← Chapters

အများအပြား တင်ခြင်း

Vol. 12 Ch. 173

အများအပြား တင်ခြင်း

Vol. 12 Ch. 173

ထွက်သွားသော ရဲ့လင်းချန်၏ ပုံရိပ်ကို ကြည့်ပြီး လူတိုင်း မသိမသာ မှင်တက်သွားကြသည်။

*လူပါးဝလိုက်တာ*

*အရှက်ကိုမရှိဘူး*

“အရူး … တကယ့် အရူး*

ဖမ်ဟမ် ဒေါသကြောင့် ရူးမတတ် ဖြစ်သွားသည်။ သူက ကျန်းဟဲကို ရဲရဲနီနေသော မျက်လုံးများဖြင့် စိုက်ကြည့် လိုက်သည်။

“ကျန်းဟဲ မင်းက ငါ့တပည့် ဖြစ်နေတုန်းပဲဆိုရင် အခုချက်ချင်း ဒီစာချုပ်ကို ဖြဲလိုက်”

“ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးပါ”

ကျန်းဟဲက စာချုပ်ကို လုံခြုံစွာ သိမ်းထားလိုက်ပြီ ဖြစ်ပြီး အဖွဲ့အစည်း၏ စနစ်ထဲတွင် ရဲ့လင်းချန်အား စာရင်းသွင်းရန် ပြင်နေသည်။

“ရူးနေပြီ၊ မင်း ရူးနေတာပဲ ဖြစ်မယ်”

“ဒီလို လူပါးဝတဲ့ကောင်မှာ ဘာအရည်အချင်းတွေ ရှိလို့လဲ၊ မင်းတော့ သူ့ဆီမှာ ဦးနှောက်ဆေး ခံလိုက်ရပြီ”

“ဥက္ကဋ္ဌ ကျွန်တော် ဒါကို လက်မခံနိုင်ဘူး”

ချမ်စန်း၏ မျက်လုံးများကလည်း နီရဲနေသည်။ သူ အလွန် အရှက်ခွဲခံရသလို ခံစားနေရသည်။

ထွက်သွားခါနီး ပြောသွားသော ရဲ့လင်းချန်၏ စကားက သူ့နားထဲ၌ ပဲ့တင်ထပ်နေဆဲပင်။ သူက မထိုက်တန် ဘူးတဲ့လား။

သူမှမထိုက်တန်လျင် ဘယ်သူက ထိုက်တန်ဦးမည်နည်း။

“ကျွန်တော့် မျက်လုံးတွေ မကန်းသေးဘူး၊ မဟုတ်မှလွဲရော ကျွန်တော်က လူတွေကို သက်သက်သာသာ လုပ်စားနိုင်အောင် လုပ်ပေးမယ့်လူလို့ ထင်နေတာလား”

ကျန်းဟဲ မျက်နှာတည်လာပြီး နည်းပြတစ်ယောက်၏ အရှိန်အဝါမျိုး ထုတ်ဖော်လာသည်။

ကစားသမားများအားလုံး ကြောက်လန့်သွားပြီး ဘာမှမပြောရဲတော့ချေ။

“ဖြောင်း”

ဖမ်ဟမ်က ကျန်းဟဲ၏ မျက်နှာကို ဖြတ်ရိုက်ပြီး ဒေါသတကြီး အော်ငေါက်သည်။

“ဘတ်စကတ်ဘော အဖွဲ့အစည်းက မင်းလက်ထဲမှာ ပျက်စီးတော့မှာကွ”

ထိုသို့ပြောပြီး သူ ထွက်သွားသည်။

…

ဘတ်စကတ်ဘော အဖွဲ့အစည်းက အဖြစ်အပျက်က ရဲ့လင်းချန်အတွက် အသေးအဖွဲ ကိစ္စလေးသာ ဖြစ်သည်။

အားကစားသည် တရုတ်နိုင်ငံအတွက် အမြဲ အားနည်းချက် ဖြစ်ခဲ့သည်။ နိုင်ငံ့အားကစား ဖြစ်သည့် စားပွဲတင် တင်းနစ်မှလွဲလျင် တရုတ်နိုင်ငံသည် သူတို့ ပါဝင်ယှဉ်ပြိုင်သည့် အခြားအားကစားများ၌ အဆင့်နိမ့်သည်။ အားကစား အဖွဲ့အစည်းသို့ သူ ဝင်ရောက်ခြင်းက သူ တတ်နိုင်သည့် ခွန်အားဖြင့် ကူညီပေးခြင်း ဖြစ်သည်။ ထို့အပြင် အကျိုးခံစားခွင့်ကလည်း မဆိုးသလို သူ ရေပန်းစားမှုလည်း ရနိုင်သောကြောင့်ပင်။

၎င်းအပြင် ရဲ့လင်းချန်သည်လည်း သူ့ဘာသာ တွေးနေမိသည်။

လက်ရှိအချိန်တွင် သူ အရာအားလုံးကို ထုတ်ပြ၍ မဖြစ်သော်လည်း လက်ခံနိုင်လောက်သည့် အောင်မြင်မှုတော့ ရရှိနေပါသည်။ အနည်းဆုံး သူ့မိဘများ သူ့အတွက် ဂုဏ်ယူရအောင် သူ လုပ်ပေးနိုင်သည်။ ထို့အပြင် သူ့မိဘများကို တစ်ချိန်လုံး စိုးရိမ်ရအောင် မလုပ်ရတော့ဘဲ သင့်တော်သော ဆင်ခြေဖြင့် သူ့မိဘများထံ ငွေလွှဲနိုင်ပြီ ဖြစ်သလို သူ့အနာဂတ် ဝင်ငွေအတွက် ပို၍ ရှင်းပြနိုင်ပေတော့မည်။

ဘတ်စကတ်ဘော အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက်ဟူသော ဂုဏ်ပုဒ်က ထိုအတွက် အတော်လေး အံဝင်ဂွင်ကျ ဖြစ်ပေသည်။

အိမ်သို့ ပြန်နေသော ဘတ်စ်ကားပေါ်၌ ရဲ့လင်းချန် အတွေးထဲ ဗလာဖြစ်နေပြီး အချိန်အတိုင်းအတာ တစ်ခုအထိ တွေဝေနေပြီးနောက် စနစ်ထဲသို့ ဝင်လိုက်သည်။

သူ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်း ပိတ်ပင်ခံလိုက်ရမှုကြောင့် ရေပန်းစားမှုအမှတ် တိုးမြင့်လာခြင်းကလည်း အကန့်အသတ်နှင့် ဖြစ်သွားသည်။ သို့သော် တရုတ်နိုင်ငံ၏ Top Voice အစီအစဉ်နှင့် ၎င်း၏ လွှမ်းမိုးမှုတို့ကြောင့် ရဲ့လင်းချန်၏ ရေပန်းစားမှုအမှတ်က အကြမ်းဖျင်း ၅၀,၀၀၀ မှ ၇၀,၅၇၉ သို့ ရောက်ရှိသွားသည်။

သီချင်းသစ်တစ်ပုဒ်က ရေပန်းစားမှုအမှတ် ခြောက်သောင်းကျော်ကို ရရှိလာစေသည်။ ဤသည်က အတော်လေး ကောင်းမွန်သော တိုးတက်မှုပင်။

နတ်ဘုရားများကို သုတ်သင်ခြင်းကလည်း မြင့်တက်နေဆဲပင်။ ၎င်း၌ အကြီးအကျယ် ပေါက်မည့် အလားအလာ ရှိသော်လည်း ၎င်း၏ သက်ရောက်မှုက သူ၏ ရေပန်းစားမှု တိုးတက်နိုင်စွမ်းအပေါ် အကန့်အသတ်နှင့်သာ ဖြစ်စေသည်။

နတ်ဘုရားများကို သုတ်သင်ခြင်း ဝတ္ထုအကြောင်း တွေးမိပြီး ရဲ့လင်းချန် စာရေးသူ ကဏ္ဍထဲ ဝင်လိုက်သည်။ ထင်ထားသလိုပင် သူ၏ စာရင်းဇယားက နောက်ထပ် မြင့်တက်လာပြီး အမျိုးမျိုးသော ရှုထောင့်တို့မှ တိုးတက်မှုများ ပြနေကာ လက်ဆောင်များလည်း ရရှိနေသည်။

လက်ဆောင် ရရှိမှု တိုးတက်လာခြင်းနှင့်အတူ အားလုံးက သူ့ကို များများ တင်ပေးရန် ဆော်ဩနေကြသည်။ ထို့အပြင် သူ၏ ကလောင်နာမည်ကြောင့် စာဖတ်သူများက သူ့အား စာရေးဆရာ ဝိုင်ဟု အလိုလို သတ်မှတ် လိုက်လေသည်။

[စာရေးဆရာရေ၊ ကျွန်တော် ဒီနေ့မှ ခင်ဗျားစာအုပ်ကို စဖတ်တာ အပိုင်းသစ် မတင်သေးခင်အထိ ဖတ်တာ ရပ်လို့မရတော့ဘူး၊ လုံးဝ မိုက်တယ်၊ များများလေး တင်ပေးပါဦး]

[စာရေးဆရာရေ၊ ခင်ဗျားရဲ့ ရေးပုံက တအား အံ့ဩဖို့ကောင်းလွန်းတယ်၊ ခင်ဗျားက ဝိုင်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်တယ်လို့ ကျုပ် ခံစားမိတယ်၊ အား … ဝိုင်မျိုးနွယ်က ပိုကြီးထွားလာတော့မယ် ထင်တယ်]

[စာရေးဆရာ ဝိုင်၊ အခြား ဝိုင်တွေက ခင်ဗျား ပေါ်လာတာကို ဘယ်လို တုံ့ပြန်လဲ၊ ခင်ဗျားတို့တွေက တစ်ခုခု ပတ်သက်မှု ရှိလား]

[ဆရာရေ၊ ကျွန်တော့် တစ်ပတ်စာ မုန့်ဖိုးကို ခင်ဗျားအတွက် လက်ဆောင် ပေးတဲ့နေရာမှာ သုံးလိုက်ပြီ၊ ခင်ဗျား အပိုင်းတွေ မြန်မြန် တင်လာပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ကျေးဇူးတင်ပါတယ်]

[ခင်ဗျား ဒါကို မှန်မှန်လေး သွားပေးမှ ဖြစ်မှာနော်၊ ဝိုင်ရဲ့ လက်ရာက အရည်အသွေးကို အာမခံပြီးသား၊ အခြားဝိုင်တွေလို ခင်ဗျား နာမည်ကြီးလာပါစေလို့ ကျုပ် မျှော်လင့်ပါတယ်]

[ဒီဝတ္ထုရဲ့ အဆင့်က တိုက်ရိုက် ထုတ်လွှင့်သူဝိုင်ရဲ့ ဂူသင်္ချိုင်း ဖောက်သူ၏ သမိုင်းမှတ်တမ်းနဲ့တောင် ယှဉ်လို့ရတယ်၊ ကံကောင်းပါစေ စာရေးဆရာရေ၊ စာရေးဆရာ ဝိုင်အတွက် ဆုတောင်းပေးလိုက်ပါတယ်]

…

မှတ်ချက်များကို ဖတ်ပြီးနောက် ရဲ့လင်းချန်သည် သူနှင့် စတင်သည့် အချိန်တူသော အခြား ဝတ္ထုများနှင့် နှိုင်းယှဉ် ကြည့်လိုက်သည်။

သူတို့၏ စာရင်းဇယား ကွာခြားချက်က မိုးနှင့်မြေလိုပင်။

သံသယဝင်စရာ မလိုအောင်ပင် နတ်ဘုရားများကို သုတ်သင်ခြင်းက PK တွင် နံပါတ်တစ် ချိတ်နေပြီး အခြား ဝတ္ထုများထက် ပိုမို ထင်ပေါ်နေသည်။ ရလဒ်က ထိတ်လန့်စရာပင် ကောင်းလှသည်။

သူနှင့် အတူတူ PK ၌ ပါဝင်သော အခြားစာရေးဆရာများ ဘယ်လောက်ထိ စိတ်ဒဏ်ရာ ရသွားမလဲ ဆိုသည်ကို တွေးရခက်လှသည်။ PK ပွဲစဉ်အတွင်း၌ ဤသို့သော ထိတ်လန့်ဖွယ် ကိစ္စရပ်နှင့် ရင်ဆိုင်ရသဖြင့် မည်မျှ ကံဆိုးလိုက်သနည်း။

သူ မှတ်ချက်များကို ခပ်သွက်သွက် ဖတ်ကြည့်လိုက်သည်။ စာဖတ်သူများ၏ အကြံပြုချက်အချို့ကို တွေ့သော်လည်း ရဲ့လင်းချန် သည်အတိုင်း ကြည့်သာ ကြည့်လိုက်သည်။

ဝတ္ထုတစ်ပုဒ် ရေးခြင်းတွင် သူ၏ ကိုယ်ပိုင်ပုံစံ ရှိရန် လိုအပ်ပေသည်။ အခြားသူများ၏ အကြံပေးချက်များအတိုင်း သူ မျက်ကန်းတစ္ဆေ လိုက်လုပ်မည် မဟုတ်ပါ။ သို့မဟုတ်ပါက သူ ရသင့်သည်ထက် ပို၍ ဆုံးရှုံးရလောက်သည်။

သို့သော် လက်ဆောင်များစွာ ပေးပြီး မြန်မြန် တင်ပေးရန် တောင်းဆိုနေသည်ကို မြင်သော်အခါ သူ ပုံမှန်မတင်မိသည်ကို အားနာမိသွားသည်။

အိမ်ပြန်ရောက်သည်နှင့် ရဲ့လင်းချန် ချက်ချင်း ကွန်ပျူတာဖွင့်၍ စာစရိုက်လေတော့သည်။

တစ်နာရီကြာပြီးနောက် အခန်း ၁၇ တက်ရောက်ခြင်းကို တင်လိုက်သည်။ သူ တစ်ခန်းကို စာလုံးပေါင်း ခုနစ်ထောင် ပါဝင်အောင် ရေးသားထားသည်။

[ချီးပဲ စာရေးဆရာက အပိုင်းပို စတင်နေပြီကွ၊ အား ... အံ့ဩစရာပဲဟေ့]

[စာလုံးရေ ခုနစ်ထောင်တောင် ပါတဲ့ အပိုင်းရှည် စတင်နေပါလား၊ ဖတ်လို့တော့ ကောင်းပြီပဲ]

[ငါ တစ်ခါတည်း အပြီးဖတ်လိုက်ဦးမယ်၊ အံ့ဩစရာပဲ၊ တကယ် အံ့ဩဖို့ကောင်းတယ်၊ ငါ ပိုပြီး မျှော်လင့်မိနေပြီ]

[ပြောရမယ်ဆိုရင် ကျန်းရှောင်ဖန်က သူ့စွန့်စားခန်းကနေ အတော်လေး အကျိုးအမြတ် ရသွားခဲ့တာ၊ သူ စားသောက်ပွဲမှာ သူ့အရည်အချင်း အချို့တော့ ပြ‌လောက်သင့်တယ် မဟုတ်လား၊ ငါ တအား စိတ်လှုပ်ရှားနေပြီ]

အပိုင်းတစ်ပိုင်း တင်လိုက်ပြီးသည်နှင့် တစ်ခဏအတွင်း မှတ်ချက်ပေးသည့် ကဏ္ဍ၌ မှတ်ချက်များ ဆယ်ခုကျော် ပေါ်လာသည်။ လူအတော်များများက နတ်ဘုရားများကို သုတ်သင်ခြင်း အပိုင်းသစ် တင်လာမည့် အချိန်ကို စောင့်နေကြသည့်ပုံပင်။

စာဖတ်သူများ အံ့ဩနေရာမှ စိတ်မတည်ငြိမ်လာချိန်တွင် အခန်း ၁၈ ပြန်လည်ဆုံတွေ့ခြင်းကိုလည်း တင်လာသည်။

[ငါ အိပ်မက်မက်နေတာလား၊ စာ‌ရေးဆရာက နောက်တစ်ခန်း တင်လိုက်တာလား]

[ချီးပဲ င့ါမျက်လုံးတွေက ငါ့ကို လှည့်စားနေတယ်လို့ ထင်နေတာ၊ စာရေးဆရာကတော့ အံ့ဩစရာတွေ အပြည့်ပဲဟေ့]

[စာရေးဆရာရေ ချစ်တယ်နော်]

[စာရေးဆရာ ဝိုင်ရေ ဘာမှ မပြောနဲ့တော့၊ အခုကစပြီး မင်းရယ်၊ စူပါမန်းဝိုင်နဲ့ တိုက်ရိုက် ထုတ်လွှင့်သူ ဝိုင်တို့က ငါ့စံပြပုဂ္ဂိုလ်တွေပဲ၊ ငါ ချစ်တယ်နော် ဟုတ်ပြီလား]

လက်ရှိအခန်းက နတ်ဘုရားများကို သုတ်သင်ခြင်း၌ အသေးစား အရှိန်တက်နေသော အခန်းဟု ဆိုရပေမည်။ ကျန်းရှောင်ဖန်က အချိန်အတော်ကြာအောင် ငြိမ်နေခဲ့ပြီး သူ့၌ ခွန်အား ဘယ်လောက်ရှိသလဲ မသိဖြစ်နေသလို မှော်မီးတုတ်လည်း ပိုင်ဆိုင်ထားသည်။ ယင်းက စာဖတ်သူများ၏ မျှော့်လင်ချက်ကို မြင့်တက်လာစေသည်။

ထို့အပြင် ဤအခန်းများသည် နတ်ဘုရားများကို သုတ်သင်ခြင်း ဝတ္ထု၏ ဆွဲဆောင်မှု အရှိဆုံး အခန်းအချို့ ဖြစ်သည်။ ဇာတ်ကောင်များက သိုင်းပညာစွာကို လေ့လာနေကြပြီး ဓားနှင့်ပျံသန်းခြင်း သည့် ထူးခြား ဆန်းကြယ်သော အရည်အချင်းများကို လေ့လာသင်ယူနေ၏။ ၎င်းက စာဖတ်သူများကို ရှန်းရှ၏ သဘာဝထဲ နစ်ဝင်လာစေပြီး စိတ်ကူးယဉ်ကမ္ဘာထဲ ပျော်မွေ့ကာ ပို၍ ဖတ်ချင်စိတ် ပိုနေသည်။

ထို့အပြင် နတ်ဘုရားများကို သုတ်သင်ခြင်း၏ ဇာတ်လိုက်တော်တော်များများလည်း ပေါ်လာနေပြီ ဖြစ်သည်။ တက်ကြွသော ဂျူနီယာ တပည့်မလေး၊ မောက်မာသော လုရွှယ်ချီနှင့် ကျင့်ကြံခြင်း လောကမှ မရေတွက်နိုင်သော မိန်းမလှလေးများက စာဖတ်သူများ၏ နှလုံးသားထဲ၌ နေရာယူလာကြသည်။

ယနေ့အတွက် နောက်ထပ် အပိုင်းသစ် မတင်တော့ဟု အားလုံး ထင်နေကြချိန်၌ တစ်နာရီပင် မကြာလိုက်သော အချိန်အတွင်း အခန်း ၁၉ ကံစမ်းခြင်း တင်လာသည်။

စာလုံးရေ ငါးထောင်ပါသော နောက်ထပ် အခန်းရှည်တစ်ခန်းပင်။

[စာရေးဆရာက ဒီနေ့ အသိစိတ် ဝင်နေပုံရတယ်၊ ဟင့်ဟင့်ဟင့် မင်းတို့ ယုံနိုင်မလား၊ ငါ မျက်ရည် ဝဲနေပြီ]

[ငါ မင်းကို ယုံတယ်၊ ဘာလို့လဲဆိုတော့ ငါလည်း မျက်ရည်ဝဲနေလို့ပဲ]

[ငါ တုကူရီထျန်း ပြန်လာပြီး ဒင်္ဂါး ငါးသိန်း လက်ဆောင် ပေးလိုက်ပြီ၊ လုံအောင်းထျန်း မင်း ဘယ်မှာလဲ၊ ဘယ်သူ ငါနဲ့ ယှဉ်ရဲလဲကွ]

[ငါ လုံအောင်းထျန်း ဒီမှာကွ၊ စာဖတ်သူအချင်းချင်း ခင်မင်ရအောင်လို့ မပြိုင်ဘဲ နေရအောင်၊ ငါတို့ ဒင်္ဂါး ငါးသိန်းစီ ပေးပြီး ဟန်ချက်ညီအောင် ထိန်းရအောင်]

[ဖတ်လို့ကောင်းတယ်၊ တကယ် ဖတ်လို့ကောင်းတယ်၊ ငါ ရပ်လို့တောင် မရဘူး]

[စာရေးဆရာရေ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လည်း မလုပ်နဲ့ဦး၊ ခင်ဗျား အလုပ်နဲ့ ဘဝ ဟန်ချက်ညီအောင် နေမှ ဖြစ်မယ်၊ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင် မလုပ်ပါနဲ့၊ ကျုပ်တို့ အလျင်မလိုပါဘူး စောင့်နိုင်ပါတယ်]

သုံးနာရီကြာသော် သူ အခန်းသုံးခန်း ရေး၍ ပြီးသွားလေသည်။ ဤသည်က ပါရမီရှင်စနစ် ရှိနေသော ရဲ့လင်းချန် မို့လို့ပင်။ သာမန် စာရေးဆရာတစ်ယောက်ဆိုလျင် တစ်နေ့အတွင်း ထိုမျှရေးနိုင်လျင်ပင် တော်လွန်းနေပြီ ဖြစ်သည်။

[ဒီနေ့ တင်တာကို ဒီမှာပဲ ရပ်လိုက်ပါမယ်၊ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်]

ရိုးရှင်းသော သတင်းစကားတစ်ခု ချန်ထားရစ်ခဲ့ပြီးနောက် ရဲ့လင်းချန် စာရေးသူ ကဏ္ဍထဲမှ ထွက်လိုက်သည်။

“တင် တင် တင်”

သူ ထွက်လိုက်သည့်အခိုက်မှာပင် QQ messenger က အသိပေးသံ ထွက်လာသည်။ ၎င်းမှာ အယ်ဒီတာ ဒိန်ချဉ်ထံမှ ဖြစ်လေသည်။

[ငါကဝိုင်ရေ ဒါက မိုက်တယ်ဟေ့၊ မင်းရလဒ်က မျှော်လင့်ထားတာထက်တောင် ကျော်နေသေးတယ်၊ ဒါက မင်းကို လက်ဆောင်မျိုးစုံ ပေးနိုင်တဲ့ ဝတ္ထုပဲ၊ မင်း ဒီလိုပဲ ဆက်ထိန်းထားကွ]

[အင်း ကျွန်တော် ထိန်းထားမှာပါ၊ ကြော်ငြာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ကျွန်တော် ဒီလိုရလဒ်မျိုး ရလာမှာ မဟုတ်ဘူး]

ရဲ့လင်းချန်က သူ့အယ်ဒီတာနှင့် အခင်အမင် မပျက်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးစားနေသည်။

[မင်းက ငါ့ကို အမွှန်းတင်လွန်းနေပါပြီ၊ တကယ့်‌ရွှေဆိုတာ အမြဲ တန်ဖိုးကို ပြစမြဲပါပဲ၊ မင်းရဲ့ ဝတ္ထုက ကောင်းလွန်း နေတာပါ၊ ငါတောင် ဖတ်နေမိတာ]

ဒိန်ချဉ်က ဆက်ပြောလေသည်။

[ဪ ဟုတ်သားပဲ၊ မင်း ဒီနေ့ တော်တော်လေး တင်လိုက်တယ်နော်၊ မင်းမှာ အကြမ်းရေးထားတဲ့ အခန်းပိုများ ရှိသေးလား]

[ဟင့်အင်း စိတ်ကူးထဲ ပေါ်လာသလို ‌ရေးလိုက်တာ]

[မြတ်စွာဘုရား မင်းက အံ့ဩဖို့ကောင်းတာပဲ၊ စာရိုက်တဲ့နှုန်းကလည်း ရူးလောက်တယ်၊ မင်း လက်ဆောင် မရသင့်တဲ့ အကြောင်းရင်းကို မရှိဘူး]

All Chapters