အခန်း (၇၅၅-၇၅၆)
Vol. 76 Ch. 755-756
အခန်း (၇၅၅) - လူသတ်သမားမှာ ယန်ချီရှား ဖြစ်သည် ၊ လျူမိသားစုဝင်များ ၊ ကျန်းနန်၏ အားအကောင်းဆုံး မြေစောင့်နတ်
ပိုးထည်ဝတ်စုံနှင့် လူငယ်သည် လဲကျနေရာမှ လူးလဲထ၍ ရုန်းကန်ထရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ယိမ်းထိုးနေပြီး လက်မောင်း၊ လက်ဖဝါးနှင့် ခြေထောက်တို့တွင် ပွန်းပဲ့ဒဏ်ရာများစွာ ရရှိသွားကာ သွေးစို့နေသည်။
တစ်သက်လုံး စည်းစိမ်ချမ်းသာထဲတွင် နေထိုင်လာခဲ့သည့် သူဌေးသားလေးတစ်ဦးအဖို့ ဤကဲ့သို့ နာကျင်မှုကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။
သူသည် လူတွေကို နှိပ်စက်ရတာ ဝါသနာပါပြီး သူတပါး သွေးထွက်သံယိုဖြစ်တာကို ကြည့်ရတာ နှစ်သက်သူဖြစ်သည်။ သို့သော် မိမိကိုယ်တိုင် ဒဏ်ရာရသွားသောအခါတွင်မူ ဒေါသအလိပ်လိပ် ထွက်လာတော့သည်။
"ဘယ်မျက်စိမပါတဲ့ကောင်က ငါ့ကို ကစားရဲတာလဲ"
ထိုလူငယ်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ အကြည့်များမှာ လမ်းဘေးရှိ ဓားရေးလှံရေး တတ်ကျွမ်းပုံရသည့် လူစိမ်းများပေါ်သို့ ကျရောက်နေသည်။
"သတ္တိရှိရင် လုပ်တဲ့ကောင် ထွက်လာခဲ့စမ်း"
သူဌေးသားလေးသည် အော်ဟစ်ကြိမ်းမောင်းရင်း လက်ထဲမှ မြင်းနှင်တံကို မြှောက်ကာ ဘေးပတ်ဝန်းကျင်က လူတွေကို အေးစက်စက် ကြည့်နေသည်။
"ဒါကတော့ နယ်ဝေးကလာတဲ့လူတွေ လက်ချက်ပဲ ဖြစ်ရမယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ သားကိုတောင် နောက်ပြောင်ရဲတယ်ဆိုတော့"
"ဒီတစ်ခါတော့ တစ်ယောက်ယောက်တော့ ဒုက္ခရောက်တော့မှာပဲ "
"ဟူး... ခရိုင်အုပ်ချုပ်ရေးမှူးက ဒီမှာဆိုရင် မိုးတစ်ပိုင်း လက်တစ်ပိုင်းပဲလေ၊ လျူမိသားစုဝင်တွေကလည်း အလွန်ကို ရမ်းကားကြတာ"
ဘေးနားရှိ လူနှစ်ဦး တိုးတိုးတိတ်တိတ် ပြောနေကြသည်ကို လီယန်ချူးက နားစွင့်နေလိုက်သည်။ သူတို့က စကားပြော အလွန်မြန်သော်လည်း လီယန်ချူးအနေဖြင့် အကြောင်းအရာ အတော်များများကို နားလည်လိုက်သည်။
အနှစ်ချုပ်ရလျှင် ကျန်းနန်ခရိုင် အုပ်ချုပ်ရေးမှူး လျူ သည် သူ၏ ဆွေမျိုးသားချင်းများကို အလိုလိုက်ထားသဖြင့် ဤလျူမိသားစုဝင်များမှာ အလွန်ပင် မောက်မာရမ်းကားကြခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် လူစည်ကားရာလမ်းတွင် မြင်းစီးနှင်ခြင်းကဲ့သို့သော ကိစ္စမျိုး၊ လူတိုက်မိ၍ သေဆုံးလျှင်တောင်မှ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဖြေရှင်းစရာမလိုဘဲ ဖမ်းဆီးရေးအရာရှိ တစ်ယောက်ကပင် လက်စဖျောက်ပေးလိုက်ကြသည်။
အုပ်ချုပ်ရေးမှူး နားထဲသို့ ဤသတင်းများ မရောက်ခင်မှာပင် လက်အောက်ခံ အရာရှိများက မျက်နှာလိုမျက်နှာရဖြင့် ကိစ္စကို ပြီးပြတ်အောင် လုပ်ပေးလေ့ရှိသည်။ အကြောင်းမှာ ဤသူဌေးသားလေးမှာ ဤနယ်မြေတွင် အာဏာအရှိဆုံး အရာရှိသားသမီး ဖြစ်နေသောကြောင့်ပင်။
လီယန်ချူးက အရှိန်ဝါကြည့်အတတ်နှင့် လှမ်းကြည့်လိုက်သောအခါ ထိုလူငယ်၏ ကိုယ်ပေါ်တွင် နာကျည်းမှုအငွေ့အသက်များနှင့် သွေးဆိုးဝိညာဉ်များ ရစ်ပတ်နေသည်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် မတရားအသတ်ခံရသည့် အပြစ်မဲ့သူ အနည်းဆုံး တစ်ယောက်ထက်မက ရှိနေပြီဖြစ်သည်။
"အမှိုက်ကောင်..."
လီယန်ချူး၏ မျက်ဝန်းများ အေးစက်သွားသည်။ သူသည် စိတ်ကူးတစ်ခု ရသွားကာ လူအုပ်ကြားထဲတွင် ခဏမျှ ပတ်လိုက်ပြီး ဘေးကလူများ သတိမထားမိခင် လူသူကင်းမဲ့သည့် ဆိုင်ခန်းတစ်ခုထဲသို့ ဝင်လိုက်သည်။ ဆိုင်ခန်းထဲရှိ လူများမှာ အပြင်ဘက်က အဖြစ်အပျက်ကို သွားကြည့်နေကြသဖြင့် ဘယ်သူမှ မရှိပေ။
ထိုအချိန်တွင် ရမ်းကားသော သူဌေးသားလေးမှာ အပြင်တွင် အော်ဟစ်ဆဲဆိုနေတုန်းပင်။ လီယန်ချူးက လက်ကွက်ကို ကျစ်လိုက်ပြီး ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ဝင်းလက်သွားကာ လတ်တလောတွင် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
ထိုအမျိုးသားမှာ ကျားမျက်လုံး၊ နှုတ်ခမ်းမွေး ကားကားနှင့် ဖြစ်ပြီး တောင်ကြီးတစ်လုံးကဲ့သို့ ခန့်ညားထည်ဝါသော အရှိန်အဝါမျိုး ရှိကာ အသက်ရှူသံမှာ အလွန်ပင် အားကောင်းလှသည်။
နတ်အတတ်
အသွင်ပြောင်းလဲခြင်းအတတ်
"ဘယ်မျက်စိမပါတဲ့ကောင်လဲ အခုချက်ချင်း ထွက်လာခဲ့... မဟုတ်ရင်..."
အသက်လတ်ပိုင်း အမျိုးသားသည် လမ်းပေါ်သို့ လျှောက်လာပြီး ခရိုင်အုပ်ချုပ်ရေးမှူး၏ သားကို အေးစက်စက် ကြည့်ကာ ဟောက်လိုက်သည်။
"ဆူညံလိုက်တာ"
သူဌေးသားလေးမှာ ထိုအမျိုးသား၏ အရှိန်အဝါကြောင့် လန့်သွားကာ အသံမှာ ချက်ချင်းပင် တိုးသွားတော့သည်။ သူက အသံကို ထိန်းပြီး
"မင်း... မင်းက ဘယ်သူလဲ"
"ယန်ချီရှား"
အသက်လတ်ပိုင်း အမျိုးသားက လှောင်ပြုံးပြုံးလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ဓားအလင်းတန်းများ ဖြတ်ပြေးသွားသလို ခံစားရသည်။ စကားအဆုံးတွင် သူသည် ရှေ့သို့ တစ်လှမ်းတက်ကာ ထိုသူဌေးသားလေး၏ လည်ပင်းကို အမိအရ ညှစ်လိုက်တော့သည်။
သူဌေးသားလေး၏ သွယ်လျသော လည်ပင်းမှာ ချက်ချင်းပင် နီမြန်းရောင်ကိုင်းသွားပြီး မျက်နှာတစ်ခုလုံးလည်း သွေးတက်ကာ ဘာစကားမှ ပြောမထွက်တော့ပေ။ လည်ပင်းရိုးမှာ အချိန်မရွေး ကျိုးသွားနိုင်လောက်အောင် တဂျွတ်ဂျွတ် အသံများ ထွက်ပေါ်လာသည်။
ယန်ချီရှားက လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရာ လူကြီးတစ်ယောက်၏ အလေးချိန်ကို လေထဲတွင် ခပ်အေးအေးပင် မြှောက်ထားနိုင်သည်။ အကယ်၍သာ ဤခေတ်တွင် TikTok ရှိနေလျှင် ယန်ချီရှား၏ ဤကဲ့သို့ တရားမျှတမှုအတွက် သူရဲကောင်းဆန်ဆန် လုပ်ရပ်မှာ သေချာပေါက် လူသိများသွားပေလိမ့်မည်။
"လက်ကို လွှတ်စမ်း လူသတ်မလို့လား"
အနောက်ဘက်ရှိ ခရမ်းရောင် ဝတ်စုံနှင့် လူငယ်သည်လည်း မြေကြီးပေါ်မှ လူးလဲထလာကာ မျက်နှာပျက်ပျက်ဖြင့် ဟန့်တားလိုက်သည်။ သူ၏ ပခုံးပေါ်ရှိ မုတ်ဆိတ်ဖြူ အဖိုးကြီးကတော့ ပြုံးစိစိ လုပ်နေတုန်းပင်။
ယန်ချီရှားက လှည့်ကြည့်ကာ မသိနားမလည်ဟန်ဖြင့်
"မင်းတို့က... လူသတ်မှာကို ကြောက်တတ်လို့လား"
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ မျက်နှာ ညိုခုတ်သွားကာ
"မင်းရှေ့မှာ ဥပဒေရှိနေတာကို သိရဲ့လား၊ မင်းလို လောကက သာမန်လူတစ်ယောက်က အစိုးရနဲ့ ရန်ဖြစ်ချင်နေတာလား"
ယန်ချီရှားက မျက်လုံးမြှောက်ကြည့်လိုက်သည်။ ဤခရမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ ရမ်းကားသော သူဌေးသားတစ်ဦးဟု ထင်ရသော်လည်း အမှန်စင်စစ် သူ၏ ခန္ဓာကိုယ်အတွင်း၌ မှော်စွမ်းအင်များ လည်ပတ်နေသည်။ သူသည် ကျင့်ကြံသူတစ်ဦးပင်
ယန်ချီရှားက လှောင်ရယ်လိုက်သည်။
"ကျုပ်လက်ထဲက ဓားကတော့ ဥပဒေဆိုတာကို မသိဘူး"
ဤလူနှစ်ဦးလုံး၏ ကိုယ်ပေါ်တွင် နာကျည်းမှုများ ရစ်ပတ်နေပြီး လက်ထဲတွင် အပြစ်မဲ့သူများ၏ အသက်များ ပါနေသည်။ ယခုကျမှ ဥပဒေအကြောင်း လာပြောနေခြင်းမှာ သူတစ်ပါးက ကိုယ့်ကို လာပြီး အမှန်တရား ပြောပြလျှင် ကိုယ်က ရမ်းကားပြပြီး၊ သူတစ်ပါးက ကိုယ့်ကို လာရမ်းကားလျှင်ကျမှ ဥပဒေအကြောင်း ပြန်ပြောပြနေသည့် လူစားမျိုးပင်။
ရှူးးးးးး
ဓားအလင်းတန်းတစ်ခု ဝင်းလက်သွားသည်။ လီယန်ချူး လက်ထဲတွင် မြှောက်ထားသော သူဌေးသားလေးမှာ အပေါ်သို့ မြှောက်တက်သွားကာ ခဏအတွင်းမှာပင် ကိုယ်ခန္ဓာ နှစ်ပိုင်း ပြတ်သွားတော့သည်။
သွေးများမှာ လမ်းမကြီးပေါ်တွင် ပန်းထွက်ကုန်သည်။
".........." ခရမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ စကားစွံ့သွားသည်။
သူသည် မျက်မှောင်ကြုတ်ထားမိသည်။ ကျန်းနန်နယ်မြေတွင် ဤကဲ့သို့သော လူမိုက်မျိုးနှင့် တွေ့ရမှာကို အကြောက်ဆုံးပင်။ တစ်ဖက်လူက စကားပြောနေရင်း တန်းလန်း ဓားထုတ်ပြီး သတ်ပစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ၏ စိတ်ထဲတွင် ချမ်းစိမ့်စိမ့် ခံစားလိုက်ရသည်။
ရှေးစကားရှိသည် မဟုတ်ပါလား "ပညာတတ်ဖြစ်စေ၊ သိုင်းတတ်ဖြစ်စေ ရှင်ဘုရင်အတွက် အသုံးတော်ခံရမည်" ဟု။ လောကရှိ သိုင်းပညာရှင်များနှင့် ကျင့်ကြံသူ အများစုမှာ အစိုးရနှင့် အရာရှိများ၏ လက်အောက်သို့ ဝင်ရောက်ကြလေ့ရှိသည်။ တစ်ဖက်က ပိုကောင်းသော အရင်းအမြစ်များကို ရရှိနိုင်သလို၊ တစ်ဖက်ကလည်း ဂုဏ်သိက္ခာရှိသော ဘဝတစ်ခုကို ရနိုင်သောကြောင့် ဖြစ်သည်။
ဤအာဏာရှိသူဌေးသားများမှာလည်း လူတွေကို ဟောက်စားလုပ်ရတာ ကျင့်သားရနေပြီ ဖြစ်သည်။ သို့သော် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည် အရေးကြီးဆုံး အချက်တစ်ခုကို မေ့နေခဲ့သည်။
"သာမန်လူ တစ်ယောက် ဒေါသထွက်လျှင် ငါးလှမ်းအတွင်း သွေးစွန်းစေနိုင်သည်"
ဟူသော စကားပင်။ တစ်ဖက်လူက တကယ်သတ်ချင်လာလျှင် နောက်ကွယ်က အာဏာဆိုသည်မှာ ဘာမှ အသုံးမဝင်တော့ပေ။
သူသည် နောက်သို့ အလိုလို ဆုတ်မိသွားသည်။ ဒီနေ့တော့ လူသတ်သမားကြီးတစ်ယောက်နှင့် တွေ့ပြီဆိုတာ သိလိုက်ရပြီ။ မိမိတွင် မှော်အတတ်များ ရှိနေသော်လည်း "တန်ဖိုးရှိသော ကိုယ်ခန္ဓာပိုင်ရှင်သည် အန္တရာယ်ရှိသော နေရာတွင် မနေသင့်" ဟူသော စကားအတိုင်း ဤလူသတ်သမားနှင့် ထပ်မံ ထိပ်တိုက်မတွေ့လိုတော့ပေ။
ယန်ချီရှားက လမ်းပေါ်တွင် မြင်းပြိုင်စီးခဲ့သည့် ထိုခရမ်းရောင်ဝတ်စုံနှင့် သူဌေးသားလေးကို ကြည့်ကာ အေးစက်စက် ရယ်လိုက်သည်။
"ခုမှ ပြေးချင်နေတာလား"
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ မျက်နှာပျက်သွားသည်။
ရှူးးးးးး
လူရိပ်တစ်ခုသည် လေထဲမှ ပျံသန်းလာကာ သူ၏ ရှေ့တွင် ကာကွယ်ရပ်တည်လိုက်သည်။ ဤသူမှာ မျက်နှာဖြူဖြူ၊ မုတ်ဆိတ်မပါသည့် အဖိုးကြီးတစ်ဦးဖြစ်ပြီး အစိမ်းရောင် ဝတ်စုံကို ဝတ်ထားကာ အေးစက်စက် အရှိန်အဝါမျိုး ရှိသည်။ သူနှင့် မျက်လုံးချင်းဆုံလျှင် အပ်နှင့် အထိုးခံရသလိုမျိုး နာကျင်မှုကို ခံစားရစေသည်။
"ဘယ်က လောကသား လူမိုက်လဲ မြို့တော်ထဲမှာ ပြဿနာရှာရဲတယ်ပေါ့ "
ထိုအစိမ်းရောင်ဝတ် အဖိုးကြီးက ဟောက်လိုက်သည်။
"အဘိုးချန် .. ဒုတိယအစ်ကို့ကို သူ သတ်လိုက်ပြီ၊ ဒီလူကို လုံးဝ လွှတ်မပေးပါနဲ့ "
ဤလူငယ်၏ အမည်မှာ လျူယိယွိ ဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး လျူမိသားစု၏ တတိယမြောက်သား ဖြစ်သည်။ အသတ်ခံလိုက်ရသူမှာ ဒုတိယသခင်လေးပင် ဖြစ်သည်။
"အဘိုးချန်" ဟု ခေါ်ဝေါ်ခံရသည့် အစိမ်းရောင်ဝတ် အဖိုးကြီး၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားကာ မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်ပြီး
"ရဲတင်းလှချည်လား မိစ္ဆာကောင် မြို့တော်ထဲမှာ ဗြောင်ကျကျ လူသတ်ရဲတယ်ပေါ့ "
အဖိုးကြီးသည် လက်ကွက်ကျစ်လိုက်ရာ
ရှူးးးးးး
သုံးလက်မခန့်ရှိသော ဓားငယ်လေးတစ်စင်းသည် လေထဲသို့ ထွက်ပေါ်လာကာ လီယန်ချူး၏ မျက်ခုံးအလယ် ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။
ဓားပျံအတတ်
ဤအဖိုးကြီးမှာ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ အကြီးအကဲ တစ်ဦး ဖြစ်သည်။ ဓားပျံကို မွေးမြူထားပြီး လူခေါင်းများကို ဖြတ်လေ့ရှိသူ ဖြစ်သည်။ လောကရှိ သိုင်းသမားများမှာ သူနှင့်တွေ့လျှင် ပြန်ခုခံနိုင်စွမ်း မရှိသလောက်ပင်။ ဤကဲ့သို့သော အကြီးအကဲများမှာ အုပ်ချုပ်ရေးမှူးရုံးတွင် အများအပြား ရှိနေသည်။
လွန်ခဲ့သော နှစ်များအတွင်း မတရားမှုကို မကြည့်ရက်၍ ဝင်ပါခဲ့သော သူရဲကောင်းအချို့မှာလည်း ဤအကြီးအကဲများ၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ကြရသည်။ မကြာသေးမီကပင် လူငယ်သူရဲကောင်းတစ်ဦးမှာ ဤအဘိုးချန်၏ ဓားချက်ဖြင့် ခေါင်းပြတ်သွားခဲ့ရသည်။ ၎င်းအပြင် သူ၏ ဆရာတူဂိုဏ်းသားများအားလုံးကိုလည်း "ပုန်ကန်ရန် ကြံစည်မှု" ဟူသော ကြီးလေးသည့် ပြစ်ချက်ဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ယန်ချီရှား၏ မျက်ဝန်းများ အေးစက်နေသည်။
တိန်
သူသည် ဓားဖြင့် ထိုဓားပျံကို ခုတ်ချလိုက်သည်။ အဘိုးချန်မှာ မျက်လုံးပြူးသွားကာ ဤအသက်လတ်ပိုင်း အမျိုးသား၏ ဓားအတတ်မှာ ဤမျှအထိ ထူးချွန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် လက်ကွက်ကို ထပ်မံ ပြောင်းလဲလိုက်ရာ ဓားပျံမှာ လေထဲတွင် လှည့်သွားပြီး ယန်ချီရှား၏ ဦးခေါင်းအနောက်ဘက်သို့ ဝင်ရန် ကြိုးစားပြန်သည်။
ယန်ချီရှားက ရှေ့သို့ တစ်ရှိန်ထိုး တိုးဝင်လိုက်ကာ
ရှူးးးးးး
ဓားတစ်ချက်တည်းဖြင့်ပင် ထိုအစိမ်းရောင်ဝတ် အဖိုးကြီး၏ ခေါင်းကို ဖြတ်ချလိုက်တော့သည်။ လူအိုကြီး၏ ခေါင်းသည် လမ်းမပေါ်တွင် လွင့်ထွက်သွားကာ မျက်လုံးများပင် မပိတ်နိုင်ဘဲ သေဆုံးသွားရသည်။ ခေါင်းမပါသော အလောင်းမှာ သွေးအိုင်ထဲသို့ လဲကျသွားတော့သည်။
လျူယိယွိမှာ မျက်နှာ ဖြူလျော်သွားတော့သည်။ အဘိုးချန်၏ စွမ်းရည်မှာ မည်မျှ မြင့်မားသည်ကို သူ ကောင်းကောင်း သိထားသည်။ ထိုသို့သောသူကို တစ်ချက်တည်းနှင့် သတ်နိုင်သည်ဆိုလျှင် ခဏအတွင်းမှာတော့ ဘယ်သူမှ ဤယန်ချီရှားကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
သူသည် ရင်ခွင်ထဲမှ အဆောင်တစ်ခုကို ထုတ်ကာ ရင်ဘတ်တွင် ကပ်လိုက်ရာ ချက်ချင်းပင် လေပြေတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ပြေးသွားတော့သည်။
"လူသတ်သမားက ယန်ချီရှား ကွ"
ယန်ချီရှားက မိုးကြိုးသံကဲ့သို့ ဟိန်းဟောက်လိုက်သည်။ ထို့နောက် ဓားကို ကိုင်ကာ နောက်မှ လိုက်သွားတော့သည်။
ခုနက လူအုပ်ကြားထဲတွင် ကျင့်ကြံသူအချို့၏ အရှိန်အဝါများကို သူ ခံစားလိုက်ရသော်လည်း ခဏအတွင်းမှာပင် ပျောက်ကွယ်သွားကြသည်။ မြို့တော်ရှိ ပြည်သူများမှာ ယနေ့တော့ အလွန်ပင် ထိတ်လန့်သွားကြရပြီ။ ယန်ချီရှားက အုပ်ချုပ်ရေးမှူးသားကို လမ်းမပေါ်တွင် သတ်လိုက်သည့် သတင်းမှာ လက်ဖက်ရည်ဆိုင်များနှင့် အရက်ဆိုင်များတွင် ခဏချင်းပင် ပြန့်နှံ့သွားတော့မည်။
အရာရှိသားသမီးများက လူ့သက်ကို မြက်ပင်သစ်ပင်လို သဘောထားပြီး အုပ်ချုပ်ရေးမှူးရုံးက အကာအကွယ်ပေးထားသဖြင့် မြို့ခံလူများမှာ နှစ်ပေါင်းများစွာ နာကျည်းနေခဲ့ကြရသော်လည်း ဘာမှ မပြောရဲခဲ့ကြပေ။ ယနေ့ကျမှသာ ယန်ချီရှားဟူသော သူတစ်ယောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
...
လူရိပ်နှစ်ခုမှာ မြို့တော်အတွင်း တစ်ဦးနောက် တစ်ဦး လိုက်နေကြသည်။ ထွက်ပြေးနေသူမှာ ခရမ်းရောင်ဝတ်စုံနှင့် သူဌေးသားလေး ဖြစ်သည်။ သူ၏ ကိုယ်ပေါ်ရှိ အဆောင်မှာ လောင်ကျွမ်းနေသည်နှင့်အမျှ သူ၏ အရှိန်မှာလည်း ပို၍ မြန်ဆန်လာသည်။
နောက်မှ လိုက်နေသူမှာ ရှေးဟောင်းဓားကို ကိုင်ဆောင်ထားသည့်၊ မျက်လုံးပြူးပြူး နှုတ်ခမ်းမွေး ကားကားနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အသက်လတ်ပိုင်း အမျိုးသား ဖြစ်သည်။
လီယန်ချူးသည် အသွင်ပြောင်းလဲခြင်းအတတ်ဖြင့် ယန်ချီရှားအဖြစ် အသွင်ပြောင်းထားသဖြင့် အခုဆိုလျှင် ဘာကိုမှ စိုးရိမ်စရာ မရှိတော့ပေ။ လူသတ်တာက ယန်ချီရှားလေ... ကျုပ် လီယန်ချူးနဲ့ ဘာဆိုင်လို့လဲ။
သူသည် မျက်ဝန်းထဲသို့ မှော်စွမ်းအားများ ထည့်သွင်းကာ ခရမ်းရောင်ဝတ် လူငယ်၏ ကျောပြင်ကို ကြည့်လိုက်သည်။ ခုနက အရှိန်ဝါကြည့်အတတ်နှင့် ကြည့်စဉ်က ဤသူ့ကိုယ်ပေါ်တွင် နာကျည်းမှုများ ရှိနေသည်ကို တွေ့ခဲ့ရသည်။ ၎င်းအပြင် ဤလူငယ်မှာ မွေးရာပါ "မြင့်မြတ်သောကံဇာတာ " ရှိသူ ဖြစ်သည်။ သို့သော် သူ၏ ကံကြမ္မာကို သေချာကြည့်ရန် ကြိုးစားသောအခါ မြူနှင်းများ ဖုံးကွယ်ထားသကဲ့သို့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
သူဌေးသားလေးမှာ စိတ်ထဲမှ အသည်းအသန် အော်ဟစ်နေမိသည်။
"ဆရာကြီး... ကယ်ပါဦး"
ယန်ချီရှားနှင့် သူ၏ အကွာအဝေးမှာ ပို၍ နီးကပ်လာနေပြီ ဖြစ်သည်။ သူ၏ ပခုံးပေါ်ရှိ မုတ်ဆိတ်ဖြူ အဖိုးကြီးမှာလည်း ပျာပျာသလဲ ဖြစ်နေကာ ခုန်ပေါက်ပြီး ဆဲဆိုနေပုံရသည်။ ကံမကောင်းစွာဖြင့် လီယန်ချူးမှာ ထိုအဖိုးကြီး ဘာတွေ ပြောနေသည်ကိုတော့ နားမလည်ပေ။
နောက်ဆုံးတွင် ခရမ်းရောင်ဝတ် လူငယ် လျူယိယွိမှာ ဓားအရှိန်ကြောင့် တိတ်ဆိတ်သော လမ်းကြားလေးတစ်ခုထဲသို့ ဝင်သွားရတော့သည်။ ထိုအချိန်တွင် သူ၏ မျက်နှာရှိ ကြောက်ရွံ့မှုများမှာ ပျောက်ကွယ်သွားကာ သူ၏ ခန္ဓာကိုယ်ထဲမှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
"မိတ်ဆွေ... ဒီလောက်အထိ အတင်းလိုက်ပြီး ဖိနှိပ်နေတာက လူကို လွန်လွန်းရာ မကျဘူးလား"
ယန်ချီရှားက လှောင်ရယ်လိုက်သည်
"ဒီလူနှစ်ယောက်ပေါ်မှာ နာကျည်းမှုတွေ ဝိုင်းနေတာကို မင်းလိုကောင်က မသိဘူးလား"
"ရမ်းကားတဲ့ လူငယ်လေးတွေ အမှားအယွင်းလေး လုပ်မိတာကို မင်းက ဘာလို့ ဒီလောက်အထိ အကြီးအကျယ် လုပ်နေရတာလဲ"
ဟု ထိုအိုမင်းသော အသံက ဒေါသတကြီး ပြောသည်။
"အမှားအယွင်းလေး လုပ်တာက ဘာဖြစ်လဲ ဟုတ်လား ပြောတာ ကောင်းတယ် ကျုပ်ကလည်း အခု တိုက်ခိုက်လို့ ကောင်းနေတုန်း အမှားအယွင်းလေး လုပ်မိတာ ဘာဖြစ်လဲ။ မင်း ပြေးမနေနဲ့တော့၊ လာပြီး အခုတ်ခံလိုက်စမ်း "
ယန်ချီရှားက အေးစက်စက် ပြုံးလိုက်သည်။
".........." အိုမင်းသောအသံမှာ ဆွံ့အသွားသည်။
ခရမ်းရောင်ဝတ် လူငယ်သည် ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အခြား စိတ်ဝိညာဉ်တစ်ခု၏ ထိန်းချုပ်မှုကို ခံနေရပုံပေါ်သည်။ ထိုအိုမင်းသောအသံမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက်
"မင်း ဓားအတတ် ဘယ်လောက်ပဲ မြင့်နေပါစေ၊ ဒီမြို့တော်ထဲမှာ လျူမိသားစုဝင်ကို သတ်ပြီးရင် မင်း လွတ်မှာမဟုတ်ဘူး။ ငါ မင်းကို လမ်းကြောင်းတစ်ခု ပြပေးနိုင်တယ်၊ ဒါပေမဲ့ မင်း ဒီလူ့အသက်ကိုတော့ ချန်ထားပေးရမယ်"
ယန်ချီရှားက ထိုလူငယ်ကို စိုက်ကြည့်ရင်း အေးစက်စက် မေးလိုက်သည်။
"မင်းက ဘာလို့ ဒီလူကို ဒီလောက်အထိ အလေးထားနေရတာလဲ"
လူငယ်က ဘာမှ ပြန်မပြောဘဲ ယန်ချီရှားကို စိုက်ကြည့်ကာ
"ငါ့ရဲ့ အကြံပြုချက်ကို မင်း ဘယ်လို ထင်သလဲ။ မဟုတ်ရင် ငါတို့နှစ်ယောက် ဒီမှာ တိုက်ခိုက်နေတာနဲ့ မြို့တော်ထဲက ပညာရှင်တွေ ရောက်လာလိမ့်မယ်၊ အဲ့ဒီအခါကျရင်တော့..."
လီယန်ချူး၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ ဒီလို အခွင့်အရေးမျိုးတောင် ရှိသေးတာလား။
သူ၏ အကြည့်ကြောင့် ထိုလူငယ်အတွင်းရှိ ရှေးဟောင်းဝိညာဉ်မှာ မရိုးမရွ ဖြစ်သွားကာ စိတ်ထဲမှ ဆဲရေးမိတော့သည်။
"ဘယ်က လာတဲ့ ကျင့်ကြံသူလဲ မသိဘူး၊ သတ်ဖြတ်လိုစိတ်က ဒီလောက်အထိ ပြင်းထန်နေရတာလဲ။ ဒီလိုမျိုး ကျင့်ကြံနေရင်ကော ထာဝရအသက် ရနိုင်ပါဦးမလား "
ယခုအချိန်တွင် လူငယ်ကို ထိန်းချုပ်ထားသူမှာ သူ၏ ပခုံးပေါ်တွင် ထိုင်နေသော တစ်ပေခန့်ရှိသည့် မုတ်ဆိတ်ဖြူ အဖိုးကြီးပင် ဖြစ်သည်။
"မိစ္ဆာတွေကို သတ်ဖြတ်တာက ငါတို့ ကျင့်ကြံသူတွေရဲ့ တာဝန်ပဲ။ သူတင်မကဘူး... မင်းပါ သေရမယ် "
ယန်ချီရှားက လေးနက်စွာ ဆိုလိုက်သည်။
"မင်းကတော့ စကားကြီးစကားကျယ် ပြောလှချည်လား မြို့တော်က ပညာရှင်တွေ ရောက်လာရင် မင်း ဘယ်လို လွတ်အောင် ပြေးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ် "
"ငါ့စကားကို နားထောင်ပြီး အမြန်ဆုံး ထွက်သွားစမ်း၊ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရှာနဲ့"
ခရမ်းရောင်ဝတ် လူငယ်အတွင်းမှ အိုမင်းသောအသံက အကြံပေးပြန်သည်။
"ကျုပ် ထွက်သွားပေးလို့ ရတယ်၊ ဒါပေမဲ့ မင်းကို တစ်ခု မေးမယ်"
"ဘာလဲ"
"ကျန်းနန်မြို့တော်ထဲမှာ ပိုင်ကျီမိစ္ဆာနိုင်ငံတော် ကလူတွေ လှုပ်ရှားနေတာ ရှိလား"
ယန်ချီရှားက အေးစက်စက် မေးလိုက်သည်။
လူငယ်က အံ့သြတုန်လှုပ်စွာဖြင့်
"ဒါကို ငါက ဘယ်လိုလုပ် သိမှာလဲ"
"ကျန်းနန်မြို့တော်ထဲမှာ မြေစောင့်နတ် မသိတဲ့ကိစ္စ ရှိလို့လား"
ယန်ချီရှားက လှောင်ရယ်လိုက်သည်။
"မင်း... မင်းက ငါ့ကို သိနေတာလား"
ထိုလူငယ်၏ မျက်နှာတွင် အံ့သြသည့် အမူအရာ ပေါ်လာသည်။
"မင်းက ဒီလူ့ခန္ဓာကိုယ်ကို သိမ်းပိုက် ဖို့ ကြံနေတာလား၊ ဒါမှမဟုတ် တပည့်အဖြစ် မွေးမြူဖို့ ကြံနေတာလား ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒီကောင်က အပြစ်တွေ အများကြီး လုပ်ထားတဲ့သူ။ ငါ နဲ့ မတိုက်ချင်ဘူးဆိုရင် ပိုင်ကျီမိစ္ဆာနိုင်ငံတော်ရဲ့ သတင်းကို ပြောပြစမ်း"
ယန်ချီရှား၏ အရှိန်အဝါမှာ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံလှသည်။ မြေစောင့်နတ်၏ မျက်ဝန်းများ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက်
"မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"
ယန်ချီရှားက ဘာမှ ပြန်မပြောဘဲ စိုက်ကြည့်နေသည်။ မြေစောင့်နတ်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
"ငါ တကယ် မသိတာပါ။ အခုခေတ်မှာ မြေစောင့်နတ်တို့၊ တောင်စောင့်နတ်တို့ဆိုတာ တန်ဖိုးမရှိတော့ဘူး။ ငါ့ရဲ့ နတ်ရာထူးကတောင် ပျောက်ကွယ်တော့မယ့် အခြေအနေပဲ။ မြို့တော်ထဲမှာ ဖြစ်ပျက်နေတဲ့ သေးငယ်တဲ့ ကိစ္စတွေကို ငါ သိပ်မသိတော့ဘူး"
မြေစောင့်နတ်ဆိုသည်မှာ တောင်စောင့်နတ် သို့မဟုတ် ရေစောင့်နတ်များနှင့် မတူပေ။ တောင်စောင့်နတ်တို့မှာ တောင်ထဲရှိ မိစ္ဆာများကို တိုက်ရိုက် ရာထူးပေးထားခြင်းမျိုး ဖြစ်သော်လည်း၊ မြေစောင့်နတ်နှင့် မြို့စောင့်နတ် တို့မှာ လူသေဝိညာဉ်မှ နတ်ဖြစ်လာသူများ ဖြစ်ကာ ရုပ်တွင် ခန္ဓာကိုယ်မရှိဘဲ လူတို့၏ ဆွမ်းကပ်ပူဇော်မှု ကို စားသုံးကာ ကျင့်ကြံရသူများ ဖြစ်သည်။
ပုံမှန်အားဖြင့် မြေစောင့်နတ်သည် မိမိနယ်မြေအတွင်း ဖြစ်ပျက်သမျှ ကိစ္စအဝဝကို သိရှိရမည် ဖြစ်သည်။ မဟုတ်လျှင် စွန်းဝူခုန်း က အခက်အခဲကြုံတိုင်း မြေစောင့်နတ်ကို ဆွဲထုတ်ပြီး မေးနေစရာ အကြောင်းမရှိပေ။
"ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ဘာတွေ ဖြစ်နေတာလဲ မြို့တော်ထဲမှာ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာ ပညာရှင်တွေ ဒီလောက်အများကြီးရှိတာကို ဒီအတိုင်း ကြည့်နေကြတာလား ကျိန်းယန် အကယ်ဒမီ ကလည်း ကျန်းနန်မှာပဲ ရှိတာ မဟုတ်လား"
လီယန်ချူးက မေးလိုက်သည်။
"ငါ ပြောပြီးပြီလေ၊ အခု မြေစောင့်နတ်ရဲ့ အာဏာတွေက တဖြည်းဖြည်း ပျောက်ကွယ်နေပြီ။ ဒီကိစ္စတွေကို ငါ တကယ် မသိဘူး။ ကျန်းနန်ရဲ့ အခြေအနေက မင်းထင်တာထက် ပိုနက်ရှိုင်းတယ်။ သူတပါးကိစ္စထဲ ဝင်မပါဖို့ ငါ အကြံပေးချင်တယ်"
ဟု မြေစောင့်နတ်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
လီယန်ချူး၏ ခြိမ်းခြောက်မှုကြောင့် မြေစောင့်နတ်မှာ မျက်မှောင်ကြုတ်ထားမိသည်။ သူသည် နှစ်ပေါင်းများစွာ ကျန်းနန်မြို့သူမြို့သားများ၏ ပူဇော်မှုကို ရရှိထားသဖြင့် သူ၏ ဝိညာဉ်စွမ်းအားမှာ အလွန်ပင် ကြီးမားလှသည်။
အကယ်၍သာ ဤခန္ဓာကိုယ်သစ်ကို ပြုပြင်နေရချိန် မဟုတ်လျှင်၊ သို့မဟုတ် မြို့တော်မှ ပညာရှင်များ မရောက်လာခင် ယန်ချီရှားနှင့် တိုက်ခိုက်ရင်း ဒဏ်ရာရမှာကို မစိုးရိမ်လျှင် ဤလူမိုက်ကို သူ ကိုယ်တိုင် ပညာပေးလိုက်သည်မှာ ကြာပြီဖြစ်သည်။
"မြို့တော်ရဲ့ မြေစောင့်နတ် ဖြစ်နေပြီးတော့ ပြည်သူတွေရဲ့ ပူဇော်မှုကို ယူပြီး လူယုတ်မာကို အားပေးအားမြှောက် လုပ်နေတယ်ပေါ့... မင်း သေထိုက်တယ် "
ယန်ချီရှားက အေးစက်စက် ပြောလိုက်သည်။
မြေစောင့်နတ်၏ မျက်နှာ ချက်ချင်း ပျက်သွားသည်။
ရှူးးးးးး
ဓားအရှိန်တစ်ခုသည် ပျံသန်းလာတော့သည်။ သူ သတိဝင်လာချိန်တွင် ထက်မြက်လှသော ဓားအရှိန်မှာ သူ၏ မျက်ခုံးအလယ်သို့ ရောက်နေပြီ ဖြစ်သည်။ မြေစောင့်နတ်မှာ ဒေါသအလိပ်လိပ် ထွက်သွားတော့သည်။
ဤကောင်စုတ်လေးက သူ့ဆီက စကားတွေကို နှိုက်နေတာပဲ။
သူ့ကို လွှတ်ပေးဖို့ လုံးဝ စိတ်မကူးခဲ့ဘူးပဲ
မြေစောင့်နတ်သည် ပါးစပ်မှ လေတစ်ချက် မှုတ်ထုတ်လိုက်ရာ လီယန်ချူး၏ ဓားအလင်းတန်းမှာ ချက်ချင်းပင် ပျက်စီးသွားသည်။ ခရမ်းရောင်ဝတ် လူငယ်၏ ခန္ဓာကိုယ်အတွင်းမှ အလွန်ပင် ကြီးမားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
ရှူး ရှူး ရှူး
စွမ်းအင်ကြိုးများ သည် လူငယ်၏ ပတ်လည်တွင် ပေါ်ထွက်လာသည်။ လူငယ်၏ ဦးခေါင်းပေါ်ရှိ တစ်ပေခန့်ရှိသော အဖိုးကြီးမှာ ဒေါသထွက်နေသော မျက်နှာဖြင့်
"မင်းလို ပိုးစုန်းကြူးလေးရဲ့ အလင်းရောင်လောက်နဲ့ ဒီလောကထဲက မတရားမှု အားလုံးကို လင်းထိန်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား"
"ဒါက ကိုယ့်သေတွင်းကိုယ် တူးတာပဲ"
မြေစောင့်နတ်၏ အသံမှာ အေးစက်လှသည်။ ကြီးမားသော ပူဇော်မှု စွမ်းအင်များ မှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာကာ လေလှိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားတော့သည်။
သူက ကျန်းနန်ရဲ့ အားအကောင်းဆုံး မြေစောင့်နတ်ပဲလေ၊ သာမန်လူသား တစ်ယောက်လောက်ကတော့...
တိန်
ဓားအရှိန် နဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ရှေးဟောင်းဓားသည် လေထဲသို့ ပျံတက်သွားကာ ရဲရဲတောက် ကြယ်ပျံတစ်စင်းကဲ့သို့ ထိုခရမ်းရောင်ဝတ် လူငယ်ကို ဝါးမြိုလိုက်တော့သည်။
သူနှင့်အတူ ဝါးမြိုခြင်း ခံလိုက်ရသည်မှာ... မြို့တော်၏ ပူဇော်မှုများကို စားသုံးထားသော မြေစောင့်နတ်ကြီးပင် ဖြစ်ပါတော့သည်။
အခန်း (၇၅၆) - ညာဘက်လက်က ပိုအသုံးဝင်တယ် ၊ လွီရွှေကော ၊ ခေါင်းမာတဲ့ ဘုန်းကြီး
ကျန်းနန်၏ အားအကောင်းဆုံး မြေစောင့်နတ်သည် အလွန်ပင် အေးချမ်းစွာ ဘဝကူးသွားရှာသည်။ သူသည် ဘာကိုမှ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ပြာအဖြစ်သို့ လွင့်စင်သွားရတော့သည်။
ယန်ချီရှား ထွက်ခွာသွားပြီးနောက်
ရှူး ရှူး ရှူး
လူရိပ်သုံးခုသည် လေထဲမှ ပျံသန်းလာကြသည်။ ဝတ်စုံစများမှာ လေထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး အလွန်ပင် ခန့်ညားလှပသော အသွင်ဖြင့် ထိုလမ်းကြားလေးထဲသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
မြင်းမြီးယပ် ကို ကိုင်ဆောင်ထားသည့် အသက်လတ်ပိုင်း တာအိုဆရာသည် မျက်မှောင်ကြုတ်လျက်
"ဒီနေရာမှာ ဖြစ်ခဲ့တာ သေချာတယ်"
ခါးတွင် ကြေးခေါင်းလောင်း သုံးလေးတွဲ ချိတ်ထားသည့် ဖုန်းရွှေဆရာမှာမူ လေးနက်သော အမူအရာဖြင့်
"ကျန်ရစ်နေတဲ့ ပူဇော်မှုစွမ်းအင် အကြွင်းအကျန်တွေအရဆိုရင်... မြေစောင့်နတ်... အသတ်ခံလိုက်ရပြီ"
ပါးလွှာသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသော အမျိုးသမီးကြီးတစ်ဦးက အံ့သြစွာဖြင့်
"အဘိုးဝူ... မြေစောင့်နတ် တကယ်ပဲ အသတ်ခံလိုက်ရတာ သေချာရဲ့လား"
ဖုန်းရွှေဆရာက မျက်နှာသေဖြင့်
"မယုံရင် မင်းဘာသာမင်း လာစစ်ကြည့်လေ"
"ဟင်းဟင်း အဘိုးကလည်း စိတ်မဆိုးပါနဲ့၊ ကျွန်မ စကားမှားသွားပါတယ်"
ဟု ထိုအမျိုးသမီးက နွဲ့နှောင်းစွာ ရယ်မောလိုက်သည်။
တာအိုဆရာ၏ မျက်နှာမှာ ပို၍ လေးနက်လာကာ
"မြေစောင့်နတ်ရဲ့ ပူဇော်မှုစွမ်းအားက အလွန်ကြီးမားတယ်။ အခုနောက်ပိုင်း အားနည်းလာတယ် ဆိုပေမဲ့လည်း 'သေသွားတဲ့ ကုလားအုတ်က မြင်းထက် ကြီးသေးတယ်' ဆိုသလိုပဲ။ သူ့ကို ဒီလို လမ်းပိတ်ပြီး သတ်နိုင်ခဲ့တယ်ဆိုရင် အဲ့ဒီ ယန်ချီရှားရဲ့ ကျင့်ကြံမှုဟာ တကယ့်ကို အတိုင်းအဆမရှိ နက်ရှိုင်းရမယ်"
ဖုန်းရွှေဆရာက သက်ပြင်းချရင်း
"ဒီလူက တတိယသခင်လေးကိုလည်း သတ်တယ်၊ မြေစောင့်နတ်ကိုလည်း သတ်တယ်ဆိုတော့ အရှင်မင်းကြီးရဲ့ စီမံကိန်းတွေ အားလုံး ပျက်စီးကုန်ပြီ။ နှမြောစရာပဲ"
"ဟုတ်ပါ့... ဒါက မြို့တော်ရဲ့ မြေစောင့်နတ်လေ။ အကယ်၍ သူက တတိယသခင်လေးရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးမှ အရှင်မင်းကြီးက သူ့ကို ပြန်စားလိုက်မယ်ဆိုရင် အဲ့ဒါဟာ အလွန်ထူးကဲတဲ့ အားဆေး ဖြစ်မှာပဲ။ ဟူး... တကယ့်ကို နှမြောစရာအဖိုးတန်ပစ္စည်းကို ဖြုန်းတီးပစ်လိုက်တာပဲ "
တာအိုဆရာက ခေါင်းယမ်းလိုက်သည်။
ထို့နောက် သူသည် လှပသော အမျိုးသမီးကြီးကို ကြည့်ကာ ပြုံးလျက်
"ရုမုန့်သခင်မ... ဒီကိစ္စကိုတော့ အရှင်မင်းကြီးဆီ သွားပြီး သတင်းပို့ပေးပါဦး။ မဟုတ်ရင် ကျုပ်တို့ သုံးယောက် အပြစ်က လွတ်မှာ မဟုတ်ဘူး"
အမျိုးသမီးကြီးက တာအိုဆရာကို စိုက်ကြည့်ကာ
"ကျွန်မက ဘာသွားပြောရမှာလဲ အရှင်မင်းကြီးရဲ့ လူသားရင်းမြစ် အားဆေး ပျက်စီးသွားတာကို ကျွန်မ သွားပြောရင် ကျမပါ အပြစ်ဒဏ် ခံရမှာပေါ့"
"ကျွန်မက ရှင့်တို့လို စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ မဟုတ်ဘူး၊ ကျွန်မက ပြည့်တန်ဆာအိမ် က အုပ်ချုပ်သူ တစ်ယောက်ပဲလေ"
ဟု ထိုအမျိုးသမီးက အေးအေးဆေးဆေး ပြောလိုက်သည်။
"ဟက် ဘယ်သူကများ ရုမုန့်သခင်မကို ပြည်တန်ဆာတစ်ယောက်လို့ သတ်မှတ်ရဲမှာလဲ ဒီကိစ္စကို မင်း သွားသတင်းပို့ရင် ကျုပ်တို့ သုံးယောက်လုံး အဖိအား နည်းသွားလိမ့်မယ်"
ဟု တာအိုဆရာက အတည်အပေါက် ပြောသည်။
"သွားမယ်ဆိုရင်လည်း သုံးယောက်လုံး အတူတူ သွားရမယ်၊ ကျွန်မတစ်ယောက်တည်းကိုတော့ ရှေ့က ထွက်မခိုင်းပါနဲ့"
ဟု အမျိုးသမီးက အေးစက်စက် လှောင်လိုက်သည်။
"ငါကတော့ အစီရင်ခံ ကို ဆက်ပြီး ပြင်ဆင်စရာရှိသေးတယ်။ သွားပြီ"
ဖုန်းရွှေဆရာက အေးစက်စက်ပြောကာ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။
ကျန်ရစ်ခဲ့သော တာအိုဆရာနှင့် အမျိုးသမီးမှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ဘာလုပ်ရမှန်း မသိ ဖြစ်ကျန်ခဲ့ကြသည်။
ခရိုင်အုပ်ချုပ်ရေးမှူး၏ သားသည် လမ်းမပေါ်တွင် မြင်းစီးနှင်ရာမှ လောကသား လူရမ်းကား ယန်ချီရှား၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရပြီး သွေးများ မြေခခဲ့ရသည့် သတင်းမှာ ကျန်းနန်နယ်မြေ တစ်ခုလုံးတွင် တောမီးပမာ ပြန့်နှံ့သွားတော့သည်။
လီယန်ချူးသည် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ အကောင်းဆုံး လုံကျင် လက်ဖက်ရည်ကို သောက်ရင်း၊ ကန်စွန်းစေ့ ကို ကိုက်ရင်း ဤသတင်းများကို အေးအေးဆေးဆေး နားထောင်နေသည်။
"ကြားရသလောက်တော့ အဲ့ဒီ ယန်ချီရှားဆိုတဲ့လူက အမြင့်က တစ်လံကျော် ရှိသတဲ့၊ ဆံပင်အစိမ်း၊ မျက်လုံးအပြာနဲ့ ရုပ်ကလည်း ဘီလူးတစ်ပိုင်း သရဲတစ်ပိုင်းပဲ။ လျူအုပ်ချုပ်ရေးမှူးရဲ့ သားကို တစ်လုတ်တည်းနဲ့ ဝါးစားလိုက်တာတဲ့ဗျ "
"ဘာတွေ လျှောက်ပြောနေတာလဲ၊ လူက ဘယ်မှာ တစ်လံကျော် မြင့်မှာလဲ အဲ့ဒီ ယန်ချီရှားက အရပ်ရှစ်ပေမြင့်တဲ့ ဗလတောင့်တောင့် လူသန်ကြီးဗျ။ လက်ထဲမှာ ကြေးတူကြီး နှစ်လုံးကို ကိုင်ထားတာ၊ ဘယ်ဘက်တူက ပိဿာ ရှစ်ရာ ၊ ညာဘက်တူက ပိဿာ လေးရာ တဲ့။ မွေးရာပါ ခွန်အားနဲ့ အဲ့ဒီ သူဌေးသားကို လမ်းပေါ်မှာတင် တစ်ချက်တည်း ရိုက်သတ်လိုက်တာ "
"မဟုတ်ပါဘူး၊ ကျုပ်ကြားတာတော့ ဘယ်ရော ညာရော ရှစ်ရာစီ ဆိုပဲ"
"မဖြစ်နိုင်တာ ပုံမှန်အားဖြင့် ညာဘက်လက်က ပိုအသုံးဝင်တော့ ညာဘက်လက်က ခွန်အားက ပိုကြီးမှာပေါ့ဗျ "
လီယန်ချူး၏ နှုတ်ခမ်းများ တွန့်သွားကာ သောက်လက်စ လက်ဖက်ရည်ပင် သီးမလို ဖြစ်သွားသည်။
ဤဗားရှင်းတွေကတော့ ပြောရင်းပြောရင်းနှင့် ပိုလွန်လာပြီ။
အချိန်ပိုင်းလေးအတွင်းမှာတင်ပဲ
ကျန်းနန်နယ်မြေသည် တကယ်ပင် ပညာရှိများ ပေါများလှပြီး မြို့တော်တွင်လည်း နယ်ပယ်အသီးသီးမှ ထူးချွန်သူများ စုဝေးနေကြသည်။
ယန်ချီရှားက အုပ်ချုပ်ရေးမှူးသားကို သတ်သည့်ကိစ္စမှာ ဟိုးလေးတကျော် ဖြစ်သွားသော်လည်း သာမန်ပြည်သူများအတွက်မူ ဤသည်မှာ လက်ဖက်ရည်သောက်ရင်း ပြောစရာ သတင်းစကားတစ်ခုသာ ဖြစ်သည်။ သူတို့ တကယ် စိတ်ဝင်စားနေသည်မှာ "ပန်းနတ်ဘုရားပွဲတော်" ကိစ္စပင်။
ယန်ချီရှားအကြောင်း ခဏပြောပြီးနောက် သူတို့သည် ပန်းနတ်ဘုရားပွဲတော်အကြောင်းကို ပြောင်းလဲဆွေးနွေးကြသည်။ လီယန်ချူး ထိုအခါမှ သိလိုက်ရသည်မှာ ပန်းနတ်ဘုရားပွဲတော်သည် ဆယ့်ငါးရက်တိုင်တိုင် ကျင်းပခြင်း ဖြစ်သည်။
ထိုကာလအတွင်း ပန်းဦးလွှာ (အလှမယ်) များသည် စင်မြင့်ပေါ်တွင် သူတို့၏ အတတ်ပညာများကို တင်ဆက်ကြရသည်။ အဆို၊ အက ပြိုင်ပွဲများ သို့မဟုတ် ဖျော်ဖြေပွဲများကဲ့သို့ပင်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျန်းနန်တွင် ပန်းဦးလွှာတစ်ယောက် ဖြစ်လာရန်မှာ လှပရုံနှင့် မလုံလောက်ဘဲ တကယ့် အရည်အချင်းရှိရန် လိုအပ်ကြောင်း ထင်ရှားသည်။
လီယန်ချူးသည် လက်ဖက်ရည်ဆိုင်တွင် ခဏထိုင်နေစဉ်အတွင်း လက်ရှိ လူကြိုက်အများဆုံး ပန်းဦးလွှာမှာ တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် ယွမ်ယွီကျိန်း မဟုတ်သလို၊ တူရိယာပညာရှင် စောင်းနတ်သမီး လည်း မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။ အသစ်အဆန်းအဖြစ် ပေါ်ထွက်လာသူမှာ ကျီလင် ဆိုသူ ဖြစ်သည်။
ကျီလင် စင်ပေါ်တက် ဖျော်ဖြေတိုင်း မြို့လုံးကျွတ် လာကြည့်ကြရပြီး သူမ၏ ကဟန်မှာ အလွန်ပင် ဆွဲဆောင်မှုရှိကာ လူတွေ၏ ဝိညာဉ်ကိုပင် ဖမ်းစားနိုင်လောက်သည်ဟု သတင်းကြီးနေသည်။
လီယန်ချူးသည် သူ၏ စိတ်အာရုံ ကို လွှတ်လိုက်ရာ ခဏအတွင်းမှာပင် မြို့တော်၏ တစ်ဝက်နီးပါးကို လွှမ်းခြုံသွားတော့သည်။
ကျန်းနန်မြို့တော်၏ မြို့ကွက်ဒီဇိုင်းမှာ အစီရင်အတတ်နှင့် ဖုန်းရွှေပညာကို ကျွမ်းကျင်သော ဆရာတော်များ၊ တာအိုဆရာများနှင့် ဖုန်းရွှေဆရာများက ရေးဆွဲထားခြင်း ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူများ၏ စွမ်းအားကို အလွန်ပင် ဖိနှိပ်ထားသည်။ သာမန် သူဌေးအိမ်များက ဖုန်းရွှေပြင်ဆင်မှုပင် အန္တရာယ်ကို ကာကွယ်နိုင်လျှင် မြို့တော်တစ်ခုလုံး၏ ဖုန်းရွှေမှာ ပြောနေစရာပင် မလိုတော့ပေ။
လီယန်ချူး၏ ယန်ဝိညာဉ် မှာ အလွန်ပင် ခိုင်မာအားကောင်းနေ၍သာ ဤမျှ ကျယ်ပြန့်သော စိတ်အာရုံကို ဖြန့်ကျက်နိုင်ခြင်း ဖြစ်သည်။ မဟုတ်လျှင် အခြားသော ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများပင် လီယန်ချူး၏ သုံးပုံတစ်ပုံခန့်သာ ဖြန့်နိုင်ပေလိမ့်မည်။
"ဟမ်"
လီယန်ချူး၏ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
သူသည် ထူးခြားသော မိစ္ဆာအငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ ထိုမိစ္ဆာအငွေ့အသက်မှာ အလွန်ပင် ကောင်းမွန်စွာ ဖုံးကွယ်ထားသော်လည်း လီယန်ချူးကဲ့သို့ တတိယအဆင့် ယန်ဝိညာဉ်ရှင်တစ်ဦးအတွက် မြို့တစ်ဝက်ကို ခြုံငုံကြည့်ရှုရာတွင် ၎င်းကို ဖမ်းမိသွားခြင်း ဖြစ်သည်။
"လွီရွှေကော (စိမ်းလန်းသော ရေစံအိမ်)"
လီယန်ချူးသည် မျက်လုံးကို အသာမှိတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ၏ စိတ်အာရုံသည် လေပြေအေးတစ်ခုကဲ့သို့ ပျံ့နှံ့သွားကာ ကင်မရာအကြီးစားတစ်ခုကဲ့သို့ ထိုနေရာရှိ ပုံရိပ်များကို မြင်တွေ့လိုက်ရသည်။
"လွီရွှေကော ဒါက ဟို ဝမ်သခင်ကြီး မိစ္ဆာအနှောင့်အယှက် ခံခဲ့ရတဲ့ နေရာ မဟုတ်လား "
လီယန်ချူး အံ့သြသွားသည်။
ထိုဝမ်သခင်ကြီးက လွီရွှေကောရှိ အလှမယ်တစ်ယောက်သည် မြေခွေးမိစ္ဆာဖြစ်ပြီး မိမိ၏ ယန်ဓာတ် များကို စုပ်ယူသွားသည်ဟု ပြောခဲ့ဖူးသည်။
"ကောက်ပုကျေးရွာက ကိစ္စက ဝမ်သခင်ကြီးကနေ စတွေ့ခဲ့တာဆိုတော့ အဲ့ဒီ မြေခွေးမိစ္ဆာနဲ့ တစ်ခုခု ပတ်သက်နေတာမျိုးလည်း ဖြစ်နိုင်တယ်"
လီယန်ချူးသည် စိတ်ကူးရသည်နှင့် ငွေရှင်းကာ လွီရွှေကောဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
လွီရွှေကောသည် မြို့တော်အတွင်းရှိ ပထမတန်းစား ပြည်တန်ဆာအိမ်တစ်ခု ဖြစ်သည်။ အကောင်းဆုံးမှာတော့ ပန်းဦးလွှာမင်းသမီး သုံးဦးရှိသည့် နေရာဖြစ်သော်လည်း ၎င်းနောက်တွင် လွီရွှေကောသည် အစွမ်းအထက်ဆုံးပင် ဖြစ်သည်။
လီယန်ချူးသည် လက်ဖက်ရည်ဆိုင်မှ ထွက်ကာ လွီရွှေကောသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ယန်ချီရှား၏ ပုံစံကို သူ နှစ်သက်သော်လည်း ခုနတင်ပဲ လမ်းပေါ်မှာ အုပ်ချုပ်ရေးမှူးသားကို သတ်ခဲ့သည် မဟုတ်ပါလား။ ယခုအချိန်တွင် ယန်ချီရှားပုံစံနှင့် သွားမည်ဆိုလျှင် ခဏအတွင်းမှာပင် စစ်သားများ၊ အရာရှိများနှင့် ကျင့်ကြံသူများ ဝိုင်းဖမ်းခြင်းကို ခံရပေလိမ့်မည်။
သူသည် မြို့ထဲတွင် လမ်းလျှောက်လိုက်၊ လက်ဖက်ရည်ဆိုင်တွင် ထိုင်လိုက်နှင့် အချိန်ဖြုန်းနေခဲ့ရာ ယခုဆိုလျှင် နေဝင်မိုးချုပ်စ ပြုလာပြီ ဖြစ်သည်။ ဤအချိန်မှာ ပြည်တန်ဆာအိမ်များသို့ သွားရန် အကောင်းဆုံးအချိန်ပင်။
လီယန်ချူး လွီရွှေကောသို့ ရောက်ရှိသောအခါ ခဏမျှ အံ့သြသွားရသည်။ ဤနေရာမှာ ဝေမြို့ရှိ ပြည်တန်ဆာအိမ်များနှင့်စာလျှင် အဆင့်အတန်း အလွန်ပင် ကွာခြားလှသည်။ တခြားကို ထည့်မပြောလျှင်ပင် အတွင်းပိုင်း အပြင်အဆင် ဒီဇိုင်းမှာတင် အဆင့်အများကြီး သာလွန်နေသည်။
အပြင်ဘက်က ကြည့်လျှင် ဤနေရာမှာ ပြည်တန်ဆာအိမ်တစ်ခုဟု မထင်ရဘဲ လှပသော ဥယျာဉ်ကြီးတစ်ခုဟုပင် ထင်မှတ်ရပေမည်။ မဏ္ဍပ်များ၊ ရေပေါ်အိမ်များ၊ ပန်းဥယျာဉ်များနှင့် ကျောက်တောင်အတုများမှာ လှပစွာ တည်ရှိနေပြီး အမိုးအကာများတွင်လည်း လက်ရာမြောက်လှသော ပန်းပုများ ရှိနေသည်။
လီယန်ချူးသည် ရှည်လျားသော စင်္ကြံလမ်းကို ဖြတ်ကျော်ကာ မြင့်မားသော အဆောက်အဦးဆီသို့ ရောက်ရှိလာခဲ့သည်။
"ဒါတောင် ကျန်းနန်ရဲ့ အကောင်းဆုံး ပြည်တန်ဆာအိမ် မဟုတ်သေးဘူးလား"
လီယန်ချူး ရေရွတ်မိသည်။
ယခုအချိန်တွင် လွီရွှေကောအတွင်း၌ လူများဖြင့် စည်ကားနေပြီ ဖြစ်သည်။ လီယန်ချူး ကြည့်လိုက်ရာ ပထမထပ်မှာ ကခုန်ဖျော်ဖြေသည့် နေရာဖြစ်ပြီး ဒုတိယထပ်မှာ အဆင့်မြင့် နေရာများ ဖြစ်သည်။
လီတောင်ဆရာသည် ငွေကြေးချမ်းသာသူ ဖြစ်သဖြင့် ဤကဲ့သို့သော ငွေဖြုန်းရာနေရာတွင် စိုးရိမ်စရာမရှိပေ။ သူသည် ဒုတိယထပ်တွင် အဆင့်မြင့် နေရာတစ်ခုကို ယူလိုက်ရာ လွီရွှေကော တစ်ခုလုံးကို အပေါ်စီးမှ မြင်တွေ့နေရသည်။ သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဒုတိယထပ်၏ ဒီဇိုင်းမှာ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းသော ခံစားမှုကို ပေးစွမ်းနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
အင်း... ပိုက်ဆံသုံးရတာ တန်ပါတယ်လေ။
"ဟင် သူက ဘာလို့ ဒီရောက်နေတာလဲ"
လီယန်ချူး အံ့သြသွားသည်။
သူ၏ အကြည့်သည် ထိပ်ပြောင်ပြောင်နှင့် လူတစ်ဦးပေါ်သို့ ကျရောက်သွားသည်။ လွီရွှေကောထဲတွင် ဘုန်းကြီးရှိနေသည်မှာ တစ်ပါးတည်း မဟုတ်သလို၊ တာအိုဆရာဆိုလျှင်လည်း လီယန်ချူး တစ်ယောက်တည်း မဟုတ်ပေ။ အထူးသဖြင့် သူဌေးသားလေး အများစုမှာလည်း ဆေးဖော်စပ်ခြင်းနှင့် တာအိုကျင့်ကြံခြင်းကို ဝါသနာပါကြသဖြင့် တာအိုဝတ်စုံများကို ဝတ်ဆင်လေ့ရှိရာ ဘယ်သူက တကယ့် တာအိုဆရာ၊ ဘယ်သူက အတုဆိုတာ ခွဲခြားရန် မလွယ်ကူပေ။
သို့သော် လီယန်ချူးသည် ထိုထိပ်ပြောင်ကြီးကို မြင်လျှင် မြင်ချင်းပင် မှတ်မိလိုက်သည်။ ထိုသူမှာ ကြမ်းတမ်းသော မျက်နှာပေါက်ရှိပြီး ရုပ်ရည်က အလွန်ပင် ကြောက်စရာကောင်းကာ အရပ်အမောင်းလည်း မြင့်မားလှသည်။
ယခုအခါ သူသည် ဒုတိယထပ်တွင် တစ်ယောက်တည်း ထိုင်နေသည်။ သူ့ပုံစံမှာ ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့်လည်း မတူ၊ ပျော်ပါးရန် လာသူနှင့်လည်း မတူဘဲ တောသူပုန် ခေါင်းဆောင်တစ်ယောက်က သူ၏ ဓားစာခံကို ချောင်းမြောင်းရွေးချယ်နေသည့် ပုံစံမျိုးပင်။
ထိုထိပ်ပြောင်ကြီးမှာ အာရုံခံစားမှု ထက်မြက်သူဖြစ်သဖြင့် လီယန်ချူး၏ အကြည့်ကို သတိပြုမိကာ ပြန်ကြည့်လာသည်။ လီယန်ချူးကို မြင်သောအခါ သူလည်း ခဏမျှ အံ့သြသွားသည်။ သို့သော် သူသည် လီယန်ချူးကို ဖော်ဖော်ရွေရွေ ပြုံးပြလိုက်သည်။ လီယန်ချူးကလည်း ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
ဤထိပ်ပြောင်ကြီးက ဘာလို့ ဒီမှာ ရှိနေတာလဲ
"အစ်ကို... ဒီမှာ နေရာသိပ်မရှိတော့လို့၊ ကျွန်မ... အဲ ကျော့်ကို ဒီစားပွဲမှာ အတူတူ ထိုင်ခွင့်ပြုမလားဟင်"
ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လီယန်ချူး လှည့်ကြည့်လိုက်ရာ နှုတ်ခမ်းနီရဲရဲ၊ မျက်နှာချိုချိုနှင့် လူငယ်လေးတစ်ဦး ဖြစ်နေသည်။ သူ၏ ကိုယ်ပေါ်တွင် ပါးလွှာသော ရနံ့လေးတစ်ခုလည်း ရှိနေသည်။
"မရဘူး" လီယန်ချူးက ခေါင်းယမ်းလိုက်သည်။
ထိုလူငယ်လေးက ပြုံးကာ
"အစ်ကို့ရဲ့ အရက်ဖိုးကို ကျွန်တော်ပဲ ရှင်းပေးပါ့မယ်၊ အစ်ကို့ကို မြင်ရတာ တစ်ခုခုနဲ့ ရေစက်ပါသလို ခံစားရလို့ပါ"
လီယန်ချူးက တစ်ချက်ဝေ့ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။
"သခင်မလေး... ဒီလိုနေရာမျိုးကို ယောင်္ကျားလေးလို ဟန်ဆောင်လာတာက ဒုက္ခရောက်တတ်တယ်နော်"
ထိုမျက်နှာချိုချိုနှင့် လူငယ်လေးမှာ မျက်နှာတစ်ခုလုံး ချက်ချင်းပင် နီရဲသွားကာ အသံကို ညှစ်ပြီး
"အစ်ကိုက ဘာလို့ ဒီလိုပြောရတာလဲ ကျွန်တော်က ယောင်္ကျားစစ်စစ်ပါဗျ "
လီယန်ချူးက ရယ်မောရင်း
"မိန်းမနဲ့ ယောင်္ကျားကိုတော့ ကျုပ် ခွဲခြားတတ်ပါသေးတယ်။ ပြီးတော့ ဘေးက လူငယ်တွေ မင်းကို ကြည့်နေတဲ့ အကြည့်တွေကိုလည်း ကြည့်ဦး၊ သတိမထားရင် အရက်တိုက်ခံရပြီး ဘဝပျက်သွားလိမ့်မယ်"
ထိုလူငယ်လေးမှာ မျက်နှာ ပိုနီလာကာ သွေးချင်းချင်း နီတော့မည့်အတိုင်းပင်။ သူ လှည့်ကြည့်လိုက်ရာ တကယ်ပင် စားပွဲအချို့ရှိ လူငယ်များမှာ သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်နေကြပြီး အကြည့်များမှာ ထူးထူးခြားခြား ရှိနေသည်။
"ရှင့်... ရှင်က စကားပြောတာ အရမ်းရိုင်းတာပဲ"
ထိုမိန်းကလေးမှာ မျက်နှာနီမြန်းလျက် အော်ဟစ်လိုက်သည်။
"ယောင်္ကျားလေးလို ဝတ်တာက လူတွေကို လိမ်ဖို့ ခက်ပါတယ်၊ မသိချင်ယောင်ဆောင်နေတဲ့သူတွေက စိတ်ဓာတ်မကောင်းကြဘူး။ ၉၀ ရာခိုင်နှုန်းက မင်းရဲ့ ခန္ဓာကိုယ်ကို လိုချင်လို့ပဲ၊ မင်းကတော့ သူ့ကို ချစ်မိသွားပြီလို့ ထင်နေလိမ့်မယ်။ သခင်မလေး... အိမ်ပြန်ပါတော့၊ ဒါ မင်းလာရမယ့် နေရာမဟုတ်ဘူး"
"ဒါပေမဲ့ ဒီလိုမျိုး နေရတာကို မင်းက ကြိုက်နေတယ်ဆိုရင်လည်း ဘာမှ မပြောတော့ပါဘူး"
လီယန်ချူးက ပြုံးလိုက်ပြီး ထိုမိန်းကလေးကို ဂရုမစိုက်တော့ဘဲ အောက်ထပ်သို့ လှည့်ကြည့်လိုက်သည်။ ထိုလူငယ်လေးမှာ ခြေဆောင့်ကာ ရှက်ရွှံ့စွာဖြင့် အောက်ထပ်သို့ ပြေးဆင်းသွားတော့သည်။
လီယန်ချူးက ခေါင်းယမ်းရင်း ရယ်မိသည်၊ ငါက ဘာလို့ ဒါတွေ လျှောက်ပြောနေမိတာလဲ လူက ကြိုက်ရင် ဖြစ်တာပဲလေ။
"တာအိုဆရာရဲ့ စကားတွေကတော့ အရသာ ပျက်စရာကြီးပဲ"
ဟု ကြမ်းတမ်းသောအသံတစ်ခု ထွက်ပေါ်လာသည်။
လီယန်ချူး လှည့်ကြည့်လိုက်ရာ ပိုးထည်ဆိုင်တွင် တွေ့ခဲ့သည့် ထိုထိပ်ပြောင်ကြီး ဖြစ်နေသည်။ လီယန်ချူး မှတ်မိနေသေးသည်မှာ သူ၏ ဘွဲ့အမည်မှာ ထဲ့ရှင်း ဖြစ်သည်။ ကြည့်ဦး... နာမည်က တကယ်ကို ခိုင်မာတာပဲ။
"ဒီအဆောက်အဦးထဲမှာ မသန့်ရှင်းတာတွေ ရှိနေလို့ ကျုပ်က စကားနည်းနည်း ပြောလိုက်တာပါ"
လီယန်ချူးက အေးအေးဆေးဆေး ဆိုသည်။
"မသန့်ရှင်းဘူး တာအိုဆရာရဲ့ စကားက စာအုပ်ကြီးအတိုင်း ပြောနေတဲ့ ပညာရှိကြီးနဲ့ တူလှချည်လား"
ထဲ့ရှင်းဘုန်းကြီးက မျက်ခုံးပင့်လိုက်သည်။
"ဟင်းဟင်း"
လီယန်ချူးက ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောပေ။
ထိပ်ပြောင်ကြီးကလည်း အားမနာတမ်းပင် ဝင်ထိုင်လိုက်ကာ
"ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီလို အပျော်အပါး နေရာကို လာတတ်တာပဲလား"
လီယန်ချူးက ပြုံးရင်း မေးလိုက်သည်။
"တာပိုဆရာလည်း နတ်ဘုရားတွေကို ကိုးကွယ်နေရင်းနဲ့ ဒီကို ရောက်နေတာပဲ မဟုတ်လား"
ထဲ့ရှင်းက အဓိပ္ပာယ်ပါပါ ပြန်ပြောသည်။
ထိုအချိန်တွင် အောက်ထပ်မှ အားပေးသံများ ဟိန်းထွက်လာသည်။ နှစ်ဦးသား လှည့်ကြည့်လိုက်ရာ အမျိုးသမီးတစ်ဦးသည် ပါးလွှာသော ပိုးခြည်လွှာကို ဝတ်ဆင်ကာ ပထမထပ်တွင် ကပြဖျော်ဖြေနေခြင်း ဖြစ်သည်။
သူမ၏ ကဟန်မှာ နွဲ့နှောင်းလှပပြီး ခါးမှာလည်း သွယ်လျလှသည်။ သူမ၏ ခြေတံရှည်များမှာ အလွန်ပင် လျင်မြန်ဖြတ်လတ်လှရာ မြွေဖြူကြီး နှစ်ကောင်နှင့်ပင် တူလှသည်။ အဝတ်အစားမှာ အလွန်အကျွံ ဖော်ထားခြင်း မရှိသော်လည်း လူတွေကို ဆွဲဆောင်နိုင်သော အရှိန်အဝါမှာတော့ အထင်းသား ပေါ်လွင်နေသည်။
ထိုအချိန်တွင် အပေါ်ထပ်နှင့် အောက်ထပ်ရှိ လူအားလုံးဆီမှ အားပေးသံများ တရစပ် ထွက်ပေါ်လာသည်။ လီယန်ချူး၏ အကြည့်သည် ထိုအမျိုးသမီး၏ မျက်နှာပေါ်သို့ ကျရောက်သွားကာ သူ၏ မျက်ဝန်းများအတွင်းမှ မှော်အလင်းတန်းများ ဝင်းလက်သွားသည်။
ဤကနေသည့် အမျိုးသမီးမှာ ဘယ်မှာ လူသားဖြစ်ပါမည်နည်း။
တကယ့် မိစ္ဆာမကြီး ဖြစ်နေသည်
သို့သော် လီယန်ချူး ခဏမျှ ကြောင်သွားကာ
"မြေခွေးမိစ္ဆာ မဟုတ်ဘူးလား"
ထိုအချိန်တွင် လူတွေ၏ အော်ဟစ်အားပေးသံများထဲမှ ထိုအမျိုးသမီး၏ အမည်ကို သူ ကြားလိုက်ရသည်။
ရှီးယွိ
လီယန်ချူး ခေါင်းညိတ်လိုက်သည်။ သူ မှတ်မိသလောက်ဆိုလျှင် ဝမ်သခင်ကြီး ပြောခဲ့သည်မှာ လွီရွှေကောတွင် သူတွေ့ခဲ့သည့် အမျိုးသမီး အမည်မှာလည်း ရှီးယွိ ပင် ဖြစ်သည်။
"တာအိုဆရာ... ဒီအမျိုးသမီးကို ဘယ်လို ထင်သလဲ ဒါက လွီရွှေကောရဲ့ မင်းသမီးပဲ၊ ကဟန်နဲ့ နာမည်ကျော်တာလေ။ ဟို ကျီလင်ကို မမီဘူးဆိုပေမဲ့ လူ့လောကရဲ့ အလှနတ်သမီးလေး တစ်ပါးပါပဲ"
ဟု ထဲ့ရှင်းက ပျော်ရွှင်စွာ ပြောသည်။
"ဒီကျန်းနန်က တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ မိစ္ဆာမတစ်ယောက်က ဒီလောက် ဗြောင်ကျကျ ကပြနေတာကို ဘယ်သူမှ မတားကြဘူးလား"
လီယန်ချူးက မေးလိုက်သည်။
ထဲ့ရှင်း၏ မျက်ဝန်းများအတွင်းမှ အလင်းတန်းများ လက်သွားကာ
"တာအိုဆရာလည်း မြင်နေတာပဲကိုး"
လီယန်ချူးက သူ့ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ
"ဆရာတော်... ကျုပ်က စကားကို ကွယ်ဝှက်ပြောတာ မကြိုက်ဘူး။ ဆရာတော်က အဲ့ဒီလိုပဲ အမှန်ကို မပြောဘဲ ဝှက်ပြောနေမယ်ဆိုရင်တော့ ကျုပ်ကို အပြစ်မတင်ပါနဲ့တော့"
".........." ထိပ်ပြောင်ကြီး ထဲ့ရှင်းဘုန်းကြီး။
သူက ခဏမျှ ရယ်မောလိုက်ပြီး သူ၏ ပြောင်လက်နေသော ဦးခေါင်းကြီးကို ပွတ်သပ်ကာ
"ဟီးဟီး၊ တာအိုဆရာကို ကျုပ်က ဟာသလုပ်မိသလို ဖြစ်သွားပြီ။ ကျုပ်လည်း ဒီမိန်းမက မိစ္ဆာဆိုတာ သိပါတယ်၊ ဒါပေမဲ့ ဘာမိစ္ဆာလဲဆိုတာတော့ ခွဲမရသေးဘူး။ တာအိုဆရာကတော့ သိပုံရတယ်နော်"
ထဲ့ရှင်းက မေးလိုက်သည်။
"ခွေးမိစ္ဆာ" လီယန်ချူးက အေးအေးဆေးဆေး ပြောလိုက်သည်။
"ခွေးမိစ္ဆာ" ထိပ်ပြောင်ကြီး အံ့သြသွားသည်။
ယခုခေတ်တွင် ဒေသန္တရ ပုံပြင်များ၌ ဖြစ်စေ၊ ဒဏ္ဍာရီများ၌ ဖြစ်စေ နာမည်ကျော်နေသည်မှာ မြွေမိစ္ဆာနှင့် မြေခွေးမိစ္ဆာများသာ ဖြစ်ပြီး စာသင်သားလေးတွေ၊ ဆင်းရဲသား စာအုပ်ပိုးကောင်လေးတွေကို ဆွဲဆောင်တတ်သည်ဟု လူသိများသည်။ ခွေးမိစ္ဆာဆိုသည်မှာ အလွန်ပင် တွေ့ရခဲလှသည်။
ထဲ့ရှင်းဘုန်းကြီး ခဏမျှ မှင်တက်သွားပြီးနောက် သဘောပေါက်သွားကာ
"အရင်ကတော့ မြေခွေးမတစ်ကောင်လို့ ထင်နေတာ၊ အခုမှ ခွေးမတစ်ကောင် ဖြစ်နေတာကိုး"
လီယန်ချူးက ထိပ်ပြောင်ကြီးကို လှည့်ကြည့်ကာ
"ဆရာတော်က မိစ္ဆာနှိမ်နင်းဖို့ လာတာလား"
ထဲ့ရှင်းဘုန်းကြီးက လေးနက်စွာ ဆိုသည်
"ပိုးထည်ဆိုင်က သခင်လေး ကျိုး ဟာ သက်ရှိထင်ရှားရှိစဉ်က ဒီအလှမယ် ရှီးယွိနဲ့ ချစ်ကြိုက်ခဲ့ကြတာ။ ကျုပ်က သခင်လေးကျိုး အသတ်ခံရတဲ့ ကိစ္စကို လာစုံစမ်းတာပါ"
ထိုသို့ ပြောပြီးနောက် ထဲ့ရှင်းဘုန်းကြီးသည် စင်ပေါ်က ရှီးယွိကို မသိမသာ လှမ်းကြည့်လိုက်သည်။
လီယန်ချူးက ထိုစကားကို ကြားသောအခါ မျက်ခုံးပင့်လိုက်သည်။ သူ၏ အကြည့်သည်လည်း ပါးလွှာသော ပိုးခြည်လွှာကို ဝတ်ဆင်ကာ ခါးသွယ်သွယ်၊ ခြေတံဖြူဖြူလေးများကို ထုတ်ပြနေသည့် ရှီးယွိပေါ်သို့ ကျရောက်သွားပြီး
"ဒီလောက်တောင် တိုက်ဆိုင်နေတာလား"