မိုးကောင်းကင်တာအို၏အသိအမှတ်ပြုမှုကြောင့် ဖြစ်ပေါ်လာမည် ဖြစ်ရပ်ဆန်းများ
Vol. 25 Ch. 340
အခန်း (၃၄၀) မိုးကောင်းကင်တာအို၏အသိအမှတ်ပြုမှုကြောင့် ဖြစ်ပေါ်လာမည် ဖြစ်ရပ်ဆန်းများ
ကျန်းလန် တာအိုလောကတစ်ခုအတွင်းသို့ ရောက်ရှိလာဟန် ရှိသည်။ သူ ထိုလောကအတွင်းသို့ ဝင်ရောက်ပေါင်းစပ်နိုင်ပါက လောက၏တာအိုတရားကို အပြည့်အဝနားလည်ရန်လိုအပ်သည်။
တာအိုနှင့်ပတ်သက်သည့် သူ၏ထိုးထွင်းသိမြင်မှု ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိရန် လိုအပ်ပြီး ထိုသို့ဖြစ်ရန်မှာလည်း မိုးကောင်းကင်တာအို၏ အတည်ပြုချက်ရရှိမှသာ ဖြစ်ပေလိမ့်မည်။
သို့မှသာ ပိုမိုမြင့်မားသည့် အဆင့်တစ်ခုသို့ တက်လှမ်းရန် အရည်အချင်းပြည့်မှီသည်ဟု ဆိုနိုင်ပေလိမ့်မည်။
သို့သော် သူနှင့် ထိုလောက ရိုးရှင်းစွာ ပေါင်းစပ်ခြင်းက မိုးကောင်းကင်တာအိ၏ အသိအမှတ်ပြုခံရခြင်းကို ရရှိရန် လုံလောက်ခြင်း မရှိပေ။
မဟာတာအိုကို နားလည်ပြီး ကိုယ်ပိုင်တာအိုလမ်းစဉ်တစ်ခု ရရှိမှသာ မိုးကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို သူ ရရှိမည် ဖြစ်၏။
ကိုယ်ပိုင်တာအိုလမ်းစဉ်တစ်ခု ရရှိပြီဆိုလျှင် တာအို၏အရင်အမြစ်သည် လောကကြီးမဟုတ်တော့ဘဲ သူကိုယ်တိုင် ဖြစ်သွားပေလိမ့်မည်။
ယခုရောက်ရှိနေသည့် တာအိုလောကတွင် တာအိုလမ်းစဉ်တစ်ခုကို ရရှိရန်အတွက် သူ၏ခန္ဓာကိုယ်ကို လောက၏တာအိုတရားနှင့်ပေါင်းစပ်ရမည် ဖြစ်ပြီး ပြင်ပလောကမှတာအိုတရားနှင့် ပဲ့တင်ထပ်ရမည် ဖြစ်သည်။
သို့မှသာ မိုးကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို ခံရမည် ဖြစ်သည်။
ကျန်းလန် သူ့ခြေထောက်အောက်မှ လမ်းကြောင်းကို ငုံ့ကြည့်လိုက်သည်။ ထိုလမ်းကြောင်းမှာ တာအိုလမ်းကြောင်းတစ်ခုဖြစ်ကြောင်း သူ နားလည်သွားသည်။
နေထွက်မှသည် နေဝင်ချိန်အထိ သူ ဖြတ်သန်းလမ်းလျှောက်နေသမျှကာလပတ်လုံး ၊ နေ့ရောညပါ သူ လျှောက်လှမ်းနေသမျှ ကာလပတ်လုံး မိုးနဲ့မြေကို ပဲ့တင်ထပ်ရင်း သူသည် မိုးကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို ခံရမည် ဖြစ်သည်။
သို့သော်…
သူ မိုးနဲ့မြေပဲ့တင်ထပ်ခြင်းကို ရင်ဆိုင်ရသည့်အခါ ပြင်ပလောကတွင် ဖြစ်ရပ်ဆန်းများ ထွက်ပေါ်လာမည်မှာ အသေအချာပင်ဖြစ်သည်။
ထိုကိစ္စက ကြီးကြီးမားမား မဟုတ်သည့်တိုင် တောင်သခင်များကတော့ သတိပြုမိသွားကြပေလိမ့်မည်။ ထိုအခါ မလိုအပ်ဘဲ ပြဿနာဝဲဂယက်အတွင်း သက်ဆင်းရပေလိမ့်မည်။
နောက်ဆုံးတော့ ကျန်းလန် ရှေ့ဆက်မတိုးတော့ဘဲ ဆုတ်ခွာရန် ရွေးချယ်လိုက်သည်။
ပြင်ပလောကသို့ ထွက်ခွာသည့်အချိန်ရောက်မှသာ မိုးကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို ရယူရန် ဆုံးဖြတ်လိုက်သည်။
***
နဝမတောင်ထွတ်သို့သွားရာ တောင်ပေါ်လမ်းအလယ်။
ကျန်းလန် မျက်လုံးများကို ဖွင့်လိုက်ပြီး နေထွက်လာသည်ကို ကြည့်လိုက်သည်။
ဤသည်က နေ့သစ်တစ်ရက် ဖြစ်၏။
တာအိုနှင့်ပတ်သက်ပြီး သူ၏နားလည်နိုင်စွမ်း ပြီးပြည့်စုံနေပြီဖြစ်ကြောင်း ကျန်းလန် ခံစားလိုက်ရသည်။
မိုးကောင်းကင်တာအိုးမှ အသိအမှတ်ပြုခြင်းကိုသာ ရရှိရန် လိုအပ်တော့သည်။
သူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်ကလည်း တိုးတက်လာသည်ဖြစ်လေရာ နောက်ထပ် အနှစ် (၂၀၀) သို့မဟုတ် အနှစ် (၃၀၀)တွင် သူ မိုးကောင်းကင်အင်မော်တယ် အောင်မြင်သည့်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ပြီးသွားလျှင် တာ့လောင်အင်မော်တယ်ဖြစ်လာရန် သိပ်မလိုတော့ပေ။
တာ့လော်အင်မော်တယ် ဖြစ်လာပြီးလျှင် ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဖြစ်သည်။
သို့ဆိုလျှင် သူ ချမှတ်ထားသည့် ရည်မှန်းချက် သေးသေးလေးတစ်ခု ပြီးမြောက်နိုင်မည် ဖြစ်၏။
ကျန်လန် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရင်း...
"အချိန် ဘယ်လောက်တောင်ကြာသွားတာလဲ"
ပတ်ဝန်းကျင်တောင်ပေါ်လမ်းတစ်လျှောက် မြက်ပင်များ ရှည်လျားလျက်ရှိပြီး ခြုံနွယ်ပိတ်ပေါင်းများလည်း ထူထပ်လျှက် ရှိသည်။
သူ ဉာဏ်အလင်းပွင့်သည့်အခြေအနေသို့ ရောက်ရှိသွားသည်မှာ အချိန်အတော်လေး ကြမြင့်သွားဟန်ပင်။
"သေစမ်း… ဂိုဏ်းတူအစ်မ မိုးကောင်းကင်စမ်းသပ်ခံရတော့မယ့်အချိန် ရောက်ပြီလား မသိဘူး"
ကျန်းလန် သူ့ကိုယ်သူကျိန်ဆဲရင်း မည်မျှအချိန်ကြာသွားသည်ကို အရင်ဆုံး စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အချိန်မည်မျှကြသည်ကို သိရှိမှသာ လုန်ယွိ မိုးကောင်းကင်စမ်းပ်ခံရခြင်းကို ရင်ဆိုင်ပြီးပြီလား ၊ ရင်မဆိုင်ရသေးဘူးလား သိရှိရမည် ဖြစ်၏။
သို့သော် သူ အနောက်သို့ လှည့်ကြည့်လိုက်သည့်အခါ အံ့သြမှင်တက်သွားရသည်။
ရှောင်ယွိက ကျောက်တုံးတစ်တုံးထက်တွင်ထိုင်ရင်း မေးကိုလက်ဖြင့်ထောက်ကာ သူ့ကို ကြည့်နေသည် မဟုတ်ပါလား။
ကျန်းလန် လှည့်ကြည့်လာသည်ကို တွေ့သည်နှင့် သူမက စကားဆိုလိုက်သည်။
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မ မိုးကောင်းကင်စမ်းသပ်ခံရမှာကို ရှင် သတိရသေးတယ်နော်"
သူမအနားသို့ လမ်းလျှောက်လာသည့် ကျန်းလန်ကို ရှောင်ယွိ ကြည့်နေလေသည်။
ကျန်းလန်မှာတော့ အနည်းငယ် အံ့အားသင့်နေမိသည်။
ရှောင်ယွိ သူ့အနောက်တွင် ရှိနေသည်ကို သူ အဘယ့်ကြောင့် အာရုံမခံမိရပါသနည်း။
ရှောင်ယွိက အန္တရယ်ပေးမည့်သူမဟုတ်သဖြင့် သူမရှိနေသည်ကို အာရုံမခံမိသည်မှာ အလေ့အထတစ်ခု ဖြစ်သွားခြင်းများလား။
သာမန်ဆိုလျှင် သူ့နံဘေးသို့ လူတစ်ယောက်ရောက်လာလျှင် အာရုံခံမိမည်ပဲ ဖြစ်သည်။
ကျန်းလန်က သတိလက်လွတ်နေတတ်သူ မဟုတ်ပေ။
တစ်ဖက်လူက ဖုံးကွယ်နိုင်စွမ်း မြင့်မားသူဖြစ်လျှင်တော့ ကျန်းလန် ထိုသူ၏ တည်ရှိမှုကို ခံစားရမည် မဟုတ်ပေ။
ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာလျှင် ရှိသည်။
ရှောင်ယွိက အန္တရယ်ပေးမည့်သူ မဟုတ်သဖြင့် သူက ရှောင်ယွိကို အာရုံမခံမိတော့ ခြင်း ဖြစ်နိုင်သည်။
ထိုအချက်က ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်သည်။
သို့မဟုတ် သူက မဟာတာအိုကို နားလည်ခြင်းတွင် အာရုံစိုက်နေသောကြောင့် သူ၏အာရုံခံစားမှုများ တုံဆိုင်းသွားခြင်းလား။
သူ ဤကိစ္စကို သတိထားရမည် ဖြစ်သည်။
ပထမတစ်ချက်ဆိုလျှင်တော့ ပြဿနာမရှိပေ။
ရှောင်ယွိ ဖြစ်နေသောကြောင့် သူ့ မသိစိတ်က သတိမထားမိသည်မှာ ဆိုးသည့်အချက် မဟုတ်ပေ။
သို့သော် ဉာဏ်အလင်းပွင့်ခြင်းကြောင့် အာရုံခံစားမှုများ တုံဆိုင်းသွားခြင်းဆိုလျှင်တော့…
ဤကိစ္စက အလွန်အရေးကြီးသည့်ကိစ္စဖြစ်ပြီး သူ အာရုံစိုက်ဖြေရှင်းရမည် ဖြစ်သည်။
"ဂိုဏ်းတူအစ်မ ၊ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်မဆိုင်ရသေးဘူးထင်တယ်"
ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်ရင်း နူးညံ့စွာပင် ဆိုသည်။
"ဂိုဏ်းတူမောင်လေး ၊ ရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ကျွန်မထက် နိမ့်တာဆိုတော့ ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ရောက်နေပြီလဲဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ ၊ ကျွန်မ မိုးကောင်းကင်စမ်းသပ်ခံရတာကို ရင်မဆိုင်ရသေးဘူးလို့ ရှင်က ဘယ်လိုလုပ် ပြောနိုင်ရတာလဲ"
ရှောင်ယွိက ကျောက်တုံးထက်တွင်ထိုင်ရင်း ခြေထောက်လေးများကို ပေါ့ပေါ့ပါးပါးပင် ဆန့်ထုတ်လိုက်သည်။
သူမသာ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ကျော်ဖြတ်အောင်မြင်ပြီးပါက မာနကြီးသော နဂါးမလေးအဖြစ် ကျန်းလန်ကို ကြွားလုံးထုတ်နေပေလိမ့်မည်။
ယခု ကြွားလုံးမထုတ်ဘဲ ငြိမ်နေပုံထောက်သည်နှင့် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်မဆိုင်ရသေးကြောင်း ကျန်းလန် သိနိုင်သည်။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မမှာ အင်မော်တယ်ချီစွမ်းအားတွေမှ မရှိသေးတာ"
ရှောင်ယွိက မတ်တတ်ရပ်လိုက်ပြီး ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။
ကျောထက်သို့ ကျဆင်းနေသည့် ဆံနွယ်ရှည်များက ဝဲပျံသွားပြီး သူမဝတ်ဆင်ထားသည့် အဝတ်အစားများက လေထဲတွင် လွင့်ပျံလျှက် ရှိသည်။
သူမက…
"ကျွန်မက အခုထိ နတ်သမီးလေးတစ်ပါးနဲ့ မတူသေးဘူးလား"
"ဟင့်အင်း ၊ လူနဲ့ပဲတူတယ်"
ကျန်းလန် စိတ်ထဲမှသာ ပြောလိုက်ပြီး အပြင်ပန်းတွင်တော့ စကားလမ်းကြောင်းလွှဲလိုက်၏
"ဂိုဏ်းတူအစ်မ ၊ ကိုယ် ဉာဏ်အလင်းပွင့်တာ အချိန်ဘယ်လောက်တောင် ကြာသွားပြီလဲ"
ရှောင်ယွိက ကျန်းလန် ဘေးနားသို့ ရောက်လာပြီး…
"(၅)နှစ်တောင် ရှိတော့မယ် ၊ ကျွန်မ မိုးကောင်းကင်စမ်းသပ်ခံရတာကို ရင်ဆိုင်တော့မယ့်အကြောင်း ဂိုဏ်းတူမောင်လေးကို လာပြောတာလေ ၊ ရှင် ပြန်နိုးထလာလိမ့်မယ်လို့ မသိခဲ့ပါဘူး"
ကျန်းလန် ယခုမှ စိတ်သက်သာရာရသွားမိသည်။
လုန်ယွိ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို လွဲမသွားသည်မှာ ကောင်းသည့်အချက်ပင်။
ထိုစဉ် ကျန်းလန်၏ မျက်စိရှေ့တွင် သစ်သားဓားလေး ပေါ်လာ၏။
ရှောင်ယွိက သစ်သားဓားလေးကို ကျန်းလန်ထံ ပေးလာခြင်းပင်။
သူမက...
"ဂိုဏ်းတူမောင်လေး ၊ ဒီလို ရုတ်တရက် ဉာဏ်အလင်းပွင့်တာက ရှင့်ရဲ့ ကျင့်ကြံခြင်းအတွက် အကျိုးရှိလား"
"အင်း ရှိတယ်"
ကျန်းလန်က သစ်သားဓားလေးကို ယူလိုက်ရင်း ဆက်ပြောသည်။
“ကိုယ်က မကြာခင်မှာ ဂိုဏ်းတူအစ်မရဲ့ ကျင့်ကြံခြင်းအဆင့်ကို အမီလိုက်လာတော့မှာဗျ”
ရှောင်ယွိက ခြေဖျားလေးများထောက်ရင်း ကျန်းလန်၏ခေါင်းကို ပုတ်လိုက်သည်။
"ကံကောင်းပါစေ ဂိုဏ်းတူမောင်လေးရေ ၊ အခုတော့ လိမ်လိမ်မာမာနဲ့ ဒီကအစ်မ ကာကွယ်ပေးတာ ခွင့်ပြုနော်"
တကယ့်ကို မာနကြီးတဲ့ နဂါးမလေးဟုသာ ကျန်းလန် တွေးလိုက်တော့သည်။
ထို့နောက် သူက သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ထည့်သွင်းပေးလိုက်သည်။
အချိန် (၅)နှစ် ဉာဏ်အလင်းပွင့်ပြီးနောက် သူ ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၄၆၀) ပြည့်ပြီ ဖြစ်သည်။ပြောရမည်ဆိုလျှင် ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ရန် အချိန်ကျပြီ ဖြစ်၏။
နှစ်ကာလကြာရှည်ခဲ့ပြီဖြစ်လေရာ ငရဲတံခါးတွင် ပြဿနာ တစ်စုံတစ်ရာရှိမည်လားဟု ကျန်းလန် တွေးမိသည်။ သူ အားလပ်သည့်အချိန်တွင ်စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် နဝမတောင်ထွတ်တွင် သူ တပ်ဆင်ထားသည့် အစီအရင်များကတော့ မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။ ဤသည်မှာ မည်သည့်ပြဿနာမှ မရှိသည့် အဓိပ္ပါယ်ပယ် ဖြစ်၏။
ခွန်လွန်တောင်ပြင်ပတွင်လည်း နတ်မိစ္ဆာများ မည်သို့လှုပ်ရှားနေသည်ကို မသိနိုင်ပေ။ ထိုကိစ္စများအားလုံး ပြီးပြတ်လျှင်တော့ ကျန်းလန် ပြင်ပလောကသို့ ထွက်ခွာရန် အချိန်တန်ပြီ ဖြစ်၏။
ညနေခင်းတွင်တော့...
ကျန်းလန်က ရှောင်ယွိထံသို့ သစ်သားဓားလေး ပြန်ပေးလိုက်ရင်း...
"ဂိုဏ်းတူအစ်မ မနက်ဖန် မိုးကောင်းကင်စမ်းသပ်ခံရတာကို ရင်ဆိုင်တော့မှာလား"
ရှောင်ယွိက ခေါင်းညိတ်လိုက်ရင်း…
"အင်း… ဟုတ်တယ်"
ထို့နောက် သူက ရှောင်ယွိအား နဝမတောင်ထွတ်မှ ကျောက်စိမ်းရေကန်သို့ လိုက်ပို့ပေးပြီးနောက် ပြန်လာခဲ့လေသည်။
မနက်ဖန် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရန်အတွက် ရှောင်ယွိအနေဖြင့် သူမ၏ စိတ်အခြေအနေကို ပြင်ဆင်ရန်လိုအပ်မည ်ဖြစ်သည်။
ကျန်းလန် မရဏဂူသို့ ပြန်လာခဲ့သည်။ ငရဲတံခါးတွင် ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိလေမည်လားဟု သူ သိချင်မိသည်။
မရဏဂူသို့ရောက်သည့်အခါ နေရာတစ်ခုလုံး မရဏအငွေ့အသက်များ ပြည့်လျှံနေသည်ကို တွေ့လိုက်ရ၏။ မရဏအငွေ့အသက်များက အနည်းငယ်ထူးခြားပြီး အရင်ကထက် ပိုမိုသန့်စင်နေသလို ခံစားရသည်။
"ဒါက ပုံမှန် မဟုတ်ဘူးပဲ ၊ ဒီတစ်ခေါက် ငရဲတံခါးက မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်တာက အရင်ကနဲ့ မတူဘူး"
ကျန်းလန် တွေးလိုက်သည်။
မရဏလောကမှ ထွက်ခွာပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးသို့ လာရောက်လိုသူများရှိကြောင်း သူ သိရှိထားသည်။
မိုးကောင်းကင်ပြိုကျပြီး လောကကြီးပျက်စီးသွားလျှင် သူတို့အတွက် ပျက်သုဉ်းတစ်စပြင်လောကကြီးသို့ ခြေချရန် အခွင့်အရေးများ ရရှိမည် ဖြစ်သည်။
မရဏဂူသည် ငရဲတံခါးမှလွဲပြီး မည်သည့်အရာမှမရှိသည့် နေရာတစ်ခု ဖြစ်သည်။ သို့သော် မရဏလောကကတော့ နတ်ဘုရားရာထူးများနှင့် ဆက်စပ်နေဟန် ရှိသည်။
မရဏလောကမှလူများ ပြင်ပသို့ ထွက်လာချင်ကြသည့်အချိန်တွင် ပြင်ပမှလူများကလည်း အထဲမှ တစ်စုံတစ်ရာကို လိုချင်နေကြသည်။
သို့သော် ငရဲတံခါးက ခွန်လွန်တောင်၏ အကာအကွယ်အောက်တွင်ရှိနေခြင်းကြောင့် သူတို့အားလုံးအတွက် အတားအဆီး ဖြစ်နေကြသည်။
နဝမတောင်ထွတ်၏နောက်ကွယ်တွင် လျှို့ဝှက်ချက်များစွာ ရှိရမည်ဟု ကျန်းလန် ခံစားလိုက်ရသည်။
လက်ရှိတွင် ငရဲတံခါးကို ကာကွယ်ရန်မှာ မလွယ်ကူပေ။ သို့သော် ကျန်းလန်ကတော့ တာဝန်ကို ရှောင်ပြေးမည် မဟုတ်ပေ။
သူက နဝမတောင်ထွတ်တွင် အဆင်ပြေပြေနေထိုင်ခဲ့ရသူဖြစ်လေရာ နဝမတောင်ထွတ်ကိုကာကွယ်ရန် သူ့တွင် တာဝန်ရှိသည်။
ငရဲတံခါးကို တစ်ခဏမျှ လေ့လာကြည့်ပြီးနောက် ကျန်းလန် မရဏဂူထဲမှ ထွက်လာခဲ့သည်။
လက်ရှိတွင် ကျန်းလန်က မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်သို့ ရောက်ရှိရန် အလှမ်းမဝေးတော့ပေ။ သို့သော် ယနေ့တွင်တော့ သူ ကျင့်ကြံရန် ရည်ရွယ်ချက် မရှိတော့ပေ။
မနက်ဖန် လုန်ယွိက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရမည်ဖြစ်လေရာ သူ သွားရောက်ကြည့်ရှုရမည် ဖြစ်သည်။
မည်သည့်ပြဿနာမှ မဖြစ်လျှင် အကောင်းဆုံးဖြစ်သော်လည်း အကယ်၍ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာခဲ့ပါက သူ လုန်ယွိကို ကူညီရမည် ဖြစ်သည်။
သူ မရဏဂူထဲမှ ထွက်လာစဉ်မှာပင် ဆရာဖြစ်သူက သူ့ကို စာပို့ကာ လှမ်းခေါ်လိုက်သည်။
"ဂိုဏ်းတူအစ်မ မိုးကောင်းကင်စမ်းသပ်ခံရတာနဲ့ ပတ်သက်နေမလား မသိဘူး"
အတွေးနှင့်အတူ ကျန်းလန်တစ်ယောက် နဝမတောင်ထွတ်အစွန်းသို့ ထွက်လာခဲ့လေတော့၏။
***
"ဆရာ…"
ကျန်းလန်က ဆရာဖြစ်သူကို ဦးညွှတ်အရိုအသေပေးရင်း နှုတ်ဆက်လိုက်သည်။
တစ်ဆက်တည်းပင် သူ ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့် မည်မျှရှိကြောင်း အကဲခတ်ကြည့်လိုက်၏။
ယခုအချိန်ထိ ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သူ ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။ သို့သော် နောက်ထပ် နှစ်ပေါင်း (၁၀၀)လောက်ဆိုလျှင်တော့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကောင်းပေမည်။
မော့ကျန်းသုန့်က တောင်တစ်ဖက်သို့ ကြည့်နေသည့် အကြည့်များကို ရုတ်သိမ်းလိုက်ပြီး ကျန်းလန်ရှိရာသို့ လှည့်ကြည့်လာသည်။
"ကျောက်စိမ်းရေကန်နတ်ဘုရားမ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်တော့မယ် ၊ အဲဒါ မင်းသိတယ် မဟုတ်လား"
ကျန်းလန်က ခေါင်းညိတ်ရင်း…
"ဟုတ်.."
ဤကိစ္စကို ခွန်လွန်တောင်တပည့်များစွာ သိရှိကြခြင်း မရှိပေ။
ကျောက်စိမ်းရေကန်နတ်ဘုရားမ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်သည်မှာ အလွန်အရေးကြီးသည့်ကိစ္စဖြစ်သောကြောင့် တောင်သခင်များနှင့်အကြီးအကဲများက လျှို့ဝှက်ထားကြသည်။
သို့မှသာ မလိုအပ်သည့် ပြဿနာများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ သို့ပေသိ အရေးကြီးသည့် တပည့်အချို့ကတော့ ထိုအကြောင်းကို သိရှိကြ၏။
မော့ကျန်းသုန့်က…
"မင်း မနက်ဖန် ကျောက်စိမ်းရေကန်နတ်ဘုရားမ မိုးကောင်းကင်စမ်းသပ်ခံရတာကို ဘယ်လိုရင်ဆိုင်မလဲ သွားကြည့်လေ ၊ မင်းလည်း မကြာခင် ရင်ဆိုင်ရမှာဆိုတော့ အနီးကပ်တွေ့မြင်ရတော့ ပိုပြီးနားလည်လာမှာပေါ့"
လူတစ်ယောက် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကိုကျော်ဖြတ်ခြင်းအား မနီးမဝေးမှ ကြည့်ရှုရခြင်းသည် အမှန်တကယ်ပင် အကျိုးရှိစေသည်။
အထူးသဖြင့် ထူးခြားသည့်စိတ်ပိုင်းဆိုင်ရာ အခြေအနေ ရှိသော ကျန်းလန်ကဲ့သို့သော လူများအတွက် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းလန်ကဲ့သို့သောလူများသည် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို မကြောက်ရွံ့တတ်ကြသောကြောင့် ဖြစ်၏။
ယခုကဲ့သို့ သွားရောက်လေ့လာခြင်းအားဖြင့် ကိုယ်တိုင် အင်မော်တယ်အဖြစ် အဆင့်တက်ရောက်သည့်အခါ ပြင်ဆင်မှုများကို ပြုလုပ်နိုင်မည် ဖြစ်သည်။
"ဟုတ်ကဲ့ပါ ဆရာ"
ကျန်းလန်က ဆရာဖြစ်သူပြောသည့်စကားကို သဘောတူလိုက်ပြီးနောက် ငရဲတံခါးအကြောင်း မေးကြည့်လိုက်သည်။
"ဆရာ… ငရဲတံခါးက ထွက်လာတဲ့ အငွေ့အသက်တွေက အခုတစ်ခေါက် နည်းနည်းထူးခြားနေတယ် ၊ တစ်ခုခုများ ဖြစ်လို့လား"