ကွင်းပစ်ခြင်း
Vol. 12 Ch. 175
ထို့နောက်တွင် ရဲ့လင်းချန်၏ လုပ်ငန်းများက အသီးသီး တိုးတက်စပြုလာသည်။
ဟော်ရန်ကျားသည် အချိန်ဇယားအတိုင်း တိုးတက်လျက် ရှိသည်။ သူ၏ အလှကုန်ပစ္စည်းဆိုင် ပြင်ဆင်ခြင်း ကလည်း ကျန်းယွင်ရှီ၏ ကြီးကြပ်မှုအောက်၌ ပြီးလုနီးပါး ဖြစ်နေသည်။ ထိုအခိုက်တွင် ပန်ဒါ ထုတ်လွှင့်ရေးကို ဝယ်ယူမည့် စာချုပ်ကလည်း လက်မှတ်ထိုးပြီးသွားလေပြီ။ လာမည့် သူ့ခရီးစဉ်အတွက် သူ လုပ်စရာ လိုသည်က နတ်ဘုရားများကို သုတ်သင်ခြင်းအား အချိန်မှန်မှန် တင်နိုင်ရန် သေချာအောင် လုပ်ပြီး အတန်းတက်ရန်သာ ရှိသည်။
အားလုံး၏ မျှော်လင့်စောင့်ဆိုင်းခြင်းများနှင့်အတူ စနေနေ့သို့ ရောက်ရှိလာလေပြီ။
ထိုနေ့တွင် ခရီးသွားရန် စာရင်းပေးထားသည့်သူများက အခြားသူများထက် စောစောနိုးနေကြသည်။ သူတို့အားလုံး စိတ်လှုပ်ရှားနေကြပြီး အိပ်မပျော် ဖြစ်နေကြသည်။ အထူးသဖြင့် ယောက်ျားလေးများပင်။
ကျောင်းမုဒ်ဝရှေ့၌ လူအုပ်ကြီးတစ်ခု စုဝေးနေသည်ကို အဝေးမှပင် လှမ်းမြင်နေရသည်။ သူတို့က ခရီးသွားကား တစ်စီးနား၌ စကားစမြည် ပြောနေကြသည်။
“ရှောင်ရဲ့ ဒီမှာ”
ရှောင်ကမ်းနှင့် ကျန်နှစ်ယောက်က ကျောပိုးအိတ်ကြီးများ လွယ်၍ ရဲ့လင်းချန်အား စိတ်လှုပ်ရှားစွာ လက်လှမ်း ပြလေသည်။
အခြားသူများကို ကြည့်လိုက်သောအခါ သူတို့လည်း မထူးခြားနားပင်။ အားလုံးက သူတို့ ပိုင်ဆိုင်မှုအားလုံးကို ထုတ်ပိုး၍ သယ်လာသည်ဟုပင် ထင်ရသည်။ အချို့ဆိုလျင် ဟင်းအိုးများပင် သယ်လာသေးသည်။
သူတို့နှင့် ဆန့်ကျင်စွာပင် ရဲ့လင်းချန်က လက်ဗလာဖြင့် ရောက်လာပြီး ပေါ့ပါးလွတ်လပ်နေ၏။
“ရှောင်ရဲ့ မင်း ဘာလို့ ဘာမှမသယ်လာတာလဲ”
ရှောင်ကမ်းက မေးလာသည်။
“နှစ်ရက်စာ ခရီးစဉ်လေးပဲကို၊ မင်းတို့က အိတ်ကြီးတွေနဲ့ အလွန်အကျွံ ထည့်လာတာလား”
ရဲ့လင်းချန် တအံ့တဩ ပြောလိုက်သည်။
“ငါ ရွက်ဖျင်တဲနဲ့ အနွေးထည်ခံပြီး လူတစ်ကိုယ် ဝင်အိပ်လို့ရတဲ့ အိတ်ပဲ သယ်လာတာ၊ ဒီခရီးမှာ ငါတို့က မြို့ပြင်က နေရာကို သွားမှာလေ၊ ငါတို့က ဟိုတယ်မှာ နေမှာ မဟုတ်ဘူး၊ ပြီးတော့ ငါတို့က ကိုယ်စားဖို့ ကိုယ်ပဲ ပြင်ရမှာ၊ အဲ့ဒါကြောင့် ငါတို့ ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေ သယ်လာတာ”
ရှောင်ကမ်းက ရှင်းပြသည်။
“ငါ အာလူးကြော်နဲ့ ပေါင်မုန့်လည်း သယ်လာတယ်”
အာလူးလေးက ဝင်ပြောသည်။ ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားပြီး ပြန်မေးလိုက်သည်။
“အဲ့မှာ ဘာဆိုင်မှ မရှိဘူးလား”
“ရှိမယ်ထင်တာပဲ”
“ဪ ဒါဆို အဆင်ပြေမှာပါ၊ ငါ ပိုက်ဆံ ယူလာတယ်”
ရှောင်ကမ်း ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။
ခရီးသွားမည့်သူက စုစုပေါင်း သုံးဆယ့်နှစ်ယောက် ဖြစ်ပြီး မိန်းကလေး ဆယ့်နှစ်ယောက်နှင့် ယောက်ျားလေး အယောက် နှစ်ဆယ် ဖြစ်သည်။ လူစုံသောအခါ ကောင်းဝမ်က သူတို့ကို ကားပေါ်တက်ရန် ဆော်ဩသည်။
သူတို့ ကားပေါ် ရောက်သည်နှင့် ရဲ့လင်းချန်၏ အပေါ်ထပ်အင်္ကျီက လှုပ်လာသည်။ ထို့နောက် ရှောင်ချင်နှင့် ရှောင်ဟွေတို့က ခေါင်းလေးပြူ၍ ပတ်ဝန်းကျင်ကို စပ်စုလေသည်။
“ရှောင်ရဲ့ မင်း ရှောင်ချင်နဲ့ ရှောင်ဟွေကို ခေါ်လာတာလား”
ရှောင်ကမ်း အူမြူးသွားသည်။ ရှန်းနှင့် အာလူးလေးတို့ကလည်း အပြေးလာပြီး ဝံပုလွေပေါက်လေးများနှင့် ကစားလေသည်။
အခြားသူများလည်း သူတို့ဘက် လှည့်လာပြီး စိတ်ဝင်တစား ကြည့်လာကြသည်။ အထူးသဖြင့် မိန်းကလေးများပင်။ သူမတို့၏ မျက်လုံးများက တောက်ပနေပြီး ဝံပုလွေပေါက်လေးများကို ရဲ့လင်းချန်၏ လက်ထဲမှ လာယူ၍ ကိုင်တွယ်ချင်စိတ် ပေါက်နေသည်။
တိရစ္ဆာန် အကောင်ပေါက်လေးများသည် အမြဲ ဘယ်နေရာမဆို၌ ကြိုဆိုခံရသည်။ ဤသည်ကလည်း သူတို့က ဝံပုလွေပေါက်လေးများဖြစ်ကြောင်း မသိသေး၍သာပင်။
“ငါ သူတို့ကို လေကောင်းလေသန့် ရှူလို့ရအောင် ခေါ်လာတာ”
ရဲ့လင်းချန်က ပြုံး၍ ပြန်ပြောလိုက်သည်။ ထို့နောက် သူက ရှောင်ချင်နှင့် ရှောင်ဟွေကို ပေါင်ပေါ် တင်ထားလိုက်သည်။
ကားက အရှိန်မှန်မှန်ဖြင့် သွားနေသည်။ သူတို့အားလုံးက ကျောင်းသားများ ဖြစ်သဖြင့် တူညီသော စိတ်ဝင်စားမှုများ ရှိကာ ခရီးက ပျင်းစရာ မကောင်းချေ။
အချို့သော ယောက်ျားလေးများသည် ဤအခွင့်အရေးကို အသုံးချ၍ သူတို့၏ ကောင်းသောဘက်ခြမ်းများကို ထုတ်ပြကာ လူပျိုဘဝမှ လွတ်အောင် ကြိုးစားနေကြသည်။
ဟွေ့တောင် ရှုခင်းသာ ဧရိယာ …
တောင်တစ်လုံး ဖြစ်သော်လည်း ဖုလုံတောင်ထက် ပို၍ နာမည်ကြီးသည်။
ဖုလုံတောင်နှင့် မတူသည်က ခရီးလမ်းတစ်လျှောက် အဝေးပြေးလမ်း ရှိသည်။ လမ်းများက ကျယ်ပြန့်ညီညာပြီး ဘေးဘက်တွင် စိမ်းလန်းစိုပြည်သော အပင်များ ရှိသည်။ သန့်ရှင်းရေးကို မှန်မှန်လုပ်ထားမှန်း သိလာလှသည်။
ဟွေ့တောင် ရှုခင်းသာ ဧရိယာတွင်းသို့ ဝင်ရောက်လာသောအခါ ကားလမ်း ပိတ်ဆို့မှု တိုးလာသည်။
ကားကို ရှုခင်းသာ ဧရိယာ၏ ကားပါကင်၌ ရပ်နားလိုက်ပြီးနောက် အားလုံး စိတ်မရှည်စွာဖြင့် ကားပေါ်မှ ပြေးဆင်းကြသည်။
သူတို့သည် ကားတစ်စီးလုံး ငှားလာသဖြင့် ကားပေါ်၌ သူတို့ ပစ္စည်းများကို သက်တောင့်သက်သာ ထားခဲ့နိုင် ကြသည်။
အခြားသော အပန်းဖြေနေရာများလိုပင် ခရီးသွားများအတွက် လှပသော အနားယူနိုင်သည့် နေရာအချို့ ရှိသည်။ ထို့အပြင် ကျယ်ဝန်းသော မြေကွက်လပ်၌ ကြီးမားသော အပန်းဖြေဥယျာဉ်တစ်ခုလည်း ရှိပေသည်။
သူတို့သည် ပြန်စုကြမည့် အချိန်ကို သဘောတူညှိနှိုင်းပြီးနောက် အဖွဲ့ခွဲ၍ အသီးသီး ထွက်လာကြသည်။
သတ္တိကောင်းသော ယောက်ျားလေးများက အပန်းဖြေဥယျာဉ်ထဲမှ စိတ်လှုပ်ရှားစရာကောင်းသော စီးနင်းစရာ များကို သွားစီးကြပြီး အချို့က သရဲအိမ်သို့ ဝင်ကြလေသည်။
မိန်းကလေးများကလည်း စိတ်ဝင်စားစရာကောင်းသော တိရစ္ဆာန်ဥယျာဉ်သို့ လည်ပတ်ခြင်း၊ merry-go-round နှင့် လှေစီးခြင်းတို့ ပြုလုပ်ကြသည်။
အချို့ယောက်ျားလေးများကလည်း မိန်းကလေးများနား၌ ဝေ့နေကြသည်။ ဥပမာပြောရလျင် ရှောင်ကမ်း၊ ရှန်းနှင့် အာလူးလေးတို့ပင်။
သုံးယောက်သား ရဲ့လင်းချန်ကို မေ့ပင်မေ့သွားကြသည်။ သူတို့က မိန်းကလေးများအား ကပ်ပါးရပ်ပါး လုပ်ခြင်းဖြင့် ဗျာများနေသည်။
“လူငယ်လေး မင်း စမ်းပစ်ကြည့်ချင်လား”
ထိုစဉ် ဈေးဆိုင်ဖွင့်ထားသည့် မုတ်ဆိတ်မွေးနှင့်လူက သူတို့ကို ပြုံး၍ ပြောကာ အနားသို့ လျှောက်လာသည်။
“ကွင်းပစ်တာလား”
မိန်ကလေးများက စိတ်ဝင်စားဟန် ပြလာသည်ကိုမြင်ပြီး ဟောင်ကျန်းက ချက်ချင်း အင်္ကျီလက်ကို ပင့်တင်လိုက်သည်။
“ငါတို့ စမ်းကြည့်ကြမလား”
“ဆိုင်ထဲက ဆုကြေးတွေက ကောင်းမယ့်ပုံပဲ၊ အထူးသဖြင့် အနောက်ကဟာတွေ၊ အဲ့ဒါတွေရဲ့ အရည်အသွေးက ကောင်းမယ်ထင်တယ်’
တစ်စုံတစ်ယောက်က ဝင်ပြောသည်။
“စမ်းကြည့်ရအောင်”
“ဒါဆို နှစ်ဆယ်နဲ့ အရင် စလိုက်မယ်’
ကောင်းဝမ်က ပြောသောအခါ အားလုံးက သဘောတူသည်။
“ကောင်းတယ်”
ဆိုင်ရှင်က တောက်ပစွာ ပြုံးလိုက်ပြီး ကွင်းနှစ်ဆယ်အား သူတို့ထံ ပေးလာသည်။
“ယောက်ျားလေးနဲ့ မိန်းကလေးတွေက ဆယ်ခုစီ ယူထားမယ်၊ ဘယ်သူက ကွင်းပိုပစ်နိုင်လဲ ကြည့်ရအောင်”
ကောင်းဝမ်က ကွင်းများကို ဝေလျက် ပြုံးကာ ပြောလေသည်။
“ငါ့အရည်အချင်း အစစ်ကို ပြချိန်တန်ပြီ”
ရှောင်ကမ်းကလည်း ပုံမှန်အတိုင်း လေကျယ်လေသည်။ သူ၏ လက်တံ ရှည်သည်ကို အသုံးချရန် ကြိုးစားပြီး နီးသော ပစ်မှတ်များကို ချိန်ရွယ်လိုက်သည်။
သို့သော် ကွင်းများက အတော်လေး ဆန့်နိုင်ကျုံ့နိုင်သော သတ္တိရှိပြီး ပစ်လိုက်သည်နှင့် ပြန်ကန်လာသည်။
“ချီးပဲ”
ရှောင်ကမ်း၏ နဂိုမည်းသော မျက်နှာက ပိုမည်းလာသည်။
“ငပျော့ကောင်၊ အမှန်အတိုင်း ပြောရရင် ကွင်းပစ်တာက အမြဲ ငါ့ရဲ့ လျှို့ဝှက် ပါရမီဖြစ်ခဲ့တာကွ”
အာလူးလေးကလည်း ယုံကြည်မှုအပြည့်နှင့် ကြွားဝါးလေသည်။ သူ၏ ကြွားဝါခြင်းက ရှောင်ကမ်းထက် ပိုမြင့်သည်။ သူက ဆံပင်ကိုသလိုက်ပြီး မျက်မှောင်ကြုတ်၍ မပစ်ခင် ချိန်နေသည်။
တစ်ခဏကြာသော် ရယ်သံများ ထွက်လာသည်။
သူတို့ကို ကြည့်နေသည့်သူက အတော်လေး များသည်။ ကလေးတော်တော်များများက မြေကြီးပေါ် လူးလိမ့်၍ပင် ရယ်နေပြီး သူတို့ မြင်လိုက်ရသည့်အရာကြောင့် အလွန် အူမြူးနေ၏။
ရဲ့လင်းချန်နှင့် ကျန်လူများလည်း ခေါင်းခါလိုက်မိပြီး အာလူးလေးနှင့် ခပ်လှမ်းလှမ်းသို့ တိုးတိုးတိတ်တိတ် ရွှေ့သွားကြသည်။
*တော်တော်လေး ဝေးသွားတာပဲ*
“ငါ ဆက်ပုန်းနေလို့ မရတော့ဘူးနဲ့တူတယ်”
ထိုအခိုက်တွင် ဟောင်ကျန်းက ရှေ့ထွက်လာပြီး ပြတ်သားသော အရှိန်အဝါမျိုး ထုတ်ဖော်လေသည်။ သူက တောက်ပနေသော မျက်လုံးများဖြင့် ပြောလေသည်။
“မယုံနိုင်စရာ ကောင်းတယ်လို့ ထင်လောက်ပင်မယ့် ငါ့ရဲ့ အထူးချွန်ဆုံး ပညာက ကွင်းပစ်တာပဲ”
ထိုသို့ပြောနေချိန်တွင် လေတိုက်လာသည်။ သူ့လက်ထဲမှ ကွင်းက လေနှင့်အတူ မြောက်တက်သွားသည်။ ထို့နောက် လေနှင့်အတူ လွင့်သွားလေသည်။
ထူးဆန်း၍ အနေရခက်သော တိတ်ဆိတ်မှုတစ်ခု ကြီးစိုးလာသည်။
ထို့နောက် ကျန်ကျောင်းသားများ တစ်ယောက်ပြီး တစ်ယောက် ကံစမ်းကြသည်။ သူတို့အားလုံး မကြိုးစားခင် ဟိတ်ဟန်ထုတ်ကြလေသည်။ သူတို့အားလုံးက “တကယ်လို့များ” ဟူသော စိတ်မျိုးထား၍ သူတို့ အရည်အချင်းကို အထင်ကြီးနေကြသည်။ သို့ရာတွင် ကွင်းက မြေကြီးပေါ် ကျသွားခြင်းနှင့်အတူ လက်တွေ့က သူတို့ကို ခပ်ပြင်းပြင်း ရိုက်ချလေ၏။
လျင်မြန်စွာပင် ကွင်း နှစ်ဆယ်လုံး အသုံးပြုပြီးသွားသည်။ သို့သော် သူတို့ အမှတ်ရအောင် လုပ်နိုင်တာဟူ၍ အရှေ့ဆုံးက ပစ်မှတ်ဖြစ်သော အရုပ်စုတ်ပင်။ ရလဒ်က စိတ်ပျက်စရာ ကောင်းလှသည်။
“မင်းတို့ နောက်တစ်ခါ ကြိုးစားကြည့်ချင်လား၊ မင်းတို့ နောက်တစ်ခါဆို အမှတ်ရမှာ သေချာတယ်”
ဆိုင်ရှင်က ဆွဲဆောင်လေသည်။
“ကြည့်ပါလား၊ ကွင်းတစ်ချို့ဆို အမှတ်ရလုနီးပါးပဲလေ”
“ငါတော့ တော်သင့်ပြီလို့တင်တယ်၊ အရမ်း ဖြုန်းရာကျတယ်”
ကောင်းဝမ်က ခေါင်းခါသည်။ ကွင်းပစ်ခြင်းက အပျင်းပြေသက်သက်သာ ဖြစ်သည်။ အတည်လုပ်ရန် မလိုအပ်ပေ။
သူတို့ ထွက်သွားရန် ပြင်လိုက်ချိန်တွင် ဆိုင်ရှင်က စိတ်ပျက်သလို အကြည့်လွှဲလိုက်သည်။ ထို့နောက် သူတို့ရှေ့သို့ လှစ်ခနဲ ပေါ်လာ၏။
“မင်းတို့အတွက် ခရီးထွက်တယ်ဆိုတာ ရှားလွန်းတယ်မလား၊ ဘယ်လိုလုပ် အိမ်ကို လက်ဗလာနဲ့ ပြန်နိုင်ကြတာလဲ၊ ကောင်လေးတွေက ကောင်မလေးတွေအတွက် ဆုလေးရဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား”
ထိုစကားများက သူတို့နှလုံးသားအား ဓားနဲ့ထိုးလိုက်သလိုပင်။
တက္ကသိုလ်ကျောင်းသားများသည် အချည်းနှီးဖြစ်အောင် မနေသင့်ပါ။ အထူးသဖြင့် ယောက်ျားလေးများနှင့် မိန်းကလေးများ အတူတူ ခရီးထွက်လာချိန်တွင်ပင်။ ဆိုင်ရှင်ထံမှ ဤသို့ ရန်စခံလိုက်ရသဖြင့် သူတို့ ထွက်မသွား နိုင်ကြတော့ချေ။
“ကောင်းဝမ်၊ ငါတို့ ထပ်ကြိုးစားသင့်တယ်လို့ မထင်ဘူးလား၊ ငါတို့ ပိုက်ဆံ နည်းနည်း ကျန်သေးတယ်မလား၊ ထပ်ဆော့ရအောင်”
တစ်ယောက်က အကြံပေးလာသည်။ သူတို့ ခရီးမထွက်ခင်က လူတိုင်း ခရီးစရိတ်အတွက် ယွမ်နှစ်ရာ ပေးသွင်း ခဲ့ကြသည်။
“ဟုတ်တယ်၊ ထပ်ဆော့ကြ၊ မင်းတို့ နောက်တစ်ခါ ကြိုးစားရင် ဆုရနိုင်တာပဲလေ”
ဆိုင်ရှင်က သွေးပူနေတုန်း လောဆော်လေသည်။ သူ့စိတ်ထဲ၌ ကျိတ်၍ ရယ်နေ၏။
*တက္ကသိုလ်ကျောင်းသားတွေဆီကနေ ပိုက်ဆံရဖို့ တော်တော် လွယ်တာပဲ၊ နည်းနည်းလောက် ဆွပေးလိုက်တာနဲ့ ပါလာတော့တာပဲ*