Chapter 180
Vol. 12 Ch. 180
“အဲ့ဟင်းရွက်တွေက အရောင်တောက်နေတယ်လို့ ငါ ဘာလို့ ခံစားမိနေရတာလဲ”
ရှောင်ကမ်းက တံတွေးမျိုချလိုက်ပြီး ခေါင်းငုံ့၍ အနံ့ကို အသည်းအသန် ရှူနေသည်။
ဟင်းသီးဟင်းရွက်များ၏ အရောင်က သာမန်ဖြစ်သော်လည်း ရဲ့လင်းချန်၏ ဟင်းခတ်အမွှေးအကြိုင်များနှင့် ရောနှောထားခြင်းကြောင့် တောက်ပနေ၏။ အထူးသဖြင့် အပေါ်မှ အသားတုံးများပင်။ တူညီသော အရွယ် အစားများနှင့်အတူ တောက်ပကာ အဆီများ ထွက်နေသဖြင့် လူတိုင်းကို စားချင်စိတ် တိုးလာစေသည်။
ဟင်းသီးဟင်းရွက်၏ အရသာက အသားနှင့် အချိုးကျစွာ ရောစပ်နေပြီး အနုပညာလက်ရာတစ်ခုသဖွယ် ဖြစ်နေလေသည်။
“လခွမ်း အနံ့က ရူးလောက်တယ်၊ ဒီလောက် မွှေးတဲ့ ဟင်းမျိုး ရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“ရှောင်ရဲ့ မင်းက ရွက်ပုန်းသီး ကြယ်ငါးပွင့် စားဖိုမှူးပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား၊ ဒါ မတရား မိုက်တယ်ကွာ”
“အား … ငါ ရူးတော့မယ်၊ အနံ့က ပြင်းလွန်းတယ်၊ မင်း ငါ့နှလုံးခုန်သံကို ကြားရလား၊ မြန်မြန်ခုန်နေတာကွ”
…
မွှေးရနံ့က သူတို့၏ အရသာခံ အာရုံကြောများကို နှိုးဆွနေပြီး သူတို့ကိုယ်များ တွန့်လိမ်နေ၏။ အရေပြား တစ်လျှောက် ကြက်သီးပင် ထနေသေးသည်။
“ငါ့တို့မှာ အသီးအရွက်နဲ့ ဟင်းခတ် အမွှေးအကြိုင်တွေက အကန့်အသတ်နဲ့ ဖြစ်နေတာ နှမြောစရာပဲ၊ ငါတို့ ဒီလောက်ပဲ လုပ်လို့ရတယ်”
ရဲ့လင်းချန်က အသာပြုံး၍ သူတို့၏ တုံ့ပြန်မှုကို လေ့လာနေသည်။
*ဒါ အမြင့်ဆုံးထိ မရောက်သေးဘူးလား*
သူတို့အားလုံး အလန့်တကြား ဖြစ်သွားသည်။ ဤသည်က လွန်လွန်းလှပေသည်။
“ဟို … ကျောင်းသား ရဲ့လင်းချန်၊ ငါ အသားနဲ့ ရောထားတဲ့ အရွက်လေး မြည်းကြည့်လို့ ရမလား”
မိန်းကလေးတစ်ယောက်က မဝံ့မရဲ မေးလာသည်။
“အစ်ကိုရှောင်ရဲ့ ငါ တစ်လုပ်လောက် ရမလား”
“အိုက်ယား ငါ တအား ဆာနေပြီ၊ ငါ့ကို နည်းနည်းလောက် ကျွေးပါလား၊ နည်းနည်းလေးပါပဲ၊ နော် …”
မိန်းကလေးများက ချက်ချင်း သူတို့၏ ချစ်စရာကောင်းသော အပြုအမူများ ထုတ်သုံးလာပြီး တစ်ယောက်က တစ်ယောက်ထက် ပိုဆွဲဆောင်နိုင်ပုံများ ထုတ်ဖော်ကာ ရဲ့လင်းချန်ထံမှ မျက်နှာသာရအောင် အစွမ်းကုန် ကြိုးစား နေကြသည်။
မိန်းကလေးများသည် မွေးကတည်းက အစားအသောက် နှစ်သက်သူများ ဖြစ်သည်။ ယခုအချိန်၌ သူတို့၏ သဘာဝကို ထိန်းချုပ်ထား၍ မရနိုင်ကြချေ။
ဆွဲဆောင်မှုက ကြောက်စရာကောင်းလျသည်။ အခြားသူသာဆိုလျင် သေချာပေါက် ကျရှုံးသွားလောက်သည်။
ရဲ့လင်းချန်က ကောင်းကောင်း ခုခံနိုင်၍ တော်ပေသေးသည်။
ယောက်ျားလေးများကလည်း ချက်ချင်း ရင်ဆိုင်လာ၏။ သူတို့အတွက် လူကြီးလူကောင်း ဖြစ်ဟန်ပြသင့်သော အချိန် မဟုတ်ချေ။ အစားအသောက်ကောင်းနှင့် တွေ့လာလျင် လိင်ဖြစ်တည်မှုက အရေးမပါတော့ပေ။
“ရှောင်ရဲ့၊ မင်း အဲ့ကောင်မလေးတွေ လှည့်စားတာ ခံလို့မဖြစ်ဘူး၊ စိတ်ကိုတင်းထား”
“ရှောင်ရဲ့ ငါတို့က ညီအစ်ကိုတွေနော်၊ မိန်းကလေးတွေက အဝတ်အစားလိုပဲ၊ ညီအစ်ကိုတွေက မင်းခြေလက်တွေလိုပဲနော်၊ မင်းရဲ့ ယောက်ျားပီသမှုကို ထုတ်ပြချိန်တန်ပြီကွ”
“ရှောင်ရဲ့ သူတို့က မိတ်ကပ်ဖယ်လိုက်ရင် မကောင်းဆိုးဝါးတွေပဲ၊ အဲ့မိန်းကလေးတွေကို မကြည့်နဲ့၊ မင်း ယောက်ျား ဆိုရင် ငါတို့ကိုပဲကြည့်”
အချို့ဆိုလျင် ရဲ့လင်းချန်ရှေ့၌ သွားရပ်၍ မိန်းကလေးများကို စိုက်ကြည့်လေသည်။
“ရှောင်ရဲ့က မင်းတို့ကို မြေခွေးမတွေကြောင့် စိတ်လှုပ်ရှားမှာ မဟုတ်ဘူး၊ လက်လျှော့လိုက်”
“ငါတို့ ရှောင်ရဲ့နဲ့ ဒီစားကောင်းသောက်ဖွယ်ကို ကာကွယ်ရမယ်၊ နတ်ဆိုးတွေ သွားကြစမ်း”
…
ထိုအခိုက်တွင် ယောက်ျားလေးများနှင့် မိန်းကလေးများက အသင့်အနေအထား ဖြစ်နေပြီး အချိန်မရွေး ပေါက်ကွဲတော့မည့်ပုံပင်။
“နည်းနည်းလေး ချက်ဖို့ လိုနေသေးတယ်၊ မကြာခင် ပြီးတော့မှာပါ”
ရဲ့လင်းချန်က မချိတရိ ရယ်၍ ခေါင်းခါလေသည်။
“အားလုံးအတွက် နည်းနည်းစီ ရပါတယ်၊ စိတ်မပူပါနဲ့ …”
ထိုအခါတွင်မှ တင်းမာမှုက လျော့ကျသွားသည်။ သူတို့အားလုံး စားစရာကိုသာ ငြိမ်၍ ကြည့်နေကာ ပတ်ဝန်းကျင်က တိတ်ဆိတ်လာသည်။
“ရှဲ …”
ထိုအချိန်တွင် အဆီလောင်နေသည့် အသံနှင့် တံတွေးမျိုချသံကိုသာ မကြာခဏ ကြားနေရသည်။
စောင့်ဆိုင်းနေရခြင်းက သူတို့အတွက် နှိပ်စက်ခံရသလို ဖြစ်နေသော်လည်း တစ်ချိန်တည်းမှာပင် မျှော်လင့် စောင့်စားခြင်းတို့နှင့် ပြည့်နှက်နေ၏။
စားစရာကို စောင့်နေချိန်တွင် သူတို့ ဒုက္ခနှင့် ပျော်ရွှင်မှုကို ပြိုင်တူ နားလည်ခံစားနေကြရသည်။
ဟောင်ကျန်းမှာမူ မျက်လုံးမှိတ်ထားရန်သာ ဆုံးဖြတ်ထားပြီး ပြဿနာကို ရှောင်ရှားနေသည်။ သို့သော် သူ့မျက်လုံးထောင့်များက ဆက်တိုက် လှုပ်နေပြီး သူ့ရင်ထဲ၌ မုန်တိုင်းထန်နေကြောင်း လူတိုင်း ပြောနိုင်ပေသည်။
“ပြီးသွားပြီ”
ရဲ့လင်းချန်၏အသံက သူတို့နားထဲ၌ ကောင်းကင်ဘုံမှ အသံသဖွယ် ဖြစ်နေသည်။ ချက်ချင်းဆိုသလိုပင် အားလုံး မျက်လုံး ပြူးလာပြီး နှလုံးခုန်နှုန်း မြန်လာသည်။
“အားလုံး ကိုယ့်ဘာသာကိုယ် ယူစားကြ၊ အစာအတွက် ရန်မဖြစ်ကြနဲ့ဦး၊ မိန်းကလေးတွေ အရင်စား”
သူ ပြော၍ ပြီးသည်နှင့် အားလုံးက အသင့်ပြင်ကာ စစားကြတော့သည်။
“ဒီဂေါ်ဖီလေးက … တအား အရသာရှိလိုက်တာ”
ဂေါ်ဖီရွက်တစ်ရွက်က ပါးစပ်ထဲ ဝင်ရောက်လာသည်နှင့် ရှောင်ကမ်း တအံ့တဩ အော်ဟစ်မိကာ ပင့်သက် ရှိုက်သွားသည်။
ဂေါ်ဖီကို တကျွတ်ကျွတ် ဝါးနေရသည်ကိုသာ အရသာရှိနေကာ ပါးစပ်ထဲ ချိုမြိန်နေသည်။ အသားတုံးကလည်း အဆော့သန်သော ကလေးသဖွယ် သူ့သွားကြားထဲ ပြေးလွှားနေပြီး အလွန် ကောင်းမွန်သော အသားအရသာကို ရရှိနေ၏။
လတ်ဆတ်သော ဂေါ်ဖီနှင့် အသားတို့ ပေါင်းစပ်လိုက်သောအခါ အရသာက ပြီးပြည့်စုံနေသော မထင်မှတ် ထားသော လျှာအရသာကို ပေးစွမ်းလေ၏။ ၎င်းက သူ၏ အာရုံကြောတိုင်းကို နှိုးဆွနေပြီး ကောင်းကင်သို့ ထိုးတက်သွားတော့မယောင် ခံစားချက်မျိုး ရရှိစေသည်။
တစ်ဖက်တွင် ရှန်းသည် မုန်ညင်းရွက်ကို ယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်။ ဆီဖြင့် ဝင်းပနေသည့် နူးညံ့သော မုန်ညင်းရွက်က တစ်ချက်တည်းနှင့် ပါးစပ်ထဲ ရောက်လာသည်။
တကျွတ်ကျွတ် ဝါးစားမှုနှင့်အတူ မွှေးရနံ့ ထွက်ပေါ်လာသည်။ ၎င်းသည် မုန်ညင်းထဲ စိမ့်ဝင်နေသည့် အသား၏ မွှေးရနံ့ ဖြစ်သည်။ နှစ်ခုလုံးက တစ်ခါတည်း ပေါင်းစပ်နေကာ ပြီးပြည့်စုံစွာ ဖြစ်တည်နေ၏။
သူ့ပါးစပ်ထဲ ရောက်လာသည်နှင့် တံတွေးများ ပြည့်လျှံကျလာလုမတတ် ဖြစ်လာရသည်။
“အွန်း … ကျွတ် … ကျွတ် … ကျွတ်”
ရှန်းသည် အရာအားလုံးကို မေ့လုနီးပါး ဖြစ်နေပြီး ခေါင်းထဲ၌ အတွေးတစ်ခုသာ ကြီးစိုးနေသည်။ ယင်းမှာ “စား၊ စား” သာ ဖြစ်ပေသည်။ သူ့ပါးစပ်က မုန်ညင်းကို မနားစတမ်း ဝါးနေ၏။
“ကောင်းလိုက်တာ၊ ဒါ စောက်ရမ်း ကောင်းလွန်းတယ်၊ အဟင့် ဟင့် ဟင့် … ငါ မအောင့်ထားနိုင်တော့ဘူး၊ ငါ ငိုဖို့ လိုနေပြီ”
ယောက်ျားလေးများ ရူးမတတ် ဖြစ်နေကြသည်။
သူတို့ဘေးမှ မိန်းကလေးများက ပို၍ ချုပ်တည်းနေရသည်။ သူတို့ကိုယ်သူတို့ ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေကြပြီး အသီးအရွက်ကို ယူ၍ သူတို့၏ ပါးစပ် သေးသေးလေးထဲထည့်ကာ ဖြည်းဖြည်းချင်း ဝါးနေကြလေသည်။
သို့သော် သူတို့လျှာနှင့် အသီးအရွက်တို့ ထိလိုက်မိသည့် အခိုက်မှာပင် သူတို့ ဝါးစားနေသည့်နှုန်းက မြန်လာပြီး ပါးစပ်ထဲမှ အသီးအရွက်ကို တုံ့ဆိုင်းခြင်းမရှိ ဝါးစားပစ်လေသည်။
“အိုး … အရသာ ရှိလိုက်တာ”
မိန်းကလေးအချို့သည် မနေနိုင်ဘဲ ညည်းမိကာ အရသာ၏ လွှမ်းမိုးခြင်း ခံနေရသည်။
လက်ရှိတွင် သူတို့သည် အသွင်အပြင်နှင့် ဝိတ်ချခြင်းနှင့် ပတ်သက်သော အတွေးများကို ခဝါချထားကြသည်။ သူတို့သည် တိုက်ခိုက်ရေးသမားများအဖြစ် ပြောင်းလဲသွားပြီး ယောက်ျားလေးများနှင့်အတူ စားစရာကို လုကြတော့သည်။ လက်ရှိတွင် သူတို့ အချင်းချင်း ထရန်ဖြစ်တော့မည်ဟုပင် ထင်ရလေသည်။
“ဟင့် ဟင့် ဟင့် … ဒါ တအား ကောင်းတာပဲ၊ ငါ့ဘဝမှာ ဒီလောက် ကောင်းတာမျိုး မစားဖူးဘူး”
“ပျော်ရွှင်မှုဆိုတာ ဘာလဲ၊ ရှောင်ရဲ့ရဲ့ စားကောင်းသောက်ဖွယ်ကို စားနိုင်တာက ပျော်ရွှင်မှုပဲ”
“ဘာလို့လဲ၊ ဘာလို့ ငါ့ကို ဒီလောက် ကောင်းတဲ့ တစ်စုံတစ်ရာကို မြည်းစမ်းခွင့် ပေးရတာလဲ၊ အခုကစပြီး ငါ တခြား စားစရာတွေ စားရင် မစင်ကို စားနေရတယ်လို့ ခံစားမိတော့မှာပဲ”
“ဒီလိုအရသာက လူ့လောကမှာ မတည်ရှိသင့်ဘူး၊ ဒါ နတ်ဘုရားတွေအတွက် အစားအစာပဲ”
“ချီးပဲ၊ စောက်ကျိုးနည်း ဖြည်းဖြည်းစားပါဟ၊ မင်းပါးစပ်က ဘယ်လိုလုပ် အဲ့လောက် ပြဲရတာလဲ”
“မင်းလက်ကို မသုံးနဲ့လေ၊ ရွံစရာကြီး”
…
*အဲ့လောက် လိုအပ်လို့လား၊ အဲ့လောက် ကောင်းလို့လား*
ဟောင်ကျန်းက ရူးမတတ် ဖြစ်နေသော လူအုပ်ကြီးကို စိုက်ကြည့်ကာ လည်ချောင်းတစ်လျှောက် တုန်နေသည်။ သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်နှာနီရဲကာ နဖူးမှ သွေးကြောများ ထောင်နေသည်။ သူ လူမဆန်သော နှိပ်စက်မှုထဲသို့ ရောက်နေရသည်ဟု ခံစားမိနေ၏။
*ဒါ မတရားဘူး၊ ငါလည်း စားချင်တယ်လေ*
“အာ … အစ်ကို ဟောင်ကျန်း ဘာလို့ မစားသေးတာလဲ၊ လုပ်လေ၊ မရှက်ပါနဲ့”
အာလူးလေးက ပါးစပ်ထဲ ပလုပ်ပလောင်း ဖြစ်နေသော အသံနှင့်ပြောကာ ဟောင်ကျန်းအား တွေဝေသော အကြည့်ဖြင့် ကြည့်နေသည်။
“ဟုတ်တယ် အစ်ကိုဟောင်ကျန်း၊ ရှောင်ရဲ့ရဲ့ လက်ရာက ကမ္ဘာကျော် စားဖိုမှူးတွေထက် သာတယ်၊ ဒီနေ့မှ မစားရင် နောက်အခွင့်အရေး ထပ်မရနိုင်ဘူး”
ရှောငက်မ်းကလည်း ဆီဝေ့နေသော ပါးစပ်နှင့် ဝင်ပြော၏။
“အစ်ကိုဟောင်ကျန်း၊ ခင်ဗျား ခုလေးတင် ခေါက်ဆွဲပြုတ် စားပြီးတာကို ကျွန်တော် သတိရသွားမိတယ်၊ ခင်ဗျား ဗိုက်ပြည့်နေပြီလား၊ ဟူး … နှမြောစရာပဲ၊ နှမြောလိုက်တာ”
“ဟောင်ကျန်း ငါ မင်းအစား စိတ်မကောင်းဖြစ်မိတယ်၊ အသင့်စား ခေါက်ဆွဲဘူးအတွက် ဒီလောက် အရသာရှိတဲ့ အစားအစာကိုမှ စွန့်လွှတ်လိုက်ရတယ်လို့၊ ဟူး … မင်းအတွက် ဝမ်းနည်းစရာ အကောင်းဆုံးပဲ”
“နေစမ်းပါ ကိုယ့်လူတို့ရာ၊ ဟောင်ကျန်းရဲ့ အိပ်မက်က အသင့်စား ခေါက်ဆွဲဘူးကို စားချိန်တိုင်း စားရဖို့ပဲလေ၊ သူ တင်းတိမ်နေလောက်ပြီ”
“အစ်ကိုဟောင်ကျန်း၊ ကျေးဇူးပဲနော်၊ ခင်ဗျား မစားဖူးဆိုတော့ ကျွန်တော်တို့ ဒီလောက် အရသာရှိတဲ့ စားစရာကို ပိုစားလို့ရပြီ၊ ခင်ဗျားက တကယ့် လူကောင်းပဲ၊ ကျေးဇူးပဲဗျို့ …”
“ငါ … ငါ … ငါ …”
ဟောင်ကျန်း၏ တစ်ကိုယ်လုံး တုန်နေသည်။ သူ့မျက်လုံးတွင် မျက်ရည်များ ပြည့်နေ၏။
*ဒီလူတွေ တမင် လုပ်နေတာပဲ*
*ဝဋ်လည်တာ၊ ဒါ ဝဋ်လည်တာပဲ*