မယုံနိုင်စရာပဲ
Vol. 12 Ch. 177
“ချွင်”
“ချွင်”
တချွင်ချွင်သံများ ဆက်လက် ထွက်ပေါ်နေ၏။
သူ ကွင်းအားလုံးကို အတိအကျ ဆုရအောင် ပစ်လိုက်နိုင်သည်။
သူ့ဘေးပတ်လည်မှ ကလေးများ စိတ်လှုပ်ရှားနေကြပြီး အားလုံး ပြေးလာကာ ရဲ့လင်းချန်အား သူတို့အတွက် ကွင်းပစ်ပေးရန် သူတို့၏ ချစ်စရာကောင်းသော အသံများဖြင့် တောင်းဆိုကြသည်။ “ကိုကြီး” ဟူသော ထပ်တလဲလဲ အသံက သူ့နားထဲ၌ တေးဂီတသံလိုပင်။
ယင်းက ရဲ့လင်းချန်ကိုလည်း အလွန်အမင်း ကျေနပ်စေသည်။
“လာကြ ကလေးတို့၊ မင်းတို့ ဘာလိုချင်လဲ၊ ကိုကြီးကို ရှက်မနေနဲ့၊ ဒီနေ့ ငါ တရုတ်နိုင်ငံရဲ့ ဆန်တာဘိုးဘိုးကြီး လုပ်ပေးမယ်၊ မင်းတို့ လိုချင်တာပြော”
ရဲ့လင်းချန် ခပ်ကျယ်ကျယ် ရယ်လိုက်သည်။
*ကူညီပေးရင် ပျော်ရတတ်တယ်၊ လူကြီးတွေရဲ့ ပညာရှိတဲ့ စကားက ဘယ်တော့မှ မလိမ်တတ်ဘူးပဲ*
ရဲ့လင်းချန်နှင့်အတူ ပါလာသော အခြားကျောင်းသားများလည်း ပျော်နေကြသည်။ သူတို့သည် ရဲ့လင်းချန်မှနေ၍ လက်ဆောင်များ ကူဝေပေးသောအခါ ကလေးများ၏ အားကျသော အကြည့်များကို ရကြလေသည်။
“ဆိုင်ရှင် ဘာဖြစ်တာလဲ၊ ဘာလို့ ကျုပ်တို့ နိုင်တဲ့ ဆုကြေးက နည်းသထက် နည်းလာတာလဲ”
ရဲ့လင်းချန် မနေနိုင်ဘဲ မေးလိုက်သည်။
“အစ်ကိုကြီးရေ တောင်းပန်ပါတယ်၊ ကျုပ် ပစ္စည်း တကယ် ပြတ်နေပြီ၊ ငါ့ဆုကြေးတွေအားလုံးကို မင်း အနိုင်ရပြီးပြီလေ၊ ငါ့လည်း ညှာပါဦးကွာ”
ဆိုင်ရှင်၏ မျက်လုံးများက နီရဲနေပြီး ငိုလုနီးပါး ဖြစ်နေသည်။
“သူ အနောက်က သေတ္တာထဲကနေ သူ့ပစ္စည်းတွေ ထုတ်နေတာကို သား တွေ့လိုက်တယ်၊ အများကြီး ရှိသေးတယ်”
ကလေးလေးတစ်ယောက်က အပြစ်ကင်းစင်သော မျက်နှာလေးနှင့် တက်တက်ကြွကြွ ပြောပြသည်။
“ဦးဦး လိမ်နေတာ၊ ဦးဦးက လူဆိုးဦးလေးကြီး”
“သူ ခုနက မငိုဘူးလို့တောင် ပြောခဲ့သေးတာ၊ အခု သူ ငိုနေပြီ၊ ရှက်ဖို့ကောင်းလိုက်တာ”
နောက်ကလေးတစ်ယောက်က ဝင်ပြောသည်။
“အထင်လွဲတာပါ၊ အားလုံး အထင်လွဲတာပါ”
ဆိုင်ရှင်က အသည်းအသန် ပြေးလာပြီး သူ့သေတ္တာပေါ် တက်တိုင်လေသည်။ သူ့မျက်နှာပေါ်သို့ မျက်ရည်များ ဆက်တိုက် စီးကျလာပြီး ကြမ်းပြင်ပေါ်သို့ တတောက်တောက် ကျလာ၏။ သူ သနားစဖွယ် ငိုကြွေးလေသည်။
“ထပ်မလုပ်ပါနဲ့တော့ကွာ၊ မင်း ကွင်းတွေ ဆက်မပစ်တော့ဖို့ ငါ တောင်းပန်ပါတယ်၊ ငါ့မှာ မိသားစုနဲ့ ကလေးနဲ့ပါကွာ၊ ငါက ဆင်းရဲသားတစ်ယောက်ပါ”
လက်ရှိတွင် သူ မယုံနိုင်လောက်အောင် နောင်တရနေ၏။ ဤလောကထဲ၌ ဘယ်လိုလုပ် ဤသို့ ကြောက်စရာ ကောင်းသော သူမျိုး ရှိနေရသနည်း။ လုံးဝ ဖြစ်နိုင်စရာ မရှိပေ။
ဤအဖွဲ့ထဲ၌ ထိုသို့သောလူမျိုး ရှိနေမှန်းသာ သူ ကြိုသိခဲ့လျင် သူတို့ကို သူ ရန်စရဲခဲ့မည် မဟုတ်ပါ။
ကြောက်စရာကောင်းလိုက်လေခြင်း။ ချောက်ချားဖွယ် ကောင်းလိုက်လေခြင်း။
“ပြီးရောလေ၊ သွားကြစို့”
ရဲ့လင်းချန် ရပ်လိုက်ရန် အကောင်းဆုံးအချိန်ဟု ဆုံးဖြတ်လိုက်သည်။ သူတို့အဖွဲ့သည် သူတို့၏ ဒေါသကို ဖြေဖျောက်လိုက်နိုင်ပြီး ပျော်ရွှင်သွားပြီ ဖြစ်သည်။ တစ်ဖက်လူအား အစွန်းတစ်ဖက်သို့ တွန်းမပို့သင့်မှန်း သူ သိပါ၏။
“ရှောင်ရဲ့ မင်းက အံ့ဩဖို့ကောင်းတယ်ကွာ၊ မိုက်တယ်”
“ဟုတ်တယ် ငါ့ဘဝမှာ တစ်ခါမှ ဒီလို ပျော်သလို မခံစားရဖူးဘူး၊ ဒါ အရမ်း ခံစားလို့ကောင်းတယ်ကွ၊ ဟားဟားဟား …”
“ဒီတစ်ခါတော့ ငါတို့ အချီကြီး ပွတာပဲ၊ ပီကင်းတက္ကသိုလ်က ငါတို့တွေကို လွယ်လွယ်နဲ့ ဘယ်ကျောလို့ရမလဲ”
“ရှောင်ရဲ့ မင်းဘဝထဲမှ လှည့်စားလို့ရတဲ့ စနစ်ကြီး ပါကိုပါနေတာ ဖြစ်မယ်၊ ဒါကြီးက အရမ်း ကြမ်းလွန်းတယ်ကွ”
အဖွဲ့လိုက် တစ်လျှောက်လုံး ရယ်လာကြသည်။ သူတို့သည် သလင်းကျောက်ငန်း၊ ရွှေဝက်၊ မွေးပွ အရုပ်များ စသဖြင့် ကွင်းပစ်ရာမှ ရလာသော ဆုကြေးများကို ကိုင်ထားလေသည်။ သူတို့ ပစ္စည်းအပြည့်ဖြင့် ပြန်လာသော်လည်း မည်သူမှ ပင်ပန်းသည်ဟု မခံစားရချေ။
သူတို့၏ ဆူညံသံက ဘေးပတ်ဝန်းကျင်မှ လူတော်တော်များများကို အာရုံစိုက်လာစေသည်။
ထိုစဉ် ကျူးချန်တုန်နှင့် နောက်လေးယောက်က စိတ်ဓာတ်ကျစွာ လျှောက်လာလေသည်။ ယောက်ျားလေး လေးယောက်သည် မိန်းကလေးတစ်ယောက်နှင့်အတူ ရိုလာကိုစတာ သွားစီးခဲ့ကြခြင်း ဖြစ်သည်။
ရဲ့လင်းချန်တို့အဖွဲ့က ပစ္စည်းများစွာ ကိုင်ထားသည်ကိုမြင်သောအခါ သူတို့ တစ်ဒင်္ဂမျှ ကြက်သေ သေသွားကြသည်။
“ချီးပဲ မင်းတို့ တစ်ယောက်ယောက်ဆီက ဓားပြတိုက်လာတာလား”
“ဓားပြတိုက်တယ် ဟုတ်လား၊ ငါတို့ကို အဲ့လောက် အဆင့်နိမ့်မယ်လို့ ထင်နေလား၊ ငါတို့ အစွမ်းအစနဲ့ ဒါတွေ နိုင်လာတာကွ”
ရှောင်ကမ်းက အထက်စီးဖြင့် ဟန်ထုတ်လေသည်။ ပြီးမှ သူ ပြန်မေးလိုက်သည်။
“ချန်တုန် မင်းတို့ ဘာလို့ ဒီလောက် စိတ်ဓာတ်ကျနေတာလဲ၊ ဘာဖြစ်ခဲ့တာလဲ”
“ပြောမနေပါနဲ့တော့ကွာ၊ ဟိုမှာ လက်ပစ်မြား ကစားနည်း (စက်ကွင်းပေါ်သို့ မြားငယ်များဖြင့် ပစ်ကစားနည်း) နဲ့ ဘောလုံးပစ်တဲ့ ကစားနည်းဆိုင်တွေ ရှိတယ်၊ ငါတို့ စမ်းဆော့ကြည့်တာ ဘာမှ ရမလာဘူး”
ကျူးချန်တုန်က ဘာမှမရှိသော သူ့လက်နှစ်ဖက်ကို ခါပြလေသည်။ အစက ယောက်ျားလေး လေးယောက်သည် မိန်းကလေးများရှေ့၌ ဟန်ထုတ်ချင်ခဲ့သော်လည်း မအောင်မြင်ခြင်းနှင့်သာ အဆုံးသတ်ခဲ့ရသည်။
“ချီးပဲ အဲ့ဒါ ဘယ်လူပါးဝတဲ့ ဆိုင်လဲ၊ သူတို့က ပီကင်းတက္ကသိုလ်ကျောင်းသား ဖြစ်တဲ့ ငါတို့တွေကို အထင်သေး တာလား”
အဖွဲ့က ချက်ချင်း ဒေါသထွက်လာကြသည်။ သူတို့ ဟန်ထုတ်၍ မာန်ပါပါဖြင့် ထိုနေရာသို့ လျှောက်သွား ကြလေသည်။
လက်ပစ်မြား ကစားနည်းသည် ရလာသော အမှတ်များပေါ် အခြေခံ၍ ဆုများ ပေးသည်။ စက်ကွင်းချက်မနှင့် နီးလေ ဆုကြေးက ပိုကောင်းလေပင်။
ဘောလုံးပစ် ကစားနည်းက ပို၍ လွယ်ကူရှင်းလင်းသည်။ ကွင်းအနီထဲသို့ ဘောလုံးကို ပစ်ထည့်ရန်သာ လိုအပ်သည်။ အထဲသို့ များများ ပစ်သွင်းနိုင်လေ ဆုကြေးက ပိုကောင်းလေပင်တည်း။
ဆိုင်နှစ်ဆိုင်လုံးက ဘေးချင်းယှဉ်၍ ရှိနေသည်။
သူတို့အဖွဲ့ ရောက်လာသောအခါ လက်ထဲ၌ ဆုကြေးများ ရှိနေသဖြင့် အတော်လေး အုတ်အုတ်ကျွတ်ကျွတ် ဖြစ်သွားသည်။
ဆိုင်ရှင်နှစ်ယောက်လုံး အချင်းချင်း လှမ်းကြည့်လိုက်ကြပြီး သူတို့မျက်နှာတွင် လေးနက်သော အမူအရာများ ပေါ်လာ၏။ ထိုအဖွဲ့ထဲ၌ ကျွမ်းကျင်သူတစ်ယောက် ပါလာနိုင်ချေ မြင့်မားနေသည်။
“အားလုံးပဲ မင်းတို့ စမ်းကြည့်ချင်လား”
“ဘောလုံး အခါနှစ်ဆယ်၊ မြားပစ် အခါနှစ်ဆယ်နဲ့ စလိုက်ရအောင်”
ဟောင်ကျန်းက အကြံပြုလိုက်သည်။
“ကောင်းပြီလေ စမ်းကြည့်တာပေါ့”
အဖွဲ့သည်လည်း သူတို့ပေါ် ကျရောက်နေသော အကြည့်များကို ခံစားမိသည်။ သူတို့ ရရှိလာသော စိတ်အား တက်ကြွမှုက ရုတ်တရက် မြင့်တက်လာသည်။
*ဒါ ထူးချွန်သူတစ်ယောက် ဖြစ်ရတဲ့ ခံစားချက်လား*
“ဓားပျံလီရဲ့ မျိုးဆက်ဆိုတဲ့ ငါ့ရဲ့ လျှို့ဝှက်မျိုးရိုးကို ထပ်ပြီး ဖုံးလို့မရတော့ဘူးနဲ့တူတယ်”
အာလူးလေး၏ မျက်လုံးက ရုတ်တရက် တောက်ပလာပြီး ပုန်းကွယ်နေသော ဆရာသခင်တစ်ယောက်၏ ပင်ကို အစွမ်းအစကို ထုတ်ပြောတော့မည်ဟန် လုပ်လေသည်။
မြားတိုကို ကိုင်၍ သူ အားကုန်ပစ်ပေါက်လိုက်သည်။
“ငါ့ရဲ့ တိကျမှုကို ကြည့်ထားကြ”
“ဒေါက်”
မြားက နံရံကိုထိ၍ ပြန်ကန်ကာ မြေကြီးပေါ် ကျသွားသည်။
“သောက်ကျိုးနည်း မင်း ဘယ်ကို ချိန်နေတာလဲ၊ အဲ့ဒါ တစ်မိုင်လောက် ကွာတယ်ကွ”
ရှောင်ကမ်းက အံ့ဩသွားပြီးမှ ရှေ့တိုး၍ နေရာယူသည်။
သို့သော် မြားအချောင်း နှစ်ဆယ် ကုန်သွားသော်လည်း အဖွဲ့က ပစ်မှတ်ကို ရှပ်ထိရုံမျှသာ ပစ်နိုင်ခဲ့သည်။ ရလဒ်အား ကြည့်ပင်မကြည့်ရက်ပေ။
တစ်ဖက်တွင် ဘောလုံး အလုံး နှစ်ဆယ်သည်လည်း ကွင်းမှ ပြန်ကန်လာပြီး တစ်လုံးမှ မဝင်ချေ။ ဆိုးရွားလှသော ရလဒ်ပါတကား။
ထိုအခိုက်တွင် လူတိုင်း အမှန်တရားကို လက်ခံလာကြသည်။
“အရမ်း ခက်လွန်းတယ်၊ ဒါ ရိုက်စားကြီးပဲ*
“ဟူး … ငါတို့ ထပ်ပြီး ပိုက်ဆံဖြုန်းမိပြန်ပြီ”
“ရှောင်ရဲ့က ငါတို့ကို ဆုကြေး နည်းနည်းလောက် ရအောင် လုပ်ပေးခဲ့လို့ တော်သေးတယ်”
ထိုစဉ် သူတို့အားလုံး၏ အကြည့်က ရဲ့လင်းချန်ထံသို့ ရောက်ရှိလာသည်။
“ရှောင်ရဲ့၊ မင်းက မင်းအရည်အချင်းတွေကို ဖုံးထားရတာ ကြိုက်တယ်မလား၊ ငါတို့ကို တစ်ခုနှစ်ခုလောက် ထုတ်ပြပါလား”
ရှောင်ကမ်းက ချက်ချင်း စပြောသည်။
“ရှောင်ရဲ့ မင်း လုပ်နိုင်တယ်လို့ ငါ ထင်တယ်၊ ဟန်ဆောင်နေတာ ရပ်လိုက်တော့”
အာလူးလေးက ပြောလေသည်။
“ရှောင်ရဲ့ မင်းသာ ယောကျ်ားဆိုရင် အချိန်တန်ရင် လှုပ်ရှားရတယ်ကွ”
ရှန်းကလည်း ဘေးမှနေ၍ အားပေးသည်။ ရဲ့လင်းချန်က သူ့နှာခေါင်းသူ ပွတ်နေသည်။
“ရပါတယ်၊ မင်းတို့ပဲ ကစားပါ”
“ရဲ့လင်းချန် နင် လုပ်နိုင်တယ်ဆိုရင် ဆော့ကြည့်ပါလား၊ သူတို့ရဲ့ အထူးဆုကြေးက အသားကင်တဲ့၊ တိုက်တိုက် ဆိုင်ဆိုင် ငါတို့ကလည်း အဲ့ဒါကို ပြင်မလာမိဘူးလေ၊ ငါတို့ ဒါနဲ့ဆို ဘာဘီကျူး စားလို့ရပြီ”
ကောင်းဝမ်ကလည်း အကြံပြုလာသည်။
“ဝါး … ဘာဘီကျူးလား”
“ရဲ့လင်းချန် လုပ်ကြည့်ပါ၊၊ ငါတို့မိန်းကလေးတွေအတွက် ကူညီပေးတယ်လို့ သဘောထားလိုက်ပေါ့”
မိန်းကလေးများက ဘာဘီကျူးဟူသည့် အသံကို ကြားသည်နှင့် မျက်လုံးများက စိတ်လှုပ်ရှားစွာ တောက်ပလာပြီး ရဲ့လင်းချန်အား ဝိုင်းကြည့်လေသည်။
“ဟင် … ပြီးရောလေ”
ရဲ့လင်းချန် မတတ်သာဘဲ ခေါင်းညိတ်လိုက်သည်။
ဘေးပတ်လည်မှ လူများသည် ရဲ့လင်းချန်က ပုန်းကွယ်နေသော ထူးချွန်သူဖြစ်ကြောင်း သတိပြုလိုက်မိသည်။
သူ မြားတံတစ်ချောင်းကို အသာယူ၍ ပစ်လိုက်သည်။
စက်ကွင်းကို ထိသွားလေသည်။
ဆိုင်ရှင် ပြန်ဖြုတ်သည်ကိုပင် စောင့်မနေဘဲ နောက်တစ်ချောင်းကို ထပ်ပစ်လိုက်သည်။
ထပ်မံ၍ စက်ကွင်းကို ထိပြန်သည်။
ထို့နောက် တတိယ၊ စတုတ္ထ၊ ပဉ္စမ …
မြားအချောင်းနှစ်ဆယ်ကို ဆက်တိုက် ပစ်ပေါက်လေသည်။ တစ်ခုချင်းစီက စက်ကွင်း၌ ကျပ်ကျပ်ညက်ညက် ကပ်ကာ စိုက်နေ၏။ ဘေးမှ ရပ်ကြည့်နေသူများ အံ့ဩကုန်သည်။
“လခွမ်း ဒါ စောက်ရမ်း မိုက်လွန်းတယ်”
“သူက သန္ဓေပြောင်းလူသားလား၊ ဒီကမ္ဘာကြီးမှ လျှို့ဝှက်လက်နက်တွေများ ရှိနေတာလား၊ ဒါမှမဟုတ် ဒါ ထူးချွန်တဲ့ သိုင်းပညာရှင်လား”
“မြတ်စွာဘုရား၊ အံ့ဩဖို့ကောင်းလိုက်တာ၊ မယုံနိုင်စရာပဲ”
သူတို့ စိတ်ကို ပြင်ဆင်ထားသော်လည်း မြင်ကွင်းကြောင့် ထိတ်လန့်နေဆဲပင်။ သူတို့၏ မျက်လုံးများ ပြူးကျယ်နေပြီး ပါးစပ်အဟောင်းသားဖြစ်ကာ ယင်ကောင်ပင် ဥဝင်ဥ၍ ရနေလေသည်။
“ရှောင်ရဲ့ မင်းက သောက်ကျိုးနည်း ကောင်းကင်ဘုံရဲ့ သားတော် မဟုတ်လား၊ အခု ငါ့ကို ပြောစမ်းပါဦး၊ မင်း မလုပ်နိုင်တာများ ရှိသေးလားလို့”
“ဒါ အရမ်း မတရားဘူးကွာ၊ ဘာလို့ ကောင်းကင်ဘုံက မင်းကို ကြည့်ကောင်းတဲ့ ရုပ်ရည်အပြင် ဒီလို အရည်အချင်းတွေပါ ပေးရသေးတာလဲ၊ နှိုင်းယှဉ်လိုက်ရင် ယူကျုံးမရဘူးကွာ”
“ရှောင်ရဲ့ မင်းက စူပါမန်းလား၊ ငါ့ကို ပြောပါဦး၊ မင်း အင်္ဂါဂြိုဟ် ဒါမှမဟုတ် လကမ္ဘာကများ လာတာလား”