အခန်း (၇၅၁-၇၅၂)
Vol. 76 Ch. 751-752
အခန်း (၇၅၁) - မိစ္ဆာမျိုးနွယ် နိုးထခြင်း ၊ မိစ္ဆာနိုင်ငံတော်အတွက် ၊ ပါရမီရှင် လူကျိုးယွင်
"ကျိန်စာသင့်ပါစေ မိစ္ဆာမျိုးနွယ်တွေ ပြန်လည်နိုးထပြီး လူသားလောကကို အုပ်စိုးဖို့က ဒီလောက်တောင် ခက်ခဲနေတာလား "
"ဘာလို့ အမည်မသိ ယန်ဝိညာဉ်တစ်ယောက်က ပေါ်လာပြီး အစီအစဉ်တွေကို ဖျက်ဆီးနေရတာလဲ"
ဘုရားကျောင်းစောင့်အိုကြီးက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။
"ဟူး... အခုက အားလုံး ပြိုင်ဆိုင်နေကြတဲ့ခေတ်ပဲ။ အင်အားစု အသီးသီးက အမြတ်ထုတ်ဖို့ ကြိုးစားနေကြတာ။ လူသားလောကရဲ့ ကံတရားက ဘယ်သူ့လက်ထဲ ရောက်မလဲဆိုတာ မပြောနိုင်သေးဘူး။ ဒီလို အလှည့်အပြောင်းမျိုးတွေက နောင်မှာလည်း အများကြီး ရှိလာဦးမှာပါ"
လူကျိုးယွင်က သက်ပြင်းတစ်ချက်ချရင်း ပြန်ပြောသည်။
"တောက် မြို့တော်က အရေးကြီးတဲ့ ကိစ္စသာ မရှိရင် ငါကိုယ်တိုင် နိုင်ငံတော်အရှင်ကို ပင့်ဖိတ်ပြီး ဒီတာအိုဆရာကို သတ်ခိုင်းလိုက်မှာ"
ကျောင်းစောင့်အိုကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့၊ အရာရာကို အခြေအနေအရပဲ ကြည့်ရမယ်။ အကယ်၍ ဒီလူက တကယ်ပဲ လူသားလောကရဲ့ သိုင်းနတ်ဘုရား ဖြစ်နေခဲ့ရင် နိုင်ငံတော်အရှင် ကိုယ်တိုင်တောင် သူ့ကို နှိမ်နင်းနိုင်ဖို့ မသေချာဘူး"
လူကျိုးယွင်က သတိပေးလိုက်သည်။
"ဟက်ဟက်..." ကျောင်းစောင့်အိုကြီးက လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။
လူကျိုးယွင်သည် အဆုံးစွန်၌ လူသားမျိုးနွယ်သာ ဖြစ်သဖြင့် သူတို့၏ နိုင်ငံတော်အရှင်၏ အစွမ်းကို သေချာမသိရှာပေ။ ကျောင်းစောင့်အိုကြီးသည် လူကျိုးယွင်နှင့် ရာထူးချင်း တူသော်လည်း လူကျိုးယွင်ကို တစ်ခါမျှ အထင်မကြီးခဲ့ဖူးချေ။ ထို့ကြောင့် ယခုလည်း သူ့ကို ရှင်းပြမနေတော့ပေ။
လူကျိုးယွင်က ကျောင်းစောင့်အိုကြီးကို တည်ငြိမ်သော အမူအရာဖြင့် တစ်ချက်ကြည့်လိုက်သည်။
ရုတ်တရက်
ကျောင်းစောင့်အိုကြီး၏ မျက်မှောင်များ ကြုတ်သွားကာ
"ဘယ်သူလဲ"
လူငယ်တာအိုဆရာတစ်ဦး၏ ပုံရိပ်မှာ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
သူ၏ ဦးခေါင်းပေါ်တွင် ရွှေရောင်သရဖူကို ဆင်မြန်းထားသဖြင့် ခန့်ညားထည်ဝါပြီး တည်ကြည်လှသည်။ ခါးတွင်လည်း ရှေးဟောင်းပုံစံ ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားသည်။
"သူပဲ"
"ဒီည ငါနဲ့တွေ့ခဲ့တဲ့ ယန်ဝိညာဉ်ပဲ"
လူကျိုးယွင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ကျောင်းစောင့်အိုကြီး၏ မျက်နှာမှာ ချက်ချင်း ပျက်သွားတော့သည်။ သူက လူကျိုးယွင်ကို ဒေါသတကြီး စိုက်ကြည့်ကာ ဟောက်လိုက်သည်။
"အသုံးမကျတဲ့ကောင် မင်း ဘယ်လိုများ အလုပ်လုပ်တာလဲ၊ နောက်ကလိုက်လာတာတောင် မသိဘူး"
လူကျိုးယွင်၏ မျက်နှာတွင် စိတ်ပျက်အားငယ်သော အပြုံးတစ်ခု ပေါ်လာသည်။
"ယန်ဝိညာဉ်တစ်ယောက်က ငါ့နောက်ကို တကောက်ကောက် လိုက်နေတာလေ၊ ငါက ဘယ်လိုလုပ်ပြီး ခါချနိုင်မှာလဲ "
ချက်ချင်းပင် သူ၏ မျက်လုံးများမှာ တည်ကြည်သွားကာ မျက်နှာတွင် ပြတ်သားသော အမူအရာများ ဖုံးလွှမ်းသွားသည်။
"မိစ္ဆာနိုင်ငံတော်အတွက်"
လူကျိုးယွင်သည် အလွန်အမင်း ရူးသွပ်သော အသံဖြင့် ကြွေးကြော်လိုက်သည်။
ထိုအခါ ကျောင်းစောင့်အိုကြီးသည်လည်း သူ့နောက်မှ လိုက်၍ ကြွေးကြော်လိုက်သည်။
"မိစ္ဆာနိုင်ငံတော်အတွက်"
သူ၏ ကိုယ်တွင်းမှ သွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဟိန်း
ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ကျောင်းစောင့်အိုကြီးမှာ ချက်ချင်းပင် ကြီးမားသော မျောက်ဝံကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူ၏ကိုယ်မှ မိစ္ဆာအရှိန်အဝါများမှာ အလွန်ပင် ထူထပ်လှသည်။
သူက လီယန်ချူးကို ကြည့်ကာ သွားဖြဲပြရင်း
"မိစ္ဆာနိုင်ငံတော်အတွက် သတ် "
လူကျိုးယွင်ကလည်း ဒေါသတကြီး ဟောက်လိုက်ပြီး သူ၏ အရှိန်အဝါကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်သည်။
ဝုန်း
ထိုမျောက်ဝံကြီး၏ မျက်လုံးများမှာ ချက်ချင်း နီရဲသွားကာ ဟိန်းဟောက်ရင်း လီယန်ချူးရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။
မိစ္ဆာမျိုးနွယ်များ လူသားလောကကို အုပ်စိုးရမည်
မိစ္ဆာမျိုးနွယ်များ ထွန်းကားရမည်
ဒါက သူကဲ့သို့သော မိစ္ဆာများ၏ တစ်သက်တာ ဆန္ဒပင် သူသည် မြို့စောင့်နတ်ကျောင်းစောင့်အဖြစ် ဟန်ဆောင်ကာ လူသားလောကထဲတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သည်မှာ "မိစ္ဆာနိုင်ငံတော်" တည်ထောင်ရေးဟူသော ကြီးမြတ်သည့် ကိစ္စအတွက်ပင် ဖြစ်သည်။
ယခုအခါ ထိုကိစ္စကြီးအတွက် သူသည် အသက်ပေးရန် ဝန်မလေးပေ။
ဒီတစ်သက်မှာ လူသားတွေကို စားခဲ့ရတာလည်း ဝနေပြီ၊ အသက်နဲ့လဲရမယ့် အချိန်ရောက်လာတော့လည်း မျောက်အိုကြီးက လက်တွန့်မနေတော့ပါ။
ဟိန်း
သူက ဟိန်းဟောက်လိုက်ပြီး ကြီးမားသော အားအင်များဖြင့် တစ်ခဏချင်းအတွင်း လီယန်ချူး၏ ရှေ့သို့ ရောက်ရှိလာသည်။
သို့သော်လည်း...
တစ်ချိန်တည်းမှာပင် ကိုယ်ခန္ဓာ သန်မာလှသော အလောင်းမောင်းအတတ် ကျွမ်းကျင်သူ လူကျိုးယွင်မှာမူ နံရံကို ဖြိုဖျက်ကာ ပထမဆုံးအကြိမ်မှာတင် ထွက်ပြေးသွားတော့သည်။
"............" မျောက်အိုကြီး။
"မင်း တော်တော် သတ္တိရှိတာပဲ"
လီယန်ချူးက တည်ငြိမ်စွာ ဆိုလိုက်သည်။
ရှပ်ခနဲ
နဂါးဟိန်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
ဓားအလင်း လျှပ်ခနဲ လွှတ်လိုက်သည်
လူသားစား မိစ္ဆာကြီးမှာ တစ်ခဏချင်းအတွင်း အစအနမကျန် ပျောက်ကွယ်သွားရတော့သည်။
မျောက်အိုကြီးမှာ အေးချမ်းစွာ ထွက်ခွာသွားရပါသည်။
ဤမြို့စောင့်နတ်ကျောင်းမှာ သိပ်မကျယ်လှပေ။
မျောက်အိုကြီး အသွင်ပြောင်းလိုက်စဉ်က ကျောင်းထဲရှိ နေရာအတော်များများကို ပိတ်ဆို့ထားခဲ့သည်။ သူ ဓားချက်အောက်တွင် ပျောက်ကွယ်သွားချိန်၌ လူကျိုးယွင်မှာ နံရံကိုဖောက်၍ ထွက်ပြေးသွားနှင့်လေပြီ။
ဤလုပ်ရပ်ကို ကြည့်ခြင်းဖြင့် လူကျိုးယွင်၏ တုံ့ပြန်မှုနှင့် ပါးနပ်မှုမှာ မည်မျှ မြင့်မားသည်ကို သိနိုင်သည်။ သူတို့နှစ်ယောက်မှာ အဆင့်အတန်းချင်း လုံးဝ မတူညီကြပေ။
လီယန်ချူးက ခြေတစ်လှမ်း လှမ်းလိုက်ပြီး နတ်ဘုရားခြေလှမ်း အတတ်ကို သုံးကာ မြို့စောင့်နတ်ကျောင်းထဲမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
သို့သော် ကျောင်းပြင်ပသို့ ရောက်ရှိချိန်တွင် အလောင်းတစ်လောင်း မြေပြင်ပေါ်၌ လဲကျနေသည်ကို တွေ့လိုက်ရသည်။ အနားသို့ မရောက်မီမှာပင် ထိုအလောင်းပေါ်၌ အပြာရောင် မီးလျှံများ ပေါ်ထွက်လာသည်။
ထိုမီးမှာ အလောင်း၏ ခြေဖဝါးရှိ ယုံချွမ် အမှတ်မှ စတင်တောက်လောင်ပြီး ဦးခေါင်းထိပ်ရှိ ပိုင်ဟွေ့ အမှတ်အထိ လောင်ကျွမ်းသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အရာအားလုံးမှာ ပြာအဖြစ် ပြောင်းလဲသွားပြီး မည်သည့် အငွေ့အသက်မျှ ကျန်မနေတော့ပေ။
လီယန်ချူး - "........"
လူကျိုးယွင်သည် မိစ္ဆာနိုင်ငံတော်အတွက်ဟူသော ကြွေးကြော်သံဖြင့် မျောက်အိုကြီးကို တိုက်ခိုက်ခိုင်းပြီး မိမိကိုယ်တိုင် ထွက်ပြေးဖို့ အခွင့်အရေး ယူခဲ့သည်။ သို့သော်လည်း ထွက်ပြေးသွားပြီးနောက် မိမိကိုယ်ကိုယ် ပြန်လည် မီးရှို့သတ်လိုက်ခြင်းမှာ မည်သို့သော အကွက်မျိုးနည်း။
လီယန်ချူးသည် သူ၏ ဝိညာဉ်အာရုံ ကို ဖြန့်ကြက်လိုက်သော်လည်း လူကျိုးယွင်၏ အငွေ့အသက်ကို ရှာမတွေ့တော့ပေ။ ထိုလူသည် တကယ်ပင် သေဆုံးသွားသကဲ့သို့ပင်။
"ဘာဖြစ်တာလဲ အဖွဲ့ကို သစ္စာဖောက်ရင် တားမြစ်ချက်က မီးရှို့သတ်လိုက်တာလား "
လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။
စောစောက သူသည် လူကျိုးယွင်နောက်သို့ လိုက်လာရင်း ဤနေရာကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ပိုင်ကျီမိစ္ဆာနိုင်ငံတော် ရဲ့ ပူးပေါင်းကြံစည်မှုကိုလည်း ကြားခဲ့ရသလို ကျောင်းစောင့်အိုကြီးကိုလည်း သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် လူကျိုးယွင်သည် ကျောင်းထဲမှ ထွက်ထွက်ချင်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော အပြာရောင်မီးဖြင့် အလောင်းပင် မကျန်အောင် လောင်ကျွမ်းသွားခဲ့သည်။
"ဒါက တားမြစ်ချက်တစ်ခုခုကို ထိမိသွားတာလား၊ ဒါမှမဟုတ် သေချင်ယောင်ဆောင်ပြီး ထွက်ပြေးသွားတာလား "
လီယန်ချူး၏ မျက်လုံးများထဲတွင် စဉ်းစားခန်း ဝင်သွားပြီး ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။
သူက ရွှံ့ဖြင့် လုပ်ထားသော နတ်ရုပ်ကို တစ်ချက်ကြည့်လိုက်သည်။
ဤမြို့စောင့်နတ်ကျောင်းမှာ သိပ်မကြီးဘဲ ကျောင်းစောင့်အိုကြီး တစ်ယောက်တည်းသာ ရှိသည်။ အမွှေးတိုင် အလှူရှင်လည်း သိပ်မများလှပေ။ သို့သော်လည်း ဤမြို့စောင့်နတ်မှာ မိစ္ဆာနိုင်ငံတော်၏ သတင်းပို့ ဆက်သွယ်ရေးသမား ဖြစ်နေခဲ့သည်။
လီယန်ချူး၏ မျက်နှာမှာ အေးစက်သွားကာ...
ယန်မီး တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
ဟုန်းခနဲ တောက်လောင်လာသော မီးလျှံများက မြို့စောင့်နတ်ကျောင်းကို တစ်ခဏချင်း ဝါးမြိုသွားတော့သည်။ မြို့စောင့်နတ်မင်းကြီး၏ ရုပ်တုနှင့် အမှတ်အသား အားလုံးမှာ ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
သူ့တွင် မီးနိုင်အတတ် ရှိသဖြင့် မီးဒဏ်ကို မကြောက်ပေ။ သို့သော် ဤအတတ်သည် မီးကို ခုခံရုံတင်မကဘဲ သူ၏ မီးဓာတ်ဆိုင်ရာ အတတ်များကိုလည်း အထွတ်အထိပ်သို့ ရောက်ရှိစေသည်။
ယခု သူ အသုံးပြုနိုင်သည်မှာ ကိုယ်တွင်းရှိ ယန်မီး ဖြစ်သည်။ ဤမီးမှာ သူ၏ သန်မာလှသော သွေးအရှိန်အဝါနှင့် အစရှိသော မီးဓာတ်လက်နက်ငါးမျိုးမှ ရရှိသော နတ်မီးများကို ပေါင်းစပ်ထားခြင်း ဖြစ်ရာ အစွမ်းအလွန်ကြီးမားသည်။
ထို့ပြင် သူ့တွင် ချင်းလုံတာအိုဆရာထံမှ လုယူထားသော ရွှမ်းကျီကောင်းကင်မီးမျိုးစေ့လည်း ရှိသေးသည်။ ကြာရှည်စွာ ပြုစုပျိုးထောင်ထားသော်လည်း သိပ်မကြီးမားသေးပေ။ သို့သော်လည်း ဤ မီး သည် တာအိုလောက၏ အပြင်းထန်ဆုံး မီးဖြစ်ပြီး ရတနာပစ္စည်းများကိုပင် အရည်ပျော်စေနိုင်သည်။
လီယန်ချူးသည် ဆိုင်ရှင်မကို
"ရွှမ်းကျီကောင်းကင်မီးက ဘာလို့ ဒီလောက် အစွမ်းထက်တာလဲ" ဟု မေးဖူးသည်။
ထိုစဉ်က ဆိုင်ရှင်မက ပြုံးရင်း တိုးတိုးလေး ပြောခဲ့သည်။
"ရွှမ်းကျီကောင်းကင်မီးဆိုတာ သာမန်မီး မဟုတ်ဘူး။ တာအိုလောကရဲ့ အပြင်းဆုံးမီးတင်မကဘဲ တစ်လောကလုံးမှာ အစွမ်းဆုံးမီးလို့တောင် ပြောလို့ရတယ်"
လီယန်ချူး ရရှိထားသည်မှာ မီးမျိုးစေ့မျှသာ ရှိသေးသော်လည်း နောင်တစ်ချိန်တွင် တကယ့် နတ်မီးကိုသာ ကျင့်ကြံနိုင်လျှင် ဤမီးတစ်မျိုးတည်းနှင့်ပင် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် လီယန်ချူးသည် အချိန်ရတိုင်း ထိုမီးမျိုးစေ့ကို သူ၏ ကျင့်စဉ်အရှိန်အဝါဖြင့် ပြုစုပေးလေ့ရှိသည်။
ယခုအခါ မီးရှို့ဖျက်ဆီးခြင်းမှာ သူ့အတွက် အလွန်ကျွမ်းကျင်သော နည်းလမ်းတစ်ခု ဖြစ်နေပြီ။ မြို့စောင့်နတ်ကျောင်းကို ပြာဖြစ်အောင် လုပ်ပြီးနောက်တွင် သူသည် ရေရှောင်အတတ် ကို သုံးကာ သူ၏ ကိုယ်ပွားရှိရာသို့ အမြန်ပြန်သွားတော့သည်။
ကျားချွမ်ဖန်း သင်ပေးခဲ့သော ကိုယ်ပွားအတတ် မှာ အလွန်ဆန်းကြယ်သော်လည်း အားနည်းချက်မှာ မူလကိုယ်နှင့် ကိုယ်ပွားကြားတွင် သတင်းအချက်အလက်များကို ချက်ချင်း ဖလှယ်၍ မရခြင်းပင်။ ထို့ကြောင့် တစ်ခါတစ်ရံ သတင်းရရှိမှုတွင် အချိန်ကွာဟချက် ရှိတတ်သည်။
သူသည် ဓာတ်ငါးပါး မြေလျှိုးအတတ် ကို သုံးကာ အမြန်သွားနေရင်း စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
"ငါက မြို့စောင့်နတ်ကျောင်းကို ပြာဖြစ်အောင် ရှို့ပစ်နိုင်သလို၊ အရင်က ကောင်းပုကျေးရွာ မှာ ဖြစ်ခဲ့တာကလည်း ဒီလိုမျိုး ကိစ္စများလား "
လျှို့ဝှက်ဆန်းကြယ်သော ထိုကောင်းပုကျေးရွာနှင့် ပတ်သက်ပြီး သူ၏စိတ်ထဲတွင် သံသယများ ရှိနေဆဲပင်။
"မဟုတ်သေးဘူး အကယ်၍ နတ်မီးနဲ့ အရှို့ခံရတာဆိုရင် အထဲက ဝိညာဉ်တွေ ကျန်နေဖို့ မဖြစ်နိုင်သလို၊ ကောင်းပုကျေးရွာကနေ ဘယ်သူမှလည်း အကူအညီ လာတောင်းမှာ မဟုတ်ဘူး"
လီယန်ချူးသည် ခေါင်းယမ်းလိုက်ပြီး ဘုရားပျက်ထဲသို့ ပြန်လည် ရောက်ရှိသွားသည်။
မူလကိုယ်နှင့် ကိုယ်ပွားမှာ တစ်သားတည်း ပြန်ဖြစ်သွားပြီးနောက် သူ၏ ဦးနှောက်ထဲတွင် မှတ်ဉာဏ်အသစ်များ တိုးလာသည်။ ဘေးနားတွင် အိပ်မောကျနေသော ဝမ်ကြင်ယာတော်ကို ကြည့်ရင်း လီယန်ချူး၏ နှုတ်ခမ်းများ တွန့်သွားရသည်။
"ဒီမိန်းမကတော့ ဘယ်လိုဖြစ်နေတာလဲ ငါ့ခန္ဓာကိုယ်ကိုပဲ အမြဲတမ်း မျက်စိကျနေတော့တာပဲ..."
အခန်း (၇၅၂) - စိတ်လှုပ်ရှားမိခြင်း ၊ ကျိုရှောင်နတ်ဘုရားကျမ်း အပြည့်အစုံ ၊ ကျိုးကျိ ပိုးထည်ဆိုင် ပြဿနာတက်ပြီ
နောက်တစ်နေ့တွင်...
မိုးစဲ၍ သာယာသွားကာ လေထုမှာလည်း လတ်ဆတ်နေသည်။ တောတောင်ကြားရှိ နံနက်ခင်းလေထုမှာ တစ်ကိုယ်လုံးကို လန်းဆန်းတက်ကြွစေသည်။
လီယန်ချူးသည် စောစောစီးစီးပင် တရားထိုင်ကာ အသက်ရှူကျင့်စဉ်ကို စတင်ကျင့်ကြံနေပြီ ဖြစ်သည်။
ဟွမ်ထင်တာအိုကျမ်း၏ တတိယအဆင့် ကျင့်စဉ်မှာ အဓိကအားဖြင့် ယန်ဝိညာဉ် ကို ပြုစုပျိုးထောင်ရန် ဖြစ်သည်။ ယခုအခါ သူ၏ ကိုယ်တွင်း၌ နှစ်ပေါင်းနှစ်ထောင်စာ ကျင့်စဉ်အရှိန်အဝါများ ရှိနေပြီဖြစ်ရာ ယန်ဝိညာဉ် အဆင့်တွင် သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။
သို့သော် သူ၏ အဆင့်မှာ ယန်ဝိညာဉ် အလယ်အလတ်အဆင့်သို့ မရောက်ရှိသေးပေ။ အဆင့်တက်လှမ်းရန်အတွက် ယန်ဝိညာဉ် ထဲရှိ ယန် ဓာတ်သဘာဝကို ပိုမိုသန်မာလာအောင် လုပ်ဆောင်ပေးနိုင်မည့် စစ်မှန်သော ယန် ရတနာအချို့ လိုအပ်နေသေးသည်။
နေ့စဉ်ကျင့်ကြံမှုများအတွင်း သူ၏ ဝိညာဉ်မှာ တဖြည်းဖြည်း ကြီးမားသန်မာလာသည်။ ထိုသို့သော အချိန်တိုင်းတွင် လီယန်ချူးသည် ထိုကျောက်စိမ်းပြားထဲ၌ မှတ်တမ်းတင်ထားသော ကျိုရှောင်နတ်ဘုရားကျမ်း ကို မေ့မရနိုင်အောင် ဖြစ်မိသည်။
ဆိုင်ရှင်မက စစ်မှန်သော ကျိုရှောင်နတ်ဘုရားကျမ်း ကို ဖော်ထုတ်နိုင်မည့် နည်းလမ်းရှိသည်ဟု ပြောခဲ့စဉ်က သူ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်မှာ အမှန်ပင်။ အကြောင်းမှာ ဤနတ်ဘုရားကျမ်းသည် လူတစ်ယောက်ကို အဆင့်ကြီးတစ်ခုလုံးကို တိုက်ရိုက်ကျော်လွန်ပြီး အဆင့်တက်စေနိုင်သည်ဟု သတင်းကြီးသောကြောင့် ဖြစ်သည်။
ထိုစဉ်က လင်ရွှီ နတ်မြေ တောင်ထိပ်ပေါ်၌ ထိုဝတ်စုံဖြူဝတ် နတ်ဘုရားက အနည်းငယ်မျှ ညွှန်ပြရုံဖြင့် လူများကို ယန်ဝိညာဉ် အဆင့်သို့ ချက်ချင်း တက်လှမ်းစေခဲ့သည့် မြင်ကွင်းမှာ တကယ့်ကို ရင်ခုန်စရာ ကောင်းလှသည်။
ထိုဝတ်စုံဖြူဝတ် နတ်ဘုရားမှာ ကျင့်ကြံသူများကို လှည့်ဖြားရန် အကွက်ဆင်နေခြင်း ဖြစ်သော်လည်း၊ အကယ်၍ စစ်မှန်သော နတ်ဘုရားကျမ်းကိုသာ ပိုင်ဆိုင်ထားပါက ထိုအဆင့်သို့ ရောက်ရှိရန် တကယ်ပင် ဖြစ်နိုင်ချေရှိသည်။
မဟုတ်လျှင်လည်း ရှန့်ရှန်းနန်းတော်၏ ယွီလော့နတ်ဘုရားကျမ်း သည် ယင်ဝိညာဉ် အထွတ်အထိပ်မှာ တန့်နေသည့် ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်ကြီးများကို ဤမျှ ဆွဲဆောင်နိုင်မည် မဟုတ်ပေ။ ထိုသူများသည် ထိုကျမ်းကို ကျင့်ကြံခွင့်ရရန်အတွက် မိစ္ဆာလမ်းစဉ်သို့ ကူးပြောင်းရန်ပင် ဝန်မလေးကြချေ။
လီယန်ချူးသည် စိတ်ထဲမှ အတွေးများကို ဖယ်ထုတ်ကာ ထိုဆန္ဒကို စိတ်၏ အနက်ရှိုင်းဆုံးတွင် မြှုပ်နှံထားလိုက်ပြီး ထပ်မတွေးတော့ပေ။ ဟွမ်ထင်တာအိုကျမ်း မှာ တည်ကြည်ဖြောင့်မတ်ပြီး လေ့ကျင့်လိုက်သည့် အရှိန်အဝါများမှာလည်း အလွန်ပင် ထူထပ်လှသည်။
ထို့ပြင် ဘေးထွက်ဆိုးကျိုးများ မရှိဘဲ အလွန်ပင် တည်ငြိမ်လှသည်။ ကျင့်ကြံခြင်းနှင့် ထာဝရအသက်ကို ရရှိရန်အတွက် ဤကဲ့သို့သော ကျင့်စဉ်မျိုးကိုသာ ရွေးချယ်သင့်သည် မဟုတ်ပါလား။
ကျင့်ကြံခြင်း ပြီးဆုံးသောအခါ...
သူသည် ဖူဝမ်ကြင်ယာတော်ကို ခေါ်ဆောင်ကာ ကျန်းနန် မြို့တော်သို့ ခရီးဆက်ခဲ့သည်။
ကျောင်းစောင့်အိုကြီးနှင့် လူကျိုးယွင်တို့၏ စကားဝိုင်းအရ ကျန်းနန်မြို့တော်ထဲတွင် ပိုင်ကျီမိစ္ဆာနိုင်ငံတော် မှ လက်ကျန်မိစ္ဆာများ တစ်ခုခု ကြံစည်နေကြသည်မှာ သိသာလှသည်။ ထို့ပြင် လီယန်ချူးအနေဖြင့် ဤကိစ္စတွင် ပိုင်ကျီမိစ္ဆာနိုင်ငံတော် တစ်ခုတည်းသာ ပါဝင်လိမ့်မည်မဟုတ်ဟု ယူဆမိသည်။
အကြောင်းမှာ ယခင်တစ်ခေါက် ဝေမြို့ အနီးတွင် ပိုင်ကျီမိစ္ဆာနိုင်ငံတော် နှင့် ကြာပန်းဖြူဂိုဏ်း တို့ အရောင်းအဝယ် လုပ်ခဲ့ကြဖူးသည်။ ထိုစဉ်က အရောင်းအဝယ်မှာ စွန်း ကတော်၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားပင် ဖြစ်သည်။
ယခုတစ်ကြိမ်တွင်လည်း ပိုင်ကျီမိစ္ဆာနိုင်ငံတော် သည် လောကီနယ်ပယ်မှ မင်းစိုးရာဇာ တစ်ဦးကို လုပ်ကြံသတ်ဖြတ်ပြီး ဖူဝမ်ကြင်ယာတော် မိခင်နှင့် သားကို လိုက်လံသတ်ဖြတ်နေခြင်းမှာ လီယန်ချူးအတွက် တစ်မျိုးကြီး ရင်းနှီးနေသလို ခံစားရစေသည်။
ကြာပန်းဖြူဂိုဏ်း သို့မဟုတ် အခြားသော ရှေးဟောင်းဘာသာရေး ဂိုဏ်းတစ်ခုခုကလည်း နောက်ကွယ်မှ ပါဝင်ပတ်သက်နေနိုင်သည်။ မဟုတ်လျှင် ဤမျှများပြားလှသော ဘေးထွက်ကျင့်စဉ် ကျင့်ကြံသူများ ဘယ်က ရောက်လာပါမည်နည်း အကယ်၍ သူတို့သည် မိတ်ဖက်များ ဖြစ်နေကြလျှင်တော့ ဒါက အဓိပ္ပာယ်ရှိသွားပြီ။
မည်သို့ပင်ဖြစ်စေ ကျန်းနန်နယ်မြေထဲတွင် လှည့်လည်သွားလာနေသည်ဖြစ်ရာ လီယန်ချူးသည် ကျန်းနန်မြို့တော်သို့ သွား၍ ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ငွေရောင်ဖုတ်ကောင် သုံးကောင်၊ လှည့်ဖြားခြင်း အတတ်တွင် ကျွမ်းကျင်သော မိစ္ဆာကြီး တစ်ကောင်၊ နှင့် အလောင်းမောင်းအတတ် ကျွမ်းကျင်သော ပါရမီရှင် လူငယ်တစ်ဦး... ဤအဖွဲ့အစည်း တစ်ခုလုံးမှာ လီယန်ချူး၏ လက်ချက်ဖြင့် ဇာတ်သိမ်းသွားခဲ့ပြီ။
ရန်သူဘက်မှလည်း ဗူးသီးပင်က ဗူးသီးတွေ တစ်လုံးပြီးတစ်လုံး လာပေးသလိုမျိုး ထပ်မံ စေလွှတ်ခြင်း မရှိတော့ပေ။ ဒါကလည်း သူတို့၏ ဆက်သွယ်ရေးသမား ဖြစ်သော ကျောင်းစောင့်အိုကြီး အသတ်ခံလိုက်ရခြင်းနှင့် ဆက်စပ်နေပေလိမ့်မည်။ မြို့စောင့်နတ်ကျောင်းကိုလည်း သူ၏ ယန်မီး ဖြင့် ပြာဖြစ်အောင် ရှို့ပစ်ခဲ့သည် မဟုတ်ပါလား။
ဤတစ်ကြိမ်တွင် လီယန်ချူးနှင့် ဖူဝမ်ကြင်ယာတော်တို့မှာ တစ်လမ်းလုံး မည်သည့် အနှောင့်အယှက်မျှ မကြုံရဘဲ အေးအေးဆေးဆေး ခရီးနှင်နိုင်ခဲ့ကြသည်။
တိမ်စီး၍ ပျံသန်းသည့် အတတ်ကို မသုံးသော်လည်း လေဟုန်စီးအတတ် ၏ အကူအညီကြောင့် မွန်းတည့်ချိန် မတိုင်မီမှာပင် ကျန်းနန်မြို့တော်သို့ ရောက်ရှိလာခဲ့သည်။
ချန်နိုင်ငံ၏ ခရိုင် ၁၃ ခုအနက် ကျန်းနန်ခရိုင်မှာ ဗုဒ္ဓဘာသာ ဘုရားကျောင်းများစွာ ရှိပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူ အလွန်များပြားသည်။
လူသူမနီးသော တောစပ်များတွင်ပင် နတ်စင်၊ နတ်ကျောင်းလေးများစွာ ရှိသည်။ ထို့ပြင် ကျန်းနန်သည် စာပေယဉ်ကျေးမှု အလွန်ထွန်းကားသော နေရာဖြစ်ပြီး ကွန်ဖြူးရှပ် အကယ်ဒမီကြီး သုံးခုအနက် တစ်ခုဖြစ်သော ကျန့်ယန် အကယ်ဒမီမှာ ကျန်းနန်ခရိုင်တွင် ရှိသည်။
ထိုနေရာရှိ ပညာရှိကြီးများမှာ စာပေကျွမ်းကျင်ရုံတင်မကဘဲ စကားတစ်ခွန်းတည်းဖြင့် မိစ္ဆာများကို နှိမ်နင်းနိုင်စွမ်း ရှိကြသည်။
သူတို့မှာ သာမန် အားနည်းသော စာသင်သားများ မဟုတ်ကြဘဲ ကိုယ်တွင်း၌ ဖြောင့်မတ်ခြင်း အရှိန်အဝါများကို မွေးမြူထားကြသော ကွန်ဖြူးရှပ်ကျင့်ကြံသူများ ဖြစ်ကြသည်။
...
လီယန်ချူးသည် ကျန်းနန် မြို့တော်ထဲသို့ ရောက်သည်နှင့် ထူးခြားသော ကျန်းနန်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ကျန်းနန်အမျိုးသမီးများမှာ နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းကြသည်။
ဤအချက်မှာ ဖူဝမ်ကြင်ယာတော်ကို ကြည့်လျှင် သိသာလှသည်။ လီယန်ချူးသည် ဖူဝမ်ကြင်ယာတော်ကို ခေါ်ဆောင်ကာ ကျိုးကျိ ပိုးထည်ဆိုင် သို့ လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ထိုနေရာမှာ တကယ့်ကို ခိုင်မာသော လျှို့ဝှက်စခန်း တစ်ခုဖြစ်သည်။
ဖူဝမ်စံအိမ်တော်၏ အစောင့်ခေါင်းဆောင်က သေခါနီးမှာ မှာကြားခဲ့သည်ဆိုခြင်းက ဤလျှို့ဝှက်စခန်းမှာ အလွန်အောင်မြင်ပြီး သစ္စာရှိမှုကို စမ်းသပ်ခံထားရပြီးဖြစ်ကြောင်း သက်သေပင်။
အကြောင်းမဲ့ သံသယဝင်နေခြင်းမှာ စိတ်ရောဂါရှိသလို ဖြစ်နေပေလိမ့်မည်။
...
ကျိုးကျိ ပိုးထည်ဆိုင်
ခန့်ညားထည်ဝါသော လူငယ်တာအိုဆရာ တစ်ဦးနှင့် အလှသွေးကြွယ်သော အမျိုးသမီးငယ် တစ်ဦး... ထိုတွဲဖက်မှုမှာ ပိုးထည်ဆိုင်ထဲသို့ ရောက်လာသည်နှင့် လူတိုင်း၏ အကြည့်ကို ဆွဲဆောင်သွားတော့သည်။
"မေးပါရစေ... ခင်ဗျားတို့ ဆိုင်မန်နေဂျာ က ဘယ်မှာလဲ"
လီယန်ချူးက မေးလိုက်သည်။
ထို ကျိုးကျိ ပိုးထည်ဆိုင် မှာ ကျန်းနန်မြို့တော်တွင် အလွန်နာမည်ကြီးပြီး အဓိက ပိုးထည်ဆိုင်ကြီး လေးခုအနက် တစ်ခုဖြစ်သည်။ ကျိုးမိသားစု၏ စီးပွားရေးမှာ အလွန်ကြီးမားလှရာ၊ ဒါက ဝမ်စံအိမ်တော်၏ လျှို့ဝှက်စခန်း ဖြစ်နေခြင်းနှင့် ပတ်သက်နေမလားတော့ မသိပေ။
"မန်နေဂျာကြီး သေသွားပါပြီ"
ဟု ဆိုင်အကူလေးက ပြန်ပြောသည်။
"ဒါဆိုရင် ခင်ဗျားတို့ မန်နေဂျာကို...ဟင် သေသွားပြီ ဟုတ်လား "
လီယန်ချူး စကားလုံးများကို ပြန်လည်သုံးသပ်မိသွားပြီး အံ့အားသင့်သော အမူအရာ ပေါ်လာသည်။
"ဟုတ်ကဲ့ခင်ဗျာ" ဆိုင်အကူလေးက ခေါင်းငြိမ့်ပြသည်။
"ဘယ်တုန်းက သေသွားတာလဲ "
ဘေးနားရှိ ဖူဝမ်ကြင်ယာတော်က မနေနိုင်ဘဲ ဝင်မေးလိုက်သည်။
"လွန်ခဲ့တဲ့ ခုနစ်ရက်ကတည်းက သေသွားတာပါ"
ဆိုင်အကူလေးက ဖြေသည်။
ဖူဝမ်ကြင်ယာတော် ကြောင်သွားရသည်။ လွန်ခဲ့သည့် ခုနစ်ရက်ဆိုသည်မှာ သူမ ထွက်ပြေးနေဆဲ အချိန်ဖြစ်သည်။ ထိုစဉ်က စံအိမ်တော်အစောင့်ခေါင်းဆောင် ဝမ်ကျန့် မှာ အသက်ရှင်နေသေးသည်။ သို့သော် ကျိုးကျိ ပိုးထည်ဆိုင် ၏ မန်နေဂျာမှာမူ ထိုအချိန်ကတည်းက သေဆုံးနေခဲ့ပြီ။
"မင်းပြောတဲ့ မန်နေဂျာက မန်နေဂျာအိုကြီးလား၊ ဒါမှမဟုတ် မန်နေဂျာငယ်လား "
လီယန်ချူးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"နှစ်ယောက်လုံး သေသွားတာပါ" ဆိုင်အကူလေးက သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဘယ်လိုဖြစ်ပြီး သေတာလဲ"
လီယန်ချူး၏ မျက်မှောင်များ ပို၍ ကြုတ်သွားသည်။ ဖူဝမ်ကြင်ယာတော် ဆက်သွယ်ရမည့် လျှို့ဝှက်စခန်းမှ လူမှာ မန်နေဂျာငယ် ကျိုးတင့် ဖြစ်သည်။
သူသည် အသက် ၃၂ နှစ်ရှိပြီး စိတ်ထားကောင်းမွန်ကာ လူမှုဆက်ဆံရေး ပြေပြစ်သူဖြစ်သည်။ အပြင်ပန်းတွင် သူဌေးသားတစ်ဦးဟု ထင်ရသော်လည်း၊ တကယ်တော့ သူသည် လျှို့ဝှက်ဂိုဏ်း ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ရှန့်ချင်း အဆောင်အတတ်များကို ကျွမ်းကျင်သူ ဖြစ်သည်။
"မန်နေဂျာအိုကြီးက ညဘက်မှာ ရုတ်တရက် ရောဂါဖောက်ပြီး သေသွားတာပါ။ မန်နေဂျာငယ်ကတော့ စိတ်မကောင်းဖြစ်ပြီး နောက်တစ်နေ့မှာ အရက်တွေ အလွန်အကျွံသောက်ရင်း... သူလည်း သေသွားပြန်တယ်"
ဟု ဆိုင်အကူလေးက ပြောသည်။
ဒီလောက်တောင် တိုက်ဆိုင်ပါသလား
လျှို့ဝှက်ဂိုဏ်း ကျင့်ကြံသူတစ်ဦး၊ ၎င်းအပြင် ဖူဝမ်စံအိမ်တော်၏ လျှို့ဝှက်စခန်းမှ လူတစ်ဦး၏ စိတ်ဓာတ်နှင့် ကျင့်စဉ်အဆင့်မှာ အလွန်မြင့်မားသင့်သည်။ ဖခင်ဖြစ်သူ ရုတ်တရက် သေဆုံးသွားခြင်းက သူ့ကို ဤမျှအထိ ထိခိုက်စေပါသလား အရက်သောက်ရင်း သေသွားတယ် ဟုတ်လား။
လီယန်ချူး ဤကိစ္စတွင် မရိုးသားမှုတစ်ခုခု ရှိနေသည်ဟု ခံစားလိုက်ရသဖြင့်
"အလောင်းက အခု ဘယ်မှာလဲ" ဟု ထပ်မံ မေးမြန်းလိုက်သည်။
ဆိုင်အကူလေး၏ မျက်နှာတွင် သတိထားစရာ အမူအရာ ပေါ်လာပြီး စိတ်မရှည်သလို ပြောလိုက်သည်။
"သွား... သွား... ခင်ဗျားက တာအိုဆရာ ဖြစ်ပြီးတော့ ရုပ်ရည်လေးက သန့်ပါရဲ့နဲ့ ဘာလို့ ဒီလောက် အပြောအဆို မတတ်တာလဲ။ မန်နေဂျာကြီးတွေ ကွယ်လွန်သွားတာကို ဒီမှာ လာပြီး ဟိုမေးဒီမေး လုပ်နေရသလား။ လူခေါ်ပြီး အပြင်ကို မောင်းမထုတ်ခင် မြန်မြန်သွားတော့ "
ဖူဝမ်ကြင်ယာတော်၏ နှုတ်ခမ်းများ တွန့်သွားရသည်။ သူမ၏ အမြင်တွင် လီတာအိုဆရာမှာ သတ်ဖြတ်ခြင်း၌ ပြတ်သားသူဖြစ်သည်။
လက်တစ်ချက် ရိုက်လိုက်ရုံဖြင့် ဖုတ်ကောင်များကိုပင် ပြာဖြစ်သွားအောင် လုပ်နိုင်သူ ဖြစ်သည်။ သူ ဒေါသထွက်လာလျှင် ဤဆိုင်အကူလေးကို သတ်ပစ်ဖို့ဆိုတာ လက်ဖျစ်တစ်ချက်တီးသလောက်ပင် မခက်ခဲပေ။
သို့သော် လီယန်ချူးမှာ ဒေါသမထွက်ခဲ့ပေ။
သူသည် ခဏမျှ စဉ်းစားလိုက်ပြီး ရင်ဘတ်ထဲမှ ခါးချိတ်တံဆိပ်တစ်ခုကို ထုတ်လိုက်သည်။ ထိုတံဆိပ်ပေါ်တွင် ရွှေရောင်စာလုံးကြီးများဖြင့် ရေးထိုးထားသည်။ ဒါက တရားရုံးတော် တံဆိပ်ဖြစ်ပြီး အဆင့် (၆) အရာရှိ အဆင့်အတန်း ဖြစ်သည်။ အထူးကိစ္စရပ်များကို ကိုင်တွယ်ခွင့်ရှိသည်။
ယခင်တစ်ခေါက် ချူကျန်း နဂါးမင်းကို သွားသတ်စဉ်က ထိုတံဆိပ်ကို ထုတ်ပြလိုက်သည်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ပင်လျှင် အလွန်ယဉ်ကျေးသွားခဲ့ဖူးသည်။ သို့သော် ဤဆိုင်အကူလေးမှာမူ တရားရုံးတော် တံဆိပ်ကို မသိရှာဘဲ ဟောက်လိုက်သည်။
"ခင်ဗျား ဒီတာအိုဆရာက မပြီးနိုင်သေးဘူးလား ဒီတံဆိပ်အစုတ်ကြီးကို ထုတ်ပြပြီး ဘာလုပ်ချင်တာလဲ သွား... သွားစမ်း "
လီယန်ချူး - "........"
ကျိုးကျိ ပိုးထည်ဆိုင် က အကူလေးက စာမတတ်တာများလား။
မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက တန်ဖိုးမသိသဖြင့် သူလည်း ဆက်မမေးတော့ပေ။ သေဆုံးသွားသူမှာ ပိုးထည်ဆိုင် မန်နေဂျာဖြစ်ပြီး သူ့အတွက်တော့ ဘာမှမဆိုင်လှချေ။ သူသည် ကြင်ယာတော်နှင့်အတူ ပိုးထည်ဆိုင်မှ ထွက်လာကာ တည်းခိုခန်းတစ်ခု ရှာရန် ပြင်လိုက်သည်။ ထိုစဉ် နောက်ကျောဘက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အမိတာဘ ... အလှူရှင်နှစ်ဦးက ကျိုးမိသားစု မန်နေဂျာနှစ်ယောက်ရဲ့ မိတ်ဆွေဟောင်းတွေလား"
စကားပြောသူမှာ ကတုံးနှင့် အသက် ၃၀ ကျော်အရွယ် လူတစ်ဦး ဖြစ်သည်။ မျက်နှာမှာ တည်ကြည်ပြီး မျက်ခုံးထူ၊ မျက်လုံးကြီးများနှင့် ဖြစ်သည်။
ကြည့်ရသည်မှာ ဗုဒ္ဓဘာသာ ရဟန်းနှင့် မတူဘဲ သိုင်းလောကမှ ကြမ်းကြမ်းတမ်းတမ်း လူတစ်ယောက်နှင့် ပိုတူသည်။ ဖူဝမ်ကြင်ယာတော်သည် လှည့်ကြည့်လိုက်ပြီး ထိုကြောက်စရာကောင်းသောကတုံးကြီးကို မြင်သောအခါ မသိမသာ နောက်သို့ ဆုတ်လိုက်မိသည်။
"ဆရာကြီးရဲ့ ဘွဲ့က ဘယ်လိုခေါ်ပါသလဲ"
လီယန်ချူးက မေးလိုက်သည်။
"ငါ ရဲ့ ဘွဲ့က ထဲ့ရှင်း ပါ။ ဒီကိစ္စကို စုံစမ်းဖို့အတွက် ရောက်လာတာပါ "
"ဪ... ဟုတ်လား"
"ကျိုးမိသားစု မန်နေဂျာနှစ်ယောက်က ရုတ်တရက် ရောဂါဖြစ်လို့ သေတာမဟုတ်သလို အရက်သောက်ပြီး သေတာလည်း မဟုတ်ပါဘူး။ သူတို့တွေက ကျိန်စာ အတိုက်ခံရတာပါ"
"ကျိန်စာ ဟုတ်လား"
လီယန်ချူး မျက်မှောင်ကြုတ်သွားတော့သည်။