← Chapters

အခန်း (၉၃၃-၉၃၄)

Vol. 91 Ch. 933-934

အခန်း (၉၃၃-၉၃၄)

Vol. 91 Ch. 933-934

အခန်း (၉၃၃) ထောင်ချောက်မိခြင်း

ထိုလူသည် သူ၏ အမြင်များကို ပြောပြပြီးနောက် လက်နှစ်ဖက်ကို ခေါင်းအောက်ခုလျက် ကုတင်ပေါ်တွင် ပို၍ သက်သောင့်သက်သာစွာ လဲလျောင်းလိုက်၏။

"အေး... မကြာခင် ငါ သူ့ကို ထပ်တွေ့ရမှာပါ" ချန်ယုက တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုအချိန်မှသာ သူမသည် ဖေကျင် မရှိတော့သည်ကို သတိပြုမိသွား၏။ "ဖေကျင် ဘယ်ရောက်သွားလဲ" သူမက မေးလိုက်သည်။

"ငါက ဘယ်လိုလုပ် သိမှာလဲ။ နင်တို့က ငါ့ကို ဘာမှ ပြောကြတာ မဟုတ်ဘူး။ သူလည်း နင့်လိုပဲ အပြင်ထွက်သွားတာပဲ။ ဘာပဲဖြစ်ဖြစ် သူက ကလေးမှ မဟုတ်တော့တာ။ စမ်းသပ်ပွဲတွေ မစခင် သူ ပြန်ရောက်လာမှာပါ" ထိုလူက အေးအေးဆေးဆေးပင် ပြန်ဖြေ၏။

"ပထမဆုံး စမ်းသပ်ပွဲက ဘာဖြစ်မလဲဆိုတာ ငါ တကယ် သိချင်မိတယ်"

"ငါ ထင်တာတော့ လူတွေရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို စစ်ဆေးတာမျိုး ဖြစ်လိမ့်မယ်" ချန်ယုက ခန့်မှန်းလိုက်သည်။

သူမကိုယ်တိုင်လည်း တိတိကျကျ မသိသော်လည်း ယေဘုယျ အကြောင်းအရာကိုတော့ မှန်းဆနိုင်ပေသည်။

"ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ငါကတော့ သံသယ ရှိတယ်။ တကယ်လို့ သူတို့က အခုကတည်းက တိုက်ခိုက်ရေး စွမ်းရည်ကို စမ်းသပ်မယ်ဆိုရင် ဒုတိယအဆင့်နဲ့ နောက်ဆုံးအဆင့်မှာ ဘာလုပ်ကြမှာလဲ။ ငါ့အထင်တော့ သူတို့က ငါ့တို့ကို တိုက်ရိုက် တိုက်ခိုက်ခိုင်းမှာ မဟုတ်ဘူး။ လုံးဝ တခြားစီ ဖြစ်နိုင်တယ်" ဆံပင်အမည်းရောင် လူငယ်က တိုးတိုးလေး ဆိုလိုက်၏။

"ငါတို့ စောင့်ကြည့်ရုံပဲ ရှိတာပေါ့။ အိမ်ရှင်တွေပဲ ဒါကို သိတာလေ။ ဒါပေမဲ့ မကြာခင်မှာတော့ ငါတို့ သိရတော့မှာပါ။ ဘာပဲဖြစ်ဖြစ် ငါတို့က အမြင့်ဆုံး အဆင့်ကို ရအောင်ပဲ ကြိုးစားရမှာပဲ" ချန်ယုက လက်ခံလိုက်လေသည်။

လုံချန်းသည် ဖေကျင်ကို နန်းတော်၏ လူသူကင်းဝေးရာ နေရာတစ်နေရာသို့ ခေါ်ဆောင်သွားရန် စင်္ကြံလမ်းရှည်ကြီးများအတိုင်း လျှောက်လှမ်းလာခဲ့၏။

ဤနေရာတွင် တော်ဝင်အစောင့်အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း သူသည် ဧကရာဇ် နေထိုင်ရာ နေရာမှလွဲ၍ နန်းတော်၏ နေရာအနှံ့ကို ရောက်ဖူးပြီးသား ဖြစ်ပေသည်။ ထို့ကြောင့် သူသည် ဤနေရာအကြောင်းကို ကောင်းစွာ သိရှိနားလည်ထား၏။ အစောင့်များ မည်သည့်နေရာတွင် ရှိတတ်ပြီး မည်သည့်နေရာတွင် မရှိတတ်သည်ကိုလည်း သူ သိထားပေသည်။

အစောင့်အရှောက် လုံးဝမရှိသော နေရာများနှင့် အခန်းလွတ်များကိုလည်း သူ သိထားသဖြင့် ဖေကျင်အား မည်သည့်နေရာသို့ ခေါ်သွားရမည်ကို သူ ကြိုတင် ဆုံးဖြတ်ထားပြီး ဖြစ်၏။

လုံချန်းသည် နန်းတော်၏ တောင်ဘက်အကျဆုံး နေရာသို့ လျှောက်လာခဲ့သည်။ ဖေကျင်မှာမူ ထိုနေရာက မည်မျှအထိ ဝေးနေသနည်းဟု တွေးတောရင်း ဇဝေဇဝါ ဖြစ်နေရ၏။ သူသည် လုံချန်း၏ အနားသို့ ပြေးသွားပြီး ထိုကောင်ကို ရိုက်နှက်ချင်စိတ်ပင် ပေါက်နေမိသည်။ နီးနီးလေးဟု ပြောခဲ့ပြီးမှ အဘယ်ကြောင့် ဤမျှအထိ လမ်းလျှောက်နေရသနည်း။ ဤနေရာက အမှန်တကယ် မည်မျှအထိ ကြီးမားနေသနည်း။

လုံချန်းသည် ထိုလူ၏ မျက်နှာပေါ်မှ အမူအရာအားလုံးကို မြင်တွေ့နေရ၏။ သူသည် ထိုလူ သူ၏နောက်မှ ပါလာခြင်း ရှိမရှိကို သူ၏ ဝိညာဉ်အာရုံဖြင့် အမြဲမပြတ် စောင့်ကြည့်နေခြင်း ဖြစ်ပေသည်။

မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် သူသည် ရည်မှန်းထားသော နေရာသို့ ရောက်ရှိသွားတော့သည်။ ၎င်းမှာ အစောင့်တစ်ဦးတစ်ယောက်မျှ မရှိသော စင်္ကြံလမ်းတစ်ခု ဖြစ်၏။ လုံချန်းသည် အမည်းရောင် တံခါးတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ သူသည် ဖေကျင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် တံခါးအား တွန်းဖွင့်ကာ အတွင်းသို့ ဝင်လိုက်လေ၏။

"နောက်ဆုံးတော့ ရောက်ပြီပဲ။ ဒီလမ်းက ဘယ်တော့မှ ဆုံးမှာ မဟုတ်ဘူးလို့တောင် ထင်နေတာ" လုံချန်း ရပ်တန့်သွားသည်ကို မြင်သောအခါ ဖေကျင်က ဆိုလိုက်သည်။

သူသည် မည်သည်ကိုမျှ ဂရုမစိုက်ဘဲ အခန်းထဲသို့ ပြေးဝင်သွားတော့၏။ တံခါးကို တွန်းဖွင့်ကာ သူ အတွင်းသို့ လှမ်းဝင်လိုက်သည်။

"ဟင်... ဘာလဲဟ"

သူ အခန်းထဲသို့ ဝင်လိုက်သည်နှင့် သူ၏ မျက်နှာမှာ ဒေါသကြောင့် ပျက်ယွင်းသွားတော့၏။

ထိုသည်က မည်သို့သော ဟာသမျိုးနည်း။ ဤအခန်းက အလွတ်ကြီးဖြစ်နေသည်လော။

သူသည် အဖြေတောင်းရန် လုံချန်းကို လိုက်ရှာသော်လည်း လုံချန်းအား မည်သည့်နေရာတွင်မျှ ရှာမတွေ့တော့ချေ။

"ဒါက ဘာအနံ့လဲ"

ဖေကျင်သည် လုံချန်းကို ရှာဖွေနေစဉ် အနံ့တစ်ခုကို ရလိုက်၏။ ၎င်းမှာ သတိထားမိရုံမျှသာ ရှိသော မသိမသာ အနံ့တစ်ခု ဖြစ်သော်လည်း သူ သတိပြုမိသွားခြင်း ဖြစ်သည်။ သို့သော် သူ သတိထားမိချိန်တွင်တော့ အနည်းငယ် နောက်ကျသွားခဲ့ပြီ ဖြစ်၏။

သူ၏ ခေါင်းမှာ စတင် မူးဝေလာပြီး အမြင်အာရုံများမှာ ဝေဝါးသွားတော့သည်။ သူသည် ဤနေရာမှ ထွက်ခွာရန် အနောက်သို့ ပြန်လှည့်သော်လည်း ကံဆိုးစွာဖြင့် သူ မလုပ်နိုင်တော့ချေ။ သူ၏ ခန္ဓာကိုယ်မှာ အားအင်အားလုံး ဆုံးရှုံးသွားပြီး ပျော့ခွေကျသွားတော့သည်။ သူ မည်သည်ကိုမျှ မမြင်ရတော့ပေ။ သူ၏ ခန္ဓာကိုယ်ကိုလည်း မလှုပ်ရှားနိုင်တော့ချေ။ သူ၏ အာရုံခံစားမှု၊ အနံ့နှင့် အကြားအာရုံများသာ ကျန်ရှိတော့၏။ သူ၏ ခန္ဓာကိုယ်အတွင်းမှ နာကျင်မှုများကိုလည်း သူ ခံစားနေရပေသည်။

ဂလောက်...

မကြာမီမှာပင် တံခါးပိတ်သွားသံကို သူ ကြားလိုက်ရ၏။

"ဒီကောင်စုတ်... မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ" သူက အားနည်းစွာ မေးလိုက်သည်။

"ဪ... ငါ ပိတ်လိုက်တဲ့ တံခါးအကြောင်း ပြောတာလား။ ဒါမှမဟုတ် ဒီအခန်းထဲမှာ ငါ အပြည့်ဖြည့်ထားတဲ့ အကြောသေအဆိပ်အကြောင်း ပြောတာလား" လုံချန်း၏ လှောင်ပြောင်သံမှာ သူ၏ နားထဲသို့ ရောက်ရှိလာတော့သည်။

"အဆိပ်... မင်း... မင်း ဘာလုပ်နေလဲဆိုတာ မင်း သိရဲ့လား။ ငါ့ကို တစ်ခုခု ဖြစ်သွားရင် မင်း ဘာဖြစ်သွားမလဲဆိုတာ မင်း သိမှာ မဟုတ်ဘူး" ဖေကျင်၏ နှလုံးသားထဲတွင် အေးစက်သော ကြောက်ရွံ့မှုများ လွှမ်းမိုးသွားတော့၏။

အခြေအနေက တကယ်ပင် မဟန်တော့သည်ကို သူ သိလိုက်ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့ချေ။ အကယ်၍ သူ၏ လက်ကိုသာ အနည်းငယ် လှုပ်ရှားနိုင်ပါက သိုလှောင်လက်စွပ်ထဲမှ ကုသရေးဆေးလုံးကို ထုတ်ယူကာ သောက်သုံးနိုင်မည် ဖြစ်သော်လည်း သူ ထိုသို့ မလုပ်နိုင်ပါ။ ယခုအခါ သူသည် လုံချန်း၏ လက်ခုပ်ထဲက ရေ ဖြစ်နေပေပြီ။

"စိတ်မပူပါနဲ့။ မင်းက ဘယ်သူလဲဆိုတာ ငါ ကောင်းကောင်း သိပါတယ်။ အမှန်တော့ မင်း ထင်ထားတာထက်တောင် ငါက ပိုသိသေးတယ်" လုံချန်းက ပြောလိုက်၏။

သူက ဆက်လက်၍ ရှင်းပြသည်။ "သုံးလောက အင်ပါယာက ကျိဟန်ကျန်းရဲ့ သား ကျိဖေကျင်... ငါ့ကို တစ်ခုလောက် ဖြေစမ်းပါဦး"

သူ၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းလာပြီးနောက် သူက ဆက်ပြောလိုက်သည်။ "ကြယ်တာရာ မင်းသား လုဝမ်ဟာ တကယ်တော့ သူ့ချစ်သူနဲ့ ထွက်ပြေးသွားတာ မဟုတ်ဘဲ မင်းရဲ့ ထောင်ချောက်ထဲကို ဆင်းပေးခဲ့တာ ဆိုတာကိုရော ဘယ်သူတွေ သိထားကြသေးလဲ။ ဒါမှမဟုတ် သူက မင်းကြောင့် သေသွားတာ ဆိုတာကိုကော။ ဒါမှမဟုတ်ရင် ဒီအမှန်တရားကို သိတဲ့ နောက်ဆုံးလူက လုမင်ယုပဲလား"

လုံချန်း၏ စကားကို ကြားသောအခါ ဖေကျင်၏ နှလုံးခုန်သံမှာ ရပ်တန့်မတတ် ဖြစ်သွားရ၏။

'သူ... သူ ဒါတွေကို ဘယ်လို သိနေတာလဲ။ သူက တကယ်တော့ ဘယ်သူလဲ' သူ၏ မျက်နှာမှာ အဆိပ်ကြောင့် ဖြူဖျော့နေပြီးသား ဖြစ်သော်လည်း ယခုအခါ ပို၍ပင် ဆိုးဝါးသွားတော့သည်။

"မင်း ဘယ်သူလဲ။ ဒါတွေကို မင်း ဘယ်လို သိနေတာလဲ" သူက မေးလိုက်၏။

"မျှော်လင့်ထားတဲ့ အတိုင်းပါပဲ၊ မင်း ငါ့အကြောင်းကို သိချင်နေမှာပေါ့။ ငါ ဘယ်သူလဲဆိုတာ မင်း သိတာ မသိတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်း နောက်ထပ် ကြားရမယ့်လူက ဘယ်သူလဲဆိုတာပဲ" ထိုသို့ ဆိုကာ လုံချန်းမှာ တိတ်ဆိတ်သွားတော့သည်။

အခန်းလွတ် တစ်ခန်းအတွင်း၌ လူတစ်ဦးမှာ မြေပြင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေ၏။

လုံချန်းသည် ထိုလူ၏ ရှေ့တွင် ဂုဏ်ယူစွာ ရပ်နေလေသည်။

သူသည် မျက်လုံးများကို ခဏမျှ မှိတ်လိုက်ပြီးနောက် မင်ယုအား ကမ္ဘာတုအတွင်းမှ ခေါ်ထုတ်လိုက်၏။

မင်ယုသည် သူ၏ ရှေ့တွင် ပေါ်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ ပထမဆုံး မြင်လိုက်ရသည်မှာ သူမ၏ ခြေရင်းတွင် လဲလျောင်းနေသော ထိုလူ၏ မျက်နှာပင် ဖြစ်ပေသည်။

မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်သဖြင့် သူမ၏ စိတ်မှာ ခဏမျှ ဟာလာဟင်းလင်း ဖြစ်သွားရ၏။ သူမသည် ဘယ်ဘက်သို့ ကြည့်လိုက်ရာ ထိုနေရာတွင် လုံချန်း ရှိနေသည်ကို တွေ့လိုက်ရသည်။

"ရော့... ငါ ကတိပေးထားတဲ့အတိုင်းပဲ" လုံချန်းက အပြစ်ကင်းစင်သော အပြုံးတစ်ခုဖြင့် ဆိုလိုက်၏။ "ဒါ ငါ့မိန်းကလေးအတွက် လက်ဆောင်ပဲ"

မင်ယုသည် ဝမ်းသာသွားသော်လည်း သူမ မပြုံးနိုင်ခဲ့ချေ။ ယခုအခါ သူမ၏ ဦးနှောက်ထဲတွင် သူမ၏ အစ်ကိုဖြစ်သူအကြောင်းနှင့် ဖေကျင်၏ ခြေရင်းတွင် သူမ၏ အစ်ကို လဲလျောင်းနေခဲ့စဉ်က မြင်ကွင်းများသာ အစားထိုး ဝင်ရောက်လာတော့သည်။ ယခုတော့ ထိုလူက သူမ၏ ခြေရင်းတွင် လဲလျောင်းနေရပြီ မဟုတ်လော။

ဤအခိုက်အတန့်ကို သူမ စောင့်စားခဲ့ရသည်မှာ အချိန်အတော် ကြာခဲ့ပြီ ဖြစ်၏။ ထိုလူ သူမ၏ ခြေရင်းတွင် ရှိနေမည့် ဤနေ့ရက်ကို သူမ အိပ်မက်မက်ခဲ့ရသည်။ ယခု ထိုအခိုက်အတန့်ကို အမှန်တကယ် ရရှိလိုက်သောအခါ သူမသည် အလွန်ပင် ရင်ဆိုင်ရ ခက်ခဲနေပြီး အချိန်အတော်ကြာအောင်ပင် မလှုပ်မယှက် ရပ်နေမိတော့သည်။

အခန်း (၉၃၄) လွတ်မြောက်ခြင်း

ဖေကျင်သည် မင်ယု၏ ခြေရင်းတွင် လဲလျောင်းနေ၏။ သူ၏ ခန္ဓာကိုယ်မှာ အကြောသေနေသဖြင့် မလှုပ်ရှားနိုင်တော့ချေ။ သူ၏ အမြင်အာရုံများမှာလည်း ဝေဝါးနေသဖြင့် ဘာကိုမျှ မမြင်ရပါ။ လုံချန်း မည်သူနှင့် စကားပြောနေသည်အား သူ မသိရှိနိုင်ဘဲ သူ၏ရှေ့တွင် ဝေဝါးသော အရိပ်တစ်ခု ရှိနေသည်ကိုသာ မြင်တွေ့နေရလေသည်။

သူ့ကို စကားပြောခွင့် ပေးထားသော်လည်း သူ ထိရောက်စွာ မပြောနိုင်ပေ။ သူ၏ အကြောသေနေမှုနှင့် အားအင်ချည့်နဲ့မှုများကြောင့် သူ အော်ဟစ်ရန်ပင် မစွမ်းသာတော့ချေ။ သူသည် အားနည်းစွာသာ စကားဆိုနိုင်၏။ စကားပြောဆိုခြင်းသည်ပင် သူ၏အတွက် ခက်ခဲသော အလုပ်တစ်ခု ဖြစ်နေပေပြီ။

လုံချန်းသည် မင်းယု၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း ဆိုလိုက်သည်။ "ရပါတယ်၊ အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့။ နင် စိတ်အေးအေးထားလို့ ရပေမဲ့ ငါတို့က သူ ဧည့်သည်အဖြစ် ရှိနေတဲ့ တော်ဝင်နန်းတော်ထဲမှာ ရောက်နေတာဆိုတာ သတိရပါ။ သူ့ကို မြန်မြန် အပြတ်ရှင်းလိုက်တာက ပိုကောင်းလိမ့်မယ်"

"အပြစ်ပေးတဲ့ အချိန်ကို ဆွဲဆန့်ထားရင် ကလဲ့စားချေရတာ ပိုပြီး အရသာရှိတာ မှန်ပေမဲ့ တစ်ခါတလေကျတော့လည်း ချက်ချင်း အဆုံးသတ်လိုက်တာက ပိုကောင်းတတ်တယ်" သူက ဆက်ပြောလိုက်သည်။

သူသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ဘုရင်ဓားကို ထုတ်ယူကာ မင်ယု၏ ရှေ့သို့ ကမ်းပေးလိုက်၏။

မင်ယုသည် လုံချန်းကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ သူ မည်သည်ကို ဆိုလိုသည်အား သူမ နားလည်ပေသည်။ ဖေကျင်မှာ အရက်စက်ဆုံး သေခြင်းတရားနှင့် ထိုက်တန်သော လူယုတ်မာတစ်ဦး ဖြစ်သော်လည်း သူ့ကို အသက်ရှင်လျက် အကြာကြီး ထားရှိခြင်းမှာ မင်ယုအတွက်လည်း မကောင်းလှချေ။

သူ့ကို အချိန်ဆွဲထားလေလေ သူမ၏ အစ်ကိုဖြစ်သူနှင့် ပတ်သက်သည့် နာကျင်ဖွယ် အမှတ်တရများက သူမကို ပို၍ နှိပ်စက်လေလေ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူမ မြန်မြန် ဆောင်ရွက်ရန် လိုအပ်ပေသည်။

သူမသည် လက်ကို ဆန့်ထုတ်ကာ လုံချန်း၏ လက်ထဲမှ ဓားအား ယူလိုက်၏။

"ဖေကျင်..." မင်းယုသည် ခက်ထန်သော လေသံဖြင့် ဆိုကာ သူမ၏ ဓားဦးကို သူ၏ ညာဘက်ပခုံးပေါ်သို့ တင်လိုက်သည်။

"မင်း... မင်း ဘယ်သူလဲ"

ဖေကျင်သည် မိန်းကလေးတစ်ဦး၏ အသံကို ကြားလိုက်ရသော်လည်း ဤအသံမျိုးကို သူ တစ်ခါမျှ ကြားဖူးသည်ဟု မမှတ်မိချေ။

"နင် ငါ့ကို မမှတ်မိဘူး မဟုတ်လား။ မှတ်မိမှာလည်း မဟုတ်ပါဘူးလေ။ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တတ်တဲ့ လူယုတ်မာ တစ်ယောက်က တခြားသူတွေကို ဘယ်မှတ်မိမလဲ" မင်ယုက ဆိုကာ သူမ၏ ဓားကို အားစိုက်၍ ဖိချလိုက်ရာ ထိုလူ၏ ညာဘက်လက်ပြတ်ထွက်သွားတော့သည်။

"အား..."

ထိုလူသည် စကားပြောရန်ပင် အားအင်မရှိတော့ဟု ထင်ရသော်လည်း သူ၏ လက်တစ်ဖက် ဖြတ်တောက်ခံလိုက်ရသောအခါတွင်မူ သူ၏ အော်ဟစ်သံမှာ ပုံမှန်အတိုင်း ကျယ်လောင်လှပေသည်။ သူ၏ အသံထဲတွင် နာကျင်မှုများ အထင်အရှား ပါဝင်နေပြီး အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်ငိုယိုနေတော့၏။

"ငါ့အစ်ကိုကို နင် သတ်ခဲ့တုန်းက သူလည်း ဒီလိုပဲ အော်ခဲ့တာလား" မင်းယုက တစ်လှမ်း ရှေ့သို့ တိုးရင်း မေးလိုက်သည်။ သူမသည် ဓားကို ထပ်မံ မြှောက်လိုက်ပြီး လွှဲချလိုက်ရာ သူ၏ အခြား လက်တစ်ဖက်မှာလည်း ပြတ်တောက်သွားပြန်သည်။

"အား..."

နားကွဲမတတ် ကျယ်လောင်လှသော နောက်ထပ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာရာ ၎င်းမှာ အခန်းအပြင်ဘက် စင်္ကြံလမ်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေနိုင်၏။ ကံကောင်းထောက်မစွာဖြင့် လုံချန်းသည် ဤအခန်းအတွင်းမှ အသံများ အပြင်သို့ မထွက်စေရန် ကြိုတင် စီမံထားခဲ့ပေသည်။

"ဟင့်အင်း... ငါ့အစ်ကိုက နင့်လို သူရဲဘောကြောင်တဲ့လူ မဟုတ်ဘူး။ နင် သတ်ခဲ့တုန်းက သူ နာကျင်လို့ အသံတောင် ထွက်မှာ မဟုတ်ဘူးဆိုတာ ငါ သေချာပေါက် သိတယ်။ ဟုတ်တယ်မလား" မင်ယုက ဆိုကာ ထိုလူ၏ ခြေထောက်များအနားသို့ တိုးသွားပြန်သည်။

"အစ်ကို ဟုတ်လား။ နင်... နင် ဘယ်သူလဲ" နာကျင်စွာ အော်ဟစ်နေသည့်ကြားမှပင် ထိုလူက မေးခွန်းတစ်ခုကို မေးမြန်းနိုင်ခဲ့၏။

"နေဦး... နင်က အဲဒီတုန်းက ထွက်ပြေးသွားတဲ့ ကောင်မ မဟုတ်လား။ လုမင်ယု၊ နင် မဟုတ်လား။ နင် သေပြီလို့ ငါ ထင်နေတာ။ နင် အသက်ရှင်နေသေးတာလား" ဖေကျင်သည် အတိတ်ကို ပြန်လည် သတိရသွားပြီး မေးမြန်းလိုက်သည်။

သူ သတ်ခဲ့ဖူးသမျှ လူများထဲတွင် မျက်မြင်သက်သေ ကျန်ရစ်ခဲ့သည်ဟူ၍ လုဝမ် တစ်ယောက်သာ ရှိခဲ့ဖူးသည်။ မင်ယုမှာ လုဝမ်၏ ညီမ ဖြစ်ပြီး သူ လူသတ်နေသည်ကို အခင်းဖြစ်ပွားရာ နေရာတွင် မြင်တွေ့ခဲ့သူ ဖြစ်၏။ ထိုစဉ်က သူမသည် ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

သူ လူသတ်ပြီးသည့်နောက်တွင်ပင် သူမ ပြန်ပေါ်မလာသဖြင့် သူမ သေဆုံးသွားပြီဟု သူ ထင်မြင်ခဲ့ခြင်း ဖြစ်ပေသည်။ သူသည် ကြယ်တာရာ တော်ဝင်နန်းတော် ပတ်ဝန်းကျင်တွင်လည်း သူ၏ လူများကို စောင့်ကြည့်ခိုင်းထားခဲ့သေး၏။

နှစ်ပေါင်းများစွာ ကြာသွားသော်လည်း မင်ယု ပြန်မလာခဲ့သဖြင့် သူမ သေဆုံးသွားပြီဟု သူ ပို၍ပင် ယုံကြည်သွားခဲ့သည်။

သူမသည် မင်ယု ဖြစ်ရမည်ဟု သူ တွေးလိုက်မိ၏။ သို့မှသာ ယခု သူမ ပြောနေသော စကားများမှာ အဓိပ္ပာယ် ရှိပေလိမ့်မည်။

"ဟုတ်တယ်... နောက်ဆုံးတော့ ဝဋ်လည်ရတဲ့ ခံစားချက်က ဘယ်လိုလဲ" မင်ယုက ထိုလူ၏ စကားကို အတည်ပြုရင်း မေးလိုက်သည်။

"ဘာမှ ကြိုတင် မပြင်ဆင်ထားတဲ့ ငါ့အစ်ကိုကို သတ်ဖို့အတွက် ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတွေကို အုပ်စုလိုက် သုံးခဲ့တုန်းကတော့ နင် တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် အင်အားကြီးတယ်လို့ ထင်နေမှာပေါ့၊ ဟုတ်တယ်မလား" ထိုသို့ ဆိုကာ သူမသည် ဓားဖြင့် ထပ်မံ လွှဲခုတ်လိုက်ရာ ဤတစ်ကြိမ်တွင်မူ ထိုလူ၏ ညာဘက်ခြေထောက် ပြတ်ထွက်သွားတော့သည်။

"နင့်ရဲ့ အဲဒီ အင်အားတွေကို ငါ့ကို ထပ်ပြပါဦးလား" သူမက သေမင်းကဲ့သို့ မေးမြန်းလိုက်၏။

လုံချန်းသည် အနောက်တွင် လက်ပိုက်လျက် ရပ်နေလေသည်။ သူ ဝင်ရောက် စွက်ဖက်ရန် ဆန္ဒမရှိချေ။ ဤအခိုက်အတန့်မှာ မင်ယု၏ အချိန် ဖြစ်ပြီး သူမကိုယ်တိုင် ဆောင်ရွက်ရန် လိုအပ်ပေသည်။ မင်ယု၏ ဤကဲ့သို့သော ဘက်ခြမ်းကို သူ စိတ်ဝင်တစား ကြည့်နေမိ၏။

"စိတ်အလိုကျ ဘယ်သူ့ကို သတ်ရမယ်၊ ဘယ်သူ့ကို အသက်ချမ်းသာပေးရမယ်ဆိုတာ ဆုံးဖြတ်တတ်တဲ့ နင့်ရဲ့ အစွမ်းတွေကို ငါ့ကို ပြစမ်း။ ပြစမ်းပါ" သူမသည် ဟိန်းဟောက်လိုက်ရင်း သူ၏ အခြား ခြေထောက်တစ်ဖက်ကိုလည်း ဖြတ်တောက်ပစ်လိုက်ပြန်သည်။

"အား..."

ဖေကျင်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာတော့၏။ နာကျင်မှုမှာ အဆမတန် ပြင်းထန်လှပေသည်။ သူ၏ ခန္ဓာကိုယ်မှာ အကြောသေနေသော်လည်း နာကျင်မှုကိုမူ အပြည့်အဝ ခံစားနေရဆဲ ဖြစ်၏။ သူသည် နာကျင်လွန်းသဖြင့် သေချင်စိတ်ပင် ပေါက်နေမိသည်။

"နင်... နင်... ခွေးမ၊ ငါ့ကို ကုပေးပြီးတော့ လူပီပီ တိုက်စမ်းပါ။ ဘာလို့ သူရဲဘောကြောင်တဲ့ အလုပ်တွေကို လုပ်နေရတာလဲ။ ငါ့ကို အဆိပ်ခတ်၊ အကြောသေအောင် လုပ်ထားပြီးမှ ငါ့အစွမ်းကို ပြခိုင်းရလား" ဖေကျင်က ဟိန်းဟောက်လိုက်၏။ "ငါ့ကို လွှတ်ပေးစမ်း။ နင့်မျက်နှာကို မြေကြီးနဲ့ ပွတ်ပြီး တရစပ် ရိုက်နှက်ပြမယ်"

"နင်ရော ငါ့အစ်ကိုကို သတ်တုန်းက လူယောကျ်ားပီပီ တိုက်ခဲ့လို့လား" မင်းယုက ဒေါသမထွက်ဘဲ ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"နင် အသက်ရှင်ခဲ့တာ တော်တော် ကြာပါပြီ။ ဒီကမ္ဘာမြေကြီးက နင့်လိုလူရဲ့ အလေးချိန်ကို ထမ်းထားဖို့ မထိုက်တန်တော့ဘူး။ ငါ နင့်ကို ဒီကမ္ဘာပေါ်ကနေ ဖယ်ရှားပေးလိုက်မယ်" မင်ယုက ဆိုကာ သူမ၏ ဓားကို နောက်ဆုံးအကြိမ် မြှောက်လိုက်၏။

သူမသည် သူမ၏ ခေါင်းကို အထက်သို့ မော့လိုက်ရင်း မျက်လုံးများကို မှိတ်လိုက်သည်။ မျက်ရည်တစ်စက်မှာ သူမ၏ လှပသော ပါးပြင်ပေါ်သို့ စီးကျလာ၏။ "အစ်ကို... ဒါ အစ်ကို့အတွက်ပါ။ အစ်ကို အခုတော့ အေးအေးချမ်းချမ်း အနားယူနိုင်ပါပြီ"

ရှပ်...

ဓားသည် နောက်ဆုံးအကြိမ် တောက်ပသွားပြီး အောက်သို့ ဆင်းသက်သွားတော့သည်။

ဂလောက်...

ထိုလူ၏ လည်ပင်းကို ဖြတ်တောက်ပြီးနောက် ဓားမှာ ကြမ်းပြင်ပေါ်သို့ ကျသွားသဖြင့် အသံတစ်သံ ထွက်ပေါ်လာ၏။ ဖေကျင်၏ ဦးခေါင်းမှာ ဘေးသို့ လိမ့်သွားတော့သည်။ သူ သေဆုံးသွားချိန်တွင်ပင် သူ၏ မျက်လုံးများမှာ ပွင့်လျက်သား ရှိနေဆဲ ဖြစ်၏။

မင်ယုသည် ထိုလူကို သတ်ဖြတ်ပြီးသည့်တိုင်အောင် မျက်လုံးများကို မဖွင့်သေးချေ။

မျက်ရည်များ ဆက်လက် စီးကျနေဆဲ ဖြစ်သဖြင့် သူမသည် ငြိမ်သက်စွာ ရပ်နေမိသည်။ သူမ အမြဲတမ်း သတ်ချင်နေခဲ့သော ထိုလူကို သတ်လိုက်နိုင်ပြီ ဖြစ်ရာ သူမ ပျော်ရွှင်သင့်သည်ဟု ထင်မြင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ထိုသို့ မဟုတ်ပါ။

သူမ ခံစားနေရသည်မှာ နာကျင်မှုသာ ဖြစ်၏။ ဖေကျင်ကို သတ်လိုက်နိုင်သော်လည်း သူမ၏ အစ်ကိုမှာ သူမဆီသို့ ပြန်မလာနိုင်တော့သည်အား သူမ သိနေပေသည်။

သူမသည် ထိုနေရာတွင် မတ်တပ်ရပ်လျက်ပင် ငိုကြွေးနေမိ၏။ သူမသည် ဒူးထောက်မကျသွားသလို လုံချန်းရှိရာသို့လည်း လှည့်မကြည့်ခဲ့ချေ။ သူမ၏ မျက်ရည်များကို သူ့အား မမြင်စေလိုခြင်းပင် ဖြစ်ပေသည်။

လုံချန်းသည် နောက်ဆုံးတွင် လှုပ်ရှားလိုက်ပြီး မင်ယုရှိရာသို့ လျှောက်သွားခဲ့၏။

သူသည် လက်မောင်းများကို ဆန့်ထုတ်ကာ မင်ယုကို အနောက်မှနေ၍ ပွေ့ဖက်လိုက်လေသည်။

"ဘာလို့ ငိုနေတာလဲ။ နင် လုပ်နိုင်ခဲ့ပြီလေ။ နင့်ရဲ့ အစ်ကိုအတွက် တရားမျှတမှုကို နောက်ဆုံးတော့ ရှာပေးနိုင်ခဲ့ပြီ။ သူ အခုတော့ အေးအေးချမ်းချမ်း အနားယူနိုင်သွားပါပြီ။ နင် ပျော်သင့်တာပေါ့" လုံချန်းက သူမ၏ ပခုံးပေါ်သို့ ခေါင်းတင်ရင်း တိုးတိုးလေး ဆိုလိုက်သည်။

"အခုဆိုရင် နင် ဒီကလဲ့စားချေမှုကနေ လွတ်မြောက်သွားပြီ။ ဒါပေမဲ့ အားနည်းနေရမယ့် အချိန်တော့ မဟုတ်သေးဘူး။ ငါတို့ နင့်ရဲ့ မိဘတွေကို ကယ်တင်ရဦးမယ်၊ ပြီးတော့ စစ်ပွဲကိုလည်း ရပ်တန့်ရဦးမယ် မဟုတ်လား။ ငါ့မိန်းကလေးက ဒီမှာ ငိုနေမယ်ဆိုရင် အဲဒါတွေကို ဘယ်လိုလုပ်မလဲ။ အဲဒါက နင် ဖြစ်ချင်တဲ့ အရာလား" သူက မေးလိုက်၏။

မင်ယုက ခေါင်းကို အသာအယာ ခါယမ်းလိုက်လေသည်။

All Chapters