အခန်း (၁၇၆၁-၁၇၆၂)
Vol. 177 Ch. 1761-1762
အခန်း (၁၇၆၁) - ရှေ့ကိုပဲ ကြည့်လိုက်စမ်းပါ
လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဖန့်ချန်ထံသို့ စုပြုံကြည့်လိုက်ကြသည်။ ဖန့်ချန်က ခေါင်းအသာအယာ ညိတ်ပြီး ဝမ်ယဲ့၏ အဆိုပြုချက်ကို သဘောတူလိုက်မှသာ သူတို့အားလုံး သက်ပြင်းချနိုင်ကြတော့သည်။
အနည်းဆုံးတော့ ဤငရဲမင်းသည် ဤအပြင်လောကသားကို တစ်ယောက်တည်း သီးသန့် ချုပ်နှောင်ထားရန် မရည်ရွယ်ပေ။ သူမ၏ တည်ရှိမှုသည် အင်အားစုအားလုံးအပေါ် သက်ရောက်မှု ကြီးမားလှသဖြင့် အဘက်ဘက်မှ အဆင့်မြင့်အာဏာပိုင်များ ထွက်ပေါ်လာပြီး ဆွေးနွေးညှိနှိုင်းကြရန် လိုအပ်သည်။
"ဖန့်သခင်လေး... ဟိုလူရဲ့ တည်ရှိမှုကို ကျွန်မ ပြန်ခံစားနေရတယ်"
ချင်းဟယ်သီလရှင်က ရုတ်တရက် ဆိုလာသည်။
မော်ထျန်းတီကျန့် လား။
ဖန့်ချန် မျက်မှောင်အသာကြုတ်သွားပြီးနောက် ချင်းဟယ်သီလရှင်ကို ကြည့်ကာ ဆိုလိုက်သည်။
"သီလရှင်လေး... ဒီအမျိုးသမီးက နယ်မြေကိုးခုရဲ့ ရှင်သန်ခြင်းနဲ့ ပျက်သုဉ်းခြင်းအတွက် အရေးပါတယ်၊ သူမ အရင်က ပြောခဲ့တဲ့ အပြုအမူနဲ့ စကားလုံးတွေထဲမှာ အလိမ်အညာ မပါဘူးဆိုတာ သေချာအောင် သူမရဲ့ ဝိညာဉ်ကို ဘွဲ့နှင်းအပ်ပေး ဖို့ လိုတယ်"
"ဘာ ဘွဲ့နှင်းအပ်မယ် နင်..."
မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီး၏ မျက်နှာထားမှာ ချက်ချင်းပင် ပျက်သွားတော့သည်။
ချင်းဟယ်သီလရှင်မှာ ဖန့်ချန်၏ ဆိုလိုရင်းကို နားလည်ပြီးဖြစ်သည်။ ထို့ကြောင့် အမျိုးသမီး တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သူမ၏ ဇီဝအသက်ဓာတ်ကို ချင်းဟယ်သီလရှင်က ထိုနေရာမှာတင် ချက်ချင်း ဖြတ်တောက်လိုက်တော့သည်။
ရှေးဟောင်းမသေမျိုး တစ်ဦးဖြစ်သော်လည်း အဆင့် ၉ မသေမျိုး ရှေ့တွင်မူ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် အသာလေး ခြေမွှသတ်ခြင်း ခံလိုက်ရသည်။
"ဖန့်ငရဲမင်း... ဒါက..."
လူတိုင်းမှာ အံ့အားသင့်တုန်လှုပ်သွားကြပြီး ဖန့်ချန်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိကြသည်။
ဖန့်ချန်က ထိုသီလရှင်လေးကို တိုက်ရိုက် သတ်ဖြတ်ခိုင်းလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအပြင်လောကသားမှာ အသတ်ခံလိုက်ရလေပြီ။
ထိုစဉ် မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီး၏ ဝိညာဉ်မှာ ဘာဖြစ်သွားမှန်း မသိဘဲ ထိုနေရာတွင် ကြောင်စီစီဖြင့် ရပ်နေသည်။ စက္ကန့်အနည်းငယ် ကြာပြီးမှသာ မိမိ၏ လက်ရှိအခြေအနေကို သဘောပေါက်သွားတော့သည်။
"ငါ့ကို တိုက်ရိုက် သတ်ပစ်လိုက်တယ်ပေါ့... သေချင်းဆိုးတွေ"
အမျိုးသမီးသည် ဖန့်ချန်နှင့် ချင်းဟယ်သီလရှင်ကို အငြိုးအတေးကြီးစွာဖြင့် စိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးထဲတွင် အဆိပ်အတောက်များ ပြည့်နှက်နေ၏။
သူမ ပြောခဲ့သမျှ အကြောင်းအရာများသည် ဤလူများကို စိတ်ဝင်စားစေရန် လုံလောက်ပြီး အနည်းဆုံးတော့ သူမ၏ အသက်ကို ချန်ထားပေးလိမ့်မည်ဟု သူမ ထင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သူဌေးကြီးတစ်ဦးက ဓားပြကို 'ငါ့မှာ ရတနာမြေပုံရှိတယ်၊ ငါ့ကိုမသတ်ရင် မြေပုံဘယ်မှာလဲ ပြောပြမယ်' ဟု ဆိုသော်လည်း ဓားပြက စကားတစ်ခွန်းမှ မဆိုဘဲ ထိုသူဌေးကြီးကို တိုက်ရိုက် သတ်ပစ်လိုက်သည့်အလား ဖြစ်နေသည်။
"နေဦး... သူ ခုနက ပြောတဲ့ ဘွဲ့နှင်းအပ်တယ်ဆိုတာ..."
အမျိုးသမီး၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး ဖန့်ချန်က ဟင်းလင်းပြင်ထဲတွင် တစ်စုံတစ်ခုကို ရေးသားနေသည်ကို မြင်လိုက်ရသည်။
ခဏအကြာတွင် ရှေးဟောင်းအဆောင်လက်ဖွဲ့ စာလုံးများ ပြည့်နှက်နေသည့် အမိန့်တော်ပြန်လွှာတစ်ခု ထွက်ပေါ်လာပြီး သူမ၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ရိုက်နှက်လိုက်သည်။ ထိုစာလုံးများ သူမ၏ ဝိညာဉ်ကိုယ်ထဲသို့ တိုးဝင်လာသည်ကို သူမ မျက်မြင်ကိုယ်တွေ့ မြင်နေရသော်လည်း တားဆီးရန် လုံးဝ မစွမ်းသာချေ။
ယခု သူမ၏ ဦးနှောက်ထဲတွင် ယင်လောကနှင့် ပတ်သက်သည့် ဒဏ္ဍာရီများဖြင့် ပြည့်နှက်နေတော့သည်။
စက္ကန့်အနည်းငယ်အကြာတွင် ဘွဲ့နှင်းအပ်ခြင်း ပြီးဆုံးသွားသည်။ သူမသည် လေလွင့်နေသော ဝိညာဉ်ဘဝမှ ယင်လောက၏ တရားဝင် ဝိညာဉ်နတ်ဘုရား တစ်ဦးအဖြစ် ပြောင်းလဲသွားကာ လူတိုင်း၏ ရှေ့တွင် ဝိညာဉ်ပုံရိပ်ဖြင့် ပြန်လည် ထွက်ပေါ်လာသည်။
ချင်းဟယ်သီလရှင်မှာ ဤမြင်ကွင်းကို မြင်ပြီးနောက် ယင်လောကဘူးသီး ထဲသို့ တိုက်ရိုက် ခုန်ဝင်ကာ ပျောက်ကွယ်သွားတော့သည်။
"တကယ့်ကို ထူးခြားတာပဲ"
ရှန်ယွဲ့ကွမ်းတို့အဖွဲ့မှာ သတိပြန်ဝင်လာပြီးနောက် တစ်အံ့တဩ ရေရွတ်နေကြသည်။ တစ်ဖက်လူမှာ သိသိသာသာပင် ယင်မသေမျိုး တစ်ဦး ဖြစ်သွားချေပြီ။
သူတို့သာ ယင်မသေမျိုး လမ်းစဉ်ကို လျှောက်လှမ်းလိုလျှင် လုပ်ထုံးလုပ်နည်းများစွာ လိုအပ်ပြီး အလွန်ပင် ရှုပ်ထွေးလှသည်။ သို့သော် ယခု ဖန့်ငရဲမင်းမှာ လက်ဖြင့် အမိန့်တော်တစ်ခု ရေးသားရုံမျှဖြင့် လူတစ်ယောက်ကို ဝိညာဉ်ဘဝဖြင့် လူ့လောကတွင် ထွက်ပေါ်လာစေနိုင်၏။ ဤကဲ့သို့သော လက်ဦးမှုမှာ စစ်မှန်သော ငရဲမင်း ၏ စွမ်းဆောင်ရည်ပင် ဖြစ်သည်။
"နင်က ယင်လောကရဲ့ ငရဲမင်းပဲ"
အမျိုးသမီးသည် ဖန့်ချန်ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။ သူမ၏ မျက်နှာမှာ ဖြူလျော့နေ၏။ သူမ အစောကြီးကတည်းက ရိပ်မိသင့်ပါသည်။ ဤလူများက သူ့ကို 'ဖန့်ငရဲမင်း၊ ဖန့်ငရဲမင်း' ဟု ခေါ်နေကြသော်လည်း သူမက ထိုဘက်ကို လုံးဝ မတွေးမိခဲ့ခြင်း ဖြစ်သည်။
"မင်း တော်တော် အံ့သြနေပုံရတယ်၊ မင်းတို့ရဲ့ နယ်မြေရှာဖွေရေးအဖွဲ့ နယ်မြေမှာ ငရဲမင်း မရှိတာတော့ မဖြစ်နိုင်ဘူးမလား"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
"ရှိတာတော့ ရှိတာပေါ့၊ ဒါပေမဲ့ ငါတို့ဆီက ငရဲမင်းရဲ့ စွမ်းဆောင်ရည်က နင့်ထက် အများကြီး သာလွန်တယ်။ ငါကိုယ်တိုင်တောင် ငရဲမင်းရဲ့ မျက်နှာအစစ်ကို တစ်ခါမှ မမြင်ဖူးဘူး။ ငါ နတ်ဆိုးနယ်မြေကိုးခုကို ပြန်ရောက်ရုံရှိသေးတယ်၊ ဒီခေတ်ရဲ့ ငရဲမင်းနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါ့ရဲ့ ကံတရားက... တကယ်ကို မကောင်းဘူးပဲ"
အမျိုးသမီးက နောက်ဆုံးတွင် စိတ်ဓာတ်ကျနေသော လေသံဖြင့် ဆိုလိုက်သည်။ ဘာအကျိုးအမြတ်မှ မရလိုက်ဘဲ မိမိအသက်ကိုပါ ပေးလိုက်ရသဖြင့် ဤခရီးမှာ သူမအတွက် လုံးဝ ရှုံးနိမ့်သွားခြင်း ဖြစ်သည်။
"မင်းနာမည် ဘယ်သူလဲ" ဖန့်ချန်က မေးလိုက်သည်။
အမျိုးသမီးက နာမည်အတုတစ်ခု ပေးရန် ကြံလိုက်သော်လည်း ရုတ်တရက် တစ်ကိုယ်လုံး မီးလောင်နေသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
"ငါ့နာမည် ကူးယွဲ့လင် ပါ"
ကူးယွဲ့လင်က ပြောလိုက်သည်နှင့် ထိုနာကျင်မှုများ ချက်ချင်း ပျောက်ကွယ်သွားသဖြင့် သူမ သက်ပြင်းအသာချလိုက်ရသည်။
"ဘယ်က လာတာလဲ" ဖန့်ချန်က ဆက်မေးသည်။
"..."
ကူးယွဲ့လင် မပြောချင်ပေ၊ ထိုအခါ နာကျင်မှုက ထပ်မံ ရောက်ရှိလာပြန်သည်။
ရှန်ယွဲ့ကွမ်းတို့အဖွဲ့မှာ အခြေအနေကို သဘောပေါက်သွားကြပြီး ဖန့်ချန်ကို ကြည့်သည့် အကြည့်များထဲတွင် လေးစားမှုနှင့်အတူ စိုးရိမ်မှုများပါ ပါဝင်လာသည်။ ဤနည်းလမ်းကိုသာ သူတို့အပေါ် သုံးလိုက်လျှင် သူတို့လည်း ဤအမျိုးသမီးကဲ့သို့ပင် စိတ်တိုင်းကျ ခြယ်လှယ်ခံရမည် ဖြစ်သည်။
'ငရဲမင်း ဘွဲ့နှင်းအပ်ခြင်း... တကယ်ပဲ ငရဲမင်းက ယင်လောကကို အုပ်ချုပ်နိုင်ခဲ့တာ ဒီလို ထူးခြားတဲ့ နည်းလမ်းတွေ ရှိလို့ကိုး...'
ဟု လူတိုင်း စိတ်ထဲမှ တွေးနေကြသည်။
ကူးယွဲ့လင်၏ ဝိညာဉ်ကိုယ်မှာ မှေးမှိန်လာသည်။ သူမကတော့ သွားကိုတင်းတင်းကြိတ်ကာ သူမ၏ နောက်ခံကို မပြောဘဲ နေမြဲနေသည်။ ဤသို့လုပ်ခြင်းကြောင့် သူမ တကယ်ပဲ ဝိညာဉ်ပျက်သုဉ်းသွားမလားဆိုသည်ကို စမ်းသပ်ချင်နေခြင်း ဖြစ်သည်။
"မင်း နောက်ခံကို မပြောတာက နယ်မြေရှာဖွေရေးအဖွဲ့ရဲ့ တည်နေရာကို ငါတို့ သိသွားမှာ ကြောက်လို့လား။ မင်းက ငါတို့ထက် နယ်မြေရှာဖွေရေးအဖွဲ့က အများကြီး သာလွန်တယ်လို့ ယူဆထားပြီးတော့ တည်နေရာကိုတော့ မပြောရဲဘူးဆိုတာ ဘာကို စိုးရိမ်နေတာလဲ"
ဖန့်ချန်က ခြေရင်းက မသေမျိုးလှေကို ညွှန်ပြကာ
"ဒီသင်္ဘောမှာ ကြယ်စုမြေပုံ သေချာပေါက် ရှိလိမ့်မယ်၊ အဲဒီမှာ နယ်မြေရှာဖွေရေးအဖွဲ့ရဲ့ တည်နေရာလည်း ပါမှာပဲ။ မင်း ပြောတာနဲ့ မပြောတာ ဘာထူးမှာလဲ"
"ငါ့ရဲ့ ကြယ်စုမြေပုံကို ကြည့်ဖို့ဆိုတာ နင်တို့အတွက် မလွယ်ပါဘူး"
ကူးယွဲ့လင်က သွားကို တင်းတင်းကြိတ်ထားဆဲပင်။ သူမ၏ ဝိညာဉ်မှာ ပို၍ မှေးမှိန်လာနေသည်။ လူတိုင်းက သူမ ခံစားနေရသော နာကျင်မှုကို မြင်နေရသဖြင့် အနည်းငယ် စိုးရိမ်လာကြသည်။ ကူးယွဲ့လင်အတွက် စိုးရိမ်ခြင်းမဟုတ်ဘဲ သူမသာ ဝိညာဉ်ပျက်သုဉ်းသွားလျှင် သဲလွန်စများစွာ ပြတ်တောက်သွားမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။ သူမထံမှ အသုံးဝင်သော သတင်းအချက်အလက်များစွာ မေးမြန်းရန် ကျန်သေးသည်။
"ထားလိုက်ပါတော့၊ ဒီကိစ္စကို မမေးတော့ဘူး။ ခုနက ငါတို့ကို ပြောပြတဲ့ အကြောင်းအရာတွေကိုပဲ ထပ်ပြောပြစမ်း။ အဲဒီထဲမှာ ဖုံးကွယ်ထားတာတွေ ရှိရင်လည်း အမှန်အတိုင်း အကုန်ပြောပြ"
ဖန့်ချန်က အေးဆေးစွာ ဆိုလိုက်သည်။
ကူးယွဲ့လင်၏ နာကျင်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမ၏ ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားပြီး စက္ကန့်အနည်းငယ် ကြာမှ သတိပြန်ဝင်လာသည်။
"ငရဲမင်း ဘွဲ့နှင်းအပ်ခြင်းကြောင့် ငါ နင့်ကို လိမ်လို့မရတော့ဘူး..."
ကူးယွဲ့လင်က ဖန့်ချန်ကို ကြည့်ကာ မျက်နှာထား အမျိုးမျိုး ပြောင်းလဲပြီးနောက် ခုနက အကြောင်းအရာများကို ပြန်ပြောပြသည်။
လူတိုင်းမှာ အံ့ဩစွာဖြင့် သိလိုက်ရသည်မှာ ကူးယွဲ့လင် အစောပိုင်းက ပြောခဲ့သည်များထဲတွင် ဖုံးကွယ်ထားခြင်း လုံးဝ မရှိခဲ့ပေ။
"ကောင်းကင်ဘုံနိယာမ ရှိနေတာက တကယ်ပဲ ထူးကဲစွမ်းအား ကျဆုံးပျက်သုဉ်းမှုကို ကိုယ်စားပြုတာလား..."
"ကြယ်စုနယ်မြေရဲ့ ကံကြမ္မာကို သုံးပြီး ကောင်းကင်ဘုံနိယာမကို အသက်ဆက်ပေးရတယ်..."
လူတိုင်း၏ မျက်နှာမှာ အလီလီ ပြောင်းလဲနေသည်။
"အားလုံးပဲ... ဒီကိစ္စတွေကို အလေးအနက်ကြီး မတွေးကြပါနဲ့၊ မလိုအပ်ပါဘူး။ လူဖြစ်ဖြစ်၊ မသေမျိုးဖြစ်ဖြစ် ရှေ့ကိုပဲ ကြည့်လိုက်စမ်းပါ။ ကောင်းကင်ဘုံနိယာမ တည်ရှိမှုက ဘာကို ကိုယ်စားပြုလဲဆိုတာ ငါတို့နဲ့ ဘာဆိုင်လို့လဲ။ ဖြစ်နိုင်တာက သူမကိုယ်တိုင်လည်း အမှန်တရားကို မသိဘဲ သူမ ယုံကြည်ထားတာကိုပဲ ပြောနေတာလည်း ဖြစ်နိုင်တာပဲ"
ဖန့်ချန်က တိုးတက်သော လေသံဖြင့် သတိပေးလိုက်သည်။
လူအတော်များများမှာ ချက်ချင်းပင် သတိဝင်လာကြပြီး ကျောပြင်တွင် ချွေးအေးများ ပျံလာကြသည်။ ခုနက သူတို့မှာ ဝေခွဲမရသည့် အခြေအနေထဲသို့ ကျရောက်သွားပြီး သူတို့၏ ဝိညာဉ် များမှာ ပွန်းပဲ့လာကာ ကျင့်ကြံခြင်းစိတ်ဓာတ် ပင် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
"ဖန့်ငရဲမင်း ပြောတာ မှန်တယ်။ ဒီအမျိုးသမီးက အမှန်တရားကို သိချင်မှ သိမှာ၊ သူမ ပြောတာက သူမ ယုံကြည်ထားတဲ့အရာပဲ၊ အမှန်တရားက သူမ ပြောသလို ဖြစ်ချင်မှ ဖြစ်မှာ"
ဝမ်ယဲ့က ခေါင်းအသာညိတ်ပြီး လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
"လက်ရှိ ငါတို့ရဲ့ တာဝန်ကိုပဲ မှတ်ထားကြပါ။ ကူးယွဲ့လင်ရဲ့ ကိစ္စကတော့ အထက်ကလူတွေ ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက် ထွက်လာလိမ့်မယ်"
ထို့နောက် ဝမ်ယဲ့က ဖန့်ချန်ကို ကြည့်ကာ
"နံပါတ် ၉... ငါတို့ ခရီးဆက်ကြစို့။ အခု အရေးကြီးဆုံးက ဒီလူတွေကို ဖေးယွီ ကြယ်စုတန်းဆီ ပို့ဖို့ပဲ။ အကယ်၍ ထိုက်ချန်းနယ်မြေ တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့ရင် အဘက်ဘက်က အေးအေးဆေးဆေး ထိုင်ပြီး ဆွေးနွေးနိုင်မယ့် အခွင့်အရေး ရလာနိုင်လိမ့်မယ်"
အခန်း (၁၇၆၂) - ပုရွက်ဆိတ်အုံ
မသေမျိုးလှေများသည် ဟင်းလင်းပြင်ကြီး ထဲတွင် အလွန်လျင်မြန်သော အရှိန်ဖြင့် ခရီးနှင်နေကြသည်။
လူအများ၏ အာရုံစိုက်မှုကို မခံရစေရန်နှင့် မိစ္ဆာဝင်သူများ မဟာမိတ်အဖွဲ့ ၏ ရိပ်မိခြင်းကို မခံရစေရန်အတွက် မသေမျိုးလှေအားလုံးတွင် ကုန်သွယ်ရေးအသင်းတစ်ခု၏ အလံကို လွှင့်ထူထားကြသည်။
လူတိုင်းသည် အလောင်းတောင်တန်း တားမြစ်နယ်မြေနှင့် တဖြည်းဖြည်း ဝေးကွာလာပြီး မှန်ကန်သော ကြယ်စင်လမ်းကြောင်းပေါ်သို့ ရောက်ရှိလာသည့်အခါ ဤတာဝန်၏ တစ်ဝက်မှာ ပြီးဆုံးသွားပြီ ဖြစ်သည်။
ဆက်လက်၍ လမ်းခုလတ်မှ တစ်ဆင့်ခံခရီးစဉ် အနည်းငယ်ကို ဖြတ်သန်းပြီးလျှင် အနှေးဆုံး နှစ်ပေါင်း ၃၀၊ အမြန်ဆုံး နှစ်ပေါင်း ၂၀ အတွင်း ဖေးယွီကြယ်စုတန်းသို့ ဆိုက်ရောက်နိုင်မည် ဖြစ်သည်။
ဖန့်ချန်သည် မသေမျိုးလှေ၏ ရှေ့ပိုင်းတွင် ရပ်နေရင်း ကူးယွဲ့လင်နှင့် စကားစမြည် ပြောဆိုနေသလို တစ်ဖက်ကလည်း လက်ဝါးထဲမှ မသေမျိုးလှေ အသေးစားလေးကို သေသေချာချာ အကဲခတ်နေသည်။
"မင်းရဲ့ ဒီမသေမျိုးလှေကို သွန်းလုပ်ထားတဲ့ လက်ရာက နယ်မြေကိုးခုဘက်က အတတ်ပညာနဲ့ နည်းနည်း ကွာခြားနေတယ်နော်"
ဖန့်ချန်သည် အတော်ကြာ အကဲခတ်ပြီးနောက် ပြုံးလျက် ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။
"ဒါကတော့ သဘာဝပဲလေ၊ နယ်မြေကိုးခုမှာ ရှိသမျှ အရာအားလုံးက ရှေးဟောင်းပြီး ဆွေးမြည့်နေပြီ"
ကူးယွဲ့လင်က မျက်နှာသေဖြင့် ပြန်ပြောသည်။
"အပေါ်မှာ ရှိတဲ့ ကြယ်စုမြေပုံကို ငါတကယ်ပဲ ဖွင့်လို့မရဘူး၊ ထူးခြားတဲ့ တားမြစ်ချက် ပညာရပ်တစ်ခု ရှိနေသလိုပဲ"
ဖန့်ချန်က ဆက်ပြောသည်
"ဒီတားမြစ်ချက်က သိပ်မပြင်းထန်ပေမဲ့ အရမ်းကို စိပ်စပ်သိမ်မွေ့လွန်းတယ်။ ငါသာ အတင်းအဓမ္မ ဖွင့်ကြည့်မယ်ဆိုရင် ဒီမသေမျိုးလှေ တစ်စင်းလုံးကို ဖျက်ဆီးပစ်လိမ့်မယ်"
"ဒါကို တားမြစ်ချက် လျှို့ဝှက်ကုဒ် လို့ ခေါ်တယ်၊ ထျန်းကုန်း မျိုးနွယ်စုရဲ့ ထုတ်ကုန်ပဲ။ သူတို့က ဒီပညာရပ်မှာ မွေးရာပါ ပါရမီရှိကြတယ်"
ကူးယွဲ့လင်က အေးဆေးစွာ ဆိုသည်
"နင်က လျှို့ဝှက်ကုဒ်ကို မသိရင် ငါ့ရဲ့ ကြယ်စုမြေပုံကို ဘယ်လိုမှ ဖွင့်လို့မရဘူး။ ငါ့ကို ပြောပြခိုင်းဖို့လည်း မစဉ်းစားနဲ့၊ ခုနကလည်း နင် စမ်းကြည့်ပြီးပြီပဲ"
"တားမြစ်ချက် လျှို့ဝှက်ကုဒ်..."
ဖန့်ချန်က တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် ပြုံး၍ မေးလိုက်သည်။
"ဒီကြယ်စုမြေပုံကို ခဏထားလိုက်ဦး၊ ငါ သိချင်တာက မင်းတို့ဘက်မှာ အဆင့် ၈ ပြီးရင် ဘယ်လိုလမ်းစဉ်မျိုးကို လျှောက်လှမ်းကြတာလဲ"
"ဒါက ပြောပြလို့ မရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး"
ကူးယွဲ့လင်က ခဏမျှ စဉ်းစားပြီးမှ
"ငါတို့က အဆင့် ၈ ရောက်ပြီးရင် သူတော်စင်ကျမ်းစာ ကို တစ်ညီတစ်ညွတ်တည်း ကျင့်ကြံကြရတယ်။ ကျင့်စဉ် အောင်မြင်သွားရင် အဆင့် ၉ နယ်ပယ်ထဲကို ဝင်ရောက်နိုင်ပြီ။ အဲဒီနောက်မှာတော့ ငါ အရင်က ပြောခဲ့တဲ့ အကန့်အသတ်ကျော်ဖြတ်ခြင်း အဆင့်သုံးဆင့်၊ သူတော်စင်တစ်ပိုင်းကနေ သူတော်စင်အဆင့်အထိပဲ"
"သူတော်စင်ကျမ်းစာကို တစ်ညီတစ်ညွတ်တည်း ကျင့်ကြံကြတာလား မင်းတို့ဆီမှာ အဆင့် ၈ ပြီးရင် ကျင့်စဉ်တွေက အတူတူပဲပေါ့ "
ဖန့်ချန်၏ မျက်လုံးများ လှုပ်ရှားသွားသည်။
ကူးယွဲ့လင်က အေးစက်စွာ ဆိုသည်
"ဒါက သဘာဝပဲလေ။ လူတိုင်းက ကျင့်စဉ်တစ်ခုတည်းကိုပဲ စုပေါင်းကျင့်ကြံမှသာ မျိုးဆက်တစ်ခုပြီးတစ်ခု စုဆောင်းလာတဲ့ အတွေ့အကြုံတွေနဲ့ အဲဒီကျင့်စဉ်ကို ပိုပြီး ပြည့်စုံအောင် လုပ်နိုင်မှာ။ ဒီလမ်းစဉ်က အောင်မြင်သွားရတာဟာ ရှေးဦးလူကြီးတွေထဲက အမြော်အမြင်ရှိသူတွေက ကြယ်စုနယ်မြေ အသီးသီးမှာ ဒီကိစ္စကို ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးခဲ့လို့ပဲ။
နတ်ဆိုးနယ်မြေကိုးခုလိုမျိုး ကျင့်စဉ်တွေက ရောထွေးနေပြီး ဂိုဏ်းတစ်ခုချင်းစီရဲ့ ကျင့်စဉ်အနှစ်သာရတွေက လုံးဝ မတူကြဘူး။
နောက်ဆုံးမှာတော့ ပန်းတိုင်ချင်း တူညီတယ် ဆိုတဲ့ သဘောမျိုး ရှိနိုင်ပေမဲ့ ကျင့်စဉ်ကို ပိုပြီး ပြည့်စုံအောင်တော့ မလုပ်နိုင်ကြဘူး။ အဲဒီတော့ ဟာကွက်တွေ ကျန်ခဲ့ပြီး တကယ့်ကို ပြည့်စုံခြင်း အဆင့်ကို မရောက်နိုင်ကြဘူးပေါ့"
"မင်းဆီမှာ သူတော်စင်ကျမ်းစာ ရှိလား"
ဖန့်ချန်က ဆိုသည်
"ငါ့ကို တစ်စောင်လောက် ပေးပါဦး၊ နောင်ကျရင် ငါလည်း ဒီလမ်းစဉ်ကို လျှောက်လို့ရမလားလို့ ကြည့်ချင်လို့"
ကူးယွဲ့လင်၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ပေါ်လာသည်။
"ငါက အဆင့် ၇ ရှေးဟောင်းမသေမျိုးပဲ ရှိသေးတာ၊ အဆင့် ၈ တောင် မရောက်သေးဘူး၊ ငါ့ဆီမှာ ဘယ်ကလာပြီး သူတော်စင်ကျမ်းစာ ရှိမှာလဲ။ နင် နောင်ကျရင် ဒီလမ်းစဉ်ကို လျှောက်ချင်တယ်ဆိုရင် အရင်ဆုံး နင်က လွတ်လပ်သူ ဖြစ်ဖို့ လိုလိမ့်မယ်"
"လွတ်လပ်သူ"
"မှန်တယ်"
ကူးယွဲ့လင်က ခေါင်းအသာညိတ်ပြသည်
"နင်တို့ဆီမှာ သူတော်စင် တစ်ယောက်မှ မရှိတဲ့အတွက် ဟင်းလင်းပြင် အမြင့်ဆုံးမဟာမိတ်အဖွဲ့ ရဲ့ အသိအမှတ်ပြုခြင်းကို ခံရမှာ မဟုတ်ဘူး။ အမြင့်ဆုံးမဟာမိတ်အဖွဲ့ရဲ့ ဥပဒေ ကာကွယ်မှုအောက်မှာ မရှိတဲ့အတွက် နင်တို့က အင်အားစုအသီးသီးရဲ့ ကျွန်စစ်သည်တွေ ဖြစ်သွားပြီး တံဆိပ်ခတ်နှိပ်ခံရလိမ့်မယ်။
နင်က ငရဲမင်း ဖြစ်နေရင်တောင် နင်လည်း သူတစ်ပါးရဲ့ အိမ်စေ ပဲ ဖြစ်သွားမှာ။ အိမ်စေ ဖြစ်သွားပြီဆိုရင် နင် အဆင့် ၈ ကို တက်သွားရင်တောင် သခင်ဖြစ်သူက မကြည်ဖြူရင် နင် သူတော်စင်ကျမ်းစာကို ရမှာမဟုတ်ဘူး"
သူမက ခဏရပ်ပြီး သွေးဆောင်ဖြားယောင်းသလို ဆက်ပြောသည်။
"အကယ်၍ နင်က ငါအရင်က ပြောခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုကို လက်ခံမယ်ဆိုရင် ငါက နင်တို့အတွက် အာမခံပေးသူ လုပ်ပေးမယ်၊ နင်တို့ကို ငါ့ရဲ့ ခြံရံသူ တွေအဖြစ် သတ်မှတ်ပေးမယ်။ အဲဒီကျရင် နင်တို့ရဲ့ အဆင့်အတန်းကို အမြင့်ဆုံးမဟာမိတ်အဖွဲ့က အသိအမှတ်ပြုလိမ့်မယ်၊ အဆင့် ၈ ရောက်ရင် သူတော်စင်ကျမ်းစာကို ရနိုင်မယ်။
တကယ်လို့ နင်တို့ထဲမှာ ပါရမီထူးတဲ့သူ ပါလာလို့ သူတော်စင်တစ်ယောက် ထွက်ပေါ်လာခဲ့ရင် နင်တို့ရဲ့ လူမျိုးစုတစ်ခုလုံးဟာ ကျွန်ဘဝကနေ ချက်ချင်း လွတ်မြောက်ပြီး အမြင့်ဆုံးမဟာမိတ်အဖွဲ့ရဲ့ အသိအမှတ်ပြုခြင်းကို ရလိမ့်မယ်"
ဖန့်ချန် မျက်မှောင်အသာကြုတ်လိုက်သည်
"ဟင်းလင်းပြင် အမြင့်ဆုံးမဟာမိတ်အဖွဲ့ အဲဒါက ဘာလဲ"
"နင့်စိတ်ထဲမှာ နည်းနည်းတော့ လေးစားရိုသေစိတ် ရှိဖို့ ငါအကြံပေးချင်တယ်"
ကူးယွဲ့လင်က မျက်မှောင်ကြုတ်ကာ ဆိုသည်
"ဟင်းလင်းပြင် အမြင့်ဆုံးမဟာမိတ်အဖွဲ့ ဆိုတာ အထွတ်အထိပ် တည်ရှိမှုပဲ။ ဟင်းလင်းပြင်ထဲက အရာအားလုံးက အမြင့်ဆုံးမဟာမိတ်အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတာ။ သူတော်စင်ကျမ်းစာ ဆိုတာလည်း အမြင့်ဆုံးမဟာမိတ်အဖွဲ့ကနေ ဆင်းသက်လာတာပဲ။
ပွင့်ပွင့်လင်းလင်း ပြောရရင် နတ်ဆိုးနယ်မြေကိုးခု ဆိုတာ စတင်ပေါ်ပေါက်ကတည်းက အမြင့်ဆုံးမဟာမိတ်အဖွဲ့ရဲ့ ပိုင်ဆိုင်မှုပဲ။ ဒါပေမဲ့ ဒီနေရာက အရမ်းကို ဝေးလံခေါင်ဖျားလွန်းလို့ နှစ်ပေါင်းများစွာကြာအောင် အမြင့်ဆုံးမဟာမိတ်အဖွဲ့က ဒီဘက်ကို ဝင်ရောက်စွက်ဖက်ဖို့ စိတ်မကူးခဲ့တာ။
ဒီလိုပေါ့... နင် တောတောင်ထဲက သစ်ပင်တစ်ပင်အောက်မှာ ရုတ်တရက် ပုရွက်ဆိတ်အုံ တစ်ခုကို တွေ့လိုက်သလိုပဲ။ နင် စိတ်ဝင်စားရင် ခဏလောက် ရပ်ကြည့်မယ်၊ စိတ်မဝင်စားရင်တော့ အဝေးကို ဆက်လျှောက်သွားမယ်။
အဲဒီနောက် နင့်ဘဝရဲ့ ကျန်ရှိတဲ့ အချိန်တွေမှာ အဲဒီပုရွက်ဆိတ်အုံကို သတိတောင် ရမှာမဟုတ်သလို နောက်တစ်ခေါက် ပြန်ကြည့်ဖို့လည်း စိတ်ကူးမှာ မဟုတ်ဘူး"
"လူသားလောက နယ်မြေကိုးခုက ပုရွက်ဆိတ်အုံ တစ်ခုပဲလို့ နင်ပြောတာလား"
ဝမ်ယဲ့က ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ကူးယွဲ့လင်ကို အေးစက်စွာ ကြည့်လိုက်သည်။
"ဒုတိယအစ်ကို... သူမစကားကို စိတ်ထဲမထားပါနဲ့၊ ငါတို့နေရာက ပုရွက်ဆိတ်အုံ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ငါတို့အတွက်တော့ ဘာမှ မထူးခြားပါဘူး"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
ဝမ်ယဲ့မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် မျက်နှာထား အနည်းငယ် ပြေလျော့သွားသော်လည်း ကူးယွဲ့လင်၏ နှိုင်းယှဉ်ချက်အပေါ်တွင်တော့ စိတ်ထဲ တနုံ့နုံ့ ဖြစ်နေဆဲပင်။
"နင်က တော်တော် ထူးဆန်းတာပဲ။ ဒီနေရာကို ပုရွက်ဆိတ်အုံလို့ ငါပြောတာတောင် နင့်ရဲ့ စိတ်ခံစားချက်က နည်းနည်းလေးတောင် မတုန်လှုပ်ဘူးလား"
ကူးယွဲ့လင်က ဖန့်ချန်ကို အံ့ဩတကြီး ကြည့်နေမိသည်။
သူမ ခုနက စကားတွေကို ပြောလိုက်တာက ရှေ့ကလူ စိတ်ဓာတ်တွေ ပျက်ပြားသွားတာကို မြင်ချင်လို့ ဖြစ်သည်။ သို့သော် တစ်ဖက်လူကတော့ ဘာမှမဖြစ်သလိုပင်။
"ငါမွေးကတည်းက ဒီလောကကြီးက ဘယ်လောက်တောင် ကျယ်ပြောလဲဆိုတာ သိပြီးသားပါ။ ငါမမြင်ဖူးတာက မရှိဘူးလို့ မဆိုလိုပါဘူး။ အခု မင်းရဲ့ စကားတွေက ငါ့ရဲ့ ထင်မြင်ချက်ကို အတည်ပြုပေးလိုက်တာပဲ"
ဖန့်ချန်က ပြုံး၍ ဆိုသည်
"အဲဒီသဘောအတိုင်းပဲ လူသားလောက နယ်မြေကိုးခုက ပုရွက်ဆိတ်အုံ ဆိုရင် မင်းတို့ နတ်ဆိုးမျိုးနွယ် ရှေးဦးလူကြီးတွေ အခုနေထိုင်နေတဲ့ နေရာကလည်း ပုရွက်ဆိတ်အုံ ပါပဲ၊ ငါတို့ထက် နည်းနည်း ပိုကြီးနေတာပဲ ကွာမှာပါ"
"..."
ကူးယွဲ့လင်၏ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားသည်။
ဝမ်ယဲ့က ချက်ချင်းပင် ရယ်မောလိုက်သည်
"နံပါတ် ၉ ပြောတာ မှန်တယ်။ လူသားလောက နယ်မြေကိုးခုက ပုရွက်ဆိတ်အုံ ဆိုရင် မင်းတို့ နတ်ဆိုးမျိုးနွယ်တွေရဲ့ နယ်မြေကလည်း ပုရွက်ဆိတ်အုံ ပါပဲ။ ငါတို့နဲ့ ဘာထူးလို့လဲ၊ မင်း အဲဒီလောက် မောက်မာနေဖို့ မတန်ပါဘူး"
"ဒါဆို မင်းပြောချင်တာက ဟင်းလင်းပြင် အမြင့်ဆုံးမဟာမိတ်အဖွဲ့က ငါတို့ လူသားလောက နယ်မြေကိုးခု ရှိနေတာကို အစကတည်းက သိနေတယ်ပေါ့"
ဖန့်ချန်က ခုနက အကြောင်းအရာကို ပြန်ကောက်လိုက်သည်။
ဝမ်ယဲ့ကလည်း ဤအချက်ကို အလေးအနက်ထားဟန် ရှိသည်။ သို့မဟုတ်လျှင် သူတို့နှစ်ဦး စကားပြောနေသည်ကို ကြားဖြတ်နှောင့်ယှက်မည် မဟုတ်ချေ။
"ဒါကတော့ သဘာဝပဲလေ"
"ဘာသက်သေ ရှိလဲ"
"သက်သေမရှိဘူး"
"သက်သေမရှိဘဲနဲ့ မင်းက ဘာလို့ ဒီလောက်တောင် အပိုင်ပြောနေတာလဲ"
"ဒါက သက်သေ လိုလို့လား နင်က နေရာတစ်ခုမှာ ရှိနေပြီး အဲဒီနေရာရဲ့ အင်အားအကြီးဆုံးသူ ဖြစ်နေတယ်ဆိုရင် အဲဒီနယ်မြေ တစ်ခုလုံးကို နင် ခြေဆန့်မကြည့်ရသေးပေမဲ့ အဲဒီနယ်မြေက နင့်ပိုင်နက် မဟုတ်တော့ဘူးလား"
ကူးယွဲ့လင်က အံ့ဩတကြီး ပြန်မေးလိုက်သည်။
ဤစကားက ဖန့်ချန်နှင့် ဝမ်ယဲ့ကို တစ်ခါတည်း တိတ်ဆိတ်သွားစေသည်။ ၎င်းတို့နှစ်ဦး အသေအချာ စဉ်းစားကြည့်လိုက်သည့်အခါ... ဟုတ်ပ၊ တကယ်လည်း ထိုသဘောတရားပင် ဖြစ်နေတော့သည်။
"မင်းတို့ နယ်မြေရှာဖွေရေးအဖွဲ့က ဒီပုရွက်ဆိတ်အုံထဲကနေ ထွက်သွားတုန်းက အင်အားအကြီးဆုံးသူဟာ အဆင့် ၉ မသေမျိုးပဲ ရှိဦးမှာပါ။ အဲဒီအချိန်တုန်းက ကောင်းကင်ဘုံနိယာမတစ်ပိုင်း ဆိုတာတောင် မရှိသေးဘူးမလား အဲဒါကို မင်းတို့က အပြင်လောကမှာ ဘယ်လိုလုပ် ခြေကုပ်ယူနိုင်ခဲ့တာလဲ"
ဖန့်ချန်က မေးလိုက်သည်။
၎င်းတို့၏ စကားဝိုင်းမှာ ပွင့်လင်းမြင်သာပြီး ဘာမှ ဖုံးကွယ်ထားခြင်း မရှိချေ။ ထို့ကြောင့် ထိုခဏ၌ပင် ရှန်ယွဲ့ကွမ်းတို့အဖွဲ့၏ အကြည့်များမှာလည်း မိမိတို့၏ မသေမျိုးလှေများပေါ်မှတစ်ဆင့် ကူးယွဲ့လင်ထံသို့ စုပြုံကျရောက်လာသည်ကို ဖန့်ချန် ခံစားလိုက်ရသည်။
"ဒါက ငါတို့ နယ်မြေရှာဖွေရေးအဖွဲ့က ပင်ပင်ပန်းပန်းနဲ့ စုဆောင်းခဲ့ရတဲ့ အတွေ့အကြုံတွေပဲ။ ငါတို့ မျိုးတုံးမယ့် ဘေးအန္တရာယ်နဲ့ ဘယ်နှစ်ကြိမ်တောင် ရင်ဆိုင်ခဲ့ရလဲဆိုတာ နင်တို့ လုံးဝ သိမှာမဟုတ်ဘူး၊ ဒါကို အလွယ်တကူ ပြောပြဖို့ဆိုတာ..."
ကူးယွဲ့လင်၏ မျက်နှာတွင် နာကျင်သော အရိပ်အယောင် ပေါ်လာသည်။ ဘွဲ့နှင်းအပ်ခြင်း၏ မီးလျှံများက သူမ၏ ဝိညာဉ်ကို ထပ်မံ လောင်မြိုက်နေပြီ ဖြစ်သည်။
"ထားလိုက်ပါတော့... ငါတို့ ခြေကုပ်ယူနိုင်ခဲ့တာက ငါတို့ထဲမှာ အတိတ်ကော အနာဂတ်ပါ မရှိနိုင်လောက်အောင် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ပါလာလို့ပဲ။ သူက သူတော်စင် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး သူ့ရဲ့ တစ်ကိုယ်တော် စွမ်းအားနဲ့တင် အရာအားလုံးကို ပြောင်းလဲပစ်ခဲ့တာ။ အပြင်လောကမှာ ငါတို့မျိုးနွယ်စုရဲ့ ကံကြမ္မာကို သူကပဲ အလုံးစုံ ပြောင်းလဲပေးခဲ့တာပဲ"
ပြောပြီးနောက် ကူးယွဲ့လင်မှာ အနည်းငယ် သက်သာသွားဟန် ရှိသော်လည်း မျက်နှာမှာတော့ ဖြူလျော့နေဆဲပင်။