အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အခန်း ၁၇၉: ကံကြမ္မာဇာတ်လိုက်မလေးတွေ အားလုံးက ကျင့်ကြံတဲ့အချိန်မှာ မဖွယ်မရာတွေ လုပ်လေ့ရှိတာလား
【ဒင်... အရန်တာဝန် ပြီးမြောက်ပါပြီ... လက်ခံသူက ကံကြမ္မာသမီးတော်နင်ဖူယောင်ကို လကိုးစင်းဓားသစ်သီး ရရှိအောင် အောင်မြင်စွာ ကူညီပေးခဲ့ပြီးတော့ သူ့ကို နွေးထွေးမှုတချို့လည်း ပေးစွမ်းနိုင်ခဲ့တယ်... ဆုလာဘ်...တစ်နှစ်စာ ကျင့်ကြံခြင်း အတွေ့အကြုံ】
【လက်ရှိ စုဆောင်းထားသော ကျင့်ကြံခြင်း အတွေ့အကြုံ...နှစ်နှစ်နှင့် တစ်လ】
စူးချန်ကဲသည် ရောက်ရှိလာသော ဆုလာဘ်ကို တစ်ချက်ကြည့်ပြီးနောက် မလှမ်းမကမ်းတွင် ရှိနေသော နင်ဖူယောင်ဆီသို့ သူ၏အကြည့်ကို ပြန်လည်၍ ရွှေ့ပြောင်းလိုက်သည်။
သူ၏ကျင့်ကြံခြင်း မစတင်မီ နင်ဖူယောင်တွင် မည်သည့်အရာမျှ မှားယွင်းမှု မရှိစေရန် အနည်းဆုံးအနေဖြင့် သူ သေချာလုပ်ဆောင်ရပေမည်။
ထိုသိုဖြစ်ရန်မှာ ဖြစ်နိုင်ခြေ နည်းပါးသော်လည်း...
သူ၏ရှေ့တွင်...
နင်ဖူယောင်သည် ရေကန်ရှေ့တွင် ပလ္လင်ခွေထိုင်နေပြီး သူမ၏မျက်လုံးများတွင် ပို၍သန်မာလာလိုသော ပြတ်သားသည့် စိတ်ဆန္ဒများ ပြည့်နှက်လာသည်နှင့်အမျှ သူမ၏စိတ် တဖြည်းဖြည်း တည်ငြိမ်လာသည်။
နောက်တစ်စက္ကန့်တွင်...
သူမသည် အားချီ သင်ပေးသော ရှေးဟောင်း မှော်မန္တန်ကို စတင်၍လိုက်နာခဲ့ပြီး သူမ၏ရှေ့ရှိ လကိုးစင်း ဓားသစ်သီးကို သူမ၏ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ ပေါင်းစပ်လိုက်၏။
"ခန္ဓာကိုယ်ကို မီးပြင်းဖိုအဖြစ် အသုံးပြုပြီး စိတ်ဆန္ဒကို မီးအဖြစ် သုံးပါ..."
အားချီ၏ အေးစက်သော အသံသည် နင်ဖူယောင်၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီး စကားလုံးတိုင်းက မဟာတာအိုတချို့၏စည်းချက်ကို သယ်ဆောင်ထားပုံရသည်။
မှော်မန္တန် လည်ပတ်လာသည်နှင့်အမျှ ရွှေနီရောင် တောက်ပမှုတစ်ခုသည် နင်ဖူယောင်၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ထွက်ပေါ်လာပေ၏။ ထို့နောက် မရေမတွက်နိုင်သော ခေတ်ကာလများတလျှောက် အိပ်စက်နေခဲ့သော ဤကမ္ဘာနှင့် သက်ဆိုင်ပုံမရသည့် ရှေးဟောင်းအရှိန်အဝါတစ်ရပ်သည် သူမ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။
ဤရှေးဟောင်း ဓားစိတ်ဆန္ဒအရှိန်အဝါ ပျံ့နှံ့သွားချိန်၌ အပျက်အစီးနယ်မြေတစ်ခုလုံး တုန်ခါသွားသည်။
"ဒီအရှိန်အဝါက..."
စူးချန်ကဲက သူ၏မျက်လုံးများကို အနည်းငယ်မှေးစင်းကာ တွေးတောလိုက်၏။
"ရုပ်ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ သုံးထောင်ရဲ့ ထိပ်ဆုံးမှာရှိတဲ့ နတ်ဘုရား ခန္ဓာကိုယ် တစ်ခုဖြစ်ဖို့ ထိုက်တန်တယ်... အဲ့ဒီအရာ နိုးထလာမှုကနေ ဖြာထွက်လာတဲ့ အရှိန်အဝါလေးသက်သက်ကတင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်က ယှဉ်ပြိုင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး..."
တစ်ချိန်တည်းမှာပင်....
လကိုးစင်း ဓားသစ်သီးသည် မမြင်နိုင်သော စွမ်းအားတစ်ခု၏ ဆွဲဆောင်မှုကို ခံရသည့်အလား နင်ဖူယောင်၏သွေးကြောထဲသို့ ဖြည်းညှင်းစွာ ပေါင်းစပ်သွားသည်။
ဝီ...
ဓားသစ်သီးသည် သူမ၏သွေးကြောနှင့် ပေါင်းစပ်သွားသည့် အချိန်အခိုက်အတန့်တွင် မယုံနိုင်လောက်အောင် ရှေးကျပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒတစ်ခု ပေါက်ကွဲထွက်လာပေ၏။ ထိုအရာသည် နင်ဖူယောင်၏ ခြေလက်များ၊ အရိုးများ၊ သွေးကြောများ၊ မရီဒါန်းများ သူမ၏နတ်ဘုရားစိတ်ဝိညာဉ်နှင့် အသိစိတ်ပင်လယ်ကိုပင် ချက်ချင်းလွှမ်းခြုံသွားသည်။
"အင့်..."
နင်ဖူယောင်က ညည်းတွားလိုက်ကာ သူမ၏မျက်နှာ ဖြူရော်သွားပြီး သူမ၏နဖူးပေါ်တွင် ချွေးစေးများ ချက်ချင်းထွက်ပေါ်လာသည်။
ဓားခန္ဓာကိုယ်၏ နိုးထလာမှုသည် သူမ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ နာကျင်လေ၏။
ဓားချီအမျှင်တိုင်းသည် သူမ၏ အသားများကို ထိုးဖောက်ကာ သူမ၏အရိုးများကို ဆေးကြောပြီး သူမ၏သွေးကြောများကို သန့်စင်ပေးကာ သူမ၏ နတ်ဘုရားစိတ်ဝိညာဉ်အပေါ် တိုက်ရိုက် သက်ရောက်မှုရှိပြီး ဖျက်ဆီးလုနီးပါး အဆင့်မြှင့်တင်ခြင်းကို လုပ်ဆောင်ပေးနေသည်။
ဤသည်မှာ ပြီးပြည့်စုံသော အသွင်ပြောင်းမှု တစ်ခုပင်။
"သခင်မ...တောင့်ထားပါ... ဓားခန္ဓာကိုယ် နိုးထလာပြီ..."
အားချီက သူမ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုဖြင့် အလျင်အမြန် ပြောလိုက်သည်။
ခေတ်ကာလ မည်မျှထိ ကြာမြင့်ခဲ့ပြီဆိုသည်ကို သူမ မမှတ်မိနိုင်တော့ချေ။ နောက်ဆုံး၌ သူမသခင်မ၏ မပျက်စီးနိုင်သော ဓားခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ပြန်လည်၍ မြင်တွေ့နိုင်တော့ပေမည်။
သို့ရာတွင် ဤလွန်ကဲသော နာကျင်မှုကြားတွင် နင်ဖူယောင်၏မျက်လုံးများ၌ ပို၍ပင် ပြတ်သားသော အရိပ်အယောင်များ ထင်ဟပ်လာပြီး တောက်ပလာပေ၏။
စီနီယာအစ်ကို...
ငါ သေချာပေါက် အောင်မြင်ရမယ်...
ငါက နင် စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူး....
သူမသည် ကြီးမားသော နာကျင်မှုကို သည်းခံရင်း အံ့ကြိတ်ကာ သူမ၏စိတ်ကို တည်ငြိမ်အောင် ထားလိုက်၏။
အချိန်အကြာကြီး ကုန်ဆုံးသွားသကဲ့သို့ သူမ ခံစားရသော်လည်း တကယ်တမ်းတွင် ဤအရာများအားလုံးမှာ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ဖြစ်ပျက်ခဲ့ခြင်းပင်။
တဖြည်းဖြည်းနှင့်...
နင်ဖူယောင်၏ခန္ဓာကိုယ်ထဲရှိ နာကျင်မှုများ ပျောက်ကွယ်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။
ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်၏ ဓားတာအိုသည် သူမ၏လက်လှမ်းမီမှု အတွင်းတွင် ရှိနေသည်ဟု သူမ အမှန်တကယ် ခံစားလိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် အချိန်အတန်ကြာ သူမကို ဒုက္ခပေးခဲ့သော ထိုက်ချင်ဓားကိုးလက်၏ နောက်ဆုံးဓားသုံးလက်သည် သူမ၏ စိတ်ထဲတွင် အလိုအလျောက် ထွက်ပေါ်လာပြီး ယခင်က မရှိဖူးသော ရှင်းလင်းပြတ်သားမှုဖြင့် ပွင့်အံ့ထွက်လာသည်။
တာအိုစည်းချက်၏ အမှန်တရားသည် နတ်ဘုရားတစ်ပါးမှ ဉာဏ်အလင်းဖွင့်ခြင်းအလား သူမထံသို့ စီးဝင်လာပေ၏။
ထိုအချိန်အခိုက်အတန့်တွင် ဤဓားနည်းစနစ်ပုံစံသုံးခုကို သူမ ချက်ချင်းနားလည်သွားသည်။
တစ်ချိန်တည်းမှာပင် စနစ်၏ အသိပေးချက်သည် မလှမ်းမကမ်းတွင် ထိုင်နေသော စူးချန်ကဲ၏နားထဲတွင် မြည်ဟီးလာသည်။
【ဒင်... ကံကြမ္မာသမီးတော် နင်ဖူယောင်သည် လက်ခံသူ၏ လကိုးစင်းဓားသစ်သီး လက်ဆောင်ကြောင့် နက်ရှိုင်းသော တာအို ဉာဏ်အလင်းပွင့်ခြင်း အခြေအနေသို့ ဝင်ရောက်သွားကြောင်း တွေ့ရှိရပါသည်... 'ထိုက်ချင် ဓားကိုးလက်' ၏ နောက်ဆုံးပုံစံသုံးခုကို အောင်မြင်စွာ နားလည်သွားပြီး သူမ၏ဓားတာအိုစွမ်းရည် သိသိသာသာ တိုးတက်လာကာ သူမ၏မပျက်စီးနိုင်သော ဓားခန္ဓာကိုယ် နီဗားနား နိုးထလာမှုကို စတင်နိုင်ခဲ့သည်... လက်ခံသူ၏တာအိုကို သင်ကြားပေးခြင်းတာဝန် ပြည့်စုံသွားပါပြီ...】
【ဆုလာဘ် ထုတ်ပေးလိုက်ပါပြီ... ကပ်ဘေးကိုးခု လောကဖျက်ဆီး ဓားနည်းစနစ်(ဧကရာဇ်အဆင့်)...】
အဆုံးမဲ့ ဖျက်ဆီးခြင်းနှင့် ကပ်ဘေးတို့၏ အရှိန်အဝါများဖြင့် ပြည့်နှက်နေသော ကျယ်ပြန့်ပြီး ခမ်းနားသော အတွေးရေစီးကြောင်းတစ်ခုသည် စူးချန်ကဲ၏ အသိစိတ် ပင်လယ်ထဲသို့ ချက်ချင်းဆိုသလိုပင် တလိမ့်လိမ့် ဝင်ရောက်လာခဲ့သည်။
ဤသည်မှာ ကျင့်ကြံခြင်း နည်းစနစ် တစ်ခုအတွက် ရိုးရှင်းသော စာသားများ မဟုတ်ဘဲ လောကဖန်တီးခြင်း အစကတည်းက ခတ်နှိပ်ထားပုံရသော မြင်ကွင်းများ၏ အဆက်မပြတ်ပုံရိပ်တစ်ခုပင်။
တိတိကျကျ ပြောရလျှင် ထိုအရာသည် ပုံရိပ်ယောင်မြင်ကွင်းတစ်ခုပင်။
ကောင်းကင်ကြီး ပြိုကျလာပြီး ကြယ်များ ကျဆင်းလာကာ သက်ရှိများအားလုံး ပျောက်ကွယ်သွားပြီး ခေတ်တစ်ခေတ် အဆုံးသတ်သွားခဲ့သည်။ ထိုအကန့်အသတ်မဲ့ ဖျက်ဆီးခြင်းကြားတွင် အစမှအဆုံးတိုင်အောင် ဖြန့်ကျက်ထားသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားစိတ်ဆန္ဒတစ်ခုသည် ဖရိုဖရဲကို ဖြတ်တောက်ကာ လူဝင်စားခြင်းကို ဖွင့်လှစ်လိုက်ပြီး စည်းမျဉ်းများကို ပြန်လည်သတ်မှတ်ရန် ကောင်းကင်ကို ဖျက်ဆီးပစ်မည့်အလားပင်။
"လောကကြီးကို အဆုံးသတ်မယ့် ဓားတစ်လက်..."
ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက် စူးချန်ကဲက တီးတိုးရေရွတ်လိုက်၏။
စူးချန်ကဲပင်လျှင် ဤအချိန်အခိုက်အတန့်တွင် ဤဓားနည်းစနစ်ကြောင့် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။
ဧကရာဇ်အဆင့် နတ်ဘုရားစွမ်းရည်တစ်ခုသည် ကြောက်မက်ဖွယ်ကောင်းမည်ဟု သူ ကြိုတင် ပြင်ဆင်ထားပြီးဖြစ်သည်။ သို့ရာတွင် ဤဓားနည်းစနစ်သည် အထွတ်အထိပ်အခြေအနေတွင် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း စွမ်းအားကို ပိုင်ဆိုင်ပြီး နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်သော စွမ်းအားရှိလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
လူသားမျိုးနွယ်စု၏ မဟာဧကရာဇ်များကြားတွင်ပင် ဤအရာကို သတ်ဖြတ်ခြင်းစွမ်းအား၏ အထွတ်အထိပ်အဖြစ် သတ်မှတ်နိုင်ပေ၏။
စူးချန်ကဲ လောကဖျက်ဆီးဓားနည်းစနစ်အကြောင်း တွေးတောနေစဉ်...
အနီးအနားရှိ နင်ဖူယောင်၏အရှိန်အဝါ ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားသည်။
ဝီ...
ဖော်ပြ၍မရနိုင်လောက်အောင် ရှေးကျပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ခုသည် နင်ဖူယောင်၏ခန္ဓာကိုယ်မှ ဖြာထွက်လာပေ၏။
ရှေးဟောင်း စက်ဝိုင်းပုံ ဓားမှော်စာလုံးများသည် သူမ၏နံဘေးပတ်လည်တွင် ပေါ်လာခဲ့ပြီး တစ်ခုစီတိုင်းမှ မတူညီသော ဓားတာအို အရှိန်အဝါတစ်ရပ် ဖြာထွက်နေသည်။ ဤဓား မှော်စာလုံးများသည် နင်ဖူယောင်ကို အမှန်တကယ် စတင်၍ နာခံရို့ကျိုးလာသည်။
တစ်ချိန်တည်းမှာပင်....
နင်ဖူယောင်၏အသားအရေပေါ်ရှိ အလင်းရောင် အမြှေးပါးအလွှာသည် ရုတ်တရက် အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားသည်။
ထို့နောက် စုတ်ပြဲသံတစ်သံနှင့်အတူ...
ထိုအရာသည် လုံးလုံးလျားလျားအက်ကွဲသွားပေ၏။
နောက်တစ်စက္ကန့်တွင်...
နင်ဖူယောင်၏ခန္ဓာကိုယ်ပေါ်ရှိ ငွေဖြူရောင်ဝတ်စုံရှည်သည်လည်း အမှန်တကယ် ပျောက်ကွယ်သွားခဲ့သည်။
မိန်းကလေး၏ အပြစ်အနာအဆာကင်းသော ခန္ဓာကိုယ်သည် ခန်းမဆောင်အတွင်းတွင် မည်သည့် ဖုံးကွယ်မှုမျှ မရှိဘဲ ဖော်ပြခြင်း ခံလိုက်ရသည်။
သူမ၏အသားအရေသည် သိုးဆီကျောက်စိမ်းအလား နွေးထွေးသော တောက်ပမှုဖြင့် လင်းလက်နေပြီး ဓားစိတ်ဆန္ဒမှ အဆင့်မြှင့်တင်နေခြင်းကြောင့် ပို၍ပင် ကြည်လင်လာသည်။ မှေးမှိန်သော ရွှေနက်ရောင် ဓားမှော်စာလုံးများသည် သူမ၏အသားအရေပေါ်တွင် စီးဆင်းနေပြီး သူမ၏ အသွင်အပြင်ကို မြင့်မြတ်မှု အနည်းငယ် ပေါင်းထည့်ပေးထားလေ၏။
သူမ၏ မည်းနက်သော ဆံပင်များသည် အောက်သို့ ဖြာကျလာပြီး မြင်ကွင်းကို တစ်စိတ်တစ်ပိုင်း ဖုံးကွယ်ထားသည်။
စူးချန်ကဲ ကြောင်အမ်းသွားပြီး အနည်းငယ် စကားမပြောနိုင် ဖြစ်သွားသည်။
အင်း...ဒီကံကြမ္မာသမီးတော်တွေအားလုံးက ကျင့်ကြံတဲ့အချိန်တိုင်း မဖွယ်မရာတွေ လုပ်လေ့ရှိတာလား...
ဤသည်မှာ သူတို့၏ဆက်ဆံရေးတွင် မသေချာမရေရာမှုများ ဖန်တီးရန် ဖန်ရွှမ်အတွက် ပြင်ဆင်ထားသော အခွင့်အရေးတစ်ခု ဖြစ်နေသလော....
သူ့ရှေ့ရှိ မြင်ကွင်း၏ အမြင်အာရုံ သက်ရောက်မှုမှာ အလွန်ပြင်းထန်သော်လည်း စူးချန်ကဲ၏ နှလုံးသားသဘာဝသည် မည်မျှထိ ခိုင်မာသနည်း....
ဖြစ်နိုင်သည်မှာ သူသည် ကံကြမ္မာသမီးတော်များကြောင့် ရင့်ကျက်နေပြီဖြစ်သောကြောင့်ပင်။
သူသည် သူ၏စိတ်နှလုံးသားထဲရှိ အနည်းငယ်မျှသော လှိုင်းဂယက်ကို ချက်ချင်းဖိနှိပ်လိုက်ရာ သူ၏မျက်လုံးများသည် တည်ငြိမ်ပြီး ခံစားချက်မရှိသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
သူသည် တခဏမျှ တိတ်ဆိတ်နေပြီးနောက် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။
နူးညံ့ပြီး ဝေဝါးသော ဖရိုဖရဲချီစီးကြောင်းတစ်ခုက သူ၏အင်္ကျီလက်ထဲမှ ထွက်ပေါ်လာသည်။ ထိုအရာသည် နင်ဖူယောင်၏ခန္ဓာကိုယ်ကို တိုက်ရိုက်မထိဘဲ သူမနှင့်သုံးပေအကွာတွင် အနည်းငယ်ဝေဝါးသော ဖရိုဖရဲ အလင်း မျက်နှာပြင်တစ်ခုကို ဖန်တီးလိုက်သည်။
စူးချန်ကဲသည် ဤကဲ့သို့ အခြေအနေမျိုးတွင် တစ်စုံတစ်ယောက်ကို အခွင့်ကောင်းယူခြင်း ကဲ့သို့ အရာမျိုးကို မည်သို့မျှ လုပ်ဆောင်မည် မဟုတ်ချေ။
ဤသို့ပြုလုပ်ပြီးနောက် စူးချန်ကဲသည် သူမအား အာရုံစိုက်ခြင်းကို ရပ်တန့်ပြီး သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ စုံမှိတ်လိုက်သည်။
"ကျင့်ကြံဖို့ အချိန်တန်ပြီ..."
"စနစ်...အချက်အလက်ဇယားကို ဖွင့်ပေးပါ..."
【အမည်.. စူးချန်ကဲ】
【အသက် ...နှစ်ဆယ့်သုံးနှစ်】
【နယ်ပယ်... သူတော်စင်နယ်ပယ် အစောပိုင်း အဆင့် (ထူးခြားသော အစစ်အမှန် သူတော်စင်... ကိုယ်ပိုင် သူတော်စင် လမ်းကြောင်းကို ဖွင့်လှစ်ထားသည်)】
【ကျင့်ကြံနည်းစနစ်...ထိုက်ချင် နက်နဲသိမ်မွေ့ ကျင့်စဉ် (မြေကမ္ဘာအဆင့် အထွတ်အထိပ်) ဟန်ယွီကျမ်းစာ (ဧကရာဇ်အဆင့် ကဏဦးအဆင့်)ဘိုးဘေးနဂါး မသေနိုင်သော ကျင့်စဉ် (အမည်မသိ ကဏဦးအဆင့်)】
【နတ်ဘုရားစွမ်းရည် ...ထိုက်ချင် ဓားသိုင်း (မြေကမ္ဘာအဆင့်..အထွတ်အထိပ်) ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ် (သူတော်စင်အဆင့်....ပြီးပြည့်စုံခြင်း) ထိုက်ချင် ဓားကိုးလက် ...အပြစ်ရှိသော သတ်ဖြတ်ခြင်း မြေအောက်ကမ္ဘာ သတ်ဖြတ်ခြင်း... (ကောင်းကင်အဆင့်...အသေးစား အောင်မြင်မှု) ခြေတစ်လှမ်းအကွာမှာပဲ ရှိနေပေမဲ့ ကောင်းကင်ရဲ့ အဆုံးသတ်အလား ဝေးကွာခြင်း (သူတော်စင်အဆင့်..အထွတ်အထိပ်)】
【တာအို သုံးထောင်.. တာအို သုံးထောင် လက်ဖက်ရည်တာအို (ပြီးပြည့်စုံခြင်း)၊ တာအို သုံးထောင် ....အဆောင်လက်ဖွဲ့ တာအို (အထွတ်အထိပ်) တာအို သုံးထောင် ...ဓားတာအို (ကဏဦး) တာအို သုံးထောင် ...အချိန် (အသေးစား အောင်မြင်မှု)】
【ကောင်းကင်နှင့်မြေကြီး တာအို ငါးဆယ် - သတ်ဖြတ်ခြင်း မဟာ တာအို (1%)၊ အချိန် မဟာ တာအို (0.3%)】
【အထူး စွမ်းရည်များ ... ကောင်းကင်လှိုဏ်ဂူ မူလဘူတ ဘိုးဘေးနဂါး စိတ်ဝိညာဉ် ခန္ဓာကိုယ် ကောင်းချီး...လက်ခံသူ၏သွေးတွင် ဘိုးဘေး နဂါး အစွမ်းအစ အနည်းငယ် ပါဝင်သည်။ ဖရိုဖရဲ နတ်ဘုရားမီးတောက်...ထိုအရာ၏ မီးတောက်များတွင် ဖရိုဖရဲစွမ်းအား ပါဝင်သည်။ တာအိုတစ်သောင်းက ခန္ဓာကိုယ်ကို လောင်ကျွမ်းစေခြင်း...လက်ခံသူသည် ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လှမ်းပြီးနောက် သူသည် ဤစကြဝဠာရှိ မှော်စာလုံးများ အားလုံးကို ဖိနှိပ်နိုင်ပေ၏။ တာအိုတစ်သောင်းနတ်ဘုရားစက်ဝန်း....နတ်ဘုရားမီးတောက်နယ်ပယ်၏ နတ်ဘုရားစွမ်းအားများအားလုံးကို ဖိနှိပ်နိုင်သည်။ ကိုယ်ပိုင်လမ်းကြောင်း အစစ်အမှန်သူတော်စင်...တာအိုအားလုံးက နာခံသည် ပြီးနောက် သူတော်စင်နယ်ပယ် ကျင့်ကြံသူများအားလုံး၏ တာအိုနှင့်ဥပဒေသများ ကို ဖိနှိပ်နိုင်သည်】
【အထူးရုပ်ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ... အဆင့်မြင့် အထွတ်အထိပ်အရိုး.. ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း နတ်ဘုရား သူငယ်အိမ်များ..မွေးရာပါ ဖရိုဖရဲ နှလုံးသား】
【မှော် ရတနာ ... လမင်းဖြတ်တောက်ခြင်းဓား (မြေကမ္ဘာအဆင့် အဆင့်မြင့်) စိတ်ဝိညာဉ်လမင်းနတ်ဘုရားစေတီ (သူတော်စင် အဆင့်နိမ့်)】
【တခြား... ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း 】
【ကျန်ရှိသော ကျင့်ကြံခြင်း အတွေ့အကြုံ... နှစ်နှစ်နှင့် တစ်လ】
ယခုအခါ သူ၏အချက်အလက်ဇယားကို ခမ်းနားသည်ဟု ဖော်ပြနိုင်လေ၏။
နောက်တစ်စက္ကန့်တွင်....
စူးချန်ကဲ၏ အတွေးတစ်ခုနှင့်အတူ သူ၏အင်္ကျီလက်ထဲတွင် လိမ္မာစွာ ရစ်ခွေနေသော ရွှေနဂါးလေးက ပျံသန်းလာသည်။ ထိုအရာသည် သူ့ရှေ့တွင် လက်သီးဆုပ်အရွယ်အစားရှိပြီး တွန့်လိမ်နေသော ရွှေရောင်အရည်အနှစ်သာရအဖြစ် ပြောင်းလဲသွားကာ ခမ်းနားသော အသက် အနှစ်သာရများ ဖြာထွက်နေသည်။
"တော်တော်လေး တက်ကြွတာပဲ..."
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီးနောက် သူ၏ပါးစပ်ကိုဖွင့်ဟကာ ရှူသွင်းလိုက်သည်။ ရွှေရောင်အရည်များသည် ပါးလွှာသော စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားလေ၏။
သို့ရာတွင်...
ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
အစစ်အမှန်နဂါး ရတနာဆေးလုံးမှ ဖန်တီးထားသော ရွှေနဂါးလေး၏ခန္ဓာကိုယ်အတွင်းတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော ရွှေနက်ရောင် အမှတ်အသားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
အလွန်တောက်ပသော နတ်ဘုရားအလင်းတန်း တစ်တန်းသည် ချက်ချင်းပေါက်ကွဲထွက်လာပြီး လူအများကို မျက်စိကန်းသွားစေနိုင်လောက်အောင် စူးရှနေပေ၏။
ရှေးဟောင်းနတ်ဘုရားတစ်ပါး ရုတ်တရက် နိုးထလာသည့်အလား ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ခန်းမဆောင်နေရာတစ်ခုလုံးကို ရုန့်ရင်းကြမ်းတမ်းစွာ လွှမ်းခြုံသွားသည်။
ရောယှက်နေသော နတ်ဘုရား အလင်းတန်းများကြားတွင် ဝေဝါးပြီး အရပ်ရှည်သော ပုံရိပ်ယောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
သူ၏ပုံရိပ်သည်မှုန်ဝါးသော အလင်းကွင်းတစ်ခုဖြင့် ဖုံးလွှမ်းနေပြီး သူ၏မျက်နှာသွင်ပြင်များ ဝေဝါးနေကာ မီးအလား တောက်ပနေသည့် တောက်ပသော ရွှေရောင်ဆံပင်များသာ ရှိနေသည်။
နောက်တစ်စက္ကန့်တွင်...
တိုးညှင်းပြီး ပဲ့တင်ထပ်နေသော နတ်ဘုရား အသံတစ်သံသည် သူ၏ပါးစပ်မှ ထွက်ပေါ်လာသည်။
ထိုအသံသည် ခန်းမဆောင်အတွင်းတွင် မြည်ဟီးနေခဲ့လေ၏။
"အဲ့ဒါကို ချထားလိုက်စမ်း..."
"မဟုတ်ရင် မင်းရဲ့စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်က ဖျက်ဆီးခံရပြီး မင်း ထာဝရ ပျက်စီးခြင်းကို ခံစားရလိမ့်မယ်..."
ထိုစကားလုံးတိုင်းသည် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို သယ်ဆောင်လာသည်။
သာမန်ကျင့်ကြံသူတစ်ဦး ဖြစ်ပါက အတုအယောင်သူတော်စင်များပင်လျှင် သူတို့၏စိတ်ကို ဆုံးရှုံးသွားပြီး ဤဖိအားအောက်တွင် မြေပြင်ပေါ်၌ ဒူးထောက်သွားပေမည်။
ထိုသို့ဆိုသည့်တိုင် စူးချန်ကဲသည် မျက်ခုံးတစ်ချက် တွန့်မသွားခဲ့ချေ။ သူသည် သူ၏မျက်ခွံများကိုသာ ပင့်လိုက်ပြီး ပုံရိပ်ယောင်ကို အေးစက်ကာ ဂရုမစိုက်သော အကြည့်ဖြင့် ကြည့်လိုက်၏။
ဘုန်း...
ဖန်ခွက်တစ်ခွက် မြေပြင်ပေါ်သို့ ပြုတ်ကျသည့်အလား ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။
အစောပိုင်းက အလွန်ကြီးကျယ်ခမ်းနားသော အရှိန်အဟုန်ဖြင့် စုစည်းလာခဲ့သော ထိုဝေဝါးသည့် ရွှေရောင်ဆံပင်နှင့် ပုံရိပ်ယောင်သည် သူ၏ဒေါသကို အပြည့်အဝ ပြသရန်ပင် အချိန်မရလိုက်ဘဲ စူးချန်ကဲ၏ အကြည့်တစ်ချက်အောက်တွင် အက်ကွဲသွားခဲ့သည်။
ခန်းမဆောင်သို့ တိတ်ဆိတ်မှု ပြန်လည်ရောက်ရှိလာပေ၏။
စူးချန်ကဲက သူ၏အကြည့်ကို ရုတ်သိမ်းပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"နတ်ဘုရားအာရုံ အမှတ်အသားလေး တစ်ခုနဲ့များ....တော်တော်လေး ဟန်ရေးပြတာပဲ..."
နောက်တစ်စက္ကန့်တွင်...
သူက အစစ်အမှန်နဂါး ရတနာဆေးလုံးကို မျိုချလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူ၏ မည်းနက်သော ဆံပင်များအားလုံး ထောင်ထသွားသည်။
စူးချန်ကဲသည် နေတစ်စင်းကို မျိုချလိုက်ရသည့်အလား ခံစားလိုက်ရသည်။
ထိုပူလောင်ပြီး သန့်စင်သော နဂါးအနှစ်သာရ ဆေးစွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲတွင် ချက်ချင်းပေါက်ကွဲထွက်လာပေ၏။
ဤဆေးစွမ်းအားသည် လွှမ်းမိုးနိုင်စွမ်းရှိပြီး ပြိုင်ဘက်ကင်းကာ သာမန်သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ သွေးကြောများကို ပေါက်ကွဲသွားစေရန် လုံလောက်သည်။ ဖရိုဖရဲ တာအို အခြေခံအုတ်မြစ်ကို တည်ဆောက်ပြီး စစ်မှန်သော သူတော်စင်ခန္ဓာကိုယ်ကို ရရှိထားသော စူးချန်ကဲအတွက်ပင် သူ ထိုအရာကို တောင့်မခံနိုင်လုနီးပါး ဖြစ်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင်...
ဟန်ယွီဧကရာဇ်ကျမ်းစာနှင့် သူကိုယ်တိုင် ဖန်တီးထားသော စစ်မှန်သော သူတော်စင် ရှေးဟောင်းလမ်းကြောင်းတို့သည် သူ၏ ခန္ဓာကိုယ်ထဲတွင် တပြိုင်နက်တည်း လည်ပတ်လာသည်။ သူ၏ဖရိုဖရဲနှလုံးသားတွင် အမြှစ်တွယ်နေသော ကြာပန်းစိမ်း၏ပုံရိပ်ယောင်သည် ညင်သာစွာ ယိမ်းယိုင်သွားပေ၏။ ထိုအရာ၏ ကြာရွက် လေးဆယ့်ကိုးရွက်မှ ကြည်လင်သည့် အလင်းတန်းတစ်တန်းကို ထုတ်လွှတ်ကာ ဝေလငါးတစ်ကောင် ပင်လယ်ကို ဝါးမျိုသည့်အလား ဤကြီးကျယ်ခမ်းနားသော ဆေးစွမ်းအင်ကို စတင်၍ သန့်စင်လိုက်သည်။
ဆေးစွမ်းအားသည် အခြေခံအကျဆုံး ဖရိုဖရဲ ချီနှင့် အသက်အနှစ်သာရများအဖြစ် လျှင်မြန်စွာ ပြောင်းလဲသွားပြီး သူ၏သူတော်စင် ခန္ဓာကိုယ်ကို အာဟာရဖြစ်စေကာ သူ၏ တာအို အခြေခံအုတ်မြစ်ကို ခိုင်မာစေပြီး သူ၏ သက်တမ်းကို ရူးသွပ်စွာ ကြီးထွားလာစေသည်။
ထို့နောက် သာမာန်မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် ရွှေနဂါးမှော်စာလုံးများသည် ဖရိုဖရဲကြာရွက်များပေါ်တွင် တဖြည်းဖြည်း ထွက်ပေါ်လာပေ၏။
သို့သော် ထိုသို့ဖြစ်စေကာမူ...
ဤအစစ်အမှန်နဂါး ရတနာဆေးလုံး၏ ဆေးစွမ်းအားမှာ အလွန်ကြီးကျယ်ခမ်းနားလှသည်။
ဤစုပ်ယူမှု နှုန်းဖြင့် စူးချန်ကဲသည် သူ ဤနေရာတွင် ဆယ်နှစ်တိုင်တိုင် ထိုင်နေလျှင်ပင် ပြီးဆုံးမည်မဟုတ်ဟု စိုးရိမ်နေခဲ့သည်။
ထို့ပြင် ဤအရာမှာ ပျက်စီးနေသော အင်မော်တယ်ဆေးလုံးတစ်လုံးသာ ဖြစ်ပေ၏။ အကယ်၍ ထိုအရာသာ ပြီးပြည့်စုံပါက ပို၍ပင် ကောင်းကင်ကို ဆန့်ကျင်နေပေလိမ့်မည်။
"စနစ်...ကျင့်ကြံခြင်း အတွေ့အကြုံတွေ အားလုံးကို လဲလှယ်လိုက်ပါ..."
စူးချန်ကဲက သူ၏စိတ်ထဲတွင် ပြောလိုက်သည်။ ဤသည်မှာ သူ၏စုပ်ယူမှုအမြန်နှုန်းကို တိုးမြှင့်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်။
နောက်တစ်စက္ကန့်တွင်...
သူ၏ကျင့်ကြံခြင်းမှာ ရူးသွပ်စွာ စတင်၍ မြင့်တက်လာပြီး ဖရိုဖရဲကြာရွက်များမှာလည်း ပို၍ပို၍ ခိုင်မာလာသည်။
တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် သူ၏စိတ် တစ်စိတ်တစ်ပိုင်းကို သူ၏အသိစိတ်ပင်လယ်ထဲသို့ နှစ်မြုပ်လိုက်ပြီး အသစ်ရရှိထားသော ကပ်ဘေးကိုးခု လောကဖျက်ဆီး ဓားနည်းစနစ်ကို စတင်၍ လေ့လာဆင်ခြင်လိုက်သည်။
【ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းကို အသက်သွင်းလိုက်ပါပြီ...】
သူ၏ ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းမှ အကူအညီဖြင့် ထို ဖျက်ဆီးခြင်းပုံရိပ်မှ ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒသည် သူ၏စိတ် နက်ရှိုင်းသောနေရာတွင် တဖြည်းဖြည်း ခတ်နှိပ်ခြင်းခံလိုက်ရသည်။
ဤဓားနည်းစနစ်အတွက် ကျင့်ကြံနည်းစနစ်သည် သာမန်နတ်ဘုရားစွမ်းရည်များနှင့် လုံးလုံးလျားလျား ကွာခြားသည်။
ထိုအရာသည် သူ နားလည်သဘောပေါက်မှုသာ လိုအပ်ပြီး ရွတ်ဆိုရမည့် မှော်မန္တန် မရှိချေ။
ခန်းမဆောင်ထဲတွင် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားသည်။
တစ်ဖက်တွင် ဖရိုဖရဲအလင်းအကာအကွယ်ထဲတွင် ရှိနေသော နင်ဖူယောင်သည် သူမ၏ဓား ခန္ဓာကိုယ်မှ နီဗားနားဖြစ်စဥ်ကြောင့် ပြီးပြည့်စုံသော အသွင်ပြောင်းမှုတစ်ခုကို ခံစားနေရပေ၏။ သူမ၏အရှိန်အဝါသည် တစ်ခါတစ်ရံတွင် ကောင်းကင်ကို ထွင်းဖောက်ရန် လုံလောက်အောင် စူးရှနေကာ တစ်ခါတစ်ရံတွင် တွင်းနက်ကြီးအလား တိတ်ဆိတ်နေပြီး သူမထံမှ ထွက်ပေါ်လာသော နယ်ပယ်အရှိန်အဝါမှာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းထက် ကျော်လွန်နေလေပြီ။
တစ်ဖက်တွင် စူးချန်ကဲသည် တရားမှတ်နေသော ဘုန်းကြီးအိုတစ်ပါးအလား ပလ္လင်ခွေထိုင်နေပြီး သူ၏ခန္ဓာကိုယ်ကို ဖရိုဖရဲချီအမျှင်များဖြင့် ဝန်းရံထားသည်။ အစစ်အမှန်နဂါး ရတနာဆေးလုံး၏ အစွမ်းထက်သော အသက် အနှစ်သာရနှင့် ကပ်ဘေးကိုးခု လောကဖျက်ဆီး ဓားနည်းစနစ်၏ ဖျက်ဆီးခြင်း အရှိန်အဝါတို့သည် တစ်လှည့်စီ ထွက်ပေါ်လာခဲ့ပေ၏။ သူ၏အရှိန်အဝါသည် ဖော်ပြ၍မရနိုင်ဘဲ သူ ရှူထုတ်လိုက်သော အသက်ရှူသံတိုင်းက ဤ အပျက်အစီးနယ်မြေမှ ကျန်ရှိနေသော တာအိုစည်းချက်နှင့် ပဲ့တင်ထပ်နေပုံရသည်။
ဤကျင့်ကြံခြင်းအချိန်အတောအတွင်း၌ ထိုနယ်မြေ၏တည်ရှိနေမှု အဓိပ္ပာယ် ဆုံးရှုံးသွားသည်။
တစ်ချိန်တည်းမှာပင်...
အလယ်ပိုင်း ကောင်းကင်နယ်မြေ၌....
ကောင်းကင်ပင်လယ်နယ်မြေ၏ တားမြစ်နယ်မြေ၌....
စိတ်ဝိညာဉ်ချီများ အရည်အဖြစ် ပြောင်းလဲသွားလောက်အောင် သိပ်သည်းပြီး တာအို ဥပဒေသများက အစိုင်အခဲအဖြစ် ထွက်ပေါ်လာသော ရှေးဟောင်းကောင်းချီးမြေတစ်ခုထဲ၌.....
မြင့်မားသော ကောင်းကင်ယံတွင် ကြယ်မျက်ရည်ရွှေ တစ်တုံးတည်းဖြင့် ပုံသွင်းထားသော ကြီးကျယ်ခမ်းနားသည့် နန်းတော် တစ်ခု အတွင်း၌....
တာအို နားလည်သဘောပေါက်ခြင်း စင်မြင့် တစ်ခုပေါ်တွင် ရွှေရောင်ဆံပင်နှင့် လူငယ်တစ်ဦးက သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
"ဘုန်း..."
ရေစီးကြောင်း တစ်ခုအလား ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်ဖိအားတစ်ရပ်သည် ကောင်းကင်လှိုဏ်ဂူ တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
နန်းတော်ကြီး တုန်ခါသွားပြီး မရေမတွက်နိုင်သော ဝင်္ကပါမှော်စာလုံးများ လင်းလက်လာကာ ထိုနန်းတော်ကို တည်ငြိမ်အောင် ခက်ခက်ခဲခဲ ထိန်းထားနိုင်ခဲ့သည်။
လူငယ်လေး၏ တောက်ပသော ရွှေရောင် ဆံပင်များသည် လေမတိုက်ခတ်ဘဲ ရူးသွပ်စွာ လူးလွန့်နေပြီး ထောင်ထနေပေ၏။ ဆံချည်တစ်မျှင်စီတိုင်းက မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်နတ်ဘုရား အလင်းတန်းများကို ထုတ်လွှတ်ပေးကာ နန်းတော်ကို ရွှေရောင်ဖြင့် သွန်းလောင်းပေးလိုက်သည်။
သူ၏ ချောမောခန့်ညားသော မျက်နှာသည် ယခုအချိန်၌ ရှုံမဲ့နေကာ ဒေါသများ မယုံကြည်နိုင်လောက်သော ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
"ငါ့ရဲ့ကိုယ်ပွား သေသွားပြီ..."
"အစစ်အမှန်နဂါး ရတနာဆေးလုံးရဲ့ အရှိန်အဝါလည်း ပျောက်ကွယ်သွားပြီ..."
ဤသူမှာ တခြားသူ မဟုတ်ဘဲ ဖန်ရွှမ်၏မူလ ခန္ဓာကိုယ်ပင်။
သူ၏မျက်လုံးများတွင် ရွှေရောင်မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းနေပြီး သူ့ရှေ့ရှိ အရာအားလုံးကို ပြာအဖြစ် ပြောင်းလဲပစ်ချင်သည့်အလားပင်။
လွန်ခဲ့သော အချိန်တခဏက ယွမ်ယန်နယ်မြေတွင် သူ ချန်ထားခဲ့သော ကိုယ်ပွားသည် သူနှင့် အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့လေ၏။
ထိုအရာမှာ ရိုးရှင်းသော ပျောက်ကွယ်သွားမှု မဟုတ်ချေ။ ထိုကိုယ်ပွား၏ နောက်ဆုံးအချိန်အခိုက်အတန့်များတွင် မှတ်ဉာဏ်များအားလုံးကို ပြန်လည်ပေးပို့ခဲ့သည်။
ဤမှတ်ဉာဏ်များမှာ သူ့အတွက်ပင် အနည်းငယ် မယုံကြည်နိုင်စရာ ဖြစ်နေသည်။ ကမ္ဘာအသင်္ချေကို ဖုံးလွှမ်းထားပုံရသော ထို ဖရိုဖရဲလက်ဝါးသည် အားစိုက်ထုတ်ခြင်းမရှိဘဲ ဖိချလိုက်သည်။ ထိုလက်ဝါးအောက်တွင် သူ့မူလခန္ဓာကိုယ်၏ တိုက်ခိုက်ရေးစွမ်းအားမှ ခုနစ်ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ယွမ်ယန်နယ်မြေတွင် ထင်ရာစိုင်းရန် လုံလောက်သော သူ၏ကိုယ်ပွားမှာ ပုရွက်ဆိတ် တစ်ကောင်အလား ကြေမွှပျက်စီးသွားခဲ့ပြီး သင့်လျော်သောခုခံမှုကို အရိပ်အယောင်လေးမျှပင် မပြသနိုင်ခဲ့ချေ။
သူ့အား ပို၍ပင် နှလုံးသွေးယိုစီးစေသောအရာမှာ သုံးနှစ်တိတိ သူ ခက်ခက်ခဲခဲ ပြုစုပျိုးထောင်ခဲ့သော အစစ်အမှန်နဂါး ရတနာဆေးလုံးသည် အမှန်တကယ်ကို ထို အစိမ်းရောင်ဝတ်ရုံဝတ် လူငယ်၏ရင်ခွင်ထဲသို့ ပြေးဝင်သွားခြင်းပင်။
အရှက်ကွဲမှု...
ဤသည်မှာ ကြီးမားသော အရှက်ကွဲမှုပင်။
သူ ဖန်ရွှမ်သည် ကောင်းကင်ပင်လယ်နယ်မြေရှိ ဖန်မိသားစု၏ သားတစ်ယောက်ဖြစ်ပြီး ရွှေရောင်တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကြီးမားသော အောင်မြင်မှု အဆင့်အထိ ပိုင်ဆိုင်ထားကာ သူနှင့် သက်တူရွယ်တူများကြားတွင် ပြိုင်ဘက်ကင်းခဲ့သည်။ သူသည် အမြဲတစေ တခြားသူများ၏ အခွင့်အရေးများကို လုယူသောသူ ဖြစ်ခဲ့လေ၏။ မည်သည့်အချိန်ကစ၍ သူသည် ဤကဲ့သို့ အရှက်ရစရာမျိုးကို ခံစားခဲ့ရဖူးသနည်း။
တခြားသူတွေ အကျိုးခံစားဖို့ ငါက အလုပ်တွေ အားလုံးကို လုပ်ခဲ့တာလား...
ငါ့ရဲ့ရတနာ လုယူခံရတာနဲ့ ငါ့ရဲ့ကိုယ်ပွား လက်ဝါးတစ်ချက်တည်းနဲ့ ကြေမွှသွားတာကို ငါ့ရဲ့မျက်စိနဲ့ တပ်အပ်ကြည့်နေရတာလား....
သူသည် တစ်ဖက်လူနှင့် သွေးကြွေးရန်ငြိုးတစ်ခုကို ဖန်တီးခဲ့ပြီး ဖြစ်သည်မှာ သံသယဝင်ဖွယ် မရှိတော့ချေ။
"မင်း ဘယ်သူပဲ ဖြစ်နေပါစေ..."
"ငါ ဖန်ရွှမ်က မင်းကို သေချာပေါက် သတ်မယ်..."
အခန်း ၁၈၀: ဒီဘဝမှာ ဘယ်သူက ကောင်းကင်လမ်းကြောင်းရဲ့အဆုံးကို တက်လှမ်းပြီး မဟာ တာအိုကို မြင်တွေ့နိုင်မှာလဲ...
စူးချန်ကဲနှင့်နင်ဖူယောင်တို့ အပျက်အစီးနယ်မြေတွင် ကျင့်ကြံရန် အာရုံစိုက်နေစဉ်...
ယွမ်ယန်နယ်မြေတစ်ခုလုံး လောကကြီးကို တုန်လှုပ်စေမည့် အပြောင်းအလဲတစ်ခုကို ကြုံတွေ့နေရသည်။
ကောင်းကင်တက်လှမ်းခြင်းတံတား နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပေ၏။ ဤတစ်ကြိမ်တွင်မူ ကောင်းကင် တက်လှမ်းခြင်း ကျောက်စိမ်းကို ကိုင်ဆောင်ထားသူများသာ ထိုအရာကို မြင်နိုင်တော့သည် မဟုတ်ဘဲ အမှန်တကယ် ထွက်ပေါ်လာရန် စတင်နေလေပြီ။
မြောက်ပိုင်းဒေသတွင်...
မူလက တည်ငြိမ်နေသော ကြည်လင်သည့် ကောင်းကင်ယံတွင် ရွှေရောင်အက်ကွဲကြောင်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုအက်ကွဲကြောင်းအတွင်းတွင် ဖရိုဖရဲချီများ စီးဆင်းနေပြီး ကြယ်များ သုတ်သင်ခံရသည့် သဘာဝလွန်ဖြစ်စဉ်လည်း အတူလိုက်ပါလာပေ၏။
"ဒါက ဘာကြီးလဲ..."
"မြန်မြန် ကြည့်ကြအုံး..."
"အိုး ဘုရားရေ..."
ယွမ်ယန်နယ်မြေတစ်ခုလုံးမှသက်ရှိများ ထိတ်လန့်တုန်လှုပ်သွားသည်။ မရေမတွက်နိုင်သော ပုံရိပ်များက ထိုအရာဆီသို့ ဆွဲဆောင်ခံရပြီး ချဉ်းကပ်ရန် ကြိုးစားခဲ့ကြသော်လည်း သူတို့ မည်မျှထိ ပျံသန်းပါစေ ထိုရွှေရောင်အက်ကွဲကြောင်းနှင့် ပို၍ပို၍ဝေးကွာသွားပုံရကြောင်းကိုသာ တွေ့ရှိခဲ့ရသည်။
သုံးရက်အကြာတွင်....
ထိုအက်ကွဲကြောင်း လုံးဝပွင့်သွားပြီး မိုင်ပေါင်း သန်းနှင့်ချီ၍ ကြီးမားကျယ်ပြန့်သော တံခါးပေါက် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုတံခါးပေါက်အတွင်းတွင် လေဟာနယ် မဟုတ်ဘဲ အဆုံးမရှိသော လှေကားထစ်များ ရှိနေပြီး တစ်ခုစီတိုင်းတွင် ရှေးဟောင်းမှော်စာလုံးများ ရေးထွင်းထားကာ တာအိုစည်းချက်များ စီးဆင်းနေသည်။
ထိုအရာသည် အထက်သို့ ဆန့်တန်းနေပြီး လေဟာနယ်၏ နက်ရှိုင်းသော နေရာများသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ အမည်မသိနေရာဆီသို့ ဦးတည်သွားသော လှေကားထစ် အရေအတွက်သည် မည်မျှထိရှိမှန်း မသိနိုင်ချေ။
ထိုအရာသည် ငြိမ်သက်မနေချေ။ အစွန်းတစ်ဖက်က ယွမ်ယန်နယ်မြေ၏ မြောက်ပိုင်းဒေသ ကောင်းကင်ယံတွင် အမြှစ်တွယ်နေပြီး တခြားတစ်ဖက်က စကြဝဠာ၏အဆုံးမရှိ ဝေးကွာသော နက်ရှိုင်းသည့် နေရာများဆီသို့ ဆန့်တန်းနေကာ မည်မျှထိများပြားသော ကြယ်တာရာနယ်မြေများကို ထိုးဖောက်သွားသည်အား မသိနိုင်ပေ။
စစ်မှန်သော ကောင်းကင်တက်လှမ်းခြင်း တံတား...
ဤအခိုက်အတန့်တွင် ထိုတံတား ထွက်ပေါ်လာခဲ့လေပြီ။
ဘုန်း...
ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားကျယ်ပြန့်သော လှိုင်းတစ်ခုက ယွမ်ယန်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ယွမ်ယန်နယ်မြေ၏ မြောက်ပိုင်းဒေသ ကောင်းကင်ယံကို တံတား၏ရွှေရောင်အရိပ်က လုံးဝနေရာယူထားသဖြင့် နေ၊ လ နှင့် ကြယ်များကို မှေးမှိန်သွားစေသည်။
အဆုံးမရှိသော တာအိုဥပဒေသများက တံတား၏ကိုယ်ထည်မှ ကျဆင်းလာပြီး ရွှေရောင်အလင်းမိုးတစ်ခုအဖြစ် ပြောင်းလဲကာ မြောက်ပိုင်းဒေသ၏ တောင်များနှင့် မြစ်များကို သွန်းလောင်းလိုက်၏။ အလင်းမိုး ရောက်ရှိသွားသော နေရာတိုင်းတွင် ညှိုးနွမ်းနေသော သစ်ပင်များသည် နွေဦးကို နောက်တစ်ကြိမ် တွေ့ကြုံရပြီး စမ်းရေဟောင်းများ အသစ်ပြန်လည် ပန်းထွက်လာသည်။
ဤသည်မှာ ကျင့်ကြံသူများအတွက်သာမက ဤနယ်မြေ၏ ကံကြမ္မာကို ပြောင်းလဲရန် ကောင်းကင်ကို ဆန့်ကျင်သည့် အခွင့်အရေးဖြစ်သော ကောင်းချီးတစ်ခုပင်။
မရေမတွက်နိုင်သော အင်အားစုများနှင့် ကျင့်ကြံသူများက မြောက်ပိုင်းဒေသဆီသို့ အရူးများအလား အလုအယက် စတင်သွားရောက်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ဤကောင်းချီးနှင့် နီးကပ်လေလေ အခွင့်အရေးက ပို၍အစွမ်းထက်လေလေ ဖြစ်သောကြောင့်ပင်။
အချိန်တခဏတာအတွင်းတွင် မရေမတွက်နိုင်သော ခေတ်ကာလများတလျှောက် တိတ်ဆိတ်နေခဲ့သော စိတ်ဝိညာဉ်သွေးကြောများ စတင် နိုးထလာခဲ့ပြီး ရှေးဟောင်း ကန့်သတ်ချက်များ အသက်ဝင်လာကာ မိစ္ဆာဝိညာဉ်များ အနှောင့်အယှက် ပေးခံခဲ့ရသည်။ မြောက်ပိုင်းဒေသ၏ မြေပြင်ပေါ်တွင် အခွင့်အရေးများနှင့် အန္တရာယ်များ အတူတကွ ပေါ်ပေါက်လာပြီး ဒယ်အိုးပူကြီးတစ်လုံးအလား ဆူပွက်နေပေ၏။
တစ်ချိန်တည်းမှာပင်....
ကမ္ဘာအသင်္ချေမှ မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အကြည့်များက အောက်သို့ ကျရောက်လာခဲ့သည်။
"ကောင်းကင် တက်လှမ်းခြင်း တံတား ... ဒီဘဝမှာ အဲ့ဒါက တကယ်ပဲ ဒီအောက်ဘုံမှာ ထွက်ပေါ်လာတာလား..."
"ခေတ်ကြီးရဲ့ရုန်းကန်မှု စတင်ပြီ....ပါရမီရှင်တွေ ယှဉ်ပြိုင်နေကြပြီ...ဒီဘဝမှာ ဘယ်သူက ကောင်းကင်လမ်းကြောင်းရဲ့အဆုံးကို တက်လှမ်းပြီး မဟာတာအိုကို မြင်တွေ့နိုင်မလဲ..."
"ပြောဖို့ ခက်တယ်... မင်းတို့အားလုံး ဒီတစ်ကြိမ်မှာ ဘယ်သူ့ကို လောင်းကြေးထပ်ဖို့ ရွေးချယ်မလဲ..."
...
လူသားဧကရာဇ် နန်းတော်...
အဆုံးမရှိသော ကြယ်မြစ်ကြီး၏အထက်တွင် ပျံဝဲနေသော ရှေးဟောင်းခန်းမတစ်ခု၌....
ခန်းမ၏ရှေ့ရှိ ရင်ပြင်ပေါ်တွင် အနက်ရောင်နှင့်အဝါရောင် ရောယှက်နေသော တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖျင်ထျန်းသရဖူကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေသည်။
သူ၏မျက်နှာမှာ ပြတ်သားပြီး သူ၏မျက်ခုံးနှစ်ခုကြားတွင် အရပ်မျက်နှာအဘက်ဘက်ကို အထက်စီးမှ ကြည့်ရှုသည့် ကြီးကျယ်ခမ်းနားသည့် အရိပ်အယောင်တစ်ရပ်ကို သဘာဝကျကျ သယ်ဆောင်ထားသည်။ သူ၏မျက်လုံးများကို ဖွင့်လိုက်ပိတ်လိုက် လုပ်လိုက်ချိန်တင် တောင်များ၊ မြစ်များ၊ နိုင်ငံတော်နှင့် ပြည်သူများ၏ ယဇ်ပူဇော်မှုမြင်ကွင်းများ စီးဆင်းနေပုံရသည်။
သူ၏အရှိန်အဝါသည် ပြင်ပသို့ ဖြာထွက်မနေသော်လည်း ထိုအရာက ကြယ်တာရာ ကောင်းကင်ကြီးတစ်ခုလုံး၏ စည်းချက်နှင့် တစ်သားတည်းဖြစ်နေပုံ ရပေ၏။ သူ၏စကားတစ်ခွန်းက ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကို သတ်မှတ်နိုင်ပြီး အတွေးတစ်ချက်က သက်ရှိအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်နိုင်သည့်အလားပင်။
လူသားဧကရာဇ်ငယ် ..
သူက ကြယ်တာရာကောင်းကင်ကြီးကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ငါ့ရဲ့ဘိုးဘေးတွေက တစ်ချိန်က ကောင်းကင် လမ်းကြောင်းပေါ်ကို တက်လှမ်းခဲ့ပေမဲ့ အပြည့်အဝ အောင်မြင်ဖို့ ကျရှုံးခဲ့လို့ နှစ်တစ်သောင်းကြာတဲ့အထိ နောင်တတစ်ခုကို ချန်ထားခဲ့တယ်... ဒီဘဝမှာ ကောင်းကင် လမ်းကြောင်းက ပြန်ပေါ်လာပြီ... ငါ့ဘိုးဘေးတွေရဲ့ ရည်မှန်းချက်ကို ငါ ဆက်ပြီးလုပ်ဆောင်မယ်....ကောင်းကင်ဂိတ်တံခါးကို ချိုးဖျက်ပြီး ငါတို့ လူသားမျိုးနွယ်စုရဲ့ တိုးတက်မှုအတွက် ငါ ကြိုးစားမယ်..."
"နတ်ဘုရား မျိုးနွယ်စု...လာခဲ့စမ်း..."
"ကောင်းကင် တက်လှမ်းခြင်း တံတား ပေါ်မှာ ငါနဲ့ တိုက်ခိုက်စမ်း..."
ထိုစကားကိုပြောဆိုပြီးနောက် သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ရွှေရောင် လမ်းကြောင်းတစ်ခုက သူ၏ခြေထောက်အောက်တွင် ဆန့်တန်းသွားပြီး ယွမ်ယန်နယ်မြေဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။
သူ၏နောက်ရှိ လူသားဧကရာဇ်နန်းတော်၏ နက်ရှိုင်းသော နေရာတွင် ရှေးဟောင်းစစ်ရထား တစ်စီး တုန်ခါပြီး တော်ဝင်လမ်းကြောင်း၏ အရှိန်အဝါက မိုးကောင်းကင်ယံကို ဖုံးလွှမ်းသွားပေ၏။
...
အနောက်ဘက်ကောင်းကင် ဗုဒ္ဓနယ်မြေ...
ဤသည်မှာ တောက်ပသော ရွှေရောင်အလင်းတန်းများနှင့် ထာဝရ သက္ကတရွတ်ဆိုသံများ ရှိသော သန့်စင်သောနယ်မြေတစ်ခုပင်။
ရတနာရှစ်ပါးရေကန်တွင် ကြာပန်းများ ပွင့်နေပြီး ဗောဓိပင်အောက်တွင် ဉာဏ်ပညာအလင်းတန်းများ စီးဆင်းနေခဲ့သည်။
ထင်ရှားပေါ်လွင်မှုမရှိသော ကျောက်စိမ်းပြာတစ်တုံးပေါ်တွင် ဘုန်းတော်ကြီးလေးတစ်ပါး ထိုင်နေသည်။
သူသည် စုတ်ပြတ်နေသော သင်္ကန်းကို ဝတ်ဆင်ထားပြီး သာမန်မျက်နှာသွင်ပြင်ရှိကာ သူ၏ မျက်လုံးများကို တင်းကြပ်စွာ စုံမှိတ်ထားသည်။ သူ့ထံတွင် မည်သည့်အရှိန်အဝါမျှ မရှိဘဲ သူ ကွယ်လွန်သွားသည်မှာ အချိန်ကြာမြင့်စွာ ရှိနေပြီဖြစ်သည့်အလားပင်။
သို့ရာတွင် သူ၏အောက်ရှိ ကျောက်စိမ်းပြာကျောက်တုံးတွင် ဗုဒ္ဓစည်းတံဆိပ်စက်ဝန်းများကို ခတိနှိပ်ထားသည်။ အနီးကပ်ကြည့်ရှုပါက ထိုဗုဒ္ဓစည်းတံဆိပ်များသည် မွေးဖွားခြင်းနှင့် ဖျက်ဆီးခြင်းမှတစ်ဆင့် အဆက်မပြတ် ပြောင်းလဲနေပြီး အဆုံးမရှိသော လူဝင်စားခြင်းကို သယ်ဆောင်ထားသည့်အလားပင်။
တိတ်ဆိတ်ငြိမ်သက်ခြင်း ဘုန်းတော်ကြီး...
သူသည် စိတ်ဝိညာဉ်နယ်မြေ၏ အနောက် ကောင်းကင်ရှိ ဗုဒ္ဓဂိုဏ်းမှ ဤခေတ်ကာလ၏ ဗုဒ္ဓသူတော်စင်ပင်။
သူသည် ရှေးဟောင်းဗုဒ္ဓတစ်ပါး၏ လူဝင်စားခြင်းဖြစ်သည်ဟု ကောလာဟလများ ရှိနေသည်။ သူသည် တိတ်ဆိတ်စွာ မွေးဖွားလာပြီး နှစ်သုံးရာတိုင်တိုင် တိတ်ဆိတ်သောဇင်ကို ကျင့်ကြံခဲ့လေသည်။ သူ စကားပြောလိုက်သည်နှင့် ဤသည်မှာ ဗုဒ္ဓကျမ်းစာအမှန်တရား၏ စစ်မှန်သောစကားများ ဖြစ်လာပြီး သက်ရှိများအားလုံးကို ဉာဏ်အလင်းပွင့်စေနိုင်သည်။
ဤအခိုက်အတန့်တွင် သူက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
သူ၏မျက်လုံးများမှာ ကလေးငယ် တစ်ယောက်အလား ကြည်လင်နေသည်။
ထို့နောက် သူက ယွမ်ယန်နယ်မြေဆီသို့ မော့ကြည့်လိုက်သည်။ သူ စကားမပြောခဲ့သော်လည်း သူ၏ပူးဆုပ်ထားသော လက်များ အနည်းငယ် လှုပ်ရှားသွားသည်။
သူ၏အောက်ရှိ ကျောက်စိမ်းပြာကျောက်တုံးပေါ်မှ ဗုဒ္ဓစည်းတံဆိပ်များ တောက်ပစွာ လင်းလက်လာပြီး သူ့ကို ဖြည်းညင်းစွာ မြှောက်ကာ ယွမ်ယန်နယ်မြေဆီသို့ သယ်ဆောင်သွားတော့သည်။
သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် လေဟာနယ်ထဲ၌ ကြာပန်းများ ပေါက်ဖွားလာပြီး ဗုဒ္ဓကျမ်းစာအသံများ ထွက်ပေါ်လာပေ၏
...
ရှေးဟောင်း အထီးကျန်မိသားစုဖြစ်သော ကျီးမိသားစု၌...
ဖရိုဖရဲ ချီများဖြင့် ဖုံးလွှမ်းနေသော ရှေးဟောင်း မြင့်မြတ်နယ်မြေ တစ်ခုအတွင်းမှ ကြည်လင်သော ဖီးနစ်အော်မြည်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
အဆုံးမရှိသော နတ်ဘုရားအလင်းတန်းများ မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး တောက်ပသော အစစ်အမှန်ဖီးနစ်၏ ပုံရိပ်ယောင်က နေရောင်ကို ဖုံးကွယ်သွားသည်။ ထို့နောက် ကျီးမိသားစု၏ ဘိုးဘေးနယ်မြေ အထက်တွင် ထိုဖီးနစ်က အတောင်ပံများကို ဖြန့်ကျက်လိုက်၏။
အစစ်အမှန် ဖီးနစ်၏ အောက်တွင် အရောင်ခုနစ်မျိုးရှိသော သက်တန့်အဝတ်အစားများကို ဝတ်ဆင်ထားသည့် ငယ်ရွယ်သော မိန်းကလေး တစ်ဦးက လေထုထဲ၌ မတ်တတ်ရပ်နေသည်။ သူမ၏မျက်နှာမှာ ပြိုင်ဘက်ကင်းလှပပြီး သူမ၏အရှိန်အဝါသည် ကောင်းကင်ကိုးလွှာအလွန်မှ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ဦးအလား မြင့်မြတ်ကာ သူမ၏ခန္ဓာကိုယ်ကို အင်မော်တယ် စိတ်ဝိညာဉ်စွမ်းအားများဖြင့် ဝန်းရံထားသည်။
သူမ၏ဆံချည်တစ်မျှင်စီတိုင်းတွင် ပန်းရောင် အလင်းတန်းများ စီးဆင်းနေပေ၏။ သူမ၏ မျက်လုံးများ ဖွင့်လိုက်ပိတ်လိုက် လုပ်လိုက်ချိန်တွင် ကြယ်များမွေးဖွားလာပြီး ကမ္ဘာများ ဖန်တီးခံရသည့် သဘာဝလွန်ဖြစ်စဉ်များ ထွက်ပေါ်လာပုံရသည်။
ဤသည်မှာ ကျီးမိသားစု၏ နတ်ဘုရားမိန်းမပျို ကျီးဟောင်ယွဲ့ဖြစ်ပြီး အင်မော်တယ်ဖီးနစ် ရုပ်ခန္ဓာကိုယ်ပိုင်ရှင်ပင်။
"ကောင်းကင်လမ်းကြောင်း ပွင့်လာပြီ...ဧကရာဇ်ရဲ့ လမ်းကြောင်းကို ယှဉ်ပြိုင်ကြမယ်... ဒီဘဝမှာ ငါ ကျီးဟောင်ယွဲ့က ဧကရီ ဖြစ်လာပြီးတော့ ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်မယ်..."
"စူးယွီ ... ဒီသခင်မလေးအတွက် နင် စောင့်နေလိုက်စမ်း..."
...
ရှေးဟောင်း အထီးကျန်မိသားစုဖြစ်သော ဝမ်မိသားစု၌....
မူလဘူတ မြင့်မြတ်သော တောင်ပေါ်တွင်...
ရိုးရှင်းသော အဝတ်အစား ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သည်။
သူသည် သာမန်ပုံပေါက်ပြီး အနည်းငယ် တုံးအပုံရကာ အဝတ်ကြမ်းဖြင့် ရစ်ပတ်ထားသော အစက်အပြောက်များရှိသည့် ရှေးဟောင်းဓား တစ်လက်ကို သူ၏ကျောပေါ်တွင် လွယ်ထားသည်။
သူသည် မိုးကောင်းကင်ယံကို တည်ငြိမ်သော အကြည့်ဖြင့် မော့ကြည့်လိုက်သော်လည်း ထိုအကြည့်က အစူးရှဆုံး ဓားချီအလင်းရောင်ထက်ပင် ပို၍ထိုးဖောက်နိုင်စွမ်း ရှိနေသည်။
"ကောင်းကင် တက်လှမ်းခြင်း တံတားလား..."
"ဟီးဟီး... အခုတော့ ဘိုးဘေးက ငါ့ကို ဆက်ပြီးအကျဉ်းချထားလို့ မရတော့ဘူး..."
"အစ်ကို စူး ... ငါ ပြန်လာပြီ..."
...
ရှေးဟောင်းအထီးကျန်မိသားစု...ကျန်းမိသားစု....
နေမင်းနတ်ဘုရားရွှေဖြင့် တည်ဆောက်ထားသော နန်းတော်တစ်ခု ပေါက်ကွဲကာ ပွင့်ထွက်သွားသည်။
လေဟာနယ်ကို ပြာအဖြစ် ပြောင်းလဲနိုင်လောက်အောင် ပူပြင်းသော နေမင်း အစစ်အမှန် မီးတောက်များ ဖြာထွက်လာခဲ့လေ၏။ ထိုမီးတောက်များအတွင်းမှ မီးအလား နီရဲနေသော ဆံပင်များနှင့် အရည်ပျော်နေသော ရွှေများအလား ရွှေရောင်မျက်လုံးများရှိသည့် လူငယ် တစ်ဦးက အစွမ်းထက်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းထွက်လာသည်။
ဤသည်မှာ ကျန်းမိသားစု၏ သူတော်စင် ကျန်းချီလီဖြစ်ပြီး နေမင်းနတ်ဘုရား ရုပ်ခန္ဓာကိုယ်ပိုင်ရှင်ပင်။
"ဟား ဟား ဟား... ကောင်းကင်လမ်းကြောင်းက ပွင့်နေပြီ....ငါတို့ညီအစ်ကို သုံးယောက် ကမ္ဘာအသင်္ချေမှာ နာမည်ကြီးဖို့ အချိန်တန်ပြီ...ဘယ်ပါရမီရှင် ဒါမှမဟုတ် ဉာဏ်ကြီးရှင်မဆို သူတို့ အားလုံးက ငါတို့ညီအစ်ကိုသုံးယောက်ရဲ့ ခြေဖဝါးအောက်မှာ အမှုန်အမွှားတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်..."
"အစ်ကို စူး ... ငါ့ကို စောင့်ပါအုံး...သောက်ကျိုးနည်း... ငါက အဆိုးဆုံးပဲ... နေမင်းနန်းတော်ထဲက တစ်နှစ်က အပြင်ဘက်မှာ တစ်ရက်ပဲကြာတာ... ဝူးဝူးဝူး... ငါ ဘယ်လို သည်းခံခဲ့ရလဲ ဆိုတာ မင်း သိလား..."
...
ဤထိပ်တန်းရှေးဟောင်းအင်အားစုများသာမက ကမ္ဘာအသင်္ချေနှင့်မရေမတွက်နိုင်သော ကြယ်တာရာနယ်မြေများအားလုံးတွင် အလင်းတန်းများက ကောင်းကင်ကို ဖြတ်သန်းသွားပြီး မြစ်တစ်ရာ ပင်လယ်ဆီသို့ ပြန်သွားသည့်အလား ယွမ်ယန်နယ်မြေ၏ မြောက်ပိုင်းဒေသဆီသို့ ပေါင်းဆုံသွားခဲ့ကြသည်။
မြေအောက်ကမ္ဘာ၏ မျိုးဆက်တစ်ဦးရှိပြီး ကြေးဝါအခေါင်းတစ်ခုကို စီးနင်းလာကာ သူ့ထံ၌ သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေပုံရသော်လည်း သက်ရှိများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
မူလဘူတ အကြွင်းအကျန် လွှမ်းမိုးချုပ်ကိုင်သူများ၏ မျိုးဆက်များရှိပြီး ရက်စက်ကြမ်းကြုတ်သားရဲများကို စီးနင်းလာကာ သူတို့၏သွေးချီများက ဝံပုလွေမီးခိုးများအလား မိုးကောင်းကင်ယံသို့ မြင့်တက်နေပေ၏။
ကြယ်နတ်ဘုရားနန်းတော်၏ သူတော်စင်လည်း ရောက်ရှိလာပြီး သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ကြယ်ရောင်များဖြင့် ဝန်းရံထားကာ ကြယ်တစ်ပွင့်၏ လူဝင်စားခြင်းအလား ဖြစ်နေသည်။
ချောက်ကမ်းပါး အက်ကွဲကြောင်းတစ်ခုမှ တွားသွား ထွက်လာသော တွင်းနက်မိစ္ဆာမင်းသား တစ်ပါး ရှိနေပြီး သူနှင့်အတူ လွှမ်းမိုးချုပ်ကိုင်နိုင်သော နတ်ဆိုးချီများ ပျံ့နှံ့လာသည်။
ဤသည်မှာ ကမ္ဘာအသင်္ချေမှ ပါရမီရှင်များ၏ စစ်မှန်သော စုဝေးမှုပင်။
...
ယွမ်ယန်နယ်မြေ၊ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေနှင့် မြောက်ပိုင်းဒေသအကြား နယ်စပ်၌...
ဟင်းလင်းပြင်တွင် လှိုင်းဂယက် တစ်ခု ပေါ်လာပြီး သွယ်လျသော ပုံရိပ်တစ်ခု တိတ်ဆိတ်စွာ ထွက်ပေါ်လာသည်။
သူမသည် အနားတွင် ဖျော့တော့သော ငွေရောင် တိမ်တိုက်ပုံစံများ ပန်းထိုးထားသည့် ငွေဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ရိုးရှင်းသော်လည်း တင့်တယ်လှပသည်။
သူမ၏မည်းနက်သော ဆံပင်များသည် ရေတံခွန် တစ်ခုအလား ဖြာကျနေပြီး ဆံပင်အနည်းငယ်ကိုသာ ရိုးရှင်းသော ကျောက်စိမ်း ဆံထိုးဖြင့် ချည်နှောင်ထားကာ ကြွင်းကျန်သော ဆံပင်များက သူမ၏နောက်တွင် လွတ်လပ်ပေါ့ပါးစွာ ဖားလျားကျနေသည်။
ထိုမိန်းကလေးမှာ အစောပိုင်းက ဓားသယ်ဆောင်ထားသော အဖိုးအို၏ ကယ်တင်ခြင်းကို ခံခဲ့ရသည့် လီမြောင်ယန်ပင်။
သူမသည် ခမ်းနားသော အခြံအရံများဖြင့် ဆင်းသက်လာခြင်း မဟုတ်ဘဲ တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့ခြင်းပင်။
"ဒေါ်လေး ..."
လီမြောင်ယန်က မိုးကောင်းကင်ကို ကြည့်ကာ သူမ၏မျက်လုံးများတွင် အဆုံးမရှိသော ဝမ်းနည်းမှုများ ထင်ဟပ်နေပြီး တီးတိုးရေရွတ်လိုက်၏။ သူမ၏အသံသည် လောကီနှင့် ကင်းကွာပြီး သာယာနာပျော်ဖွယ် ကောင်းနေသည်။
"ဒေါ်လေး ချန်ထားခဲ့တဲ့ အရှိန်အဝါက... နောက်ဆုံးတော့ ယွမ်ယန်နယ်မြေအနီးမှာ ပျောက်ကွယ်သွားခဲ့တယ်... ဒေါ်လေး ဘေးကင်းနေမှဖြစ်မယ်..."
"ဒီဦးတည်ချက်က..."
"အရှေ့ဘက်မှာပဲ..."
"ငါ သွားရမယ်..."
...
ပြင်ပကမ္ဘာတွင် လောကကြီးကို တုန်လှုပ်စေမည့် အပြောင်းအလဲများအား ကြုံတွေ့နေရသည်။
သို့ရာတွင် ဖရိုဖရဲနတ်ဆိုးနယ်မြေ အနီးတဝိုက်ရှိ အပျက်အစီးနယ်မြေသည် လဝက်ခန့် ကြာမြင့်သည်အထိငြိမ်းချမ်းနေဆဲပင်။
ဤသည်မှာ ယနေ့အထိပင်။
ဝီ ...
တိတ်ဆိတ်နေသော ခန်းမဆောင်ထဲတွင် တိုးညှင်းသော မြည်သံတစ်သံ ထွက်ပေါ်လာသည်။
ဖရိုဖရဲချီစီးကြောင်း၏အလယ်ဗဟိုတွင် ထိုင်နေသော စူးချန်ကဲသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပက် ဖရိုဖရဲစွမ်းအားများ ပျံ့လွင့်လာပြီး ကြယ်များ လည်ပတ်နေသည့် သဘာဝလွန်ဖြစ်စဉ်တစ်ခုက သူ၏မျက်လုံးများထဲတွင် လင်းလက်သွားသည်။ ထို့နောက် သူ၏မျက်လုံးများက ရှေးဟောင်းရေတွင်းတစ်ခုအလား နက်ရှိုင်းပြီး တည်ငြိမ်သော အခြေအနေသို့ ပြန်လည်၍ ရောက်ရှိသွားသည်။
ပတ်ဝန်းကျင်ရှိ ဖရိုဖရဲချီများက သူ၏ ခန္ဓာကိုယ်ထဲသို့ လျှင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။ ဖရိုဖရဲနှလုံးသားတွင် အမြှစ်တွယ်နေသော အစိမ်းရောင်ကြာပန်း၏ပုံရိပ်ယောင်က ညင်သာစွာ ယိမ်းယိုင်သွားပြီး လွန်ခဲ့သော လဝက်ကထက် ပို၍သိပ်သည်းလာကာ သုံးလက်မခန့် ပို၍ရှည်လာပုံရသည်။ ကြာရွက်များပေါ်တွင် ရစ်ခွေနေသော ရွှေနဂါးမှော်စာလုံးများသည်လည်း ပို၍ပင် ပီပြင်ရှင်းလင်းလာပေ၏။
သူသည် သူ၏လက်သီးကို ညင်သာစွာ ဆုပ်လိုက်ရာ သူ၏ခန္ဓာကိုယ်ထဲတွင် လှိုင်းထနေသော ကြောက်မက်ဖွယ်ကောင်းသည့် အကန့်အသတ်မဲ့လုနီးပါး စွမ်းအားကို ခံစားလိုက်ရသည်။
သူ၏သွေးကြောများသည် အကြိမ်ပေါင်းများစွာ ကျယ်ပြန့်လာသော မြစ်များအလား ဖြစ်နေပြီး သူ၏အရိုးများသည် ကျောက်စိမ်းအလား ကြည်လင်နေကာ နတ်ဘုရားအလင်းတန်းများ ရောယှက်နေသည်။ သူ၏သွေးများသည် ခပ်သဲ့သဲ့နဂါးဟိန်းသံနှင့်အတူ စီးဆင်းနေပေ၏။
(Note...Chapter ၁၇၉က တရုတ်မှာ Chapter ၂ခန်းပေမယ့် အခန်းမခွဲဘဲ ဘာသာပြန်ပေးလိုက်ပါတယ်...Readerတွေအတွက် လက်ဆောင်ပါ)
Book 18 end.