← Chapters

အလုပ်များနေတဲ့နဂါး

Vol. 24 Ch. 336

အလုပ်များနေတဲ့နဂါး

Vol. 24 Ch. 336

အခန်း (၃၃၆) အလုပ်များနေတဲ့နဂါး

ခွန်လွန်တောင်အတွက် ပေးဆပ်လိုက်ဦးမည်ဟု ပြောကာဆိုကာဖြင့် အဋ္ဌမမင်းသား နဝမတောင်ထွတ်မှ ပြန်သွားလေ၏။

ဘာပဲဖြစ်ဖြစ် မြေအောက်နတ်ဆိုးများကို ပေါ့သေးသေး သဘောမထားသင့်ပေ။ သူက အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်မျှသာဖြစ်လေရာ ထိုသူများရှိရာသို့ သွားရောက်မွှေနှောက်ရန် မသင့်တော်ပေ။

ထို့ကြောင့် လျှို့ဝှက်လုပ်ဆောင်ရမည် ဖြစ်သည်။ နတ်ဆိုးများနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်း မရှိလျှင် ထွက်ပြေးရမည် ဖြစ်၏။

သူ၏ ပြေးနိုင်စွမ်းကိုတော့ သူအတော်လေး ယုံကြည်ထားသည်။

ကျန်းလန်က လုန်မန်ကို အရေးမစိုက်တော့ပေ။ သူ အန္တရယ်ကျရောက်ချိန် ကျန်းလန်ပိုင်ဆိုင်သည့် နတ်ဘုရားရာထူးကို ခေါ်ဆိုမည်ဆိုလျှင် အဋ္ဌမမင်းသားအနေဖြင့် ဘေးကင်းမည် ဖြစ်သည်။

မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်သာရှိသေးသည့် ကျန်းလန်က အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသည်ဟု မဆိုနိုင်ပေ။

သို့သော် ခွန်လွန်တောင်သို့ ရောက်လာကြသည့် အပြင်လူများအတွက် မိုးကောင်းကင်အင်မော်တယ်အင်မော်တယ်အဆင့် ပါဝင်ရန် အလွန်ခက်ခဲသည်။

တောင်သခင်များအနေဖြင့် ထိုသို့သော အင်အားကြီးသူများကို ရှာဖွေတွေ့ရှိရန် အလွန်လွယ်ကူသည်။

ဟုတ်ပေ၏။ မြန်မြန်ဝင်ရောက်လာပြီး မြန်မြန်ပြန်ပြေးနိုင်လျှင်တော့ သူတို့ကို ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။ တောင်သခင်များအားလုံးက အချိန်ပြည့် သတိထားနေနိုင်မည် မဟုတ်ပေ။

ထို့နောက် ကျန်းလန်သည် တောင်ပေါ်မှ အစီအရင်များကို စစ်ဆေးခြင်းမပြုခင် ခြုံနွယ်များအားလုံးကို သန့်ရှင်းရေးလုပ်လိုက်သည်။

ထို့နောက် သားရဲဥလေးနှင့် ရေသဖန်းပင်လေး အဆင်ပြေမပြေ ကြည့်ရှုပြီးနောက် မရဏဂူသို့ ထွက်လာခဲ့သည်။

သူ ခွန်လွန်တောင်သို့ ရောက်သည်မှာ နှစ်ပေါင်း (၄၅၀) ရှိခဲ့ပြီဖြစ်ပြီး ငရဲတံခါးမှ မရဏအငွေ့အသက်များ ထပ်မံပေါက်ကွဲထွက်ရန် အချိန်ကျပြီ ဖြစ်၏။

ထို့ကြောင့် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို မရဏဂူထဲခေါ်မသွားရန် ဆုံးဖြတ်ခဲ့လေသည်။

"ဒီတစ်ခေါက်လည်း ဘာဖြစ်ဦးမလဲ သိချင်လိုက်တာ"

မရဏဂူထဲတွင် ကျန်းလန် ရေရွတ်ရင်း ငရဲတံခါးကို စိုက်ကြည့်လိုက်သည်။

ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်လေတိုင်း ပြဿနာတစ်ခုမဟုတ်တစ်ခု ဖြစ်တတ်သည် မဟုတ်ပါလား။

နတ်မိစ္ဆာများက ငရဲတံခါးကို အာရုံစိုက်နေဆဲ ဖြစ်သည်။

ယခု မြေအောက်နတ်ဆိုးများသည်လည်း ခွန်လွန်တောင်ပတ်ဝန်းကျင်သို့ ရုတ်တရက် ချဉ်းကပ်လာကြလေရာ ငရဲတံခါးနှင့် ပတ်သက်မှု ရှိ၊ မရှိ မသိနိုင်ပေ။

ဘာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဖြစ်လေရာ သတိတစ်ချက်မလွတ်ဘဲနေထိုင်ရင်း ရင်ဆိုင်ရမည် ဖြစ်၏။

အန္တရယ်များကို ရင်ဆိုင်ရခြင်းက သူ၏ ကျင့်ကြံခြင်းကို မထိခိုက်စေနိုင်ပေ။

တန်ခိုးစွမ်းအားမြင့်မားလာလေလေ ၊ သူ ပိုပြီးလုပ်နိုင်စွမ်းရှိလာလေလေ ဖြစ်သည်။

ငရဲတံခါးကိုလည်း သူကောင်းကောင်းကာကွယ်နိုင်ပေလိမ့်မည်။

***

ညအချိန်။

တောအုပ်တစ်ခုထဲတွင် အဋ္ဌမမင်းသား လမ်းလျှောက်လျှက် ရှိသည်။

ဤနေရာက အရှေ့တံတားနှင့် နီးကပ်သည့် နေရာတစ်ခု ဖြစ်၏။

အရင်က ဤနေရာပတ်ဝန်းကျင်တွင် မြေအောက်နတ်ဆိုးများ ရှိနေသည်ကို အမှတ်မထင် သူတွေ့ခဲ့ဖူးသောကြောင့် ဤနေရာမှစပြီး သဲလွန်စရှာရန် စီစဉ်ခဲ့ခြင်းပင်။

သူသာ ခွန်လွန်တောင်တွင် ကြာရှည်နေထိုင်ပါက သူလည်း ခွန်လွန်ဂိုဏ်းသားတစ်ယောက် ဖြစ်လာပေလိမ့်မည်။

နဂါးမျိုးနွယ်သို့ သို့ပြန်သွားရန် သူ့အတွက် ခက်ခဲပေမည်။

“ခွန်လွန်မှာ ငါ့ကို ကာကွယ်ပေးနေတဲ့ သူတစ်ယောက်ရှိနေတာ ကောင်းပါတယ်။  မဟုတ်ရင် ငါ့ဘဝက ပိုခက်ခဲလိမ့်မယ်”

လုန်မန် တွေးလိုက်သည်။

လုန်ယွိက သူ့အတွက် ထူးထူးခြားခြား ဘာမှ လုပ်မပေးသော်လည်း အစ်မတစ်ယောက်ရှိခြင်းက သူ့ဘဝကို သက်သောင့်သက်ကသာရှိစေသည်ဟု အဋ္ဌမမင်းသား ခံစားရသည်။

သူမက ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်နေခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။

နဂါးတစ်ကောင်ဖြစ်ရသည်မှာ ပိုပြီး စိတ်ဝင်စားစရာကောင်းလာခဲ့သည်။

အမှန်တော့ အစ်မဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့ကြောင့် သူ ပိုပြီး လွတ်လပ်စွာ နေထိုင်ရခြင်း ဖြစ်၏။

ဇာမဏီမျိုးနွယ်မိန်းကလေးသည်လည်း ခွန်လွန်တောင်လက်အောက်တွင် အကျယ်ချုပ်ခံနေရသူပဲ ဖြစ်သည်။ သို့သော် သူမက ကောင်ငယ်လေးအပေါ်တွင် တည်မှီနေသည်။

သို့ပေသိ ခွန်လွန်တောင်တွင် ကောင်ငယ်လေးက မျက်နှာသိပ်မရှိလေရာ ဇာမဏီမလေးအနေဖြင့် သေရည်ဆိုင်မှ ထွက်ခွာသွားရန် မဖြစ်နိုင်ပေ။

သူကတော့ မတူညီပေ။

ခွန်လွန်တောင်မှ ထွက်မပြေးသရွေ့ မည်သည့်နေရာမဆို သူ သွားလာနိုင်သည်။

"နတ်ဆိုးတွေကို ဒီနေရာမှာ တွေ့နိုင်ဦးမလား မသိဘူး”

အဋ္ဌမမင်းသား မန္တန်များ အသုံးပြု၍လည်း နတ်ဆိုးများကို မရှာဖွေရဲပေ။ အလွန် သိသာသွားမည် ဖြစ်သည်။

"ဘုန်း”

ရုတ်တရက် ဆူညံသံတစ်ခုက ထွက်ပေါ်လာသောကြောင့် လုန်မန် အံ့အားသင့်သွားသည်။

ထိုအသံက သူ့အရှေ့မှ ထွက်ပေါ်လာခြင်း ဖြစ်၏။

လုန်မန်  ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ မှောင်ဝင်ပစ္စည်းကို အသက်သွင်းလိုက်သည်။

ထိုမှော်ဝင်ပစ္စည်းက သူ့ကို အခြားသူများ သတိပြုမိသွားခြင်းမှ ကာကွယ်ပေးသည်။

"တိုက်ခိုက်သံက တစ်ချက်ပဲထွက်လာတာ ၊ဘာဖြစ်လို့လဲ မသိဘူး"

ထိုသို့စိတ်ထဲတွေးမိသည်နှင့် အဋ္ဌမမင်းသား အသံထွက်ပေါ်လာရာနေရာသို့ အမြန်သွားကြည့်လိုက်သည်။

သို့သော် မည်သည့်တိုက်ပွဲကိုမှ မတွေ့ရှိရဘဲ ထိုနေရာတွင် ကြီးမားသည့် တွင်းကြီးတစ်တွင်းကိုသာ တွေ့လိုက်ရ၏။

"အစ်ကို"

ရုတ်တရက် သူ့နောက်မှ အသံတစ်သံ ကြားလိုက်ရလေရာ အဋ္ဌမမင်းသားက ချက်ချင်းပင် ရိုက်ထုတ်လိုက်သည်။

"ဘန်း"

လှံရှည်ရိုက်ချက်က တစ်ဖက်လူကို လွင့်ထွက်သွားစေပြီး မိန်းကလေးမှာ အဝေးမှ သစ်ပင်တစ်ပင်နှင့် သွားချိတ်မိနေတော့သည်။

အဋ္ဌမမင်းသား သတိပြန်ဝင်လာပြီး ထိုမိန်းကလေးကို လှမ်းကြည့်လိုက်သည်။

"ချီလင်ကောင်မလေး"

မြေအာက်နတ်ဆိုးဖြစ်စေ ၊ ချီလင်မျိုးနွယ်ဖြစ်စေ သူတို့အားလုံးက မြေကြီးအတွင်းမှ ထွက်လာနိုင်သူများ ဖြစ်ကြသည်။

တစ်ခါတစ်ရံ သူတို့က သူတို့၏ အငွေ့အသက်များကိုလည်း အလွန်ပင် ကွယ်ဝှက်ဖုံးကွယ်နိုင်ကြသည်။

ဤ ယန်ရှီးယွင်ဆိုသည့်မိန်းကလေးပင် ဤသို့သောပညာမျိုးတွင် ထူးချွန်သူတစ်ယောက်ဖြစ်သည်။ သူမက မကြာခဏ တိတ်တဆိတ်ပေါ်ပေါ်လာတတ်သည်။

"မင်း ဒီကို ဘာကိစ္စရောက်နေတာလဲ"

အဋ္ဌမမင်းသားက ယန်ရှီးယွင်အနား တိုးကပ်သွားရင်း မေးလိုက်သည်။

ယန်ရှီးယွင်မှာ မျက်နှာကိုအုပ်ပြီး သစ်ပင်ထက်တွင် ထိုင်နေသည်။

"ကျွန်မ မြေအောက်နတ်ဆိုးတစ်ယောက်ကို တွေ့ခဲ့တယ် ၊ သူ့ကို လမ်းမေးမလို့ကို သူက ဒေါသတကြီးနဲ့ပြေးလာပြီး ကျွန်မကို သတ်ဖို့လုပ်တယ် ၊ တော်သေးတာပေါ့ ကျွန်မအပြေးမြန်လို့ လွတ်သွားတာ"

ယန်ရှီးယွင် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။

"အစ်ကို ၊ မောင်ငယ်လေး ဒီနေ့ ရှင်နဲ့အတူ ပါမလာဘူးလား"

အဋ္ဌမမင်းသားက…

"သူက ဒီနေ့ ဇာမဏီကောင်မလေးကို အဖော်ပြုရင်း ကျန်ရစ်ခဲ့တယ်"

ယန်ရှီးယွင်က…

"အစ်ကို ၊ အစ်ကို… မောင်ငယ်လေးက ကျွန်မကို မြေပဲတွေ ပေးတာလေ ၊ အဲဒါ ဇာမဏီကောင်မလေးက စိတ်ဆိုးမှာလားဟင် ၊ အဲဒီလိုဆိုရင်တော့ ကျွန်မက မောင်ငယ်လေးအတွက် စိတ်မကောင်းဖြစ်မိမှာပဲ"

"ဘန်း"

အဋ္ဌမမင်းသား သတိလက်လွတ်ဖြင့် ယန်ရှီးယွင်ကို ရိုက်ထုတ်မိလေရာ သူမ လွင့်ထွက်သွားရပြန်သည်။

ထို့နောက် သူက ယန်ရှီးယွင်အနား ခုန်ဝင်လိုက်ရင်း…

"မင်း နတ်ဆိုးတွေကို ဘယ်နေရာမှာ တွေ့တာလဲ"

ယန်ရှီးယွင် သူမမျက်နှာကို ကာကွယ်ထားသည်။ သူမအမြဲတမ်း အရိုက်ခံနေရသည်ဟု ခံစားနေရ၏။

သူမ လမ်းမေးရန်စတင်စကားပြောခဲ့ကတည်းက အရိုက်နှက်ခံနေရသည်မှာ ယခုအချိန်ထိပင်။

သေရည်ဆိုင်မှ ကောင်ငယ်လေးရော ၊ ဒီအစ်ကိုကြီးရော ဒေါသကြီးလွန်းကြသည်။

မျိုးနွယ်အားလုံးမှ မည်သူမဆို ဆိုးသွားကြသည်ပင်။ သူမတို့ ချီလင်မျိုးနွယ်သာ အကောင်းဆုံး ဖြစ်၏။

ထို့နောက် သူမက တောင်ထိပ်သို့ လက်ညှိုးညွှန်ပြလိုက်ရင်း…

"ကမ္ဘာမြေကြီးက ကျွန်မကို ပြောပြတာ ၊ သူတို့ အဲဒီတောင်ပေါ်မှာတဲ့"

အဋ္ဌမမင်းသားက ယန်ရှီးယွင်ကို ကြည့်လိုက်ပြီး…

"ဒါဖြင့် ကမ္ဘာမြေကြီးက မင်းအိမ်ကို ဘယ်လိုပြန်ရမယ်ဆိုတာ ပြောမပြဘူးလား"

ယန်ရှီးယွင်က လူသားအင်မော်တယ် ၊ အလယ်ဆင့် ဖြစ်သည်။

အိမ်အပြန်လမ်းကိုသိရှိပါက သူမ အမြန်ပင် အိမ်ပြန်နိုင်မည် ဖြစ်သည်။

သို့သော်…

ယခုတော့ အနှစ်ငါးဆယ်ခြောက်ဆယ်ရှိပြီဖြစ်သော်လည်း၊ သူမသည် ခွန်လွန်တောင်ခြေတွင်ရှိနေဆဲပင်။

ယန်ရှီးယွင်က…

"ကမ္ဘာမြေကြီးက ပြောတာတော့ ကျွန်မအိမ်က အရှေ့ဘက်မှာတဲ့"

အဋ္ဌမမင်းသားက…

"အရှေ့ဘက် ဘယ်နေရာမှာလဲ ၊ ကမ္ဘာမြေကြီးက မင်းကို လမ်းမပြောဘူးလား"

ပြောပြီးသည်နှင့် သူမက ယန်ရှီးယွင်၏ အဖြေစကားကို မစောင့်တော့ဘဲ တောင်ထိပ်သို့ ဦးတည်ထွက်ခွာသွားသည်။

ယန်ရှီးယွင်လည်း သူ့နောက်မှ လိုက်သွားသည်။ သူမ လမ်းမေးရဦးမည် မဟုတ်ပါလား။

ယန်ရှီးယွင်က…

"ကမ္ဘာမြေကြီးက ရှေ့ဆက်သွားလို့ ပြောတာပဲ ၊ ကျွန်မလည်း ရှေ့ဆက်သွားနေတာပဲလေ"

အဋ္ဌမမင်းသားက မည်သည့်စကားမှမပြောတော့ဘဲ တောင်ထိပ်သို့သာ ဆက်တက်သွားသည်။

ချီလင်ကောင်မလေးနှင့်အတူ နတ်ဆိုးများကို ရှာဖွေခြင်းက အဆင်ပြေလိမ့်မည်ဟု လုန်မန် ရုတ်တရက် သဘောပေါက်လိုက်သည်။

မကြာမီ...

တောင်ထိပ်တွင် လူများရှိနေကြောင်း အဋ္ဌမမင်းသား အာရုံခံလိုက်မိသည်။

သူ့တွင်ရှိနေသည့် မှော်ဝင်ပစ္စည်းဖြင့်ဆိုလျှင် သူရောက်ရှိနေသည်ကို အခြားသူများ ရိပ်မိမည် မဟုတ်ပေ။

"စုစုပေါင်း (၅)ယောက် ၊ နတ်မိစ္ဆာ (၂)ယောက် ၊ နတ်ဆိုး (၃)ယောက်"

ထိုသူများ မည်သူဖြစ်ကြောင်း အဋ္ဌမမင်းသား ချက်ချင်း သိရှိသွားသည်။

"နတ်မိစ္ဆာတွေက အစစ်အမှန်အင်မော်တယ်တွေပဲ ၊ နတ်ဆိုးတွေကတော့ တစ်ယောက်က အစစ်အမှန်အင်မော်တယ်ပဲ"

အဋ္ဌမမင်းသား စိုးရိမ်သွားမိသည်။

အဘယ့်ကြောင့် နတ်မိစ္ဆာများနှင့် နတ်ဆိုးများ တွေ့ဆုံနေရပါသနည်း။

ပုံမှန်ဆိုလျှင် သူတို့ (၂)အုပ်စု ပတ်သက်စရာအကြောင်း မရှိပေ။ သူတို့၏ ဆက်ဆံရေးကလည်း ကောင်းမွန်ခြင်းမရှိဘူး မဟုတ်ပါလား။

“နတ်ဆိုးတွေက ကိုယ့်ကိုကိုယ် အတော်လေး အထင်ကြီးနေတာလား"

"မင်းတို့ရဲ့ ကမ္ဘာမြေကြီးကို ခန့်မှန်းနားလည်နိုင်တဲ့ ပညာနဲ့ ငရဲတံခါးကို လှုပ်ရှားအောင်လုပ်နိုင်မယ်လို့ တကယ်ကြီးထင်နေကြတာလား ၊ မင်းတို့ပြောသလိုသာဆိုရင် ချီလင်မျိုးနွယ်တွေလုပ်တာ ကြာလှနေပြီ"

သိမ်းငှက်မျက်လုံးများပိုင်ဆိင်ထားသည့် သက်လတ်ပိုင်းလူရွယ်က သူ့အရှေ့မှ မြေအောက်နတ်ဆိုး (၃)ယောက်ကို ပြောလိုက်သည်။

သူ့ရှေ့တွင် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် မြေအောက်နတ်ဆိုး (၃)ယောက် ရှိနေ၏။

"ဟွန်း"

အနက်ရောင်ဝတ်လူများ၏ ခေါင်းဆုံဖြစ်သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

သူက အေးစက်သည့် လေသံဖြင့်…

"ကျုပ်တို့က မင်းတို့လို မဟုတ်ဘူး ၊ မင်းတို့အကြီးအကဲတွေက ဝင်မပါချင်ဘူးလေ ၊ ကျုပ်တို့ အကြီးအကဲတွေကတော့ အဲဒီလို မဟုတ်ဘူး"

ဤစကားကြောင့် သိမ်းငှက်မျက်လုံးပိုင်ရှင် လူရွယ် အံ့အားသင့်သွားသည်။

သူက ဒေါသထွက်သွားခြင်းမရှိဘဲ စကားပြန်ပြောလိုက်သည်။

"ကြည့်ရတာ နတ်ဆိုးတွေက ကျုပ်တို့ပေးတဲ့အကြံဉာဏ်ကို နားမထောင်ဘူးထင်တယ်"

"မင်းတို့ နတ်မိစ္ဆာတွေက အရင်က ငရဲတံခါးကို တိုက်ခိုက်ဖူးတာနဲ့ပဲ မင်းတို့စကားနဲ့လမ်းဆုံးပြီး ကျုပ်တို့က စမ်းမကြည့်ရတော့ဘူးလား ၊ နတ်မစ္ဆာတွေက ကိုယ့်ကိုယ်ကိုယ် တကယ်အထင်ကြီးနေတာပဲ”

နတ်ဆိုးမျိုးနွယ်တစ်ယောက်က အေးစက်စွာဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ ၊ ဒါဖြင့် ကျုပ်တို့ နောက်မှထပ်တွေ့ကြတာပေါ့"

ထို့နောက် သိမ်းငှက်မျက်လုံးပိုင်ရှင်က နွားရိုင်းဦးချိုးများပါရှိသည့် လူငယ်ကိုခေါ်ကာ ထွက်ခွာသွားသည်။

သူ မထွက်ခွာမီ အဋ္ဌမမင်းသား ရှိနေရာသို့ လက်ညှိုးညွှန်ပြလိုက်ပြီး…

"စေတနာနဲ့ သတိပေးလိုက်မယ် ၊ ကျုပ်တို့ပြောတဲ့စကားတွေကို ခိုးပြီးနားထောင်တဲ့သူ ရှိနေတယ်"

ပြောပြီးသည်နှင့် ထွက်ခွာသွားလေသည်။

အမှောင်ထဲတွင် ပုန်းနေသည့် အဋ္ဌမမင်းသားမှာ ထိုစကားကြောင့် တုန်လှုပ်သွားသည်။

လမ်းမေးရန် လိုက်လာသည့် ယန်ရှီးယွင်မှာ ချက်ချင်းပင် မြေကြီးထဲသို့ တွင်းတူးဝင်ရောက်သွားပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်၏။

သို့သော်…

"ဘုန်း"

ပြင်းထန်သည့် စွမ်းအားတစ်ခုက လုန်မန်နှင့် ယန်ရှီးယွင်ထံသို့ ဝင်ရောက်လာလေရာယန်ရှီးယွင်မှာ လွင့်ထွက်သွားရသည်။

"မင်းတို့နှစ်ယောက်လုံး ပြေးဖို့ မစဉ်းစားနဲ့"

All Chapters