အခန်း (၉၃၇-၉၃၈)
Vol. 91 Ch. 937-938
အခန်း (၉၃၇) ဧကရာဇ်သည် နောက်ဆုံးမှ ကြွချီသည်
"ငါ နောက်နေတာပါ အရူးမရဲ့၊ ငါ့ကို အဲဒီလိုကြီး ကြည့်မနေနဲ့တော့" တုလျန်က ဆိုကာ အော်ဟစ်ရယ်မောလိုက်တော့၏။ "နင့်မျက်နှာကို ကြည့်ရတာ တကယ်ကို တန်တယ်ဟေ့"
သူက ဆက်လက်၍ ဆိုသည်။ "ဘယ်လို လောင်းကြေးမှ မလိုပါဘူး။ နင့်ဆီက တုံ့ပြန်မှုတစ်ခု ရအောင် လုပ်ရတာ ပျော်စရာ ကောင်းလို့ပါ။ လက်ထပ်ဖို့ ပြောတုန်းက နင့်ဆီက တုံ့ပြန်မှုတစ်ခုခု ရလိမ့်မယ်လို့ ငါ ထင်ထားတာ၊ အဲဒီအကွက်ကတော့ ပျက်သွားတယ်။ အခုမှပဲ နင် အံ့ဩသွားတာကို မြင်ရတော့တယ်"
"ဘာ..." ချန်ယုမှာ ဇဝေဇဝါ ဖြစ်နေဆဲပင်။ မည်သည်များ ဖြစ်ပျက်ကုန်သည်ကို သူမ ကောင်းကောင်း နားမလည်နိုင်သေးချေ။
"နင်ကလည်း... ငါ ဘယ်လိုလူလဲဆိုတာ နင် ငါ့ထက်တောင် ပိုသိနေတာပဲ မဟုတ်လား" တူလျန်က ပြန်ဖြေလိုက်၏။ "ငါက ကျင့်ကြံဖို့နဲ့ အားကောင်းလာဖို့ပဲ စိတ်ဝင်စားတဲ့လူလေ။ ငါ့ဘဝမှာ ဇနီးမယားတို့၊ အချစ်ရေးတို့အတွက် နေရာမရှိပါဘူး"
"ဟင်... ဒါဆို နင်က ဘာလို့ အဲဒီလိုတွေ လျှောက်ပြောနေရတာလဲ။ နင် ဒီနေ့ နေမကောင်းဘူးလား။ အနားယူဖို့ လိုမလား။ လိုအပ်ရင် ငါ့ဆီမှာ ဆေးလုံးတချို့ ရှိပါတယ်" ချန်ယုက ထိုလူ၏ ကျန်းမာရေးအတွက် တကယ်ကြီး စိုးရိမ်နေသည့်အလား ဆိုလိုက်၏။
"အိုး... နင်ကတော့လေ၊ အခုထိ နားမလည်သေးဘူးလား။ တချို့ကိစ္စတွေကျတော့ တော်တော် လည်ပြီးတော့၊ တချို့ကိစ္စတွေကျတော့ ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲ" တုလျန်က သူ၏ နဖူးကို လက်ဝါးဖြင့် ရိုက်ရင်း ဆိုလိုက်သည်။ "ငါ အဲဒီအကြောင်း ပြောကတည်းက ငါ နောက်နေတာဆိုတာ နင် သိသင့်တာပေါ့"
"နင် ဟိုကောင်နဲ့ တိုက်ပြီး ပြန်လာကတည်းက လူသေတစ်ယောက်လို မျက်နှာပျက်နေတာ။ ဒီလို စိတ်မပါတဲ့ ပုံစံနဲ့ဆိုရင် နင် စမ်းသပ်ပွဲမှာ အစွမ်းကုန် ကြိုးစားနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နင့်ရဲ့ အာရုံလေး ပြောင်းသွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်လာအောင် ငါ အခုလို လုပ်လိုက်တာပေါ့" သူက ဆက်ပြောလိုက်၏။
"ဒါနဲ့... အလုပ်ဖြစ်ရဲ့လား"
"နင်ကတော့ တကယ်ကို တစ်မျိုးကြီးပဲ" ချန်ယုက မျက်စောင်းလေး ထိုးရင်း ဆိုလိုက်သော်လည်း သူမ၏ မျက်နှာပေါ်မှ အပြုံးက သူမ စိတ်သက်သာရာ ရသွားပြီဖြစ်ကြောင်း သက်သေပြနေပေသည်။
"အလုပ်ဖြစ်တာပေါ့" တူလျန်က ပြုံးလျက် ဆိုလိုက်၏။ "ဖြစ်မှာပေါ့... ငါ့အစီအစဉ်က ဘယ်တော့မှ မလွဲဘူးလေ။ ငါ့ရဲ့ သရုပ်ဆောင်မှုကလည်း ထိပ်တန်းအဆင့်ပဲ မဟုတ်လား"
"ဘယ်လိုလဲ ဖေကျင်၊ ငါ့လက်ရာ မဆိုးဘူး မဟုတ်လား" သူက အနောက်မှ လုံချန်းကို လှည့်မေးလိုက်၏။
"အေးပါ... အနည်းဆုံးတော့ ငါတောင် မင်း နောက်နေတယ်လို့ မထင်မိဘူး" လုံချန်းက ပြန်ဖြေလိုက်လေသည်။
"ငါ သရုပ်ဆောင်နေတာမှန်း မင်း သိနေရင် ငါက ဘယ်လိုလုပ် သရုပ်ဆောင်ကောင်း ဖြစ်ပါ့မလဲ။ ငါက နယ်ပယ်အသီးသီးမှာ ပါရမီရှိတဲ့လူလေ၊ သရုပ်ဆောင်တာကလည်း အဲဒီအထဲက တစ်ခုပေါ့။ ဒါကို ဒီတိုက်ကြီးတစ်ခုလုံးက လူတွေ သိကြတယ်လို့ ငါ ထင်နေတာ၊ မင်းတို့ နှစ်ယောက် မသိသေးတာကတော့ အံ့ဩစရာပဲ" တုလျန်က ခေါင်းကို မချိတင်ကဲ ခါယမ်းရင်း ဆိုလိုက်၏။
"ရောက်ပါပြီ" အစေခံက တံခါးတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး ၎င်းတို့၏ စကားဝိုင်းကို ဖြတ်ပြောလိုက်လေသည်။
"ဪ... ရောက်ပြီလား။ ဘာစောင့်နေတာလဲ၊ ဖယ်စမ်း" တုလျန်သည် ချက်ချင်းပင် သူ၏ ပုံမှန် တည်ကြည်သော အမူအရာသို့ ပြန်ပြောင်းသွားတော့၏။ ခုနက သူ၏ ပျော်ပျော်ပါးပါး ပုံစံမှာ မြင်ယောင်ထင်မှားမှု သို့မဟုတ် လှည့်စားမှုတစ်ခုကဲ့သို့ပင် ရှိတော့သည်။
အစေခံသည် တံခါးကို ဖွင့်ပေးလိုက်ပြီး ဧည့်သည်များ ဝင်နိုင်ရန် ဘေးသို့ ဖယ်ပေးလိုက်၏။
တုလျန်သည် ယခင်အတိုင်းပင် ဦးဆောင်ကာ ခေါင်းကို မော့လျက် အထဲသို့ ဝင်သွားတော့သည်။ ချန်ယုမှာမူ သူ၏ အနောက်မှ လိုက်ပါသွား၏။ လုံချန်းကတော့ နောက်ဆုံးမှ ဝင်လာခဲ့သည်။
ဤအချက်မှာ ချန်ယုကို ထပ်မံ၍ သံသယ ဝင်သွားစေ၏။ ဖေကျင်က အဘယ်ကြောင့် ၎င်းတို့ အနောက်မှ လမ်းလျှောက်နေရသနည်း။ ဤလူမှာ အလွန် မာနကြီးသူ မဟုတ်လော။ သူသည် တုလျန်၏ အနောက်ကနေ လမ်းလျှောက်ရတာကိုတောင် မကြိုက်သူ ဖြစ်ရာ သူမ၏ အနောက်မှ လမ်းလျှောက်ဖို့ဆိုသည်မှာ ဝေးလှပေသည်။ သူသည် တုလျန်နှင့် ဘေးချင်းယှဉ် လမ်းလျှောက်ရတာကိုသာ နှစ်သက်သူ မဟုတ်လော။ ယခုကျမှ အဘယ်ကြောင့် ဤမျှ ယဉ်ကျေးနေရသနည်း။
လုံချန်းသည် သူမ၏ အတွေးများကို ဖတ်လိုက်ရသဖြင့် သူ အမှားတစ်ခု လုပ်မိသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်၏။
"ဧကရာဇ်က နောက်ဆုံးမှ ဝင်တာလေ။ နင်တို့က အရင်ဝင်သွားရတာ ရှက်ဖို့မကောင်းဘူးလား" သူက ထိုမိန်းကလေးကို လှောင်ပြောင်သော အပြုံးဖြင့် မေးလိုက်သည်။
"ဟက်... ဒါကို တွေးနေတာလား။ နင်ကတော့ ဟန်ပြရတာကို တကယ် ဝါသနာပါတာပဲ" ချန်ယုက မျက်စောင်းထိုးရင်း ဆိုလိုက်၏။ "ဒီစကားတစ်ခွန်း ပြောဖို့အတွက်နဲ့တင် နင်က အနောက်ကနေ လမ်းလျှောက်နေတာပေါ့လေ"
လုံချန်းသည် ချန်ယု၏ အနောက်မှနေ၍ ခန်းမထဲသို့ ဝင်လာခဲ့တော့၏။
ခန်းမအတွင်းမှ သဲများ ဖုံးလွှမ်းနေသော ကြမ်းပြင်ပေါ်သို့ ခြေချလိုက်သောအခါ ဤနေရာကြီးက မည်မျှ ကြီးမားကြောင်း သူ သတိထားမိလိုက်သည်။ တကယ့်ကို ဧရာမ ခန်းမကြီးပင်။ ဤကဲ့သို့ နေရာမျိုးက နန်းတော်အတွင်း၌ မည်သို့ ရှိနေနိုင်ပါသနည်း။ ၎င်းမှာ ခန်းမတစ်ခုထက်စာလျှင် ၎င်း၏ အရွယ်အစားအရ မြို့တစ်မြို့နှင့်ပင် တူနေတော့သည်။
အကယ်၍ လူတစ်ယောက်က ခန်းမ၏ တစ်ဖက်စွန်းတွင် ရပ်နေမည်ဆိုပါက သူ့ကို မြင်တွေ့ဖို့ရန် မဆိုထားနှင့် သူ၏ အသံကိုပင် ကြားနိုင်လိမ့်မည် မဟုတ်ချေ။ ဤနေရာကြီးမှာ အလွန်ပင် ကျယ်ဝန်းလှပေသည်။
'သူတို့ ဒီမှာ ဟင်းလင်းပြင် မှော်ပညာ တစ်ခုခု သုံးထားတာလား' သူက မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိ၏။ သူသည် ဤကဲ့သို့သော အရာမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။
သူသည် အခြားသူ နှစ်ဦးမှာလည်း အံ့ဩနေသည်လား သိရှိနိုင်ရန် လှည့်ကြည့်လိုက်၏။ သူ ထင်ထားသည်နှင့် ဆန့်ကျင်ဘက်မှာပင် ထိုသူ နှစ်ဦးမှာ လုံးဝ အံ့ဩဟန် မရှိကြချေ။
"သူတို့အတွက်တော့ ဒါက ပုံမှန်ပဲ ဖြစ်မှာပေါ့။ သူတို့က သူတို့ ကမ္ဘာတွေရဲ့ အုပ်ချုပ်သူတွေ၊ အထက်တန်းလွှာတွေပဲဥစ္စာ" သူက ခပ်တိုးတိုး ရေရွတ်ရင်း ခါးသက်သက် ပြုံးလိုက်မိသည်။
သူသည် ခန်းမအတွင်း၌ အခြား မည်သူများ ရှိနေသေးကြောင်းကို အာရုံပြောင်းကြည့်လိုက်၏။
မင်းသားသုံးပါးမှာ တစ်ဖက်တွင် ရပ်နေကြသည်ကို သူ မြင်တွေ့လိုက်ရသည်။ မင်းသမီးလေးမှာလည်း ၎င်းတို့နှင့်အတူ ရှိနေ၏။ အစောင့်အနည်းငယ်မှာလည်း ၎င်းတို့နှင့်အတူ ရှိနေကြသည်။
၎င်းတို့၏ အနီးအနားတွင် လူအများအပြား ခန်းမအနှံ့ ပျံ့နှံ့နေကြသည်ကို တွေ့ရ၏။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့မှာ ခန်းမ၏ အခြားတစ်ဖက်စွန်းတွင် ရပ်မနေကြချေ။ ၎င်းတို့မှာ ခပ်လှမ်းလှမ်းတွင် ရပ်နေကြသော်လည်း ပုံမှန် မြင်သာသော အကွာအဝေးတွင်သာ ရှိကြပေသည်။
သုံးယောက်တစ်ဖွဲ့စီ ပါဝင်သော အဖွဲ့များစွာမှာ ၎င်းတို့၏ အုပ်ထိန်းသူများနှင့်အတူ ရပ်နေကြသည်ကို မြင်တွေ့ရ၏။
"... ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈" လုံချန်းက ၎င်းတို့ကို စတင် ရေတွက်လိုက်သည်။ ရေတွက်ပြီးသောအခါ ဤနေရာ၌ အဖွဲ့ ၁၈ ဖွဲ့သာ ရှိသေးကြောင်း သူ ရိပ်မိလိုက်၏။ သူတို့အဖွဲ့ အပါအဝင်ဆိုလျှင် စုစုပေါင်း ၁၉ ဖွဲ့ ရှိပေပြီ။ လျှပ်စီးကမ္ဘာမှ ပင်းလွီနှင့် အခြားသူများလည်း ဤနေရာသို့ ရောက်ရှိနေကြပြီ ဖြစ်၏။
ပြိုင်ပွဲဝင်မည့် ကမ္ဘာပေါင်း ၂၀ ရှိရမည် ဖြစ်သဖြင့် နောက်ထပ် တစ်ဖွဲ့ ရောက်လာရန် ကျန်ရှိနေသေးပေသည်။
တုလျန်နှင့် အခြားသူများ ဝင်လာသောအခါ အားလုံး၏ အကြည့်များမှာ ၎င်းတို့အပေါ်သို့ ကျရောက်လာတော့၏။ အဖွဲ့ နှစ်ဖွဲ့သာ ရောက်ရန် ကျန်တော့ပြီး ထိုအဖွဲ့ နှစ်ဖွဲ့မှာ အင်အားအကြီးဆုံး အဖွဲ့များ ဖြစ်ကြပေသည်။ တုလျန်တို့အဖွဲ့မှာ ထိုအင်အားအကြီးဆုံး အဖွဲ့နှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ ဖြစ်သဖြင့် ၎င်းတို့ မည်မျှ အင်အားကြီးမားကြောင်း မည်သူမျှ သံသယ မရှိကြချေ။
၎င်းတို့သည် လူအုပ်ရှိရာသို့ လျှောက်သွားခဲ့ပြီး ဘေးကင်းသော အကွာအဝေးတစ်ခု၌ ရပ်တန့်လိုက်ကြ၏။
"ဟက်... အမှောင်ကမ္ဘာက လူတွေ အခုထိ မရောက်သေးဘူးလား။ အဲဒီကောင်တွေက ဒီနေ့ထိကို နောက်ကျနေတုန်းပဲ" တုလျန်က မည်သည့်အဖွဲ့ မရောက်သေးသည်ကို သတိထားမိလိုက်ပြီး မှတ်ချက်ပေးလိုက်သည်။
အမှောင်ကမ္ဘာမှ လူများတွင် ထူးခြားသော လက္ခဏာများ ရှိကြ၏။ ၎င်းတို့မှာ အင်အားကြီးသောအဖွဲ့ ဖြစ်သဖြင့် သူက ၎င်းတို့အကြောင်းကို သိရှိထားခြင်း ဖြစ်ပေသည်။ သူသည် လူအုပ်ကြားထဲ၌ ၎င်းတို့ကို ရှာဖွေကြည့်သော်လည်း ရှာမတွေ့ခဲ့ချေ။
"ကျွန်တော်တို့ လူတွေ သူတို့ကို သွားခေါ်နေပါပြီ။ သူတို့ မကြာခင် ရောက်လာပါလိမ့်မယ်။ အဲဒီကျရင် ကျွန်တော်တို့ စတင်နိုင်ပါပြီ" ကြယ်တာရာ အင်ပါယာ၏ ပထမမင်းသားက တုလျန်ကို ပြန်လည် ဖြေကြားလိုက်၏။ သူသည် အိမ်ရှင်ဖြစ်သဖြင့် မေးခွန်းများကို ဖြေကြားရန်မှာ သူ၏ တာဝန် ဖြစ်ပေသည်။
"ရပါတယ်။ ငါ သူတို့ကို စောင့်ပေးပါ့မယ်။ သူတို့ကပဲ တိုက်ပွဲတွေမှာ ငါ့ကို နည်းနည်းလောက် ဖျော်ဖြေမှု ပေးနိုင်မယ့် တစ်ဦးတည်းသော အဖွဲ့လေ။ မင်းတို့ စချင်ရင်တောင်မှ သူတို့မပါဘဲ ငါ အစခိုင်းမှာ မဟုတ်ဘူး" တုလျန်က ပြုံးလျက် ပြန်ပြောလိုက်၏။
"ဒါနဲ့... ပထမအဆင့်က ဘာလဲ။ တိုက်ပွဲတွေလား၊ ဒါမှမဟုတ် တခြားဟာလား" သူက မေးမြန်းလိုက်လေတော့သည်။
အခန်း (၉၃၈) အင်မော်တယ် မိစ္ဆာ
"ကျွန်တော် တောင်းပန်ပါတယ်၊ ဒါပေမဲ့ အဲဒီမေးခွန်းကိုတော့ ကျွန်တော် မဖြေနိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မသိလို့ပါ။ ကျွန်တော့်ခမည်းတော် တစ်ဦးတည်းပဲ သိတာဖြစ်ပြီး သူက ကျွန်တော်တို့ကိုတောင် ပြောပြဖို့ ငြင်းဆိုထားပါတယ်။ သူ ပြန်ရောက်လာတဲ့အခါကျမှပဲ ခင်ဗျားတို့ အားလုံးကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေကြားပေးနိုင်ပါလိမ့်မယ်" အိမ်ရှေ့မင်းသား မုန့်လုချီက အနည်းငယ် ဝန်လေးဟန်ဖြင့် ဝန်ခံလိုက်၏။
"ဟက်... မဆိုးပါဘူး။ သူက တကယ်ပဲ မင်းတို့ကို စမ်းသပ်ပွဲမှာ အသာစီး မရစေချင်တာ ဖြစ်နိုင်သလို မင်းကပဲ လိမ်နေတာလည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် ငါ့အတွက်တော့ အရေးမကြီးပါဘူး" တုလျန်က ပြုံးလျက် ဆိုလိုက်သည်။
လျှပ်စီးကမ္ဘာမှ ပင်းလွီသည် တုလျန်နှင့်အတူ ရပ်နေသော လုံချန်းကို စိုက်ကြည့်နေ၏။ သူမသည် ၎င်းတို့နှင့် တိုက်ခိုက်လိုစိတ်များ ပြင်းပြနေပေသည်။
လုံချန်းသည် ထိုမိန်းကလေးကို ကြည့်ကာ ပြုံးပြလိုက်၏။ သူမက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေစဉ် သူမအား စိတ်ရှုပ်သွားစေရန် မျက်စိတစ်ဖက်ပင် မှိတ်ပြလိုက်သေးသည်။
လုံချန်း မျက်စိမှိတ်ပြလိုက်သောအခါ ပင်းလွီမှာ အံ့ဩသွားတော့၏။ သူမသည် ရွံရှာသော အမူအရာဖြင့် အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိလေသည်။
သူမ၏ တုံ့ပြန်မှုကို ကြည့်ပြီး လုံချန်းမှာ အော်ဟစ်ရယ်မောချင်စိတ် ပေါက်သွားသော်လည်း မိမိကိုယ်ကို ထိန်းချုပ်ထားလိုက်၏။
သူသည် ယခုရောက်ရှိနေသော အဖွဲ့များထဲမှ အဖွဲ့ငါးဖွဲ့ကိုသာ မှတ်မိပေသည်။ ကျန်ရှိသော အဖွဲ့ ၁၃ ဖွဲ့မှာမူ သူ လုံးဝ မသိရှိသော အဖွဲ့များ ဖြစ်ကြ၏။ ထိုသူများအကြောင်းကိုလည်း သူ သိရှိလာလိမ့်မည် မဟုတ်ကြောင်း သူ သေချာနေပေသည်။ သူသည် ဖေကျင် မရှိတော့သဖြင့် လစ်ဟာသွားသော နေရာကို ဖြည့်ဆည်းရန်နှင့် သူ၏ အဖွဲ့သားများ အားငယ်ခြင်း မရှိစေရန်အတွက်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ စမ်းသပ်ပွဲတွင် သူ တိုက်ခိုက်ရန် လိုအပ်လာပါက သူသည် အကြောင်းပြချက်တစ်ခုခု ပေးကာ အဆင့်သတ်မှတ်ချက်အတွင်းမှ ထွက်ခွာရန် စဉ်းစားထားပြီး ဖြစ်၏။ ထိုသို့ ရှောင်ထွက်ရန်အတွက်လည်း အကြောင်းပြချက်များကို သူ ကြိုတင် တွေးတောထားပြီး ဖြစ်ပေသည်။ အကယ်၍ စမ်းသပ်ပွဲမှာ တိုက်ပွဲများ မဟုတ်ဘဲ အခြားအရာတစ်ခုခု ဖြစ်နေမည်ဆိုလျှင်မူ သူသည် ကောင်းမွန်သော အဆင့်တစ်ခု ရရှိစေရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်သည်။
အဖွဲ့အတွင်းရှိ လူသုံးဦး၏ အဆင့်သတ်မှတ်ချက်များက နောက်ထပ် စမ်းသပ်ပွဲ ကျင်းပမည့် ကမ္ဘာကို ဆုံးဖြတ်ပေးမည် ဖြစ်ပေသည်။ ထိုစမ်းသပ်ပွဲမှာ မင်ယု၏ ကမ္ဘာတွင် ဖြစ်လာစေရန် သူ သေချာပေါက် လုပ်ဆောင်လို၏။ ထိုသို့ ဖြစ်လာစေရန်အတွက် သူသည် ကောင်းမွန်သော အဆင့်တစ်ခု ရရှိရန် လိုအပ်ပေသည်။
သူသည် စမ်းသပ်ပွဲက မည်သို့သော အရာမျိုး ဖြစ်လာမည်ဆိုသည်ကို ကံတရားက အထောက်အပံ့ ပေးလိမ့်မည်ဟု မျှော်လင့်နေ၏။ အကယ်၍ ကံကောင်းခဲ့မည်ဆိုလျှင် သူသည် နောက်ထပ် စမ်းသပ်ပွဲများအတွက် မင်ယု၏ ကမ္ဘာသို့ သွားရောက်နိုင်ရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်ပေသည်။
အကယ်၍ ကံတရားက သူ၏ဘက်၌ မရှိခဲ့ပါက သူသည် ပြန်သွားရန် အကြောင်းပြချက်များ ပိုမို ရှာဖွေရပေလိမ့်မည်။ သို့သော် မည်သည့်ကမ္ဘာကို ရွေးချယ်သည်ဖြစ်စေ သူ လိုက်သွားရမည်မှာ အသေအချာပင်။ မင်ယု၏ ကမ္ဘာသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ရန်အတွက်မူ စမ်းသပ်ပွဲများအတိုင်း လိုက်ပါသွားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
အရာအားလုံးမှာ နောက်ထပ် စမ်းသပ်ပွဲက မည်သို့ဖြစ်လာမည်ဆိုသည့် အပေါ်တွင်သာ မူတည်နေတော့၏။
"လူယုတ်မာ" ပင်းလွီသည် လုံချန်း သူမကို ကြည့်နေရာမှ မျက်လွှဲသွားသောအခါမှသာ တစ်ခွန်းတည်း ရေရွတ်လိုက်၏။
မိနစ်အနည်းငယ် ကုန်ဆုံးသွားပြီးနောက်တွင် တံခါးကြီးများမှာ တစ်ဖန် ပြန်လည် ပွင့်လာတော့သည်။ မှောင်မည်းသော မြူခိုးများမှာ တံခါးဝမှတစ်ဆင့် ခန်းမကြီးအတွင်းသို့ စတင် ဝင်ရောက်လာပြီး ကျယ်ဝန်းလှသော ခန်းမအနှံ့ ပျံ့နှံ့သွားတော့၏။ ထိုမြူခိုးများမှာ ကြမ်းပြင်အထက် လက်မအနည်းငယ်ခန့်တွင်သာ ဝဲပျံနေကြပေသည်။
"ကြွားလိုက်ကြတာ" တုလျမ်က ခေါင်းကို ခါယမ်းရင်း ခပ်အေးအေးပင် ရယ်မောလိုက်၏။
"နင် မနာလိုဖြစ်နေတာလား။ နင်လည်း ဒီလိုမျိုး ဟန်နဲ့ပန်နဲ့ ဝင်လာလို့ ရတာပဲဥစ္စာ" ချန်ယုက စိတ်မဝင်စားဟန် ပြနေသော်လည်း မှတ်ချက်ပေးနေသော တုလျန်ကို ပြောလိုက်သည်။
"ဟက်... ဒါက အသုံးမကျတဲ့ ပြကွက်တစ်ခုပါပဲ။ ဒီလူတွေက ဒါမျိုးလုပ်လို့ ဘာမှ ကောင်းလာမှာ မဟုတ်ပါဘူး" တုလျန်က ပြန်ဖြေလိုက်၏။
"အမှိုက်တချို့ကို စိတ်ဝင်စားအောင် ငါက ဘာလို့ အပင်ပန်းခံနေရမှာလဲ" သူက ဆက်ပြောလိုက်ပြန်သည်။
"ဘယ်သူ့ကို အမှိုက်လို့ ပြောတာလဲ" ဆံပင်အနီရောင်နှင့် လူငယ်တစ်ဦးက မကျေမနပ် တုံ့ပြန်လိုက်၏။ သူသည် ဖုန်းရှူအဖွဲ့နှင့် အနီးဆုံးတွင် ရှိနေသော အခြားအဖွဲ့ တစ်ဖွဲ့မှ ဖြစ်ပေသည်။
ထိုအဖွဲ့မှာ အားနည်းသော အဖွဲ့များထဲမှ တစ်ဖွဲ့ဟု ယူဆထားကြသော်လည်း အခြားသူများ၏ အမြင်တွင်သာ အားနည်းနေခြင်း ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ကမ္ဘာတွင်မူ ၎င်းတို့မှာ ပါရမီရှင်များ ဖြစ်ကြပေသည်။ ၎င်းတို့၏ ရှေ့မှောက်တွင်ပင် ယခုကဲ့သို့ စော်ကားခံရခြင်းကို မည်သို့ သည်းခံနိုင်ပါမည်နည်း။
လူတစ်ယောက်က ၎င်းတို့ကို မည်သို့ အမှိုက်ဟု ခေါ်ဝံ့ပါသနည်း။ ဤသည်မှာ မတရားသဖြင့် စော်ကားခြင်းဖြစ်သည်ဟု ယူဆကာ တစ်ဖွဲ့လုံးမှာ ဒေါသထွက်သွားကြတော့၏။ ကြယ်တာရာက ဤကမ္ဘာကို အုပ်ချုပ်သကဲ့သို့ ဂါနီ အင်ပါယာက တစ်ဦးတည်း အုပ်ချုပ်သော လေတုန်ဟည်း ကမ္ဘာမှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဆံပင်အနီရောင် လူငယ်ကသာ စတင်၍ ကန့်ကွက်လိုက်ခြင်း ဖြစ်ပေသည်။
အဖွဲ့ဝင် သုံးဦးစလုံးမှာ ဂါနီ တော်ဝင်မျိုးနွယ်မှ မင်းသားများ ဖြစ်ကြ၏။ ၎င်းတို့မှာ ၎င်းတို့ ကမ္ဘာ၏ ပါရမီရှင်များ ဖြစ်ကြပေသည်။ ၎င်းတို့မှာ လူပေါင်း ဘီလီယံနှင့်ချီ၍ ကြည်ညိုလေးစားခြင်း ခံရသော နှစ်တစ်ထောင်မှ တစ်ယောက်သာ ပေါ်ထွန်းတတ်သည့် နတ်ဘုရားပေး ပါရမီရှင်များဟု ဆိုကြ၏။
လူငယ်များစွာမှာ ၎င်းတို့ကဲ့သို့ ဖြစ်လာရန် အိပ်မက်မက်ကြရပေသည်။ ၎င်းတို့ကို မည်သို့ အမှိုက်ဟု ခေါ်ဆိုနိုင်ပါသနည်း။ ဤကမ္ဘာကြီးမှာ မည်သည်များ ဖြစ်ပျက်နေသနည်း။
"မင်း တစ်ခုခု ပြောလိုက်တာလား" တုလျန်သည် ဆံပင်အနီရောင် လူငယ်ကို အေးအေးဆေးဆေးပင် စိုက်ကြည့်လိုက်၏။ သူ၏ မျက်လုံးများမှာ ရုတ်တရက် သွေးကဲ့သို့ နီရဲသွားတော့သည်။ ဆံပင်အနီရောင် လူငယ်မှာ ထိုလူ၏ အကြည့်ကို မြင်လိုက်ရသောအခါ သေမင်းနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ပင် သူ၏ နှလုံးသားထဲတွင် အရိုးကွဲမတတ် ကြောက်ရွံ့မှုကို ခံစားလိုက်ရတော့၏။
"သေမင်း အကြည့်... ဒီလိုမျိုးကို ငါ နောက်တစ်ခါ ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး" ရွှင်း၏ အသံက လုံချန်း၏ ဦးနှောက်ထဲတွင် မြည်ဟည်းသွားတော့သည်။
တုလျန်၏ မှောင်မည်းသော မျက်လုံးများမှာ ရုတ်တရက် နီရဲသွားသည်ကို လုံချန်းလည်း သတိထားမိလိုက်၏။ ကံမကောင်းစွာဖြင့် သူကမူ ထိုမျက်လုံးများမှ ထူးခြားသော ခံစားချက်ကို မရရှိခဲ့ချေ။ ၎င်းမှာ လှည့်ကွက်တစ်ခုကဲ့သို့ပင် ထင်ရပေသည်။ သို့သော် ထိုဆံပင်အနီရောင် လူငယ်က အဘယ်ကြောင့် ဤမျှထိ ကြောက်ရွံ့သွားရသနည်း။
ထို့ပြင် တုလျန်၏ ပတ်ဝန်းကျင်မှ အမည်းရောင် မြူခိုးများမှာ အဘယ်ကြောင့် အနောက်သို့ ဆုတ်ခွာသွားရသနည်း။ ယခင်က ထိုသို့ မဟုတ်ခဲ့ချေ။ ထိုမျက်လုံးများက မြူခိုးများကိုပင် ခြောက်လှန့်လိုက်သည့်အလား ရှိနေတော့သည်။
'ဘာကို ဆိုလိုတာလဲ။ သေမင်းရဲ့ မျက်လုံးတွေလား' လုံချန်းက ရွှင်းကို မေးလိုက်၏။ ရွှင်းကိုပင် အံ့ဩသွားစေနိုင်သော အရာမှာ အမှန်တကယ်ပင် ထူးခြားရပေလိမ့်မည်။
"ဒါက စကြဝဠာထဲမှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ပေါ်လာတတ်တဲ့ အထူး ခန္ဓာကိုယ်တစ်ခုပဲ။ နင် ကြားဖူးမှာ မဟုတ်ပေမဲ့ ဒါက တကယ့်ကို ရှားပါးတဲ့ အမျိုးအစားလို့ ဆိုကြတယ်။ နောက်ဆုံးအကြိမ် ပေါ်လာခဲ့တာက မိစ္ဆာနယ်မြေရဲ့ မင်းသားတစ်ယောက်ဆီမှာပဲ။ အဲဒီလူက သေမင်းမျက်လုံးတွေကြောင့် တကယ့်ကို ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ဖြစ်ခဲ့တာပေါ့" ရွှင်းက လုံချန်းကို ပြောပြလိုက်၏။
"ကံမကောင်းတာက ဒီလူက သေမင်းနယ်မြေမှာ မွေးဖွားလာခဲ့တာ မဟုတ်ဘူး။ သူတို့ဆီက မူလစွမ်းအင်ကို အသုံးပြုနိုင်စွမ်း သူ့မှာ မရှိဘူး။ ဒါကြောင့် သူ့ရဲ့ သေမင်းမျက်လုံးတွေက အားကောင်းနိုင်ပေမဲ့ ဟိုလူရဲ့ မျက်လုံးတွေလောက်တော့ အားမကောင်းနိုင်ပါဘူး" သူမက ထပ်လောင်း ပြောဆိုလိုက်၏။ သို့သော် ယခုအကြိမ်တွင် သူမသည် လုံချန်း၏ အနီးအနားသို့ ပေါ်လာခြင်း မရှိခဲ့ချေ။
"ဒီမျက်လုံးတွေက ဘာတွေ ထူးခြားလို့လဲ" လုံချန်းက စူးစမ်းစွာ မေးလိုက်သည်။
"အရာအားလုံးပါပဲ။ ဒီမျက်လုံးတွေကို အကြောင်းမဲ့ သေမင်းမျက်လုံးလို့ ခေါ်တာ မဟုတ်ဘူး။ ဒါက ကိုယ့်ဘာသာကိုယ် ပေးထားတဲ့ နာမည်လည်း မဟုတ်ဘူး။ ဒီကမ္ဘာပေါ်က အင်အားအကြီးဆုံး မျိုးနွယ်စု တစ်ခုဖြစ်တဲ့ အင်မော်တယ် မိစ္ဆာမျိုးနွယ်က သေမင်းမျက်လုံးလို့ ခေါ်ဆိုခဲ့တာ" ရွှင်းက ဆိုလိုက်၏။
'အင်မော်တယ် မိစ္ဆာမျိုးနွယ်လား။ အဲဒါက ဘယ်သူတွေလဲ'
"သူတို့က မိစ္ဆာနယ်မြေကို သိမ်းပိုက်ထားတဲ့ တကယ့် မိစ္ဆာစစ်စစ်တွေပေါ့။ နင် သိထားတဲ့ မိစ္ဆာတွေပေါ့။ ကမ္ဘာပေါ်မှာ အဆင့်နိမ့် မိစ္ဆာတွေ အများကြီး ရှိသလို တခြား မျိုးနွယ်စုတွေကလည်း သူတို့ကို မိစ္ဆာတွေလို့ စုပေါင်း ခေါ်ဆိုကြတာ။ တကယ်တော့ သူတို့က အင်မော်တယ် မိစ္ဆာမျိုးနွယ်ဝင်တွေ မဟုတ်ကြဘူး" ရွှင်းက ရှင်းပြလိုက်သည်။
"အင်မော်တယ် မိစ္ဆာတွေကသာ တကယ့် မိစ္ဆာစစ်စစ်တွေ ဖြစ်ပြီး ကောင်းကင်ဘုံ စစ်သည်တော်တွေနဲ့ ယှဉ်နိုင်တဲ့ တစ်ဦးတည်းသော မျိုးနွယ်စုပဲ" သူမက လုံချန်း ပိုမို နားလည်စေရန် ဆက်လက် ပြောပြလိုက်သည်။