← Chapters

အခန်း (၉၂၇-၉၂၈)

Vol. 91 Ch. 927-928

အခန်း (၉၂၇-၉၂၈)

Vol. 91 Ch. 927-928

အခန်း (၉၂၇) အတင်းဝင်ရောက်ခြင်း

ချန်တီမင်းသမီးသည် လုံချန်း၏ အခန်းအတွင်း၌ပင် ကျန်ရစ်ခဲ့ပြီး မည်သည့်အခါမျှ ရောက်လာတော့မည် မဟုတ်သော တိုက်ခိုက်မှုကို စောင့်ဆိုင်းနေလေသည်။

သူမ စိုးရိမ်နေရသူနှင့် သူမ စောင့်ဆိုင်းနေရသူမှာမူ သူမနှင့် အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီး ပို၍ပင် ဝေးရာသို့ ထွက်ခွာသွားလေပြီ။

'အခု ငါ ဖေကျင် ဘယ်မှာ နေလဲဆိုတာ ရှာရမယ်' လုံချန်းသည် စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းရင်း ဖေကျင်ကို ရှာဖွေရန် သူ၏ ဝိညာဉ်အာရုံအား ဖြန့်ကျက်လိုက်၏။

အခန်းကြီး တစ်ခန်းအတွင်း၌ သုံးလောက မင်းသား ဖေကျင်နှင့် အဖွဲ့ထဲမှ ဒုတိယမြောက် လူငယ်တို့သည် ကုတင်သီးသန့်စီတွင် ထိုင်နေကြသည်။ ၎င်းတို့၏ အုပ်ထိန်းသူမှာမူ ရှိမနေပုံရပေ။

ခဏအကြာတွင် ဖေကျင်သည် ထရပ်လိုက်ပြီး အပြင်သို့ ထွက်ရန် ပြင်လေသည်။

"ဖေကျင်... မင်း အခု ဘယ်ကို သွားမလို့လဲ" သုံးယောက်တစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက မေးမြန်းလိုက်၏။ ချန်တီမင်းသမီး ချန်ယုလည်း ထွက်သွားပြီဖြစ်ရာ အခု ဖေကျင်ကပါ ထပ်ပြီး ထွက်သွားတော့မည်လား။

"ဟုတ်တယ်... ငါလည်း ပျင်းလာလို့ အပြင်မှာ လမ်းလျှောက်ဦးမလို့။ ချန်ယုကို မတားခဲ့သလို ငါ့ကိုလည်း မတားနဲ့တော့။ စမ်းသပ်ပွဲ မတိုင်ခင် ငါ ပြန်လာခဲ့ပါ့မယ်။ ငါ့ရဲ့ တာဝန်ကို ငါ သိပါတယ်" ဖေကျင်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။

"ငါက သိချင်လို့ မေးတာပါ။ မင်း ဘယ်သွားသွား ငါ စိတ်မဝင်စားပါဘူး။ အပြင်မှာ ပျော်ပျော်ရွှင်ရွှင်သာ နေခဲ့ပါ" ထိုလူငယ်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။

ဖေကျင်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့၏။

'သူက သူ့ကိုယ်သူ ဘာကောင်မှတ်နေလဲ။ အဖွဲ့ထဲမှာ အင်အားအကြီးဆုံး ဖြစ်နေရုံနဲ့လား။ တစ်စကြာဝဠာလုံးကို ငါ အုပ်စိုးမယ့်အချိန် ရောက်ဖို့က အချိန်တစ်ခုပဲ လိုတော့တာပါ။ အဲဒီအချိန်အထိတော့ မင်းရဲ့ မာန်မာနတွေကို ထုတ်ပြထားလိုက်ပေါ့' တွေးတောရင်း ဖေကျင်သည် အခန်းနှင့် ဝေးရာသို့ လျှောက်လှမ်းလာခဲ့သည်။

သူသည် မည်သည့်နေရာကို သွားနေသည်မှန်း မသိဘဲ စင်္ကြံလမ်းတလျှောက် ဆယ်မိနစ်ခန့် လျှောက်လှမ်းလာခဲ့၏။ အချိန်အတန်ကြာသောအခါ တိုက်ခိုက်သံအချို့ကို ကြားလိုက်ရသဖြင့် သူ၏ မျက်နှာတွင် စိတ်ဝင်စားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

သူသည် တိုက်ခိုက်သံများ ထွက်ပေါ်ရာဆီသို့ လျှောက်သွားလိုက်ရာ အစောင့်နှစ်ဦး စောင့်ကြပ်နေသော တံခါးတစ်ချပ်ဆီသို့ ရောက်ရှိသွားတော့သည်။

"အထဲမှာ ဘယ်သူရှိတာလဲ" ဖေကျင်က အစောင့်များကို မေးလိုက်၏။

"လျှပ်စီးကမ္ဘာက ဧည့်သည်တော်တွေ အထဲမှာ လေ့ကျင့်နေကြပါတယ်" အစောင့်များက ပြန်ဖြေသည်။

"ဪ... စိတ်ဝင်စားစရာပဲ။ ဖယ်ကြစမ်း။ သူတို့ ဘယ်လောက် အရည်အချင်း ရှိလဲဆိုတာ ငါ ကြည့်ချင်တယ်။ သူတို့က တိုက်ခိုက်ရေးမှာ တော်တော်တော်တယ်လို့ ငါ ကြားဖူးတယ်၊ အထူးသဖြင့် သူတို့ မင်းသမီးပေါ့။ အဲဒီသတင်းက အမှန်ပဲလားဆိုတာ ငါ စမ်းသပ်ကြည့်ချင်တယ်" ဖေကျင်က ဆိုရင်း အစောင့်များကို ဖယ်ခိုင်းလိုက်၏။

"ကျွန်တော်တို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ အမိန့် ရှိထားလို့ပါ။ အဖွဲ့တိုင်းကို သီးသန့် လေ့ကျင့်ရေး နယ်မြေတွေ ပေးထားပြီးသားပါ။ ဘယ်အဖွဲ့ကမှ တခြားအဖွဲ့ရဲ့ လေ့ကျင့်ရေး နေရာထဲကို ဝင်ပြီး မနှောင့်ယှက်ရဘူးလို့ အမိန့်ထုတ်ထားပါတယ်" အစောင့်များက ယဉ်ကျေးစွာ ပြောကြားလိုက်သည်။

၎င်းတို့မှာ ထိုမျှနှင့် ရပ်မနေဘဲ အကူအညီပင် ပေးလိုကြသေး၏။ "တကယ်လို့ ခင်ဗျားက ခင်ဗျားအဖွဲ့နဲ့အတူ လေ့ကျင့်ချင်တယ်ဆိုရင် ခင်ဗျားတို့ကမ္ဘာအတွက် သတ်မှတ်ထားတဲ့ အခန်းဆီကို ကျွန်တော်တို့ လမ်းပြပေးပါ့မယ်"

"တခြားနေရာတွေကို သွားပြီး အချိန်အပုပ်မခံနိုင်ဘူး။ ငါ ဒီမှာပဲ လေ့ကျင့်ချင်တာ။ မင်းတို့ ဘာလုပ်မှာလဲ။ ဧည့်သည် တစ်ယောက်ကို တကယ်ပဲ တိုက်ခိုက်တော့မလို့လား" ဖေကျင်က ပြုံးလျက် ဆိုလိုက်သည်။

"သခင်လေး... ကျွန်တော်တို့ကို အခက်မတွေ့အောင် လုပ်ပါနဲ့" အစောင့်များက တောင်းပန်ကြ၏။

"ဪ... မင်းတို့ကို ငါ အခက်တွေ့အောင် လုပ်ပြီးရင် မင်းတို့ ဘာလုပ်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။ ငါက ပြဿနာရှာဖို့ လာတာ မဟုတ်ဘူး၊ သူတို့ ဘယ်လို လေ့ကျင့်လဲဆိုတာ ကြည့်ချင်ရုံတင်ပါ။ ငါ သူတို့ကို မတိုက်ခိုက်သလို ဘာမကောင်းတာမှလည်း မလုပ်ဘူး။ တကယ်လို့ မင်းတို့က ငါ့ကို တားဖို့ ကြိုးစားရင်ဖြစ်ဖြစ် ငါ့လက်ကို ထိမိရင်ဖြစ်ဖြစ် နောင်တရစေရမယ်" ဖေကျင်က ပြောဆိုကာ ဝင်ပေါက်ဆီသို့ လျှောက်သွားတော့သည်။

လျှပ်စီးကမ္ဘာမှ ဆံပင်အပြာရောင်နှင့် မင်းသမီးလေး၊ ဆံပင်အနီရောင်နှင့် လူငယ်၊ ဆံပင်အမည်းရောင်နှင့် လူငယ်တို့သည် အခန်း၏ ထောင့်သုံးထောင့်တွင် ရပ်နေကြ၏။ ၎င်းတို့အားလုံးမှာ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ပြီးကာစအလား အသက်ကို ပြင်းပြင်းရှူနေကြရသည်။

အမှန်တကယ်တွင်မူ ထိုလူငယ်နှစ်ဦးမှာ မင်းသမီးလေးကို တိုက်ခိုက်နေခြင်း ဖြစ်ပေသည်။ ထိုမိန်းကလေးမှာ အဖွဲ့အတွင်း အင်အားအကြီးဆုံးသူ ဖြစ်၏။ ၎င်းမှာ လေ့ကျင့်ခန်း တိုက်ပွဲတစ်ပွဲ ဖြစ်သဖြင့် အားနည်းသော ပြိုင်ဘက်နှစ်ဦးက အင်အားကြီးသောသူ တစ်ဦးတည်းကို တိုက်ခိုက်နေခြင်း ဖြစ်ပေသည်။ တစ်ယောက်ချင်း တိုက်ခိုက်ခြင်းမှာ မင်းသမီးလေးအတွက် စိန်ခေါ်မှု မဖြစ်စေသဖြင့် ဤသို့ လေ့ကျင့်နေကြခြင်း ဖြစ်၏။

"နင်တို့ လက်ရည်တွေ ကျနေတာလား။ နင်တို့ရဲ့ တိုက်ကွက်တွေက ကလေးကစားသလိုပဲ။ လင်း... နင့်ရဲ့ တိုက်ကွက်တွေမှာ အင်အားထည့်စမ်းပါ။ လေ့ကျင့်နေတာ ဆိုရင်တောင် အစွမ်းကုန် ကြိုးစားရမှာပေါ့" ဆံပင်အပြာရောင် မင်းသမီးလေး ပင်းလွီက ဆံပင်အမည်းရောင် လူငယ်ကို ဆူပူလိုက်သည်။

"လွီ... နင့်ရဲ့ ခံစစ်က အရမ်း ကြံ့ခိုင်နေတာကိုး။ အဲဒီတော့ တိုက်ကွက်တိုင်းက နင့်အတွက်တော့ အားနည်းနေသလို ခံစားရမှာပေါ့" ဆံပင်အနီရောင် လူငယ်က သူ ချစ်မြတ်နိုးရသော သူငယ်ချင်းဘက်မှ ရှေ့နေလိုက်ကာ ပြုံးလျက် ဆိုလိုက်၏။

"ငါ့ကို ဆင်ခြေတွေ လာမပေးနဲ့။ ကဲ... နောက်တစ်ခေါက် ထပ်လုပ်ကြမယ်။ ဒီတစ်ခါတော့ အားကို ၂၀၀ ရာခိုင်နှုန်းလောက် သုံးကြစမ်း" မင်းသမီးလေးက ပြုံးလျက် ဆိုလိုက်၏။

"ကောင်းပြီလေ၊ ဒီတစ်ခါတော့ ရှိသမျှ အင်အားအကုန်သုံးမယ်" ဆံပင်အနီရောင် လူငယ်သည် ပင်းလွီဆီသို့ ပြေးဝင်သွားတော့သည်။ ဆံပင်အမည်းရောင် လူငယ်သည်လည်း သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ထိုသို့ပင် လုပ်ဆောင်လိုက်၏။

လူငယ်နှစ်ဦးလုံးမှာ မင်းသမီးလေးဆီသို့ ရောက်ရှိသွားပြီး တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

ဝုန်း...

၎င်းတို့ မတိုက်ခိုက်ရသေးမီမှာပင် အနောက်ဘက်မှ ပြင်းထန်သော အသံကြီးကို ကြားလိုက်ရသဖြင့် ရပ်တန့်ကာ လှည့်ကြည့်လိုက်ကြ၏။ ထိုအခါ တံခါးကြီးမှာ ပျက်စီးသွားသည်ကို တွေ့လိုက်ရလေသည်။

အစောင့်နှစ်ဦးမှာ လေ့ကျင့်ရေး ကွင်းပြင်အတွင်းသို့ လွင့်စင်လာခဲ့၏။ ၎င်းတို့သည် တံခါးကို ဝင်တိုက်ကာ အထဲသို့ လွင့်စင်လာခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ၎င်းတို့မှာ သတိလစ်နေကြပြီး မလှုပ်မယှက် ရှိနေကြတော့သည်။

ပင်းလွီနှင့် အခြားသူများသည် တစ်စုံတစ်ဦးက အစောင့်များကို တိုက်ခိုက်လိုက်ပြီ ဖြစ်ကြောင်း သိလိုက်သဖြင့် တံခါးဆီသို့ စိုက်ကြည့်လိုက်ကြ၏။

"ငါတို့ လေ့ကျင့်နေတာကို ဘယ်သူက နှောင့်ယှက်ရဲတာလဲ" ပင်းလွီက ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။

"ဟားဟားဟား... မင်းရဲ့ အင်အားကတော့ ငါ မသိသေးဘူး၊ ဒါပေမဲ့ မင်းရဲ့ အမူအရာကတော့ သတင်းတွေ မှန်တယ်ဆိုတာ ပြနေတာပဲ။ မင်းက မင်းအဖွဲ့ထဲက ယောက်ျားတွေထက်တောင် ပိုပြီး ယောက်ျားပီသပုံရတယ်။ တကယ်လို့ မင်းရဲ့ စကားတွေအတိုင်း အင်အားရှိမယ်ဆိုရင်တော့ အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး ၁၅ ယောက်ထဲ ဝင်နိုင်မှာပါ။ မင်းတို့လို အမှိုက်ကမ္ဘာလေးကနေ ထိပ်ဆုံး ၁၅ ယောက်ထဲမှာ တစ်ယောက် ပါလာတာက မဆိုးပါဘူး"

အပြင်ဘက်မှ လှောင်ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့၏။ ထိုသူမှာ လေ့ကျင့်ရေး ကွင်းပြင်အတွင်းသို့ ဝင်မလာသေးသဖြင့် မည်သူဖြစ်သည်ကို ၎င်းတို့ မမြင်ရသေးချေ။

"စကားပြောတာတော့ ယောက်ျားတစ်ယောက်လိုပဲ။ ဒါပေမဲ့ အထဲဝင်လာဖို့ သတ္တိတောင် မရှိဘူးလား။ အပြင်မှာပဲ ပုန်းနေတော့မှာလား" ပင်းလွီက ပြန်လည် တုံ့ပြန်လိုက်သည်။

"ဪ... စိတ်မပူပါနဲ့။ မင်း ငါ့မျက်နှာကို မြင်ရဖို့ အခွင့်အရေး ပေးမှာပါ" ဖေကျင်က ဆိုရင်း ပျက်စီးနေသော တံခါးမှတစ်ဆင့် အထဲသို့ ဝင်လာခဲ့သည်။

"နင် ဘယ်သူလဲ" ပင်းလွီက မေးလိုက်၏။ သူမသည် လုံချန်းကို မမှတ်မိသကဲ့သို့ ဖေကျင်ကိုလည်း မသိရှိချေ။

"အားနည်းတဲ့သူတွေက အရင်ဆုံး မိမိကိုယ်မိမိ မိတ်ဆက်ရတာ ထုံးစံ မဟုတ်လား။ အဲဒီတော့ မင်း အရင် စပြောလေ" ဖေကျင်က လှောင်ပြောင်သော အပြုံးဖြင့် ဆိုလိုက်၏။

"နင်ကတော့ တကယ်ကို အရိုက်ခံချင်နေတာပဲ" ပင်းလွီက ခက်ထန်စွာ ဆိုလိုက်သည်။ "နင် ဘယ်ကမ္ဘာကလဲ"

"ငါ ဘယ်ကလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းတို့ လေ့ကျင့်နေတာကို ငါက ပါဝင်ပြီး အပူပေးချင်တာပဲ" ဖေကျင်က ဆိုလိုက်လေတော့သည်။

အခန်း (၉၂၈) နောက်ထပ် တိုက်ပွဲတစ်ပွဲ

"နင် တစ်ယောက်တည်းလား။ နင့်ကိုယ်နင် အဲဒီလောက် ထိုက်တန်တယ် ထင်နေတာလား။ နင့်ကမ္ဘာ နာမည်ကိုတောင် ကြောက်လို့ ထုတ်မပြောရဲတဲ့သူက များ။ စကားကြီးစကားကျယ်တွေ ပြောမနေပါနဲ့။ ပြန်သွားပြီး နင့်အဖွဲ့သားတွေကိုပါ ခေါ်လာခဲ့စမ်းပါ။ နင် တစ်ယောက်တည်းနဲ့တော့ ငါ့ကို ယှဉ်ဖို့ မလောက်ဘူး" ပင်းလွီက လှောင်ပြောင်သရော်လိုက်၏။

"ဒါ ငါ့ကမ္ဘာနာမည်ကို သိချင်လို့ မြှောက်ပင့်ပေးနေတာလား။ ရပါတယ်။ ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ငါ့နာမည်ကို ကြားရုံနဲ့ မင်းတို့ ထွက်ပြေးနိုင်မှာမှ မဟုတ်တာ" ဖေကျင်က ပြုံးလျက် ဆိုလိုက်သည်။

"ငါက ဖုန်းရှူကမ္ဘာ၊ သုံးလောက အင်ပါယာရဲ့ ဧကရာဇ်မင်းမြတ် ကျိဟန်ကျန်းရဲ့ သားတော်... မင်းသား ကျိဖေကျင်ပဲ" သူက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်၏။

"ဟင်... ဖုန်းရှူကမ္ဘာက သုံးလောက မင်းသားလား။ အဲဒါကြောင့်လည်း မင်းက ဒီလောက် ဟောင်နေတာကိုး။ ဖုန်းရှူက ပထမနေရာကို ရဖို့ ရေပန်းအစားဆုံး အဖွဲ့ထဲမှာ ပါတာပဲလေ" လျှပ်စီးကမ္ဘာမှ ဆံပင်အနီရောင် လူငယ်က ပင်းလွီ၏ ဘေးသို့ လျှောက်လာရင်း ဆိုလိုက်သည်။ ဆံပင်အမည်းရောင် အဖွဲ့ဝင်မှာလည်း မိန်းကလေး၏ အခြားတစ်ဖက်တွင် လာရောက် ရပ်တန့်လိုက်၏။

"တွေ့လား၊ အဲဒါကြောင့် ငါက အစက မပြောခဲ့တာ။ မင်းတို့က အမှိုက်တွေဆိုတာ မင်းတို့ကိုယ်တိုင် သိနေတာပဲ။ အခုဆို မင်းတို့ ငါနဲ့တောင် ယှဉ်တိုက်ရဲမှာ မဟုတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် မင်းတို့ကို ငါနဲ့ လေ့ကျင့်ခန်း မလုပ်ရသေးဘဲ လွှတ်ပေးမှာ မဟုတ်ဘူး" ဖေကျင်သည် လူငယ် သုံးဦးထံသို့ တစ်လှမ်းချင်း တိုးကပ်သွားရင်း အရိပ်အမြွက် ပြောလိုက်၏။

သူက မောက်မာစွာ ဆက်ပြောသည်။ "စိတ်မပူကြပါနဲ့။ ငါ့ရဲ့ အင်အားအပြည့်ကို မသုံးပါဘူး။ မင်းတို့ကို ငါ အသာပေးမှာပါ။ ဘာပဲဖြစ်ဖြစ် မင်းတို့ကို ငါ မသတ်သေးပါဘူး... စစ်မှန်တဲ့ ပြိုင်ပွဲမှာ ထိပ်တိုက် မတွေ့မချင်းပေါ့"

ပင်းလွီသည် စကားကြီး စကားကျယ်များ ပြောနေသော ဖေကျင်ကို စိုက်ကြည့်နေမိသည်။ သူမသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား သူမ၏ ဝမ်းဗိုက်အား လက်ဖြင့် ဖိကာ အသက်ရှူမှားမတတ် ဟားတိုက် ရယ်မောလိုက်လေတော့၏။ သူမ၏ ရယ်သံမှာ လေ့ကျင့်ရေး ကွင်းပြင်ကြီးအတွင်း ဟိန်းထွက်သွားတော့သည်။

ဖေကျင်သည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မျက်နှာမှာ ပျက်ယွင်းသွား၏။ သူသည် ပင်းလွီကို စိုက်ကြည့်ကာ မေးလိုက်သည်။ "မင်း ရူးသွားတာလား"

"ဟားဟားဟားဟား..."

"နေဦး... ခဏလေး။ ငါ အသက်ရှူဦးမယ်" ဆံပင်အပြာရောင် မိန်းကလေးမှာ သူမကိုယ်သူမ မထိန်းနိုင်တော့သည့်အလား ဆက်တိုက် ရယ်မောနေ၏။

"ငါက ဟာသပြောလိုက်လို့လား။ ဒါမှမဟုတ် မင်းက ကြောက်လွန်းလို့ တကယ်ပဲ ရူးသွားတာလား" ဖေကျင်က နားမလည်နိုင်သလို မေးလိုက်သည်။

ဤသို့သော ကိစ္စမျိုး တစ်ခါမှ မကြုံဖူးခဲ့ချေ။ သူ တိုက်ခိုက်တော့မည့်သူက သူ့ရှေ့တွင် ဟားတိုက် ရယ်နေသည်မှာ အဘယ်ကြောင့်နည်း။ သူ တကယ်ကို ဇဝေဇဝါ ဖြစ်နေရ၏။

"နင့်ကိုယ်နင် အကောင်ကြီး တစ်ယောက်လို့ ထင်နေတာလား။ နင်က သုံးလောကရဲ့ မင်းသားလား။ လူကောင်သေးသေးလေးရဲ့... ဖုန်းရှူအဖွဲ့က ပထမနေရာ ရဖို့ ရေပန်းအစားဆုံး ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒါက နင့်ကြောင့် မဟုတ်ဘူး။ ချန်ယုနဲ့ နင်နဲ့အတူပါလာတဲ့ ဟိုလူကြောင့်ပဲ။ နင်ကတော့ အရံလူ တစ်ယောက်ထက် မပိုပါဘူး။ ကြယ်တာရာ မင်းသား လုဝမ်သာ အိမ်ကနေ ထွက်မပြေးခဲ့ရင် နင် ဒီကို ရောက်လာစရာတောင် အကြောင်းမရှိဘူး" ပင်းလွီက သူမ၏ ရယ်သံကို ရပ်တန့်လိုက်ပြီးနောက် လှောင်ပြောင် ပြောဆိုလိုက်သည်။

'ဒီမိန်းမယုတ်... လုဝမ်က အဲဒီလောက် အရေးပါတဲ့သူလို့ နင် တကယ် ထင်နေတာလား။ အဲဒီကောင်က ထွက်ပြေးသွားတာ မဟုတ်ဘဲ ငါ့ရှေ့တင် သေသွားတာ၊ ငါ့လက်ချက်နဲ့ သေသွားတာဆိုတာကိုသာ နင် သိရင် တုန်လှုပ်သွားလိမ့်မယ်' ဖေကျင်က တွေးတောနေစဉ် သူ၏ မျက်နှာမှာ လှုပ်ခါသွား၏။

"နင့်အဖွဲ့ထဲက တခြားနှစ်ယောက်က ထိပ်ဆုံး ၅ နေရာထဲမှာ ၂ နေရာ ယူနိုင်လိမ့်မယ်။ လုဝမ်သာ ဒီမှာရှိရင် သူလည်း ထိပ်ဆုံး ၅ နေရာထဲက တစ်နေရာ ရနိုင်လိမ့်မယ်။ ဒါပေမဲ့ နင်လား... ပါဝင်ယှဉ်ပြိုင်မယ့် ၆၀ ထဲက ထိပ်ဆုံး အယောက် ၃၀ စာရင်းဝင်ပြီး အဆင့် ၁၅ အတွင်း ဝင်နိုင်ရင်တောင် ငါ အံ့ဩမိမှာပဲ" ပင်းလွီက ဖေကျင်ကို ဆက်လက် လှောင်ပြောင်နေပေသည်။

မကြာမီမှာပင် သူမက ထပ်မံ ရယ်မောလိုက်ပြန်၏။ ဤလူက ဖုန်းရှူကမ္ဘာ၏ ခေါင်းဆောင် သို့မဟုတ် အုပ်ချုပ်သူ တစ်ဦးအလား မည်သည့်အရာက သူ့ကို ဤမျှ ယုံကြည်မှု ပေးထားသနည်း ဆိုသည်အား သူမ နားမလည်နိုင်အောင် ဖြစ်နေရသည်။

"ငါလား၊ ငါ ထွက်ပြေးမယ်လို့ နင် ထင်နေတာလား။ ဘယ်သူ့ဆီကလဲ။ နင့်ဆီကလား။ အို... ဘုရားရေ... နင် ကျင့်ကြံခြင်းကို စွန့်လွှတ်ပြီး လူရွှင်တော်ပဲ လုပ်ပါတော့။ ငွေတွေ အများကြီး ရမှာပါ။ ဟားဟား။ ငါတို့ လျှပ်စီးကမ္ဘာကို လာခဲ့ပါ။ ငါ့ရဲ့ တော်ဝင်နန်းတွင်းမှာ နင့်ကို ရာထူးတစ်ခု ပေးမယ်။ ငါ့ခမည်းတော်ကလည်း ဟာသတွေကို သဘောကျတာ။ ငါတို့ နင့်ကို လစာတွေ အများကြီး ပေးမှာပါ။ ငါတို့နဲ့ လာပူးပေါင်းလိုက်စမ်းပါ" ပင်းလွီက ဖေကျင်ကို ကမ်းလှမ်းလိုက်၏။

ဖေကျင်၏ မျက်နှာမှာ အရှက်ရလွန်းသဖြင့် နီမြန်းသွားရသည်။ ဤမိန်းကလေးမှာ သူ့ကို တကယ်ပင် ပြင်းပြင်းထန်ထန် လှောင်ပြောင်နေခြင်း ဖြစ်၏။ သူမ၏ စကားများမှာ အလွန်ပင် ရိုင်းစိုင်းလှပေသည်။

"ဒီမိန်းမယုတ်၊ နောက်ဖြစ်လာမယ့် ကိစ္စတွေအတွက် ငါ့ကို အပြစ်မတင်နဲ့တော့။ မင်းက ငါ့ကို အရင် ဒေါသထွက်အောင် လုပ်တာ" ဖေကျင်က သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ဟိန်းဟောက်လိုက်၏။

သူသည် မိန်းကလေးဆီသို့ ပျံသန်းသွားပြီး သူမဆီသို့ မရောက်မီမှာတင် လက်သီးဖြင့် လှမ်း၍ ထိုးလိုက်သည်။

"ဉာဏ်အလင်းပွင့် ဗုဒ္ဓလက်သီး" အော်ဟစ်ကာ သူက ထိုးလိုက်ခြင်း ဖြစ်၏။

သူ၏ လက်ရှေ့တွင် ရွှေရောင် လက်သီးကြီးတစ်လုံး ပေါ်လာပြီး သူ၏ လက်လှုပ်ရှားမှုအတိုင်း လိုက်ပါသွားသည်။ ထိုရွှေရောင်လက်သီးမှာ ဖေကျင် ကိုယ်တိုင်ထက်ပင် နှစ်ဆခန့် ပို၍ ကြီးမားနေ၏။ ၎င်းမှာ မိန်းကလေးဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

"ဒီတိုက်ကွက်အကြောင်း ငါ ကြားဖူးပါတယ်။ မဆိုးပါဘူး။ ဒါပေမဲ့ ပြိုင်ဘက်ကို မထိခင်မှာ ဖျက်ဆီးခံလိုက်ရရင်တော့ ဒါက အလကားပါပဲ" ပင်းလွီက မည်သို့မျှ အထင်ကြီးပုံမရဘဲ ဆိုလိုက်၏။

သူမသည် သူမ၏ လက်ကို ကောင်းကင်သို့ မြှောက်လိုက်သည်။ သူမ၏ အထက် ကောင်းကင်ယံတွင် ၅ မီတာခန့် ရှည်လျားသော လျှပ်စီးဓားကြီးတစ်စင်း ပေါ်လာခဲ့၏။

သူမသည် သူမ၏ လက်ကို အောက်သို့ ဝှေ့ယမ်းလိုက်ရာ လျှပ်စီးဓားကြီးမှာလည်း သူမ၏ လက်လှုပ်ရှားမှုအတိုင်း အောက်သို့ ခုတ်ချလိုက်လေတော့သည်။

ရွှေရောင်လက်သီးကြီးမှာ နှစ်ပိုင်းကွဲသွားခဲ့၏။ တိုက်ကွက် ပျောက်ကွယ်သွားသည်နှင့်အမျှ ချီစွမ်းအင်များမှာလည်း လွင့်စင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် လျှပ်စီးဓားကြီးမှာလည်း ပျောက်ကွယ်သွားခဲ့၏။

"ဒါပဲလား" ပင်းလွီက ဖေကျင်ကို လှောင်ပြောင်သလို စိုက်ကြည့်ရင်း မေးလိုက်သည်။

"လွီ... သူက ကြည့်ရတာ သိပ်ပြီး အင်အားမရှိပုံပဲ။ ငါပဲ သူ့ကို ရှင်းလိုက်ပါ့မယ်။ သူက ဘာမှ မဟုတ်ပါဘူး။ သူ့ကို တိုက်နေရင် နင့်ရဲ့ အချိန်တွေ အလကား ကုန်နေဦးမယ်" ဆံပင်အနီရောင် လူငယ်က ရှေ့သို့ တစ်လှမ်း တိုးရင်း မိန်းကလေးကို ပြောလိုက်သည်။

"ရပါတယ်။ နင် လုပ်စရာ မလိုပါဘူး။ သူက သူ့အဖွဲ့ထဲမှာ အားအနည်းဆုံး ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ငါကတော့ သူ့ကို အထင်မသေးပါဘူး။ ငါကိုယ်တိုင်ပဲ သူ့ကို ပညာပေးလိုက်တာ ပိုကောင်းမယ်" ပင်းလွီက ထိုအကြံပြုချက်ကို ငြင်းပယ်လိုက်၏။

ဖေကျင်သည် ၎င်းတို့၏ စကားဝိုင်းကို နားထောင်ရင်း အနောက်တွင် ရပ်နေမိသည်။ သူ၏ တိုက်ကွက်မှာ ဖျက်ဆီးခံလိုက်ရသဖြင့် သူသည် အံ့ဩကာ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် သူ ကြောက်ရွံ့သွားခြင်း မရှိခဲ့ပေ။ သူသည် ဤမိန်းကလေးကို ကလေးတစ်ယောက်လို ဆက်ဆံ၍ မရနိုင်ကြောင်း သိသွားခြင်းသာ ဖြစ်၏။ ၎င်းတို့က သူ့ကို ထိုသို့ ပြောဆိုနေကြသဖြင့် သူ အလွန်ပင် ဒေါသထွက်နေမိသည်။

"ကောင်းပြီ... ငါ အခု အတည် တိုက်တော့မယ်။ မင်း အသင့်ပြင်ထားလိုက်" ဖေကျင်က ဆိုရင်း သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။ သူ၏ လက်ထဲတွင် အမည်းရောင် ဓားတစ်စင်း ပေါ်လာခဲ့သည်။

"အေးလေ... ငါ ကြားဖူးသလောက်တော့ နင်က ဓားသမားတစ်ယောက်ပဲ။ လုဝမ်ပြီးရင် ဖုန်းရှူမှာ အတော်ဆုံးလို့ ပြောကြတဲ့ ဓားကျင့်ကြံသူ တစ်ယောက်ပေါ့။ နင် ဘယ်အချိန်မှာ အတည် တိုက်မလဲလို့ ငါ စောင့်နေတာ" ပင်းလွီက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။

သူမ၏ လက်ထဲတွင်လည်း ငွေရောင် ဓားတစ်စင်း ပေါ်လာခဲ့၏။ ဓားရိုးမှာ အဖြူရောင် ဖြစ်ပေသည်။

"တကယ့် စမ်းသပ်ပွဲ မတိုင်ခင် ငါ့ရဲ့ ပညာတွေကို မပြချင်ဘူး၊ ဒါပေမဲ့ နင်က ငါ့ကို အတင်းပြခိုင်းမယ်ဆိုရင်လည်း ငါက စိတ်မရှိပါဘူး။ နင့်မှာ ဘယ်လောက် အရည်အချင်း ရှိလဲဆိုတာ ကြည့်ကြတာပေါ့" ထိုသို့ ဆိုကာ သူမသည် ဖေကျင်ဆီသို့ စတင် လျှောက်လှမ်းသွားတော့သည်။

ဖေကျင်သည်လည်း မိန်းကလေးဆီသို့ သူ၏ ခြေလှမ်းများကို အရှိန်မြှင့်၍ လျှောက်သွားလိုက်၏။

သူ၏ ဓားပတ်လည်တွင် အန္တရာယ်ရှိပုံရသော မှောင်မိုက်သည့် အရှိန်အဝါများ ဝန်းရံနေလေတော့သည်။

All Chapters