← Chapters

အရည်အချင်းများ

Vol. 12 Ch. 172

အရည်အချင်းများ

Vol. 12 Ch. 172

“ဆရာ သူက တကယ် အရည်အချင်း ရှိတာပါ၊ ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာပါ”

ဥက္ကဋ္ဌကျန်းက အားပျော့သော အသံဖြင့် သူ့ကိုယ်သူ ခုခံပြောဆိုသည်။

အဘိုးအို၏ နာမည်က ဖမ်ဟမ် ဖြစ်သည်။ သူသည် ခေါင်းမာခြင်းဖြင့် နာမည်ကျော်သည်။ ထို့အပြင် ဘတ်စကတ်ဘော အသင်း၏ ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး စည်းကမ်းကြီးသည်ဟု နာမည်ကြီးသည်။ သူ အနားယူ သွားသော်လည်း သူ့နာမည်ကို အများက သိနေဆဲပင်။ ဤသို့ ရုတ်တရက် ရှောင်တခွင် ဝင်စစ်ခြင်းက အဖွဲ့အစည်းထဲမှ လူတိုင်းကို ထိတ်လန့်သွားစေသည်။ လူတိုင်း တုန်နေပြီး အသက်ပင် မရှူရဲချေ။

“သူ့မှာ ဘယ်လို အရည်အချင်းမျိုး ရှိလို့ မင်းကို ဒီလိုဖြစ်အောင် လုပ်နိုင်ရတာလဲ”

ဖမ်ဟမ် အစပျိုးလာပြန်သည်။

“ငါ အိုနေပင်မယ့် သူငယ်မပြန်သေးဘူးကကွ၊ အခု ဘယ်လိုလုပ် သူငယ်ပြန်နေတဲ့သူက မင်း ဖြစ်နေတာလဲ၊ ဒီနေ့ ငါ လာလိုက်လို့ တော်သေးတယ်၊ ဒီစာချုပ်သာ ချုပ်ဖြစ်ရင် ဟာသကြီး ဖြစ်နေမှာကွ”

“ဒီထဲမှာ ဘာရေးထားလဲ မင်း တွေ့လား”

ဖမ်ဟမ်က စာချုပ်ကို ဖြန့်ပြသည်။

“လေ့ကျင့်ရေး ကင်းလွတ်ခွင့်၊ ပုံမှန်အတိုင်း လစာပေးမယ် ဟုတ်လား၊ ပရော်ဖက်ရှင်နယ် အားကစားသမား တစ်ယောက် ရသင့်တာတွေ အပြည့်အဝ ပေးမယ် ဟုတ်လား၊ ပြိုင်ပွဲတွေ ရှိမှ လာဖို့လိုမယ်ပေါ့လေ”

“ဖြန်း”

ဖမ်ဟမ်က စားပွဲကို နောက်တစ်ခါ ထပ်ရိုက်လိုက်သည်။ သူ ပြောစရာ စကားမဲ့နေ၏။ သူ့မျက်လုံးများ ပြူးကျယ်နေပြီး ကျန်းဟဲအား သူ့အကြည့်ဖြင့် သေအောင် ကြိုးစားနေသလိုပင်။

အခြားကစားသမားများလည်း အံ့ဩသွားသည်။ သူတို့ မကျေနပ်သော အရိပ်အယောင်များပါသည့် အကြည့်များဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။

အကြောင်းအရာများကို ဖမ်ဟမ် ခပ်ကျယ်ကျယ် ဖတ်ပြလိုက်မှသာ ထိုစာချုပ်က မည်မျှ အရေးမပါလဲ သူတို့ သတိပြုလိုက်မိကြသည်။ သူတို့ တအံ့တဩ မော့ကြည့်လိုက်လေသည်။

ထိုစာချုပ်က အလွန် မယုံနိုင်စရာ‌ ကောင်းလွန်းလှသည်။ အခြားလူတစ်ဘောက်က ဘယ်လိုလုပ် သူတို့နှင့် အလွန် ကွာခြားစွာ ဆက်ဆံခံရသနည်း။

နောက်ဆုံးတွင် အဖွဲ့ဝင်တစ်ယောက်က ရှေ့တိုးလာပြီး ခေါင်းကိုမော့၍ ကျယ်လောင်စွာ ထုတ်ပြောသည်။

“နည်းပြ ကျွန်တော် တစ်ခုလောက် ပြောပါရစေ”

ထိုလူသည် ဘတ်စကတ်ဘော အသင်း၏ ကပ္ပတိန် ချမ်စန်းပင်။

ကျန်းဟဲ မသိမသာ မျက်မှောင်ကြုတ်သွားသည်။

“ဘာကိစ္စရှိလို့လဲ”

“ကျွန်တော် သဘောမတူဘူး”

ချမ်စန်းက ပြတ်ပြတ်သားသား ကြေငြာသည်။

“ဒီစာချုပ်က ကျွန်တော်တို့အပေါ် မတရားဘူး”

“ကျွန်တော်လည်း သဘောမတူဘူး”

“ဟုတ်တယ်၊ ကျွန်တော်ရောပဲ”

ကပ္ပတိန်၏ ဦးဆောင်မှုနှင့်အတူ အခြားသူများလည်း အလျင်အမြန် ပူးပေါင်းလာပြီး အသံများက ပိုကျယ်သထက် ကျယ်လာ၏။

“ကျန်းဟဲ မင်း မြင်ပြီလား၊ ဥက္ကဋ္ဌဖြစ်တဲ့မင်းက အဲ့လိုလုပ်ရင် မင်း ဦးဆောင်လို့ မရနိုင်ဘူး”

ဖမ်ဟမ်က လေသံမာမာဖြင့် ဆူပူလေသည်။

“ကလင် ကလင် ကလင်”

ထိုသို့သောအချိန်၌ ကျန်းဟဲ၏ ဖုန်းက မြည်လာသည်။ ဖုန်းခေါ်သူက ရဲ့လင်းချန်ပင်။

သူ အားကစားရုံ၏ အတွင်းဘက်၌ လမ်းလျှောက်နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။ ခန်းမများစွာကို သူ ဖြတ်လာခဲ့ပြီးမှ ဘတ်စကတ်ဘော အသင်း၏ လေ့ကျင့်ရေးခန်းမကို သူ ရှာတွေ့ခဲ့သည်။ သို့သော် သာမန်လူများကို အထဲဝင်ခွင့်တားမြစ်ထားပြီး အိုင်ဒီကဒ် ရှိရန် လိုအပ်ပေသည်။

ရဲ့လင်းချန်နှင့် တစ်ခဏမျှ ဖုန်းပြောပြီးနောက် ကျန်းဟဲက ချက်ချင်း အပြင်သို့ ထွက်သွားသည်။

“ဟမ့် ဥက္ကဋ္ဌကတောင် သူ့ကို ကိုယ်တိုင် ကြိုဆိုရတယ်လို့၊ မောက်မာလိုက်တာ”

ဖမ်ဟမ်က မကျေမနပ် ပြောဆို၍ ကျန်းဟဲနောက်မှ လိုက်သွားလေသည်။

ထိုလူက ကျန်းဟဲ ပြောသလို ထူးချွန်သလား သူကိုယ်တိုင် မြင်တွေ့ချင်နေ၏။ ကျန်းဟဲက လျင်မြန်စွာပင် အပြင်သို့ ရောက်လာသည်။ သူက ရဲ့လင်းချန်ကို အပြုံးဖြင့် ကြိုဆိုလေသည်။

“ကျောင်းသားရဲ့ ကြိုဆိုပါတယ်”

“ဟဲလို ဥက္ကဋ္ဌကျန်း”

ရဲ့လင်းချန်က ပြုံးလိုက်ပြီးနောက် ကျန်းဟဲဘေးနားမှ အဘိုးအိုကို တစ်ချက် ခိုးကြည့်လိုက်သည်။ ထိုအဘိုးအိုထံမှ မလိုမုန်းတီးမှုကို သူ ခံစားမိနေသည်။ သူ အသာ ချောင်းဟန့်၍ မေးလိုက်သည်။

“ဒါက …”

“သူက ငါတို့ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဟောင်း ပြီးတော့ ငါ့ဆရာလည်းဖြစ်တဲ့ …”

“ငါက ဖမ်ဟမ်”

ဖမ်ဟမ်က လေသံမာမာဖြင့် ကျန်းဟဲကို ဖြတ်ပြောလိုက်သည်။ သူ ရဲ့လင်းချန်ကို လေ့လာလိုက်ပြီးနောက် တစ်ဖက်လှည့်၍ စိတ်ပျက်နေသော အကြည့်များဖြင့် ထွက်သွားလေသည်။

အရပ်အမြင့်ကလည်း သာမန်ဖြစ်သည်။ ခန္ဓာကိုယ် တည်ဆောက်ပုံကလည်း သာမန်ပင်။ သူ့တွင် အားကစား တစ်ယောက်၏ ကိုယ်ခန္ဓာမျိုး ရှိပုံမပေါ်ပါ။ ဖမ်ဟမ် သူ့ကို ဘယ်လိုကြည့်ကြည့် မျက်စိစပါးမွေး စူးနေမိသည်။

“ကျောင်းသားရဲ့၊ ငါ့ဆရာက ထူးဆန်းတဲ့လူမို့လို့ပါ၊ ကျေးဇူးပြုပြီး ဒါကို မင်းစိတ်ထဲ မထားပါနဲ့၊ ငါ မင်းကို ငါတို့ အဖွဲ့အစည်းကို လိုက်ပြမယ်”

ကျန်းဟဲက အနေရခက်သော အပြုံးမျိုး ပြုံးနေပြီးနောက် ရဲ့လင်းချန်အား အဖွဲ့အစည်းထဲသို့ ဦးဆောင်၍ ခေါ်လာသည်။

အထဲတွင် အထပ် နှစ်ထပ် ရှိသည်။ ၎င်းတို့က နေရာကျယ်ပြီး သန့်ရှင်းသည်။

ပထမထပ်တွင် ကစားသမားများ အချိန်မရွေး လေ့ကျင့်နိုင်ရန်အတွက် ဘတ်စကတ်ဘောကွင်း သုံးခု ရှိသည်။ ဒုတိယထပ်တွင် အစည်းအဝေးခန်း၊ အဝတ်လဲခန်းနှင့် အခြားသော ရုံးခန်းများ ရှိလေသည်။ ပထမထပ်မှ လေ့ကျင့်ရေးကို စောင့်ကြည့်လေ့လာနိုင်ရန်အတွက် ခပ်မြင့်မြင့် စင်္ကြံလမ်းလည်း ရှိပေသည်။

ရဲ့လင်းချန်သည် ကျန်းဟဲနောက်မှ တည်ငြိမ်စွာ လိုက်လာပြီး မရေတွက်နိုင်သော မုန်းတီးသည့် အကြည့်များကို လျစ်လျူရှုထားလိုက်သည်။ ထိုအခိုက်တွင် ဥက္ကဋ္ဌဟောင်း ဖမ်ဟမ်ကလည်း အတူတူ လိုက်လာသည်။ သူ့မျက်လုံးများက ရဲ့လင်းချန်ပေါ် မကြာခဏ ရောက်ရှိလာပြီး သိပ္ပံဇာတ်လမ်းများထဲကကဲ့သို့ လေဆာ မျက်လုံးဖြင့် သူ့အား စကန်ဖတ်နေသည်ဟုပင် ထင်ရသည်အထိ ကြည့်နေကာ ထို့နောက် မကျေနပ်သံပြု၍ ခေါင်းကို မော်မော်သွားသည်။

*တော်တော်ကို မောက်မာတဲ့ လူအိုကြီးပဲ*

ရဲ့လင်းချန် ဥက္ကဋ္ဌဟောင်းကို စိတ်ထဲမှ တိတ်တဆိတ် မှတ်ချက်ချမိသည်။

“ဥက္ကဋ္ဌကျန်း တော်လောက်ပြီ”

ရဲ့လင်းချန် လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်တော် ဒီမှာ အချိန်တော်တော်များများ လေ့ကျင့်မှာ မဟုတ်ဘူးဆိုတော့ စာချုပ်ပဲ ချုပ်လိုက်ရအောင်”

နတ်ဘုရားများကို သုတ်သင်ခြင်း၏ ရလဒ်များက သူ၏ စိတ်အားထက်သန်မှုကို‌ တောက်လောင်လာစေသည်။ သူ့ထံ ကြီးမားသော ရေပန်းစားမှု လှိုင်းလုံးကြီး ပြေးလာနေသည်ဟု သူ တွေးမိနေသည်။ လူအများက သူ့ကို လက်ဆောင်များ ပေးနေသဖြင့် သူ မြန်မြန်ပြန်၍ အပိုင်းများများ ပိုတင်သင့်သည်။

“ဒါပေါ့၊ စာချုပ်က ပြဿနာမရှိဘူး”

ဥက္ကဋ္ဌကျန်းက ဖမ်ဟမ်ကို ဂရုတစိုက် ခိုးကြည့်လိုက်သည်။

“နေဦး”

ဖမ်ဟမ်က အော်လိုက်သည်။ သူ့အသက်ရှူသံက မြန်ဆန်ပြင်းထန်လာပြီး ရှောရှောရှူရှူ အသက်မရှူနိုင် ဖြစ်လာသည်။

“ကျန်းဟဲ မင်းက တော်တော် စိတ်ပျက်ဖိုးကောင်းတယ်၊ မင်း အခုထိ မလုပ်ရမနေနိုင်ဘူးလား”

ထို့နောက် သူက ရဲ့လင်းချန်ကို ခပ်မာမာ ကြည့်လိုက်သည်။

“မင်းရဲ့ ထူးခြားမှုက ဘာလဲ”

“ထူးခြားမှုလား”

ရဲ့လင်းချန် ပြုံးလိုက်သည်။

“နည်းနည်းတော့ များတယ်၊ ခင်ဗျား ဘယ်အပိုင်းကို ပြောချင်တာလဲ”

*ထူးချွန်တာများတယ် ဟုတ်လား၊ မင်းက တကယ့် ငကြွားကောင်ပဲ*

ဖမ်ဟမ်က လှောင်ရယ်လေသည်။

“ဘတ်စကတ်ဘောနဲ့ ဆိုင်တာကို ပြောတာပေါ့၊ ခုန်တာ၊ လှမ်းပစ်တာ၊ အမြင့်၊ တိုက်စစ်အား အဲ့တာတွေပေါ့၊ မင်း ဘယ်အပိုင်းမှာ တော်လဲ”

“အဲ့ဒါတွေအားလုံးက ကျွန်တော့် ထူးချွန်မှုပဲလေ”

ရဲ့လင်းချန်က တစ်စက္ကန့်လေးတောင် မတွေးဘဲ ပြန်ဖြေလိုက်သည်။

“လူပါးဝလိုက်တာ၊ မဖြစ်နိုင်တာတွေ”

ဖမ်ဟမ်၏ ‌ဒေါသက မိုင်ကုန်အထိ ရောက်သွားပြီး သူ ပေါက်ကွဲထွက်တော့မည်ဟုပင် တွေးမိသွားသည်။

“ငါတို့ အဖွဲ့အစည်းက မင်းကို မကြိုဆိုဘူး၊ ထွက်သွားလိုက်ပါ”

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားပြီး ဘာတစ်ခွန်းမှမပြောဘဲ ထွက်ပေါက်ဘက်သို့ ဦးတည်လျှောက် သွားလိုက်သည်။

ဤသည်က အချိန်ကုန်သော ခရီးတစ်ခုဟုသာ သူ သဘောထားလိုက်သည်။ သူသည် အစက ကျန်းဟဲကို လေးစားစိတ်ကြောင့် ရောက်လာခြင်း ဖြစ်သလို ရေပန်းစားမှုအချို့ စုဆောင်းနိုင်ရန်အတွက်လည်း လာခဲ့ခြင်း ဖြစ်လေသည်။ သို့သော် သူသည် အဖွဲ့အစည်း၏ ဥက္ကဋ္ဌဟောင်းထံမှ နှင်ထုတ်ခြင်း ခံခဲ့ရသည်။ သူ့အတွက် ဘတ်စကတ်ဘော အဖွဲ့အစည်းထဲ ဝင်ရောက်ရမည့် အကြောင်းရင်း မရှိတော့ပါ။

ရဲ့လင်းချန်သည် ရေပန်းစားမှု ရနိုင်သော အခြားနည်းလမ်းများ ရှိသဖြင့် ဤသည်ကို စိတ်ထဲမထားပါ။ သူသည် အတွေ့အကြုံမရှိသော ကလေးတစ်ယောက် မဟုတ်တော့ပါ။ သူ့အပေါ် ဤသို့ မတရားသဖြင့် ပြုလာသည်ကို ငြိမ်ခံနေတော့မည် မဟုတ်ပေ။

ရဲ့လင်းချန် တံခါးမှ ထွက်သွားလုဆဲဆဲ ဖြစ်သည်ကိုမြင်ပြီး ကျန်းဟဲ၏ မျက်နှာက စိုးရိမ်စိတ်ကြောင့် နီရဲလာသည်။ သူ ရှေ့သို့ အပြေးသွားပြီး စာချုပ်ကိုကိုင်၍ အော်ပြောလေသည်။

“ကျောင်းသားရဲ့ နေပါဦး၊ စာချုပ်က ပြင်ထားပြီးသားပါ၊ မင်း ဒီမှာ လက်မှတ်ထိုးဖို့ပဲ လိုတာ”

ကျန်းဟဲက လေသဖွယ် ပြေးနေပြီး ဤအဖိုးတန် ရတနာလေးက သူ့လက်ထဲမှ လွတ်သွားမည်ကို စိုးရွံနေ၏။ သူ ရဲ့လင်းချန်ကို လှမ်းဆွဲ၍ ရိုးဖြောင့်စွာ ကြည့်လေသည်။

“ကျောင်းသားရဲ့ ငါ တောင်းပန်ပါတယ်၊ ဒီစာချုပ်က မင်းအတွက် အဆင်ပြေလားသိရအောင် တစ်ချက်လောက် ကြည့်ကြည့်ပါလား”

ရဲ့လင်းချန် စာချုပ်ကို ခပ်သွက်သွက် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“အဆင်ပြေပါတယ်၊ ခင်ဗျားမှာ ဘောပင် ရှိလား”

“ဒီမှာ ဘောပင်”

ကျန်းဟဲက စိတ်အားထက်သန်စွာ ဘောပင်ကို ထုတ်ပေးပြီး ရဲ့လင်းချန်အား စာချုပ်၌ လက်မှတ်ထိုးရန် လောဆော်နေသည်။

“ကျန်းဟဲ မင်း ရူးနေပြီ၊ အခုချက်ချင်း ရပ်လိုက်စမ်း”

ဖမ်ဟမ်က စိုးရိမ်တုန်လှုပ်စိတ်ကြောင့် တုန်ယင်နေသည်။ သူ့မျက်လုံးများက နီရဲနေပြီး အသံပြာမတတ် အော်ဟစ် နေ၏။

“မင်း ဘာလုပ်နေတာလဲဆိုတာကို သိရဲ့လား၊ မင်း ဥက္ကဋ္ဌတစ်ယောက်နဲ့တောင် တူသေးရဲ့လား”

သို့သော် ကျန်းဟဲက ထိုစကားများကို ဥပေက္ခာပြုထားပြီး သူ့မျက်နှာတွင် ဆုံးဖြတ်ချက် ပြတ်သားဟန် ပေါ်နေသည်။

“နေပါဦး”

ကပ္ပတိန် ချမ်စန်းက ရှေ့တက်လာပြီး ရဲ့လင်းချက်ကို စေ့စေ့ကြည့်ကာ လက်သီးကို တင်းနေအောင် ဆုပ်ထားသည်။

“မင်းမှာ ဘာအရည်အချင်းရှိလို့ ဒီလို စာချုပ်မျိုးမှာ လက်မှတ်ထိုးတာလဲ၊ ငါ မင်းကို စိန်ခေါ်တယ်”

“ငါ ငြင်းတယ်”

ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းက မထိုက်တန်ဘူး”

ထိုသို့ပြောပြီး သူ ထွက်လာလိုက်လေသည်။

All Chapters