ခင်ဗျား ငိုမှာလား
Vol. 12 Ch. 176
“ကောင်းပြီလေ နောက်တစ်ခါ စမ်းကြည့်တာပေါ့”
ကောင်းဝမ်က အံကြိတ်လိုက်ပြီး နောက်ထပ် ကွင်းနှစ်ဆယ် ဝယ်လိုက်သည်။
လက်ရှိတွင် အဖွဲ့က ပို၍ သတိထားလာသည်။ မည်သူမှ သာမန်ကာလျှံကာ မပစ်တော့ဘဲ နည်းလမ်းမှန် ရှာတွေ့ရန် အပြင်းအထန် ကြိုးစားလေသည်။
အချိန်တိုအတွင်း ဤမျှလူအုပ်ကြီး စုဝေးလာသဖြင့် ဘေးမှ ကြည့်နေသူများလည်း များပြားလာသည်။ အများစုက ကလေးများ ခေါ်လာသော မိဘများ ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများ ကွင်းပစ်ရန် ကြိုးစားခြင်းကို ကြည့်၍ အပျင်းဖြေနေကြသည်။
“ငါ လုပ်ကြည့်မယ်”
ရှောင်ကမ်းက ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်သည်။
ထိုသို့သောအချိန်၌ အားလုံး၏ အာရုံက သူ့အပေါ်သို့ ကျရောက်နေသဖြင့် သူ အသက်ရှူပုံ မမှန်တော့ချေ။
“သေချာကြည့်ထား၊ ဆန်းကြယ်မှုတစ်ခုကို မြင်တွေ့ရဖို့ အချိန်တန်ပြီ”
ကွင်းက ရှောင်ကမ်း၏ လက်ထဲမှ လွတ်သွားသည်။ ကွင်းသည် မြေကြီးတွင် အကြိမ် အနည်းငယ်မျှ ခုန်ကန်နေပြီးနောက် တုန်တုန် တုန်တုန်နှင့် စက်ဝိုင်းလို လိမ့်သွားပြီးမှ အရုပ်သေတ္တာပေါ် ကျသွားသည်။
သို့သော် ကွင်းက ထောင့်ကိုသာ ထိသွားသဖြင့် ၎င်းကို ထည့်မထွက်ချေ။
“ဟူး ... နည်းနည်းလေး လိုသွားတယ်ကွာ၊ နှမျောစရာပဲ”
ရှောင်ကမ်း နောင်တရစွာ သက်ပြင်းချလေသည်။
ထို့နောက် လူတိုင်း အလှည့်ကျ ကြိုးစားကြည့်ကြသည်။ သူတို့အားလုံး မျှော်လင့်ချက်များနှင့် ပြည့်နေပြီး အရှေ့မှ ပုံနေသော အမှိုက်များကို အထင်သေးခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့ ဘာမှထိအောင် မပစ်နိုင်ကြတော့ချေ။
“ချီးပဲ”
သူတို့ ကျိန်ဆဲလိုက်ပြီးနောက် တစ်ဖက်လှည့်ကာ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်လာကြသည်။
“ဒါက ဘာလဲ၊ ဘာတစ်ခုမှ ရအောင်မလုပ်ဘဲ ထွက်သွားတော့မလို့လား၊ ဒါ တော်တော် ရှက်ဖို့ကောင်းတယ်နော်၊ ယောက်ျားလေးတွေက မိန်းကလေးတွေအတွက် အားထုတ်ဖို့လိုတာပေါ့၊ မိန်းကလေးတွေ မင်းတို့ကို အထင်သေးအောင် မလုပ်နဲ့လေ”
ဆိုင်ရှင်က အနောက်မှနေ၍ လှမ်းအော်ပြောသည်။ သူ လျစ်လျူရှုခံရသည်ကိုမြင်သော် ဆိုင်ရှင်က လှမ်းဆွ လေသည်။
“ဟိုကလေးလေးက ခုနလေးတင် ပြိုင်ကား ရသွားတာ၊ မဟုတ်မှလွဲရော မင်းတို့က ကလေးတစ်ယောက် ကိုတောင် မယှဉ်နိုင်တာလား၊ ကြည့်နေတဲ့လူတွေ အများကြီးပဲနော်”
“စောက်ရူး”
“သူ့ကို ပလစ်ထားလိုက်ရအောင်၊ သူက ငါတို့ကို ဆွပေးနေတာ”
“သူ ငါတို့ကို ဆွနေမှန်း ငါ သိတယ်၊ ဒါပေမဲ့ ခံစားရတာ အဆင်မပြေဘူး၊ အဲ့မျက်နှာကို ကြည့်ဦး”
“ငါလည်း မခံနိုင်ဘူး၊ ငါတို့ အစကတည်းက မစလိုက်သင့်တာ၊ ပိုက်ဆံတွေ ကုန်ပါပြီကွာ”
အဖွဲ့၏ ကောင်းမွန်နေသော စိတ်အခြေအနေက ဤအဖြစ်ကြောင့် ပျက်စီးသွားပြီး စိတ်ညစ်ညူးလာကြသည်။
ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားသည်။ အားလုံး ပျော်ရန် အပျင်းဖြေမှုတစ်ခုအဖြစ် စခဲ့သော်လည်း သူတို့ ပိုက်ဆံ ဆုံးရှုံးသာမက အရှက်ခွဲလည်း ခံရသေးသည်။ ထိုဆိုင်ရှင်က စည်းကျော်နေလေပြီ။
အစက သူ ဝင်မပါချင်သော်လည်း ထိုဆိုင်ရှင်က အတော်လေး အကျင့်မကောင်းပေ။
သူ့အတွက် ကွင်းပစ်ခြင်းက ပစ္စည်းကို အလကားယူနေသည်နှင့် အတူတူပင်။ ဤသို့သော ကစားနည်း၌ သူ စိတ်ဝင်စားခြင်း မရှိသဖြင့် ရှောင်ကမ်းနှင့် အခြားသူများကိုသာ စမ်းကြည့်စေခဲ့သည်။ ဤသည်က သူတို့အတွက် အပန်းဖြေနည်း တစ်ခုပင် မဟုတ်ပါလော။
သို့သော် ဆိုင်ရှင်က စည်းကျော်ရသည်ကို အတော်လေး သဘောတွေ့နေပုံရသည်။
“ငါ စမ်းကြည့်မယ်”
ရဲ့လင်းချန်၏ စကားက အဖွဲ့ကို အံ့ဩသွားစေပြီး အားလုံးက သူ့ကို တအံ့တဩ ကြည့်လာကြသည်။
“ငါတို့က ပီကင်းတက္ကသိုလ်က ကျောင်းသားတွေ မဟုတ်လား၊ ငါတို့ သူတို့ကို အထင်သေးခွင့် ပေးလိုက်လို့ မရဘူးလေ”
ရဲ့လင်းချန်က အပြုံးနှင့် ပြောလိုက်ပြီး မျက်လုံးများက ယုံကြည်မှုတို့ဖြင့် တောက်ပနေသည်။ စကားများများ မပြောသော်လည်း သူ့အသံက သိမ်းသွင်းစည်းရုံနိုင်ပုံ ပေါက်နေ၏။
ဆိုင်ရှင်က စိတ်ပျက်စွာ ခေါင်းခါယမ်း၍ ထွက်သွားနေသော အဖွဲ့ကို ကြည့်နေသည်။
ဤသို့သော သိုးအုပ်ကြီးနှင့် တွေ့ရန် သူ့အတွက် ရှားပါးသော်လည်း သူတို့ထံမှ သူ သိုးမွေး များများ မရိတ်လိုက်နိုင်ချေ။
*နှမြောစရာပဲ*
မည်သို့ဆိုစေကာမူ တစ်ခဏအတွင်း သူ မှင်တက်သွားသည်။ သူ သိချင်စိတ်ဖြင့် ခေါင်းပြန်မော့လိုက်သောအခါ ရဲ့လင်းချန်နှင့် ကျန်လူများ ပြန်လှည့်လာနေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာက ချက်ချင်း နှစ်လိုအားရဟန် ပေါ်လာပြီး ညင်သာစွာ ပြုံးလေသည်။
“ဘယ်လိုလဲ၊ မင်းတို့ တွေးမိသွားပြီမလား၊ ဆက်ကစားဖို့ အဆင်သင့်ပဲလား”
ထိုု့နောက် သူသည် ကွင်းများကို ယူ၍ ရဲ့လင်းချန် ကစားမည်ကို စောင့်နေသည်။
“ကျွန်တော့်ကို ကွင်းနှစ်ဆယ် ပေးပါ”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။
“ကောင်းပြီ”
ဆိုင်ရှင် ပျော်ရွှင်စွာ ပြန်ပြောလိုက်ပြီး ရင်ထဲ၌ အောင်ပွဲခံနေသည့် စိတ်အနေအထား ဖြစ်နေ၏။ ပိုက်ဆံက လွယ်လင့်တကူ ရောက်ရှိလာသည်။ ယနေ့ သူ ကံကောင်းနေပုံရသည်။
ရဲ့လင်းချန် ချက်ချင်း မစသေးပေ။ ထိုအစား သူသည် ဆိုင်ရှင်အား လေးလေးနက်နက် ကြည့်ကာ မေးလိုက်သည်။
“အာ … ခင်ဗျား ငိုမှာလား”
“ငိုမှာလား”
ဆိုင်ရှင် သတိလက်လွတ် ဖြစ်သွားပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ သူ တစ်ခဏမျှ စဉ်းစားနေပြီးမှ ယုံကြည်မှု ရှိစွာ ပြန်ပြောလေသည်။
“ငါ ကြွားတာတော့ မဟုတ်ဘူး၊ ငါ မွေးလာတဲ့အချိန်တုန်းကလွဲရင် တစ်ခါမှ မငိုဖူးဘူး၊ ယောက်ျားစစ်စစ်ဆိုတာ မငိုဘူးကွ”
“သိပ်ကောင်းတာပေါ့”
ရဲ့လင်းချန်က သူ့လက်ထဲမှ ကွင်း၏ အလေးချိန်ကို စ၍ ချိန်ဆနေသည်။
သူ ထင်ထားသလိုပင်။ ဤကွင်းများက အထူးသီးသန့် ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းတို့က ဆန့်ကျုံ့နိုင်သော သတ္တိရှိပြီး အခြားအရာတစ်ခုနှင့် ထိတွေ့တော့မည့်အချိန်တွင် ပြန်ကန်နိုင်စွမ်း ရှိသည်။ ထို့အပြင် ကွင်းများက အတော်လေး သေးသည်။ အနောက်က ပစ္စည်းများထက် အနည်းငယ်သာ ပိုကြီးလေသည်။ သူတို့အတွက် အမှတ်ရရန် ခက်ခဲပေသည်။
“ရှောင်ရဲ့ ကြိုးစားထား၊ သူ့ကို ပညာပြလိုက်”
ရှန်းက စိတ်လှုပ်ရှားစွာ အားပေးသည်။ အခြားသူများကလည်း ရဲ့လင်းချန်ကို ကြည့်နေသည်။
“ဟူး … တက္ကသိုလ်ကျောင်းသားတွေက တော်တော် ရန်စလို့လွယ်တာပဲ၊ သူတို့ နောက်တစ်ခါ ပိုက်ဆံဖြုန်းသလိုပဲ ဖြစ်သွားမှာ စိုးရတယ်”
လူအုပ်ကြီးက လက်မခံဟန်ဖြင့် ခေါင်းခါလေသည်။
“ဟုတ်တယ် ဒါက တနည်းပြောရရင် ထောင်ချောက်ပဲ၊ အပျော်သဘောနဲ့ ဆော့ရင် အဆင်ပြေပင်မယ့် အတည်ကြီး လုပ်လွန်းလို့တော့ မဖြစ်ဘူး”
“ကျောင်းသားတွေက အလုပ်မှမလုပ်တာ၊ သူတို့ ပိုက်ဆံရဲ့ တန်ဖိုးကို မသိဘူးလေ၊ မိဘတွေ ခက်ခက်ခဲခဲ ရှာထားတဲ့ ပိုက်ဆံတွေက ဒီလိုမျိုး ကုန်တာပဲ”
ဘေးနားမှ လူအုပ်ကြီးက စတင်၍ ဆူညံစွာ ပြောဆိုလာသည်။
ရဲ့လင်းချန် ကွင်းတစ်ကွင်းကို ကိုင်လိုက်သည်။ ထို့နောက် ပြုံး၍ ကြံသလို ပစ်ဟန်ဖြင့် လှမ်းပစ်လိုက်သည်။
“ချွင်”
ကွင်းက အနောက်ဘက်က သလင်းကျောက်ငန်း၏ လည်ပင်းတွင် အတိအကျ သွားစွပ်လေသည်။
“လခွမ်း”
“လခွမ်း”
“လခွမ်း”
လူအုပ်ထဲမှ မရေတွက်နိုင်သော ဆဲရေးသံများ ထွက်ပေါ်လာသည်။ သူတို့သည် အခြားသော စကားလုံးများကို စဉ်းစားရခက်နေသည်။
ဆိုင်ရှင်တောင်မှ ထိုနည်းတူ ရေရွတ်မိပြီး မျက်လုံးက ကျွတ်ကျမတတ် ဖြစ်နေသည်။
ကျောင်းသားများ အံ့ဩနေသလို ဆိုင်ရှင်သည်လည်း အံ့အားသင့်နေကာ ဘေးနားမှ လူအုပ်ကြီးတောင်မှ မှင်တက် နေကြသည်။
*ဒါ … ဒါကြီးက တကယ်လား*
လူတိုင်း မယုံနိုင်ဟန်ဖြင့် မျက်လုံးကိုပွတ်၍ ပြန်ကြည့်ကြသည်။
“အံ့ဩစရာပဲ ရှောင်ရဲ့”
ရှောင်ကမ်း၏ မျက်နှာက နီရဲနေပြီး ကျယ်လောင်စွာ ထအော်၍ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်။
“ဟားဟားဟား ငါတို့ အမှတ်ရပြီ၊ မယုံနိုင်စရာပဲဟေ့”
အာလူးလေးကလည်း အပြုံးကြီး ပြုံးနေပြီး နှုတ်ခမ်းက နားရွက်တက်ချိတ်မတတ် ဖြစ်နေသည်။ ချက်ချင်း ဆိုသလိုပင် သူက ကိုယ်ကိုလှုပ်ခါ၍ ကလေတော့သည်။
“မြန်မြန်လုပ် ဟိုက ငန်းရုပ်ကို ယူလိုက်၊ အဲ့ဒါ အတော်လေး တန်ဖိုးရှိလောက်တယ်”
ကျောင်းသားများသည် ချက်ချင်း စိတ်သက်သာရာရသလို ခံစားလိုက်မိပြီး အလျင်အမြန် လှုပ်ရှားကြသည်။
“သူ တကယ် အမှတ်ရသွားတာလား၊ ဒါ ကံကောင်းတာများလား၊ အံ့ဩစရာပဲ”
“သူက ကျွမ်းကျင်သူလို့ ငါ ထင်တယ်၊ တကယ့် ကျွမ်းကျင်သူ”
လူအများကြီးက ကြည့်နေသဖြင့် ဆိုင်ရှင်သည် အတွန့်တက်၍ မရနိုင်ပေ။ သူသည် အင်တင်တင်ဖြင့်သာ ငန်းရုပ်ကို ပေးလိုက်ရသည်။
“ဆုကြေးနေရာမှာ ဆက်ဖြည့်လေ”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် နောက်ကွင်းတစ်ကွင်းကို ပစ်လိုက်သည်။
“ချွင်”
ကွင်းက ခိုင်ခိုင်မာမာ ကျသွားပြီး ရွှေရောင်ဝက်ရုပ်ကို အုပ်သွားလေသည်။
“ဝက်၊ နောက်တစ်ခါက ဝက်ရုပ်ဟေ့၊ ဟားဟားဟား တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ်က ဝက်နှစ်ပဲ၊ သိပ်ကောင်းတယ် ရှောင်ရဲ့”
“မယုံနိုင်စရာပဲ၊ တကယ် အံ့ဩစရာပဲ”
“ရှောင်ရဲ့ မင်းက မင်းအရည်အချင်းတွေကို တော်တော် ဖုံးထားတတ်တာပဲ၊ သူ့ကို သင်ခန်းစာ ပေးလိုက်၊ သူ ထပ်ပြီး ပမာမခန့် လုပ်ရဲဦးမလား ကြည့်ရသေးတာပေါ့”
“ဆိုင်ရှင်ရေ ဆုကြေးတွေ ဆက်ဖြည့်ဦးလေ၊ ခင်ဗျား ခုနတုန်းက စိတ်ပါလက်ပါ ရယ်နေခဲ့တာ မဟုတ်ဘူးလား၊ ဘာလို့ ရပ်လိုက်တာလဲ၊ ဆက်ရယ်လေ”
ဧည့်သည်များကို ဆွဲဆောင်ရန် ဤဆိုင်ရှင်က အနောက်ဘက်တွင် ဆွဲဆောင်မှုကောင်းသော ဆုကြေးများအားလုံး ထားထားလေသည်။ သေချာ စဉ်းစားကြည့်မည်ဆိုလျင် ၎င်းတို့ကို အရယူရန် မဖြစ်နိုင်လုနီးပါးပင်။
ဤသည်က မဖြစ်နိုင်လှပေ။
နှစ်ခါသာ ပစ်ရသေးသော်လည်း ရဲ့လင်းချန်သည် ဆိုင်ရှင်အား တော်တော်လေး စိတ်ညစ်သွားအောင် လုပ်နိုင်ခဲ့ပြီး သူ့မျက်နှာက ရှုံ့မဲ့နေကာ စကားတစ်ခွန်းမှ မပြောနိုင်ချေ။
ကလေးမလေးတစ်ယောက်က ရဲ့လင်းချန်နားသို့ ပြေးလာပြီး သူ့ဘောင်းဘီစကို အသာဆွဲ၍ လေသံချိုချိုလေးဖြင့် တောင်းဆိုလေသည်။
“ကိုကြီးက တအားမိုက်တာပဲ၊ မီးမီးကို ဟို အမွေးပွ ဝက်ဝံရုပ်ကြီး ရအောင် လုပ်ပေးပါလား”
“ရတာပေါ့”
ရဲ့လင်းချန် ပြုံးလိုက်ပြီးနောက် နောက်ကွင်းတစ်ကွင်းကို ပစ်လိုက်သောအခါ ၎င်းက အမွေးပွ ဝက်ဝံရုပ်၏ ဦးထုပ်ပေါ် သွားစွပ်လေသည်။
“ဝါး … ကျေးဇူးပါ ကိုကြီး”
ကလေးမလေး၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။ သူမမိဘများကလည်း အနားသို့ လျှောက်လာပြီး အနေခက်သော အပြုံးမျိုး ပြုံးနေကြပြီး ရဲ့လင်းချန်အား ကျေးဇူးတင်စကား ဆိုလေသည်။
“ကိုကြီး ကျွန်တော့်ကို လေးဘီး ပြိုင်ကားလေး ရအောင် လုပ်ပေးပါလား”
“ကိုကြီး သား ဟို အရုပ်သေနတ်လေး လိုချင်တယ် …”
“ကိုကြီး …”
…