားတာ၊ ဒါ အကျင့်ပျက် ခြစားတာပဲကွ၊ အရာအားလုံးထဲမှာ ငါ အကျင့်ပျက်တာကို အမုန်းဆုံးပဲ၊ မင်းလို တပည့်ကို ငါ ဘာလို့ အချိန်ကုန်ခံပြီး သင်ပေးခဲ့မိတာလဲ”

ကျန်းဟဲ ဆိုးဆိုးရွားရွား ဆူပူခံနေရပြီး အလွန် သွေးပျက်နေပုံ ပေါက်သည်။

သူ့တွင်လည်း မပြောရသေးသော အခက်အခဲများ ရှိပါသည်။ ယနေ့သည် သူ ရဲ့လင်းချန်ကို စာချုပ်ချုပ်ရန် ချိန်းဆိုထားသည့် နေ့ဖြစ်သည်။ သူ့ဆရာဖြစ်သော ယခင် ဥက္ကဋ္ဌဟောင်းက ရုတ်တရက် ရှောင်တခွင် ဝင်စစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ကျန်းဟဲနှင့် ရဲ့လင်းချန်တို့ ချုပ်ဆိုမည့် စာချုပ်ကို မြင်သောအခါ သူ ထိတ်လန့်လွန်း၍ သွေးတိုးကာ သတိလစ်မတတ် ဖြစ်သွားရသည်။

ဤသို့သော စာချုပ်မျိုးသည် အဘိုးအိုအတွက် တစ်ဘဝလုံး မတွေးနိုင်သော အရာဖြစ်သည်။ ၎င်းက လူတစ်ယောက်ကို ဘာမှမလုပ်ခိုင်းဘဲ အဖွဲ့အစည်းက ပိုက်ဆံပေးနေသည်နှင့် အတူတူပင်။

“ဆရာ၊ ဒါ ဆရာ ထင်သလို မဟုတ်ပါဘူး၊ ကျွန်တော် သူ့ကို အဖွဲ့ထဲ ဝင်ဖို့ အသနားခံပြီးပါပြီ၊ ဒီလို စာချုပ်မျိုးမှ မဟုတ်ရင် သူ ဘယ်တော့မှ ကျွန်တော်တို့ အဖွဲ့ထဲ ဝင်မှာ မဟုတ်ဘူး”

ဥက္ကဋ္ဌကျန်းက ရှင်းပြသည်။

“ဘာ”

အဘိုးအို ဆွေ့ဆွေ့ခုန်သွားပြီး သွေးက နားထင်သို့ ဆောင့်တက်သလို ဖြစ်လာလေသည်။

“ဒီနေရာကို ဘယ်လိုနေရာမျိုးလို့ မင်း ထင်နေလဲ၊ ငါတို့က လူတွေကို လာဖို့ အသနားခံစရာလား၊ အသုံးမကျတဲ့ကောင် …”

All Chapters