အခန်း (၉၃၁-၉၃၂)
Vol. 91 Ch. 931-932
အခန်း (၉၃၁) ရွှေအာလူး
လာမည့် စမ်းသပ်ပွဲနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်ကို ပြောပြမည်ဟု လုံချန်းက ကမ်းလှမ်းလိုက်သောအခါ ဖေကျင်မှာ အံ့အားသင့်သွားရလေသည်။
သူသည် ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်ပြီးနောက် မေးလိုက်သည်။ "အဲဒီလို လျှို့ဝှက်ချက်မျိုးအတွက် မင်းက ဘာလိုချင်လို့လဲ။ ရတနာလား၊ ကျင့်ကြံရေး ပစ္စည်းတွေလား ဒါမှမဟုတ် တခြားတစ်ခုခုလား"
လုံချန်းသည် လောဘကြီးသော အရောင်းအဝယ်သမား တစ်ဦးကဲ့သို့ တဟားဟား ရယ်မောလိုက်ပြီး ဆိုလိုက်သည်။ "ဒီသတင်းက ဘယ်လောက်တောင် တန်ဖိုးရှိတယ်ဆိုတာ ခင်ဗျား သိမှာပါ။ ကျွန်တော် တခြားသူတွေကို သွားပြောရင်လည်း သူတို့က ဒါနဲ့လဲဖို့ ဘယ်လိုပစ္စည်းမျိုးမဆို ပေးကြမှာပဲ"
"စိတ်မပူပါနဲ့။ မင်း တခြားသူတွေဆီ သွားစရာမလိုပါဘူး။ မင်းက လူမှန်ဆီကို လာခဲ့တာပဲ။ ငါက ဘယ်လိုအရာမျိုးကိုမဆို ပေးနိုင်စွမ်း ရှိတယ်။ မင်း လိုချင်တဲ့ ဈေးနှုန်းကိုသာ ပြောစမ်းပါ။ မင်း စိတ်ကျေနပ်စေရမယ်လို့ ငါ ကတိပေးတယ်" ဖေကျင်က လုံချန်းကို ပြောလိုက်၏။
"အဲဒီအစား ခင်ဗျားကပဲ အရင် ကမ်းလှမ်းကြည့်ပါလား။ ဒီသတင်းက ဘယ်လောက် တန်ဖိုးရှိမလဲဆိုတာ ခင်ဗျား သိမှာပါ။ ကမ်းလှမ်းကြည့်ပါ၊ ကျွန်တော် သဘောကျရင် ခင်ဗျားကို ပြောပြမယ်" လုံချန်းက မျက်နှာတွင် တောက်ပသော အပြုံးတစ်ခုဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
"ဟားဟားဟား... စိတ်မပူပါနဲ့။ မင်းကို စိတ်ကျေနပ်စေမယ့် အရာတစ်ခု ငါ့မှာ ရှိတယ်" ဖေကျင်က ကြေညာလိုက်၏။
သူသည် သူ၏ ဝိညာဉ်အာရုံကို သိုလှောင်လက်စွပ်အတွင်းသို့ ပို့လိုက်ပြီး လုံချန်းအား ဆွဲဆောင်နိုင်လိမ့်မည်ဟု သူယူဆထားသော ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းမှာ ဝိုင်ပုလင်း တစ်လုံး ဖြစ်၏။ သူသည် ထိုဝိုင်ပုလင်းကို လုံချန်းအား ထုတ်ပြလိုက်သည်။
"ဒါက ဘာလဲ" လုံချန်းက စူးစမ်းစွာ မေးလိုက်၏။
"ဒါက ငါတို့ အင်ပါယာက ရှေးဟောင်း ဝိုင်ပညာရှင်ကြီး တစ်ယောက် ဖန်တီးခဲ့တဲ့ တကယ်ကို ရှားပါးတဲ့ ဝိုင်ပဲ။ သူက အင်မော်တယ်ဘုံကို မတက်လှမ်းခင်မှာ ဒီဝိုင်ကို ပုလင်းနည်းနည်းစာပဲ ချက်လုပ်ခဲ့တာ။ တကယ်ကို ရှားပါးတဲ့ ပစ္စည်းပေါ့။ ကံကောင်းထောက်မစွာနဲ့ အဲဒီပုလင်း သုံးပုလင်းစလုံးက ငါတို့ အင်ပါယာထဲမှာ ရှိနေတယ်။ ကျန်တဲ့ နှစ်ပုလင်းကတော့ ငါ့ခမည်းတော်ဆီမှာပေါ့" ဖေကျင်က လုံချန်းကို ရှင်းပြလိုက်သည်။
"တကယ်လို့ မင်းက ငါ့ကို ပထမ ရနိုင်မယ့် နည်းလမ်းကို ပြောပြနိုင်မယ်ဆိုရင် ဒီပုလင်းကို မင်းကို ပေးမယ်" သူက ဆက်ပြော၏။
"ဒါက ဘာတွေများ ထူးခြားနေလို့လဲ" လုံချန်းက ဇဝေဇဝါ ဖြစ်ဟန်ဖြင့် မေးလိုက်သည်။
"ဒါက အရမ်း ထူးခြားတာပေါ့။ ဒါက မင်းရဲ့ ဉာဏ်အလင်းပွင့်မှုကို မြှင့်တင်ပေးနိုင်တယ်။ တကယ်လို့ မင်း ဒီဝိုင်တစ်ပုလင်းကို သောက်လိုက်မယ်ဆိုရင် တစ်နေ့တာလုံးမှာ မင်းရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက အဆမတန် မြင့်တက်နေလိမ့်မယ်။ အဲဒီနေ့မှာ မင်းရဲ့ နားလည်နိုင်စွမ်းက အဆတစ်ရာလောက် ပိုကောင်းနေမှာ ဖြစ်သလို ကျင့်ကြံခြင်း အရှိန်ကလည်း ငါးဆလောက် ပိုမြန်နေလိမ့်မယ်"
"တခြား အကျိုးကျေးဇူးတွေ အများကြီး ရှိသေးပေမဲ့ နားလည်နိုင်စွမ်းကို မြှင့်တင်ပေးတာကတော့ အကောင်းဆုံးပဲ။ စဉ်းစားကြည့်စမ်း... ဒီဝိုင်ကို သောက်ပြီးရင် အခက်ခဲဆုံး သိုင်းပညာတွေကိုတောင် တစ်ရက်တည်းနဲ့ နားလည်သွားနိုင်မှာ" ဖေကျင်က လုံချန်းကို ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။
လုံချန်းကမူ ထိုလူ မည်သည့်အရာ ပေးပေး အရေးမစိုက်ချေ။ မည်သည့်ဖြစ်ဖြစ် သူက လက်ခံမည်သာ ဖြစ်၏။ သူ၏ နောက်ဆုံး ရည်မှန်းချက်မှာ လုံးဝ တခြားစီ ဖြစ်ပေသည်။ သို့သော်လည်း အခြေအနေကို ယုံကြည်စိတ်ချရအောင် သူ ဖန်တီးရန် လိုအပ်ပေသည်။
"ဒါနဲ့အတူ ကျွန်တော့်ရဲ့ အင်အားကို အဆမတန် မြင့်တက်စေမယ့် ကောင်းမွန်တဲ့ သိုင်းပညာ တစ်ခုကိုလည်း ခင်ဗျား ပေးရမယ်" လုံချန်းက ဆိုလိုက်၏။
"ရတာပေါ့။ ငါ အဲဒါကိုလည်း ကမ်းလှမ်းပါ့မယ်" ဖေကျင်က ပြောဆိုကာ သူ၏ လက်ထဲတွင် စာအုပ်ငယ်တစ်အုပ် ပေါ်လာခဲ့သည်။
"ဒါက ဗုဒ္ဓလက်သီးပဲ။ ငါတို့ သုံးလောက အင်ပါယာရဲ့ အင်အားအကောင်းဆုံး သိုင်းပညာတွေထဲက တစ်ခုပေါ့။ မင်း ဒီပညာကို သုံးမယ်ဆိုရင် ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်လိမ့်မယ်" သူက ရှင်းပြလိုက်သည်။
သူသည် အနည်းငယ် ပိုပိုသာသာ ပြောလိုက်ခြင်း ဖြစ်သော်လည်း လုံချန်း သတိမထားမိနိုင်ဟု သူ သေချာပေါက် ယူဆထား၏။ ၎င်းမှာ အင်အားကြီးသော ပညာဖြစ်သော်လည်း အကောင်းဆုံးတော့ မဟုတ်ချေ။ ထို့ပြင် ၎င်းမှာ သူ ပင်းလွီကို တိုက်ခိုက်စဉ်က ပထမဆုံး အသုံးပြုခဲ့သည့် တိုက်ကွက်လည်း ဖြစ်ပေသည်။ သူမကို အနိုင်ယူဖို့ နေနေသာသာ ထိုတိုက်ကွက်မှာ သူမဆီသို့ပင် မရောက်ခဲ့ချေ။ သို့သော်လည်း ဖေကျင်ကမူ မည်မျှ တရားမျှတသည် ဆိုသည်ကို ဂရုမစိုက်ပါ။
ထိုဝိုင်မှာ သေချာပေါက် အဖိုးတန်သော ရတနာ ဖြစ်ပေသည်။ သူက ထိုဝိုင်ကို ပေးလိုက်ရပြီ ဖြစ်ရာ ထိုမျှနှင့်တင် လုံလောက်နေပြီ ဖြစ်၏။ အပိုဆောင်းလက်ဆောင်မှာ အဓိကပစ္စည်းကဲ့သို့ အဖိုးတန်နေရန် မလိုဟု သူ ယူဆထားပေသည်။
"အံ့ဩစရာပဲ။ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တဲ့ တိုက်ကွက်ပေါ့။ ဒါက သေချာပေါက် တန်ဖိုးရှိပါတယ်။ ပေးပါ" လုံချန်းက စိတ်လှုပ်ရှားဟန်ဖြင့် ဆိုကာ သူ၏ လက်ကို လှမ်းလိုက်၏။
သူသည် စိတ်လှုပ်ရှားဟန်ကို အများအားဖြင့် ဟန်ဆောင်နေခြင်း ဖြစ်သော်လည်း ထိုဝိုင်ကိုမူ သူ တကယ်ပင် စိတ်ဝင်စားမိသည်။ အကယ်၍ ထိုလူပြောသလိုသာ မှန်ကန်ခဲ့လျှင် ၎င်းမှာ အလွန်ပင် အသုံးဝင်ပေလိမ့်မည်။
မကြာမီမှာပင် သူသည် ကံကြမ္မာ၏ နောက်ဆုံးအဆင့်ကို နားလည်နိုင်ရန် ကံကြမ္မာ ရတနာလုံးကို အသုံးပြုရတော့မည် ဖြစ်၏။ အကယ်၍ ထိုမတိုင်မီ ဤဝိုင်ကို သောက်လိုက်ပါက သူ၏ နားလည်နိုင်စွမ်းအား မြှင့်တင်ပေးနိုင်ပြီး အချိန်များစွာ သက်သာသွားပေလိမ့်မည်။
ဖေကျင်သည် လုံချန်းကို ကြည့်ကာ ပြုံးလိုက်၏။ သူ၏ လက်ထဲမှ ဝိုင်ပုလင်းနှင့် စာအုပ်ငယ်မှာ ပျောက်ကွယ်သွားခဲ့သည်။
"ခင်ဗျား ဘာလုပ်တာလဲ" လုံချန်းက ဇဝေဇဝါ ဖြစ်ဟန်ဖြင့် မေးလိုက်၏။
"ငါက မင်းကို ဒီလောက် စောစောစီးစီး ပေးလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား။ အရင်ဆုံး ပထမဆုံး စမ်းသပ်ပွဲအကြောင်း မင်း သိတာတွေကို ပြောပြစမ်း။ ဒါမှ မင်း ပထမ ရနိုင်မှာပေါ့။ မင်း အကုန်လုံး ပြောပြပြီးတာနဲ့ ငါ ကတိပေးထားတဲ့ အရာတွေကို ပေးမယ်" ဖေကျင်က ဆိုလိုက်သည်။
လုံချန်းသည် ထိုလူကို စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်လိုက်၏။
'သူက ထင်သလောက်တော့ မအဘူးပဲ' သူ တွေးလိုက်မိသည်။
သူက ခေါင်းညိတ်လိုက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။ "ကောင်းပါပြီ။ ခင်ဗျား အနိုင်ရဖို့ ဘာက ကူညီမလဲဆိုတာ ကျွန်တော် ပြောပြမယ်။ ခင်ဗျား ပထမ ရရှိဖို့ ကူညီပေးနိုင်မယ့် အရာတစ်ခု ရှိတယ်။ အဲဒါကတော့ ရွှေအာလူးပဲ"
"ရွှေအာလူး ဟုတ်လား" ဖေကျင်က ဇဝေဇဝါဖြင့် မေးလိုက်၏။
သူသည် အာလူးအကြောင်း ကြားဖူးသော်လည်း ရွှေအာလူး ဆိုသည်မှာ မည်သည့်အရာနည်း။
"ခင်ဗျား ပထမဆုံး စမ်းသပ်ပွဲ အကြောင်း မသိသေးဘူး မဟုတ်လား" လုံချန်းက မေးလိုက်သည်။
"ဟုတ်တယ်။ စမ်းသပ်ပွဲရဲ့ အကြောင်းအရာတွေကို လျှို့ဝှက်ထားတာလေ။ အိမ်ရှင်တွေပဲ သိတာ။ စတင်ခါနီးမှပဲ ပြောပြမှာ။ ဒါပေမဲ့ မင်းတို့က အိမ်ရှင်တွေ ဖြစ်နေတော့ မင်း သိနေတာကတော့ သဘာဝကျပါတယ်" ဖေကျင်က ရှင်းပြ၏။
"ပထမဆုံး စမ်းသပ်ပွဲက ရတနာရှာပုံတော်ပဲ။ ကျွန်တော်လည်း မတော်တဆ ကြားခဲ့ရတာ။ အဲဒီအချိန်ကတည်းက ဒီသတင်းကို ကျွန်တော့်အတွက် အကျိုးရှိအောင် ဘယ်လို သုံးရမလဲလို့ ကြိုးစားနေတာ" လုံချန်းက ပါးနပ်သော အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်သည်။
"ဧကရာဇ်မင်းမြတ်မှာ သီးသန့် ရတနာဘုံ တစ်ခု ရှိတယ်။ အဲဒါက တောအုပ်ကြီး တစ်ခုပေါ့။ အဲဒီတောအုပ်ထဲမှာ ရွှေအာလူး အလုံးပေါင်း ဆယ်ချီပြီး ဝှက်ထားတယ်။ အဲဒီမှာ အမှန်တကယ် ဘယ်နှလုံး ရှိတယ်ဆိုတာ ဧကရာဇ်မင်းမြတ်တောင် မသိဘူး။ ကျွန်တော်တို့ သိထားတာ တစ်ခုကတော့ အဲဒါတွေကို ရှာဖို့ တကယ်ကို ခက်ခဲတယ် ဆိုတာပဲ"
"တာဝန်ကတော့ အဲဒီ ရွှေအာလူးတွေကို ရှာဖို့ပဲ။ အဆင့် သတ်မှတ်ချက်ကိုတော့ ၄၈ နာရီအတွင်း ဘယ်သူက အာလူး ဘယ်နှလုံး ရလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်မှာ" သူက စကားအဆုံးသတ်လိုက်သည်။
"ဒါဆို မင်းက ငါ့ကို ဒီသတင်းကို ပြောပြတာလား။ ဒါက ငါ့အတွက် ဘာအကျိုးရှိမှာလဲ။ စမ်းသပ်ပွဲ မစခင် နာရီပိုင်း အလိုမှာ ဒါတွေကို ငါ သိရမှာပဲ မဟုတ်လား။ မင်း ပြောသလိုဆိုရင် ရှာဖို့ ခက်ခဲလှပါတယ်ဆိုတဲ့ ဒီအာလူးစုတ်တွေကို ငါက လိုက်ရှာနေရဦးမှာပေါ့။ ဒါက တကယ်ကို အဓိပ္ပာယ်မရှိတဲ့ စမ်းသပ်ပွဲပဲ" ဖေကျင်က စိတ်ပျက်လက်ပျက် ဖြစ်သွားပုံရ၏။
သူသည် ထိုသို့သော ကလေးကလား စမ်းသပ်ပွဲမျိုးကို ရွေးချယ်ခဲ့သည့်အတွက် ဧကရာဇ်ထံ သွားရောက်ကာ မျက်နှာချင်းဆိုင် ဆဲဆိုချင်စိတ်ပင် ပေါက်နေမိသည်။ တခြားကမ္ဘာက ခေါင်းဆောင်များကရော ထိုကဲ့သို့ အရာမျိုးကို ပထမဆုံး စမ်းသပ်ပွဲအဖြစ် အဘယ်ကြောင့် သဘောတူခဲ့ကြသနည်း။ သူ ၎င်းတို့ အားလုံးကို ကျိန်ဆဲချင်နေမိသည်။
"ငါတို့က ရတနာရှာတမ်း ကစားကြရမှာလား။ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ။ ငါက တိုက်ပွဲ ဖြစ်မယ် ထင်နေတာ။ ဒါဆိုရင် အားအနည်းဆုံးသူကတောင် အနိုင်ရဖို့ အခွင့်အရေး ရှိသွားတာပေါ့" သူက ဆိုလိုက်၏။
"မဟုတ်ဘူး... ခင်ဗျား ရှာနေစရာ မလိုပါဘူး။ ကျွန်တော် ပြောသလိုပဲ၊ ခင်ဗျား ပထမ ရဖို့ ကူညီပေးနိုင်မယ့် နည်းလမ်း ကျွန်တော့်မှာ ရှိတယ်။ အဲဒီအတွက် ခင်ဗျား လက်ချောင်းလေး တစ်ချောင်းတောင် လှုပ်စရာ မလိုပါဘူး" လုံချန်းက ပြုံးလျက် ဖေကျင်ကို အရိပ်အမြွက် ပြောလိုက်လေတော့သည်။
အခန်း (၉၃၂) အရေးနိမ့်ခြင်း
"ဒါဆို ငါ ဘာမှမလုပ်ဘဲနဲ့ အဆင့်အမြင့်ဆုံးကို ရနိုင်မယ်ပေါ့။ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဖေကျင်က လုံချန်း၏ အစီအစဉ်ကို စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"အစီအစဉ်က ရိုးရိုးလေးပါ။ ရွှေအာလူးတွေကို လိုက်ရှာနေမယ့်အစား ခင်ဗျားက အစကတည်းက အချို့ကို ယူသွားလိုက်ရုံပါပဲ။ ဒါဆိုရင် ခင်ဗျားက တခြားသူတွေထက် အသာစီးကနေ စတင်နိုင်လိမ့်မယ်။ နောက်ဆုံးမှာတော့ အဲဒါတွေကို ပြန်အပ်လိုက်ရုံပဲလေ။ ဒါဆိုရင် ခင်ဗျား သေချာပေါက် အနိုင်ရပြီပေါ့" လုံချန်းက ပြုံးလျက် ရှင်းပြလိုက်၏။
"ပိုပြီး ရှင်းအောင် ပြောရရင်... ကျွန်တော်တို့ နန်းတော်မှာ အရင်ကတည်းက စုဆောင်းထားတဲ့ ရွှေအာလူးတချို့ ရှိတယ်။ အဲဒီ ရွှေအာလူးတွေကို ဂိုဒေါင်ထဲမှာ သိမ်းထားတာ။ အဲဒီဂိုဒေါင်က လူမြင်ကွင်းမှာ ရှိနေသလို အစောင့်အရှောက်လည်း မရှိဘူး။ အဲဒီကနေ ရွှေအာလူးတချို့ကို ကျွန်တော်တို့ ယူသွားလို့ ရတယ်။ ခင်ဗျား စမ်းသပ်ပွဲထဲကို သွားတဲ့အခါ အဲဒါတွေကို ခင်ဗျားရဲ့ သိုလှောင်လက်စွပ်ထဲမှာ ဝှက်ထားလိုက်ရုံပဲ။ ကျန်တာတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာတော့ ခင်ဗျား သိပြီးသား ဖြစ်မှာပါ" သူက ဆိုလိုက်၏။
လုံချန်းက ဖေကျင်ကို လူသူကင်းဝေးရာ တစ်နေရာသို့ ခေါ်ဆောင်သွားရန် ဤနည်းလမ်းအား အသုံးပြုနေခြင်း ဖြစ်သော်လည်း ဖေကျင်ကမူ လုံးဝ တခြားတစ်မျိုးကို တွေးတောနေလေသည်။
"နေဦး... တကယ်လို့ မင်းတို့ နန်းတော်မှာ ငါတို့ ရှာရမယ့် ပစ္စည်းတွေ ရှိနေတယ်ဆိုရင် မင်းတို့ရဲ့ ပြိုင်ပွဲဝင်တွေကို အဲဒီ ရွှေအာလူးတွေ ပေးပြီး မရိုးမသား လုပ်မှာကို ဘယ်သူက တားမှာလဲ။ အဲဒီလိုဆိုရင် သူတို့အားလုံးက အဆင့်မြင့်မြင့် ရကုန်မှာပေါ့။ ငါ ဒါကို တခြားသူတွေကို ပြောပြရမယ်။ ဒီလို မတရားတဲ့ စမ်းသပ်ပွဲမျိုးကို ဆက်ပြီး အဖြစ်မခံနိုင်ဘူး" ဖေကျင်က သူ၏ စိုးရိမ်မှုကို ထုတ်ဖော်လိုက်၏။
ဤလှည့်ကွက်မှာ သူ့ကို အဆင့်မြင့်စေနိုင်သည်မှာ မှန်သော်လည်း အိမ်ရှင်ကမ္ဘာမှ ပြိုင်ပွဲဝင်များက ထိုအာလူးများကို အများအပြား အသုံးပြုပြီး မရိုးမသား လုပ်မည်အား သူ စိုးရိမ်နေခြင်း ဖြစ်ပေသည်။
"ခင်ဗျား တခြားသူတွေကို သွားပြောချင်လည်း ပြောနိုင်ပါတယ်၊ ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် ခင်ဗျားအတွက် အခွင့်အရေးကောင်းကြီး ဆုံးရှုံးသွားလိမ့်မယ်နော်" လုံချန်းက ဝင့်ကြွားစွာ ပြန်လည် ဖြေကြားလိုက်၏။
သူသည် ထိုမေးခွန်းကို ကြိုတင် တွေးဆထားပြီးသား ဖြစ်သကဲ့သို့ပင် အသင့်ပြင်ထားသော အဖြေတစ်ခုကို ထုတ်ပြောလိုက်ခြင်း ဖြစ်ပေသည်။
"မင်း ဘာကို ဆိုလိုတာလဲ" ဖေကျင်က သံသယဖြင့် မေးလိုက်၏။
"ကျွန်တော်တို့ ဧကရာဇ်မင်းမြတ်က ကျွန်တော်တို့ ပြိုင်ပွဲဝင်တွေကို အဲဒီ အာလူးတွေ ပေးမှာ မဟုတ်ပါဘူး။ တကယ်လို့ အဲဒီလို ဖြစ်နိုင်တယ်ဆိုရင် တခြားကမ္ဘာတွေက ဒီစမ်းသပ်ပွဲကို သဘောတူပါ့မလား။ ကျွန်တော် ကြားဖူးသလောက်တော့ ကျွန်တော်တို့ ဧကရာဇ်မင်းမြတ်ဟာ မရိုးမသား မလုပ်ဖို့ ကျိန်ဆိုထားရတယ်။ အဲဒါကြောင့် သူက ကျွန်တော်တို့ ပြိုင်ပွဲဝင်တွေကို အဆင့်ကောင်းကောင်း ရအောင် အစွမ်းကုန် ကြိုးစားကြဖို့ပဲ ပြောနေတာ"
"ဒါ... ဒါကတော့ ဖြစ်နိုင်ပါတယ်။ တကယ်လို့ အဲဒါက အမှန်ဆိုရင်တော့ တခြားသူတွေကို ကျေးဇူးတင်ရမှာပဲ။ အိမ်ရှင်တွေက မရိုးမသား မလုပ်နိုင်ဘူးဆိုရင် ဒီလျှို့ဝှက်ချက်ကို ငါတစ်ယောက်တည်းပဲ သိတာပေါ့" ဖေကျင်က ကျေနပ်သွားပုံရ၏။
သူသည် မကြာမီမှာပင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆိုလိုက်လေသည်။ "ကောင်းပြီ... အရမ်းကောင်းတယ်။ အဲဒီ အာလူးတွေကို ငါ့ကို ပေးစမ်းပါ။ မင်းကို ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး ရတနာဖြစ်တဲ့ အဲဒီဝိုင်နဲ့ ငါတို့ရဲ့ အင်အားအကြီးဆုံး သိုင်းပညာ ဗုဒ္ဓလက်သီးကို ပေးမယ်"
"လာပါ... ကျွန်တော် ခင်ဗျားကို ဂိုဒေါင်ဆီ ခေါ်သွားပေးမယ်။ အဲဒီကနေ ရွှေအာလူးတွေကို ယူလို့ ရပါတယ်" လုံချန်းက ဆိုကာ အနောက်မှ လိုက်ခဲ့ရန် အမူအရာ ပြလိုက်၏။
"ငါ ဘာလို့ မင်းနောက်ကို လိုက်ရမှာလဲ။ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို မြင်သွားရင် အစီအစဉ်တစ်ခုလုံး ပျက်သွားမှာပေါ့။ မင်းပဲ သွားပြီး အဲဒီ ရွှေအာလူးတွေကို ယူလာခဲ့စမ်းပါ။ ငါ ဒီမှာပဲ စောင့်နေမယ်" ဖေကျင်က သူတစ်ပါး မြင်သွားမည်ကို စိုးရိမ်သဖြင့် လုံချန်း၏ အနောက်သို့ လိုက်ရန် ငြင်းဆန်လိုက်သည်။
ထိုသည်က မရိုးမသား လုပ်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်၏။ အကယ်၍ အမြင်ခံလိုက်ရပါက ဤနတ်ဘုရားက ပေးသနားသော အခွင့်အရေးကို ဆုံးရှုံးရပေလိမ့်မည်။ ထို့ကြောင့် သူ သေချာပေါက် မလိုက်နိုင်ပါ။ ဤနေရာတွင်သာ စောင့်နေခြင်းက ပို၍ ကောင်းပေသည်။
လုံချန်းသည် ထိုလူ၏ ငြင်းဆန်မှုအပေါ် အလွန်အမင်း အံ့ဩသွားပုံ မရချေ။ သူသည် ထိုသို့ ဖြစ်လာမည်ကို ကြိုတင် မျှော်လင့်ထားသကဲ့သို့ပင် ရှိနေ၏။
"အဲဒါက မဖြစ်နိုင်ပါဘူး။ ခင်ဗျား အဲဒီပစ္စည်းတွေကို လိုချင်ရင် ကျွန်တော့်နောက်ကို သေချာပေါက် လိုက်ခဲ့ရမယ်" လုံချန်းက ပြန်လည် ဖြေကြားလိုက်၏။
"ဘာဖြစ်လို့လဲ" ထိုလူက မေးလိုက်သည်။ "မင်း တစ်ယောက်တည်း သွားရမှာ ကြောက်လို့လား၊ ဒါမှမဟုတ် ပျင်းနေလို့လား"
"ဘယ်ဟာမှ မဟုတ်ပါဘူး။ ခင်ဗျား ရွှေအာလူးတွေအကြောင်း တစ်ခါမှ မကြားဖူးဘူး မဟုတ်လား" လုံချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဖေကျင်က ခေါင်းခါလိုက်၏။ "မကြားဖူးဘူး။ ဘာဖြစ်လို့လဲ"
'ဘယ်ကြားဖူးမလဲ... ဒါက ငါ အခုမှ လုပ်ကြံပြောလိုက်တာကိုး။ မင်း ဘယ်လိုလုပ် ကြားဖူးမှာလဲ' လုံချန်းက တွေးလိုက်သော်လည်း သူ၏ နှုတ်မှ ထွက်လာသော စကားများမှာမူ တခြားစီ ဖြစ်ပေသည်။
"အဲဒါကြောင့် ခင်ဗျားက ကျွန်တော့်ကို ယူလာခိုင်းနေတာပေါ့။ အမှန်ကတော့ ရွှေအာလူးတွေကို သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ သိုလှောင်လက်စွပ်ထဲကို နှစ်ကြိမ်ပဲ ထည့်လို့ ရတာ။ တကယ်လို့ တတိယအကြိမ် ထပ်ထည့်လိုက်မယ်ဆိုရင် အဲဒါတွေက ပျက်စီးသွားလိမ့်မယ်" လုံချန်းက နောက်ထပ် လိမ်ညာမှုတစ်ခုကို ထပ်မံ ဖန်တီးလိုက်ပြန်သည်။
"ပထမတစ်ကြိမ်ကတော့ အဲဒါတွေကို ရတနာဘုံထဲကနေ ယူလာတဲ့သူတွေက လက်စွပ်ထဲ ထည့်ခဲ့တာ။ တကယ်လို့ ကျွန်တော်က ခင်ဗျားဆီကို မသိမသာ ယူလာပေးချင်တယ်ဆိုရင် ကျွန်တော့်ရဲ့ သိုလှောင်လက်စွပ်ထဲကို ထည့်ရမှာပဲ။ အဲဒီလို ထည့်လိုက်ရင် ဒါက အကန့်အသတ် ပြည့်သွားပြီလေ" သူက ဆက်ပြော၏။
"အဲဒီနောက်ကျရင် ခင်ဗျားက စမ်းသပ်ပွဲထဲကို ဘယ်လို ယူသွားမှာလဲ။ ခင်ဗျားရဲ့ သိုလှောင်လက်စွပ်ထဲကို ထပ်ထည့်လိုက်တာနဲ့ အဲဒါတွေက ပျက်စီးသွားတော့မှာပေါ့"
"တောက်... အကန့်အသတ်တွေကလည်း များလိုက်တာ" ဖေကျင်က ကျိန်ဆဲရင်း မျက်မှောင်ကြုတ်လိုက်၏။
သူသည် စိတ်ပျက်လာခဲ့ပြီ ဖြစ်သည်။ သူ မည်သို့ပြောပြော လုံချန်းက ဆန့်ကျင်ဘက် အကြောင်းပြချက်များကိုသာ ပေးနေ၏။
သူ့တွင် တခြား အကြံအစည်အချို့ ရှိသေးသော်လည်း ထပ်မံ အငြင်းခံရပါက သူ ဒေါသထွက်ပြီး သေသွားနိုင်သည်ကို သူ သိနေပေသည်။ ထို့ကြောင့် လုံချန်း၏ အနောက်သို့ လိုက်သွားခြင်းက ပို၍ လွယ်ကူပေလိမ့်မည်။
မကြာမီမှာပင် သူက သဘောတူလိုက်၏။ "ကောင်းပြီ... ငါ မင်းနောက်ကို လိုက်ခဲ့မယ်။ လမ်းပြစမ်း"
"ကောင်းပါပြီ။ ကျွန်တော့်နောက်ကနေ ခပ်လှမ်းလှမ်းက လိုက်ခဲ့ပါ၊ ဒါမှ လမ်းမှာရှိတဲ့ အစောင့်တွေက ခင်ဗျားက ကျွန်တော်နဲ့ အတူရှိနေတာကို မသိမှာ။ ဂိုဒေါင်နားမှာတော့ အစောင့်တွေ မရှိဘူး။ အဲဒီကျမှ ခင်ဗျား အနားကို တိုးလာလို့ ရမယ်" လုံချန်းက ဆိုကာ နောက်သို့ လှည့်၍ ထွက်ခွာသွားတော့သည်။
ဖေကျင်သည် သူ၏ အနောက်မှ ခပ်လှမ်းလှမ်းက လိုက်ပါသွား၏။ သူသည် မည်သည်မျှ မသိဘဲ အေးအေးဆေးဆေး လမ်းလျှောက်နေသည့် အလား ဟန်ဆောင်ထားပေသည်။
ယခုအခါ လုံချန်း၏ အစီအစဉ် ပထမပိုင်းမှာ အောင်မြင်သွားပြီ ဖြစ်ရာ ကျန်ရှိသည်မှာ ထိုလူကို အခန်းလွတ် တစ်ခန်းထဲသို့ ခေါ်ဆောင်သွားရန်နှင့်...
"နင် ပြန်လာပြီလား။ ကြည့်ရတာ တိုက်ပွဲတစ်ပွဲ ဖြစ်လာခဲ့သလိုပဲ။ နင့်အဝတ်အစားတွေလည်း ညစ်ပတ်နေပါလား။ မြေကြီးပေါ်မှာ လဲနေခဲ့တာလား"
ချန်ယုသည် သူမ၏ အခန်းထဲသို့ ဝင်လာသောအခါ အဖွဲ့၏ တတိယမြောက် အဖွဲ့ဝင်ဖြစ်သူမှာ ကုတင်ပေါ်တွင် ပျင်းရိစွာ အနားယူနေသည်ကို တွေ့လိုက်ရ၏။
"အေး... စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့လို့" ချန်ယုက ပြန်ဖြေလိုက်သည်။
"နင့်ကို မြေကြီးပေါ် လဲကျသွားအောင် လုပ်နိုင်တဲ့လူလား။ စိတ်ဝင်စားစရာပဲ။ နင် ဒေါသထွက်ပြီး သူ့ကို သတ်လိုက်တာတော့ မဟုတ်ပါဘူးနော်" ထိုလူက ရယ်မောရင်း မေးလိုက်၏။
"မဟုတ်ပါဘူး။ ငါ သူ့ကို အနိုင်တောင် မတိုက်နိုင်ခဲ့ဘူး" ချန်ယုက သက်ပြင်းတစ်ချက် ချရင်း ပြန်ဖြေလိုက်သည်။
"ဘာ... နင်က အရေးနိမ့်ခဲ့တာလား။ ဘယ်သူလဲ။ အမှောင်ကမ္ဘာက တစ်ယောက်ယောက်လား" ထိုလူက အံ့ဩတကြီး မေးမြန်းလိုက်၏။
"ဟင့်အင်း... ငါ ရှုံးခဲ့တာတော့ မဟုတ်ပါဘူး" ချန်ယုက ပြန်ဖြေ၏။
သူမသည် ကုတင်ဆီသို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။ "အဲဒီလူရဲ့ အထောက်အထားနဲ့ ပတ်သက်ရင်တော့ ငါကိုယ်တိုင်လည်း သိချင်နေတာပဲ။ ကံဆိုးတာက အဲဒီလူအကြောင်း ဘာမှ ထပ်ပြီး စုံစမ်းလို့ မရခဲ့ဘူး"
"ရပါတယ်။ မကြာခင်မှာ စမ်းသပ်ပွဲတွေ စတော့မှာပဲ။ အဲဒီမှာ သူ့ကို ငါတို့ တွေ့ရမှာပါ။ အဲဒီကျမှ နင် မိတ်ဆက်ပေးပေါ့။ သူ ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြဖို့ မမေ့နဲ့ဦးနော်။ ငါလည်း အဲဒီလူကို တော်တော် စိတ်ဝင်စားသွားပြီ" ထိုလူက ဆိုလိုက်လေတော့သည်။