← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း ၁၇၅: ရွှေရောင်ဆံပင်ကို မြင်လိုက်ရုံနဲ့ ဒေါသထွက်လာတယ်...

ဖန်ရွှမ်၏ပုံရိပ် ထွက်ပေါ်လာသည်နှင့်အမျှ...

ဟင်းလင်းပြင်တဝိုက်လုံး ချက်ချင်းအေးခဲတောင့်တင်းသွားသည်။

"သူတော်စင်တစ်ပါး... နောက်ထပ် သူတော်စင်တစ်ပါးလား... ပြီးတော့ ဒီလောက်ထိ ငယ်ရွယ်သေးတာလား..."

လင်းရှန်းက ကြောင်အမ်းအမ်းဖြင့် ကြည့်နေခဲ့သည်။ အသစ်ရောက်လာသူ၏ သွေးချီစွမ်းအင်များသည် နဂါးတစ်ကောင်အလား ဖြစ်နေပြီး သူ၏ လှုပ်ရှားမှုတိုင်းမှ ဖြာထွက်နေသော ကြောက်မက်ဖွယ်ကောင်းသည့် တာအိုစည်းချက်က လင်းရှန်း၏ဦးရေပြားကို ထုံကျင်သွားစေခဲ့သည်။

ထိုအချက်က ရှင်းလင်းနေပေ၏။

ဤရွှေရောင်ဆံပင်နှင့် လူငယ်သည်လည်း သူတော်စင်တစ်ပါးပင်။

ဤအခိုက်အတန့်တွင် လင်းရှန်း ဘာပြောရမှန်း မသိတော့ချေ။ ယွမ်ယန်နယ်မြေတွင် သူတော်စင်များကို မည်သည့်အချိန်ကတည်းက ဤမျှထိ အလွယ်တကူ တွေ့နိုင်သွားသနည်းဟု သူ တွေးနေမိသည်။

လင်းယွဲ့က အသက်ရှူအောင့်ထားလိုက်၏။ သူမ၏ မျက်လုံးများထဲရှိ တုန်လှုပ်မှု ပျောက်ကွယ်သွားကာ အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး သူမက အလျင်အမြန် အသံပေးပို့လိုက်လေသည်။

"အစ်ကို..."

လင်းရှန်းက သူ့ညီမလေး၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားသည်။ သူသည် လင်းယွဲ့ကိုဆွဲကာ ဘုန်းခနဲ ဒူးထောက်ချလိုက်ပြီး ဖန်ရွှမ်ကို တောင်းပန်လိုက်၏။

"ကျွန်တော်တို့ မောင်နှမကို ကယ်တင်ပေးဖို့ သခင်ကို တောင်းပန်ပါတယ်..."

စကားတစ်ခွန်းတည်းမှနေ၍ ဤသူတော်စင်နှစ်ပါးသည် အချင်းချင်း မသိကျွမ်းကြောင်း သူတို့ ကောက်ချက်ချလိုက်သည်။ ထို့ပြင် ဤရွှေရောင်ဆံပင်နှင့် သူတော်စင်က ပို၍ပင် အစွမ်းထက်ပုံရသည်။ အရေးအကြီးဆုံးအချက်မှာ ရွှေရောင်ဆံပင်နှင့်လူငယ်ထံမှ အထိန်းအကွပ်မရှိ ဖြာထွက်နေသော ရန်လိုမှုမှာ မယုံနိုင်လောက်အောင် ထူထပ်သိပ်သည်းနေခြင်းပင်။

စူးချန်ကဲ၏နောက်တွင်ရှိနေသော နင်ဖူယောင်သည် အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် သူမက သူမ၏ရှေးဟောင်းဓားကို ဆုပ်ကိုင်ကာ ရုတ်တရက် ထွက်ပေါ်လာသော ရွှေရောင်ဆံပင်နှင့်လူငယ်ကို သတိထား၍ ကြည့်လိုက်သည်။

"ဒီလောက်ထိ ကြွယ်ဝတဲ့ သွေးချီစွမ်းအင်တွေ... ဟင်... ဒါက ပြင်ပကိုယ်ပွားတစ်ခု သက်သက်ပဲ... အဲ့ဒီလိုဆိုရင် ဒီကောင်လေးက မရိုးရှင်းဘူး..."

အားချီ၏အသံ ထွက်ပေါ်လာသည်။

နင်ဖူယောင်က သူမ၏စိတ်နှလုံးသားထဲမှ အလျင်အမြန် မေးလိုက်သည်။

"သူက အရမ်းအစွမ်းထက်တာလား... စီနီယာအစ်ကိုလောက် အစွမ်းထက်လား..."

အားချီက မဟာတာအိုသံကြိုးများအကြောင်း တွေးလိုက်ပြီး ပြန်ဖြေလိုက်၏။

"စိတ်မပူပါနဲ့ သခင်မ... အဲ့ဒါက သုံးဆယ် ခုနစ်ဆယ် အချိုးလောက်ပါပဲ..."

"ခုနစ်ဆယ် ရာခိုင်နှုန်း..."

နင်ဖူယောင်က ဤစကားကို ကြားသောအခါ သူမ၏စိတ်နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်ပြီး သူမ၏အကြည့်က ရွှေရောင်ဆံပင်နှင့် လူငယ်အပေါ်သို့ ကျရောက်သွားစဉ် အေးစက်တင်းမာသွားသည်။

သူသည် အမှန်တကယ်ပင် အစွမ်းထက်လှသည်။

"သခင်မ... နင် ငါ ပြောတာကို နားလည်မှုလွဲသွားတာ ဖြစ်နိုင်တယ်... ငါ သုံးဆယ် ခုနစ်ဆယ် အချိုးလို့ ပြောတာက... သခင်မရဲ့ စီနီယာအစ်ကိုက သူ့ကို သုံးမိနစ်အတွင်း အနည်းဆုံး ခုနစ်ကြိမ်လောက် သေအောင် ရိုက်နိုင်တယ်လို့ ဆိုလိုတာပါ..."

အားချီက အလျင်အမြန် ရှင်းပြလိုက်သည်။

"..."

နင်ဖူယောင် စကားမပြောနိုင်ဖြစ်သွားသည်။

ထိုအချိန်တွင်...

မိုးကောင်းကင်တွင်ရှိနေသော ဖန်ရွှမ်၏ အကြည့်က လင်းမောင်နှမအပေါ် စကားတစ်ခွန်းမျှ မဆိုဘဲ ဂရုမစိုက်စွာ ဝှေ့ယမ်းသွားသည်။ သို့ရာတွင် သူ၏အကြည့်က နင်ဖူယောင်ဆီသို့ ပြောင်းသွားချိန်၌ သူ တခဏမျှ အေးခဲတောင့်တင်းသွားသည်။

"အရမ်းလှတာပဲ..."

"သူက အစ်မနဲ့ အရမ်းတူတာပဲ..."

အချိန်တခဏကြာသည်အထိ ဖန်ရွှမ်သည် အမှန်တကယ် ကြောင်အမ်းသွားခဲ့လေ၏။

စူးချန်ကဲဘက်မှမူ...

သူက ဖန်ရွှမ်၏ရွှေရောင်ဆံပင်ကို ယခုအချိန်အထိ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေခဲ့သည်။

ထို့နောက် သူက စကားတစ်ခွန်းကို ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ရွှေရောင်ဆံပင်..."

သူ၏လေသံက ဖုံးကွယ်မထားသော ရွံရှာမှုကို သယ်ဆောင်ထားသည်။

သောက်ကျိုးနည်း...

တခြားမည်သည့်အရာထက်မဆို ရွှေရောင်ဆံပင်ကို မြင်လိုက်ရုံဖြင့် သူ ဒေါသထွက်လာသည်။

ထိုအသံသည် မကျယ်လောင်သော်လည်း ဖန်ရွှမ်က ထိုစကားကို အလွန်ရှင်းလင်းစွာ ကြားလိုက်ရပြီး ထိုအရာက သူ့အတွက် အနည်းငယ် နားလည်ရခက်နေခဲ့သည်။

ရွှေရောင်ဆံပင်လား...

ထိုစကား၏ဆိုလိုရင်းကို သူ နားမလည်သော်လည်း ထိုစကားကို ကြားလိုက်ရုံဖြင့် ထိုအရာမှာ ကောင်းမွန်သော ခေါင်းစဉ် မဟုတ်ကြောင်း သူ သိလိုက်၏။

ရုတ်ချည်းဆိုသလိုပင် သူက မျက်မှောင်ကြုတ်ပြီး ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ..."

သူ၏အသံ ကျဆင်းသွားသည်နှင့်...

ဘုန်း...

ကြီးမားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။

ဖန်ရွှမ်က မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ကောင်းကင်ပင်လယ်နယ်မြေမှ ဖန်မိသားစု၏ သားတစ်ယောက်အနေဖြင့် သူသည် ရွှေရောင် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသေးစား အောင်မြင်မှုအဆင့်၏ အထွတ်အထိပ်အထိ ကျင့်ကြံထားခဲ့လေ၏။ သူ၏ဘဝတလျှောက်လုံး ပြိုင်ဘက်ကင်းခဲ့ပြီး လမ်းတလျှောက်၌ သူ့ကို လှောင်ပြောင်ခဲ့သော ပါရမီရှင်များအားလုံး သူ၏မိုးကြိုးအလား လျှင်မြန်ပြင်းထန်သော စွမ်းအားဖြင့် ဖိနှိပ်ခံခဲ့ရသည်။

သူ့ရှေ့မှလူသည်လည်း ချွင်းချက်ဖြစ်မည် မဟုတ်ပေ။

"ကြည့်ရတာ ငါ မင်းကို သင်ခန်းစာ မပေးရင် ကောင်းကင်အပြင်ဘက်မှာ အမြဲတမ်း ကောင်းကင်နောက်တစ်ခု ရှိသေးတယ်ဆိုတာကို မင်း သိမှာ မဟုတ်ဘူး... မင်းက သူတော်စင်နယ်ပယ်ကို ဝင်ရောက်သွားရုံနဲ့ မင်းကိုယ်မင်း တကယ်ပဲ ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား..."

ဖန်ရွှမ်၏အသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

နောက်တခဏတွင်...

ဘုန်း...

ထိုခြေလှမ်း ကျရောက်သွားသည်နှင့် အပျက်အစီးနယ်မြေတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ကျယ်လောင်သော တုန်ခါသံတစ်သံကို ထုတ်လွှတ်လိုက်၏။

သူ၏ခြေထောက် ကျရောက်သွားသော နေရာကို ဗဟိုပြု၍ သာမာန်မျက်စိဖြင့် မြင်နိုင်စွမ်းရှိသော မရေမတွက်နိုင်သည့် ရွှေရောင်လှိုင်းဂယက်များက ပျံ့နှံ့သွားသည်။ ထိုအရာများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဟင်းလင်းပြင်သည် တစ်လက်မချင်းစီ ပြိုကျပျက်စီးသွားခဲ့သည်။

ဤသည်မှာ သာမန်အရှိန်အဝါလှိုင်းမဟုတ်ဘဲ စစ်မှန်သော သူတော်စင်လမ်းကြောင်းကို လျှောက်လှမ်းသူများသာ ပိုင်ဆိုင်သော နယ်ပယ်စွမ်းအားပင်။ ဤနေရာတွင် ဥပဒေသများ အားလုံးက သူ၏ ဥပဒေသများ ဖြစ်ပြီး တာအိုအားလုံးက သူ၏တာအိုများပင်။

ဤအရာမှာ ဖန်ရွှမ်၏ ပြင်ပကိုယ်ပွားတစ်ခု သက်သက်သာ ဖြစ်လျှင်ပင် ထိုကိုယ်ပွား ယူဆောင်လာသော အရှိန်အဝါမှာ အဖိုးအိုရွှီကဲ့သို့ အတုအယောင်သူတော်စင်သုံးဦး ပူးပေါင်းထားသည်ထက် အဆများစွာ ပို၍အစွမ်းထက်သည်။

"ဒါက... ဒီလောက်တောင် အစွမ်းထက်တဲ့ အရှိန်အဝါ... ငါတို့ အရင်က ကြုံတွေ့ခဲ့ရတဲ့ သူတော်စင်ပုံရိပ်ယောင်တွေထက်တောင် ပိုပြီးကြောက်ဖို့ ကောင်းသေးတယ်... ဒီလူက သူတော်စင်နယ်ပယ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်တစ်ခုကို ရောက်နေလောက်ပြီ..."

လင်းမောင်နှမသည် မြေပြင်ပေါ်တွင် ပြားပြားဝပ်နေရပြီး သူတို့၏ခေါင်းများကို မော့ရန်ပင် ခွန်အားမရှိလောက်အောင် ဖိနှိပ်ခံထားရသည်။

သူတို့သည် သနားစရာကောင်းသော အခြေအနေတွင် ရှိနေသော်လည်း လင်းရှန်းနှင့် လင်းယွဲ့တို့၏ မျက်နှာများပေါ်တွင် အပြုံးများ ရှိနေခဲ့သည်။

ဤရွှေရောင်ဆံပင်နှင့်လူငယ်က ပို၍အစွမ်းထက်လေလေ သူတို့ အသက်ရှင်ရန် အခွင့်အရေးက ပို၍များလေလေပင်။ ထိုအရာက သူတို့ စူးချန်ကဲ၏လက်ထဲသို့ ကျရောက်သွားခြင်းထက် ပိုကောင်းပေမည်။

သို့ရာတွင် ဤအရှိန်အဝါက ကိုယ်ပိုင်အသိစိတ် ရှိပုံရပြီး နင်ဖူယောင်ကို အမှန်တကယ် ချန်လှပ်ထားသည်။

ထိုသို့ဖြစ်သည့်တိုင်...

နင်ဖူယောင်က ဖန်ရွှမ်၏ပုံရိပ်ကို ကြည့်ရင်း သူမက ရှေးဟောင်းနတ်ဘုရားတောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသည့်အလား အသက်ရှူမွန်းကြပ်သည့် ခံစားချက်တစ်ခုကို ခံစားနေရဆဲပင်။

ကောင်းကင်နှင့်မြေကြီး၏ မြင်ကွင်းက နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့သည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းတွင် တောက်ပသော ရွှေရောင်နဂါးပုံရိပ်ယောင် ကိုးခုက ဖန်ရွှမ်၏နံဘေးပတ်လည်တွင် ပျံသန်းလာခဲ့သည်။ ထိုနဂါးတစ်ကောင်စီသည် မရှည်လျားသော်လည်း ရှေးဟောင်းနဂါးများ၏ အရှိန်အဝါများ ဖြာထွက်နေသည်။ သူတို့ထံတွင် လက်သည်းငါးချောင်းစီရှိပြီး သူတို့သည် အစစ်အမှန်နဂါးများပင်။

နဂါးကိုးကောင်ဖြင့် ဝန်းရံထားသော သူ၏ ရွှေရောင်ဆံပင်များက လူးလွန့်နေပြီး နေမင်းအနှစ်သာရ မီးတောက်၏ မှော်စာလုံးများက သူ၏မျက်လုံးများထဲတွင် စီးဆင်းနေပေ၏။

သူ၏သွေးချီစွမ်းအင်သည် အလွန်ကြီးမားလွန်းသဖြင့် ထိုနေရာတွင် မတ်တတ်ရပ်နေရုံမျှဖြင့် မဟာတာအို၏ စည်းချက်ကျသော အသံများက လေဟာနယ်ထဲတွင် အလိုအလျောက် မြည်ဟီးလာသည်။ ထို့နောက် ရှေးဟောင်းသူတော်စင်များ၏ပုံရိပ်ယောင်များက သူ၏နောက်တွင် ထွက်ပေါ်လာခဲ့လေ၏။

ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုလုံး အလွန်ခိုင်မာသော အခြေခံအုတ်မြစ်ဖြင့် သူတော်စင်နယ်ပယ်သို့ ဝင်ရောက်သွားသူတစ်ဦးအတွက် ကောင်းကင်တာအို၏ သဘာဝလွန်ဖြစ်စဉ်ပင်။

"အစစ်အမှန်သူတော်စင် အစောပိုင်းအဆင့်... ဒါဆိုရင် သူ့ရဲ့စစ်မှန်တဲ့ ခန္ဓာကိုယ်က အနည်းဆုံး အစစ်အမှန်သူတော်စင် အလယ်အလတ်အဆင့် ကျင့်ကြံခြင်းမှာ ရှိရမယ်... ဒီခေတ်မှာ တကယ့်ကို မွန်းစတားတွေ အများကြီး ရှိတာပဲ..."

ရှေးဟောင်းဓားအတွင်း၌ အားချီ၏အသံက ဖန်ရွှမ်ကို ဂရုတစိုက် လေ့လာနေစဉ်တွင် တည်ကြည်လေးနက်လာခဲ့သည်။

ထို့ပြင် ဤကိုယ်ပွား၏ အခြေခံအုတ်မြစ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခိုင်မာလှသည်။ စိတ်ဝိညာဉ်စွမ်းအား၏ အရည်အသွေး၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ဝိညာဉ်သိပ်သည်းဆတို့အားလုံး ထူးခြားပေ၏။ ဤကိုယ်ပွားကို သန့်စင်ရန် သူသည် ကြီးမားသော အဖိုးအခတစ်ခုကို ပေးဆပ်ခဲ့ရပုံ ရသည်။ ဤအရာများအားလုံးသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ဖြစ်ပျက်ခဲ့ခြင်းပင်။

ထို့နောက် ဖန်ရွှမ်က သူ၏လက်ကို မြှောက်ကာ သူ၏ လက်ချောင်းများကို စူးချန်ကဲဆီသို့ ဓားတစ်လက်အလား အဝေးမှ ညွှန်ပြလိုက်သည်။

"ဖိနှိပ်စမ်း..."

ထိုစကားလုံးကို ပြောလိုက်သည်နှင့် သူ၏ စကားများက ဥပဒေသ ဖြစ်လာသည်။

ဝီ...

အစစ်အမှန်နဂါးကိုးကောင်က တပြိုင်နက်တည်း နားကန်းလောက်အောင် ဟိန်းဟောက်လိုက်ကြ၏။

သူတို့၏ ပါးစပ်များ ကျယ်လောင်စွာ ပွင့်ဟသွားပြီး နေမင်းအနှစ်သာရ မီးတောက်မှ စုစည်းထားသော ရွှေရောင်ဓားချီစွမ်းအားကိုးလှိုင်းကို ထွေးထုတ်လိုက်သည်။

ဓားချီစွမ်းအင်များသည် မျဉ်းဖြောင့်အတိုင်း မပျံသန်းဘဲ လေထဲတွင် ရောယှက်ကာ နားလည်ရခက်သော နဂါးကိုးကောင် ဓားမှော်စာလုံးတစ်ခုကို ဖန်တီးလိုက်၏။ ထို့နောက် ထိုအရာများသည် အရပ်မျက်နှာအဘက်ဘက်ရှိ ကောင်းကင်နှင့်မြေကြီးကို ချိတ်ပိတ်ကာ တစ်ဖက်လူ ဆုတ်ခွာမည့် လမ်းကြောင်းများအားလုံးကို ဖြတ်တောက်လိုက်သည်။

ဓားဝင်္ကပါအတွင်း၌ လောင်ကျွမ်းနေသော ဓားမှော်စာလုံး အစအနတိုင်းက အသက်ရှင်သော အသိစိတ်တစ်ခုကို ပိုင်ဆိုင်ထားပုံရသည်။ ထိုအရာများ၏ ထက်ရှမှုက မည်သည့် အတုအယောင်သူတော်စင်၏ ကာကွယ်မှုကိုမဆို ဖြတ်တောက်ရန် အပြည့်အဝ လုံလောက်ပေ၏။

ကြောက်မက်ဖွယ်အကောင်းဆုံး အပိုင်းမှာ ထိုမှော်စာလုံးထဲတွင် ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်သော တာအိုအခြေခံသဘောတရားများ ပါဝင်နေခြင်းပင်။

ဤတိုက်ခိုက်မှုနည်းစနစ်တွင် နာမည်မရှိသေးချေ။ ဤသည်မှာ ဤနေရာတွင် အစစ်အမှန်နဂါးရတနာဆေးလုံးကို ပြုစုပျိုးထောင်နေစဉ် အစစ်အမှန်နဂါး၏စွမ်းအားမှ ရယူကာ သူ နားလည်သဘောပေါက်ပြီး ဖန်တီးထားသော ထူးခြားသည့် ကျွမ်းကျင်မှုတစ်ခုပင်။ သူက ထိုတိုက်ခိုက်မှု၏ စွမ်းအားကို စမ်းသပ်ရန် ဤအရာကို အသုံးပြုချင်ခဲ့ခြင်းလည်း ဖြစ်ပေ၏။

"အရမ်း ကြောက်စရာကောင်းတယ်... အရှိန်အဝါလေး တစ်ခုတည်းကတင် ငါတို့ကို ဖျက်ဆီးဖို့ လုံလောက်တယ်... သူတော်စင်နယ်ပယ်အောက်က လူတွေအားလုံးက တကယ့်ကို ပုရွက်ဆိတ်တွေလိုပါလား..."

လင်းရှန်းက အရာအားလုံးကို မော့ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

ဘုန်း...

ဓားမှော်စာလုံးက စူးချန်ကဲဆီသို့ ဦးတည်၍ ခုတ်ပိုင်းသွားသည်။

ကြီးကျယ်ခမ်းနားသော ဓားချီစွမ်းအားက အပျက်အစီးနယ်မြေတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။ မရေမတွက်နိုင်သော ရှေးဟောင်းကန့်သတ်ချက်များက တုံ့ပြန်သည့်အနေဖြင့် လင်းလက်လာခဲ့သော်လည်း ဤအစစ်အမှန်နဂါးအရှိန်အဝါအောက်တွင် တစ်ခုပြီးတစ်ခု အက်ကွဲသွားသည်။

သို့ရာတွင် မည်သည့် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူကိုမဆို ဖြူရော်သွားစေမည့် ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း စူးချန်ကဲက သူ၏မျက်ခွံများကိုသာ ပင့်လိုက်သည်။

သူ လှုပ်ရှားမှုပင် မလုပ်ခဲ့ဘဲ စကားတစ်ခွန်းကိုသာ တီးတိုးပြောဆိုလိုက်၏။

"ပြိုကွဲစမ်း..."

ကောင်းကင်နှင့်မြေကြီး၏ ဟင်းလင်းပြင်တွင် လှိုင်းဂယက်တစ်ခုမျှ မရှိခဲ့ချေ။

သို့သော် ထိုစကားလုံး ထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင်...

တောင်များကို လောင်ကျွမ်းစေပြီး ပင်လယ်များကို ဆူပွက်စေနိုင်သော ထိုနေမင်းအနှစ်သာရ မီးတောက်ဓား မှော်စာလုံးကိုးခုသည် အမြင့်မြတ်ဆုံး ဘုရင်တစ်ပါးနှင့် တွေ့ဆုံလိုက်ရသည့်အလား လေထဲတွင် ရုတ်တရက် အေးခဲတောင့်တင်းသွားသည်။

ချက်ချင်းပင် ထိုအရာများအားလုံး တိတ်ဆိတ်စွာ ပြိုကွဲလာခဲ့ပြီး ပူလောင်သော ရွှေရောင်အလင်းတန်းများ လျှင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

အသက်တစ်ရှိုက်စာပင် မကြာမီ မယုံနိုင်လောက်အောင် အစွမ်းထက်သော နဂါးကိုးကောင် ကောင်းကင်လောင်ကျွမ်းခြင်း ဓားမှော်စာလုံးမှာ လေထဲတွင် အမြစ်ပြတ်သုတ်သင်ခြင်း ခံလိုက်ရလေ၏။

အခန်း ၁၇၆ :လက်ဝါးရိုက်ချက် တစ်ချက်တည်းပဲ...

ထိုအရာသည် တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသည့်အလားပင်။

ကောင်းကင်နှင့်မြေကြီးက တည်ငြိမ်မှုသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိသွားသည်။

"ဟင်..."

ဖန်ရွှမ်၏ရွှေရောင်မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဥ်းမြောင်းသွားပြီး မယုံကြည်နိုင်သော အမူအရာတစ်ခုကို ပထမဆုံးအကြိမ် ပြသလိုက်၏။

ဤတိုက်ခိုက်မှုသည် သူ၏ အစွမ်းထက်ဆုံး မဟုတ်သော်လည်း မည်သည့် အတုအယောင်သူတော်စင်ကိုမဆို ပြင်းထန်စွာ ဒဏ်ရာရစေရန် လုံလောက်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုတိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်သည်မှာ အစစ်အမှန်သူတော်စင်ဖြစ်သော သူ ကိုယ်တိုင်ပင်။

ထိုအရာက မည်သည်ကြောင့် အော်ဟစ်သံ တစ်ချက်တည်းဖြင့် ပျောက်ကွယ်သွားနိုင်မည်နည်း....

ထို့ကြောင့် ဖြစ်နိုင်သည့် အကြောင်းအရင်းတစ်ခုသာ ရှိတော့သည်။

ပြိုင်ဘက်သည် သာမန်သူတော်စင်တစ်ပါး လုံးဝမဟုတ်ဘဲ အစစ်အမှန်သူတော်စင်တစ်ပါးပင်။

"ဟဲ ဟဲ... ငါ ဒီလောက်ထိ မျက်ကန်းဖြစ်နေလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး... အားနည်းတဲ့သူတွေကို အနိုင်ကျင့်တဲ့ မင်းလို လူမျိုးက အစစ်အမှန် သူတော်စင်ရဲ့လမ်းကြောင်းကို လျှောက်လှမ်းရဲတဲ့ စိတ်နေစိတ်ထားမျိုး ရှိပြီး အောင်မြင်လိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး..."

ဖန်ရွှမ်က စူးချန်ကဲကိုကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင်...

သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးချီများ လုံးလုံးလျားလျား ဆူပွက်လာသည်။

ဘုန်း...

သူ၏ရွှေရောင်ဆံပင်များက ရူးသွပ်စွာ ကြီးထွားလာပြီး ပေသုံးထောင်မြင့်သော ရွှေရောင် ရေတံခွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဆံချည်တစ်မျှင်စီတိုင်းမှ မျက်စိကျိန်းလောက်အောင် တောက်ပသော နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်လာပေ၏။

ထိုဆံပင်များ လူးလွန့်နေစဉ် လေဟာနယ်ကို ဖြတ်တောက်သွားကာ သေးငယ်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများကို မရေမတွက်နိုင်အောင် ပွင့်အံ့ထွက်လာစေခဲ့သည်။

သူ၏ခန္ဓာကိုယ်အရေပြားသည် ရွှေရောင်သို့ ပြောင်းလဲသွားပြီး ပြင်းထန်သော မြစ်စီးဆင်းသည့်အသံများက သူ၏အသွေးအသားထဲမှ ပဲ့တင်ထပ်လာသည်။ ဤသည်မှာ သူ၏ သွေးချီများ အကန့်အသတ်မဲ့ လည်ပတ်နေသော အသံပင်။

သူ၏ကိုယ်ပွားမှာ အလွန်ထူးခြားပြီး မူလခန္ဓာကိုယ်၏ခွန်အား ခုနစ်ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားရုံသာမက သူ၏မူလခန္ဓာကိုယ်မှ နတ်ဘုရား ရုပ်ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ၏ စွမ်းအားကိုလည်း အသုံးပြုနိုင်သည်။ ထိုသို့မဟုတ်ပါက ဖန်ရွှမ်သည် မည်မျှထိ မောက်မာနေစေကာမူ အစစ်အမှန်နဂါး ရတနာဆေးလုံးကို ကိုယ်ပွားအား စောင့်ရှောက်ခိုင်းမည် မဟုတ်ချေ။

"မင်း ဘာတွေ ပေါက်ကရ ပြောနေတာလဲ..."

စူးချန်ကဲက နောက်ဆုံးတွင် စကားပြောဆိုလိုက်ကာ သူ၏လေသံတွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။ ထို့နောက် သူက သူ၏ညာလက်ကို ဖြည်းညှင်းစွာ မြှောက်ကာ လက်ချောင်းများကို ဖြန့်ပြီး ဖန်ရွှမ်ဆီသို့ ညင်သာစွာ ဖိချလိုက်၏။

သူ၏လက်ဝါးကို ဖိချလိုက်သည့် အချိန်အခိုက်အတန့်တွင်...

ဘုန်း...

"ဒါက..."

ဖန်ရွှမ်၏မျက်လုံးများ အနည်းငယ် ဝေဝါးသွားသည်။ သူ ရှိနေသော လောကကြီးတစ်ခုလုံးကို ပြိုင်ဘက်က မှောက်လှန်လိုက်သည့်အလား သူ ခံစားမိလေ၏။

နောက်တစ်စက္ကန့်တွင်...

ခုခံ၍မရနိုင်သော စွမ်းအားတစ်ခုက ဘုန်းခနဲ အသံကြီးနှင့်အတူ ကျဆင်းလာသည်။

ဤသည်မှာ စိတ်ဝိညာဉ်စွမ်းအားသက်သက် မဟုတ်ဘဲ လောကကြီးတစ်ခုလုံး လက်ဝါးတစ်ချက်တည်းအဖြစ် ဖိသိပ်ခံလိုက်ရပြီး သူ့ဆီသို့ ဖိချလာသည့်အလားပင်။

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး..."

"သူက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အစွမ်းထက်နေတာလဲ..."

"သူက ဘာကို ယဇ်ပူဇော်ခဲ့တာလဲ..."

"မဟုတ်ဘူး... ငါက ဘယ်လိုလုပ်ပြီး ကြောက်နေတာလဲ... ငါက ဘာလို့ ကြောက်နေနိုင်မှာလဲ..."

နောက်တစ်စက္ကန့်တွင် ဖန်ရွှမ်၏မျက်လုံးများမှ တောက်ပသော ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ သူ၏သွေးချီများ အကန့်အသတ်အထိ တွန်းပို့ခံလိုက်ရပြီး သန်းနှင့်ချီသော ရွှေရောင်နတ်ဘုရားအလင်းတန်းများက သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာကာ သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ထောက်ပံ့ရန် ကြိုးစားလိုက်၏။

သူက သူ့ကိုယ်ပွား၏မူလအစကို လောင်ကျွမ်းစေလိုက်ရာ ရွှေရောင်စစ်နတ်ဘုရား၏ ဝေဝါးသော ပုံရိပ်ယောင်တစ်ခုပင် သူ၏နောက်တွင် ထွက်ပေါ်လာသည်။

သို့ရာတွင် ထိုအရာများအားလုံး အချည်းနှီးသာ ဖြစ်သည်။

စူးချန်ကဲ ညင်သာစွာ ဖိချလိုက်သော လက်ဝါးရှေ့တွင် ခုခံမှုအားလုံးမှာ ရယ်စရာပြက်လုံးများ ဖြစ်နေပုံရသည်။

ထိုရွှေရောင်နတ်ဘုရားအလင်းတန်းသည် ဖယောင်းတိုင်မီးတောက်အလား ငြိမ်းသတ်ခြင်း ခံလိုက်ရပေ၏။

ရွှေရောင်စစ်နတ်ဘုရား ပုံရိပ်ယောင်သည် ညည်းတွားသံတစ်သံ ထုတ်လွှတ်ရန်ပင် အချိန်မရလိုက်ဘဲ တစ်လက်မချင်းစီ အက်ကွဲသွားသည်။

နောက်ဆုံးတွင်...

ဘုန်း...

မူလခန္ဓာကိုယ်၏ တိုက်ခိုက်ရေး စွမ်းအား ခုနစ်ဆယ် ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ယွမ်ယန်နယ်မြေရှိ သူတော်စင်နယ်ပယ် ကျင့်ကြံသူအများစုကို ဖယ်ရှားရန် လုံလောက်သော ဖန်ရွှမ်၏ကိုယ်ပွားသည် စူးချန်ကဲ၏ ပေါ့ပေါ့ပါးပါးလက်ဝါးရိုက်ချက်အောက်တွင် အမြစ်ပြတ်သုတ်သင်ခြင်းမခံရမီ ကောင်းမွန်သော အော်ဟစ်သံတစ်သံကိုပင် ချန်မထားနိုင်ခဲ့ချေ။

လက်ဝါးတစ်ချက်....

လက်ဝါးရိုက်ချက် တစ်ချက်တည်းပင်။

ဖန်ရွှမ်၏ကိုယ်ပွား အက်ကွဲသွားသည်။

သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုတစ်ခုက ကောင်းကင်နှင့်မြေပြင်အနှံ့ ပြည့်နှက်သွားသည်။

အဝေးမှ မြေပြင်ပေါ်တွင် ဝပ်တွားနေသော လင်းရှန်းတို့မောင်နှမ၏ ကြောက်လန့်တကြား အသက်ရှူသံများကသာ လွန်ခဲ့သော အချိန်တိုအတွင်းက ထိပ်တိုက်ရင်ဆိုင်မှုမှာ ထင်ယောင်ထင်မှား မဟုတ်ကြောင်း သက်သေပြနေပေ၏။

သို့ရာတွင် နောက်တစ်စက္ကန့်တွင် ပို၍ပင် မမျှော်လင့်ထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဝေါင်း..."

နဂါးဟိန်းသံတစ်သံက ခန်းမဆောင်၏ အလယ်ဗဟိုမှ ထွက်ပေါ်လာပြီး ကောင်းကင်ကိုးလွှာလုံး တပြိုင်နက်တည်း တုန်ခါသွားသည်။

တောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်းက ခန်းမဆောင်၏အပေါ်ဆုံးထပ်ရှိ ပြတင်းပေါက်မှနေ၍ ပျံ့လွင့်လာသည်။

ထိုရွှေရောင်အလင်းတန်းသည် အလွန်လျှင်မြန်စွာ ရွေ့လျားသွားပေ၏။

အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ထိုအလင်းတန်းက စူးချန်ကဲဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားပြီး နောက်ဆုံးတွင် သူ၏ရှေ့ တစ်ပေခန့်အကွာတွင် ပျံဝဲနေသည်။

ထိုရွှေရောင်အလင်းတန်းသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး စစ်မှန်သောပုံစံကို ဖော်ပြလိုက်၏။ ဤသည်မှာ တစ်ပေခန့်သာ ရှည်လျားသော ရွှေနဂါးလေးတစ်ကောင်ပင်။

ထိုရွှေနဂါးလေး၏တစ်ကိုယ်လုံးသည် အသန့်စင်ဆုံး နတ်ဘုရားရွှေဖြင့် ပုံသွင်းထားသည့်အလားပင်။ သူ၏အကြေးခွံများသည် ကြည်လင်နေပြီး ဦးချိုများမှာ နုနယ်ကာ သူ၏ နှုတ်ခမ်းမွှေးများမှာ ရှည်လျားပြီး သေးသွယ်သည်။

သို့ရာတွင် သူ၏အမြှီးမှာ အနည်းငယ်ဝေဝါးနေပြီး နဂါးပုံရိပ်ယောင်သည် အပြည့်အဝ အစိုင်အခဲတစ်ခု မဟုတ်ဘဲ အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားတွင် တည်ရှိနေကာ မယုံနိုင်လောက်အောင် သိပ်သည်းသော အသက်အနှစ်သာရတစ်ခု ဖြာထွက်နေသည်။

ထိုအရာသည် ယခင်က ပျက်စီးနေသော အစစ်အမှန်နဂါး ရတနာဆေးလုံး အတိအကျပင်။

အစစ်အမှန်နဂါး ရတနာဆေးလုံးသည် စူးချန်ကဲ၏နံဘေးပတ်လည်တွင် လှည့်ပတ်လူးလွန့်နေပြီး နဂါးခေါင်းဖြင့် သူ၏အင်္ကျီလက်ကို ချစ်စနိုး ပွတ်သပ်နေသည်။ ရွှေနဂါးလေးသည် သူ၏ မှီခိုမှုနှင့် ဝမ်းသာမှုကို ဖုံးကွယ်ထားခြင်း မရှိဘဲ ပြသနေပေ၏။

"ဟင်..."

စူးချန်ကဲ အနည်းငယ် အံ့အားသင့်မသွားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကာ အံ့အားသင့်မှု အရိပ်အယောင်တစ်ခုက သူ၏မျက်လုံးများတွင် လင်းလက်သွားသည်။

သူက လက်ချောင်းတစ်ချောင်းကို ဆန့်တန်းလိုက်ရာ အစစ်အမှန်နဂါးရတနာဆေးလုံးက လိမ္မာရို့ကျိုးစွာဖြင့် ရစ်ခွေသွားသည်။

ယုတ္တိတန်စွာပြောရလျှင် ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်သည့် အခွင့်အရေးမျိုးက ယေဘုယျအားဖြင့် ကံကြမ္မာသားတော်နှင့်သာ သက်ဆိုင်သည် မဟုတ်လော...

ထူးဆန်းလိုက်တာ... ငါက ယဲ့ရွှမ်ကို သတ်ပြီး သူရဲ့ကံကြမ္မာကို ရခဲ့လို့များလား...

ထိုအချက်သည်လည်း မဟုတ်နိုင်ချေ။ မည်သို့ပင် ကြည့်စေကာမူ ဖန်ရွှမ်၏ကံကြမ္မာသည် ယဲ့ရွှမ်ထက် ပို၍အားကောင်းပုံရသည်။

သူ တွေးတောနေစဉ် သူ၏ခန္ဓာကိုယ်ထဲရှိ ဖရိုဖရဲ ကြာပန်းစိမ်းမှ အလင်းရောင်တစ်ချက် လင်းလက်သွားသည်ကို သူ အာရုံခံမိလေ၏။

"ဒါက ငါ့ရဲ့ သူတော်စင်လမ်းကြောင်းကြောင့်ပဲ..."

"ဒါပဲ ဖြစ်နိုင်တယ်..."

အစစ်အမှန်သူတော်စင်တစ်ပါး ဖြစ်လာရန် သူ၏လမ်းကြောင်းတွင် အမည်မသိတည်ရှိမှုကို ယဇ်ပူဇော်ခြင်း မပါဝင်ချေ။ ထိုအစား သူ၏ ခန္ဓာကိုယ်ကို မီးပြင်းဖိုတစ်လုံးအဖြစ် အသုံးပြုကာ မရေမတွက်နိုင်သောတာအိုများကို အရည်ကျိုပြီး ကောင်းကင်နှင့်မြေကြီး ဥပဒေသများ အားလုံးကို သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူသည့် မောက်မာသော လမ်းကြောင်းကို လျှောက်လှမ်းခဲ့ခြင်းပင်။

အထူးသဖြင့် သူ ကျင့်ကြံဆင့်နယ်ပယ်ကို ချိုးဖျက်ချိန်၌ သူ့ကို ဖိနှိပ်ရန် မဟာတာအို သံကြိုးများ ဆင်းသက်ခဲ့သော်လည်း သူက ထိုအရာများကို အတင်းအကြပ် ခြေမွှဖျက်ဆီးလိုက်သည်။ ထို့ပြင် တုံ့ပြန်မှုအနေဖြင့် သံကြိုးများ၏ တာအိုစည်းချက် အစအနလေးတစ်ခုကိုပင် ဖရိုဖရဲ ကြာပန်းစိမ်းအပေါ် ခတ်နှိပ်ခဲ့လေ၏။

အစစ်အမှန်နဂါးရတနာဆေးလုံးသည် အင်မော်တယ်ဆေးလုံးတစ်လုံးပင်။ ထိုအရာသည် ပျက်စီးနေသော်လည်း မဟာတာအို၏ အရှိန်အဝါအပေါ် အလွန်အာရုံခံနိုင်စွမ်း ရှိနေဆဲပင်။

သာမန်မဟာတာအိုကို ကျော်လွန်နေသော စူးချန်ကဲ၏ ထူးခြားသည့် တာအိုစည်းချက်ကို ထိုဆေးလုံးက အာရုံခံမိခဲ့သည်။

အစစ်အမှန်နဂါးရတနာဆေးလုံးအတွက် ဤအရာက ကံကြမ္မာသားတော်ထက်ပင် ပို၍ဆွဲဆောင်မှု ရှိနေသည်။

"ဝေါင်း..."

အစစ်အမှန်နဂါး ရတနာဆေးလုံးက နောက်ထပ် ညင်သာသော အော်သံတစ်ခု ထုတ်လွှတ်လိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားမှုနှင့်အတူ ထိုအရာက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ စူးချန်ကဲ၏အင်္ကျီလက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

"ဒါက ဘယ်လို အခွင့်အရေးမျိုးလဲ... အင်မော်တယ်ဆေးလုံးတစ်လုံးလား..."

လင်းရှန်း၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်ကာ သူ၏ခေါင်းထဲမှ ထွက်ကျလာလုနီးပါး ဖြစ်နေသည်။

သူသည် လွမ်မိုတောင်ကြောတွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ပြီး ရတနာများစွာကို မြင်တွေ့ခဲ့ရသော်လည်း "အင်မော်တယ်ဆေးလုံး" ဟူသော ဝေါဟာရမှာ အလွန်ရှေးကျသော ဒဏ္ဍာရီများနှင့် ပုံပြင်များတွင်သာ တည်ရှိသည်။

ထိုအရာမှာ မဟာဧကရာဇ်တစ်ပါးကို သူတို့၏ သက်တမ်းကို တိုးမြှင့်ပေးပြီး နောက်တစ်ဘဝ ရှင်သန်နိုင်စေသည့် အမြင့်မြတ်ဆုံး ရတနာတစ်ခုပင်။

ယွမ်ယန်နယ်မြေကို မဆိုထားနှင့် ကောင်းကင်ဘုံများနှင့်ကမ္ဘာအသင်္ချေတွင်ပင် ဤသည်မှာ လူတစ်ယောက် အိပ်မက်သာ မက်နိုင်သည့် ကောင်းကင်ကို ဆန့်ကျင်သော အခွင့်အရေးတစ်ခုဖြစ်သည်။

ထို့ပြင် အံ့အားအသင့်ဆုံးသူမှာ လုံးလုံးလျားလျား မပျောက်ကွယ်သေးသော ဖန်ရွှမ်၏ အသိစိတ်ပင်။

"ဘယ်လိုလုပ်..."

"နဂါးလေး... မင်းက ဘယ်လိုလုပ်ပြီးတော့..."

"ဘာ... ဘာကြောင့်လဲ..."

ဖန်ရွှမ် ကြောင်အမ်းသွားပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ နေ့ရောညပါ အတူနေခဲ့ရသော အစစ်အမှန်နဂါး ရတနာဆေးလုံးက စူးချန်ကဲ၏ အင်္ကျီလက်ထဲသို့ ဝင်သွားသည်ကို မြင်ချိန်၌ သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သစ္စာဖောက်ခံရသော နာကျင်မှုကို သူ ခံစားလိုက်ရသည်။

သို့သော် ထိုကိစ္စထက်ပို၍ သူ စိတ်ရှုပ်ထွေးနေသည်။

စူးချန်ကဲ၏နံဘေးရှိ နင်ဖူယောင်၏ပါးစပ် အနည်းငယ် ပွင့်ဟနေပြီး အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပေ၏။

ရှေးဟောင်းဓားအတွင်းရှိ အားချီ၏ အသံကလည်း နင်ဖူယောင်၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

"သခင်မ... ဒါက အစစ်အမှန်နဂါး အင်မော်တယ်ဆေးလုံးပဲ... ဒီဆေးလုံးက နဂါးမျိုးနွယ်စုရဲ့ ကံကြမ္မာကြောင့် ကောင်းချီးပေးခံရပြီးတော့ ကောင်းကင်နဲ့မြေကြီးမှာ ယန်စွမ်းအားလွန်ကဲတဲ့ ထိပ်တန်းဆေးလုံးတစ်လုံးပဲ... ဒီအရာရဲ့ စိတ်ဝိညာဉ်စွမ်းအား ပါဝင်မှုက အရမ်းမြင့်မားလွန်းလို့ အထွတ်အထိပ် အင်မော်တယ်ဆေးလုံးနဲ့ နှိုင်းယှဉ်လို့ရတယ်... ဒီဆေးလုံးမှာ ကိုယ်ပိုင် မာန ရှိတယ်... ရှေးဟောင်း မှတ်တမ်းတွေအရ ဘိုးဘေးနဂါးသွေးကြောကို ပိုင်ဆိုင်ထားတဲ့ ဒါမှမဟုတ် အဲ့ဒီအရာရဲ့ စစ်မှန်တဲ့ အသိအမှတ်ပြုမှုကို ရရှိထားတဲ့ နဂါးဧကရာဇ်တစ်ပါးကပဲ ဒီဆေးလုံးကို ဆန္ဒအလျောက် လိုက်ပါလာအောင် လုပ်နိုင်မှာပါ..."

"တစ်ခုရှိတာက ဒီဆေးလုံးက မပြည့်စုံဘူး...ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင် အခုချိန်မှာ သခင်မအတွက် ကြီးမားတဲ့ အခွင့်အရေး တစ်ခုပါပဲ..."

အားချီ၏ စိတ်ပိုင်းဆိုင်ရာ အတက်အကျများ ပြင်းထန်နေပြီး သူမ၏နှလုံးသားမှာ တည်ငြိမ်မှုနှင့် အလွန်ကွာဝေးကြောင်း ရှင်းလင်းစွာ ပြသနေသည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

"အင်မော်တယ်ဆေးလုံးတစ်လုံးက သခင်တစ်ယောက်ကို အသိအမှတ်ပြုဖို့ ကိုယ်တိုင်အစပြုခဲ့တာလား..."

"ဒါက မဖြစ်နိုင်ဘူး..."

"သူက ဘိုးဘေးနဂါး သွေးကြောထက်တောင် ပိုပြီးနီးစပ်တဲ့ မူလဇစ်မြစ်ကို ပိုင်ဆိုင်ထားတာလား..."

"ဒါပေမဲ့ အဲ့ဒီအချက်က မဖြစ်နိုင်သလောက်နီးပါးပဲ..."

"သူ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းက အရမ်းမြင့်မားနေလို့ ဒီအင်မော်တယ်ဆေးလုံးရဲ့ စိတ်ဝိညာဉ်က သူ့ရဲ့နောက် လိုက်ရတာကို ဂုဏ်ယူနေတာများလား..."

"အဲ့ဒါဆိုရင် အဲ့ဒါက အရမ်းလွန်ကဲလွန်းတယ်..."

အင်မော်တယ်ဆေးလုံးများတွင် စိတ်ဝိညာဉ်များ ရှိပြီး သူတို့ နေထိုင်ရန် သခင်များကို ရွေးချယ်လေ့ရှိသည်။

သူတို့၏ ရွေးချယ်မှုများမှာ များသောအားဖြင့် မဟာတာအို၏ လျှို့ဝှက်ဆန်းကြယ်သော လမ်းကြောင်းများနှင့် ကိုက်ညီနေတတ်သည်။

All Chapters