← Chapters

အခန်း (၁၇၆၇-၁၆၈)

Vol. 177 Ch. 1767-1768

အခန်း (၁၇၆၇-၁၆၈)

Vol. 177 Ch. 1767-1768

အခန်း (၁၇၆၇) - မင်းတို့ ထွက်ပြေးလွတ်မြောက်နိုင်မှာတဲ့လား

ရှကျီသည် ထူးဆန်းသော အမူအရာဖြစ်သွားသော်လည်း အကြောင်းရင်းကို မေးမြန်းခြင်းမရှိဘဲ ခေါင်းကိုသာ ညင်သာစွာ ငြိမ့်လိုက်သည်။

"ကောင်းပြီ... ငါ့လက်အောက်ကလူတွေကို သေချာသတိထားခိုင်းလိုက်မယ်။ အဘိုးကို တွေ့တာနဲ့ မင်းကို ချက်ချင်း အကြောင်းကြားပေးမယ်။ ဒါပေမဲ့ အဘိုးက အထက်နယ်မြေသုံးခုမှာ သွားလာနေတာဆိုရင်တော့ လျှို့ဝှက်စောင့်ကြည့်ရေးဌာနအနေနဲ့လည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး"

သူက ခဏမျှရပ်တန့်ကာ စိုးရိမ်ပူပန်သော အရိပ်အယောင်များဖြင့် ဆက်ပြောသည်။

"မင်းရဲ့ အထောက်အထားက အခုတော့ ပေါ်သွားပြီဆိုတော့ အပြင်မှာ သွားလာတဲ့အခါ တိုက်ခိုက်တာတွေ မခံရဘူးလား လူတွေအများကြီးက ငရဲမင်းအမွေအနှစ်ကို လိုချင်နေကြတာ၊ အဲဒါကိုသုံးပြီး ယင်လောကငယ်ကို ထိန်းချုပ်ဖို့ ကြံနေကြတာလေ။ အခုဆို မင်းက အားလုံး ဝိုင်းမြိန်ချင်နေတဲ့ ကိတ်မုန့်ကြီးလို ဖြစ်နေပြီ၊ ဘယ်သူမဆို တစ်လုပ်လောက် ကိုက်ချင်နေကြတာ"

"တိုက်ခိုက်တာတွေကတော့ ရှိမှာပဲ၊ ဒါပေမဲ့ ငါ့မှာလည်း ရင်ဆိုင်နိုင်မယ့် နည်းလမ်းရှိပါတယ်၊ အဲဒါတွေအတွက် သိပ်ပြီး စိုးရိမ်နေစရာ မလိုပါဘူး"

"ယင်လောကငယ်ဘက်မှာတော့ ခဏလောက် ရှုပ်ထွေးနေဦးမယ် ထင်တယ်၊ မျက်နှာသစ်တွေကို အဘက်ဘက်ကနေ သေချာသတိထားစောင့်ကြည့်ဖို့ လူတွေကို ခိုင်းထားလိုက်ပါ"

"သတ်သင့်ရင်လည်း သတ်ပစ်လိုက်၊ ချန်ထားဖို့ မလိုဘူး"

"ငါ သိပါတယ်... ရှုပ်ထွေးနေတဲ့ကာလမှာ ပြင်းထန်တဲ့ စည်းမျဉ်းတွေကို သုံးရမယ်။ လူတချို့ကို သတ်ပြလိုက်မှ သူတို့ဘက်က တွန့်ဆုတ်သွားပြီး ယင်လောကငယ်ထဲကို အတင့်ရဲရဲ ကျူးကျော်ဝင်ရောက်ဖို့ မဝံ့မရဲ ဖြစ်သွားကြမှာ"

ရှကျီက ခေါင်းညိတ်ပြီး သက်ပြင်းချရင်း ဆိုသည်

"အရင်တုန်းကတော့ ငရဲမင်းအမွေအနှစ် ပေါ်နေပြီဆိုတာ သူတို့မသိကြသေးဘူး။ ဝိညာဥ်နတ်ဘုရားဂိုဏ်းက ကောင်တွေကပဲ ယင်လောကငယ်ကို သတင်းပို့ဖို့အတွက် အသုံးချချင်နေကြတာ၊ ကျန်တဲ့ အင်အားစုတွေက ဒီနေရာကို ဘယ်မှာ စိတ်ဝင်စားခဲ့လို့လဲ။ နောင်ကျရင်တော့ လုံးဝကို ကွဲပြားသွားတော့မှာပဲ"

ခေတ္တမျှအကြာတွင် ရှကျီက ရုတ်တရက် သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဖန့်ကြီး... ဖူထူလောကနဲ့ ယင်လောကငယ်ဟာ ဘယ်တော့လောက်မှ ပြန်ပြီး တစ်သားတည်း ဖြစ်သွားနိုင်မှာလဲ အဲဒီအချိန်ကျမှသာ ယင်လောကဟာ ပြည့်စုံတဲ့ ယင်လောကလို့ ခေါ်လို့ရမှာ။ အခုတော့ တစ်ခုခု လိုအပ်နေသလိုပဲ ခံစားနေရတယ်"

"တိုတောင်းတဲ့ အချိန်အတွင်းမှာတော့ ဒါတွေကို စဉ်းစားဖို့ မလိုသေးဘူး"

ဖန့်ချန်က ပြုံးလျက် ခေါင်းရမ်းလိုက်သည်။

လက်ရှိ ယင်လောကငယ်အနေဖြင့် မော်ထျန်းဌာန နှင့် ရင်ဆိုင်ရပါက ဧကန်အမှန် ရှုံးနိမ့်ပေလိမ့်မည်။ မော်ထျန်းဌာနကို ထားဦးတော့၊ ထိပ်တန်း အင်အားစုကြီးများ၏ လက်အောက်ရှိ ယင်လောက အတုအယောင်များထဲမှ တစ်ခုခုနှင့် ယှဉ်လျှင်ပင် ယင်လောကငယ်သည် ယှဉ်နိုင်စွမ်း မရှိသေးချေ။

သူ့တွင် ငရဲမင်း၏ လုပ်ပိုင်ခွင့်အာဏာ ရှိနေသော်လည်း အကယ်၍ လောကနှစ်ခုသာ အမှန်တကယ် ပေါင်းစည်းသွားပါက ထိုအချိန်တွင် ကိစ္စရပ်များစွာမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိတော့မည် မဟုတ်ပေ။ ယခုကဲ့သို့ အခြေအနေမျိုးမှာပင် ယင်လောကငယ်အတွက် ကာကွယ်မှုတစ်ခု ဖြစ်နေခြင်း ဖြစ်သည်။ ဤသည်မှာ သုံးလောက အားပြိုင်မှု ကာလအတွင်း ယဲ့ငရဲမင်း ချန်ထားရစ်ခဲ့သည့် အထူးနည်းလမ်းများထဲမှ တစ်ခုလည်း ဖြစ်နိုင်သည်။

ရှကျီနှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် ဖန့်ချန်သည် ယင်လောကမှ ကောက်ခံရရှိထားသော ယင်သက်တမ်း အခွန်များကို ယူဆောင်ကာ ငရဲမင်းနန်းတော်သို့ သွား၍ လောကနှစ်ခုကြားရှိ အတားအဆီးကို ထပ်မံ အားဖြည့်ပေးခဲ့သည်။ ထို့နောက်မှ ကျင့်ထိုင်ကြယ်စင်ရှိ လူ့လောကသို့ ပြန်လည် ထွက်ခွာခဲ့သည်။

မသိမသာဖြင့် လူတိုင်း ကျင့်ထိုင်ကြယ်စင်သို့ ရောက်ရှိလာသည်မှာ တစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်သည်။

ဤနေ့တွင် ယဲ့ချင်းချူးသည် အစီရင်အတွက် တန်းစီသည့်ရက်ကို သွားရောက် မေးမြန်းခဲ့သည်။ နောက်ဆုံးတွင်တော့ သူ၏ မျက်နှာမှာ မဲမှောင်လျက် ပြန်လည် ရောက်ရှိလာသည်။

"ယဲ့အမာခံတပည့်... ဘာဖြစ်လို့လဲ "

ရှန်ယွဲ့ကွမ်းက သိချင်စိတ်ဖြင့် မေးလိုက်သည်

"မျက်နှာက ဘာလို့ ဒီလောက်တောင် ပျက်နေရတာလဲ"

"ငါတို့ရဲ့ ရက်ချိန်းက ထပ်ပြီး ရွှေ့ဆိုင်းခံလိုက်ရပြန်ပြီ။ မူလက နောက်နှစ်ရက်နေရင် ထွက်လို့ရတော့မှာကို အခုတော့ နောက်ထပ် တစ်လ ထပ်စောင့်ရဦးမယ်တဲ့"

ယဲ့ချင်းချူးက ဒေါသတကြီး ဆိုသည်။

လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့ တန်းစီလာသည်မှာ တစ်နှစ်ရှိနေပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ထပ်မံ ရွှေ့ဆိုင်းခံရသနည်း။ အံ့အားသင့်မှုနှင့်အတူ သူတို့၏ စိတ်ထဲတွင် သတိထားရိပ်များ ချက်ချင်း ဝင်လာသည်။ ဤအခြေအနေမှာ သိသိသာသာပင် ပုံမှန်မဟုတ်ချေ။

"ငါတို့ရဲ့ ခရီးစဉ် သတင်း ပေါက်ကြားသွားလို့ တစ်ဖက်က ငါတို့ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေတာများလား "

လီယန်ကျွင်း၏ မျက်နှာထားမှာ အလွန်ပင် လေးနက်သွားပြီး ဖန့်ချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဖန့်ငရဲမင်း... ငါတို့ ခေါ်လာတဲ့ လူတွေကို ခင်ဗျားပဲ စောင့်ရှောက်ပေးပြီး ခင်ဗျားအရင် ထွက်သွားရင်ကော ဘယ်လိုလဲ။ ခင်ဗျားတစ်ယောက်တည်းဆိုရင် ပစ်မှတ်က သိပ်မကြီးဘူးလေ"

"အဲဒါ... အဆင်ပြေနိုင်ပါတယ်"

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။ တကယ်လို့ တခြားနည်းလမ်း မရှိတော့ဘူးဆိုရင် ဤနည်းလမ်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဖန့်ချန်ကိုတော့ သူတို့ အတော်အတန် ယုံကြည်ကြသည်။ ထိုသူသည် လူများကို ဖေးယွီကြယ်စုတန်းသို့ အသက်ရှင်လျက် ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။

"တကယ်တော့ သတင်းပေါက်ကြားသွားလည်း ကိစ္စမရှိပါဘူး"

ဖန့်ချန်က အတန်ကြာ စဉ်းစားပြီးမှ ဆိုသည်

"ငါ့ဘေးမှာရှိတဲ့ အဆင့် ၉ မသေမျိုးကို သူတို့ ရင်ဆိုင်နိုင်စွမ်း မရှိသရွေ့တော့ ငါတို့ရဲ့ အချိန်ကို ဆွဲထားရုံလောက်ပဲ တတ်နိုင်မှာပါ။ သိပ်ပြီးတော့တော့ အလွန်အကျွံ လုပ်ရဲမှာမဟုတ်ဘူး။ ယုန်ကလေးတောင် အကျပ်ရိုက်ရင် ပြန်ကိုက်တတ်တာပဲ၊ ငါတို့တွေ ဒေါသထွက်ပြီး နယ်စပ်ကို အတင်းတိုးဝင် တိုက်ခိုက်မှာကိုလည်း သူတို့ ကြောက်ကြမှာပါ"

"ဖန့်ငရဲမင်း ပြောတာလည်း ကျိုးကြောင်းဆီလျော်ပါတယ်"

ရှန်ယွဲ့ကွမ်းက စဉ်းစားရင်း ဆိုသည်

"လက်ရှိ ထိုက်ချန်းနယ်မြေရဲ့ အခြေအနေက ဟန်ချက်ညီနေတာဟာ ဘက်အသီးသီးက အဆင့် ၉ တွေဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ထိန်းချုပ်နေကြလို့ပဲ၊ လက်မအားကြဘူးလေ။

အကယ်၍ ဟိုဘက်က အဆင့် ၉ တစ်ယောက်ကို ငါတို့ဆီ လွှတ်လိုက်မယ်ဆိုရင် စိတ်ဝိညာဥ်နယ်မြေ နဲ့ နတ်ဘုရားဘုရင်နယ်မြေ က အဆင့် ၉ တွေက အခွင့်ကောင်းယူပြီး သူတို့ ပြန်မပေးဆပ်နိုင်တဲ့ တန်ဖိုးတစ်ခုကို ရအောင် ယူကြလိမ့်မယ်"

စကားအဆုံးတွင် ရှန်ယွဲ့ကွမ်းက ပြုံးလိုက်ပြီး သက်ပြင်းချကာ ဆိုသည်။

"သူတို့ ဘယ်လိုပဲ တွက်တွက်... ဖန့်ငရဲမင်းရဲ့ အဆင့်အတန်းက ဒီလောက်အထိ ထူးခြားနေပြီး ဘေးမှာလည်း အဆင့် ၉ ရှိနေလိမ့်မယ်လို့ မထင်ထားကြဘူးလေ။ ဖန့်ငရဲမင်းက သူတို့ ခန့်မှန်းချက်တွေထဲမှာ မပါတဲ့ ကိန်းဂဏန်းအပြောင်းအလဲ တစ်ခုပဲ"

"ဒါဆိုရင်တော့ နောက်ဆုံး တစ်လလောက် ထပ်စောင့်လိုက်ရင် သူတို့ လွှတ်ပေးမှာပါ"

ဝမ်ယဲ့က စဉ်းစားရင်း ခေါင်းညိတ်သည်။

လူတိုင်း၏ စိတ်ထဲတွင် အတန်ငယ် ကြည်လင်သွားကြသည်။

ယဲ့ချင်းချူးက တိုးတိုးလေး နှာခေါင်းရှုံ့လိုက်သည်

"အကယ်၍ သူတို့သာ မလွှတ်ပေးရင် ကျင့်ထိုင်ကြယ်စင်တစ်ခုလုံးကို သွေးချောင်းစီးအောင် လုပ်ပစ်မယ်"

"အေး... အဲဒါ ကောင်းတယ်"

ရှန်ယွဲ့ကွမ်းကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

တစ်လကြာပြီးနောက်...

လူတိုင်းသည် တည်နေရာကူးပြောင်းခြင်းအစီရင် ဆီသို့ ရောက်ရှိလာကြသည်။ ယခုတစ်ကြိမ်တွင်လည်း ယဲ့ချင်းချူးကပင် သွားရောက် ညှိနှိုင်းခဲ့ရာ အချိန်အများကြီး မကုန်လိုက်ရဘဲ တစ်ဖက်က ခွင့်ပြုပေးခဲ့သည်။ လူတိုင်း ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။

နောက်ဆက်တွဲ ခရီးစဉ်မှာ ပိုမိုချောမွေ့လာခဲ့သည်။

တဖြည်းဖြည်းနှင့် ဖေးယွီကြယ်စုတန်းမှာ မျက်စိရှေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ဖေးယွီကြယ်စုတန်းသို့ သွားသည့် ကျင့်ကြံသူများမှာ မြောက်မြားစွာ ရှိနေသဖြင့် လမ်းတစ်လျှောက်တွင် မသေမျိုးလှေများစွာနှင့် ဆုံတွေ့ခဲ့ရသည်။ ရှန်ယွဲ့ကွမ်းသည် လမ်းခုလတ်တွင် သတင်းသွားရောက် စုံစမ်းခဲ့ပြီး ရရှိလာသည့် သတင်းများကို လူတိုင်းနှင့် ဝေမျှလိုက်သည်။

"လက်ရှိ ထိုက်ချန်းနယ်မြေမှာ အရေးကြီး စစ်မျက်နှာ ၁၉ ခုနဲ့၊ အရန်စစ်မျက်နှာ ၁၃၂ ခု ရှိတယ်။ မူလက ဝမ်သောက်မသေမျိုးဂိုဏ်းဘက်က ဒီစစ်မျက်နှာတွေမှာ ဆက်တိုက် ရှုံးနိမ့်နေခဲ့တာ။

ဒါပေမဲ့ ငါတို့ လူတွေ ဝင်ပါပြီးတဲ့နောက်မှာတော့ စစ်မျက်နှာ ထက်ဝက်လောက်က အခြေအနေ ပြန်ကောင်းလာပြီ။ ဒါပေမဲ့ နိုးထလာတဲ့ မိစ္ဆာတွေကလည်း တကယ်ကို အားစိုက်ထားကြတာ၊ ငါတို့ရဲ့ အကူအညီက အခြေအနေကို ပိုမိုဆိုးရွားမသွားအောင်ပဲ ထိန်းထားနိုင်သေးတာ။

အရင်အတိုင်း ပြန်တိုက်ထုတ်ဖို့ကတော့ မလွယ်သေးဘူး။ ဒီလို အကျပ်အတည်း အခြေအနေမျိုးမှာ ဘယ်သူက မသေမျိုးကျောက်တုံး ပိုပြီး အရန်သင့်ရှိသလဲဆိုတာပဲ ပြိုင်ရတော့မှာပဲ။ ဘယ်ဘက်က ကျောက်တုံး အရင်ကုန်သလဲ၊ အဲဒီဘက်က ရှုံးမှာပဲ"

လူတိုင်း၏ မျက်လုံးထဲတွင် သက်ပြင်းချမှုများ ပေါ်လာသည်။ တစ်စုံတစ်ဦးက တိုးတိုးလေး ရေရွတ်သည်။

"ဒီစစ်ပွဲက နှစ်ပေါင်း သောင်းချီတဲ့ အရင်းအမြစ်တွေကို ဝါးမျိုသွားတော့မှာပဲ"

မသေမျိုးလှေ အုပ်စုကြီးတစ်ခု ထွက်ခွာတိုင်း အချိန်တိုင်း ကုန်ဆုံးသွားသည့် မသေမျိုးကျောက်တုံးများမှာ နက္ခတ္တဗေဒ ကိန်းဂဏန်းများကဲ့သို့ များပြားလှသည်။

ယခုအခါ စိတ်ဝိညာဥ်နယ်မြေနှင့် နတ်ဘုရားဘုရင်နယ်မြေမှ အမာခံတပည့် အနည်းငယ်သာလျှင် ဤကဲ့သို့ အထူးတာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်သည်။ ကျန်ရှိနေသူများမှာ စစ်မျက်နှာတွင် ရင်ဆိုင်တိုက်ခိုက်နေကြရရာ၊ ထိုလှေအုပ်စုများ၏ ပျက်စီးဆုံးရှုံးမှုမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းပါမည်နည်း။

၎င်းအပြင် သာမန် မသေမျိုးအဆင့်များနှင့် ရှေးဟောင်းမသေမျိုးများ တိုက်ခိုက်သည့်အခါတိုင်းတွင်လည်း သူတို့၏ မသေမျိုးစွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် ကျောက်တုံးများစွာ ကုန်ဆုံးရသည်။ ဤအရာအားလုံးမှာ ပြန်လည် မထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ ဖြစ်သည်။

သူတို့သည် ကူးယွဲ့လင်၏ စကားကို ပြန်လည် သတိရသွားကြသည်။

နယ်မြေကိုးခုသည် သေဆုံးနေပြီ။

ထူးကဲစွမ်းအားများ သည် မကြာခင် နိဂုံးချုပ်တော့မည်။

"လူသားကျင့်ကြံသူတွေဟာ တစ်နေ့ကျရင် နယ်မြေကိုးခုကနေ ထွက်ခွာကြရလိမ့်မယ်။ မသေမျိုးစွမ်းအင် ရှိတဲ့ နယ်မြေအသစ်တစ်ခုကို စောစောစီးစီး ရှာဖွေတွေ့ရှိနိုင်ပါစေလို့ပဲ မျှော်လင့်ရတာပဲ"

ရှန်ယွဲ့ကွမ်းက တိုးတိုးလေး ရေရွတ်သည်။

"မသေမျိုးစွမ်းအင် ရှိရုံနဲ့ မလုံလောက်သေးဘူး၊ အနည်းဆုံးတော့ ဝိညာဉ်စွမ်းအင် တစ်မျိုးမျိုး ရှိနေဖို့ လိုသေးတယ်။ တစ်မျိုးဆိုရင် ရပြီ"

ယဲ့ချင်းချူးက ခပ်အေးအေး ဆိုသည်။

လူတိုင်း တိတ်ဆိတ်စွာ ခေါင်းညိတ်ကြသည်။ ထိုကဲ့သို့သော နေရာမျိုးကို ရှာဖွေတွေ့ရှိရန် မည်မျှ ခက်ခဲပါမည်နည်း။ ဖြစ်နိုင်သည်မှာ သူတို့ သက်တမ်းတစ်လျှောက်တွင် ထိုကဲ့သို့သော မြင်ကွင်းကို မြင်တွေ့ရလိမ့်မည် မဟုတ်ချေ။

"ဟော... ဟိုမှာ လင်ပုချိ မဟုတ်လား။ သူတို့တွေ ကြည့်ရတာ တော်တော်လေး အထိနာထားတဲ့ ပုံပဲ"

တစ်စုံတစ်ဦးက မလှမ်းမကမ်းသို့ လက်ညှိုးထိုးပြလိုက်သည်။

ထိုနေရာတွင်လည်း မသေမျိုးလှေ ဆယ်စင်းကျော် ခရီးနှင်နေသည်။ ရှေ့ဆုံးလှေပေါ်တွင် ရပ်နေသည့် ပုံရိပ်မှာ ကြယ်တစ်သောင်းနန်းတော် မှ အမာခံတပည့် လင်ပုချိ ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူသည် အလွန်ပင် ဖရိုဖရဲ ဖြစ်နေပြီး လှေများမှာလည်း နေရာအနှံ့ ပျက်စီးနေသည်။ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါမှာလည်း ပြင်းလိုက် ပျော့လိုက် ဖြစ်နေသဖြင့် ဒဏ်ရာ အပြင်းအထန် ရထားကြောင်း သိသာလှသည်။

ဤနေရာမှ ဖေးယွီကြယ်စုတန်းသို့ရောက်ရန် နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်ခန့်သာ လိုတော့ရာ၊ ဤနေရာတွင် လင်ပုချိနှင့် ဆုံရခြင်းကို လူတိုင်း သိပ်ပြီး မအံ့ဩကြချေ။

"ထွက်ပြေးချင်သေးတယ်ပေါ့၊ မင်းတို့ လွတ်မြောက်နိုင်မှာတဲ့လား "

တစ်စုံတစ်ဦးက လင်ပုချိကို နှုတ်ဆက်ရန် ပြင်လိုက်စဉ်မှာပင် နောက်ဘက်မှ ပြင်းထန်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် တောက်လောင်နေသော နေမင်းကြီးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် မီးလုံးကြီးတစ်လုံးသည် လင်ပုချိတို့ဆီသို့ ပြင်းထန်စွာ ကျရောက်လာတော့သည်။

အခန်း (၁၇၆၈) - ဆွေးနွေးစရာ ရှိသေးတယ်

လူတိုင်းသည် ထိုမီးလုံးကြီးနှင့် အလွန်ဝေးကွာသော နေရာတွင် ရှိနေကြသော်လည်း ၎င်းမှ ထွက်ပေါ်လာသည့် ပြင်းထန်သော အပူရှိန်နှင့် တောက်ပလွန်းသော အလင်းရောင်တို့ကို ခံစားနေကြရသည်။ ထိုအလင်းကြောင့် ပတ်ဝန်းကျင် တစ်ဝိုက်မှာ အလွန်အမင်း လင်းထိန်သွားတော့သည်။

သူတို့တွေ နိုးထလာတဲ့ မိစ္ဆာမျိုးနွယ်တွေရဲ့ လိုက်လံတိုက်ခိုက်တာကို ခံနေရတာလား...

ဤသည်မှာ ဖန့်ချန်တို့အဖွဲ့၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည့် အတွေးပင် ဖြစ်သည်။ သို့သော် နောက်တစ်ခဏ၌ ထိုသို့မဖြစ်နိုင်ကြောင်း ပြန်လည် တွေးမိကြပြန်သည်။ လင်ပုချိသည် ဤနေရာအထိ ရောက်လာနိုင်ပြီ ဖြစ်ရာ သူ၏ နောက်ကွယ်မှ မိစ္ဆာများကို အစောကတည်းက ဖြတ်ထုတ်ခဲ့သင့်ပြီ မဟုတ်ပါလော။

မျက်စိရှေ့တွင် ထိုမီးလုံးကြီးက ပြင်းထန်စွာ ကျရောက်လာသည်ကို မြင်သောအခါ လင်ပုချိ၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက အသံကုန် အော်ဟစ်လိုက်ပြီး သူ၏ မသေမျိုးစွမ်းအင် များကို မသေမျိုးလှေအတွင်းသို့ အဆက်မပြတ် ထည့်သွင်းလိုက်သည်။ ဘေးပတ်ဝန်းကျင်ရှိ မသေမျိုးလှေ ဆယ်စင်းကျော်မှာလည်း သူ့နည်းတူပင် အကာအကွယ် အလွှာများကို အသီးသီး ခံလိုက်ကြသည်။

ချက်ချင်းပင် သူတို့အားလုံးသည် ထိုကြောက်မက်ဖွယ်ကောင်းသော မီးလုံးကြီးအောက်တွင် နစ်မြုပ်သွားတော့သည်။ ထိုတိုက်ခိုက်မှု၏ ပြင်းထန်သော နောက်ဆက်တွဲ ရိုက်ခတ်မှုမှာ အဝေးတွင် ရှိနေသည့် ဖန့်ချန်တို့ထံသို့ပင် ရောက်ရှိလာသည်။ အနီးနားတွင် ရှိနေသည့် မသေမျိုးလှေ အချို့မှာ မီးပွားအချို့ စင်သွားရုံနှင့်ပင် တစ်ကိုယ်လုံး အပေါက်အပြဲများ ဖြစ်ကာ လောင်ကျွမ်းသွားရသည်။

ထိုအခါမှသာ လူတိုင်းသည် ထိုမီးလုံးကြီး၏ အရင်းအမြစ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။ ၎င်းမှာ အလွန်ပင် ခန့်ညားထည်ဝါသော မသေမျိုးလှေကြီး တစ်စင်း ဖြစ်ပြီး လူတိုင်း၏ လှေများထက် အဆပေါင်း ရာနှင့်ချီ၍ ကြီးမားလှသည်။

လှေမှာ အလွှာပေါင်း ၉၉ လွှာအထိ မြင့်မားကာ အလွှာတိုင်းတွင် ကျင့်ကြံသူ မြောက်မြားစွာ ရပ်နေကြသည်။

လှေ၏ အမြင့်ဆုံးနေရာတွင်တော့ ကုလားထိုင်တစ်လုံး ရှိပြီး ထိုပေါ်တွင် အဖိုးတန် သစ်သီးများနှင့် ဝိုင်များကို အရသာခံ သုံးဆောင်နေသည့် အဝတ်အစား ခန့်ညားထည်ဝါသော လူငယ်တစ်ဦး ထိုင်နေသည်။ ထိုလူငယ်၏ ဘေးတွင် ကျင့်ကြံသူ အချို့ ရပ်နေကြပြီး သူတို့၏ ကျင့်စဉ်အဆင့်မှာ အဆင့် ၆ ခန့်တွင် ရှိကြသည်။

ထိုသူများထဲတွင် တစ်ကိုယ်လုံး မီးတောက်များ လောင်ကျွမ်းနေကာ ဆံပင်နှင့် မျက်ခုံးများပင် မီးတောက်များဖြင့် ဖွဲ့စည်းထားသည့် ပုံစံရှိသော ကျင့်ကြံသူတစ်ဦး ပါဝင်သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ အဆင့် ၆ ထက်ပင် ကျော်လွန်နေသည်။

ဒါဟာ ရှေးဟောင်းမသေမျိုး ပဲ

လူတိုင်း၏ စိတ်ထဲတွင် လှုပ်ရှားသွားကြသည်။ ခုနက မီးလုံးကြီးမှာ ဤရှေးဟောင်းမသေမျိုး၏ လက်ချက်ဖြစ်ကြောင်း သိသာလှပြီး ၎င်း၏ စွမ်းအားမှာလည်း အလွန်ပင် ပြင်းထန်လှသည်။

ယခုအခါ မီးတောက်များမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီ ဖြစ်သည်။ လင်ပုချိတို့အဖွဲ့မှာ အကာအကွယ် အလွှာကို အချိန်မီ ခံလိုက်နိုင်သော်လည်း ဤတိုက်ခိုက်မှုကြောင့် အခြေအနေမှာ အတော်လေး ဖရိုဖရဲ ဖြစ်သွားရသည်။ သူတို့၏ မသေမျိုးလှေ တစ်စင်းချင်းစီမှာ တစ်ဝက်နီးပါး လောင်ကျွမ်းပျက်စီးသွားပြီး လူတိုင်း၏ ကိုယ်ပေါ်တွင်လည်း မီးလောင်ဒဏ်ရာ အမျိုးမျိုး ရှိနေကြသည်။

"ဟော... မသေကြသေးဘူးပဲ"

အဝတ်အစား ခန့်ညားသော လူငယ်က လင်ပုချိတို့အဖွဲ့ကို ဝတ်ကျေတန်းကျေ ကြည့်လိုက်ပြီး အံ့ဩဟန်ဖြင့် ဆိုသည်။

"အသက်ပြင်းသားပဲ"

ထို့နောက် သူက ဆက်၍ လှောင်ရယ်လိုက်သည်

"နံလည်းနံတယ်၊ မာလည်းမာတယ် (ခေါင်းမာတာကို ဆိုလိုခြင်း)"

"သခင်လေး... ကျွန်တော်မျိုးက သခင်လေးကိုယ်တိုင် စိတ်ကြိုက် စီရင်ပြီး စိတ်ထဲက အာဃာတတွေကို ဖြေဖျောက်နိုင်အောင် စွမ်းအားကို အနည်းငယ် လျှော့ထားလို့ပါ"

ထိုအဆင့် ၇ ရှေးဟောင်းမသေမျိုးက ပြုံးလျက် ဆိုသည်။

"မီးနတ်ဘုရား စီနီယာ ပြောတာ မှန်တာပေါ့"

ထိုလူငယ်က ချက်ချင်းပင် ရယ်မောလိုက်သည်

"ဒီလိုကောင်တွေကို ငါကိုယ်တိုင် သတ်ပစ်မှပဲ ငါ့စိတ်ထဲက ဒေါသတွေ ပြေပျောက်မှာ"

ဖန့်ချန်သည် ဤမြင်ကွင်းကို ကြည့်ပြီး နှစ်ဖက်အကြား ဘာဖြစ်နေကြသည်ကို ခန့်မှန်းမိသွားသည်။ ထိုလူငယ်သည် နိုးထလာသော မိစ္ဆာမျိုးနွယ် မဟုတ်ဘဲ လင်ပုချိတို့နှင့် ကိုယ်ရေးကိုယ်တာ ရန်ငြိုးရှိနေခြင်း ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် လင်ပုချိတို့၏ ရင်ထဲ၌ ဒေါသများမှာ ငယ်ထိပ်သို့ ဆောင့်တက်နေပြီ ဖြစ်သည်။ ယခင်က သူတို့သည် အမာခံတပည့်များ ဖြစ်ကြပြီး မသေမျိုးလှေ အုပ်စုကြီးကို ထိန်းချုပ်ထားချိန်တွင် အဆင့် ၇ ရှေးဟောင်းမသေမျိုးကိုပင် ဖိနှိပ်တိုက်ခိုက်နိုင်ခဲ့ကြသူများ ဖြစ်သည်။ ယခုအခါတွင်မူ နယ်စပ်ဒေသမှ လူညှပ်လေးတစ်ဦး၏ နှိပ်စက်မှုကို ခံနေရခြင်း ဖြစ်သည်။

"တကယ်ကို အနိုင်ကျင့်လွန်းတယ်"

လင်ပုချိက သွားကြိတ်လိုက်သည်။ သူသည် ယခုအခါတွင် ရန်သူ့နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေရသူ ဖြစ်သဖြင့် သူ၏ အထောက်အထားကို ဗြောင်မပြနိုင်သလို၊ မသေမျိုးလှေ အုပ်စုကြီးကိုလည်း အင်တိုက်အားတိုက် မထိန်းချုပ်နိုင်သောကြောင့်သာ ဤကဲ့သို့သော လူယုတ်မာ၏ ကစားခြင်းကို ခံနေရခြင်း ဖြစ်သည်။

ထိုအချက်ကို တွေးမိသောအခါ လင်ပုချိက သက်ပြင်းရှည်ကြီးကို ချလိုက်ပြီးနောက် အသံကို နှိမ့်ကာ ဆိုလိုက်သည်။

"လုံမောက် ... မင်း ငါတို့နောက်ကို တစ်လမ်းလုံး တကောက်ကောက် လိုက်လာတာ ဘာကို လိုချင်လို့လဲ အရင်က ဖြစ်ခဲ့တဲ့ အထင်လွဲမှုအတွက် ငါတို့ တောင်းပန်ပြီးပြီ၊ လျော်ကြေးလည်း ပေးပြီးပြီလေ။ မင်းရဲ့ အဖေကိုယ်တိုင်တောင် ဒီကိစ္စကို ပြီးပြီလို့ သတ်မှတ်ထားတာကို ဘာလို့ မင်းက သီးသန့် ပြဿနာ လာရှာနေရတာလဲ ငါတို့ ပေးခဲ့တဲ့ မသေမျိုးကျောက်တုံး ၃၀၀၀ က မင်းတို့အတွက် မလုံလောက်သေးလို့လား "

သူ့ဘေးနားရှိ အခြားသော အမာခံတပည့်များမှာလည်း ဒေါသထွက်နေကြသည်။ ဖန့်ချန်နှင့် ဝမ်ယဲ့တို့သည် လီရှမ်းဇီ ပင်လျှင် ဤအဖွဲ့ထဲတွင် ပါဝင်နေသည်ကို သတိပြုမိလိုက်ကြသည်။

သို့သော် သူသည် အခြားသူများထက် ပို၍ အခြေအနေ ဆိုးရွားနေသည်။ သူ၏ ဘယ်ဘက်လက်မှာ ပြတ်တောက်နေပြီး ပြတ်တောက်သွားသည့် နေရာတွင် မီးတောက်များ မှိန်ပျပျ တောက်နေသည်။ တစ်စုံတစ်ရာသော ကြောက်မက်ဖွယ် စွမ်းအားက သူ၏ ကိုယ်ပေါ်တွင် ကပ်ငြိနေသဖြင့် ဒဏ်ရာကို ပြန်လည် မကုသနိုင်အောင် တားဆီးထားပုံရသည်။

"ငါတို့ လုံမိသားစုရဲ့ တည်နေရာကူးပြောင်းခြင်း အစီရင်ကို မင်းတို့ အတင်းတိုးဝင် သုံးခဲ့တာကို ကျောက်တုံး ၃၀၀၀ ထဲနဲ့ ပြီးသွားမယ်လို့ ထင်နေတာလား ငါ့အဖေ ဘာတွေးသလဲဆိုတာ ငါမသိဘူး၊ ငါသိတာကတော့ ဒီကိစ္စက အဲဒီလောက်နဲ့ မပြီးနိုင်ဘူး ဆိုတာပဲ"

လုံမောက်က အေးစက်စွာ ဆိုသည်။

လင်ပုချိ၏ မျက်နှာထားမှာ ခဏတာ ပြောင်းလဲသွားပြီးနောက် မေးလိုက်သည်။

"မင်း ဘာလုပ်စေချင်တာလဲ"

"ငါတို့ လုံမိသားစုရဲ့ စည်းကမ်းကို ဖျက်လို့မရဘူး။ မင်းတို့ အဲဒီနေ့က အတင်းဝင်လာတာကို လူတွေအများကြီး တွေ့ခဲ့ကြတာ။ ငါ့အဖေက သဘောထားကြီးလို့ မင်းတို့ကို အပြစ်မယူပေမဲ့ ငါ့ဆီမှာတော့ မင်းတို့ မလွတ်ဘူး။ မင်းတို့ အခုပဲ လာခဲ့တဲ့ လမ်းအတိုင်း ပြန်လှည့်သွားမလား... ဒါမှမဟုတ် မင်းတို့ရဲ့ ခေါင်းတွေကို ငါကိုယ်တိုင် ဖြတ်ပြီး ယူသွားရမလား"

လုံမောက်သည် လင်ပုချိ စီးနင်းလာသည့် မသေမျိုးလှေပေါ်မှ အလံကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"ကုန်သွယ်ရေးအသင်း အသေးစားလေးကများ ရဲတင်းလှချေလား၊ ငါတို့ လုံမိသားစုမှာ လူမရှိတော့ဘူးလို့ ထင်နေတာလား "

လင်ပုချိ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ ဤနေရာအထိ ခက်ခက်ခဲခဲ ရောက်လာပြီးမှ ပြန်လှည့်သွားရမည်လား ထိုသို့ လုံးဝ မဖြစ်နိုင်ချေ ထိုအချက်ကို တွေးမိကာ လင်ပုချိက အသံကို တည်ငြိမ်အောင် ထိန်းကာ ပြောလိုက်သည်။

"လုံမိတ်ဆွေ... ငါတို့ကို အချိန်နည်းနည်းလောက် ပေးပါ။ နောက်ပိုင်းကျရင် ငါတို့ကိုယ်တိုင် မင်းတို့အိမ်အထိ လာပြီး တောင်းပန်ပါ့မယ်။ တကယ်လို့ မရဘူးဆိုရင်လည်း ငါ့ကိုယ်ပေါ်မှာ ကျောက်တုံး ၃၀၀၀ ကျန်သေးတယ်၊ အဲဒါကို မင်းကို လျော်ကြေးအဖြစ် ပေးမယ်။ ငါတို့ လူအများကြီး မဟုတ်ပါဘူး၊ လူနည်းစုလေးက အစီရင်ကို တစ်ခါသုံးတာကို ကျောက်တုံး ၆၀၀၀ ဆိုတာ ဘယ်နေရာမှာပဲဖြစ်ဖြစ် အတော်လေး များတဲ့ ဈေးနှုန်းပါ"

"ငါက မင်းရဲ့ အဲဒီပိုက်ဆံအစုတ်တွေကို လိုချင်နေလို့လား "

လုံမောက်က မရယ်ဘဲ မနေနိုင်တော့ချေ

"အစက ပြောတဲ့အတိုင်းပဲ၊ အခုပဲ အဖမ်းခံပြီး လာတဲ့နေရာကို ပြန်သွားမလား၊ ဒါမှမဟုတ် သေမလား... တတိယ ရွေးချယ်စရာ မရှိဘူး"

စကားအဆုံးတွင် သူက ဖန့်ချန်တို့ ရှိနေသည့်ဘက်သို့ ရုတ်တရက် လှည့်ကြည့်ကာ လှမ်းအော်လိုက်သည်။

"မင်းတို့ကော ဘာကြည့်နေတာလဲ အခုပဲ ထွက်မသွားရင် မင်းတို့ မျက်လုံးတွေကို ဖောက်ပြီး ဝိုင်နဲ့ မြည်းပစ်မယ်"

ဟင်...

လင်ပုချိတို့ အဖွဲ့သည် ထိုအခါမှသာ ဖန့်ချန်တို့ကို သတိထားမိကာ လှမ်းကြည့်လိုက်ကြသည်။ သို့သော် နောက်တစ်ခဏ၌ သူတို့သည် ဖန့်ချန်တို့ကို မသိသည့်အလား အကြည့်များကို ချက်ချင်း ပြန်လွှဲလိုက်ကြသည်။ ဝမ်ယဲ့တို့ကတော့ လုံမောက်၏ စကားကို ဂရုမစိုက်ဘဲ ဖန့်ချန်ကိုသာ ကြည့်လိုက်ကြသည်။

ယနေ့တွင် ထိုအဆင့် ၇ ရှေးဟောင်းမသေမျိုးကို ရင်ဆိုင်နိုင်စွမ်း ရှိသူမှာ ဖန့်ချန်တစ်ဦးတည်းသာ ရှိသည်။

ထိုလူများက ဘာမှ မတုံ့ပြန်သည်ကို မြင်သောအခါ လုံမောက်၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားပြီး ရှေးဟောင်းမသေမျိုးဘက်သို့ လှည့်ပြောလိုက်သည်။

"မီးနတ်ဘုရား စီနီယာ... ဒီကောင်တွေက ထွက်သွားချင်ပုံ မရဘူး၊ သူတို့ကိုပါ တစ်ခါတည်း ရှင်းပစ်ပေးပါဦး"

လင်ပုချိမှာ စိုးရိမ်သွားပြီး ဖန့်ချန်တို့ဘက်သို့ လှည့်ကာ အလျင်အမြဲ အော်ပြောလိုက်သည်။

"ဒီကိစ္စက မင်းတို့နဲ့ ဘာမှမဆိုင်ဘူး၊ ဒီမှာ မနေနဲ့... အခုချက်ချင်း ထွက်သွားကြ "

"လုံမိတ်ဆွေ... ဒီလူရဲ့ ရည်ရွယ်ချက်က သူပြောသလိုမျိုး ရိုးရိုးရှင်းရှင်း မဟုတ်ဘူးဆိုတာ မင်း သတိမထားမိဘူးလား"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

လင်ပုချိ ခဏတာ ကြောင်သွားသည်။ လုံမောက်၏ မျက်ဝန်းထဲတွင်တော့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး အေးစက်မှုများ ပိုမို တိုးလာသည်။

"ဒီလောကမှာ မသေမျိုးကျောက်တုံး ၆၀၀၀ ကို မျက်စိထဲ မထည့်တဲ့သူ ဘယ်သူရှိမှာလဲ သူက အကြောင်းပြချက် ရှာနေတာပဲ။ မင်းက မိစ္ဆာဘက်တော်သား တော့ မဟုတ်ပါဘူးနော်၊ ဖားယားပြီး မျက်နှာလုပ်ချင်နေတာလား"

ဖန့်ချန်က လုံမောက်ကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

လုံမောက်က ရုတ်တရက် ရယ်မောလိုက်သည်

"ဒါဆိုရင် မင်းတို့ကလည်း ဝမ်သောက်မသေမျိုးဂိုဏ်းက လူတွေပဲပေါ့။ အဲဒါဆိုရင်တော့ မင်းတို့ကိုပါ တစ်ခါတည်း ဖမ်းပြီး ငါ့အတွက် အောင်မြင်မှု မှတ်တမ်းတင်ရမှာပေါ့။ မိစ္ဆာမဟာမိတ်အဖွဲ့ က လူကြီးတွေနဲ့ ရင်းနှီးအောင် မင်းတို့ကို ငါ့ရဲ့ ခြေနင်းတုံးအဖြစ် သုံးရမယ်"

စကားအဆုံးတွင် သူက အေးစက်စွာ အမိန့်ပေးလိုက်သည်။

"မီးနတ်ဘုရား စီနီယာ... ဘာလို့ လက်မလှုပ်သေးတာလဲ "

သို့သော် မီးနတ်ဘုရားက ဘာမှ ပြန်မပြောချေ။ လုံမောက် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်ရာ၊ မီးနတ်ဘုရား၏ ဘေးတွင် မည်သည့်အချိန်က ရောက်နေမှန်း မသိသည့် မိန်းမပျိုတစ်ဦး၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ သူမသည် သီလရှင်တစ်ဦးနှင့် တူနေပြီး သူမ၏ လက်က မီးနတ်ဘုရား၏ လည်ပင်းကို ညှစ်ထားလေသည်။

"သခင်လေး... ဒီကိစ္စက... ဆွေးနွေးစရာ ရှိသေးတယ် ထင်တယ်"

မီးနတ်ဘုရားက မျက်နှာတွင် အတင်းအကျပ် အပြုံးတစ်ခု လုပ်ယူကာ လုံမောက်ကို မျက်ရိပ်ပြလျက် ဆိုလိုက်လေတော့သည်။

All Chapters