← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း ၁၇၃:သူက ငါ့ရဲ့ အေးစက်တဲ့ လက်ကို ဆုပ်ကိုင်လိုက်တယ်...

သူတို့သည် ချက်ချင်းဆိုသလိုပင် ပြာအဖြစ် ပြောင်းလဲသွားပြီး အစအနလေးတစ်ခုပင် မကျန်ခဲ့ချေ။

လင်းရှန်း၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွှေးများ ထောင်ထသွားသည်။

ဒါက သူတော်စင်တစ်ပါးရဲ့ ခွန်အားပဲလားဟု သူ တွေးလိုက်မိသည်။

သူသည် ချီလှိုင်းများကိုတောင် မခံစားရဘဲ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ် ကျင့်ကြံသူနှစ်ယောက်က ဤအတိုင်း ပျောက်ကွယ်သွားသလော....

ထိုအရာက ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေခြင်းထက်ပင် ပို၍လွယ်ကူနေသည်ဟု သူ တွေးမိသည်။

"သွား..."

လင်းရှန်းသည် အလိုအလျောက်နီးပါး အော်ဟစ်လိုက်ပြီး ကြောင်အမ်းနေသော လင်းယွဲ့ကို ဆွဲကာ ကြေးဝါရုပ်သေးရုပ်လေးခုဆီသို့ အရူးတစ်ယောက်အလား ပြေးသွားလေ၏။

ယခုအချိန်၌ သူ့ထံတွင် အတွေးတစ်ခုသာ ရှိတော့သည်။

သူ လမ်းကြောင်းကို စူးစမ်းကာ စူးချန်ကဲ ပြောသည့်အတိုင်း လုပ်ရပေမည်။

ထိုသို့မဟုတ်လျှင် သူလည်း သေရပေလိမ့်မည်။

အကယ်၍ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုသာ ရှိခဲ့လျှင်ပင် သူသည် တုံ့ဆိုင်းခြင်း မရှိဘဲ စူစူးချန်ကဲကို သစ္စာဖောက်မည် ဖြစ်သော်လည်း ခွန်အားကွာဟချက်မှာ အလွန်ကြီးမားလွန်းသည်။ တစ်ဖက်လူမှာ သူတော်စင်တစ်ပါး ဖြစ်နေပေ၏။

ထို့ကြောင့် ယခုချိန်တွင် သူ၏အမြင်အရ သူ အသက်ရှင်နိုင်သရွေ့ မည်သည့်အရာမဆို အဆင်ပြေသည်။

ထိုရုပ်သေးရုပ်လေးခုကို ရင်ဆိုင်ရခြင်းသည် စူးချန်ကဲကို ရင်ဆိုင်ရခြင်းထက် များစွာပို၍ကောင်းမွန်သည်။

လင်းယွဲ့သည် သူ၏နောက်မှ ဒယိမ်းဒယိုင်ဖြင့် လိုက်ပါလာပြီး နောက်ဆုံးတွင် သူမ၏ကြောင်အမ်းမှုမှ သတိဝင်လာပေ၏။

သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာမှာ ယခုအချိန်၌ လွန်ကဲသော အကြောက်တရားများဖြင့်သာ ပြည့်နှက်နေသည်။ သူမသည် နောက်သို့ပင် မလှည့်ကြည့်ဝံ့ဘဲ သူမ၏အစ်ကိုနောက်သို့ လိုက်ကာ အသည်းအသန် ရှေ့သို့ ပြေးသွားရင်း အဆက်မပြတ် ရေရွတ်နေခဲ့သည်။

"စီနီယာ ... ကျွန်တော်တို့ အခုချက်ချင်း သွားပါ့မယ်... ကျွန်တော်တို့ အခုချက်ချင်း သွားပါ့မယ်..."

သူတို့ နှစ်ဦးသည် ရုပ်သေးရုပ်များ အလယ်သို့ သူတို့ စွမ်းဆောင်နိုင်သမျှ အမြန်ဆုံးအရှိန်ဖြင့် ပြေးဝင်သွားသည်။

သူတို့ ဝင်္ကပါထဲသို့ ခြေချလိုက်သည့် အချိန်အခိုက်အတန့်တွင်...

ဘုန်း...

ကြီးမားသော တုန်ခါသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ကြေးဝါရုပ်သေးရုပ်လေးခုသည် တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။

သူတို့၏မျက်လုံးများတွင် အနီရောင် အလင်းတန်းများ လှိုင်းထသွားပြီး လေဟာနယ်ကို ဆုတ်ဖြဲသွားသော စူးရှသည့် လေတိုးသံနှင့်အတူ သူတို့၏လက်ထဲရှိ ဧရာမ ပုဆိန်ကြီးများကို အရပ်လေးမျက်နှာမှ တပြိုင်နက်တည်း ခုတ်ပိုင်းလိုက်၏။

ပုဆိန်သွားများ မရောက်လာမီမှာပင် ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီသည် လင်းမောင်နှမကို အသက်ရှူရ ခက်ခဲစေခဲ့လေပြီ။

ထိုအရာမှာ ယခင်ကထက် အဆင့်တစ်ဆင့် ပို၍အစွမ်းထက်နေသည်။

ထိုရုပ်သေးရုပ်များသည် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်၏ဖိအားကို ပိုင်ဆိုင်နေလေပြီ။

"ယွဲ့အာ...သတိထား..."

လင်းရှန်းက ရူးသွပ်သောအကြည့်ဖြင့် အော်ဟစ်လိုက်ပြီး သူ၏နတ်ဘုရားမီးတောက်နယ်ပယ်ချီသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ရူးသွပ်စွာ ပေါက်ကွဲထွက်လာသည်။

သူ၏ကျင့်ကြံခြင်းအခြေခံသည် ဝင်္ကပါကြောင့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်၌ ဖိနှိပ်ခြင်း ခံထားရသည်။ သို့ရာတွင် သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် နတ်ဘုရားမီးတောက်နယ်ပယ် ၏ခွန်အားတွင် ရှိနေဆဲဖြစ်သဖြင့် သူ၏သွေးချီများမှ အရည်အသွေးမှာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်ထက် များစွာသာလွန်နေသည်။

ဤအချိန်အခိုက်အတန့်တွင် အသက်ရှင်ရန် တိုက်ခိုက်နေရသဖြင့် သူ ထုတ်လွှတ်လိုက်သော ခွန်အားမှာ သာမန် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်နှင့် လုံးလုံးလျားလျား နှိုင်းယှဉ်၍ မရနိုင်ချေ။

ထို့ပြင် ဤနေရာသို့ သူ ရောက်ရှိခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ချေ။

ဤအပျက်အစီးနယ်မြေ၏ပိုင်ရှင်သည် မည်သည့်အရာကိုပြု လုပ်ရန် ကြိုးစားနေသနည်းဟု သူ မကြာခဏ တွေးတောမိသည်။ သူသည် ဤကဲ့သို့ ပုံမှန်မဟုတ်သော ဝင်္ကပါများနှင့် ရုပ်သေးရုပ်များကို ဖန်တီးထားလေ၏။ တူညီသော ကျင့်ကြံဆင့်နယ်ပယ်မှ ရုပ်သေးရုပ်ကို အနိုင်ယူခြင်းက အဆင်ပြေသော်လည်း သူတို့သည် ဝင်္ကပါများကို ဖြတ်ကျော်ရန်မှာမူ အမှန်တကယ်ကို မလွယ်ကူလှချေ။

နောက်တစ်စက္ကန့်တွင်....

ဘုန်း...

ဖျက်ဆီးနိုင်သော စွမ်းအားများ ပါဝင်သည့် ကြေးဝါဧရာမ ပုဆိန်နှစ်ခုသည် ကြမ်းတမ်းစွာ ခုတ်ပိုင်းလိုက်ချိန်၌ လောကကြီးကို တုန်ခါစေသော တိုက်ခတ်မိသံသည် လေထုကို ဆုတ်ဖြဲသွားပေ၏။

လင်းရှန်း၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားမီးတောက် ရူးသွပ်စွာ လောင်ကျွမ်းသွားသည်။ ရှေးဟောင်းသားရဲပုံစံများ ထွင်းထုထားသော သူ၏လက်ထဲရှိ အနီရင့်ရောင်ဓားရှည်သည် လောင်ကျွမ်းနေသော လေတိုးသံတစ်သံကို ထုတ်လွှတ်လိုက်ပြီး ဓားသွားမှနေ၍ မီးတောက်များ ကောင်းကင်သို့ မြင့်တက်သွားသည်။ ထိုအရာမှာ သာမန်မီးတောက် မဟုတ်ဘဲ သူ၏ နတ်ဘုရားမီးတောက်နယ်ပယ် မူလအစဖြင့် သူ ထုတ်ဖော်လိုက်သော ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်ချီပင်။ ထိုမီးတောက် တစ်မျှင်စီတိုင်းတွင် လေဟာနယ်ကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အပူချိန်တစ်ခု ပါဝင်နေသည်။

သူသည် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကောင်းကင်ကို လောင်ကျွမ်းစေမည့် အရှိန်အဟုန်ဖြင့် တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်၏။

ဘုန်း...

ဧရာမပုဆိန်နှင့် မီးတောက်ဓားတို့ တိုက်မိသည့် အချိန်အခိုက်အတန့်တွင် အနီရောင်နှင့် ရွှေရောင် ရောယှက်နေသော မျက်စိဖြင့် မြင်နိုင်သည့် လှိုင်းတစ်ခုသည် တိုက်ခတ်မိမှု၏ အလယ်ဗဟိုမှ ပေါက်ကွဲထွက်လာသည်။

မိုင်တစ်ရာပတ်လည်ရှိ ဟင်းလင်းပြင်သည် ဧရာမကျောက်တုံးကြီးတစ်တုံး ပစ်ချခံလိုက်ရသော ရေကန်မျက်နှာပြင်အလား ပြင်းထန်စွာ တွန့်လိမ်ပြီး တုန်ခါသွားသည်။ မရေမတွက်နိုင်သော သေးငယ်သည့် အနက်ရောင် အက်ကွဲကြောင်းများက လေဟာနယ်တွင် လင်းလက်ပြီး ပျောက်ကွယ်သွားပေ၏။

ပြင်းထန်သော ချီလှိုင်းများသည် ရူးသွပ်သော မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အပျက်အစီးများ၏ ကြမ်းပြင်ပေါ်ရှိ မာကျောသော ရွှမ်ကန်းကျောက်တုံးများပေါ်တွင် အက်ကွဲကြောင်းများအဖြစ် ဖန်တီးလိုက်သည်။ သဲမှုန်များနှင့် ကျောက်စရစ်ခဲများသည် မိုးရွာသည့်အလား ပန်းထွက်လာသည်။

"ဖူး..."

လင်းရှန်းသည် သူ၏လည်ချောင်းထဲတွင် အချိုဓာတ်တစ်ခုကို ခံစားလိုက်ရပြီး သွေးတစ်လုတ် အန်ထွက်လုနီးပါး ဖြစ်သွားသော်လည်း သူသည် အတင်းအကြပ် ပြန်မျိုချလိုက်၏။

နတ်ဘုရားမီးတောက်ချီဖြင့် စုစည်းထားသော သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနီရင့်ရောင်အကာအကွယ်သည် ပုဆိန်နှစ်ခု၏ ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိပြီးနောက် ကျယ်လောင်သည့် အက်ကွဲသံတစ်သံကို ထုတ်လွှတ်လိုက်သည်။ ထိုအကာအကွယ်၏မျက်နှာပြင်မှာ ပင့်ကူအိမ်အလား အက်ကွဲကြောင်းများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားပြီး ထိုအရာ၏အလင်းရောင်သည် လျှင်မြန်စွာ မှေးမှိန်သွားကာ နောက်တခဏတွင် လုံးလုံးလျားလျား အက်ကွဲသွားတော့မည့်အလားပင်။

သို့ရာတွင် နတ်ဘုရားမီးတောက်နယ်ပယ် ကြောင့် သွေးကြောများ ခိုင်မာလာသော သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အားကိုးကာ သူသည် သူ့ကိုယ်သူ အတင်းအကြပ် တည်ငြိမ်အောင်ထားပြီး ပုဆိန်နှစ်ခုကို နောက်တစ်ကြိမ် ထပ်မံ၍ ပိတ်ဆို့ဟန့်တားနိုင်ခဲ့သည်။

...

တိုက်ပွဲသည် အလွန်လျှင်မြန်စွာ ဖြစ်ပွားခဲ့လေ၏။

ထိုအရာသည် မည်သည့် တုံ့ဆိုင်းမှုအတွက်မျှ အချိန်မပေးခဲ့ချေ။

လင်းရှန်းသည် လျင်မြန်စွာ ဆုတ်ခွာရန် သူ၏စွမ်းအားကို အသုံးပြုရင်း တစ်ချိန်တည်းမှာပင် လင်းယွဲ့ကို ဘယ်ဘက်သို့ တွန်းထုတ်လိုက်သည်။

"ပုံမှန်အတိုင်းပဲ... ငါ သုံးခု ယူမယ်... မင်း တစ်ခု ယူ... သူတို့ကို သီးခြားစီ ပိတ်ဆို့ဟန့်တားကြရအောင်..."

ရုပ်သေးရုပ်လေးခုကို ဝင်္ကပါတစ်ခုဖြင့် ဆက်သွယ်ထားကြောင်း သူ သိထားသည်။ အကယ်၍ ထိုရုပ်သေးရုပ်လေးခုလုံး အတူတကွ အလုပ်လုပ်ပါက သူသည် သူတို့ကို ပိတ်ဆို့ဟန့်တားနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့ ယခင်က လုပ်ခဲ့ဖူးသည့်အတိုင်း လင်းယွဲ့ကို ရုပ်သေးရုပ်တစ်ခု တာဝန်ယူခိုင်းရုံသာ တတ်နိုင်တော့သည်။ သူတို့သည် ဤအစီအစဉ်ကို အကြိမ်များစွာ ကြိုးစားပြီး ကျရှုံးခဲ့သော်လည်း ယခုအချိန်၌ ဆုတ်ခွာရန် လမ်းမရှိတော့ချေ။

"ကောင်းပြီလေ..."

လင်းယွဲ့သည် အံ့ကြိတ်လိုက်ပြီး သူမ၏လက်ထဲရှိ သွေးရောင်မှိန်းသည် လွှဲယမ်းသွားကာ ဧရာမ ပုဆိန်များထဲမှ တစ်ခုကို ခက်ခက်ခဲခဲ ရိုက်ခတ်နိုင်ခဲ့သည်။

ဘုန်း...

မီးပွားများ လွင့်စင်သွားပြီး သူမ၏ လက်မနှင့် လက်ညှိုးကြားရှိ အရေပြားသည် တုန်ခါမှုကြောင့် ကွဲထွက်သွားကာ သွေးများ အဆက်မပြတ် စီးကျလာသည်။ သူမသည် နောက်သို့ လွင့်စင်သွားပြီး မြေပြင်နှင့် ပြင်းထန်စွာ ရိုက်မိကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

သို့ရာတွင် အနည်းဆုံးအနေဖြင့် သူမ မသေသေးချေ။

"အရမ်းသန်မာတာပဲ... အရင်ကထက်တောင် ပိုသန်မာသေးတယ်..."

လင်းယွဲ့သည် ခက်ခက်ခဲခဲ ထရပ်လိုက်ကာ သူမ၏မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။

သူမသည် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အစောပိုင်းအဆင့်တွင် ရှိနေသော်လည်း သူမသည် သစ္စာဖောက်ပြီး ရက်စက်သော သတ်ဖြတ်ခြင်း တာအိုလမ်းစဥ်ကို လျှောက်လှမ်းနေခြင်းပင်။ ထိုကြောင့် တိုက်ရိုက်တိုက်ခိုက်မှုများတွင် သူမသည် လင်းရှန်းထက် များစွာပို၍ နိမ့်ကျလေ၏။

ထို့ပြင် သူမသည် ယခုအချိန်၌ သူမ၏ကျင့်ကြံဆင့်သည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ဖိနှိပ်ခြင်း ခံထားရသည်။

တစ်ဦးချင်း ယှဉ်ပြိုင်မှုတွင် သူမသည် ရုပ်သေးရုပ်၏ပြိုင်ဘက် လုံးဝမဟုတ်ချေ။ သူမကျရှုံးရန်မှာ အချိန်ကိစ္စလိုအပ်ရုံ သက်သက်သာ ဖြစ်တော့သည်။

ဤအရာကို မြင်သောအခါ လင်းရှန်း၏စိတ်နှလုံးသား လေးလံသွားသည်။

သူ့ထံတွင် အချိန်များများမရှိကြောင်း သူ နားလည်ထားသဖြင့် သူ၏အသက်နှင့်ရင်းပြီး တိုက်ခိုက်ရပေမည်။

ဤအချိန်အခိုက်အတန့်တွင် သူသည် သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရား မီးတောက်ကို လောင်ကျွမ်းစေလိုက်၏။

တစ်ချိန်တည်းမှာပင်....

"သွားကြတာပေါ့..."

စူးချန်ကဲက တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။

သူသည် လင်းမောင်နှမကို တစ်ချက်လေးမျှပင် မကြည့်ခဲ့ချေ။ သူ့ရှေ့ရှိ ပြင်းထန်သော တိုက်ပွဲမှာ လမ်းဘေးရှိ ရှုခင်းတစ်ခု သက်သက်သာ ဖြစ်သည့်အလားပင်။ သူ၏ အသံမှာ ညင်သာပြီး ဤနေရာရှိ သတ်ဖြတ်မှုများနှင့် သိသာထင်ရှားသော ခြားနားမှုတစ်ခုကို ဖန်တီးနေသည်။

နင်ဖူယောင်သည် သူမ၏အကြည့်ကို ရုတ်သိမ်းလိုက်ပြီး စူးချန်ကဲ၏ခြေလှမ်းများနောက်သို့ အလျင်အမြန် လိုက်ပါသွားသည်။ သူမ၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ကျန်ရှိနေဆဲပင်။ လင်း မောင်နှမသည် ရုပ်သေးရုပ်များနှင့် သေရေးရှင်ရေးတိုက်ပွဲ ဆင်နွှဲနေသည်ကို မြင်ရသောအခါ သူမသည် အနည်းငယ် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

"ဘာဖြစ်လို့လဲ... မခံစားနိုင်လို့လား..."

စူးချန်ကဲက တီးတိုးမေးလိုက်၏။

နင်ဖူယောင်က ချက်ချင်းခေါင်းယမ်းလိုက်သည်။

"ဘယ်လိုလုပ်ပြီး အဲ့ဒီလို ဖြစ်နိုင်မှာလဲ စီနီယာအစ်ကို ... ငါက အဲ့ဒီလောက်ထိ စိတ်သဘောထား နူးညံ့တဲ့သူ မဟုတ်ပါဘူး...တကယ်လို့ စီနီယာအစ်ကိုသာ မရှိခဲ့ဘဲနဲ့ ငါတစ်ယောက်တည်းဆိုရင် အစောကြီးကတည်းက သူတို့ သတ်တာ ခံရလောက်ပြီ... ငါက ဒီရုပ်သေးရုပ်တွေက တော်တော်လေး အစွမ်းထက်တယ်လို့ ထင်မိလို့ပါ..."

ရန်သူအပေါ် သနားကြင်နာမှု ပြသခြင်းသည် ကြီးမားသော တားမြစ်ချက်တစ်ခုပင်။

ဤအခြေခံမူကို ငယ်စဥ်ကတည်းက သူမ နားလည်ထားခဲ့သည်။

"အဲ့ဒီရုပ်သေးရုပ်တွေက မဆိုးဘူး... တကယ်လို့ ငါ အခွင့်အရေးရရင် စမ်းကြည့်ဖို့ ရုပ်သေးနည်းနည်းလောက် လုပ်ကြည့်မယ်..."

စူးချန်ကဲက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

နင်ဖူယောင်က အံ့အားသင့်စွာ မေးလိုက်သည်။

"စီနီယာအစ်ကိုက ရုပ်သေးရုပ်တွေကို ဘယ်လို သန့်စင်ရမလဲဆိုတာ သိတယ်လား..."

"တကယ်လို့ ငါ မသိဘူးဆိုရင်လည်း ငါ သင်ယူလို့ ရတာပဲလေ..."

စူးချန်ကဲက အပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။

ဤစကားကို ကြားသောအခါ နင်ဖူယောင် တခဏမျှ ကြောင်အမ်းသွားပြီး စူးချန်ကဲ၏ဘေးတိုက်မျက်နှာကို ကြောင်အမ်းအမ်းဖြင့် ကြည့်လိုက်၏။ စူးချန်ကဲသည် သူမကို ဤကဲ့သို့ နောက်ပြောင်သော လေသံဖြင့် စကားပြောသည်ကို ဤသည်မှာ သူမ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။ ရိုးရိုးသားသား ပြောရလျှင် ယခုအချိန်တွင် ဤစီနီယာအစ်ကိုကို သူမ အလွန်သဘောကျနေမိလေပြီ။

သူတို့နှစ်ဦးသည် တိုက်ပွဲနေရာကို ဤအတိုင်း ဖြတ်သန်း၍ လျှောက်လှမ်းသွားသည်။

ရုပ်သေးရုပ်လေးရုပ်သည် သူတို့ကို လုံးဝမမြင်သည့်အလား ဖြစ်နေပြီး တိုက်ခိုက်မှုများ အားလုံးသည် လင်းမောင်နှမအပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။

မကြာမီ သူတို့သည် ဤရှေးဟောင်း လမ်းကြောင်း၏အဆုံးသို့ ရောက်ရှိသွားသည်။

ရှေ့တွင် လမ်းက ရုတ်တရက် အဆုံးသတ်သွားပြီး သူတို့၏ခြေထောက်အောက်တွင် အလင်းနှင့်အသံအားလုံးကို ဝါးမျိုနိုင်သည့်အလား လေပြင်းများ တိုက်ခတ်နေသော အောက်ခြေမရှိသည့် မှောင်မိုက်သော တွင်းနက်ကြီးတစ်ခု ရှိနေလေ၏။

ထိုတွင်းနက်ကြီး၏တစ်ဖက်တွင် မှုန်ဝါးသော အလင်းရောင်ဖြင့် ဖုံးလွှမ်းနေသည့် ရှေးဟောင်း တံခါးပေါက်တစ်ခုကို ဝေဝါးစွာ မြင်တွေ့နိုင်သည်။ ထိုအရာမှာ အပျက်အစီးများ၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ပေါက်ပင်။

သို့ရာတွင် ချောက်ကမ်းပါးနှစ်ခုကြားတွင် လေဟာနယ်သက်သက်သာ တည်ရှိနေခြင်း မဟုတ်ချေ။ ထိုနေရာတွင် လျှို့ဝှက်ဆန်းကြယ်သည့် ရွှေရောင်မှော်စာလုံးများဖြင့် ဖုံးလွှမ်းနေသော မမြင်နိုင်သည့် အတားအဆီးတစ်ခုဖြင့် ပြည့်နှက်နေသည်။

အစွမ်းထက်သော ဟင်းလင်းပြင် ကန့်သတ်ချက်နှင့် ဖိနှိပ်ရေးဝင်္ကပါသည် သူတို့ ရှေ့ဆက်မည့်လမ်းကို လုံးလုံးလျားလျား ပိတ်ဆို့ထားလေ၏။

နင်ဖူယောင်၏ လက်ရှိကျင့်ကြံခြင်း ဖြင့် ဤ ကန့်သတ်ချက်ကို အတင်းအကြပ် ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

သူမသည် လက်လှမ်းမမီနိုင်သော မျက်နှာချင်းဆိုင်ဘက်ကမ်းကို ကြည့်ကာ သူမ၏နူးညံ့သော မျက်ခုံးများကို အနည်းငယ် ပင့်လိုက်သည်။ သူမက စီနီယာအစ်ကိုကို ဤနေရာမှ စောင့်နေမည်ဟု ပြောသင့်မပြောသင့် စဉ်းစားနေခဲ့သည်။

ထိုအချိန်မှာပင် နွေးထွေးပြီး အစွမ်းထက်သော လက်တစ်ဖက်သည် သူမ၏အေးစက်သော လက်ကို ဆုပ်ကိုင်လိုက်၏။

အခန်း ၁၇၄: အားနည်းတဲ့သူကို ဖိနှိပ်တာက သန်မာသူတစ်ယောက်ရဲ့လုပ်ရပ် မဟုတ်ဘူး...

နင်ဖူယောင်၏ နူးညံ့သော ခန္ဓာကိုယ်လေး ပြင်းထန်စွာ တုန်ခါသွားပြီး သူတို့ ထိတွေ့နေသော လက်ဖဝါးများမှတစ်ဆင့် ဖျော့တော့သော လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသည့်အလားပင်။

သူမသည် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ရာ စူးချန်ကဲ၏ တည်ငြိမ်သော ဘေးတိုက်မျက်နှာကို မြင်တွေ့လိုက်ရသည်။

သူ၏လက်သည် ကြီးမားပြီး သူမ၏လက်ကို လုံးဝနီးပါး ဖုံးအုပ်ထားကာ သူ၏လက်ဝါးမှ ဖြာထွက်နေသော နွေးထွေးမှုမှာ အလွန်သိသာထင်ရှားလှ၏။

သူ ရိုးရိုးသားသား ပြောရလျှင် ထိုအရာမှာ အလွန်နူးညံ့သည်။ ဤသည်မှာ စူးချန်ကဲ၏ လက်ချောင်းထိပ်များသို့ သူမထံမှ နူးညံ့မှုများ ကူးစက်လာသော ခံစားချက်ပင်။ ငယ်ရွယ်သော မိန်းကလေး၏လက်သည် အရိုးမရှိသည့်အလား နူးညံ့နေပြီး သူမ၏အသားအရေမှာ အရည်အသွေးမြင့်မားသည့် နွေးထွေးသောကျောက်စိမ်းအလား နူးညံ့လှသည်။

ထိုသို့ဆိုသည့်တိုင် သူ၏အမူအရာမှာ ပြောင်းလဲမသွားခဲ့ချေ။

နင်ဖူယောင်၏ပါးပြင်များ ချက်ချင်းနီရဲသွားပြီး သူမ၏နှလုံးသား ထိန်းချုပ်၍မရအောင် ပြင်းထန်စွာ ခုန်ပေါက်လာသည်။

ယခင်က မရှိဖူးသော ထူးဆန်းသည့် ခံစားချက် တစ်ခုသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပေ၏။

'အများကြီး... အများကြီး မတွေးနဲ့...'

'စီနီယာအစ်ကိုက ငါ့ကို အဆင်ပြေပြေ ဖြတ်ကူးသွားနိုင်အောင် ဒီလို လုပ်ပေးတာပဲ ဖြစ်မယ်...'

'အင်း...အဲ့ဒီလိုပဲ ဖြစ်ရမယ်...'

'ဒါက လိုအပ်တဲ့ အထိအတွေ့တစ်ခု သက်သက်ပဲ...'

သူမက တွေးတောလိုက်သည်။

သို့ရာတွင် သူမသည် ဤအတွေးကို ဖိနှိပ်ရန် ကြိုးစားလေလေ သူမ ပို၍ထိတ်လန့်လာလေလေပင်။ အထူးသဖြင့် ဂျူနီယာညီမလေးထုယိုယိုမှ သူမကို တိတ်တဆိတ် ပြောဆိုခဲ့သော ပွင့်လင်းသည့် စကားများသည် ယခုအချိန်၌ သူမ၏နားထဲတွင် အလွန်ရှင်းလင်းစွာ ပဲ့တင်ထပ်နေသောကြောင့်ပင်။

သို့ရာတွင် စူးချန်ကဲသည် ထိုမျှလောက် မစဉ်းစားခဲ့ချေ။ သူ၏အကြည့်သည် မျက်နှာချင်းဆိုင် တစ်ဖက်ကမ်းထံတွင်သာ တည်ငြိမ်စွာ ကျရောက်နေသည်။

သူသည် ရှေ့သို့ ဖြည်းညှင်းစွာ ခြေတစ်လှမ်း လှမ်းလိုက်၏။

"ဝီ..."

မမြင်နိုင်သော အရှိန်အဝါတစ်ရပ်သည် သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာပြီး လောကကြီးကို တုန်လှုပ်စေမည့် အရှိန်အဟုန်မျိုး အနည်းငယ်မျှ မရှိခဲ့ချေ။

ရှေးဟောင်းနှင့် ကြောက်မက်ဖွယ်ကောင်းသော ဝင်္ကပါကန့်သတ်ချက်ဟု ထင်ရသောအရာမှာ ချက်ချင်းဆိုသလိုပင် အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားပြီးနောက် လုံးဝပြိုကွဲသွားတော့သည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင်....

ဟင်းလင်းပြင် အနည်းငယ် လှိုင်းထသွားပြီး စူးချန်ကဲနှင့် နင်ဖူယောင်တို့၏ ပုံရိပ်များသည် တွင်းနက်ကြီး၏ တစ်ဖက်တွင် ထွက်ပေါ်လာခဲ့လေ၏။

လက်ကိုင်ခြင်းမှစ၍ ဝင်္ကပါကို ချိုးဖျက်ကာ တွင်းနက်ကြီးကို ဖြတ်ကျော်ခြင်းအထိ လုပ်ငန်းစဉ်တစ်ခုလုံးမှာ အသက်ဆယ်ရှိုက်စာမျှပင် မကြာခဲ့ချေ။

ထို့ပြင် နင်ဖူယောင်သည် ကန့်သတ်ချက်ကို ဖြတ်ကျော်ရသည့် ဖိအားကို ခံစားရန်ပင် အချိန်မရလိုက်ချေ။ သူမသည် သူမ၏မျက်စိရှေ့တွင် မှုန်ဝါးဝါးသာ မြင်လိုက်ရပြီး သူမ၏ ခြေထောက်များသည် ခိုင်မာသော မြေပြင်ပေါ်သို့ ရောက်ရှိနေလေပြီ။ တင်းကြပ်စွာ ဆုပ်ကိုင်ထားသော လက်တစ်ဖက်သည် သူမအတွက် နွေးထွေးမှုကို ထိန်းသိမ်းထားဆဲပင်။

နောက်တစ်စက္ကန့်တွင် စနစ်၏အသံသည် စူးချန်ကဲ၏စိတ်ထဲတွင် အချိန်ကိုက် မြည်ဟည်းလာပေ၏။

"【ဒင်... တာဝန်ပြီးမြောက်ပါပြီ... လက်ခံသူက ဝင်္ကပါကို အတင်းအကြပ် ချိုးဖျက်ပြီး နင်ဖူယောင်ရဲ့လက်ကို အောင်မြင်စွာ ကိုင်လိုက်နိုင်တယ်... နွေးထွေးမှုက နှစ်ဆ ဖြစ်သွားပြီးတော့ ကံကြမ္မာသမီးတော် နင်ဖူယောင်ကို သင်က အောင်မြင်စွာ နွေးထွေးစေခဲ့တယ်... ဆုလာဘ် ....တစ်နှစ်စာ ကျင့်ကြံခြင်း အတွေ့အကြုံ ...】"

"【လက်ရှိ စုစုပေါင်း ...တစ်နှစ်နှင့် တစ်လစာ ကျင့်ကြံခြင်း အတွေ့အကြုံ 】"

တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်တွင် လဲလျောင်းရင်း ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သော ဒဏ်ရာအပြင်းအထန်ရနေသည့် ကျင့်ကြံသူနှစ်ဦးသည် ယခုအချိန်၌ ဖြူရော်နေသော မျက်နှာများဖြင့် ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့ကြသည်။

စူးချန်ကဲ၏ကျောပြင်သည် အပျက်အစီးနယ်မြေ၏ နက်ရှိုင်းသောနေရာသို့ တိုးဝင်ပျောက်ကွယ်သွားပြီးမှသာ သူတို့ အသံထွက်ဝံ့ကြသည်။

"အဲ့ဒီ ငယ်ရွယ်တဲ့ စီနီယာ ... သူက ဘာလို့ ငါတို့ကို မတိုက်ခိုက်တာလဲ..."

"အစကနေအဆုံးထိ သူ့ကို ငါတို့က ဘယ်တုန်းကမှ အန္တရာယ် မပေးချင်ခဲ့သလို မပြောသင့်တဲ့ စကားတွေကိုလည်း မပြောခဲ့လို့များလား..."

"ဒီလို ကြီးမြတ်တဲ့ပုဂ္ဂိုလ်မျိုးရဲ့ အတွေးတွေကို ငါတို့ ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ..."

"ဘာပဲဖြစ်ဖြစ် စီနီယာက ငါတို့ကို လွှတ်ပေးလိုက်တာ သေချာတယ်..."

ဘေးဒုက္ခမှ အသက်ရှင်ကျန်ရစ်သူ နှစ်ဦးသည် စူးချန်ကဲ ထွက်သွားသော ဦးတည်ချက်သို့ ပြင်းထန်စွာ ချက်ချင်းဦးညွှတ်လိုက်ကြရာ သူတို့၏နဖူးများသည် မြေပြင်ကို ခပ်အုပ်အုပ်အသံများဖြင့် ရိုက်ခတ်သွားခဲ့သည်။

ယခုကဲ့သို့ ပြင်းထန်စွာ ဒဏ်ရာရနေသော အခြေအနေဖြင့် ဤအန္တရာယ်များသော အပျက်အစီးနယ်မြေထဲတွင် သူတို့ အသက်ရှင်ကျန်ရစ်ရန် ခက်ခဲပေမည်။ သို့ရာတွင် အနည်းဆုံးအနေဖြင့် သူတို့သည် လင်းရှန်းမှာ အန္တရာယ်ကို ကျော်ဖြတ်နိုင်ခဲ့လေပြီ။

စူးချန်ကဲဘက်မှ မရည်ရွယ်ဘဲ ဖြစ်နိုင်ခြင်း သို့မဟုတ် အစကတည်းက သူတို့ကို အလေးအနက် မထားခဲ့ခြင်း ဖြစ်နိုင်သော်လည်း မည်သို့ပင်ဖြစ်စေ တစ်ဖက်လူသည် သူတို့ကို သွယ်ဝိုက်သောနည်းဖြင့် ကယ်တင်ခဲ့သည်။ သူတို့သည် ရာဇဝတ်ကောင်များ ဖြစ်သော်လည်း ကျေးဇူးတရားနှင့် ရန်ငြိုးများအကြောင်းကို သူတို့ ရှင်းလင်းစွာ သိထားသည်။ ထိုကြောင့် သူတို့ ဒူးထောက်၍ ဦးညွှတ်အရိုအသေပြုရပေမည်။

...

အပျက်အစီးနယ်မြေ၏ နက်ရှိုင်းသော နေရာတွင်...

ကြေးဝါရုပ်သေးရုပ်ဝင်္ကပါကို ဖြတ်သန်းပြီးနောက် မြင်ကွင်းတစ်ခုက ရုတ်တရက် သူတို့၏ရှေ့တွင် ထွက်ပေါ်လာသည်။

ထိုနေရာသည် ဟောင်းနွမ်းပြီး ယိုယွင်းနေသော ရှေးဟောင်းခန်းမဆောင်တစ်ခုဖြစ်ပြီး ယခင် ခမ်းနားထည်ဝါခဲ့မှုကို ဝေဝါးစွာ မြင်တွေ့နိုင်သည်။

သို့ရာတွင် ယခုအချိန်၌ ခန်းမဆောင်နံရံများတွင် အစက်အပြောက်များ စွန်းထင်းနေပြီး အုတ်ကြွပ်များ ကျိုးပဲ့ကာ အချိန်ကာလ၏ ပြောင်းလဲမှုများကို ခံစားရစေသည်။

အထင်ရှားဆုံးမှာ ထိုခန်းမဆောင်ကို ဖျော့တော့သော ရွှေရောင်အလင်းတန်းကိုးခုဖြင့် ဝန်းရံထားခြင်းပင်။ ဤအရာများမှာ လကိုးစင်း၏ စွမ်းအားကို ထင်ဟပ်နေခြင်းဖြစ်ပြီး ခန်းမဆောင်၏ ထိပ်တွင် ပေါင်းဆုံကာ တောက်ပသော ရွှေရောင်အလင်းတိမ်တိုက်တစ်ခုကို ဖန်တီးထားလေ၏။

ထိုအလင်းတိမ်တိုက် အတွင်းတွင် မပြည့်စုံသော ရွှေနဂါးပုံရိပ်တစ်ခု ဖြည်းညင်းစွာ ကူးခတ်နေသည်ကို မြင်တွေ့နိုင်ပြီး ကြီးကျယ်ခမ်းနားသော

နဂါးအရှိန်အဝါတစ်ရပ် ဖြာထွက်နေသည်။

ထို့ပြင် ခန်းမဆောင်အတွင်းတွင် လွန်ကဲစွာ ထက်ရှသော ဓားစိတ်ဆန္ဒတစ်ခုရှိနေကာ မိုးကောင်းကင်ယံသို့ မြင့်တက်နေခဲ့သည်။

"ဒါက..."

စူးချန်ကဲ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

ဤခန်းမဆောင်မှာ သူ့ခရီးစဉ်၏ စစ်မှန်သော ခရီးဆုံး ဖြစ်ပြီး စစ်မှန်သော နဂါးရတနာဆေး လုံးကို အာဟာရဖြစ်စေရန် လကိုးစင်း၏ စွမ်းအားကို ဆွဲငင်ထားသည့် အဓိကနေရာ ဖြစ်ကြောင်း သူ မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရသည်။

"တော်တော်လေး တိုက်ဆိုင်တာပဲ ဒါက ငါ့အတွက် ပြဿနာတချို့ကို သက်သာသွားစေတယ်..."

စူးချန်ကဲက တွေးတောလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် နင်ဖူယောင်သည်လည်း ကြောင်အမ်းသွားပေ၏။

အဘယ်ကြောင့်ဆိုသော် သူမ၏ကျောပေါ်ရှိ ရှေးဟောင်းဓားအတွင်းမှ အားချီသည် စိတ်လှုပ်ရှားစွာ ပြောဆိုနေသောကြောင့်ပင်။

"သခင်မ... ဒီနေရာပဲ... ခန်းမဆောင်ထဲမှာ လကိုးစင်း ဓားသစ်သီးတစ်လုံးရှိတယ်...အဲ့ဒါက နှစ်တစ်ရာတိုင်တိုင် စုဆောင်းထားတဲ့ လကိုးစင်း စိတ်ဝိညာဉ်စွမ်းအားတွေကနေ စုစည်းထားတာဖြစ်ပြီးတော့ သန့်စင်တဲ့ ဓားတာအိုရဲ့ မူလအစ ပါဝင်တယ်... တကယ်လို့ အဲ့ဒါကို ရရင် နင့်ရဲ့ ဓားခန္ဓာကိုယ်က အပြည့်အဝ နိုးထလာမှာ သေချာပေါက်ပဲ..."

နင်ဖူယောင် အသက်ရှူမှားသွားသည်။

'လကိုးစင်း ဓားသစ်သီး ... အဲ့ဒီအရာက ငါ့ရဲ့ ဓား ခန္ဓာကိုယ်ကို အပြည့်အဝ နိုးထလာစေနိုင်မှာလား'

သို့ရာတွင် မကြာမီ တုံ့ဆိုင်းမှု အရိပ်အယောင်တစ်ခုက သူမ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။

သူမက နံဘေးရှိ စူးချန်ကဲကို လှည့်ကြည့်လိုက်သည်။

'စီနီယာအစ်ကို ...'

'စီနီယာအစ်ကိုရဲ့ ပါရမီနဲ့ဆိုရင် တကယ်လို့ သူသာ ဒီဓားသစ်သီးကို ရခဲ့ရင် သူ သေချာပေါက် ပိုပြီးအစွမ်းထက်လာမှာမလား...'

'ဒီအခွင့်အရေးက အစကတည်းက စီနီယာအစ်ကိုနဲ့ သက်ဆိုင်သင့်တာ...'

'ကောင်းကင်နဲ့မြေကြီး စိတ်ဝိညာဉ် ရတနာ တွေကို စွမ်းရည်ရှိတဲ့သူတွေက ရရှိတာပဲ...'

သူမသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမ၏စိတ်နှလုံးသားထဲမှ အားချီကို ပြောလိုက်၏။

"အားချီ... ငါ့ထက် စီနီယာအစ်ကိုက ဒီဓားသစ်သီးကို ပိုပြီးလိုအပ်တယ်လို့ ငါ ထင်တယ်..."

အားချီက တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် ညင်သာစွာ သက်ပြင်းချလိုက်သည်။

"သခင်မ... ဒီဓားသစ်သီးက နင့်အတွက် ဘာကို ဆိုလိုတယ်ဆိုတာ နင် သိလား..."

"ငါ သိပါတယ်..."

နင်ဖူယောင်သည် အလွန်တည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။

"ဒါပေမဲ့ တကယ်လို့ စီနီယာအစ်ကိုသာ မရှိခဲ့ဘူးဆိုရင် ငါက ဒီအပျက်အစီးနယ်မြေထဲကိုတောင် ဝင်နိုင်ခဲ့မှာ မဟုတ်ဘူး...အခွင့်အရေး ကို ရဖို့ဆိုတာကိုတော့ ပြောမနေနဲ့တော့... လူတစ်ယောက်က သူ့ရဲ့ မူလဇစ်မြစ်ကို မေ့လို့ မရဘူးလေ..."

အားချီ ဘာမျှ ထပ်မပြောတော့ချေ။

ထိုအချိန်မှာပင်...

"စီနီယာ ..."

အားနည်းသော အသံတစ်သံက အနောက်မှ ထွက်ပေါ်လာသည်။

လင်းရှန်းသည် သေလုမြောပါး ဖြစ်နေသော လင်းယွဲ့ကို ထောက်မထားပြီး ရုပ်သေးရုပ် ဝင်္ကပါထဲမှ ယိမ်းယိုင်စွာ ထွက်လာခဲ့သည်။

သူသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ ဘယ်ဘက်လက်မောင်းမှာ တွဲလောင်းကျနေပေ၏။

သူ၏ရင်ဘတ်တွင် အရိုးကို မြင်နိုင်လောက်အောင် နက်ရှိုင်းသော ပုဆိန်ဒဏ်ရာတစ်ခု ရှိနေပြီး သွေးများပန်းထွက်နေသည်။

လင်းယွဲ့သည် ပို၍ပင် ဆိုးရွားသော အခြေအနေတွင် ရှိနေခဲ့သည်။ သူမ၏ ညာဘက်လက်တစ်ချောင်းလုံးမှာ ပခုံးမှနေ၍ ပြတ်တောက်သွားခဲ့ပြီး ဒဏ်ရာတဝိုက်တွင် အနက်ရောင်ချီများ လှည့်ပတ်နေသည်။ ကြည့်ရသည်မှာ သူမသည် ရုပ်သေးရုပ်၏ ကြောက်မက်ဖွယ်ကောင်းသော အဆိပ်ကြောင့် အဆိပ်သင့်သွားပုံပင်။ သူမ၏ မျက်နှာသည် စက္ကူအလား ဖြူရော်နေပြီး သူမ၏ အသက်ရှူသံမှာ အားနည်းကာ သူမသည် သတိလစ်တော့မည့် အခြေအနေတွင် ရှိနေလေပြီ။

ကြေးဝါရုပ်သေးရုပ်လေးရုပ်သည် သူတို့၏ မူလ နေရာများသို့ ပြန်ဆုတ်သွားကြပြီး သူတို့၏ မျက်လုံးများထဲရှိ အနီရောင်အလင်းတန်းများ ဖြည်းညှင်းစွာ မှေးမှိန်သွားပေ၏။

လင်းရှန်းသည် စူးချန်ကဲကို ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် အကြောက်တရားများ မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေသည်။

သူ၏ လက်ရှိအခြေအနေအရ နောက်ထပ် အန္တရာယ်ရှိသော ဧရိယာကို စူးစမ်းရန် မဖြစ်နိုင်ကြောင်း သူ သိထားသည်။

သို့ရာတွင် သူသည် အသက်ချမ်းသာပေးရန် မတောင်းပန်ဘဲ မနေဝံ့ချေ။

"စီနီယာ ... ကျွန်တော်တို့..."

လင်းရှန်းသည် အံ့ကြိတ်ကာ စကားပြောရန် ဟန်ပြင်လိုက်သည်။

"ဆက်သွား..."

စူးချန်ကဲသည် လှည့်ပင်မကြည့်ဘဲ စကားလုံး နှစ်ခွန်းကို ဂရုမစိုက်စွာ ပြောဆိုလိုက်၏။

လင်းရှန်း၏မျက်နှာ ချက်ချင်းဖြူရော်သွားသည်။

သူသည် သူ၏ရှေ့ရှိ ရှေးဟောင်းခန်းမဆောင် ကို တစ်ချက်ကြည့်လိုက်သည်။ ခန်းမဆောင်မှ ဖြာထွက်နေသော ဓားစိတ်ဆန္ဒသည် သူ၏စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။

သူ၏ အထွတ်အထိပ်အချိန်တွင်ပင် သူ ထိုအရာကို မထိဝံ့ချေ။ သူ၏ လက်ရှိ အခြေအနေဖြင့် ဝင်ရောက်ရန်ဆိုလျှင် ပြောနေရန်ပင် မလိုတော့ချေ။ ထိုအရာမှာ သူ့အတွက် သေချာပေါက် သေခြင်းတရားပင်။

လင်းယွဲ့သည်လည်း သတိပြန်လည်လာပြီး စူးချန်ကဲ၏စကားများကို ကြားသောအခါ သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့ မျက်ရည်များ ပြည့်နှက်လာသည်။

'ခွန်အား ကွာဟချက်က... အရမ်းကြီးမားလွန်းတယ်'

သူ တွေးတောလိုက်သည်။

သူတော်စင်တစ်ပါး...

ဒီအောက်ဘုံမှာ သူတော်စင်တစ်ပါးဆိုတာက လုံးဝပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုတစ်ခုပဲ...

ဒီလောက်ငယ်တဲ့ သူတော်စင်တစ်ပါးဆိုရင် ပြောမနေနဲ့တော့...

သူမသည် ဤအခိုက်အတန့်တွင် အူများတွန့်လိမ်သွားသည်အထိ နောင်တရနေခဲ့သည်။

အကယ်၍ သူမသာ သိခဲ့လျှင်... အကယ်၍ သူမသာ သိခဲ့လျှင် သူမ၏အစ်ကိုကို ဤစီနီယာအစ်ကိုနှင့် ဂျူနီယာညီမလေးစုံတွဲကို ရန်စခွင့် ပေးခဲ့မည်မဟုတ်ချေ။

လင်းရှန်းသည် အံ့ကြိတ်လိုက်ရာ ရုန်းကန်မှု အရိပ်အယောင်တစ်ခုသည် သူ၏မျက်နှာပေါ်တွင် ဖြတ်ပြေးသွားခဲ့သည်။ နောက်ဆုံးတွင် သူသည် လင်းယွဲ့ကို တွဲထူထားပြီး ခန်းမဆောင်ဆီသို့ ခြေတစ်လှမ်းချင်း လျှောက်လှမ်းသွားပေ၏။

သူ့ထံတွင် ရွေးချယ်စရာမရှိကြောင်း သူ သိထားသည်။

အကယ်၍ သူသည် စကားတစ်ခွန်း ထပ်ပြောပါက ထိုအဖိုးအိုကဲ့သို့ ဖျက်ဆီးခြင်း ခံရနိုင်သည်။

သူ လောင်းကြေးမထပ်ဝံ့ချေ။

သူတို့နှစ်ဦးသည် ခန်းမဆောင်၏ တံခါးခုံကို ကျော်ဖြတ်တော့မည့် အချိန်မှာပင်..

"အားနည်းသူကို ဖိနှိပ်တာက သန်မာသူရဲ့ လုပ်ရပ် မဟုတ်ဘူး..."

လူငယ်တစ်ဦး၏ ဂရုမစိုက်သော အသံတစ်ခုသည် ခန်းမဆောင်၏ နက်ရှိုင်းသော နေရာမှ ရုတ်တရက် ထွက်ပေါ်လာပေ၏။

ထိုအသံသည် မကျယ်လောင်သော်လည်း လူတိုင်း၏နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။

ချက်ချင်းပင်...

"ဝီ..."

ခန်းမဆောင်တံခါးများ အလိုအလျောက် ပွင့်သွားသည်။

အဖြူရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာသည်။

သူသည် ချောမောခန့်ညားသော လူငယ် တစ်ဦးဖြစ်ပြီး အသက် နှစ်ဆယ့်ခုနစ်နှစ် သို့မဟုတ် နှစ်ဆယ့်ရှစ်နှစ် အရွယ်ခန့် ရှိပုံရကာ သူ၏မျက်ခုံးနှစ်ခုကြားတွင် မွေးရာပါ အထင်သေးမှု အရိပ်အယောင်တစ်ခု ရှိနေသည်။

အထင်ရှားဆုံးမှာ သူ၏ ရှည်လျားသော ရွှေရောင်ဆံပင်များဖြစ်ပြီး လကိုးစင်း၏ ရောင်ပြန်ဟပ်မှုအောက်တွင် တောက်ပစွာ လင်းလက်နေပေ၏။

ဤသူမှာ ဤနေရာတွင် စစ်မှန်သော နဂါး ရတနာဆေးလုံးကို ပြုစုပျိုးထောင်နေသော ဖန်ရွှမ်ပင်။

ဖန်ရွှမ်၏အကြည့်သည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကျရောက်သွားပြီး နောက်ဆုံးတွင် စူးချန်ကဲ၏မျက်နှာပေါ်သို့ ကျရောက်သွားသည်။ သူက ဂရုမစိုက်သောလုပ်ရပ်ဖြင့် ပြောလိုက်သည်။

"မင်းရဲ့လုပ်ရပ်တွေက... ငါ့ကို အရမ်းစိတ်မကျေမနပ်ဖြစ်စေတယ်..."

All Chapters