← Chapters

ဆိုးရွားသော အစားအသောက်

Vol. 12 Ch. 178

ဆိုးရွားသော အစားအသောက်

Vol. 12 Ch. 178

အသားကင်အား စီစဉ်ထားသည့်အတိုင်း ရရှိလာသည်။

ရဲ့လင်းချန်၏ အကြည့်က ဘောလုံးပစ် ကစားနည်းဆိုင်ထံ ကျရောက်သွားသည်။

ဆိုင်ရှင်သည် သူ့အသက်ဓာတ် ခမ်းခြောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး အကြည့်လွှဲ၍ တုန်ယင်နေသော အသံဖြင့် ပြောလေသည်။

“လူ … လူကြီးမင်း ခံစားချင်လို့လား၊ အ … အမှန်အတိုင်း ပြောရရင် ဒီကစားနည်းက သိပ်ပျော်ဖို့ မကောင်းသလို ဆုကြေးကလည်း သိပ်မကောင်းပါဘူး …”

နောက်ဆုံးတွင် ရဲ့လင်းချန် အလျှော့ပေးလိုက်သည်။

ထွက်သွားသော ရဲ့လင်းချန်၏ ပုံရိပ်ကို ကြည့်ပြီး ဆိုင်ရှင်သည် နဖူးမှ ချွေးစေးများကိုသုတ်၍ စိတ်သက်သာရာရကာ သက်ပြင်းချလေသည်။

ထိုလူက အတော်လေး ကြမ်းသောလူပင်။ သူ့အတွက် ရင်ဆိုင်ရန် မဖြစ်နိုင်သော တစ်စုံတစ်ယောက်ပင်။

အချိန်အတော်ကြာသောအခါ အပန်းဖြေဥယျာဉ်တစ်ခု၌ ကြမ်းကြုတ်သော လူတစ်ယောက် မွေးဖွားလာပြီး ဤကစားကွင်း၌ လှည့်လည်သွားလာခဲ့သည်ဟူသည့် ဒဏ္ဍာရီတစ်ပုဒ် ထွက်ပေါ်လာခဲ့သည်။

ဒဏ္ဍာရီအရဆိုလျင် သူသည် အရပ် ရှစ်ပေမြင့်ပြီး အလွန်အမင်း ချောမောကာ လှုပ်ရှားမှု မြန်ဆန်ပြီး ဆိုင်ရှင်အားလုံး၏ လေးစားခြင်း ခံရသည်ဟု ဆိုသည်။

သူက အနီရောင် ဂျက်ကတ်နှင့် ဦးထုပ်တို့ ဆောင်းထားပြီး ကလေးများအား လက်ဆောင်များ ဝေပေးပြီး သူတို့၏ ဆန္ဒများ ဖြည့်ဆည်းပေးသည်ဟု တစ်ချို့က ဆိုကြသေးသည်။ ကလေးများက သူ့အား အစ်ကို စုန့်တန်း (အစ်ကို ဆန်တာနှင့် အသံထွက်တူ) ဟု ခေါ်ကြသည်။

အဖွဲ့သည် ကစားကွင်း၌ ပျော်ရွှင်နေကြပြီးနောက် ပန်းခြံထဲသို့ လျှောက်သွားကြသည်။ ကွင်းပစ်ခြင်း အဖြစ်အပျက် ပြီးသွားကတည်းက ပျော်ရွှင်မြူးထူးသံများနှင့် ပြည့်နှက်နေ၏။

ရဲ့လင်းချန်က စကားသိပ်မပြောဘဲ သူတို့နောက်ကသာ ငြိမ်ငြိမ်သက်သက် လိုက်လာသည်။ ရှောင်ချင်နှင့် ရှောင်ဟွေတို့က သူ့ပခုံးတစ်ဖက်တစ်ချက်ကို ဖက်တွယ်ထားကြသည်။ သူတို့၏ သေးငယ်သော လက်သည်း များက ရဲ့လင်းချန်၏ အဝတ်အစားကို တင်းကြပ်စွာ ကုပ်တွယ်ထားကာ မကြာခဏ မြူးထူးစွာ အော်ဟစ် ကြသည်။

သူတို့ ပြန်ရောက်ကြသောအချိန်တွင် လက်ထဲ၌ ပစ္စည်းအပြည့်ပင်။ အထူးသဖြင့် အသားကင်သည့် စင်တို့ဖြစ်သည်။ အဖွဲ့သည် ကားထဲ၌ ဆူညံစွာ ဆွေးနွေးညှိနှိုင်းကြသည်။

သူတို့ ယူလာသော မုန့်များကို အတူတူ ဘေးချ၍ ညနေဘက်တွင် အပြင်ဘက်၌ အသားကင်စားရန် ပြင်ဆင် လေသည်။

ထို့အပြင် ဆွေးနွေးပွဲ၏ တစ်စိတ်တစ်ပိုင်း၌ ရဲ့လင်းချန် ပါဝင်သဖြင့် မိန်းကလေး တော်တော်များများက ရဲ့လင်းချန်ကို ခိုးကြည့်ကြလေသည်။

ဟွေ့တောင်၏ ရှုခင်းသာ ဧရိယာက အပျော်တမ်း စခန်းချ ခရီးထွက်ခြင်းကို တားမြစ်ထားသည်။ ထို့ကြောင့် သူတို့ကားက အဝေးသို့ ဖြည်းဖြည်းချင်း မောင်းလာခဲ့သည်။ နောက်ဆုံးတွင် သိပ်မဝေးသော တစ်နေရာရှိ ကွင်းပြင်တစ်ခု၌ ရပ်လိုက်ကြသည်။

ထိုဧရိယာတွင် ရေကန်တစ်ကန်ရှိပြီး ရှုခင်းသာ ဧရိယာမှ သိပ်မဝေးချေ။ ဤနေရာ၌ အလှစိုက်ထားသော သစ်ပင်ပန်းများလည်း ကောင်းကောင်း ရှိပြီး သူတို့နှင့် သိပ်မဝေးသော တစ်နေရာ၌ တောအုပ်ရှိလေသည်။ အနီးအနားတွင် တောလမ်းလေး ရှိပြီး တိတ်ဆိတ် ငြိမ်သက်လေသည်။

“ငါ အွန်လိုင်းကနေ ဆွေးနွေးခန်းအချို့ ဖတ်လာပြီးပြီ၊ ဒီနေရာက စခန်းချ တဲထိုးဖို့ အကောင်းဆုံး နေရာပဲ”

ကောင်းဝမ်က ပြုံး၍ ကြေညာသည်။ သူမ အတော်လေး လေ့လာခဲ့မှန်း သိသာလှသည်။

တစ်ဖွဲ့လုံး ဩဘာပေး၍ ကွင်းပြင်၌ သူတို့တဲများကို စထိုးလေသည်။

သူတို့ထဲမှ အချို့က တဲများနှင့် ဝေးရာ၌ နေရာတစ်ခုရှာရန် ရေကန်နားသို့ လျှောက်သွားကြပြီး အသားကင်သည့် စင်ကို နေရာချကာ အသားကင်ရန် ပြင်ဆင်ကြသည်။

သူတို့က ကိုယ်စီ အလုပ်လုပ်လျက် စကားစမြည် ပြောနေလေသည်။ တစ်နာရီအတွင်း လိုအပ်သော အရာများအားလုံး အသင့်ဖြစ်သွား၏။

“ငါ့လက်စွမ်းကို ပြဖို့ အချိန်တန်ပြီ”

ကောင်းဝမ်နှင့် မိန်းကလေးတစ်ချို့က လက်များကိုပွတ်၍ အသားကင်များထံ လျှောက်သွားကြသည်။ သူတို့ပုံစံက ဟန်ထုတ်တော့မည့်ပုံပင်။

“မင်းတို့တွေ ချက်ပြုတ်တတ်တာ သေချာလား”

ဟောင်ကျန်းက စိုးရိမ်စွာ မေးလိုက်သည်။

“စိတ်ချစမ်းပါ၊ မီရှယ်လင်း စားဖိုမှူးတွေတောင် ငါ့ကို မယှဉ်နိုင်ဘူး”

ကောင်းဝမ်က ယုံကြည်မှုရှိစွာ အာမခံလေသည်။

“ဒါဆို ငါတို့ မင်းတို့ကိုပဲ လက်လွှဲထားလိုက်တော့မယ်၊ ငါ ကြက်ပေါင်နှစ်ချောင်း ယူလာတယ်၊ နည်းနည်း စပ်စပ်လေး လုပ်ပေးပါ”

“ဟားဟား ငါ အမဲသား ယူလာတယ်ကွ၊ အနေတော်လေး လုပ်ပေးပါ”

“အင်း … ငါ ဝက်ခြေထောက် ယူလာတယ်၊ မင်းတို့ ကောင်းကောင်းလေး ကင်ပေးပါ၊ ဇီရာစေ့လေး နည်းနည်း ထည့်ပေးပါ”

…

မိန်းကလေးများ အလုပ်များနေချိန်တွင် ယောက်ျားလေးများက ဘေးဘက်၌ လုပ်စရာရှိတာများ လုပ်နေ ကြသည်။

သူတို့က ဂိုမိုကု၊ တရုတ် စစ်တုရင်၊ ဂိမ်းစက်များနှင့် တစ်ချို့ဆိုလျင် လက်ပ်တော့များပင် သယ်လာကြသည်။

“ရှောင်ရဲ့ ကဒ် ကစားရအောင်”

ရှောင်ကမ်းကလည်း ကောင်းကောင်း ပြင်ဆင်လာပြီး ပိုကာကဒ်နှစ်ထုပ်ကို ထုတ်လေသည်။

“နယ်မြေသခင်အား တိုက်ခိုက်ခြင်း (ပိုကာကဒ် နှစ်ထုပ်ဖြင့် ကစားရသော နာမည်ကြီး တရုတ် ကဒ်ကစားနည်း)”

“ဟမ် … ငါက ကဒ်ကစားနည်းတွေမှာ မတော်ဘူး”

အာလူးလေးက အနည်းငယ် ရှက်နေဟန်ဖြင် ဝန်ခံလေသည်။

“စိတ်မပူနဲ့ မင်း မြန်မြန် တတ်သွားမှာ”

ရှောင်ကမ်းက လက်ခါ၍ ပြောသည်။

“မရှက်နဲ့၊ ဒါ အရမ်း လွယ်တယ်၊ ငါ မင်းကို ဆော့ရင်း သင်သွားပေးမယ်”

ကဒ်များကို မွှေနှောက်၍ ဆွဲလိုက်ကြသည်။

ပထမပွဲတွင် ရဲ့လင်းချန်က နယ်မြေသခင် ဖြစ်ပြီး အရင်ကစားခွင့် ရလေသည်။

“သုံး”

“ခြောက်”

“Q”

“King နိုင်ပြီ”

ရှောင်ကမ်းက ရဲ့လင်းချန်ကို ယုံကြည်မှုရှိစွာ ပြုံးပြသည်။

“‌ရှောင်ရဲ့ ဘယ်လိုလဲ၊ ဆူသွားအောင် လုပ်မှာလား”

ရဲ့လင်းချန် တည်ငြိမ်နေသည်။

“ငါ မလုပ်နိုင်ဘူး”

“ကျော်တယ်”

ရှန်းကလည်း ကျော်လေသည်။ ထိုအခိုက်တွင် အာလူးလေး အလှည့်သို့ ရောကလာသည်။ သူက ပြုံး၍ အထက်စီးဆန်သော ဟန်နှင့် ပြောလာသည်။

“တူတာ လေးခုဆိုရင် ပွဲကြမ်းလို့ ရပြီမဟုတ်လား၊ မင်းတို့က မင်းတို့ကဒ်တွေကို မပစ်မှတော့ ငါ လုပ်မယ်၊ ခြောက် လေးခု”

“ချီးပဲ ရှောင်ရဲ့က နယ်မြေသခင်လေ၊ မင်းက ဘာလို့ ငါ့ကို လာလုပ်တာလဲ”

ရှောင်ကမ်း အံ့ဩသွားပြီး အာလူးလေးအား တွေဝေသောအကြည့်ဖြင့် ကြည့်လေသည်။

“ငါ မင်းကို နိုင်ချင်လို့လေ”

“မင်းက ဘာလို့ င့ါကို နိုင်ချင်တာလဲ”

“ဒါမှ ငါ ကြည့်လို့မိုက်မှပေါ့ကွ”

အာလူးလေးက ချက်ကျလက်ကျ ပြောလေသည်။ ထို့နောက် သူက ထပ်ကြေညာသည်။

“ခြောက်လေးခု၊ တစ်ခြားသူ ရှိဦးမလား”

“ယီးပဲ ငါ လုပ်မယ်”

ရှောင်ကမ်း ဒေါပွလာပြီး အနိုင်လိုချင်သည့် သူ့အကြံကို ဖယ်ရှားလိုက်တော့သည်။

“ရှစ်လေးလုံးကွာ”

“ငါ့မှာ K လေးခုရှိတယ်”

အာလူးလေးက သူ့တိုက်ခိုက်မှုကို ပိုဖိလာပြီး ရှောင်ကမ်းအား အထင်သေးစွာ ကြည့်လေသည်။

“ငါ ထပ်မေးမယ်၊ အခြားသူ ရှိသေးလား”

အားလုံး ခေါင်းခါနေသည်ကို မြင်ပြီး သူ ဝမ်းသာအားရ ဖြစ်သွားသည်။ ထို့နောက်

“သုံးတစ်ခု”

ကိစ္စအများစုတွင် မကျွမ်းဘူးဟု ပြောသူများသည် နှိမ့်ချနေခြင်းသာ ဖြစ်သည်။

ရှောင်ကမ်းက အမြဲတမ်း ထိုသို့တွေးထားမိသည်။ သို့သော် ယခုတစ်ခေါက်၌ သူ မှားသွားလေပြီ။ အာလူးလေးက ဂိမ်းနှင့်ပတ်သက်၍ ဘာမှမသိချေ။

*စိတ်ညစ်လိုက်တာ*

ယောက်ျားလေးများက ဆော့ကစား၍ ခေါင်းမော့၍ ချက်ပြုတ်နေသော မိန်းကလေးများကို မကြာခဏ ကြည့်လေသည်။ သူတို့ အားရှိသလို ခံစားလာရသည်။ အပြင်သို့ ခရီးထွက်ရခြင်းက ကွဲပြားသော ခံစားချက်ကို ရရှိစေသည်။

၎င်းက တစ်ချိန်လုံး အဆောင်၌ နေခြင်းထက် ပိုကောင်းပေသည်။ ခဏနေလျင် အစားကောင်း စားရပေတော့မည်။

မည်သို့ပင်ဆိုစေကာမူ အချိန်ကြာလာသောအခါ အသားတူးသော အနံ့ကြီးက သူတို့နှာခေါင်းထဲသို တိုးဝေ့ ဝင်ရောက်လာသည်။ ယင်းက သူတို့ လုပ်လက်စ အရာများကို ရပ်တန့်သွားစေသည်။

သူတို့ အချင်းချင်း ပြန်ကြည့်လိုက်မိပြီးနောက် သူတို့ရင်ထဲ၌ ကျောချမ်းသော ခံစားချက်မျိုး ရလာသည်။

ထိုအနံ့ရလိုက်ပြီးနောက် သူတို့၏ မျက်လုံးများက ကြောက်စိတ်နှင့်အတူ ပြူးကျယ်ကုန်လေသည်။

“သောက်ကျိုးနည်း ငါတို့ စားစရာတွေ မီးလောင်ကုန်ပြီဟ”

တစ်ယောက်က ထအော်လေသည်။

ထိုသို့သောအချိန်၌ အားလုံး ရင်လေးလာသည်။ သူတို့၏ လှပသော အိပ်မက်များ ပျက်စီးသွားလေပြီ။ အထူးသဖြင့် အသားကင်သည့် စင်ပေါ်မှ မမှတ်မိနိုင်တော့သာ စားစရာများကို မြင်သောအခါ မျက်ရည်ကျ လာလေသည်။

“လခွမ်း ငါ့ကြက်ပေါင်လေးတွေ၊ မင်းတို့ ဘာလို့ မည်းကုန်တာလဲ”

“အမဲသားရေ ကြည့်ပါဦး၊ မင်း တူးနေလွန်းလို့ ငါတောင် မမှတ်မိတော့ဘူး”

“အမလေး ဝက်ခြေ‌ထောက်လေး၊ မင်းအသားတွေ ဘယ်ရောက်ကုန်ပြီလဲ”

...

ချက်ချင်းဆိုသလိုပင် ပူဆွေးဝမ်းနည်းသော အသံများ ကြားလာရသည်။ လွန်ခဲ့သော တစ်နာရီက ကောင်းမွန်နေသော အသားများက ဤသို့ နှိပ်စက်ခံရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

*ရက်စက်လိုက်တာ*

*ကျောချမ်းဖို့ကောင်းတယ်*

မိန်းကလေးများက ဘေး၌ ကိုယ်ကိုရို့၍ ရပ်နေကာ မျက်နှာတွင် မီးသွေးများ ပေကျံနေကာ စကားနှင့်ပင် မဖော်ပြတတ်လောက်အောင် အပြစ်ရှိစိတ် ဝင်နေ၏။

“ဒါ မီရှယ်လင်း စားဖိုမှူးအဆင့်တဲ့လား”

ဟောင်ကျန်းက ကောင်းဝမ်ကို အင်တင်တင်ဖြင့် ကြည့်လေသည်။ ကောင်းဝမ်အား အားကို ဖျစ်ညှစ်ထုတ်၍ သူမကိုယ်သူမ ခုခံပြောဆိုသည်။

“အမြင်ဆိုးပင်မယ့် စားမရတာတော့ မဟုတ်ပါဘူး ...”

“ဟုတ်တယ် မီးသွေးကပ်နေရုံလေးပါ၊ မတူးပါဘူး”

နောက်ကောင်မလေး တစ်ယောက်က ပြောလေသည်။

“ဟူး မိန်းကလေးတွေများ ... မင်းတို့ထဲက တစ်ချို့တွေက အားကိုးလို့ မရဘူးပဲ”

ဟောင်ကျန်း ဝမ်းနည်းစွာ ခေါင်းခါပြီး တဲများဘက်သို့ ပြန်လှည့်သွားသည်။ အထဲမှ အိတ်တစ်အိတ်ကို ထုတ်၍ ဝမ်းသာအားရ သူ ပြောလေသည်။

“ငါ ပြင်ဆင်လာခဲ့လို့ တော်သေးတယ်၊ ငါ ယူလာတဲ့ အသင့်စား ခေါက်ဆွဲဘူးတွေက သူတို့ တန်ဖိုးကို ပြသချိန် ရောက်ပြီပဲ”

“ငါလည်း ဘီစကစ်တွေ ယူလာတယ်၊ ဒါနဲ့ပဲ နှစ်ပါးသွားရအောင်”

မိန်းကလေးများက မချိပြုံးများနှင့် အလျှော့ပေးသွားသည်။ သူမတို့ သစ်သီးများ ယူလာခဲ့သဖြင့် ၎င်းတို့ကို ညစာအဖြစ်သာ စားရတော့သည်။

“ရှောင်ရဲ့ ငါ့မှာ ပေါင်မုန့်ရှိတယ်၊ မင်း နည်းနည်း ယူမလား”

ရှန်းက ရဲ့လင်းချန်အနားသို့ တိုးလာပြီး မေးလိုက်သည်။

အများစုက စားသောက်နေပြီ ဖြစ်သည်။ သူတို့က ချက်ပြုတ်ခြင်းအပေါ် မျှော်လင့်ချက် သိပ်မထားထားကြသဖြင့် အဆာပြေမျိုးစုံကို ယူလာခဲ့ကြလေသည်။

ရဲ့လင်းချန် ရယ်လိုက်သည်။

“မင်းတို့ အရင် စားနှင့်ကြ၊ ဟင်းသီးဟင်းရွက် နည်းနည်း ကျန်နေတာ ရှိသေးတယ်၊ ငါ သွားစမ်းကြည့် လိုက်ဦးမယ်”

All Chapters