← Chapters

အခန်း (၉၃၅-၉၃၆)

Vol. 91 Ch. 935-936

အခန်း (၉၃၅-၉၃၆)

Vol. 91 Ch. 935-936

အခန်း (၉၃၅) အပြောင်းအလဲ

"ဒါ... ဒါက ငါ အမှန်တကယ် လိုလားတဲ့ အရာမဟုတ်ပါဘူး" မင်ယုက တိုးတိုးလေး ဆိုလိုက်၏။

"ဒါမှ ငါ့ရဲ့ လိမ္မာတဲ့ မိန်းကလေးပေါ့။ အခုတော့ မငိုနဲ့တော့နော်။ ငါတို့ လုပ်စရာတွေ အများကြီး ကျန်သေးတယ်" လုံချန်းက ပြောလိုက်သော်လည်း သူသည် မလှုပ်ရှားသေးဘဲ သူမကို ဆက်လက် ပွေ့ဖက်ထားဆဲ ဖြစ်၏။ သူမကို မြန်မြန် ဆောင်ရွက်ရန် ပြောခဲ့သော်လည်း သူသည် သူမကို အတင်းအကျပ် မလုပ်လိုပါ။ သူမအတွက် လိုအပ်သော အချိန်ကို သူမ ရရှိသင့်သည်ဟု သူ ယူဆထားပေသည်။

"ငါ အဆင်ပြေသွားပါပြီ။ ကျေးဇူးတင်ပါတယ်" မင်ယုက ဝန်ခံလိုက်၏။

"နင် သေချာရဲ့လား" လုံချန်းက မေးလိုက်သည်။

"အင်း... ငါ့ကို ပြန်ပို့ပေးလို့ ရပြီ" မင်ယုက ပြန်ဖြေ၏။

"ကောင်းပါပြီ"

"ဘာလို့ ငါ့ကို ပြန်မပို့ပေးသေးတာလဲ" လုံချန်းမှာ နှစ်မိနစ်ခန့် ကြာသည်အထိ သူမကို ပြန်မပို့သေးသဖြင့် သူမက မေးလိုက်ပြန်သည်။

"နင့်ကို ဖက်ထားရတာ ခံစားချက်ကောင်းလို့ပါ။ ငါ မခွဲခွာချင်သေးဘူး။ ဒီအတိုင်းလေး ခဏလောက် ထပ်နေပါရစေဦး" လုံချန်းက မင်ယု၏ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်၏။

"နင်ကတော့လေ... ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး" မင်ယုက မျက်စောင်းလေး ထိုးရင်း ဆိုလိုက်သည်။ သူမသည် သူမ၏ လက်ကလေးကို သူ၏လက်ပေါ်သို့ တင်လိုက်ကာ သူ အလိုရှိသမျှ ကာလပတ်လုံး သူမအား ဖက်ထားခွင့် ပေးလိုက်လေတော့သည်။

ငါးမိနစ်ခန့် ကြာပြီးနောက်မှသာ လုံချန်းက သူမကို လွှတ်ပေးလိုက်ပြီး ဆိုလိုက်၏။ "အခုတော့ ငါ အဆင်ပြေသွားပြီ"

"နာရီ တော်တော်ကြာအောင် ဖက်ထားတော့မယ်လို့ ငါ ထင်နေတာ" မင်ယုက နောက်ပြောင်သလို ဆိုလိုက်သည်။ လုံချန်း၏ ထိုကဲ့သို့သော နောက်ပြောင်မှုများကြောင့် သူမ၏ စိတ်ထဲမှ လေးလံထိုင်းမှိုင်းမှုများမှာ ပျောက်ကွယ်သွားခဲ့ရ၏။ ယင်းကလည်း လုံချန်း ရည်ရွယ်ထားသည့် အတိုင်းပင် ဖြစ်ပေသည်။

"အချိန်သာ ရှိရင်တော့ ငါ အဲဒီလို လုပ်မှာပါ" လုံချန်းက ပြန်ဖြေလိုက်၏။

"နောက်တစ်ခါ နင် အပြင်ထွက်လာတဲ့အခါကျရင်ပေါ့..." သူက တိုးတိုးလေး ဆက်ပြောလိုက်ပြန်သည်။

"ဟင်... နင် ဘာပြောလိုက်တာလဲ"

မင်ယုသည် ပထမစကားအား ကြားလိုက်ရသော်လည်း ဒုတိယစကားကိုမူ ကောင်းစွာ မကြားလိုက်ရချေ။

"ငါလား... ငါ ဘာမှ မပြောပါဘူး" လုံချန်းက လက်နှစ်ဖက်ကို မြှောက်ပြရင်း အပြစ်ကင်းစင်ဟန်ဖြင့် ဖြေလိုက်သည်။

သူ တစ်ခုခု ပြောလိုက်သည်ကို မင်းယု သိနေသော်လည်း သူက ဝန်မခံသဖြင့် သူမသည် သူ့အား သံသယဖြင့် စိုက်ကြည့်နေမိ၏။

"ကောင်းပြီ။ နင် ပြန်ရောက်တဲ့အခါကျရင် တခြားသူတွေကိုလည်း သတင်းကောင်း ပြောလိုက်ဦးနော်။ ပြီးတော့ နောက်ရက်ပိုင်းအတွင်းမှာ ငါ နင်တို့ ကမ္ဘာကို ရောက်လာခဲ့မယ်။ မျှော်လင့်ထားလိုက်ပါဦး" လုံချန်းက မင်ယုကို ပြောလိုက်ပြီးနောက် သူမအား ပြန်ပို့ပေးလိုက်လေသည်။

သူမကို ပြန်ပို့ပြီးနောက်တွင်မူ သူသည် အလောင်းကို ရှင်းလင်းလိုက်ပြီး ထိုလူ၏ သိုလှောင်လက်စွပ်အား သိမ်းယူလိုက်၏။

သူသည် သူ၏ ဝိညာဉ်အာရုံကို လက်စွပ်အတွင်းသို့ ပို့လိုက်သောအခါ အတွင်းမှ ပစ္စည်းများကို မြင်တွေ့လိုက်ရသည်။ မဆိုးဟု ပြောရပေမည်။

ထိုလက်စွပ်အတွင်း၌ အမျိုးမျိုးသော ရတနာများ ပြည့်နှက်နေသည်ကို သူ တွေ့ရှိလိုက်ရ၏။ ထိုအထဲတွင် သူ စိတ်ဝင်စားဆုံး အရာတစ်ခု ရှိနေပေသည်။ ၎င်းမှာ ဝိုင်ပုလင်းပင် ဖြစ်၏။

၎င်းမှာ ဖေကျင် ပြောပြခဲ့သော ဝိုင်ပုလင်း ဖြစ်သည်။ လုံချန်း၏ အယူအဆအရ ထိုဝိုင်ကို သောက်ပြီးနောက် ကံကြမ္မာနိယာမကို နားလည်အောင် ကြိုးစားမည်ဆိုလျှင် သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။ ထိုအကြောင်းပြချက် တစ်ခုတည်းကြောင့်ပင် ဤဝိုင်မှာ လုံချန်းအတွက် အခြားသော ရတနာများထက် ပို၍ တန်ဖိုးရှိနေတော့၏။

သူသည် ဖေကျင်၏ လက်စွပ်ထဲမှ အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်ပြီးနောက် ဖေကျင် ဝတ်ဆင်လေ့ရှိသော လက်ချောင်းတွင်ပင် လက်စွပ်ကို ဝတ်လိုက်၏။

ဖေကျင်မှာ သူ့ထက် အရပ်အနည်းငယ် ပုလေသည်။ ထို့ကြောင့် သူသည် လှည့်စားခြင်း မျက်နှာဖုံးအား အသုံးပြု၍ ဖေကျင်အဖြစ် ဟန်ဆောင်လိုက်သောအခါ သူ၏ အရပ်ကိုပါ အနည်းငယ် လျှော့ချလိုက်၏။

အရာအားလုံး ပြီးစီးသွားသောအခါ သူသည် အခန်းထဲမှ ထွက်ခွာလာပြီး အနောက်သို့ ပြန်လှည့်လာခဲ့သည်။

သူသည် ထိုလူ၏ အမူအရာများကို လေ့လာထားပြီး ဖြစ်သဖြင့် မည်သို့ ဟန်ဆောင်ရမည်အား သူ သိထားပေသည်။ မာနကြီးပြီး ပရိယာယ်ကြွယ်ဝသော တော်ဝင်မျိုးနွယ် တစ်ဦးကဲ့သို့ ပြုမူနေထိုင်ရုံမျှနှင့် အဆင်ပြေမည်ဟု သူ ယူဆထား၏။

ဖေကျင်နှင့် တွေ့ဆုံခဲ့စဉ်က ထိုလူ၏ အတွေးများကို ဖတ်ခဲ့ရခြင်းကလည်း လုံချန်းအား ယခုကဲ့သို့ ဟန်ဆောင်ရာတွင် ပို၍ ယုံကြည်မှု ရှိစေခဲ့သည်။

သူ ဤနေရာသို့ လာစဉ်က ဖေကျင် တည်းခိုရာ အခန်းကို မြင်တွေ့ခဲ့ရသဖြင့် လိုက်ရှာနေရန် မလိုတော့ချေ။

သူသည် စင်္ကြံလမ်းရှည်ကြီးများအတိုင်း လျှောက်လာခဲ့ပြီး ဖေကျင်ကို မြင်တွေ့ခဲ့ရသော နေရာသို့ ရောက်ရှိလာခဲ့သည်။ လျှပ်စီးကမ္ဘာမှ ပြိုင်ပွဲဝင်များကို ဖေကျင် ဝင်ရောက်တိုက်ခိုက်ခဲ့သော ခန်းမအနီးသို့ သူ ရောက်ရှိသွား၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်မှာ လျှပ်စီးကမ္ဘာမှ ပြိုင်ပွဲဝင်များ ခန်းမအတွင်းမှ ထွက်လာချိန်နှင့် သွားတိုးတော့သည်။ ၎င်းတို့မှာ လေ့ကျင့်မှုများ ပြီးဆုံးသွားသဖြင့် အခန်းများဆီသို့ ပြန်လာကြခြင်း ဖြစ်၏။

၎င်းတို့အားလုံးမှာ ပင်ပန်းနေပုံရသော်လည်း မိန်းကလေးဖြစ်သူ ပင်းလွီကမူ ပုံမှန်အတိုင်းပင် ရှိနေသေး၏။ အဖွဲ့ရှိ ကျန်အမျိုးသား နှစ်ဦးမှာ အစွမ်းကုန် ကြိုးစားခဲ့ကြရသော်လည်း ထိုမိန်းကလေး၏ အစွမ်းမှာမူ စိန်ခေါ်ခြင်း မခံရသေးသည်မှာ ထင်ရှားလှပေသည်။

"နင်..." ပင်းလွီက လုံချန်းကို မြင်လိုက်သောအခါ အာမေဍိတ်သံဖြင့် ဆိုလိုက်၏။

လုံချန်းသည် သူကိုယ်တိုင်သာ ဆိုလျှင် ပုံမှန်အတိုင်း တုံ့ပြန်ပေလိမ့်မည်။ သို့သော် ယခုအခါ သူသည် ဖေကျင် ဖြစ်နေပေပြီ။ ထို့ကြောင့် သံသယ မဝင်စေရန်အတွက် သူသည် ဖေကျင်၏ အမူအရာအတိုင်း ဟန်ဆောင်ရန် လိုအပ်ပေသည်။

"အေး... ငါပဲလေ။ နင်တို့ကို ပညာပေးခဲ့တဲ့လူကို မေ့သွားပြီလား။ နင်တို့ကို ကယ်ခဲ့တဲ့ အစောင့်ကို ဘာလို့ ကျေးဇူးမတင်တာလဲ။ သူ့ကြောင့်သာ မဟုတ်ရင် နင် အခုလို ခြေထောက်ပေါ်မှာ ရပ်နေနိုင်မှာ မဟုတ်ဘူး" လုံချန်းက လှောင်ပြောင်လိုက်၏။

"နင်... လူယုတ်မာ၊ သူက နင့်ကို ကယ်ခဲ့တာ။ ငါ့ကို ကယ်တာ မဟုတ်ဘူး။ နင် သတ္တိရှိရင် ပြန်လာပြီး ငါနဲ့ တိုက်စမ်းပါ" ပင်းလွီက ခက်ထန်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။

"နင် တကယ်ပဲ အဲဒီလို ထင်နေတာလား။ နင့်သူငယ်ချင်းတွေကိုသာ မေးကြည့်လိုက်စမ်းပါ။ နင်က ဒီလောက်အထိ အခြေခံကျတဲ့ အရာတွေကိုတောင် မမြင်နိုင်လောက်အောင် မျက်စိကန်းနေရင် သူတို့က ကူညီပေးနိုင်လိမ့်မယ်။ နင် ဘယ်လို အရေးနိမ့်တော့မလဲ ဆိုတာကို မသိသေးတဲ့ တစ်ဦးတည်းသောလူက နင်ပဲ ဖြစ်လိမ့်မယ်" လုံချန်းက မျက်မှောင်ကြုတ်ကာ အငြင်းပွားလိုက်၏။

"နင်... နင်... နင်" ပင်းလွီသည် အလွန်အမင်း ဒေါသထွက်သွားသဖြင့် မည်သို့ ပြန်ပြောရမှန်းပင် မသိတော့ချေ။ သူမ၏ ဦးနှောက်ထဲတွင် ဒေါသများကသာ ပြည့်နှက်နေတော့သည်။

"ဘာ နင်လဲ။ ငါ့ကို နင့်ရဲ့ ဆရာအဖြစ် တင်မြှောက်ချင်လို့လား။ စိတ်မကောင်းပါဘူး၊ ငါက အမှိုက်တွေကို တပည့်အဖြစ် လက်မခံဘူး" လုံချန်းက ခပ်စပ်စပ်ပင် တုံ့ပြန်လိုက်၏။

ပင်းလွီမှာ ထိုစကားကို ကြားသောအခါ ဒေါသကြောင့် သွေးပင် အန်ချင်စိတ် ပေါက်သွားတော့သည်။ ကျန်ရှိသော အမျိုးသား နှစ်ဦးပင်လျှင် အံ့ဩသွားကြရ၏။ ၎င်းတို့ ထင်ယောင်ထင်မှား ဖြစ်နေခြင်းလား။ ထိုကောင်၏ ဆဲဆိုနိုင်စွမ်းက ယခင်ကထက် ပိုပြီး ကောင်းလာသလိုပင်။ သို့မဟုတ် ယခင်တစ်ခါက သူ အစွမ်းကုန် မဆဲခဲ့သည်လား။

"အခုချက်ချင်း ငါနဲ့ တိုက်စမ်း" ပင်းလွီက ဟိန်းဟောက်လိုက်ရင်း သူမ၏ ဓားကို ဆွဲထုတ်ကာ လုံချန်းရှိရာသို့ ချိန်ရွယ်လိုက်သည်။

'ဒီကောင်မလေးက တကယ့် ကလေးပဲ။ စကား နည်းနည်းပြောတာနဲ့ကို ဒေါသထွက်နေတာ' လုံချန်းက သူမ ဓားဆွဲထုတ်သည်ကို ကြည့်ရင်း တွေးလိုက်မိ၏။

"ငါက နင်နဲ့ မတိုက်ချင်ဘူးလို့ မထင်နဲ့။ ငါသာ တိုက်နိုင်ရင် နင် အခု ငါ့ခြေရင်းမှာ ဒူးထောက်ပြီး တောင်းပန်နေရပြီ။ ကံဆိုးတာက ငါက အခု စည်းကမ်းတွေကို သိသွားပြီလေ။ ပြိုင်ပွဲကနေ ထုတ်ပယ်ခံရတာမျိုး ငါ မဖြစ်ချင်ဘူး" လုံချန်းက ထိုမိန်းကလေးကို မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"နင်ကတော့ အဆင့်မြင့်မြင့် ရဖို့ အခွင့်အရေး မရှိတော့လို့ ဂရုမစိုက်တာ ဖြစ်မှာပေါ့။ ငါကတော့ ထုတ်ပယ်ခံရရင် အများကြီး ဆုံးရှုံးသွားလိမ့်မယ်" ထိုသို့ ဆိုကာ သူသည် ထိုမိန်းကလေးကို လျစ်လျူရှုလျက် ထွက်ခွာသွားတော့သည်။

"အခု ငါ့အချိန်ကို လာမဖြုန်းနဲ့တော့။ အခွင့်အရေး ရခဲ့ရင် စမ်းသပ်ပွဲကျမှ ငါနဲ့ ရင်ဆိုင်စမ်းပါ"

ပင်းလွီသည် လုံချန်း ထွက်ခွာသွားသည်ကို ဒေါသတကြီး ကြည့်နေမိ၏။ သူမသည် သူ့နောက်သို့ လိုက်ရန် ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း...

"နေဦး"

သူမ၏ အဖွဲ့ထဲမှ ဆံပင်အနီရောင်နှင့် လူငယ်က တားဆီးလိုက်သည်။

"သူ ပြောတာလည်း တစ်ဖက်က ကြည့်ရင် မှန်ပါတယ်။ အခု သူ့ကို တိုက်နေတာက အချိန်ဖြုန်းတာပဲ ဖြစ်လိမ့်မယ်။ နင် အနိုင်ရရင်တောင်မှ ပြိုင်ပွဲကနေ ထုတ်ပယ်ခံရမှာပဲ။ နင် မပါရင် ငါတို့ရဲ့ အဆင့်တွေက ပိုပြီး ဆိုးသွားလိမ့်မယ်။ အဲဒါကြောင့် အဲဒီလို မလုပ်ပါနဲ့။ သူ့ကို တိုက်ဖို့ ကံပါလာရင်တော့ မကြာခင်မှာ အခွင့်အရေး ရလာမှာပါ" သူက ဆက်ပြောလိုက်၏။ "ဘာပဲဖြစ်ဖြစ် စမ်းသပ်ပွဲ စဖို့ကလည်း သိပ်မလိုတော့ဘူး မဟုတ်လား"

အခန်း (၉၃၆) လက်ထပ်ခွင့် တောင်းခြင်း

"နင် ပြောတာ မှန်ပါတယ်။ ငါ အလောတကြီး ဖြစ်နေစရာ မလိုပါဘူး။ မကြာခင်မှာပဲ သူ့ကို ငါ ထပ်တွေ့ရမှာပါ။ လူအများရှေ့မှာပဲ သူ့ရဲ့ အဆင့်အတန်းက ဘာလဲဆိုတာကို ပြသလိုက်တာက ပိုကောင်းလိမ့်မယ်" ပင်းလွီက ခေါင်းညိတ်ရင်း တိုးတိုးလေး ဆိုလိုက်၏။ သူမသည် ၎င်းတို့ထံမှ ထွက်ခွာသွားသော လုံချန်းကို ကြည့်နေရာမှ မျက်လွှဲလိုက်တော့သည်။

သူမသည် သူမ၏ လူများနှင့်အတူ ထွက်ခွာသွား၏။ ဖေကျင် ရိုက်နှက်ခဲ့သော အစောင့်များမှာ သတိမေ့မြောနေဆဲ ဖြစ်သော်လည်း ပင်းလွီနှင့် သူမ၏ အဖွဲ့မှာမူ ထိုသူများကို ဂရုစိုက်ရန် ဆန္ဒမရှိကြချေ။ ၎င်းတို့မှာ သတိမေ့နေရုံမျှသာ ဖြစ်သဖြင့် စိုးရိမ်စရာ မရှိဟု ယူဆထားကြ၏။ ထိုသူများကို ၎င်းတို့ကိုယ်တိုင် ရိုက်နှက်ခဲ့ခြင်းလည်း မဟုတ်ပေ။

လုံချန်းသည် ထွက်ခွာလာခဲ့သော်လည်း ထိုရူးကြောင်ကြောင် မိန်းမက အနောက်မှနေ၍ သူ့ကို တိုက်ခိုက်ခြင်း ရှိ မရှိ သေချာစေရန် သူ၏ ဝိညာဉ်အာရုံကို သူမ၏အပေါ်တွင် ဆက်လက် ထားရှိထားဆဲ ဖြစ်ပေသည်။

၎င်းတို့ ထွက်ခွာသွားသည်အား မြင်တွေ့ရပြီးမှသာ သူသည် သူ၏ ဝိညာဉ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်တော့၏။

သူသည် ယခင်က ဖေကျင်၏ အဖော်ကို မြင်တွေ့ခဲ့ရသော အခန်းဆီသို့ ပြန်လည် လျှောက်လှမ်းလာခဲ့သည်။ သူသည် ဖေကျင်နှင့် ချန်ယုတို့အကြောင်းအား အနည်းငယ် သိရှိထားသော်လည်း ကျန်ရှိနေသော အမျိုးသားအကြောင်းကိုမူ လုံးဝ မသိရှိသေးချေ။ ထို့ကြောင့် သူ သတိထားရန် လိုအပ်သည်ကို သူ နားလည်ထားပေသည်။

ဖေကျင်ကို တစ်စုံတစ်ဦးက သတ်ဖြတ်ပြီး ထွက်ပြေးမည့်အစား ၎င်းတို့၏ အခန်းထဲသို့ပင် ပြန်လာလိမ့်မည်ဟု မည်သူမျှ ထင်မြင်နိုင်မည် မဟုတ်သဖြင့် သူသည် ဖေကျင် မဟုတ်ကြောင်း တစ်စုံတစ်ဦးက ရိပ်မိနိုင်ခြေမှာ အလွန်ပင် နည်းပါးလှပေသည်။

အကယ်၍ သူသည် တိတ်ဆိတ်စွာ နေထိုင်မည်ဆိုလျှင် သူ၏ အမူအရာမှာ ထူးဆန်းနေသည်ဟု ၎င်းတို့ ထင်မြင်နိုင်သော်လည်း ဖေကျင် သေဆုံးသွားပြီဟုတော့ သံသယဝင်နိုင်ခြေ မရှိချေ။ ထို့ကြောင့် သူသည် အနည်းငယ် သတိထားရုံနှင့် ပြဿနာ မတက်နိုင်ဟု ယူဆထား၏။

သူသည် အခန်းတံခါးဝသို့ ရောက်ရှိသွားတော့သည်။ အခြေအနေကို သေချာစေရန် သူ၏ ဝိညာဉ်အာရုံကို တစ်ဖန် ပြန်လည် ဖြန့်ကျက်လိုက်ပြန်၏။

'ဟင်... အဲဒီကောင်မလေး ပြန်ရောက်နေတာလား'

အခန်းအတွင်း၌ မိန်းကလေးကို မြင်တွေ့လိုက်ရသောအခါ လုံချန်း၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်ဟန်များ ပေါ်လွင်သွားတော့သည်။ သူမသည် သူ့ကို ရှာဖွေရန် နောက်ဆုံးတွင် လက်လျှော့လိုက်ပြီလား။

'ကံကောင်းလို့ ဒီကလေးမက ဧကရာဇ်ဆီ သွားပြီး ငါ့ကို ရှာခိုင်းမနေတာ။ ဒီလို ဖြစ်လာမယ်ဆိုတာ ငါ သိပေမဲ့၊ သူက ထင်ထားတာထက် ပိုမြန်မြန် ပြန်ရောက်လာတာပဲ။ သူ နန်းတော်အနှံ့ အရင် လိုက်ရှာနေဦးမယ်လို့ ငါ ထင်နေတာ' တွေးတောရင်း သူသည် တံခါးကို တွန်းဖွင့်လိုက်၏။

သူသည် အခန်းထဲသို့ ဝင်လာခဲ့ပြီး အလွတ်ဖြစ်နေသော တစ်ခုတည်းသော ကုတင်ဆီသို့ လျှောက်သွားခဲ့သည်။

သူသည် ကုတင်ပေါ်တွင် ချက်ချင်းပင် လဲလျောင်းလိုက်တော့၏။

"မင်း အချိန်မီ ပြန်ရောက်လာတာပဲ။ စမ်းသပ်ပွဲကျမှပဲ မင်းကို တွေ့ရတော့မယ် ထင်နေတာ" ဆံပင်အမည်းရောင် လူငယ်က လုံချန်းကို ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။

"ပျင်းလို့ ပြန်လာတာ" လုံချန်းက ဖေကျင်၏ ပျင်းရိပျော့ခွေသော ပုံစံအတိုင်း ပြန်လည် ဖြေကြားလိုက်၏။

"မှန်ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာ ဘာမှမရှိတာပဲ။ အဲဒါကြောင့် ငါက မင်းတို့ နှစ်ယောက်လို အပြင်မထွက်တာပေါ့။ အခုတော့ မင်းလည်း ပြန်ရောက်ပြီဆိုတော့ အနားယူလိုက်ဦး။ မကြာခင်မှာ စမ်းသပ်ပွဲတွေ စတော့မှာပဲ။ အဲဒီကျရင်တော့ ငါတို့ ပျင်းနေစရာ မလိုတော့ဘူးပေါ့" ဆံပင်အမည်းရောင် လူငယ်က ဆိုလိုက်သည်။

လုံချန်းသည် ထိုလူ၏ နာမည်ကိုပင် မသိရှိသဖြင့် ခေါင်းကိုသာ ညိတ်ပြလိုက်ပြီးနောက် လက်နှစ်ဖက်ကို ခေါင်းအောက်ခုလျက် ကုတင်ပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းနေလိုက်၏။

ချန်ယုသည် လုံချန်းကို စိုက်ကြည့်နေမိသည်။ အဘယ်ကြောင့်မှန်း သူမ မသိသော်လည်း တစ်စုံတစ်ခုမှာ အမှန်တကယ်ပင် မမှန်ကန်တော့ဟု သူမ ခံစားနေရ၏။

ဖေကျင်၏ တစ်စုံတစ်ခုမှာ ပြောင်းလဲသွားသလို သူမ ခံစားနေရခြင်း ဖြစ်ပေသည်။ သူ၏ ကိုယ်နံ့မှာလည်း တစ်မျိုး ဖြစ်နေသည်လား။ ၎င်းမှာ သူမ၏ ထင်ယောင်ထင်မှား ဖြစ်နေခြင်းလား။ သူမသည် ခေါင်းကို ခါယမ်းလိုက်ပြီးနောက် သူ့ကို ကြည့်နေရာမှ မျက်လွှဲလိုက်တော့သည်။

မည်သို့ဆိုစေ သူမသည် သူ့ကို အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။ သူမသည် ထိုလူ၏အပေါ်တွင် အာရုံစိုက်နေခြင်းကို ရပ်တန့်လိုက်တော့၏။

၎င်းတို့ သုံးဦးလုံးမှာ အခန်းအတွင်း၌ အနားယူနေကြသည်။ မည်သူမျှ စကားမဆိုကြသဖြင့် အခန်းအတွင်း၌ တိတ်ဆိတ်ခြင်းများက စိုးမိုးနေတော့၏။ အချိန်အတော်ကြာမှသာ တံခါးခေါက်သံကြောင့် တိတ်ဆိတ်ခြင်းမှာ ပျက်ပြယ်သွားခဲ့သည်။

"အချိန်ရောက်ပြီ ထင်တယ်" ဆံပင်အမည်းရောင် လူငယ်က ပြုံးလျက် ဆိုလိုက်၏။ သူသည် ကုတင်ပေါ်မှ ထရပ်ကာ တံခါးဆီသို့ လျှောက်သွားခဲ့သည်။ လုံချန်းသည်လည်း ထရပ်လိုက်၏။ ချန်ယုမှာမူ ၎င်းတို့၏ အနောက်မှ လိုက်ပါလာခဲ့သည်။

ထိုသူမှာ မည်သူ ဖြစ်နိုင်သည်ကို ၎င်းတို့အားလုံး သိရှိထားကြသကဲ့သို့ပင် ရှိနေကြ၏။ ယခုအခါ ညနေစောင်းနေပြီ ဖြစ်သဖြင့် ၎င်းတို့ကို စမ်းသပ်ပွဲကျင်းပမည့် နေရာသို့ ခေါ်ဆောင်သွားမည့်သူ ဖြစ်ရမည်ဟု ၎င်းတို့ အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။

ဆံပင်အမည်းရောင် လူငယ် တံခါးကို ဖွင့်လိုက်သောအခါ အပြင်ဘက်တွင် အစေခံတစ်ဦးကို တွေ့ရှိလိုက်ရ၏။

"ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ" အစေခံက တိုက်ရိုက်ပင် ဆိုလိုက်သည်။

သူသည် မည်သည့်အကြောင်းကိုမျှ ရှင်းပြရန် မကြိုးစားသလို ကျန်ရှိသူများကလည်း မည်သည်မျှ မမေးမြန်းကြဘဲ ထိုလူ၏ အနောက်မှ လိုက်ပါသွားကြတော့၏။

"နောက်ဆုံးတော့ ငါတို့ ပျော်ရတော့မယ်ပေါ့" ဆံပင်အမည်းရောင် လူငယ်က သူ၏ လက်ဆစ်များကို ချိုးရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ချန်ယု... ငါတို့ ပြိုင်ပွဲလေးတစ်ခု လုပ်ကြမလား။ ငါတို့ နှစ်ယောက်ထဲမှာ ဘယ်သူ ပထမ ရမလဲဆိုတာ ကြည့်ရအောင်လေ" သူက ဆက်ပြောလိုက်၏။

"ငါ ပြိုင်ပွဲတွေကို စိတ်မဝင်စားဘူး" ချန်ယုက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

"ဟက်... နင် ကြောက်နေတာလား" ဆံပင်အမည်းရောင် လူငယ်က ပြုံးလျက် မေးလိုက်၏။

"ကြောက်တယ် ဟုတ်လား။ တုလျန်... နင့်ရဲ့ စိတ်ကူးယဉ်ကတော့ တကယ့်ကို ကြွယ်ဝတာပဲ" ချန်ယုက တုံ့ပြန်လိုက်သည်။

၎င်းတို့၏ အပြန်အလှန် စကားပြောဆိုမှုကြောင့် လုံချန်းသည် ဆံပင်အမည်းရောင် လူငယ်၏ နာမည်ကို သိရှိသွားခဲ့လေသည်။

"ဒါဆိုရင် နင် ဘာလို့ လောင်းကြေး မထပ်ရဲတာလဲ။ နင် နိုင်မယ်လို့ ယုံကြည်နေတယ်ဆိုရင် နင် ဘာများ ဆုံးရှုံးသွားမှာ မို့လို့လဲ" တုချန်က အေးအေးဆေးဆေးပင် မေးလိုက်၏။ "လာပါ... စမ်းသပ်ပွဲ စတဲ့အခါကျရင်လည်း ဒီလို အားနည်းတဲ့လူတွေနဲ့ ဆိုတော့ ပျင်းစရာ ကောင်းနေမှာပဲ။ ထိပ်ဆုံး အဆင့် နှစ်ခုကတော့ ငါတို့အတွက်ပဲ အသေအချာပဲလေ။ ငါတို့ အချင်းချင်း ပြိုင်ပွဲလေးလုပ်ပြီး စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးကြတာပေါ့"

"အဲဒါက နင့်ကို စိတ်ကျေနပ်စေမယ်ဆိုရင်တော့ ငါတို့ကြားက ပြိုင်ပွဲတစ်ခုလို့ နင် သတ်မှတ်နိုင်ပါတယ်" ချန်ယုက နောက်ဆုံးတွင် သဘောတူလိုက်ရတော့သည်။ သူမအတွက် မည်သည်မျှ ဆုံးရှုံးစရာ မရှိသကဲ့သို့ပင် ၎င်းမှာ ပို၍ ကြိုးစားရန် စေ့ဆော်မှုတစ်ခုလည်း ဖြစ်နိုင်ပေသည်။

'ဒီလူတွေက တခြားသူတွေကို သူတို့ မျက်စိထဲကို မထည့်ကြတာလား။ သူတို့ပဲ နိုင်မယ်လို့ ဘာလို့ ဒီလောက်တောင် ယုံကြည်နေကြတာလဲ။ တခြားသူတွေက တကယ်ပဲ အဲဒီလောက်အထိ အားနည်းနေကြလို့လား' လုံချန်းက အနောက်မှ လိုက်ပါရင်း တွေးတောနေမိ၏။

'တကယ့်ကို အင်အားကြီးတဲ့ ပြိုင်ဘက်တချို့ ရှိနေတယ်လို့ ငါ ကြားဖူးပါတယ်။ အမှောင်ကမ္ဘာက လူတွေက ဒီမှာ အင်အားအကြီးဆုံးလို့ ဆိုကြတာပဲ။ ဒီနှစ်ယောက်က အဲဒီလူတွေထက်တောင် ပိုပြီး အင်အားကြီးနေတာလား'

"ကောင်းပြီ။ ဒါဆိုရင် ပိုပြီး စိတ်ဝင်စားစရာကောင်းအောင် လုပ်ကြတာပေါ့။ နိုင်တဲ့သူက ဆုတစ်ခု ရရမယ်" တုလျန်က ထပ်လောင်း ပြောဆိုလိုက်၏။

"ဘာဆုလဲ" ချန်ယုက စူးစမ်းစွာ မေးလိုက်သည်။

"ငါ နိုင်ရင် နင် ငါ့ကို လက်ထပ်ရမယ်" တုလျန်က ပြုံးလျက် ဖြေကြားလိုက်၏။

ချန်ယုသည် ထိုလူကို မည်သည့် အမူအရာမျှ မပြောင်းလဲဘဲ စိုက်ကြည့်လိုက်သည်။ "နင် ဘာတွေ ပြောနေလဲဆိုတာ နင် သိရဲ့လား"

"သိတာပေါ့။ ဆုကြီးလေလေ ကြိုးစားလိုစိတ် ပိုရှိလေလေပဲ မဟုတ်လား" တုလျန်က ရှင်းပြလိုက်၏။

"ဒါဆို ငါ နိုင်ရင်ကော ငါက ဘာရမှာလဲ။ ငါ့အတွက် ပိုကြီးတဲ့ စေ့ဆော်မှုက ဘာလဲ" ချန်ယုက မေးလိုက်သည်။

"ငါ နိုင်ရင် နင် ငါ့ကို လက်ထပ်ရမယ်။ တကယ်လို့ နင် နိုင်ရင်လည်း ငါက နင့်ကို လက်ထပ်မယ်လေ။ မြင်လား... တရားမျှတတဲ့ အရောင်းအဝယ်ပဲ" တုလျန်က ရယ်မောရင်း ဖြေကြားလိုက်၏။

ချန်ယု၏ မျက်နှာအမူအရာမှာ နောက်ဆုံးတွင် ပြောင်းလဲသွားပြီး ထိုလူကို ဇဝေဇဝါဖြင့် ကြည့်လိုက်တော့သည်။ သူက အရူးတစ်ယောက်လား။

'ဒီလူက တကယ်ကြီး ပြောနေတာလား။ သူက ဒီကိစ္စကိုပဲ တစ်ချိန်လုံး ကြံစည်နေတာပေါ့လေ။ အင်း... အခုခေတ် လူတွေရဲ့ ခေါင်းထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို သိဖို့ကတော့ တကယ့်ကို ခက်ခဲပါလား' ဟလုံချန်းသည်ပင် ထိုစကားများကို ကြားသောအခါ အံ့ဩသွားတော့သည်။

All Chapters