နာမည်နှင့် ကျောင်းသားကဒ်နံပါတ်
Vol. 12 Ch. 174
ရက်သတ္တပတ်တို့ အသစ်တစ်ဖန် စတင်လာလေပြီ။
ရဲ့လင်းချန် တက္ကသိုလ်ထဲသို့ ခြေချလိုက်သောအခါ လူငယ်များ၏ တက်ကြွသော စိတ်အားထက်သန်မှုကို ခံစားလိုက်ရသည်။
သူ တက္ကသိုလ်မှ များများစားစား လေ့လာ၍ မရနိုင်တော့သော်လည်း အတန်းချိန်များတွင် တက်ရောက်ဆဲ ဖြစ်သည်။ အတန်းချိန်မှန်ခြင်းက အရည်အချင်းရှိသော ပါရမီရှင်တစ်ယောက်၏ အခြေခံလက္ခဏာများထဲမှ တစ်ခု ဖြစ်ပေသည်။
အတန်းချိန်အတွင်း၌ အာရုံစိုက်ခြင်းကလည်း နောက်ထပ် လက္ခဏာရပ်တစ်ခုပင်။
ရဲ့လင်းချန် ဖုန်းထုတ်၍ လတ်တလော သတင်းများနှင့် ဝေ့ပေါ်မှ ရေပန်းစားသော အကြောင်းအရာများကို စစ်ဆေးနေ၏။ ဤသည်ကလည်း သူ အပျင်းပြေ အချိန်ဖြုန်းသည့် အကျင့်များထဲမှ တစ်ခု ဖြစ်လေသည်။
ဝေ့ပေါ်မှ ခေါင်းစဉ်နှစ်ခုကို ရဲ့လင်းချန် စိတ်ဝင်စားသွားသည်။ ၎င်းတို့၏ ရေပန်းစားမှုကလည်း အတော်လေး မြင့်တက်နေသည်။
[ဝူဟန် “ငါက သူရဲကောင်း” ရုပ်ရှင် ရိုက်ကူးနေစဉ်အတွင်း ဒဏ်ရာအပြင်းအထန် ရရှိ]
အဆိုပါ ခေါင်းစဉ်နှင့်အတူ ပုံအချို့ကို တွဲ၍ တင်ထားသည်။ ၎င်းတို့က “ငါက သူရဲကောင်း” ရုပ်ရှင်ရိုက်ကွင်းမှ ပုံများ ဖြစ်ပုံရသည်။
ဝူဟန်၏ မျက်နှာက ဖြူရော်နေပြီး ရိုက်ကွင်းဝန်ထမ်း တော်တော်များများက သူ့အနားတွင် ဝိုင်းနေသည်။ သူ အသိမလွတ်ရုံတမယ်သာ ရှိနေသည့်ပုံပင်။
သူ့အနားမျ လူများအားလုံးက စိုးရိမ်တုန်လှုပ်နေပြီး ပျာယာခတ်နေသော အမူအရာများ ဖြစ်နေသည်။ နေက်ခံတွင် လူနာတင်ကားကို မြင်နေရပြီး ဆေးဘက်အကူဝန်ထမ်းများ ထမ်းစင်သယ်၍ ပြေးလာနေသည်ကို မြင်နေ ရလေသည်။
နောက်ဆုံးပုံက ဝူဟန်၏ ဒဏ်ရာကို အတော်လေး အနီးကပ် ရိုက်ထားသောပုံ ဖြစ်လေသည်။
သူ့လက်မတွင် အတော်လေး ကြီးသော ဒဏ်ရာ ဖြစ်နေသည်။ ထိတ်လန့်စရာပင်၊ ကြောက်လန့်စရာ ကောင်းလှသည်။
အောက်ဘက်တွင် မှတ်ချက်များ ပလူပျံနေသည်။
[အား … ယောက်ျားရေ ရှင် အဆင်ပြေရဲ့လား၊ ကျွန်မ ရင်နာလိုက်တာ]
[ငိုရလွန်းလို့ ငါ့မျက်လုံးတွေ မို့ဖောင်းနေပြီ၊ ရှင် ဒီလို ဒဏ်ရာမျိုး ရတာကို မြင်ရမယ့်အစား ကျွန်မ သေသာ သေလိုက်ချင်တော့တယ်]
[ယောကျ်ားရေ ရှင် ဘယ်ဆေးရုံမှာလဲ၊ ကျွန်မ ချက်ချင်း အပြေးလာခဲ့မယ်]
ထိုဝေ့ပေါ်သတင်းအပြင် အခြား နာမည်ကြီးနေသော ဝေ့ပေါ်ခေါင်းစီးမှာလည်း ဝူဟန်နှင့် ပတ်သက်သော အရာပင်။
[ချစ်ချစ်တောက် ပူနေပင်မယ့်လည်း ဝူဟန်က ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ ရိုက်ကူးရေး လုပ်ခဲ့တယ်၊ သူ့နဖူးမှာ ချွေးတွေတောင် စို့နေပြီ]
အစောပိုင်းက သတင်းလိုပင် ဓာတ်ပုံအချို့ကိုပါ တွဲတင်ထားသည်။ ပထမဆုံးပုံမှာ နေပုံ ဖြစ်ပြီး ထို့နောက် ဝူဟန်၏ ရိုက်ကွင်းမှ ပုံများ ဖြစ်သည်။ နောက်ဆုံးပုံက ဝူဟန်၏နဖူးကို အနီးကပ် ဆွဲရိုက်ထားသောပုံဖြစ်ပြီး သူ့နဖူး၌ ချွေးနှစ်စက် စီးကျနေပုံ ဖြစ်လေသည်။
[အား ငါ့ယောက်ျားက ရိုက်ကူးရေး လုပ်နေတဲ့အချိန်မှာ အချောဆုံးပဲ]
[ဟင့် ဟင့် ဟင့်၊ ဘာလို့ ငါ့ယောက်ျားကို ဒီလို ပင်ပန်းအောင် လုပ်ရတာလဲ၊ အသုံးမကျတဲ့ ရုပ်ရှင်ရိုက်ကွင်း]
[ငါ့ယောကျ်ားကို အားပေးဖို့အတွက် ငါ ဒီရုပ်ရှင်ကို သွားကြည့်ကို ကြည့်ဦးမယ်]
…
*မျက်လုံးတောင် စပ်တယ်*
ရဲ့လင်းချန် ထပ်မဖတ်နိုင်တော့သဖြင့် ဝေ့ပေါ်ထဲမှ ထွက်လိုက်သည်။
ရဲ့လင်းချန် ဘေးဘီကို ကြည့်လိုက်သောအခါ အတန်းက အတော်လေး သက်ဝင်နေသည်။ ဆရာက စင်မြင့်ထက်တွင် သင်ခန်းစာ ပို့ချနေသည်။ ကျောင်းသားများက ငြိမ်ငြိမ်သက်သက်လေး နေနေကြသည်။ သို့သော် သူတို့၏ စာအုပ်များကြား၌ ဖုန်းများ ရှိနေပြီး ကိုယ်စီ လုပ်စရာရှိတာ လုပ်နေကြလေသည်။
ရှန်း၊ အာလူးလေးနှင့် ရှောင်ကမ်းတို့ကပါ ထိုသို့ဖြစ်နေသည်က အံ့ဩစရာပင်။ သူတို့မျက်နှာများက ဖုန်းမျက်နှာပြင်နှင့် ကပ်လုနီးပါး ဖြစ်နေပြီး အာရုံစိုက်၍ ဖတ်နေကြသည်။
“ဟင်”
ရဲ့လင်းချန် တိတ်တဆိတ် ရေရွတ်လိုက်ပြီးမှ သူတို့ကို ခိုးကြည့်လိုက်သည်။ သူတို့ ဖတ်နေသည့် စာလုံးများကို ရင်းနှီးနေသလိုပင်။
နောက်တစ်ခါ ထပ်ကြည့်လိုက်သောအခါတွင်မှ နတ်ဘုရားများကို သုတ်သင်ခြင်း ဖြစ်နေသည်ကို တွေ့လိုက် ရသည်။
ထိုစဉ် ရှေ့ဆုံးတန်းတွင် ထိုင်နေသည့် အနည်းငယ် ဝသော ကျောင်းသားတစ်ယောက်က ရုတ်တရက် ထရပ်လာပြီး စားပွဲကို လက်ဖြင့် ဖြန်းခနဲ ရိုက်လေသည်။
ထိုအသံက အခန်းထဲ မိုးခြိမ်းသံသဖွယ် ထွက်ပေါ်လာ၏။
ကျောင်းသားကျောင်းသူများနှင့် ဆရာပါ အံ့ဩသွားပြီး ထိုကျောင်းသားကို ဝိုင်းကြည့်လာသည်။
“လောကအတွက် စိတ်ကောင်းထားပြီး လူတွေအတွက် အသက်တမျှ တန်ဖိုးထားတယ်၊ ပုန်းကွယ်နေတဲ့ ပညာတွေကို ကြိုးစားသင်ယူပြီး လောကအတွက် ငြိမ်းချမ်းမှုကို ယူဆောင်လာပေးချင်တယ်၊ အပြော ကောင်းတယ်၊ သိပ်ကောင်းတဲ့ စကားပဲ”
ထိုကျောင်းသားသည် သူ့ကမ္ဘာထဲသူ နစ်မျောနေကာ ပတ်ဝန်းကျင်ကို မေ့နေသည်။ သူ့မျက်နှာက နီနေပြီး စိတ်အားထက်သန်စွာ အော်ဟစ်ပြန်သည်။
“ချီးပဲ ဒါ စောက်ရမ်းမိုက်လွန်းတယ်၊ ဒါကို ဖတ်လိုက်ရုံနဲ့တင် ငါ့သွေးတွေက ပွက်ပွက်ဆူလာပြီ၊ ကောင်းလိုက်တဲ့ စကား”
အားလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး အေးစက်သော လေညင်းတစ်ချက် တိုက်ခတ်လာ၏။
ထိုကျောင်းသားသည် အမှတ်တမဲ့ ပခုံးတွန့်လိုက်ပြီးမှ အတန်းကို ဝေ့ကြည့်လိုက်သောအခါ သူ့အား ဝိုင်းကြည့်နေသည်ကို တအံ့တဩ တွေ့လိုက်ရသည်။
“ဆရာ … ခုနက စကားပြောနေတဲ့သူက ကျွန်တော် မဟုတ်ဘူးလို့ပြောရင် ဆရာ ယုံမှာလားဟင်”
ဆရာက ရယ်လေသည်။ မျက်မှန်တပ်၍ စာအုပ်ကိုင်ကာ ရှင်းပြနေသော ဆရာသည် ပီကင်းတက္ကသိုလ်၏ ပါမောက္ခ ဖြစ်သည်။ သူက ညင်သာစွာ ပြုံးလိုက်သည်။
“ကျောင်းသားလေး မင်းရဲ့ နာမည်နဲ့ ကျောင်းသားကဒ်နံပါတ် ပေးပါဦး”
“ဆရာ ကျွန်တော်တို့က စာပေကို သင်ယူဖို့ ရောက်နေတာပါ၊ ခုနက စာသားကို ဂန္ထဝင်တွင်တယ်လို့ ပြောလို့ရလား၊ အဲ့ဒါကို စာရေးဆရာကောင်းတစ်ယောက်က ရေးထားတာပါ”
ထိုကျောင်းသားက အရှက်ကင်းမဲ့စွာဖြင့် ခုခံပြောဆိုပြီး သူ၏ အန္တရာယ်တွင်းမှ ရုန်းကန်နေသည်။
“နာမည်နဲ့ ကျောင်းသားကဒ်နံပါတ်”
“ဟောင်ကျန်း၊ ၃၈ ပါ”
ဆရာက ခေါင်းညိတ်သည်။
“ကောင်းပြီ၊ ဆရာတို့ မင်းရဲ့ အတန်းတွင်း လုပ်ဆောင်မှုအမှတ်ကို တစ်ဝက်လျော့တာနဲ့ စလိုက်တာပေါ့”
ထိုကျောင်းသား ပြန်ထိုင်သွားပြီးနောက် ဆရာဖြစ်သူက မျက်မှန်ကို ပင့်တင်၍ စဉ်းစားနေသော အကြည့်ဖြင့် ကြည့်လေသည်။
သူ့အတန်းသည် စာပေဌာန၌ ကဗျာကို အဓိကထား သင်ပြသော အတန်း ဖြစ်သည်။ ထိုစဉ် သူက တစ်ခဏမျှ ငြိမ်နေပြီးမှ နောက်သို့ပြန်လှည့်၍ သင်ပုန်း၌ ချရေးလိုက်သည်။
“လောကအတွက် စိတ်ကောင်းထားပြီး လူတွေအတွက် အသက်တမျှ တန်ဖိုးထားတယ်၊ ပုန်းကွယ်နေတဲ့ ပညာတွေကို ကြိုးစားသင်ယူပြီး လောကအတွက် ငြိမ်းချမ်းမှုကို ယူဆောင်လာပေးချင်တယ်”
“ဒီစာသားက … အတော်လေး ကောင်းတယ်”
ဆရာက ခပ်တိုးတိုး ရေရွတ်ပြီး စာသားကို ကြည့်နေသည်။ ထို့နောက် သူ ပြန်မေးလေသည်။
“မင်း ဒီစာသားကို ဘယ်က ရှာတွေ့တာလဲ”
“ဆရာ၊ အဲ့ဒါ နတ်ဘုရားများကို သုတ်သင်ခြင်းကပါ”
တစ်ခန်းလုံး ပြိုင်တူ ဖြေလာသည်။ ထိုအထဲတွင် ကျောင်းသူအချို့လည်း ပါလေသည်။
“ကလင် ကလင် ကလင်”
အတန်းဆင်းသည့် ခေါင်းလောင်းသံ ပေါ်လာသည်။
ဆရာဖြစ်သူ ထွက်သွားပြီးနောက် တစ်ခန်းလုံး ထရယ်ကြသည်။ ရဲ့လင်းချန်သည်လည်း လိုက်ရယ်မောမိသည်။
ဟောင်ကျန်းသာလျင် စိတ်ဓာတ်ကျသလို ဖြစ်နေပြီး မကောင်းသည့် အတွေးများ ဖြစ်နေလေသည်။
တစ်ယောက်ဆိုလျင် ဟောင်ကျန်းကိုကြည့်၍ စနောက်လေသည်။
“ဟေ့ ဒီကိုကြည့်ပါဦး မစ္စတာ နာမည်နဲ့ ကျောင်းသားကဒ် နံပါတ်ကြီးရေ”
“ဟောင်ကျန်း မင်းက တော်တယ်ကွာ၊ အခုချိန်ကစပြီး ငါ မင်းနဲ့ ဝိုင်ကို လေးစားပြီ”
“ဟောင်ကျန်း ထပ်လုပ်ပြပါဦး၊ ခုနက မုဒ်လေးသွင်းပါဦး၊ ငါ ဗွီဒီယို ရိုက်ထားချင်လို့၊ မင်း နာမည်ကြီး သွားလောက်တယ်”
တစ်ခန်းလုံး အလွန် တက်ကြွကာ ရယ်သံများနှင့် ပြည့်နှက်နေ၏။
“အတန်း ပြီးသွားပြီလေ၊ မင်းတို့ ဘာလို့ ဆက်နေနေသေးတာလဲ”
ရဲ့လင်းချန် မေးလိုက်သည်။ ပုံမှန်အခြေအနေများတွင် ကျောင်းသားများက မြန်နိုင်သမျှ မြန်မြန် ထွက်သွား ကြစမြဲပင်။
“ရှောင်ရဲ့ မင်း အတန်းရဲ့ အဖွဲ့လိုက် စကားပြောခန်းကို မကြည့်ဘူး မဟုတ်လား”
ရှန်းက ခပ်ကျယ်ကျယ် ရယ်နေသည်။
“ဒီအပတ်က ကျောင်းသားသစ် ကွန်ရက်ဖွဲ့ခြင်း အစီအစဉ်ရှိတဲ့ အပတ်လေ၊ ငါတို့ ဘာသာစကား ဌာနရဲ့ လူသစ်တွေက ခရီးထွက်ဖို့ ပြင်နေတာ”
“စိတ်ပါမှ စာရင်းသွားပေးလို့ရတယ်၊ ဒါပေမဲ့ ငါတို့သုံးယောက်တော့ သွားဖို့ ဆုံးဖြတ်ပြီးပြီ၊ ရှောင်ရဲ့ မင်း လိုက်ပါလား၊ မိန်းကလေးတွေ အများကြီးပဲကွ၊ ပျော်စရာကောင်းမှာ”
အာလူးလေးက ဝင်ပြောသည်။
“ငါတို့ ဒီအပတ် စနေ ထွက်မှာ၊ မင်း ရွက်ဖျင်တဲ ယူခဲ့ဦး၊ ဘာလို့လဲဆိုတော့ ငါတို့ စနေနေ့ညကို တောင်ပေါ်မှာ ဖြတ်သန်းမှာလေ”
ရှောင်ကမ်းကလည်း ပြောလာသည်။
“ရှောင်ရဲ့ ငါတို့ ရွက်ဖျင်တဲတွေ ပြင်ထားပြီးသား၊ မင်း ငါ့တဲမှာ ဝင်အိပ်လို့ရတယ်”
မြို့တော်အား တောင်တန်းများ ရှိသော နယ်ပယ်များက ဝန်းရံသွားသဖြင့် ခရီးထွက်လို့ရသည့် နာမည်ကျော် နေရာများစွာ ရှိလေသည်။ ခရီးစဉ်က ဆွဲထားပြီးသား ဖြစ်ပုံရသည်။
ရဲ့လင်းချန် ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“အင်း … ငါလည်း ပါမယ်”
“ဟားဟားဟား ရှောင်ရဲ့ မင်းက ငါတို့ထဲမှာ အတော်ဆုံးပဲ၊ မင်းသာ လိုက်ရင် အခြားမိန်းကလေးတွေအားလုံး လိုက်မှာ သေချာတယ်”
ရှန်းက စိတ်လှုပ်ရှားစွာ အော်ပြောသည်။ ထို့နောက် သူက ကောင်းဝမ်ထံသို့ ကျောချမ်းဖွယ်ကောင်းသော အမူအရာနှင့် လျှောက်သွားပြီး ရဲ့လင်းချန်အတွက် နာမည်စာရင်း သွင်းပေးလေသည်။
ထင်ထားသည့်အတိုင်းပင် ရဲ့လင်းချန် လိုက်မည့်သတင်း ပျံ့သွားသည်နှင့် အချို့သော မိန်းကလေးများက ပိုစိတ်ဝင်စားလာပြီး ရဲ့လင်းချန်အားမကြာခဏ ခိုးကြည့်ကြသည်။
“ဟုတ်သားပဲ ရှောင်ရဲ့ ငါ မင်းကို သိပ်ကောင်းတဲ့ ဝတ္ထုတစ်ပုဒ် ပြရဦးမယ်”
ရှောင်ကမ်းက သူ့ဖုန်းကို ထုတ်လိုက်သည်။
“ဒါလေ နတ်ဘုရားများကို သုတ်သင်ခြင်းတဲ့၊ ရှန်းရှစစ်စစ်ကွ၊ မိုက်တယ်”
“အစတုန်းက ဝိုင်နတ်ဘုရားရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အပိတ်ခံလိုက်ရလို့ ငါတို့ အပန်းဖြေနိုင်မယ့် အရာ မရှိသလို ဖြစ်နေတာ၊ မထင်မှတ်ဘဲ ဒီဝတ္ထုက ရုတ်တရက်ကြီး ပေါ်လာတာကွ၊ ကန္တာရထဲမှာ အိုအေစစ်လေး ရှာတွေ့လိုက်ရသလိုမျိုးပဲ၊ ငါတို့ စိတ်တွေ အေးချမ်းသွားတာကွ”
အာလူးလေးက စိတ်လှုပ်ရှားစွာ ပြောလေသည်။
“မင်း သိလား၊ ဒီဝတ္ထုရဲ့ စာရေးဆရာက ငါကဝိုင်လို့ ခေါ်တာကွ၊ အံ့ဩစရာပဲ”
“အခုက အရည်အချင်းမရှိတဲ့သူတွေဆို သူတို့ကိုယ်သူတို့ ဝိုင်လို့ မခေါ်ရဲကြတော့ဘူး”
“အင်း … ငါ အိမ်ပြန်ပြီး ဒါကို ကြည့်ကြည့်သင့်တာပဲ”
ရဲ့လင်းချန်၏ အမူအရာက အနည်းငယ် ထူးဆန်းနေပြီး ခေါင်းတဆတ်ဆတ် ညိတ်နေသည်။
“ဒီစာအုပ်က မင်းကို စွဲသွားအောင် လုပ်လိမ့်မယ်လို့ ငါ အာမခံတယ်”
ရှောင်ကမ်းက သူ့ရင်ဘတ်သူ ပုတ်၍ ရဲ့လင်းချန်အား အာမခံလေသည်။