အခန်း (၁၇၇-၁၇၈)
Vol. 18 Ch. 177-178
အခန်း ၁၇၇: ငါ သိသားပဲ....ကံကြမ္မာရဲ့ ဇာတ်လိုက်က ဘယ်လိုလုပ်ပြီး လက်ဗလာနဲ့ ပြန်သွားမှာလဲ...
"ကောင်းပြီလေ..."
"ငါ ဖန်ရွှမ်က ဒါကို မှတ်ထားမယ်..."
လေထဲတွင် ဖန်ရွှမ်၏ကိုယ်ပွားသည် တဖြည်းဖြည်း ပြိုကွဲသွားခဲ့လေ၏။ သူ၏ မျက်လုံးများသည် စူးချန်ကဲကို စိုက်ကြည့်နေပြီး သူ၏မျက်လုံးသူငယ်အိမ်များတွင် ရှုံးနိမ့်မှု အရိပ်အယောင်တစ်ခု ပထမဆုံးအကြိမ် ဖြတ်ပြေးသွားခဲ့သည်။
ဤသည်မှာ သူ ကျင့်ကြံခြင်း စတင်ကတည်းက ပထမဆုံးအကြိမ် ရှုံးနိမ့်ဖူးခြင်းပင်။
ထို့ပြင် ဤမျှထိ ပြင်းထန်သော ရှုံးနိမ့်မှုမျိုး ဖြစ်နေသည်။
သူ၏ စစ်မှန်သော ခန္ဓာကိုယ် ဆင်းသက်လာခြင်း မဟုတ်သော်လည်း ဤအရာမှ သူ့ကို ယူဆောင်လာသော အရှက်တကွဲ ဖြစ်မှုမှာ မယုံနိုင်လောက်အောင် ပြင်းထန်လှသည်။
အထူးသဖြင့် သူ၏ ကြိုးစားမှုအသီးအပွင့်ဖြစ်သော သူ၏ အစစ်အမှန်နဂါး ရတနာဆေးလုံးကို တစ်ယောက်ယောက်က လုယူသွားသောကြောင့် ဖြစ်သည်။ ဤသည်မှာ သူက တခြားသူတစ်ယောက်အတွက် လမ်းခင်းပေးလိုက်ရသည့် ပထမဆုံးအကြိမ်ပင်။ ပုံမှန်အားဖြင့် သူသည် အမြဲတစေ စောင့်ဆိုင်းပြီး အခွင့်ကောင်းယူလေ့ရှိသူ ဖြစ်ပေ၏။
ဖန်ရွှမ်၏ပုံရိပ်သည် လေထဲမှ လုံးဝပျောက်ကွယ်သွားပြီးနောက်...
ဟင်းလင်းပြင်ကို အေးခဲတောင့်တင်းသွားစေပြီး လင်းရှန်းတို့မောင်နှမကို အသက်ရှူကြပ်သွားစေသော သူတော်စင်ခွန်အားသည် လုံးဝပျောက်ကွယ်သွားပြီး အလွန်အမင်း တိတ်ဆိတ်မှုတစ်ခုကိုသာ ချန်ထားခဲ့သည်။
စူးချန်ကဲ၏ ဂရုမစိုက်သော အကြည့်သည် ပျော့ခွေနေသော လင်းရှန်းတို့မောင်နှမအပေါ် ဝေ့ဝိုက်သွားသည်။
သူ၏အကြည့်သည် သူတို့အပေါ် ကျရောက်သွားချိန်၌...
လင်းရှန်းတို့မောင်နှမ၏မျက်နှာများ ပို၍ပင် ဖြူရော်သွားခဲ့လေသည်။ ဤအကြည့်သည် တည်ငြိမ်ပြီး စိတ်ခံစားမှု ကင်းမဲ့နေသော်လည်း သူတို့၏လက်များနှင့် ခြေထောက်များကို ချက်ချင်းဆိုသလိုပင် ရေခဲအလား အေးစက်သွားစေခဲ့သည်။
"စီ... စီနီယာ ... ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ....စီနီယာ သနားပါ..."
လင်းရှန်းသည် ဒူးထောက်ကာ အလျှင်အမြန် ကုန်းရုန်းထလိုက်ပြီး သူ၏နဖူးဖြင့် မာကျောသော မြေပြင်ကို အသည်းအသန် ရိုက်ခတ်လိုက်သဖြင့် ခပ်အုပ်အုပ်အသံများ ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ သူ၏နဖူးတွင် သွေးများဖြင့် ရွှဲနစ်သွားလေ၏။
သူ၏မျက်နှာတွင် အကြွင်းမဲ့ အကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့သည်။ ဖန်ရွှမ် ထွက်ပေါ်လာစဉ်က သူ ခံစားခဲ့ရသော ဝမ်းသာမှု အရိပ်အယောင်လေးမျှ မရှိတော့ဘဲ သူသည် အသက်ချမ်းသာပေးရန် နှိမ့်ချသော တောင်းပန်စကားမျိုးစုံကို ပြောဆိုနေသည်။
"စီနီယာရဲ့ မြင့်မြတ်တဲ့ ကြီးကျယ်ခမ်းနားမှုကို စော်ကားမိတဲ့ ဒီအဆင်အခြင်မဲ့တဲ့လူက အဆင့်နိမ့်တဲ့သူပါ...စီနီယာက အမိန့်ပေးလိုက်ရုံနဲ့ သေရေးရှင်ရေးကို ဂရုမစိုက်ဘဲ အခုချက်ချင်း ခန်းမဆောင်ဆီကို ကျွန်တော် သွားပါ့မယ်... ကျွန်တော်က စီနီယာကို နွား ဒါမှမဟုတ် မြင်း တစ်ကောင်လို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပြီးတော့ ကျွန်တော့်မှာ ရှိသမျှ အရာအားလုံးကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်...ကျေးဇူးပြုပြီး ကျွန်တော့် ညီမ နဲ့ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ..."
"ကျွန်တော် တောင်းပန်ပါတယ်..."
သူ၏နံဘေးရှိ လင်းယွဲ့သည် အလွန်ကြောက်လန့်နေသဖြင့် သူမ၏စိတ်ဝိညာဉ်ပင် ခန္ဓာကိုယ်မှ ထွက်ခွာသွားလုနီးပါး ဖြစ်နေခဲ့သည်။ အသက်ချမ်းသာပေးရန် တောင်းပန်စကားကိုပင် သူမ အပြည့်အစုံ မပြောနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ပြားပြားဝပ်နေကာ အဆက်မပြတ် ဦးညွှတ်နေသည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာသည် ယခုအချိန်၌ သရဲ တစ္ဆေတစ်ကောင်အလား ဖြူရော်နေခဲ့ပေ၏။
မုန်တိုင်းထန်သော တုန်လှုပ်မှုလှိုင်းများသည် သူတို့၏စိတ်နှလုံးသားထဲတွင် လှိုင်းထနေသည်။
မည်သည်ကြောင့်နည်း..
ထိုတည်ရှိမှုနှစ်ဦးလုံးသည် သူတော်စင်နယ်ပယ်တွင် ရှိနေကြခြင်းပင်။ ထိုရွှေရောင် ဆံပင်နှင့် လူငယ်၏ အရှိန်အဝါသည် ပင်လယ်ကြီးတစ်ခုအလား ကျယ်ပြောပြီး သူတော်စင်များကြားမှာပင် သူ့ကို ထင်ရှားပေါ်လွင်စေခဲ့သည်။ သို့သော် ဤအစိမ်းရောင်ဝတ်စုံဝတ် လူငယ်၏ရှေ့တွင် သူသည် မည်သည်ကြောင့် ကလေးငယ်တစ်ယောက်အလား အားနည်းနေသနည်း။
လက်ဝါး တစ်ချက်...
ပေါ့ပေါ့ပါးပါး လက်ဝါး ရိုက်ချက် တစ်ချက်တည်းဖြင့် သူ အမြစ်ပြတ်သုတ်သင်ခံလိုက်ရသည်။
ခွန်အားကွာဟချက်မှာ အလွန်ကြီးမားလွန်းပေ၏။
ဤအရာသည် သူတော်စင်နယ်ပယ်မှ လူတစ်ယောက် အမှန်တကယ် ရရှိနိုင်သည့် အရာမျိုး ဖြစ်သလော....
ထိုသို့မဟုတ်ပါက ဖြစ်နိုင်သည်မှာ...
သူသည် သူတော်စင်နယ်ပယ်ကို ကျော်လွန်ပြီး ဒဏ္ဍာရီများထဲတွင်သာရှိသော သူတို့ မော့ကြည့်ရန်ပင် အရည်အချင်း မပြည့်မီသည့် ထိုအဆင့်သို့ ရောက်နေသလော..
ထို့ပြင် အစောပိုင်းက ထိုအင်မော်တယ်ဆေးလုံးသည် သူ့ထံသို့ ပြေးဝင်သွားသော ကောင်းကင်ကိုဆန့်ကျင်သည့် မြင်ကွင်းက သူတို့၏ နားလည်မှုကို လုံးဝမှောက်လှန်ပစ်လိုက်သည်။
ရှေးဟောင်း ကျမ်းစာများနှင့် ဒဏ္ဍာရီများထဲတွင်သာ ရှိသော ထိုကဲ့သို့ အမြင့်မြတ်ဆုံး ရတနာဆေးလုံးသည် သခင်ကို မှတ်မိသော သစ္စာရှိ အိမ်မွေးတိရစ္ဆာန်တစ်ကောင်အလား ဤလူ၏ရင်ခွင်ထဲသို့ အမှန်တကယ် ခုန်ဝင်သွားခဲ့သည်။
ဤအရာကို ရိုးရှင်းသော ခွန်အားဟုသည့် အရာဖြင့် ရှင်းပြ၍ မရတော့ချေ။ ထိုအရာသည် ပို၍တူညီသည်မှာ သူသည် ကံကြမ္မာက ရွေးချယ်ထားသူ သို့မဟုတ် ကံကြမ္မာ ကိုယ်တိုင်ကပင် သူ့ရှေ့တွင် ဦးညွှတ်ရမည့် ကြောက်မက်ဖွယ်ကောင်းသော ထူးခြားဖြစ်စဉ်တစ်ခုအလားပင်။
ဤအချိန်အခိုက်အတန့်တွင် လင်းမောင်နှမ၏ မျက်လုံးထဲတွင် အစိမ်းရောင်ဝတ်ရုံဝတ်ပုံရိပ်သည် သေမျိုးများကြားတွင် လမ်းလျှောက်နေသော နတ်ဘုရားတစ်ပါးအလားပင်။
ဤသည်မှာ နားလည်ရခက်ပြီး သူတို့ ယုံကြည် ကိုးကွယ်ရုံသာ တတ်နိုင်သော အမြင့်မြတ်ဆုံး တည်ရှိမှုတစ်ခုသာ ဖြစ်ပေ၏။
သို့ရာတွင် သူတို့သည် များစွာတွေးတောနေကြခြင်းပင်။
အမှန်အားဖြင့် ဖန်ရွှမ် ထွက်ပေါ်လာသည်ဖြစ်စေ လင်းမောင်နှမနှစ်ဦး ခန်းမဆောင်သို့ သွားသည်ဖြစ်စေ သူတို့၏အသက်များသည် အစကတည်းက သေဒဏ်ချမှတ်ခံထားရပြီးဖြစ်သည်။
စူးချန်ကဲသည် သူ၏ရန်သူများအပေါ် မည်သည့်အချိန်မျှ စိတ်ထားနူးညံ့လေ့ မရှိချေ။
နောက်တစ်စက္ကန့်တွင်...
စူးချန်ကဲ၏မျက်လုံးများတွင် မည်သည့်စိတ်ခံစားမှု အရိပ်အယောင်မျှ မပြသခဲ့ဘဲ သာမာန်မျက်စိဖြင့် မြင်နိုင်စွမ်းရှိသော အရှိန်အဝါတစ်ရပ်က လှိုင်းထလာသည်။
ထိုအရှိန်အဝါသည် ဖျက်ဆီးခြင်းစိတ်ဆန္ဒတစ်ရပ်ကို သယ်ဆောင်လာသည်။ လင်းမောင်နှမ၏မျက်လုံးထဲတွင် ထိုအရာသည် ကောင်းကင်တစ်ခုလုံး ပြိုကျလာပြီး သေခြင်းတရား၏အငွေ့အသက်ကို သယ်ဆောင်လာသည့်အလားပင်။
"မဟုတ်ဘူး..."
လင်းရှန်းသည် လွန်ကဲသော မျှော်လင့်ချက်မဲ့မှုဖြင့် ဟိန်းဟောက်လိုက်ပြီး လင်းယွဲ့၏ အော်ဟစ်သံသည် ရုတ်တရက် ပြတ်တောက်သွားသည်။
ဝုန်း...
ဝုန်း...
တိုးညှင်းသော အသံနှစ်သံသာ ထွက်ပေါ်လာပြီး ထိုအကြည့်တစ်ချက်အောက်တွင် လင်းမောင်နှမနှစ်ဦးလုံး၏ ခန္ဓာကိုယ်များ ချက်ချင်းပြိုကွဲပျက်စီးသွားသည်။
ရုတ်ချည်းဆိုသလိုပင်...
ဖုန်မှုန့်များ အနည်းငယ် စွန်းထင်းနေသော သိုလှောင်လက်စွပ်နှစ်ကွင်းသည် ချလွင်ဟူသောအသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
စူးချန်ကဲက သူ၏အင်္ကျီလက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ လက်စွပ်နှစ်ကွင်းသည် သူ၏ လက်ထဲသို့ ပျံသန်းလာပေ၏။
သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ထိုအရာများကို ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုက်သည်။ ရှုပ်ပွနေသော စိတ်ဝိညာဉ် ကျောက်တုံးများ၊ အဆင့်နိမ့် မှော်လက်နက်များ၊ ဆေးလုံးများနှင့် လွမ်မို တောင်ကြော၏ မြေမျက်နှာသွင်ပြင်နှင့် မသင်္ကာဖွယ်ရာ အရောင်းအဝယ်တချို့ကို မှတ်တမ်းတင်ထားသော ကျောက်စိမ်း စာလိပ် အနည်းငယ်မှလွဲ၍ သူ၏အမြင်အာရုံကို ဖမ်းစားနိုင်မည့်အရာ ဘာမျှမရှိချေ။
ဤသည်မှာ ကျိုးကြောင်းဆီလျော်ပေ၏။ အကယ်၍ သူတို့ထံတွင် ကောင်းကင်ဆန့်ကျင်သော ရတနာများ ရှိနေလျှင် ဤမောင်နှမသည် ဤအပျက်အစီးနယ်မြေထဲတွင် သူတို့၏ အသက်ဖြင့်ရင်း၍ စွန့်စားနေမည် မဟုတ်ပေ။
သူသည် လက်စွပ်နှစ်ကွင်းကို သူ၏သိုလှောင်လက်နက်မှ ထောင့်တစ်နေရာသို့ ပစ်ချလိုက်ပြီး အတိတ်က ရန်သူအသီးသီးထံမှ ရရှိခဲ့သည် အချိန်အကြာကြီး ငြိမ်သက်နေသော စစ်ပွဲအသီးအပွင့်များဘေးတွင် ထားလိုက်၏။
ဖုန်မှုန့်များ ငြိမ်သက်သွားသည်။
စူးချန်ကဲ၏အကြည့်သည် နောက်ဆုံးတွင် ထက်ရှသော ဓားစိတ်ဆန္ဒ ဖြာထွက်နေသည့် အရှေ့ဘက်ရှိ ရှေးဟောင်းခန်းမဆောင်အပေါ်သို့ ကျရောက်သွားသည်။
ထိုဓားစိတ်ဆန္ဒသည် သန့်စင်ပြီး လွှမ်းမိုးနိုင်စွမ်းရှိကာ ပျောက်ကွယ်မသွားဘဲ စုစည်းနေပြီး အထက်ရှိ လကိုးစင်း၏ စွမ်းအားနှင့် ဝေဝါးစွာ ပဲ့တင်ထပ်နေခဲ့သည်။ ခန်းမဆောင်ထဲတွင် ဓားတာအိုနှင့် ဆက်စပ်နေသော ထူးခြားသည့် အရာတစ်ခုခု ရှိနေသည်မှာ သိသာထင်ရှားလှ၏။
သူ၏အကြည့်သည် ထိုအရာဆီသို့ လှည့်သွားသည့် အခိုက်အတန့်တွင် ရင်းနှီးသော စနစ်၏ အသိပေးချက်က သူ၏ စိတ်ထဲတွင် မြည်ဟီးလာသည်။
【ဒင်... အရန်တာဝန် ကို ထုတ်ပြန်လိုက်ပါပြီ...】
【မူလ ဇာတ်ကွက်တွင် ကံကြမ္မာသမီးတော် နင်ဖူယောင်သည် သွေးလအပျက်အစီးနယ်မြေ၏ နက်ရှိုင်းသော နေရာများတွင် မရေမတွက်နိုင်သော အခက်အခဲများမှ ပွတ်ကာသီကာ လွတ်မြောက်မှုများကို ခံစားခဲ့ရပြီး နောက်ဆုံးတွင် လကိုးစင်း ဓားသစ်သီးကို ရရှိခဲ့သည်။ ထိုအရာကို အထောက်အကူပြု ပစ္စည်းအဖြစ် အသုံးပြုကာ သူမသည် သူမ၏ မပျက်စီးနိုင်သော ဓာ ခန္ဓာကိုယ်၏နိုးထလာမှုကို စတင်ရန် ကျင့်ကြံကာကာ အိပ်မောကြခြင်း အခြေအနေသို့ ဝင်ရောက်သွားပေ၏။ သူမ အားအနည်းဆုံး အချိန်တွင် ဖန်ရွှမ်သည် သူမ၏ အစောင့်အရှောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ သူမ နိုးထလာပြီးနောက် သူမသည် ဓားတာအို တွင် ပြိုင်ဘက်ကင်းသော လမ်းကြောင်းကို တရားဝင် စတင်ခဲ့သည်။】
【တာဝန် အကြောင်းအရာ...ကျေးဇူးပြုပြီး သင့်ရဲ့ ဂျူနီယာညီမလေး နင်ဖူယောင်ကို လကိုးစင်း ဓားသစ်သီး အောင်မြင်စွာ ရရှိရန် ကူညီပေးပြီး ဂရုစိုက်တတ်တဲ့ စီနီယာအစ်ကိုတစ်ယောက်ရဲ့ နွေးထွေးမှုကို ပြသပြီး သူ့ရဲ့ တာအိုအစောင့်အရှောက်အဖြစ် ဆောင်ရွက်ပေးပါ။】
【တာဝန် ဆုလာဘ်...တစ်နှစ်စာ ကျင့်ကြံခြင်း အတွေ့အကြုံ...】
"လကိုးစင်း ဓားသစ်သီးလား ..."
"ကံကြမ္မာရဲ့ဇာတ်လိုက်က လက်ဗလာနဲ့ ပြန်သွားမှာ မဟုတ်ဘူးဆိုတာ ငါ သိသားပဲ..."
"ဒီပစ္စည်းက နင်ဖူယောင်အတွက် အထူးတလည် ပြင်ဆင်ထားတာ ဖြစ်ပုံရတယ်..."
စူးချန်ကဲ၏ စိတ်နှလုံးသား လှုပ်ရှားသွားပြီး အနည်းငယ် တုန်လှုပ်နေဆဲဖြစ်သော သူ၏နံဘေးရှိ မိန်းကလေးကို သူ တစ်ချက်ကြည့်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် နင်ဖူယောင်၏ အတွေးများသည် အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအပေါ်တွင် ရှိနေဆဲပင်။
သူမ၏စီနီယာအစ်ကိုသည် အစွမ်းထက်ကြောင်း သူမ သိထားသည်။
သို့ရာတွင် သူသည် ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။
သူသည် လက်တစ်ဖက်ကို လှန်လိုက်ရုံဖြင့်ပင် သူတော်စင်တစ်ပါးကို ဖျက်ဆီးနိုင်နေပြီလော...
"သွားကြတာပေါ့... အတွင်းထဲကို ဝင်ကြည့်ရအောင်..."
စူးချန်ကဲ၏လေသံသည် တည်ငြိမ်နေပြီး သူသည် ဂရုမစိုက်စွာ ရှေ့သို့လျှောက်လှမ်းသွားသည်။
နင်ဖူယောင်က သတိပြန်ဝင်လာပြီး ခေါင်းညိတ်ပြကာ တီးတိုးပြောလိုက်သည်။
"ဟုတ်ကဲ့ စီနီယာအစ်ကို ..."
အချိန်တခဏအကြာတွင်....
သူတို့နှစ်ဦးလုံး ခန်းမဆောင်၏ရှေ့သို့ ရောက်ရှိလာကြသည်။
ခန်းမဆောင်၏ တံခါးများသည် သူတို့ကို ပိတ်ဆို့ထားသော မည်သည့် ကန့်သတ်ချက်မျှ မရှိဘဲ ကျယ်လောင်စွာ ပွင့်ဟနေသည်။ မူလ ကန့်သတ်ချက်များသည် နှစ်ကာလ ကြာရှည်စွာ ကုန်လွန်ပြီးနောက် ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်ပေ၏။
စူးချန်ကဲက နင်ဖူယောင်ကို ခန်းမဆောင်အတွင်းသို့ ခေါ်ဆောင်သွားခဲ့လေသည်။ အတွင်းပိုင်း နေရာသည် ကျယ်ဝန်းပြီး ရှေးဟောင်း ပရိဘောဂများ ရှိကာ အများစုမှာ ယိုယွင်းပျက်စီးနေလေပြီ။
ခန်းမဆောင်၏အလယ်ဗဟိုတွင် မျက်စိကို ဖမ်းစားနိုင်သော ပွင့်လင်းမြင်သာသည့် အဖြူရောင်ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသော သုံးပေကျယ်သည့် ရေကန်တစ်ခုသာ ရှိနေသည်။
ရေကန်ငယ်ထဲတွင် အရည်များ မရှိချေ။ ထိုအစား လရောင်မြူခိုးများ ခရမ်းရောင် ဓားချီများဖြင့် ထူထပ်သိပ်သည်းစွာ ပြည့်နှက်နေသည်။
ရေကန်၏ အလယ်ဗဟိုတွင် ထူးဆန်းသော အပင်တစ်ပင်သည် လေဟာနယ်အတွင်း၌ ပေါက်ရောက်နေခဲ့သည်။ ထိုအပင်တွင် အမြှစ် သို့မဟုတ် အရွက်များ မရှိဘဲ ထိုအပင်၏ ပုံသဏ္ဍာန်သည် ပြောင်းပြန်လှန်ထားသော အသေးစား ရှေးဟောင်းဓားတစ်လက်နှင့် တူညီနေသည်။ ဓား၏ကိုယ်ထည်တစ်ဝက်ခန့်သည် ပွင့်နေပြီး အတွင်းတွင် သက်ရှိများအလား ရွေ့လျားနေသော ရွှေရောင်လေစီးကြောင်းကိုးခု ရှိနေသည်။
အကယ်၍ တစ်ယောက်ယောက်သည် သေချာစွာ ကြည့်မည်ဆိုပါက ဤ ရွှေရောင် လေစီးကြောင်းကိုးခုမှ ဖြာထွက်နေသော အရှိန်အဝါသည် အပျက်အစီးနယ်မြေအထက်ရှိ လကိုးစင်းနှင့် ထပ်တူထပ်မျှ ဖြစ်နေကြောင်း တွေ့ရှိရပေလိမ့်မည်။
ထိုအရာသည် လကိုးစင်းမှ စုစည်းထားသော အနှစ်သာရ အတိအကျပင်။
ထို့ပြင် ဓားအသေးစားလေး၏ လက်ကိုင်တွင် စက်ဝိုင်းပုံရှိပြီး ဆေးလုံးတစ်လုံးနှင့် တူညီသော သစ်သီးတစ်လုံး ထွက်ပေါ်နေခဲ့သည်။
ထိုသစ်သီး၏မျက်နှာပြင်သည် အလင်းရောင်များဖြင့် တောက်ပနေပြီး သစ်သီး၏အရောင်သည် ခရမ်းရင့်ရောင် ဖြစ်လေ၏။ မရေမတွက်နိုင်သော သေးငယ်သည့် ရှေးဟောင်းဓားချီ မှော်စာလုံးများသည် သစ်သီးခွံအောက်တွင် ရွေ့လျားကာ လင်းလက်နေသည်။ ထိုအရာကို ကြည့်ရုံမျှဖြင့် အရာအားလုံးကို ဖြတ်တောက်နိုင်ပြီး ထင်ယောင်ထင်မှားများအားလုံးကို ထိုးဖောက်နိုင်သော ဓားစိတ်ဆန္ဒတစ်ခုက သူတို့ဆီသို့ ပြေးဝင်လာသည်ကို ခံစားရနိုင်သည်။
"ဒါက လကိုးစင်း ဓားသစ်သီးပေါ့..."
စူးချန်ကဲသည် သူ၏မျက်လုံးများကို မှေးစင်းကာ ထိုအရာကို စစ်ဆေးကြည့်ရှုလိုက်၏။ ဓားသစ်သီးမှ ဖြာထွက်နေသော ဓားစိတ်ဆန္ဒက သူ့ကိုပင် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားစေသည်။ ထိုအရာသည် အမှန်တကယ်ကို ထူးခြားပုံရသည်။
ထိုအရာကို သာမန် သူတော်စင်အဆင့် ဆေးလုံးများနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။
အခန်း ၁၇၈:အားချီ... ငါ ပိုပြီးသန်မာချင်တယ်...
ထို့ပြင် ဤလကိုးစင်းဓားသစ်သီးသည် ဤ အပျက်အစီးနယ်မြေနှင့် နီးကပ်စွာ ဆက်စပ်နေကြောင်း စူးချန်ကဲ တွေ့ရှိခဲ့သည်။ လကိုးစင်းသည် ဓားသစ်သီးကို အာဟာရဖြစ်စေကာ ဓားသစ်သီးသည် ဤအပျက်အစီးနယ်မြေမှ အမျိုးမျိုးသော ကန့်သတ်ချက်များ၏ တည်ရှိမှုကို ထိန်းသိမ်းရန် စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ပေးသည်။ ထိုအရာနှစ်ခုသည် အပြန်အလှန် အကျိုးပြုသော်လည်း အချိန်ကြာလာသည်နှင့်အမျှ နောက်ဆုံးအကျိုးခံစားခွင့် ရှိသည်မှာ ဓားသစ်သီးသာ ဖြစ်ပေ၏။
ဤရှုထောင့်မှ ကြည့်လျှင် ဤ အပျက်အစီးနယ်မြေ၏ အဓိကရည်ရွယ်ချက်မှာ ဤဓားသစ်သီးအတွက်ပင်။ ဓားသစ်သီးကို ယူလိုက်သည်နှင့် တစ်ပြိုင်နက် ဤအပျက်အစီးနယ်မြေနှင့် လကိုးစင်းတို့ လုံးဝပြိုကျသွားရန် အချိန် သိပ်ကြာမည် မဟုတ်ချေ။ ဖန်ရွှမ်သည် ထိုအရာကို မခူးခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။ သူ၏အဓိက ရည်ရွယ်ချက်သည် အစစ်အမှန်နဂါးရတနာဆေးလုံးကို ပြုစုပျိုးထောင်ရန်အတွက် လကိုးစင်း၏စွမ်းအားကို ဆွဲယူရန်ပင်။ ဓားသစ်သီးသည် ကောင်းမွန်သော်လည်း ထိုအရာသည် အင်မော်တယ်ဆေးလုံးတစ်လုံးလောက် အဖိုးမတန်ပေ။ ထို့ပြင် ဖန်ရွှမ်သည် ဓားတာအိုကို မကျင့်ကြံသဖြင့် သူ့အတွက် ထိုအရာ၏ဆွဲဆောင်နိုင်မှုသည် ကြီးမားခြင်း မရှိချေ။ အင်မော်တယ်ဆေးလုံးကို ပြုစုပျိုးထောင်မှု ပြီးဆုံးသွားသည်နှင့် တပြိုင်နက် သူသည် အခြားအရာများကို မထိခိုက်စေဘဲ ထိုအရာကို ယူသွားနိုင်ပေ၏။ သူ၏ခန့်မှန်းချက်သည် မှန်ကန်ပြီး ဖန်ရွှမ်သည် အတိအကျ ဤသို့ တွေးတောခဲ့ခြင်းပင်။
သို့ရာတွင် မူလဇာတ်လမ်းဇာတ်ကွက်၌ ဖန်ရွှမ်သည် နင်ဖူယောင်အပေါ် အလွန်ချစ်မြတ်နိုးသွားခဲ့ပြီး ဓားသစ်သီးကို စွန့်လွှတ်ခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင်...
စူးချန်ကဲ၏နံဘေးတွင် မတ်တတ်ရပ်နေသော နင်ဖူယောင်ကလည်း အသက်ရှူရပ်လုမတတ်ပင်။ အမှန်အားဖြင့် သူမ ခန်းမဆောင်ထဲသို့ဝင်လာချိန်တွင် သူမ၏ခန္ဓာကိုယ်သည် အလိုအလျောက် ပူနွေးလာပြီး သူမ၏ သွေးကြောများသည် ခုန်ပေါက်နေသည့်အလား ဤဓားသစ်သီးနှင့် ပြင်းထန်သော ပဲ့တင်ထပ်မှု တစ်ခုကို ဝေဝါးစွာ ထုတ်လွှတ်နေပေ၏။
"သခင်မ... ဒါက လကိုးစင်းဓားသစ်သီးပါ... အင်မော်တယ် ရှေးဟောင်းခေတ်မှာ ဖူဆန်ဆိုတဲ့ သစ်ပင် တစ်ပင် ရှိခဲ့တယ်... အဲ့ဒီအရာက ရှေးဟောင်း နတ်ဘုရားသစ်ပင်ကြီး သုံးပင် ထဲက တစ်ပင်ဖြစ်ပြီးတော့ ဖရိုဖရဲစကြဝဠာရဲ့ နေ ဆယ်စင်းက အဲ့ဒီအပင်မှာ သီးခဲ့တယ်... ဖုဆန်သစ်ပင်ရဲ့ တွဲဖက်ကတော့ လကိုးစင်း ပိုးစာတော နတ်ဘုရားသစ်ပင်ပဲ.. ပိုးစာတောက ဖူဆန် လောက် ရှေးမကျသလို အစွမ်းမထက်ပေမဲ့ လူသားအင်မော်တယ်တွေနဲ့ တခြားအင်မော်တယ်တွေကိုတောင် ရူးသွပ်သွားစေဖို့ လုံလောက်တယ်... ပိုးစာတောသစ်ပင်အောက်မှာ ပေါက်နေတဲ့ အကိုင်းအခက်တစ်ခုကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ် တစ်ယောက်က ဖြတ်ယူခဲ့ပြီးတော့ လကိုးစင်း ဓားသစ်ပင် ကိုးရာကို ပြုစုပျိုးထောင်ဖို့ အမြင့်မြတ်ဆုံး အင်မော်တယ် နည်းလမ်းတွေကို သုံးခဲ့တယ်... ဒီသစ်ပင်တွေက နှစ်တစ်သောင်းမှာ တစ်ကြိမ် ပွင့်ပြီး သီးတတ်တယ်....ရလဒ်ကတော့ လကိုးစင်း ဓားသစ်သီး ပဲ... ဒီအရာက ဓားကျင့်ကြံသူတွေအတွက် အထူးသဖြင့် ဓားတာအို နတ်ဘုရားရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူတွေအတွက် အရမ်းကို ဆွဲဆောင်မှုရှိတယ်..."
"ဒါက အပြည့်အဝ မမှည့်ခင်မှာ ခူးဆွတ်ခံခဲ့ရပေမဲ့ မရေမတွက်နိုင်တဲ့ နှစ်တွေတလျှောက် လကိုးစင်းရဲ့ စွမ်းအားကို စုဆောင်းထားတဲ့ ဒီ အပျက်အစီးနယ်မြေရဲ့ ဝင်္ကပါကနေတဆင့် အဲ့ဒီအရာက ရှေးဟောင်းဓားတာအိုရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်တွေနဲ့ ပေါင်းစပ်သွားခဲ့တယ်...တကယ်လို့ ဒါက လကိုးစင်းဓားသစ်ပင် ပေါ်မှာ ပေါက်တဲ့အရာတွေနဲ့ မယှဉ်နိုင်ရင်တောင်မှ အရမ်းမဝေးဘူး..."
"တကယ်လို့ သခင်မက ဒီအသီးကို စားလိုက်ရင် နင့်ရဲ့ဓားခန္ဓာကိုယ်က နိုးထလာမှုကို သေချာပေါက် တွေ့ကြုံရလိမ့်မယ်.... ပြီးတော့ မမျှော်လင့်ထားတဲ့ အသွင်ပြောင်းမှု တစ်ခုတောင် ရှိလာနိုင်တယ်..."
ရှေးဟောင်းဓားအတွင်း၌ အားချီသည် အနည်းငယ် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ဖြည်းညှင်းစွာ ရှင်းပြလိုက်၏။ သူမသည် နင်ဖူယောင်ကို ထိုအရာအတွက် ကြိုးစားရန် အကြံပြုချင်သော်လည်း ထိုသို့ပြုလုပ်ရန် ခိုင်လုံသော အကြောင်းပြချက် မတွေ့ခဲ့ချေ။
အမှန်တကယ်ပင်...
အကယ်၍ စူးချန်ကဲသာ မရှိခဲ့လျှင် နင်ဖူယောင်သည် ဤအပျက်အစီးနယ်မြေ ရှိသည်ကိုပင် သိခဲ့မည် မဟုတ်ချေ။ ထို့ကြောင့် တစ်ဖက်လူသည် ပို၍တန်ဖိုးရှိသော အစစ်အမှန်နဂါး ရတနာဆေးလုံးကို ရရှိထားပြီးဖြစ်သော်လည်း ဤဓားသစ်သီးကို သူမ မည်သို့ တောင်းဆိုနိုင်မည်နည်း...
"ဟူး..."
"ရပါတယ် အားချီ... နောက်ထပ် လဝက်နေရင် ငါ့ရဲ့ဓား ခန္ဓာကိုယ် နိုးထလာမှုကို ငါ ဘာပဲဖြစ်ဖြစ် ကြုံတွေ့နိုင်သေးတယ်လို့ နင် မပြောခဲ့ဘူးလား..."
"စီနီယာအစ်ကိုက နင်မိသားစုကို ပြန်ဖို့ ငါနဲ့အတူ လိုက်ခဲ့ပေးတာကြောင့် ငါ အရမ်း ပျော်နေပြီ... ဒါ့ပြင် စီနီယာအစ်ကိုက ဒီဓားသစ်သီး ကို ရခဲ့ရင် ငါ ရတာထက် သေချာပေါက် ပိုပြီးအသုံးဝင်မှာပါ..."
နင်ဖူယောင်က ပြုံးပြီး သူမ၏စိတ်ထဲတွင် ပြောလိုက်ရာ သူမ၏အမူအရာသည် အလွန်ပြေလျော့နေပြီး မနာလိုမှုဟူ၍ အရိပ်အယောင်လေးမျှ မရှိပုံရသည်။
ထို့ပြင် သူမထံတွင် ဝမ်းသာမှု အရိပ်အယောင် တစ်ခုလည်း ရှိနေခဲ့သည်။
သူမသည် သူမ၏ စီနီယာအစ်ကိုအတွက် အမှန်တကယ်ကို ပျော်ရွှင်နေခဲ့ခြင်းပင်။
အားချီသည် သူမ၏စိတ်နှလုံးသားထဲတွင် ညင်သာစွာ သက်ပြင်းချလိုက်ပြီး ဖျော့တော့သော အပြုံးတစ်ခုကို ပြသကာ ဘာမျှ ထပ်မပြောတော့ချေ။
သူမနှင့် တစ်ဖက်လူကြားရှိ ကွာဟချက်သည် ပို၍ကျယ်ပြန့်လာနေသည်ဟူသော အချက်ကြောင့် ဤမိန်းကလေးသည် တကယ်ကို မည်သည့်ဖိအားမျှ မခံစားရသလောဟု အားချီက တွေးတောလိုက်၏။
ယခုချိန်၌ သူတို့သည် ငယ်ရွယ်သေးသော်လည်း သူသည် ဤစကြဝဠာ၏ စစ်မှန်သော စင်မြင့်ပေါ်သို့ တက်လှမ်းရန် ဖန်တီးခံထားရလေသည်။ ထိုအချိန်ရောက်လာသောအခါ သူတို့၏ ဆက်ဆံရေးသည် ပို၍ဝေးကွာသွားလိမ့်မည်...
ဤအချိန်အခိုက်အတန့်တွင်...
စူးချန်ကဲ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ဓားသစ်သီးနှင့် နင်ဖူယောင်ကြားရှိ အံ့အားသင့်ဖွယ်ကောင်းသော ဆက်သွယ်မှုကို သဘာဝကျကျ သူ အာရုံခံမိသောကြောင့်ပင်။
နောက်တစ်စက္ကန့်တွင်...
သူသည် ဓားသစ်သီးကိုခူးရန် လက်ဆန့်တန်းကာ အဖြူရောင်ကျောက်စိမ်းရေကန်၏ အစွန်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။
သူ၏လှုပ်ရှားမှုသည် မည်သည့် ဖုံးကွယ်ထားသော ကန့်သတ်ချက်များကိုမျှ အသက်မသွင်းခဲ့သလို ဓားသစ်သီးသည်လည်း မည်သည့် ခုခံမှုကိုမျှ မပြသခဲ့ချေ။
ကျယ်ပြန့်သော ဓားတာအိုအနှစ်သာရ ပါဝင်သော ထိုသစ်သီးကို သူသည် အလွယ်တကူ ခူးယူကာ သူ၏လက်ထဲတွင် ကိုင်ထားလိုက်၏။
စူးချန်ကဲသည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်း မရှိဘဲ နောက်လှည့်ကာ ဓားသစ်သီးကို နင်ဖူယောင် ထံသို့ လက်ကမ်းပေးလိုက်သည်။
"ရော့..."
သူ၏လေသံသည် အလွန် ရိုးရှင်းပြီး စကားလုံး တစ်လုံးတည်းသာဖြစ်သည်။
နင်ဖူယောင် ကြောင်အမ်းသွားသည်။
သူမသည် ဓားစိတ်ဆန္ဒများ ပြည့်နှက်နေပြီး သူမ၏မျက်စိရှေ့တည့်တည့်သို့ ရောက်နေသော ရွှေရောင်သစ်သီးကို ကြည့်လိုက်၏။ ထို့နောက် သူမ စီနီယာအစ်ကို၏ တည်ငြိမ်ပြီး ညင်သာသော မျက်လုံးများကို မော့ကြည့်ပြီး သူမ ချက်ချင်းကြောင်အမ်းသွားသည်။
ဤဓားသစ်သီး၏တန်ဖိုးကို သူမ သိထားပြီး အကယ်၍ သူမ၏စီနီယာအစ်ကိုသာ ထိုအရာကို သူကိုယ်တိုင် စားသုံးလိုက်ပါက အောင်မြင်မှုသည် ပို၍မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားမည်ကို သူမ ပို၍ပင် နားလည်ထားသည်။
စီနီယာအစ်ကို၏ ဓားတာအိုအပေါ် နားလည်သဘောပေါက်နိုင်စွမ်းသည် ကောင်းကင်ကို ဆန့်ကျင်လှပေ၏။
သို့ရာတွင် စီနီယာအစ်ကိုသည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်း မရှိဘဲ သူမကို ပေးခဲ့သလော...
ရှေးဟောင်း ဓားဟင်းလင်းပြင်အတွင်း၌ အားချီသည်လည်း စူးချန်ကဲ၏ လုပ်ရပ်ကြောင့် ကြောင်အမ်းသွားပြီး သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
နင်ဖူယောင်၏အသံသည် အနည်းငယ် ထိတ်လန့်နေပြီး သူမသည် ငြင်းပယ်ရန် ကြိုးစားလိုက်၏။
"စီနီယာအစ်ကို ... ဒါက အရမ်းအဖိုးတန်လွန်းတယ်... ငါ..."
သူမ၏နှလုံးသားသည် ကြီးမားသော နွေးထွေးသည့် ရေစီးကြောင်းတစ်ခုထဲတွင် ချက်ချင်းနစ်မြုပ်သွားခဲ့သည်။
စူးချန်ကဲက သူမ၏စကားကို တည်ငြိမ်စွာ ကြားဖြတ်ပြောလိုက်ပြီး နင်ဖူယောင်၏လက်လေးကို ယူကာ ဓားသစ်သီးကို သူမ၏လက်ဖဝါးထဲသို့ ထည့်ပေးလေသည်။
"ဒါက မင်းနဲ့ ကိုက်ညီတယ်..."
သူသည် ထပ်ဖြည့်ပြောလိုက်သည်။
"မင်းရဲ့ လမ်းကြောင်းက ဓား တာအိုမှာ တည်ရှိတယ်... ဒီအရာက မင်းကို အစွမ်းထက်ဆုံး အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ ကူညီပေးနိုင်တယ်... ငါ့အတွက်ကတော့ ငါ့မှာ ဒီဓားသစ်သီး ရှိရှိမရှိရှိ ဘာမှမကွာခြားဘူး..."
သူသည် အမှန်တရားကို ပြောနေခြင်းပင်။
ဤဓားသစ်သီးကို စားသုံးခြင်းသည် ကြီးမားသော တိုးတက်မှုကို မပေးစွမ်းဘဲ သူ၏ ဓားတာအိုစွမ်းရည်များကို အနည်းငယ်မျှသာ ထပ်ဖြည့်ပေးပေမည်။ ထိုအရာသည် သူ တစ်နှစ်စာ ကျင့်ကြံခြင်းကို ရရှိသလောက် လက်တွေ့မကျချေ။
ထို့ပြင် သူ၏တာအိုသည် ဓားတာအို သက်သက် မဟုတ်ဘဲ ဖရိုဖရဲ တာအိုတစ်သောင်းနှင့် ဖရိုဖရဲ ကြာပန်းစိမ်းပေါ်တွင် တွေ့ရှိရမည့် လောကမူလအစ၏ လမ်းကြောင်းလေးဆယ့်ကိုးခုပင်။
ဓားသစ်သီးသည် နင်ဖူယောင်အတွက် အခွင့်အရေးတစ်ခု ဖြစ်သော်လည်း သူ့အတွက် ထိုအရာကို ကိတ်မုန့်ပေါ်က သကြားရည်အဖြစ်သာ သတ်မှတ်နိုင်ပေ၏။
နင်ဖူယောင်သည် သူမ၏လက်ဝါးထဲရှိ ဓားသစ်သီးကို ကြောင်အမ်းနေသော အမူအရာဖြင့် ကြည့်ကာ သူမ၏နှလုံးသားသည် ကြီးမားသော နွေးထွေးသည့် ရေစီးကြောင်းတစ်ခုထဲတွင် ချက်ချင်းနစ်မြုပ်သွားခဲ့ပြီး သူမ၏မျက်လုံးများ ရုတ်တရက် နီရဲလာသည်။
ဤလောကကြီးတွင် ဦးလေးလင်းမှလွဲ၍ မည်သူကမျှ သူမအပေါ် စီနီယာအစ်ကိုကဲ့သို့ ကောင်းခဲ့ဖူးသည် မဟုတ်ပေ။
ဤအရာသည် အမြင့်မြတ်ဆုံး ရတနာတစ်ခု ဖြစ်သော်လည်း စီနီယာအစ်ကိုသည် သူမကို ပေးရန် ဆန္ဒရှိခဲ့သည်။ သွေးသားဆွေမျိုး အများအပြားပင် ထိုသို့လုပ်နိုင်မည် မဟုတ်ပေ။
"စီနီယာအစ်ကို ... ငါ..."
နင်ဖူယောင်က စူးချန်ကဲကို ကြည့်လိုက်ကာ သူမ၏အသံ အနည်းငယ် ဆို့နင့်နေသည်။
အားချီသည်လည်း မယုံကြည်နိုင်စွာ ပြောလိုက်ကာ သူမ၏ မျက်လုံးများတွင် ဝမ်းသာမှုနှင့် စိတ်နှလုံးသားထဲမှ လေးစားမှု အရိပ်အယောင်တစ်ခု ရှိနေပေ၏။
"သခင်မရဲ့ ဒီစီနီယာအစ်ကိုက... တကယ်တော့ တော်တော်လေး လူသားဆန်တဲ့ သဘောထားမျိုး ရှိတယ်..."
သူသည် ဤသို့ အစစ်အမှန်သူတော်စင်လမ်းကြောင်းကို လျှောက်လှမ်းနိုင်သည့် ပြိုင်ဘက်ကင်းသူ တစ်ယောက်ဖြစ်ရန် အမှန်တကယ်ကို ထိုက်တန်လှသည်။
ရိုးရိုးသားသား ပြောရလျှင် ဤအခိုက်အတန့်တွင် နင်ဖူယောင်ကို သူမ အမှန်တကယ်ကို အနည်းငယ် မနာလိုဖြစ်မိသည်။ သူမကို ဤမျှထိ ရိုးရိုးသားသား ဆက်ဆံသော စီနီယာအစ်ကို တစ်ယောက် ရှိခြင်းသည် ကျင့်ကြံခြင်း လောကတွင် ရှားပါးလှသည်။
"စကားတွေ ထပ်ပြောဖို့ မလိုတော့ပါဘူး... ဒီ အပျက်အစီးနယ်မြေက အချိန်အကြာကြီး တည်ရှိတော့မှာ မဟုတ်ဘူး... ဒီနေရာမှာ လကိုးစင်းရဲ့စွမ်းအား နည်းနည်းကျန်ရှိနေသေးတယ်...ဒါကြောင့် မင်းက ဒီနေရာမှာ ဓားသစ်သီး ကို စားသုံးတာ အကောင်းဆုံးပဲ... မင်းက ပလ္လင်ခွေထိုင်ပြီး အဲ့ဒီအရာကို စပြီးသန့်စင်လိုက်တော့... ငါက မင်းရဲ့အစောင့်အရှောက်အနေနဲ့ ဆောင်ရွက်ပေးမယ်..."
စူးချန်ကဲသည် နံဘေးသို့ လျှောက်လှမ်းသွားကာ ပလ္လင်ခွေထိုင်လိုက်ပြီး ခန်းမဆောင်၏ အပြင်ဘက်ရှိ အပျက်အစီးနယ်မြေမှ နက်ရှိုင်းသော လေဟာနယ်ဆီသို့ ကြည့်လိုက်ကာ သူ ဆုံးဖြတ်ချက် ချမှတ်ပြီးလေပြီ။
ဤသည်မှာ အချိန်ကိုက်ဖြစ်ပြီး သူသည် အစစ်အမှန်နဂါး ရတနာဆေးလုံးကို သန့်စင်ရပေမည်။
ထိုသို့ဆိုပါက သူ၏စွမ်းအားကို နောက်တစ်ကြိမ် မြှင့်တင်နိုင်ပေမည်။
နင်ဖူယောင်သည် စူးချန်ကဲ၏ ခိုင်မာပြီး ပြတ်သားသော လေသံကို ကြားသောအခါ ဝန်လေးစွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။
သူမသည် နောက်ထပ်မတုံ့ဆိုင်းတော့ဘဲ ချက်ချင်း ပလ္လင်ခွေထိုင်လိုက်ကာ လကိုးစင်း ဓားသစ်သီးကို သူမ၏ရင်ဘတ်ရှေ့တွင် ထားလိုက်၏။
"သခင်မ...နင့်ကို မှော်မန္တန်တစ်ခု ငါ သင်ပေးမယ်... ဓားသစ်သီးကို နင့်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်လာအောင် လမ်းပြဖို့ အဲ့ဒီအရာကို အသုံးပြုပါ..."
အားချီက အလျင်အမြန် ပြောလိုက်သည်။
"အင်း..."
နင်ဖူယောင်သည် ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏စိတ်နှလုံးသားထဲတွင် အကြွင်းမဲ့ ပြတ်သားမှုဖြင့် ပြောလိုက်၏။
"အားချီ... ငါ ပိုသန်မာချင်တယ်..."
"ကောင်းပြီလေ..."
"ငါ စီနီယာအစ်ကိုကို ကျေးဇူးဆပ်ချင်တယ်..."
"အင်း..."
"ငါ စီနီယာအစ်ကိုကို သေချာပေါက် ကျေးဇူးဆပ်ရမယ်..."
"အင်း... ကောင်းပြီလေ..."