← Chapters

ခင်မင်လို့ သတိပေးခြင်း

Vol. 12 Ch. 179

ခင်မင်လို့ သတိပေးခြင်း

Vol. 12 Ch. 179

“ရှောင်ရဲ့ မင်း ဘယ်လိုချက်ရမလဲ သိလို့လား”

ရှောင်ကမ်းက တအံ့တဩ မေးလိုက်သည်။ ရဲ့လင်းချန်က ရယ်လေသည်။

“နည်းနည်းပါ၊ ငါ စမ်းကြည့်မလို့”

“မစမ်းတာ ကောင်းတယ်၊ ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေအားလုံးကို ဖြုန်းလိုက်မိလို့ ဘာမှ သိပ်မကျန် တော့ဘူး၊ မင်း အားကုန်အောင် လုပ်မနေပါနဲ့တော့ကွာ”

ရှန်းကလည်း‌ ဖျောင်းဖျသည်။

“ရပါတယ်၊ ငါလည်း ဗိုက်ဆာနေသေးတာမှ မဟုတ်တာ”

ရဲ့လင်းချန် ခဏရပ်လိုက်ပြီးမှ ရှောင်ကမ်းတို့ သုံးယောက်ကို တွေးဆ၍ ပြောလိုက်သည်။

“ခင်လို့ သတိပေးထားဦးမယ်၊ မင်းတို့ စားတာကို ထိန်းထားသင့်တယ်၊ ငါ့လက်ရာကို မြည်းစမ်းကို နည်းနည်း ဗိုက်ထဲမှာ နေရာ နည်းနည်းချန်ထားကြဦး”

သုံးယောက်သား သတိလက်လွတ် ဖြစ်သွားပြီး ပေါင်မုန့်ကို လှမ်းယူနေသည့် လက်များ ရပ်တန့်သွားပြီး ရဲ့လင်းချန်အား ဇဝေဇဝါဖြစ်သော အကြည့်ဖြင့် ပြန်ကြည့်လေသည်။

*ခင်လို့ သတိပေးတယ်၊ အဲ့ဒါ ဘာကို ပြောချင်တာလဲ*

ရဲ့လင်းချန် ဘာမှထပ်မပြောတော့ချေ။ ထိုအစား သူသည် မေ့ထားလိုက်သော အသားကင်သည့် စင်ဘက်သို့ လျှောက်သွားလေသည်။ သူ၏ အချက်အပြုတ် စွမ်းရည်က တစ်ရာဖြစ်နေသော်လည်း သူ တစ်ခါမှ မချက်ပြုတ်ဖူးပေ။ ထို့ကြောင့် နောက်ဆုံးရလဒ်က ဘယ်လိုဖြစ်မလဲ သေချာ မသိပါ။

အသားကင်သည့် စင်ဘက်သို့ ရောက်သောအခါ ရဲ့လင်းချန် ခပ်သွက်သွက် တစ်ချက်ကြည့်လိုက်ပြီးနောက် ယုံကြည်မှု ရှိသလို ခံစားလိုက်ရသည်။ သူ့စိတ်ထဲ၌ ချက်ပြုတ်နည်းများစွာ အသင့်ပေါ်နေလေ၏။

အသားအများစုကို အသုံးပြုပြီးသွားသော်လည်း ဟင်းသီးဟင်းရွက် အချို့နှင့် အသား အပိုင်းအစ အနည်းငယ် ကျန်နေသေးသည်။

သူ ပြုံးလိုက်ပြီး အသားကင်သည့် စင်ကို မြန်မြန် သန့်ရှင်းလိုက်သည်။ ထို့နောက်တွင်မူ အပူပေး၍ ကျန်သော ဟင်းသီးဟင်းရွက်များကို လှီးဖြတ်လိုက်လေသည်။

မိန်းကလေးများနှင့် မတူသည်က ဟင်းသီးဟင်းရွက်များနှင့် အသားများကို သူ တစ်ခါတည်း ပုံမထည့်လိုက်ချေ။ ထိုအစား သူသည် ဟင်းသီးဟင်းရွက်များကို အရသာ အထွက်နိုင်ဆုံး ဖြစ်မည့် နေရာက လှီးဖြတ်လိုက်သည်။ ဟင်းသီးဟင်းရွက်၏ အရသာကို ပေါ်လွင်စေရုံသာမက အမြင်လည်း လှပေလိမ့်မည်။

ဟင်းသီးဟင်းရွက်တိုင်းကို အချိုးကျကျ လှီးဖြတ်ပြီးသွားလေသည်။ ထို့နောက်တွင်မူ ကျန်နေသော အသားများကို ရောနှောခြင်း ပြုလေသည်။

ထို့နောက် အသားတုံးလေးများကို ဆား၊ အရသာပို အမှုန့်၊ ပဲငံပြာရည် အနောက်နှင့် အခြားသော ဟင်းခတ် အမွှေးအကြိုင်များနှင့် နယ်လိုက်သည်။

ပြီးနောက် စင်က နီရဲလာပြီး အပူချိန်ကလည်း လျင်မြန်စွာ မြင့်တက်လာသည်။

ရဲ့လင်းချန်သည် နယ်ထားသော အသားတုံးများကို ဟင်းသီးဟင်းရွက်များနှင့် လူးလိုက်ပြီး အသားကင်သည့် မီးစင်ပေါ်သို့ တစ်ခုချင်း တင်လိုက်သည်။ သူ့အကြည့်က စင်ပေါ်တွင်သာ စူးစိုက်ကျရောက်နေပြီး အပူချိန် ပြောင်းလာသည့်အလိုက် ဟင်းသီးဟင်းရွက်များကို ဘက်ပြောင်းပေးလေသည်။

အဖွဲ့သားများက ရဲ့လင်းချန်၏ လှုပ်ရှားမှုကို သတိထားမိသည်။ သို့သော် ဘယ်သူမှ သူ့နား ကပ်မလာချေ။ ထိုအစား သူတို့က ထိုင်နေပြီး ဘေး၌ စကားပြောနေကြသည်။

“ရှောင်ရဲ့က အဲ့လိုပြောမှတော့ ငါ စားတာကို ထိန်းပြီး သူ့ဟင်းကို မြည်းဖို့ ချန်ထားဦးမယ်”

ရှောင်ကမ်းက ပြောပြီး သူ့ပေါင်မုန့်ကို လွယ်အိတ်ထဲ ပြန်ထည့်လိုက်သည်။

“ငါလည်း စောင့်နေမယ်”

ရှန်းနှင့် အာလူးလေးကလည်း ပြိုင်တူ ပြောလေသည်။

ထိုအခိုက်တွင် အခြားသူများက မုန့်ပဲသရေစာများကို စားနေကြသည်။ သူတို့အားလုံး၏ အလယ်တွင် လက်ရှိ၌ အရသာ အခံဆုံး ဖြစ်နေသူက ဟောင်ကျန်းပင်။

သူ့မျက်နှာတွင် အပြုံးပန်းများ ဝေနေ၏။ သူ၏ လောလောလတ်လတ် ပြုတ်ထားသော ခေါက်ဆွဲဘူးအဖုံးကို လှန်၍ ကျေနပ်နေသော အမူအရာဖြင့် အနံ့ကို ရှူနေလေသည်။

“ကောင်းလိုက်တာ၊ ဒီအနံ့လေးက မွှေးနေတာပဲ”

ဟောင်ကျန်းက ရှောင်ကမ်းတို့ သုံးယောက်နားသို့ လျှောက်လာသည်။

“ဒီနှစ်တွေအထိ အသင့်စား ခေါက်ဆွဲဘူးတွေက ငါ့အကြိုက်ဆုံး စားစရာ ဖြစ်ခဲ့တာ၊ ဒါ ဘဝစည်းမျဉ်းတွေထဲက တစ်ခုပဲ၊ ဘယ်သွားသွား အသင့်စား ခေါက်ဆွဲဘူး အမြဲ ယူသွားသင့်တယ်”

ထိုသို့ပြောပြီး သူက ခေါက်ဆွဲကို တစ်လုပ်စာ ယူ၍ ပါးစပ်ထဲသို့ ရှလွှတ်ဟူ၍ အသံမြည်အောင် စားပြလေသည်။

“ကောင်းလိုက်တာ၊ အရသာလေးက သိပ်ကောင်းတာပဲ”

ဟောင်ကျန်းက ကျေနပ်စွာ ညည်းပြပြီး သုံးယောက်လုံး၏ တုံ့ပြန်မှုကို ကြည့်နေသည်။ သူတို့ကို တမင် လုပ်ပြနေခြင်းသာ။

ထိုအချိန်တွင် အခြားသူများကလည်း ပေါင်မုန့် သို့မဟုတ် ဘီစကစ်များသာ စားနေကြသည်။ သူ၏ အသင့်စား ခေါက်ဆွဲနှင့် ယှဉ်လျင် သူတို့က သနားစရာ ကောင်းနေသည်။ လက်ရှိတွင် ဟောင်ကျန်းက အားလုံးထက် သာနေသော ခံစားချက်မျိုး ရနေ၏။

အသင့်စား ခေါက်ဆွဲက ဘုရင်သဖွယ် ဖြစ်နေလေသည်။

အသင့်စား ခေါက်ဆွဲသည် အနံ့၊အရသာတို့ ပြည့်နေပြီး ရနံ့က လေထဲသို့ လျင်မြန်စွာ ပျံ့လွင့်သွားစေပြီး အခြားသူများအားလုံးကို သွားရည်ကျလာစေသည်။

“ဘယ်လိုလဲ၊ မင်းတို့ တစ်လုပ်လောက် စားချင်လား”

ဟောင်ကျန်းက တမင်သက်သက် ခေါက်ဆွဲကို သူတို့သုံးယောက်နား ကပ်ပေးပြီး ကြွားလုံးထုတ်လေသည်။

“ကလေးတုန်းက ငါ့အိပ်မက်က ဘာလဲ သိလား၊ အသင့်စား ခေါက်ဆွဲကို စားချိန်တိုင်း စားရဖို့ပဲကွ”

“ဟောင်ကျန်း မင်းက ခွေးကောင်ပဲ၊ တခြားနေရာမှာ သွားစားစမ်း၊ ငါ့အနားမှာ မနေနဲ့”

အာလူးလေးက နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ အော်ထုတ်လေသည်။

“မသွားချင်ပါဘူး”

ဟောင်ကျန်းက အမြင်ကပ်စရာကောင်းသော လေသံဖြင့် ပြန်ပြောပြီး အာလူးလေးနား၌ ဆက်ထိုင်လေသည်။

ထိုသည်သာမကသေးဘဲ သူသည် ကြက်အူချောင်းတစ်ချောင်းကို ထုတ်၍ အခွံကို ဖြည်းဖြည်းချင်း ခွာလေသည်။ သူသည် မျက်လုံးကို မှေးစင်း၍ အသင့်စား ခေါက်ဆွဲကို အားပါးတရ စစားတော့သည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ငါ့ဘဝက အထွတ်အထိပ်ကို ရောက်သွားပြီလို့တောင် ခံစားလိုက်ရတယ်”

“ဂလု”

ဟောင်ကျန်း၏ အပြုအမူက အာလူးလေးတစ်ယောက်တည်း အပေါ်၌သာ သက်ရောက်သည် မဟုတ်ဘဲ အခြားသူများအပေါ်တွင်ပါ သက်ရောက်လေသည်။ တော်တော်များများက တိတ်တဆိတ် တံတွေးမျိုချနေပြီး အသင့်စား ခေါက်ဆွဲဘူးများ ယူမလာမိသည့်အတွက် နောင်တရနေကြသည်။

“ဟောင်ကျန်း၊ ရှောင်ရဲ့က သူ ဟင်းချက်ဖို့ မသွားခင် ငါတို့ကို သူ ချက်တာစားဖို့ ဗိုက်ချောင်အောင် ထားထားဦးလို့ ပြောသွားတယ်လေ”

ရှောင်ကမ်းက သူ့ကို သတိပေးသည်။

“ဗိုက်ချောင်အောင်ထား ဟုတ်လား၊ အဲ့အချိန်လောက်ဆို ခေါက်ဆွဲက အေးနေလောက်ပြီ၊ မိန်းကလေးတွေတောင် ဟင်းချက်တာ ဆိုးဆိုးရွားရွား ဖြစ်သွားတာ၊ ရှောင်ရဲ့က ပိုတော်လိမ့်မယ်လို့ ငါ မထင်ဘူး၊ မင်းက ငါ့အသင့်စား ခေါက်ဆွဲဘူးကို မနာလို ဖြစ်နေလို့ ငါ့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာပဲ”

ဟောင်ကျန်းက သူ့ကို စိုက်ကြည့်၍ အကြံကို သိနေသည့်ဟန်မျိုး လုပ်ပြလေသည်။ ထို့နောက် သူက ခေါက်ဆွဲဘူးကို ရှောင်ကမ်းနား ဝေ့ပြ၍ ညစ်ကျယ်ကျယ် ရယ်လိုက်သည်။

“အရည်လေးကတောင် မိုက်နေတာ၊ အလကား အဖြစ်ခံလို့ မဖြစ်ဘူး”

ထို့နောက် သူက ဘူးကိုပင့်၍ ဂလုခနဲ သောက်ပြလေသည်။

“အေ့”

ဟောင်ကျန်း လေတက်လိုက်ပြီး ကျေနပ်စွာဖြင့် ဗိုက်ကို ပွတ်လိုက်သည်။

“ဟူး …  ငါ့ကို လာအပြစ်မတင်နဲ့ ကိုယ့်လူ၊ ဒီလို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ ငါ ခေါက်ဆွဲဘူးကို တစ်ယောက်စာပဲ သယ်လာတာ၊ ငါ မင်းတို့အတွက် မတတ်နိုင်ဘူးကွာ”

သို့သော် ထိုအခိုက်တွင် သူ့လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူ နှာခေါင်းကို တရှုံ့ရှုံ့ လုပ်လိုက်မိသည်။

“အာ … ဒီအံ့ဩစရာကောင်းတဲ့ အနံ့က ဘာလဲ”

“ဝါး … ဒီအနံ့က မွှေးလိုက်တာ”

“ဘယ်လိုလုပ် အနံ့က အဲ့လောက်မွှေးနေရတာလဲ”

“ချီးပဲ၊ ဒါ များသွားပြီ၊ ဒါ ဟင်းနံ့ကွ”

…

မွှေးပျံ့လာသော ရနံ့က ခေါက်ဆွဲဘူးက အနံ့ကို လွှမ်းမိုးသွားသည်။ ၎င်းက သူတို့၏ စိတ်ဝိညာဉ်အထိပါ ထိမှန်လာပြီး လူတိုင်း ကျောရိုးတစ်လျှောက် တုန်ယင်သွားလေသည်။

အားလုံး၏ အကြည့်က ခပ်လှမ်းလှမ်းမှ ရဲ့လင်းချန်ထံ ချက်ချင်း ကျရောက်သွားသည်။ တစ်ခဏကြာသော် သူ့ထံသို့ သူတို့ အရှိန်တင်၍ ပြေးသွားကြသည်။

ဟောင်ကျန်းက သူ့ခေါက်ဆွဲဘူးကို ကိုင်ထားဆဲပင်။ သူ့လည်ပင်းက တုန်နေပြီး လေတိုက်ရာ အရပ်၌ ကြက်သေ သေကာ ရပ်နေလေသည်။

*ဒါ အမှန် မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် တစ်ဘောက်ယောက်က အဲ့လောက် မွှေးတဲ့ဟင်းကို လုပ်နိုင်မှာလဲ*

သူ ထရပ်လိုက်ပြီးနောက် အခြားသူများနည်းတူ ရဲ့လင်းချန်ထံ လျှောက်သွားသည်။

ထိုအခိုက်တွင် ရှောင်ကမ်းနှင့် ကျန်လူများက ရဲ့လင်းချန်၏ ဘေး၌ ဝိုင်းနေပြီ ဖြစ်သည်။ သူတို့က နှာခေါင်းကို တရှုံ့ရှုံ့လုပ်နေပြီး မျက်လုံးများက တောက်ပကာ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေ၏။

ပုံမှန်အားဖြင့် အားနည်းသော မိန်းကလေးများသည် အားမာန်အပြည့်နှင့် ဖြစ်နေကာ မြင်ရသူအဖို့ အံ့ဩစရာ ကောင်းလှသည်။

“လခွမ်း ရှောင်ရဲ့ မင်း ဘာလုပ်လိုက်တာလဲ၊ အနံ့က မွှေးလွန်းတယ်”

“ရှောင်ရဲ့ မင်းက အံ့ဩဖို့ကောင်းလိုက်တာ၊ မင်းက စားဖိုမှူးကောင်းတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ငါ လေးစားပါတယ်ကွာ”

ရှောင်ကမ်းက လေးနက်ဟန်ရသော အသံဖြင့် ပြောလေသည်။

“ရှောင်ရဲ့ မင်းက အမြဲတမ်း ကောင်းကောင် ဖုံးကွယ်ထားနိုင်ပြီးတော့ အံ့ဩစရာတွေနဲ့ ပြည့်နေတာပဲ၊ မင်းက ဗုံးတစ်လုံးလိုပဲလို့ ပြောရမယ်”

ယောက်ျားလေးများနှင့် မိန်းကလေးများက ရဲ့လင်းချန်နား၌ ဝိုင်းနေပြီး အသားကင်သည့် စင်ပေါ်မှ စားစရာကို မက်မက်မောမော ကြည့်နေသည်။ သူတို့ မကြာခဏ အနံ့ခံနေပြီး အနံ့ရှူမိလေ ပိုပျော်လေ ဖြစ်နေကြသည်။

ပိုနီးလာလေ အနံ့က ပိုသိသာလာလေပင်။ အနံ့ကိုယ်တိုင်ကိုက အသက်ဝင်သလို ဖြစ်နေပြီး မိမိတို့ ပါးစပ်ထဲ ဝင်လာပြီး လျှာကိုရစ်ပတ်၍ လည်ချောင်းထဲ ဝင်ရောက်သွားလေသည်။

ထိုအခိုက်တွင် အသားကင်သည့် စင်ပေါ်၌ ရဲ့လင်းချန်က အစားအစာကို သပ်သပ်ရပ်ရပ် နေရာချထားကာ ဆီတို့ဖြင့် ဝင်းပနေကာ တရှဲရှဲ အသံမြည်နေသည်။ အစားအစာကိုယ်တိုင်က အသက်ဝင်လာသည်ဟု ထင်ယောင်ထင်မှား ဖြစ်လာပြီး ရင်တဒိတ်ဒိတ် ခုန်လာကြသည်။

အရောင်အဆင်းဖြစ်စေ အနံ့ဖြစ်စေ ပြစ်ချက်မရှိချေ။

*စားကောင်းသောက်ဖွယ်၊ ဒါက စားကောင်းသောက်ဖွယ်ပဲ*

သူတို့အားလုံး ရူးမတတ် ဖြစ်နေကြသည်။ အားလုံး၏ အကြည့်က အသားကင်သည့် စင်ပေါ်မှ စားစရာထံသို့သာ ကပ်ညိနေပြီး မရပ်မနား တံတွေးမျိုချနေကာ ပါးစပ်ထောင့်မှပင် သွားရည်အချို့ စီးကျလာ၏။

*ဘယ်လိုလုပ် ဒီလောက် မွှေးနေရတာလဲ*

ဟောင်ကျန်း မှင်တက်သွားသည်။ သူ မနေနိုင်ဘဲ မကြာခဏ တံတွေးမျိုချမိနေပြီး စိတ်ထဲ၌ အော်ဟစ်မိ နေလေသည်။

သူ့စိတ်ထဲ၌ ပြင်းထန်သော နောင်တရစိတ်တို့ ပေါ်ထွက်လာ၏။ သူ ဗိုက်ပြည့်နေသော်လည်း အစားအသောက်က သူ၏ စားချင်စိတ်ကို လာဆွပေးနေသည်။ ဤခံစားချက်က သူ့ကို အကြီးအကျယ် နှိပ်စက်နေပြီး သူ့အား စားထားသမျှ ပြန်အန်ထုတ်မိလာအောင် လုပ်နေ၏။

“ချီးပဲ၊ ငါ သေမတတ် စားချင်နေပင်မယ့် ဗိုက်ပြည့်နေပြီ”

All Chapters