အခန်း (၁၇၆၉-၁၇၇၀)
Vol. 177 Ch. 1769-1770
အခန်း (၁၇၆၉) - ထိုင်ပြီး သေသေချာချာ ဆွေးနွေးကြရအောင်
လုံမောက်သည် မီးနတ်ဘုရား၏ အတင်းအကျပ် ပြုံးနေရသော မျက်နှာထားကို ကြည့်ကာ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။
ရှေ့က သီလရှင်လေးက ဘယ်လို နောက်ခံမျိုး ရှိနေလို့လဲ... ရှေးဟောင်းမသေမျိုးကိုတောင် ဒီလောက် လွယ်လွယ်ကူကူ ထိန်းချုပ်ထားနိုင်ရတာလဲ...
"သီလရှင်လေး... ဒီလူကိုပဲ စောင့်ကြည့်ထားပေးပါ၊ ကျန်တဲ့သူတွေကိုတော့ ငါတို့ဘာသာ ရှင်းလိုက်မယ်"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
နောက်တစ်ခဏတွင် သူ၏ခြေဖောက်အောက်ရှိ မသေမျိုးလှေသည် လုံမောက်ရှိရာဘက်သို့ လျှပ်စီးကဲ့သို့ ပြေးဝင်သွားတော့သည်။ ဝမ်ယဲ့တို့အဖွဲ့မှာလည်း ထိုမြင်ကွင်းကို မြင်သည်နှင့် ချက်ချင်းပင် တုံ့ပြန်ကာ လိုက်ပါတိုက်ခိုက်ကြသည်။
လင်ပုချိမှာ ခဏမျှ ကြောင်အသွားသော်လည်း နောက်တစ်ခဏ၌ ဘာဖြစ်နေသည်ကို သဘောပေါက်သွားသည်။ သူသည် ရင်ထဲ၌ နှစ်ရှည်လများ အောင်းထားရသည့် ထိတ်လန့်တုန်လှုပ်မှုများကို ဖိနှိပ်လိုက်ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"တိုက်ကြစမ်း"
နှစ်ပေါင်းများစွာ စုပုံနေသည့် နာကျည်းချက်များကို ယနေ့တွင်မှ ဖွင့်ထုတ်ခွင့်ရပြီ ဖြစ်ရာ သူသည် ဒဏ်ရာရထားသော်လည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
နှစ်ဖက်စလုံးမှ အမာခံတပည့်များ ပေါင်းလိုက်ပါက ဆယ်ဂဏန်းခန့် ရှိပြီး ၎င်းတို့ထဲတွင် ဝမ်ယဲ့ကဲ့သို့ အဆင့် ၆ မသေမျိုး ကျွမ်းကျင်သူများလည်း ပါဝင်သည်။ တစ်ဖက်လူမှာ အရေအတွက်အားဖြင့် များပြားသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ နယ်မြေနှစ်ခုမှ အမာခံတပည့်များကို ယှဉ်နိုင်စွမ်း မရှိကြချေ။
မီးနတ်ဘုရားမှာ ချင်းဟယ်သီလရှင် ၏ ချုပ်နှောင်မှုကို ခံထားရသဖြင့် လက်မလှုပ်နိုင်တော့ပေ။ လုံမောက်သည် အခြေအနေမဟန်သည်ကို မြင်သောအခါ သွားကြိတ်ကာ လူများကို တားဆီးခိုင်းရင်း အသံကုန် အော်ဟစ်တော့သည်။
"ထိုင်ပြီး သေသေချာချာ ဆွေးနွေးကြရအောင် အလျင်စလို မလုပ်ကြပါနဲ့ ထိုင်ပြီး အေးအေးဆေးဆေး ပြောကြရအောင်ပါ "
"ဆွေးနွေးတာ မင်းအဖွားကို သွားဆွေးနွေးလိုက် "
လင်ပုချိသည် လူတိုင်း၏ ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး လက်နှစ်ဖက်ဖြင့် ဓားကို အလျင်အမြန်ဖော်ဆောင်လိုက်သည်။ ထိုအခါ အနက်ရောင်နှင့် အဖြူရောင် ဓားနှစ်စင်းသည် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ကြောက်မက်ဖွယ် မသေမျိုးစွမ်းအင်များနှင့်အတူ လုံမောက်ထံသို့ တိုးဝင်သွားတော့သည်။
လုံမောက်၏ ကျင့်စဉ်အဆင့်မှာ လင်ပုချိကို ယှဉ်နိုင်စွမ်း မရှိချေ။ ယခင်က လင်ပုချိတို့အဖွဲ့ကို လိုက်လံတိုက်ခိုက်နိုင်ခဲ့ခြင်းမှာ မီးနတ်ဘုရား ရှိနေသောကြောင့်သာ ဖြစ်သည်။ ယခု မီးနတ်ဘုရားက လက်မလှုပ်နိုင်တော့သဖြင့် သူသည် လင်ပုချိ၏ သတ်ကွက်များကို အခြားသူများ၏ အကူအညီဖြင့် အသည်းအသန် ရှောင်ရှားနေရသော်လည်း ချက်ချင်း အသက်မပျောက်သွားခြင်းမှာ ကံကောင်းလှပြီ ဖြစ်သည်။
"စီနီယာ... လူငယ်တွေကြားက အထင်လွဲမှုဆိုတာ ဘာမှမဟုတ်ပါဘူး၊ ရန်ငြိုးကို အေးငြိမ်းပြီး မိတ်ဆွေဖွဲ့ကြရင် ဘယ်လိုလဲ"
မီးနတ်ဘုရားသည် လုံမောက် အန္တရာယ်ကြုံနေသည်ကို မြင်သောအခါ အတင်းအကျပ် ပြုံးလျက် ချင်းဟယ်ကို ကြည့်ကာ စေ့စပ်ညှိနှိုင်းရန် ကြိုးစားလိုက်သည်။
"ဒါကိုတော့ ဖန့်သခင်လေး ကိုပဲ မေးကြည့်ပါ"
ချင်းဟယ်က ဆိုသည်။
ဖန့်သခင်လေး...
ဘယ်သူလဲ...
မီးနတ်ဘုရား၏ မျက်ဝန်းထဲတွင် ဝေဝေဝါးဝါး ဖြစ်သွားသည်။
သူပြောသည့် ဖန့်သခင်လေး မှာ မည်သူဖြစ်ကြောင်း မီးနတ်ဘုရား မသိသေးမီမှာပင် တိုက်ပွဲမှာ အဆုံးသတ်ရန် နီးကပ်နေပြီ ဖြစ်သည်။ လုံမောက်၏ လက်အောက်ခံ ကျင့်ကြံသူ အများစုမှာ သေဆုံးသွားကြပြီဖြစ်ပြီး မသေသေးသူများမှာလည်း လက်နက်ချကာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြရပြီ ဖြစ်သည်။
လုံမောက်ကိုယ်တိုင်ပင်လျှင် ယခုအခါ လင်ပုချိ၏ ခြေထောက်အောက်တွင် အနင်းခံထားရသည်။ သူ၏ မျက်နှာတစ်ခြမ်းမှာ မြေပြင်နှင့် ကပ်နေပြီး နင်းခြေခံထားရသဖြင့် ရုပ်ဆင်းသဏ္ဌာန်ပင် မမှတ်မိနိုင်တော့ပေ။ သူ၏ ဘေးတွင် အမြဲရှိနေတတ်သော ကျင့်ကြံသူ အနည်းငယ်မှာလည်း အစောကတည်းက အသတ်ခံလိုက်ရပြီ ဖြစ်သည်။
"မင်း... မင်းတို့တွေ အဆင်ခြင်မဲ့ မလုပ်ကြနဲ့ဦး၊ ငါ့ကို သတ်လိုက်ရင် မိစ္ဆာမဟာမိတ်အဖွဲ့က ဒီကိစ္စကို သေချာပေါက် စုံစမ်းလိမ့်မယ် "
လုံမောက်သည် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ မသေမျိုးအဆင့်သို့ ရောက်ရှိထားပြီး နောက်ခံမှာလည်း အလွန်ကောင်းမွန်လှသူ ဖြစ်ရာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်မျိုးနှင့် သူ ဘယ်တုန်းကမှ မကြုံဖူးခဲ့ချေ။ ယခုအခါ သူ၏ အသက်မှာ သူတစ်ပါးလက်ထဲတွင် ရှိနေပြီ ဖြစ်သဖြင့် သူ၏ တည်ငြိမ်မှုများ အားလုံး ပျောက်ကွယ်သွားရပြီ ဖြစ်သည်။
"သေချာတာပေါ့... မင်းက ငါတို့ရဲ့ အထောက်အထားကို အစောကတည်းက သိနေခဲ့တာပဲ"
လင်ပုချိ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားပြီး ခြေထောက်ကို ပို၍ ဖိနင်းလိုက်သည်။ လုံမောက်၏ ဦးခေါင်းခွံ တဖြည်းဖြည်း အက်ကွဲလာသည့် အသံကို လူတိုင်း သဲ့သဲ့မျှ ကြားလိုက်ကြရသည်။
"ခဏနေဦး ငါ့အဖေက မင်းတို့ကို လွှတ်ပေးခဲ့တာကို ထောက်ထားပြီး ငါ့အသက်ကို ချမ်းသာပေးပါ "
လုံမောက်က အသံတုန်တုန်ယင်ယင်ဖြင့် အသည်းအသန် အသနားခံလိုက်သည်။
"လင်ပုချိ... ဒါက ဘာဖြစ်တာလဲ ငါတို့သာ မရောက်လာရင် မင်းတို့တော့ ဒီမှာတင် ဇာတ်သိမ်းသွားတော့မှာပဲ"
ရှန်ယွဲ့ကွမ်းက လျှောက်လာပြီး အားရပါးရ ရယ်မောကာ ဆိုသည်။
ထိုအချိန်တွင် လီရှမ်းဇီသည်လည်း ဖန့်ချန်၊ ဝမ်ယဲ့တို့နှင့် ပြန်လည် ဆုံတွေ့ခဲ့ပြီး ဖြစ်ရာ ဖန့်ချန်သည် သူ၏ စကားမှတစ်ဆင့် ဘာဖြစ်ခဲ့သည်ကို သိရှိသွားပြီ ဖြစ်သည်။ လင်ပုချိသည် လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာများ ဖြစ်ကြသော်လည်း နတ်ဘုရားဘုရင်နယ်မြေမှ အမာခံတပည့်များကိုတော့ သူ သိပ်မသိချေ။
သူသည် ရှန်ယွဲ့ကွမ်း၏ လှောင်ပြောင်မှုကို စိတ်မဆိုးဘဲ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"လမ်းတစ်လျှောက်မှာ ငါတို့တွေ ဆက်တိုက် လိုက်လံတိုက်ခိုက်ခံခဲ့ရတာ။ နောက်ဆုံးတော့ ငါ့ရဲ့ အဆက်အသွယ်တွေကို သုံးပြီး လုံမိသားစု ခေါင်းဆောင်ကို ပြဇာတ်တစ်ပုဒ် အတူကပြခိုင်းပြီးတော့မှ နယ်စပ်ကို ကျော်လာနိုင်ခဲ့တာ။
ဒါပေမဲ့ ဒီကောင်က မကျေနပ်ဘဲ တစ်လမ်းလုံး လိုက်သတ်နေတာလေ။ အစကတော့ အဲဒီပြဇာတ်ကြောင့် လုံမိသားစုရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားလို့ တကယ် စိတ်ဆိုးနေတာ ထင်ခဲ့တာ။ အခုကြည့်ရတာတော့ သူက ငါတို့ရဲ့ ခေါင်းတွေကို ယူပြီး မိစ္ဆာမဟာမိတ်အဖွဲ့မှာ ရာထူးတက်ဖို့ ကြံစည်နေတာပဲ"
ပြောနေရင်း လင်ပုချိမှာ ပို၍ ဒေါသထွက်လာကာ လုံမောက်၏ ခေါင်းကို ခြေဖျားဖြင့် ပို၍ နင်းခြေလိုက်သည်။ နာကျင်လွန်းသဖြင့် လုံမောက်၏ နားထင်မှ အကြောများမှာ ဖောင်းတက်လာပြီး ချွေးသီးချွေးပေါက်များ ကျလာတော့သည်။
"သူ့အဖေက မင်းနဲ့ ပြဇာတ်ကဖို့ သဘောမတူဘဲ ဒီကောင်ကို လွှတ်ပြီး လိုက်သတ်ခိုင်းတာများလား ထိုက်ချန်းနယ်မြေကိစ္စ ပြီးသွားရင် ငါတို့ မင်းနဲ့အတူ လုံမိသားစုဆီ သွားကြည့်ပေးမယ်။ အဲဒီအချိန်ကျရင်တော့ ငါတို့တွေ ခိုးကြောင်ခိုးဝှက် သွားနေစရာ မလိုတော့ဘူးပေါ့"
ရှန်ယွဲ့ကွမ်းက ပြုံးလျက် ဆိုသည်။
လုံမောက်၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။ ရှန်ယွဲ့ကွမ်း၏ စကားကြောင့် မီးနတ်ဘုရား၏ မျက်လုံးများလည်း အကြိမ်ကြိမ် လှုပ်ရှားသွားသည်ကို တစ်စုံတစ်ဦးက သတိပြုမိလိုက်သည်။
"တကယ်ပဲ... မင်းတို့က ငါတို့ရဲ့ အထောက်အထားကို သိနေခဲ့တာပဲ"
အမာခံတပည့် တစ်ဦးက ဒေါသတကြီးဖြင့် ရယ်မောလိုက်သည်။
"အခုက ထူးခြားတဲ့ ကာလဖြစ်နေလို့သာပေါ့၊ မဟုတ်ရင် ငါတို့ထဲက ဘယ်သူပဲဖြစ်ဖြစ် ထွက်လာခဲ့ရင် မင်းတို့တွေ ခါးကိုင်းပြီး စကားပြောရမှာ။ အခုတော့ တစ်လမ်းလုံး ခွေးတစ်ကောင်လို လိုက်သတ်ခံနေရတာ ရုပ်ပျက်လှချေလား"
မီးနတ်ဘုရား၏ မျက်နှာ ပျက်သွားပြီး တိုးတိုးလေး ဆင်ခြေပေးရန် ကြိုးစားသော်လည်း မည်သူကမျှ နားမထောင်ကြချေ။
"ကဲ... ထားလိုက်ပါတော့။ ဒီကောင်ကို သတ်မှာလား၊ ချန်ထားမှာလားဆိုတာ ဖန့်ငရဲမင်းကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ရအောင်"
ရှန်ယွဲ့ကွမ်းက လက်ကာပြလိုက်သည်
"ခြေထောက်ကို နည်းနည်းလျှော့နင်းပါဦး၊ သေသွားဦးမယ်။ ဖန့်ငရဲမင်းက တစ်ခုခု မေးချင်နေဦးမလား မသိဘူးလေ"
"ဖန့်ငရဲမင်း..."
လင်ပုချိတို့ အဖွဲ့သည် ဖန့်ချန်ဘက်သို့ အံ့ဩတကြီး လှည့်ကြည့်လိုက်ကြသည်။ ခဏအကြာတွင် သူတို့၏ ပါးစပ်များမှာ ဟသွားကြပြီး လွန်ခဲ့သော နှစ်အနည်းငယ်က ကမ္ဘာကျော်ခဲ့သော ထူးခြားသည့် ဖြစ်ရပ်ဆန်းကြီး၏ အဓိကဇာတ်ဆောင်၊ လက်ရှိ 'ငရဲမင်း' ဖြစ်ကြောင်း မှတ်မိသွားကြတော့သည်။
လီရှမ်းဇီ၏ စိတ်ခံစားမှုမှာ အရှုပ်ထွေးဆုံးပင်။ သူသည် ဖန့်ချန်နှင့် အစောကတည်းက သိကျွမ်းခဲ့သူ ဖြစ်ရာ ထိုစဉ်ကပင် တစ်ဖက်လူမှာ ငရဲမင်းအမွေဆက်ခံသူ ဖြစ်နေခဲ့သည်ကို သူ တွေးပင် မတွေးမိခဲ့ချေ။ ထိုစဉ်က ဖန့်ချန်မှာ ဘာမှ သတိထားစရာ မရှိလောက်အောင်ပင် သာမန်အတိုင်း ရှိနေခဲ့သည် မဟုတ်ပါလော။
"ဖန့်ငရဲမင်း... မတွေ့ရတာ ကြာပြီနော်။ တာ့လေယင်မှာ ခွဲခွာခဲ့တာ နှစ်ပေါင်း ရာနဲ့ချီ ရှိသွားပြီပဲ"
လင်ပုချိက သူ၏ခြေထောက်ကို ဖယ်လိုက်ပြီး မျက်နှာတွင် လွမ်းဆွတ်မှုများဖြင့် ဖန့်ချန်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"လက်ရှိကိစ္စကို အရင်ရှင်းပြီးမှပဲ အတိတ်အကြောင်းတွေ ပြောကြတာပေါ့"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
"ဖန့်ငရဲမင်းက သူတို့ကို ဘယ်လို စီရင်မလဲ သတ်မှာလား၊ ချန်ထားမှာလား "
လင်ပုချိက မေးလိုက်သည်။
ချက်ချင်းပင် လူတိုင်း၏ အကြည့်မှာ ဖန့်ချန်ထံသို့ ရောက်သွားကြသည်။ ထိုလုံမောက်ပင်လျှင် အပါအဝင် ဖြစ်သည်။ သူသည် ယခုအခါ ရှေ့ကလူမှာ မည်သူဖြစ်ကြောင်း သိရှိသွားပြီ ဖြစ်ရာ ကြောက်လွန်းသဖြင့် အသဲနှလုံးပင် ကွဲထွက်မတတ် ဖြစ်နေရပြီ ဖြစ်သည်။
အကယ်၍ ဤသူဖြစ်ကြောင်းသာ သူ အစောကတည်းက သိခဲ့လျှင် မည်သည့်အခါမျှ အတင့်ရဲရဲ စကားပြောခဲ့မည် မဟုတ်ပေ။ ရှေးဟောင်းခေတ်တွင် ငရဲမင်းဆိုသည်မှာ သုံးလောကတွင် အလွန်ကျော်ကြားသည့် ထိပ်တန်းပုဂ္ဂိုလ်ကြီး ဖြစ်ပြီး သာမန် အဆင့် ၉ ကျင့်ကြံသူများနှင့်ပင် ယှဉ်၍ ရသော တည်ရှိမှုမျိုး မဟုတ်ချေ။
"ဘယ်လို စီရင်ရမှာလဲ... အကုန်သတ်လိုက်"
ဖန့်ချန်က အေးစက်စွာ ဆိုသည်။
"ဖန့်ငရဲမင်းကို ကျေးဇူးတင်ပါတယ် "
လင်ပုချိတို့ အဖွဲ့သည် ချက်ချင်း ဝမ်းသာသွားကြပြီး သတ်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။ ရှန်ယွဲ့ကွမ်းတို့ကလည်း ထိုမြင်ကွင်းကို ကြည့်ကာ ဝိုင်းကူပေးကြသည်။
ခဏအတွင်းမှာပင် ထိုမသေမျိုးလှေပေါ်တွင် အသက်ရှင်သူ တစ်ဦးမျှ မကျန်တော့ချေ။ မြေပြင်ပေါ်တွင်တော့ ဝေဝေဝါးဝါး ဖြစ်နေသော ဝိညာဉ်များသာ ရှိတော့ရာ ၎င်းတို့ကို ဖန့်ချန်က ယင်ဘူးဖြင့် သိမ်းဆည်းလိုက်သည်။
"ဖန့်သခင်လေး.. ဒီလူကော"
ချင်းဟယ်က မီးနတ်ဘုရားကို ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော်..."
"ရှေးဟောင်းမသေမျိုးရဲ့မှတ်တမ်း ကို နယ်မြေကိုးခုအတွက် အသုံးဝင်မယ့်သူဆီမှာပဲ ရှိသင့်တယ်"
မီးနတ်ဘုရား၏ စကားမဆုံးမီမှာပင် ဖန့်ချန်က ကြားဖြတ် ပြောလိုက်သည်။
ခဏအကြာတွင် သူ၏ ရှေးဟောင်းမသေမျိုးမှတ်တမ်း ကို ဖန့်ချန်က သိမ်းယူလိုက်ပြီး လွတ်မြောက်ရန် ကြိုးစားနေသော သူ၏ ဝိညာဉ်ကိုလည်း ယင်ဘူး က ဝါးမျိုသွားတော့သည်။ လုံမောက် ယူဆောင်လာသည့် မသေမျိုးလှေကြီးကိုလည်း ဝမ်ယဲ့တို့အဖွဲ့က အပိုင်းပိုင်း ဖျက်ဆီးပစ်လိုက်ကြရာ နောက်ဆုံးတွင်တော့ မည်သည့် သဲလွန်စမျှ မကျန်တော့ချေ။
လင်ပုချိတို့အဖွဲ့သည် ချင်းဟယ်၏ နောက်ခံကို မမေးဝံ့ကြသော်လည်း သူမကို မကြာခဏ ခိုးကြည့်မိကြပြီး ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်နေကြသည်။
အားလုံး ပြီးစီးသွားသောအခါ လူတိုင်းသည် ခရီးကို ဆက်လက် ထွက်ခွာခဲ့ကြသည်။
ဝမ်ယဲ့တို့အဖွဲ့မှာ လမ်းတစ်လျှောက်တွင် အလွန်ချောမွေ့ခဲ့ကြောင်း သိလိုက်ရသောအခါ လင်ပုချိတို့မှာ အားကျသွားကြရင်း ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းကိုလည်း သဘောပေါက်သွားကြတော့သည်။
အခန်း (၁၇၇၀) - ဆယ်ရက်စောနေတယ်
ဖေးယွီကြယ်စုတန်း၊ ချီဆန်းဝမ်ထျန်းမျှော်စင်
မသေမျိုးလှေများစွာသည် ကောင်းကင်ယံမှ တစ်စင်းပြီးတစ်စင်း ပေါ်ထွက်လာပြီး ဤနေရာသို့ အစီအရီ ဆိုက်ရောက်လာကြသည်။ ဤနေရာတွင် နှင်းများ ကျဆင်းနေပြီး ပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်းရှိ နယ်မြေတစ်ခုလုံးမှာ ဆီးနှင်းဖြူဖြူများဖြင့် ဖုံးလွှမ်းနေလေသည်။
"နှင်းကျနေတာပဲ"
ဖန့်ချန်သည် ကျဆင်းလာသော နှင်းပွင့်တစ်ပွင့်ကို လက်ဖဝါးဖြင့် ညင်သာစွာ ခံယူလိုက်ပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဆယ်ရက်တောင် စောနေပါလား"
ထိုအချိန်တွင် ဝမ်ထျန်းမျှော်စင်ပေါ်၌ လူရိပ်အချို့ ရပ်နေကြသည်။ သူတို့သည် ဤမသေမျိုးလှေများ ဆိုက်ရောက်လာသည်ကို မြင်သောအခါ သူတို့၏ မျက်ဝန်းထဲ၌ ဖျော့တော့သော အပြုံးရိပ်များ အသီးသီး ပေါ်လာကြသည်။
လူကောင်ကြီးမားသော အမျိုးသားတစ်ဦးသည် ဝမ်ထျန်းမျှော်စင်အတွင်းမှ ပျံသန်းထွက်ခွာလာပြီး ဖန့်ချန်တို့အဖွဲ့ကို ဝေဟင်၌ ရပ်တန့်ကာ စောင့်ကြိုနေသည်။
"ချင်ခုန်းတောင် က အကြီးကဲ ပါ၊ အမာခံတပည့်များအားလုံးကို နှုတ်ခွန်းဆက်သပါတယ်"
အကြီးကဲက လက်အုပ်ချီကာ ဆိုသည်။
"အကြီးအကဲ "
လီယန်ကျွင်းသည် ထိုစကားကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။
"လမ်းတစ်လျှောက်မှာ အဆင်ပြေပြေ ရောက်လာကြရဲ့လား"
ချွီအကြီးကဲက လီယန်ကျွင်းကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
"အဆင်ပြေပါတယ်လို့ပဲ ပြောရမှာပေါ့..."
လီယန်ကျွင်းက သက်ပြင်းချရင်း ဆိုသည်။ ဤနေရာသို့ ရောက်ပြီဖြစ်ရာ သူတို့၏ တာဝန်မှာလည်း ပြီးဆုံးပြီဟု ဆိုနိုင်သည်။
ကျန်ရှိနေသော အမာခံတပည့်များမှာမူ မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ ပတ်ဝန်းကျင် တစ်ဝိုက်ကို အကဲခတ်နေကြသည်။ သူတို့သည် ဤနေရာတွင် ရင်းနှီးသော ကျင့်ကြံသူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရချေ။
"စီနီယာအစ်မကြီး (ရှဲ့အာမန်) ဒီမှာ မရှိဘူးလား"
ဖန့်ချန်က ဝမ်ယဲ့ကို တစ်ချက် ကြည့်လိုက်သည်။
ဝမ်ယဲ့ကလည်း ဇဝေဇဝါ ဖြစ်နေသည့် ပုံစံဖြင့် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
"စီနီယာအစ်မကြီး ဘယ်နေရာမှာ ရှိနေသလဲဆိုတာ ငါလည်း မသိဘူး။ ဒါပေမဲ့ သူသာ ဒီမှာရှိနေရင် ငါတို့ကို ထွက်ကြိုမှာပဲ"
သူ၏ ဆိုလိုရင်းမှာ ရှဲ့အာမန် ဤနေရာတွင် မရှိသည်မှာ သေချာသလောက် ရှိနေခြင်းပင်။
"အမာခံတပည့်တို့... ဒီလူတွေကို ကျွန်တော်တို့ဆီ လွှဲပေးလိုက်ပါ၊ မင်းတို့ရဲ့ တာဝန်က ဒီမှာတင် ပြီးဆုံးပါပြီ။ အခုကစပြီး ကျွန်တော်တို့ရဲ့ အလုပ်ဖြစ်သွားပြီ။ မင်းတို့အားလုံး ဖေးယွီကြယ်စုတန်းမှာ အေးအေးဆေးဆေး အနားယူလို့ ရပါပြီ"
ချွီအကြီးကဲက ပြုံးလျက် ဆိုသည်။
"မဟုတ်သေးဘူးလေ... ကျွန်တော့်ရဲ့ တာဝန်က ထိုက်ယီမသေမျိုးဂိုဏ်း က ပေးထားတာ။ ကျွန်တော် ခေါ်လာတဲ့လူတွေကို ထိုက်ယီမသေမျိုးဂိုဏ်း က ကျင့်ကြံသူတွေဆီမှာပဲ လွှဲပေးရမှာပါ"
ရှန်ယွဲ့ကွမ်းက မျက်မှောင်ကြုတ်ကာ ဆိုသည်။
အမာခံတပည့် အများအပြားကလည်း ထိုစကားကို ထောက်ခံကြပြီး ချွီအကြီးကဲကို မယုံကြည်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။ လီယန်ကျွင်းသည် ဤအခြေအနေကို မြင်သောအခါ ဘာပြောရမှန်း မသိတော့ချေ။ သူ၏ စိတ်ထဲတွင်လည်း သံသယအချို့ ရှိနေသည်။ ပုံမှန်ဆိုလျှင် ဤနေရာတွင် ဂိုဏ်းပေါင်းစုံမှ လူများ ရှိနေသင့်သည် မဟုတ်ပါလော။
"အားလုံးပဲ နားထောင်ကြပါဦး... ဒီလိုပါ။ ဒီတစ်ခါ တာဝန်က မင်းတို့ ထင်ထားတာထက် အများကြီး ပိုခက်ခဲပါတယ်။ မင်းတို့က ပထမအဆင့်ကို ဖြတ်ကျော်လာတာပဲ ရှိသေးတာ၊ အခုကစပြီး ဒုတိယအဆင့်ကို ကျွန်တော်တို့က ဆက်သွားရမှာ။ အဲဒီနောက်မှာ တတိယအဆင့်၊ စတုတ္ထအဆင့်တွေ ရှိပါသေးတယ်"
ချွီအကြီးကဲက စိတ်ရှည်လက်ရှည် ရှင်းပြနေသည်
"ဒါကြောင့် ဝမ်ယွဲ့မျှော်စင်မှာ ရှိနေတဲ့သူတွေက အစိတ်အပိုင်း တစ်ခုပဲ ရှိသေးတာ။ မင်းတို့နဲ့ ရင်းနှီးတဲ့ ကျင့်ကြံသူအချို့က နောက်တစ်ဆင့်မှာ စောင့်နေကြတာပါ"
ထိုသို့လား...
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ ရရှိထားသော တာဝန် အသေးစိတ်ထဲတွင် ဤအချက်ကို မည်သူကမျှ အသိပေးထားခြင်း မရှိချေ။ သို့သော် သူတို့ ချက်ချင်းပင် တွေးမိသည်မှာ... အထက်လူကြီးများက သူတို့ အဖမ်းခံရပါက နှိပ်စက်စစ်ဆေးခံရမည်ကို စိုးရိမ်သဖြင့် ဤသတင်းအချက်အလက်ကို လျှို့ဝှက်ထားခြင်း ဖြစ်ပေလိမ့်မည်။
"သက်သေ အထောက်အထား ရှိလား သက်သေမရှိရင် ကျွန်တော်တို့ လူတွေကို လွှဲမပေးနိုင်ဘူး"
ဝမ်ယဲ့က လေးနက်စွာ ဆိုသည်။
"ရှိတာပေါ့"
ချွီအကြီးကဲသည် ကျောက်စိမ်းပြား အချို့ကို ထုတ်ယူလိုက်ပြီးနောက် မည်သူက မည်သည့်အဖွဲ့မှ ဖြစ်သည်ကို မေးမြန်းကာ အဖွဲ့တစ်ခုချင်းစီသို့ ကျောက်စိမ်းပြား တစ်ပြားစီ ပေးအပ်လိုက်သည်။
ကျွယ်မင်နန်းတော် ဘက်မှ ကျောက်စိမ်းပြားကိုတော့ ဖန့်ချန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ကျောက်စိမ်းပြားကို ပေးအပ်ချိန်တွင် ချွီအကြီးကဲက ဖန့်ချန်ကို 'ဖန့်ငရဲမင်း' ဟု ယဉ်ကျေးစွာ ခေါ်ဆိုခဲ့သည်။ ဖေးယွီကြယ်စုတန်းတွင်လည်း ထူးခြားသည့် ဖြစ်ရပ်ဆန်းကြီး ဖြစ်ပေါ်ခဲ့ဖူးသဖြင့် တစ်ဖက်လူက ဖန့်ချန်၏ အထောက်အထားကို သိရှိနေခြင်းမှာ သိသာလှသည်။
ဖန့်ချန်သည် ကျောက်စိမ်းပြားကို ယူကာ စိတ်အာရုံဖြင့် ကြည့်လိုက်ရာ ၎င်းအတွင်း၌ ရှဲ့အာမန် ချန်ထားရစ်ခဲ့သည့် ပုံရိပ်ယောင်တစ်ခုကို တွေ့လိုက်ရသည်။
ဒီလူတွေကို ဝမ်ယွဲ့မျှော်စင်မှာ လွှဲပေးလိုက်ပါ၊ သူတို့က ယုံကြည်ထိုက်သူတွေပါ။ အဲဒီနောက်မှာ မင်းတို့တွေ ဖေးယွီကြယ်စုတန်းမှာ အေးအေးဆေးဆေး အနားယူလိုက်ကြ။ ထိုက်ချန်းနယ်မြေက မင်းတို့ရဲ့ တာဝန် ပြီးဆုံးသွားပါပြီ။ ကျန်တဲ့ ကိစ္စတွေကိုတော့ ငါတို့ဘာသာ ဆက်လုပ်သွားပါ့မယ်။
ဖန့်ချန်က ကြည့်ပြီးနောက် ကျောက်စိမ်းပြားကို ဝမ်ယဲ့တို့ထံ လွှဲပေးလိုက်သည်။ လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ကြည့်ရှုကြသော်လည်း ရင်ထဲ၌ သံသယများ ရှိနေဆဲပင်။
ကျောက်စိမ်းပြားအတွင်းမှ ပုံရိပ်ယောင်ကို အတုလုပ်၍ ရနိုင်သည် မဟုတ်ပါလော။ အဓိကမှာ သူတို့ ဤနေရာသို့ မလာမီက ဂိုဏ်းပေါင်းစုံမှ အထက်လူကြီးများကို မြင်တွေ့ရမည်ဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။ ယခုမူ ဤသည်မှာ ပထမအဆင့်သာ ရှိသေးသည်ဟု ဆိုလာသည်။
"တကယ်လို့ ဒါက ပထမအဆင့်ပဲ ရှိသေးတယ်ဆိုရင် ဒုတိယအဆင့်မှာ ပို့ဆောင်ပေးမယ့်သူတွေက ဘယ်သူတွေလဲ အဲဒီမှာလည်း ဂိုဏ်းပေါင်းစုံက အမာခံတပည့်တွေ ရှိသင့်တာပေါ့"
ရှန်ယွဲ့ကွမ်းက မျက်မှောင်ကြုတ်ကာ ဆိုသည်။
"ဒုတိယအဆင့်မှာ ပို့ဆောင်ပေးမယ့်သူတွေ အကြောင်းကို လူသိနည်းလေ ပိုကောင်းလေပဲ။ သူတို့ရဲ့ အထောက်အထားက လုံးဝ လျှို့ဝှက်ချက်ပဲ၊ ဒီမှာ ကျန်ခဲ့တဲ့ ငါတို့လို အဖိုးကြီး အနည်းငယ်ပဲ သိတာ။ မင်းတို့လက်ထဲက လူတွေကို ယူပြီးရင် ငါတို့က သူတို့ဆီ လွှဲပေးရမှာ၊ ဒါပေမဲ့ သူတို့က အခု ဝမ်ယွဲ့မျှော်စင်မှာ မရှိကြဘူး"
ချွီအကြီးကဲက ပြုံးလျက် ဆိုသည်
"ညီလေး... ဒီကျောက်စိမ်းပြားတွေက မင်းတို့ကို ယုံကြည်အောင် မလုပ်နိုင်သေးဘူးလား "
"ကိစ္စက အလွန်ကြီးမားလွန်းလို့ပါ၊ ဒီကိုလာတဲ့ လမ်းမှာ ကျွန်တော်တို့တွေ အတော်လေး ဒုက္ခခံခဲ့ရတာ။ ဒီတာဝန်က ဒီလောက် အရေးကြီးနေမှတော့ ကျွန်တော်တို့ လူတွေကို လွယ်လွယ်နဲ့ လွှဲမပေးရဲဘူး"
ဝမ်ယဲ့က အေးစက်စွာ ဆိုသည်
"ကျွန်တော်တို့ ကျွယ်မင်နန်းတော်က အကြီးအကဲ တစ်ယောက်ယောက်သာ မျက်မြင်ကိုယ်တွေ့ ရှိနေရင်တော့ ကျွန်တော်တို့ ဒီလောက်အထိ စိုးရိမ်နေမှာ မဟုတ်ပါဘူး"
"ဖန့်ငရဲမင်း... ဒီနေရာက တစ်ခုခုတော့ မှားနေပြီ"
ယဲ့ချင်းချူးက ရုတ်တရက် မျက်မှောင်ကြုတ်ကာ ဖန့်ချန်ကို ကြည့်၍ ဆိုသည်။
ရှန်ယွဲ့ကွမ်းက အလျင်အမြဲ မေးလိုက်သည်
"ယဲ့အမာခံတပည့်... ဘာမှားနေတာကို မြင်လို့လဲ "
"မမြင်ပါဘူး၊ စိတ်အာရုံအရ ပြောတာပါ" ယဲ့ချင်းချူးက ပြန်ဖြေသည်။
လီယန်ကျွင်း၏ မျက်နှာတွင် ခါးသက်သော အပြုံးတစ်ခု ပေါ်လာသည်။
"အားလုံးပဲ... ဒီပုဂ္ဂိုလ်က ကျွန်တော်တို့ ချင်ခုန်းတောင်က အကြီးအကဲ ချွီ အစစ်အမှန်ပါပဲ။ သူ ငါတို့ကို လိမ်မှာ မဟုတ်ပါဘူး"
"ဘယ်လိုပဲဖြစ်ဖြစ်... ငါတို့ကို တကယ် ယုံကြည်အောင် မလုပ်နိုင်သရွေ့တော့ ငါတို့ လူတွေကို လွှဲမပေးဘူး"
အမာခံတပည့် တစ်ဦးက အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
"အချိန်မီ မပို့နိုင်လို့ ဒီတာဝန် ပျက်စီးသွားရင် ဘယ်လောက်အထိ ကြီးမားတဲ့ အပြစ်ဒဏ် ခံရမလဲဆိုတာ မင်းတို့ သိကြရဲ့လား"
ချွီအကြီးကဲ၏ မျက်မှောင်မှာ အနည်းငယ် ကြုံ့သွားသည်။
"အစကတည်းက မင်းတို့ ရရှိထားတဲ့ တာဝန်က လူတွေကို ဖေးယွီကြယ်စုတန်း ချီဆန်းဝမ်ထျန်းမျှော်စင်ကို ပို့ဖို့ပဲလေ။ အခု ဒီနေရာကို ရောက်ပြီပဲ၊ လူတွေကို လွှဲပေးလိုက်ရင် မင်းတို့ တာဝန် ပြီးပြီပေါ့၊ ဘာလို့ ဟိုဟာ သံသယဝင်၊ ဒီဟာ သံသယဝင် ဖြစ်နေကြတာလဲ"
"တကယ်လို့ ဒီနေရာက ဖေးယွီကြယ်စုတန်း ချီဆန်းဝမ်ထျန်းမျှော်စင် မဟုတ်ခဲ့ရင်ကော"
ဖန့်ချန်က ရုတ်တရက် ပြောလိုက်သည်။
ချွီအကြီးကဲ ခဏတာ ကြောင်အသွားပြီးနောက်
"ဖန့်ငရဲမင်း... ဘာကို ဆိုလိုတာလဲ"
"ဖန့်ငရဲမင်း... ခင်ဗျား ပြောချင်တာက... ငါတို့တွေ ပုံရိပ်ယောင်အတတ် ထဲမှာ ရောက်နေတာလို့လား"ာ
အမာခံတပည့် အချို့၏ မျက်နှာများ ပျက်သွားကြသည်။
ပုံရိပ်ယောင်အတတ်လား...
အမာခံတပည့်များ အားလုံးသည် ချက်ချင်းပင် သူတို့၏ စိတ်အာရုံများကို ထုတ်ဖော်လိုက်ကြပြီး ဤနေရာရှိ ဟာကွက်များကို ရှာဖွေရန် ကြိုးစားကြတော့သည်။ အသေအချာ အကဲခတ်ကြည့်သောအခါ အချို့သော သဲလွန်စများကို အမှန်တကယ်ပင် တွေ့ရှိလိုက်ရသည်။ ဥပမာအားဖြင့် ကျဆင်းနေသော နှင်းများမှာ ထင်သလောက် မအေးချေ။
"ပုံရိပ်ယောင်အတတ်ဆိုတာ အစစ်အမှန်နဲ့ တူအောင် လုပ်လို့ရပေမဲ့၊ အတတ်ပညာရှင်ရဲ့ ကျင့်စဉ်အဆင့်က မနိမ့်ဘူးဆိုရင်တော့ ဟာကွက်အချို့ ပေါ်လာတတ်တာ သဘာဝပါပဲ၊ လုံးဝ ပြီးပြည့်စုံအောင် လုပ်ဖို့ဆိုတာ မလွယ်ဘူးလေ"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ချွီအကြီးကဲက မျက်မှောင်ကြုတ်လိုက်သည်
"ဖန့်ငရဲမင်း... ခင်ဗျား အလွန်အကျွံ တွေးနေပြီထင်တယ်"
သူက ခဏမျှ ရပ်တန့်ကာ
"ဒီနေရာမှာ ဘယ်အချက်တွေက ဟာကွက် ဖြစ်နေလို့လဲ "
"ကျွန်တော်ကတော့ ဒီနေရာမှာ ဘာဟာကွက်မှ မမြင်ပါဘူး"
ဖန့်ချန်က ရယ်မောလိုက်ပြီး 'နှင်းတွေက မအေးဘူး' ဟု ပြောသည့် အမာခံတပည့်ကို ကြည့်ကာ
"နှင်းတွေက မအေးတာဟာ ခင်ဗျားရဲ့ ကိုယ်တွင်း အပူဓာတ်က အရမ်းများနေလို့လည်း ဖြစ်နိုင်တာပဲလေ"
ထိုအမာခံတပည့်မှာ ကြောင်အသွားသည်။
"ကျွန်တော် အဓိက ပြောချင်တာက... ကျွန်တော်ဟာ ကြယ်တာရာမြေပုံ ကို အမြဲတမ်း လေ့လာနေခဲ့တာပါ။ ခရီးစဉ်တစ်လျှောက်လုံး အချိန်ကို အမြဲတမ်း တွက်ချက်နေခဲ့တာ။ လမ်းကြောင်းနဲ့ ကျွန်တော်တို့ရဲ့ အမြန်နှုန်းအရ တွက်ချက်ကြည့်ရင် ကျွန်တော်တို့ဟာ သတ်မှတ်ထားတဲ့ အချိန်ထက် ဆယ်ရက် စောပြီး ရောက်နေတယ်။ ဒါဟာ ခင်ဗျားတို့ရဲ့ အကြီးမားဆုံး ဟာကွက်ပဲ"
ဖန့်ချန်က ဆိုသည်။
ဆယ်ရက်တောင် စောနေတယ်...
လူတိုင်း အံ့အားသင့်သွားကြပြီး ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သူတို့လည်း အချိန်ကို တွက်ချက်ခဲ့ကြသော်လည်း ဟင်းလင်းပြင်ကြီး အတွင်း ခရီးနှင်ရာတွင် ဆယ်ရက်၊ တစ်လခန့် ကွာဟချက် ရှိနေခြင်းမှာ ဘာမှ မဟုတ်ဟုသာ ယူဆခဲ့ကြခြင်း ဖြစ်သည်။
ချွီအကြီးကဲက မရယ်ဘဲ မနေနိုင်တော့ဘဲ ခေါင်းကို ခါယမ်းလိုက်သည်။
"ဖန့်ငရဲမင်း နောက်နေတာပဲ။ ခင်ဗျားတို့ ဟင်းလင်းပြင်ထဲမှာ ခရီးနှင်လာတာ အမြန်နှုန်းက တစ်ခါတစ်လေ မြန်လိုက်၊ နှေးလိုက် ဖြစ်နေမှာပဲလေ။ အချိန်ကို ဘယ်လိုလုပ် အတိအကျ တွက်လို့ ရမှာလဲ ဒါက မဖြစ်နိုင်ဘူး"
"ဘာလို့ မဖြစ်နိုင်ရမှာလဲ ကျွန်တော်က အားနေရင် အချိန်ကိုပဲ ထိုင်တွက်နေတာ။ ကွာဟချက် ရှိမယ်ဆိုရင်တောင် သုံးရက်ထက် ပိုမရှိစေရဘူး၊ ဆယ်ရက်အထိ ကွာဟသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ဖန့်ချန်က ပြုံးလျက် ဆိုသည်
"ကျွန်တော် သိချင်တာက... ခင်ဗျားက တကယ်ပဲ ချင်ခုန်းတောင်က ကျင့်ကြံသူလား "
ဖန့်ချန်က ထိုမျှအထိ အပိုင်ပြောလိုက်သောအခါ လူတိုင်း၏ မျက်နှာများ ချက်ချင်းပင် ပြောင်းလဲသွားကြသည်။ ရှေ့ကလူထက်စာလျှင် သူတို့သည် ဖန့်ချန်ကို ပို၍ ယုံကြည်ကြလေသည်။