← Chapters

အခန်း (၇၀၁-၇၀၂)

Vol. 36 Ch. 701-702

အခန်း (၇၀၁-၇၀၂)

Vol. 36 Ch. 701-702

အပိုင်း(၇၀၁) ရွှီဟွမ် မစ်ရှင်လက်ခံခြင်း

"ဖယ်ပေးကြပါ... လမ်းဖယ်ပေးကြပါ"

ရွှီဟွမ်က ငါးဖမ်းစခန်းဆီသို့ ပြေးသွားကာ လူအုပ်ကြားထဲ တိုးဝင်သွားရာ ယနေ့ မစ်ရှင်ကြေညာသင်ပုန်းတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေသည်ကို တကယ်ပင် တွေ့လိုက်ရ၏။

အရင်က ငါးဝယ်ယူသည့် မစ်ရှင်များသာ ရှိခဲ့သော်လည်း ယခု သူ့မျက်စိရှေ့ရှိ ပထမဆုံးစာကြောင်း၌ ရေးသားထားသော မစ်ရှင်မှာ သုတေသနဌာနမှ စမ်းသပ်လေယာဉ်မှူးများ ခေါ်ယူသည့် မစ်ရှင်ပင် ဖြစ်နေလေသည်။

သူက မစ်ရှင်၏ ဆုကြေးများဆီသို့ ချက်ချင်း အာရုံစိုက် ကြည့်ရှုလိုက်သည်။

"နေထိုင်ခွင့်လက်မှတ် ၃ စောင်... တကယ်ကြီး ၃ စောင်တောင်ပါလား"

ပထမဆုံး ဆုကြေးပစ္စည်းကို မြင်လိုက်ရသည်နှင့် သူ ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့၏။

သိထားရမည်မှာ နေထိုင်ခွင့်လက်မှတ် တစ်စောင်ရှိရုံဖြင့် ထိုက်ယန်တောင်၌ အိမ်တစ်လုံး ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

အိမ်တစ်လုံးတွင် လူတစ်ယောက်တည်း နေထိုင်ခွင့်ရှိသည် မဟုတ်ဘဲ မိသားစုတစ်စုလုံး နေထိုင်နိုင်ခြင်း ဖြစ်သည်။

ဤ နေထိုင်ခွင့်လက်မှတ် သုံးစောင်က မိသားစု သုံးစုကို ထိုက်ယန်တောင်ပေါ်သို့ ခေါ်ဆောင်သွားနိုင်ကြောင်း ကိုယ်စားပြုနေ၏။

နေဦး... မဟုတ်သေးဘူး။

ထို နေထိုင်ခွင့်လက်မှတ်၏ အရှေ့တွင် ထင်ရှားစွာ ရေးသားထားသည်မှာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် နေထိုင်ခွင့်လက်မှတ် ဟူ၍ ဖြစ်နေသည်ကို သူ ရုတ်တရက် မြင်တွေ့လိုက်ရသည်။

သူ၏ နှလုံးခုန်သံများမှာ ချက်ချင်းပင် တဒိန်းဒိန်း မြန်ဆန်လာတော့၏။

ထိုက်ယန်တောင် နေထိုင်ခွင့်လက်မှတ်ကို အမှတ်များဖြင့် ဝယ်ယူနိုင်သေးသည် ဆိုလျှင်တောင်မှ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် နေထိုင်ခွင့်လက်မှတ်ကတော့ အမှတ်တွေ မည်မျှပင် ရှိနေပါစေ ဝယ်ယူ၍ ရနိုင်မည် မဟုတ်ပေ။

ထိုက်ယန်တောင်ရှိ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် ခိုလှုံရေးစခန်းသည် လင်ကျောင်းမြို့ တစ်မြို့လုံးတွင် အကောင်းဆုံး ခိုလှုံရေးစခန်းဖြစ်ကြောင်း မည်သူက မသိဘဲ နေမည်နည်း။

ထိုနေရာတွင် မုန်တိုင်းများ မရှိသလို နှင်းမုန်တိုင်းများလည်း မရှိပေ... ကပ်ဘေးမတိုင်မီက အဆောက်အအုံ အများစုကိုပင် ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ရေလွှမ်းမိုးမှုအောက်သို့ လုံးဝ နစ်မြုပ်သွားခြင်း မရှိသေးချေ။

ထိုက်ယန်တောင်၏ အစောဆုံး လူအုပ်စုမှာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်သို့ ပြောင်းရွှေ့ကာ ဘဝကို ဇိမ်ကျကျ ဖြတ်သန်းနေကြပြီဟု သတင်းထွက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

အကယ်၍သာ... အကယ်၍သာ အမေနဲ့ ညီမလေးကို ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ဘက်သို့ ပြောင်းရွှေ့ပေးနိုင်ခဲ့လျှင် သူတို့၏ လုံခြုံရေးအတွက် ဘာမှ စိတ်ပူနေစရာ လိုတော့မည် မဟုတ်ပေ။

ရွှီဟွမ်၏ ရင်ထဲတွင် အတိုင်းမသိ စိတ်လှုပ်ရှားနေမိပြီး အခြားသော ဆုကြေးများကို ဆက်လက်ကြည့်ရှုလိုက်ရာ မျက်လုံးများ ပြူးကျယ်သွားရလေသည်။

စိတ်ကြိုက် မျိုးရိုးဗီဇမျိုးစေ့ ပါဝင်သည့်အပြင် အမှတ် ၃၀၀၀၀ ဆုကြေးပါ တကယ်ကြီး ပါဝင်နေသည်။

နောက်တွင်လည်း ထုနဲ့ဒေး များပြားလှသော ရိက္ခာပစ္စည်း ဆုကြေးများ ရှိနေသေး၏။

သူက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ရင်ထဲမှ စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။

"ဒီလောက်တောင် များပြားတဲ့ ဆုကြေးတွေပေးတာ... ဒီမစ်ရှင်က သေချာပေါက် ရိုးရှင်းမှာ မဟုတ်ဘူး"

သူက မစ်ရှင်၏ လိုအပ်ချက်များကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။

ပညာအရည်အချင်း လိုအပ်ချက်ပါ ရှိနေမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

"အထက်တန်းပညာအရည်အချင်း"

သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်... စမ်းသပ်လေယာဉ်မှူးများအနေဖြင့် ယာဉ်ပျံကို အသုံးပြုတတ်စေရန် သတ်မှတ်ထားသော သင်တန်းတစ်ခုကို တက်ရောက်ရမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် ယာဉ်ပျံပေါ်ရှိ ထိန်းချုပ်မောင်းနှင်ရမည့် အရာများမှာ သေချာပေါက် နည်းပညာအဆင့်အတန်း တစ်ခုတော့ ရှိနေမည်မှာ အသေအချာပင်။

ဤနေရာအထိ တွေးမိသောအခါ ဤလိုအပ်ချက်ကို သူ ရုတ်တရက် နားလည်သွားတော့သည်။

"ဒီလိုအပ်ချက်က ငါနဲ့ ကိုက်ညီတယ်"

ဤမစ်ရှင်ကို မည်သို့ သွားရောက်လက်ခံရမည်ကို ဘေးပတ်ဝန်းကျင်ရှိ လူများကို သူ အလျင်အမြန် မေးမြန်းလိုက်သည်။

အနီးနားရှိ လူများက သူ့ကို သုတေသနဌာနသို့ သွားရောက်၍ လူတွေ့စစ်ဆေးမှု ခံယူရမည်ဟု ပြောပြကြ၏။

သူက ဘာစကားမှ ဆက်မပြောနေတော့ဘဲ သန္ဓေပြောင်း ငါးများကို ရောင်းချပြီးနောက် ထိုက်ယန်တောင်ပေါ်ရှိ သုတေသနဌာနသို့ အပြေးအလွှား သွားရောက်ခဲ့သည်။

ယခင်ကဆိုလျှင် သူတို့လိုလူများကို တောင်ပေါ်သို့ လွတ်လပ်စွာ ဝင်ထွက်ခွင့် ပိတ်ပင်ထားသော်လည်း သူက စမ်းသပ်လေယာဉ်မှူး မစ်ရှင်အတွက် လူတွေ့စစ်ဆေးမှု သွားရောက်ခံယူမည်ဟု ပြောလိုက်သောအခါ တောင်ပေါ်ရှိ အစောင့်များက သူ့ကို တကယ်ပင် တားဆီးခြင်း မပြုခဲ့ချေ။

တားဆီးခြင်း မပြုရုံသာမက သူ့ကို သုတေသနဌာနသို့ လူတွေ့စစ်ဆေးမှု ခံယူရန် အထူးတာဝန်ခံ တစ်ယောက်ကိုပါ ခေါ်ဆောင်သွားစေခဲ့သည်။

သုတေသနဌာနသို့ ရောက်ရှိလာသောအခါ ထိုနေရာတွင် လူအုပ်ကြီး တစ်အုပ်စု စုဝေးကာ လူတွေ့စစ်ဆေးမှုအတွက် စောင့်ဆိုင်းနေကြသည်ကို ရွှီဟွမ် တွေ့လိုက်ရသည်။

ခဏအကြာတွင် သုတေသနဌာန၏ လုပ်ငန်းခွင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ထွက်လာပြီး ဤစမ်းသပ်ပျံသန်းရေး မစ်ရှင်၏ နေရာနှင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို လူအုပ်ကြီးအား စတင်မိတ်ဆက် ရှင်းပြလေသည်။

"လူကြီးမင်းတို့... ဒီစမ်းသပ်ပျံသန်းရေး မစ်ရှင်ကို အားလုံးပဲ မြင်ပြီးလောက်ပြီ ထင်ပါတယ်... ဒါပေမဲ့ စမ်းသပ်ပျံသန်းရမယ့် တိကျတဲ့နေရာနဲ့ စမ်းသပ်ပျံသန်းမှုရဲ့ အခက်အခဲတွေကို အားလုံးကို ကျွန်တော် သေသေချာချာ ထပ်ပြီး ရှင်းပြဖို့ လိုအပ်သေးတယ်"

"ဒီတစ်ခေါက် စမ်းသပ်ပျံသန်းရေး မစ်ရှင်က ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ တီထွင်မှုအသစ်တစ်ခုနဲ့ သက်ဆိုင်နေတယ်"

"အခု ခင်ဗျားတို့ မြင်တွေ့နေရတဲ့ ဓာတ်ပုံတွေကတော့ ကျွန်တော်တို့ ထိုက်ယန်တောင်က နောက်ဆုံးပေါ် သုတေသနပြု တီထွင်ထားတဲ့ ယာဉ်ပျံရဲ့ ဓာတ်ပုံတွေပဲ ဖြစ်တယ်"

"ခင်ဗျားတို့ စမ်းသပ်ပျံသန်းရမယ့် ယာဉ်ကတော့ ဒီယာဉ်ပျံပဲ ဖြစ်တယ်"

"ကျွန်တော် အားလုံးကို လေးလေးနက်နက် ပြောပြချင်တာကတော့... ဒီတစ်ခေါက် ကျွန်တော်တို့ ယာဉ်ပျံ စမ်းသပ်ပျံသန်းရမယ့် ခရီးဆုံးနေရာက အပြင်ဘက်မှာရှိတဲ့ အဆုံးအစမရှိတဲ့ မိုးကြိုးမုန်တိုင်း တိမ်တိုက်ကြီးတွေပဲ"

"ကျွန်တော်တို့ ထိုက်ယန်တောင်က ဒီမုန်တိုင်းကြီး ဖြစ်ပေါ်လာရတဲ့ နောက်ကွယ်က အကြောင်းရင်းကို စုံစမ်းထောက်လှမ်းဖို့နဲ့... ကောင်းကင်ပေါ်မှာ ဘာတွေဖြစ်ပျက်နေလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိရဖို့အတွက် အစွမ်းကုန် ကြိုးစားနေတယ်"

"ဒီအရာအားလုံးကို ရှင်းရှင်းလင်းလင်း သိရမှသာ... ရေလွှမ်းမိုးမှု ပြဿနာကို တကယ်တမ်း ဖြေရှင်းနိုင်မှာ ဖြစ်တယ်"

"လူကြီးမင်းတို့... ကျွန်တော်တို့ရဲ့ ဒီမစ်ရှင်က လူသားတွေရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေသလို... လူသားမျိုးနွယ် တစ်ခုလုံးရဲ့ ရှင်သန်ရပ်တည်ရေး စီမံကိန်းကြီးနဲ့လည်း သက်ဆိုင်နေတယ်"

...

အနောက်တွင်တော့ တန်ဖိုးကြီးမားလှသော အကြောင်းအရာများကို တစ်ပုံတစ်ပင် ပြောဆိုနေသော်လည်း လူတိုင်းက ထိုအရာများကို နားထောင်ရန် စိတ်မဝင်စားကြသည်မှာ သိသာလှသည်။

လူအများအပြားက ဤစမ်းသပ်ပျံသန်းရေး မစ်ရှင်မှာ မိုးကြိုးမုန်တိုင်း တိမ်တိုက်များ အထက်သို့ သွားရောက် စူးစမ်းရှာဖွေရမည် ဖြစ်ကြောင်း ကြားလိုက်ရသောအခါ တစ်ခဏချင်းမှာပင် အနည်းငယ် ကြောက်ရွံ့သွားကြ၏။

ထို မိုးကြိုးမုန်တိုင်း တိမ်တိုက်ကြီးများမှာ နှစ်နှစ်ကျော် ကြာသည်အထိ ပျောက်ကွယ်သွားခြင်း မရှိသေးကြောင်း မည်သူက မသိဘဲ နေမည်နည်း။

နေ့စဉ်ရက်ဆက် မိုးကြိုးများ ဆက်တိုက်ပစ်ချနေပြီး ကပ်ဘေးမတိုင်မီကဆိုလျှင် ထိုကဲ့သို့သော မိုးကြိုးမုန်တိုင်း ရာသီဥတုမျိုးတွင် လေကြောင်းလိုင်းကြီးများ အားလုံးပင် ပျံသန်းမှု ရပ်နားထားရသည် မဟုတ်ပါလော။

ယခု ကပ်ဘေးကျရောက်ပြီးနောက်တွင် နည်းပညာအဆင့်အတန်းများမှာလည်း အောက်ဆုံးအထိ ထိုးကျသွားခဲ့ပြီဖြစ်ရာ မည်သူက ဤမျှ အန္တရာယ်ကြီးမားသော အလုပ်ကို စွန့်စားရဲမည်နည်း။

"ဒီတစ်ခေါက် မစ်ရှင်ဆုကြေးတွေက ဒီလောက်တောင် များနေတာ မဆန်းဘူး... ဒါက သေလမ်းသွားတာနဲ့ အတူတူပဲ"

"တောက်... ဒီလိုကောင်းတဲ့ကိစ္စမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲလို့ ငါပြောသားပဲ... ဟူး... တကယ်ကြီး အန္တရာယ် ရှိနေတာပဲ"

"ဘယ်လိုလုပ်ကြမလဲ... ဒီတစ်ခေါက် ဆုကြေးက တကယ်ကို များလွန်းတယ်"

"ဆုကြေးက ဘယ်လောက်ပဲ များများ အသက်ရှင်နေမှ သုံးလို့ရမှာပေါ့"

"ဒီယာဉ်ပျံရဲ့ ပုံစံက ဒီလောက်သေးနေတာ မိုးကြိုးတိမ်တိုက်ထဲ ရောက်သွားရင် ချက်ချင်း ပေါက်ကွဲပျက်စီးသွားမှာကိုတောင် စိုးရိမ်ရတယ်... ထားလိုက်ပါတော့... ထားလိုက်ပါတော့... ဒီမစ်ရှင်က လူလုပ်နိုင်တဲ့ အလုပ်မျိုး မဟုတ်ဘူး"

လူအုပ်ကြားထဲမှ အမျိုးမျိုးသော ဆွေးနွေးဝေဖန်သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။

လူအများအပြားမှာ နေရာမှာတင် နောက်ဆုတ်သွားကြ၏။

စိတ်လောသော သူအချို့က စင်မြင့်ထက်တွင် စကားအများကြီး ပြောနေသော သုတေသန ဝန်ထမ်း၏ စကားကို ဖြတ်ပြောကာ "ဟိုလေ... ကျွန်တော့်အိမ်မှာ ကိစ္စလေးရှိသေးလို့ ဒီမစ်ရှင်ကို မလုပ်တော့ဘူး... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်" ဟု အော်ပြောလိုက်ကြသည်။

ထိုသို့ပြောရင်း သူက အလျင်အမြန် လှည့်ထွက်သွားလေသည်။

လူအားလုံးက သူ့ကို တိတ်တဆိတ် လှမ်းကြည့်လိုက်ကြပြီး ဘေးပတ်ဝန်းကျင်ရှိ ကင်းလှည့်တပ်ဖွဲ့များကိုပါ ထပ်မံကြည့်ရှုလိုက်ကြသည်။

ထိုကင်းလှည့်တပ်ဖွဲ့များက သူ့ကို တားဆီးမည့်သူ တစ်ယောက်မှ မရှိသည်ကို မြင်လိုက်ရသောအခါ လူတိုင်း၏ ရင်ထဲတွင် အံ့သြဝမ်းသာသွားကြ၏။

ချက်ချင်းဆိုသလိုပင် လူပိုများလာကာ နေမကောင်းဘူးဟု အော်ဟစ်သူက အော်ဟစ်၊ အခြားအရေးတကြီး ကိစ္စရှိသည်ဟု အကြောင်းပြသူက ပြကာ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားခွင့် တောင်းဆိုလာကြတော့သည်။

သုတေသနဌာနမှ လူများက တားဆီးခြင်း မပြုဘဲ ထိုလူများကို ထွက်သွားခွင့် ပြုလိုက်သည်။

လူအုပ်ကြားထဲတွင် ရွှီဟွမ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲနေပြီး ဤမစ်ရှင်၏ အန္တရာယ်ကြီးမားမှုကို သူ သေချာပေါက် နားလည်သွားသည်မှာ ထင်ရှားလှ၏။

သို့သော်... အခြားသူများ နောက်ဆုတ်သွားနိုင်သော်လည်း သူကော နောက်ဆုတ်နိုင်ပါမည်လော။

ဤအခွင့်အရေးကို စွန့်လွှတ်လိုက်လျှင် လုံလောက်သော အမှတ်များ စုဆောင်းနိုင်ရန်အတွက် ဘယ်အချိန်အထိ စောင့်နေရဦးမည်နည်း။

သူက စောင့်နိုင်သော်လည်း မိခင်ဖြစ်သူကရော။

မိခင်ဖြစ်သူ၏ ဒဏ်ရာက အချိန်ထပ်ဆွဲထား၍ လုံးဝ မရတော့ပေ။

ရေခဲပြင်ပေါ်ရှိ ဆိုးရွားလှသော ပတ်ဝန်းကျင် အခြေအနေကို တွေးမိသောအခါ သူက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ထိုနေရာတွင် လုံးဝ ဆက်လက် နေထိုင်၍ မဖြစ်တော့ကြောင်း ဆုံးဖြတ်လိုက်သည်။

ညီမလေးနှင့် မိခင်ဖြစ်သူကို ထိုက်ယန်တောင်ပေါ်သို့ ပြောင်းရွှေ့နေထိုင်နိုင်စေရန်၊ ရေလွှမ်းမိုးမှု မရှိသော ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲသို့ ပြောင်းရွှေ့နေထိုင်နိုင်စေရန် သူ မဖြစ်မနေ နည်းလမ်းရှာရမည် ဖြစ်သည်။

ထိုသို့ တွေးလိုက်ပြီးနောက် သူက အပေါ်ဘက်ရှိ သုတေသနဌာန ဝန်ထမ်းများကို မော့ကြည့်ကာ လက်မြှောက်၍ "ကျွန်တော့်မှာ မေးစရာ ရှိပါတယ်" ဟု ပြောလိုက်သည်။

သုတေသနဌာနမှ ဝန်ထမ်းက ရွှီဟွမ်ကို မော့ကြည့်လိုက်ပြီး ပြုံးလျက် "ဒီကမိတ်ဆွေ ဘာများ မေးစရာရှိလို့လဲ" ဟု မေးလိုက်၏။

"ဒီမစ်ရှင်ဆုကြေးတွေကို မစ်ရှင်မပြီးခင် ထုတ်ပေးမှာလား... ဒါမှမဟုတ် မစ်ရှင်ပြီးမှ ထုတ်ပေးမှာလား ဆိုတာကို ကျွန်တော် သိချင်ပါတယ်"

သုတေသနဌာန ဝန်ထမ်းက ပြုံးလျက် "ကျွန်တော်တို့ရဲ့ စစ်ဆေးမှုကို အောင်မြင်တာနဲ့ ဒီမစ်ရှင်ဆုကြေးတွေကို ထုတ်ပေးမှာပါ" ဟု ဖြေသည်။

"ဒါဆိုရင် စမ်းသပ်ပျံသန်းမှု ရှုံးနိမ့်သွားရင်ကော... ဒီဆုကြေးတွေကို ပြန်သိမ်းမှာလား" ဟု ရွှီဟွမ်က အလျင်အမြန် ထပ်မေးလိုက်သည်။

ကျန်ရစ်နေသော လူများထဲတွင်လည်း အများအပြားက ခေါင်းမော့လာကြပြီး ဤမေးခွန်းကို အလွန်အမင်း စိတ်ဝင်စားနေကြ၏။

ဤမစ်ရှင်ကြောင့် လူတိုင်း ကြောက်လန့်သွားကြသည် မဟုတ်ကြောင်း ထင်ရှားလှသည်။

လူအတော်များများမှာ မျက်နှာအမူအရာ ပြတ်သားနေကြပြီး အသက်စွန့်ရမည်ကိုပင် စိတ်ထဲမထားသည့် ပုံပေါ်နေသည်။

ဤလောကကြီးတွင် သေဆုံးခြင်းထက် ပို၍ ကြောက်စရာကောင်းသော ကိစ္စများစွာ ရှိနေလေသည်။

ဆွေမျိုးသားချင်းများ ပြင်းထန်စွာ ဖျားနာနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရသော်လည်း ကုသပေးနိုင်စွမ်း မရှိခြင်း။

ရန်သူက လွတ်လပ်ပျော်ရွှင်နေသည်ကို ကြည့်ရင်း ကလဲ့စားချေရန် အင်အားမရှိခြင်း။

အချုပ်အားဖြင့်ဆိုရလျှင် လူအချို့ကို အသက်အန္တရာယ်စွန့်ကာ ဤကဲ့သို့သော မစ်ရှင်မျိုးကို ထမ်းဆောင်စေရန် တွန်းအားပေးနိုင်သည့် အကြောင်းပြချက်များစွာ ရှိနေပေသည်။

အထူးသဖြင့် ကပ်ဘေးကာလအောက်တွင် ထိုကဲ့သို့သော လူမျိုးမှာ များပြားလှပေသည်။

သုတေသနဌာန ဝန်ထမ်းက စကားစလိုက်သည် "စမ်းသပ်ပျံသန်းမှု ရလဒ်က ဘယ်လိုပဲထွက်လာထွက်လာ... ဆုကြေးတွေကိုတော့ ကြေငြာထားတဲ့အတိုင်း ထုတ်ပေးသွားမှာပါ"

"ဒါပေမဲ့ စမ်းသပ်ပျံသန်းရေး ကာလမှာ ခင်ဗျားတို့ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေကြောင့် တမင်တကာ ပေါ့ဆမယ်၊ တာဝန်ဝတ္တရား ပျက်ကွက်မယ် ဆိုရင်တော့ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ရှိလာမှာပါ"

"ကျွန်တော်တို့ လိုချင်တာက အစွမ်းကုန် ကြိုးစားပေးမယ့်သူမျိုးပါ... ဆုကြေး လာလိမ် ယူမယ့်သူမျိုး မဟုတ်ဘူး... ဒီအချက်ကို အားလုံးပဲ သေသေချာချာ စဉ်းစားကြဖို့ မျှော်လင့်ပါတယ်"

ရွှီဟွမ်က နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချကာ ခေါင်းမော့၍ "ကျွန်တော် စာရင်းပေးသွင်းချင်ပါတယ်" ဟု ပြောလိုက်သည်။

...

"ကိုလင်းယွမ်"

ခေါင်းဆောင်စံအိမ်တွင် လင်းယွမ်က ထိုက်ယန်တောင်၏ ဌာနအသီးသီးမှ ပေးပို့လာသော အစီရင်ခံစာများကို စစ်ဆေးကြည့်ရှုနေသည်။

ထိုအချိန်တွင် ဝိုင်အရောင် ချီဖောင်အင်္ကျီကို ဝတ်ဆင်ထားသော ကျွမ်းရှုယွမ်က တံခါးဝတွင် လှပကျော့ရှင်းစွာ ရပ်လျက် တံခါးကို ဖွဖွလေး ခေါက်လိုက်သည်ကို မြင်လိုက်ရ၏။

လင်းယွမ်က ခေါင်းမော့ကြည့်လိုက်ပြီး သူမကို မြင်သောအခါ မျက်ခုံးအနည်းငယ် ပင့်လိုက်မိကာ "ဒီနေ့ ဘယ်လိုဖြစ်လို့ ကိုယ်တိုင် အလုပ်လာတင်ပြရတာလဲ" ဟု မေးလိုက်သည်။

ကျွမ်းရှုယွမ်က ခေါင်းညိတ်လိုက်ပြီး တည်ကြည်သော မျက်နှာထားဖြင့် "အရေးကြီးတဲ့ ထောက်လှမ်းရေးသတင်း တစ်ခုရှိလို့ ကျွန်မ အမြန်ဆုံး လာပို့ပေးရတာပါ" ဟု ပြန်ပြောသည်။

လင်းယွမ် အံ့သြသွားသည်... သူမကို ဤမျှ တည်ကြည်သွားစေသည်ဆိုလျှင် တကယ်ကို အရေးကြီးသော ထောက်လှမ်းရေးသတင်း ဖြစ်နေပေလိမ့်မည်။

သူက ချက်ချင်းပင် အသံနက်ကြီးဖြင့် "ဘာထောက်လှမ်းရေးသတင်းလဲ" ဟု မေးလိုက်သည်။

"စစ်တပ်ဘက်ကလည်း ယာဉ်ပျံကို သုတေသနပြု တီထွင်နိုင်သွားပြီ... ပြီးတော့ မိုးကြိုးတိမ်တိုက်တွေကို အောင်မြင်စွာ ဖောက်ထွက်ပြီး ကောင်းကင်ပေါ်ကို ဝင်ရောက်သွားနိုင်ပြီတဲ့"

ထိုစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လင်းယွမ်က ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး မျက်နှာအမူအရာတွင် အနည်းငယ် တုန်လှုပ်သွားသည့် အရိပ်အယောင်များ ပေါ်လာကာ "သတင်းက သေချာရဲ့လား" ဟု ချက်ချင်း မေးလိုက်သည်။

"သေချာပါတယ်... ကျွန်မတို့ သိမ်းသွင်းထားတဲ့ စစ်တပ်အတွင်းလူက ထုတ်ပြောတာပါ... ပြီးတော့ ရုပ်သံ အချက်အလက်တွေလည်း ပါသေးတယ်"

"မကြာသေးခင်ကပဲ စစ်တပ်က ကွမ်ဖူ အမှတ်(၁) ယာဉ်ပျံကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပြီး... မိုးကြိုးတိမ်တိုက်တွေကို အောင်မြင်စွာ ဖောက်ထွက်ပြီး ကောင်းကင်ချောက်နက်ကြီး အထက်ကို ဝင်ရောက်သွားနိုင်ခဲ့တယ်"

"ဒါပေမဲ့ သူတို့က ကောင်းကင်ပေါ်မှာ ဆယ်မိနစ်တောင် မပြည့်လောက်တဲ့ အချိန်လေးပဲ နေခဲ့ရပြီး ပစ်ချဖျက်ဆီး ခံလိုက်ရတယ်"

"ဒါပေမဲ့ အဲဒီ ဆယ်မိနစ်အတွင်းမှာ လူတွေကို တုန်လှုပ်သွားစေမယ့် သတင်းတစ်ခု သူတို့ သယ်ဆောင်လာခဲ့တယ်"

လင်းယွမ်က ချက်ချင်းပင် "ဘာသတင်းလဲ" ဟု မေးလိုက်သည်။

"ကောင်းကင်ပေါ်က လေပေါ်ကျွန်းတွေပေါ်မှာ လူသားအဖွဲ့အစည်းတွေက မြို့ပြတွေ တည်ထောင်ထားကြပြီတဲ့"

"ဘာ"

လင်းယွမ် အကြီးအကျယ် အံ့အားသင့်သွားရသည်။

သူက အသေးစိတ် အခြေအနေများကို ချက်ချင်း မေးမြန်းလိုက်သည်။

"ကွမ်ဖူ အမှတ်(၁) က တိမ်လွှာတွေ အထက်ကို ထိုးတက်သွားပြီးနောက်... ပါမောက္ခဟွမ် သုတေသနပြု တီထွင်ထားတဲ့ အစွမ်းထက် စွမ်းအင်ဖြည့်စနစ် ကိရိယာကို အားကိုးပြီး... မိုးကြိုးတိမ်တိုက်ထဲက မိုးကြိုးမုန်တိုင်း အန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့တယ်"

"သူတို့က မိုးကြိုးမုန်တိုင်းကနေ ဖြစ်ပေါ်လာတဲ့ အစွမ်းထက် လှုပ်ရှားမှုစွမ်းအင်ကို အသုံးချပြီး... ယာဉ်ပျံရဲ့ အကာအကွယ်အစီအရင်ကို စွမ်းအင်ဖြည့်တင်းခဲ့တယ်... အဲဒီကနေတစ်ဆင့် မိုးကြိုးမုန်တိုင်း ပြဿနာကို ကျော်လွှားနိုင်ခဲ့ပြီး... မိုးကြိုးတိမ်တိုက် နယ်မြေကနေ တစ်ဟုန်ထိုး ဖောက်ထွက်ပြီး... ကောင်းကင်ချောက်နက် အထက်ကို ဝင်ရောက်သွားနိုင်ခဲ့တာပဲ"

"ကျွန်မတို့ ရထားတဲ့ သတင်းတွေအရဆိုရင်... သူတို့ ကောင်းကင်ပေါ်ကို ရောက်သွားတော့ မိုးကြိုးတိမ်တိုက်တွေ အထက်မှာ... လေပေါ်ကျွန်းတွေအများကြီး လွင့်မျောနေတာကို တွေ့လိုက်ရတယ်တဲ့... ရှေးဟောင်းဒဏ္ဍာရီထဲက နတ်ဘုံနတ်နန်းတွေလိုပဲ"

"အဲဒီ နတ်ဘုံနတ်နန်းတွေထဲက တစ်ခုမှာ... လူသားတွေ တည်ဆောက်ထားတဲ့ မြို့တစ်မြို့ကို ယာဉ်ပျံပေါ်က ဝန်ထမ်းတွေ တွေ့လိုက်ရတယ်"

"အဲဒီမြို့ပိုင်ရှင်က မိုးကြိုးတိမ်တိုက်တွေရဲ့ ပိတ်ဆို့မှုကို ဖောက်ထွက်ပြီး... ကောင်းကင်ပေါ်ကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ရုံတင်မကဘူး... လေပေါ်ကျွန်း တစ်ကျွန်းကိုတောင် သိမ်းပိုက်ထားနိုင်ခဲ့တယ်"

"ပြီးတော့ ဒီမြို့ကို သိမ်းပိုက်ထားတဲ့ အဖွဲ့အစည်းက ဘယ်သူလဲဆိုတာကို ရှင် လုံးဝ တွေးမိမှာ မဟုတ်ဘူး"

ကျွမ်းရှုယွမ်က ဤအကြောင်းကို ပြောလိုက်သောအခါ သူမ၏ မျက်နှာအမူအရာမှာ အလွန်တရာ လေးနက်တည်ကြည်သွားသည်။

လင်းယွမ်၏ အတွေးများ လျင်မြန်စွာ လည်ပတ်သွားပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ "မုန်ယာကုမ္ပဏီလား" ဟု အံ့သြတကြီး မေးလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ ကျွမ်းရှုယွမ်ပင် ခဏတာ ကြောင်အမ်းသွားရသည်။

"ရှင် ဘယ်လိုလုပ် ခန့်မှန်းမိတာလဲ"

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး "ဒါက ခန့်မှန်းဖို့ မခက်ပါဘူး... လောလောဆယ် ငါတို့ ထိတွေ့ဆက်ဆံဖူးတဲ့ အဖွဲ့အစည်းတွေထဲမှာ... ငါတို့ထက် ပိုမြင့်တဲ့ နည်းပညာအဆင့်အတန်းကို ပိုင်ဆိုင်ထားတဲ့ စစ်တပ်ကလွဲရင်... မုန်ယာကုမ္ပဏီပဲ ရှိတော့တယ်" ဟု ပြန်ပြောသည်။

"အဲဒီ သံချပ်ကာကားတပ်ဖွဲ့မှာ ပါဝင်တဲ့ နည်းပညာအဆင့်အတန်း တစ်ခုတည်းကတင်... ငါတို့ သုတေသနဌာနက ဝန်ထမ်းတွေကို ဉာဏ်အလင်းပွင့်စေပြီး... ယာဉ်ပျံကို သုတေသနပြု တီထွင်နိုင်စေခဲ့တာလေ"

"ဒီ မုန်ယာအဖွဲ့အစည်းက ယာဉ်ပျံကို သုတေသနပြု တီထွင်ထားနိုင်ခဲ့တာ တော်တော်ကြာနေလောက်ပြီ"

ကျွမ်းရှုယွမ် သဘောပေါက်သွားပြီး လင်းယွမ်ကို ကြည့်လိုက်သော သူမ၏ လှပလှသော မျက်ဝန်းများထဲတွင် ချီးကျူးလေးစားမှုများ ပြည့်နှက်နေသည်။

သူမက အသံနက်ကြီးဖြင့် "အရင်တစ်ခေါက်က... ဒီ မုန်ယာအဖွဲ့အစည်းက လူတွေကို သတ်ဖြတ်ပြီးကတည်းက... ကျွန်မတို့လည်း မြောက်ပိုင်းဒေသကို လူလွှတ်ပြီး ဒီ မုန်ယာအဖွဲ့အစည်းကို စုံစမ်းထောက်လှမ်းခဲ့တယ်" ဟု ပြောလိုက်သည်။

"ဒါပေမဲ့ အခုအချိန်အထိ ဘာသတင်းမှ ရောက်မလာသေးဘူး... ဘာပြဿနာတွေများ ဖြစ်နေလဲ... ဒါမှမဟုတ် ဘယ်လိုအခြေအနေ ရှိနေလဲဆိုတာကိုလည်း မသိရဘူး"

လင်းယွမ်က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး "မုန်ယာအဖွဲ့အစည်းက ငါတို့နဲ့ အရမ်းဝေးလွန်းတယ်... ဆောင်းရာသီ ရေခဲနေလို့သာ မဟုတ်ရင်... သူတို့ရဲ့ သံချပ်ကာကားတပ်ဖွဲ့ဆိုရင်တောင် ဒီလောက်ဝေးတဲ့နေရာကို လာရောက်ဖို့ တော်တော်ခက်မှာ" ဟု ပြန်ပြောသည်။

ခရီးဝေးသွားလာခြင်း၏ အကြီးမားဆုံး အခက်အခဲမှာ ခရီးအကွာအဝေး မည်မျှဝေးသည်ဆိုခြင်းထက် ဦးတည်ရာအရပ် မျက်နှာစာ ပြဿနာပင် ဖြစ်သည်။

ကျယ်ပြောလှသော ရေလွှမ်းမိုးမှု ကမ္ဘာကြီးထဲတွင် အရာအားလုံး ရေအောက် နစ်မြုပ်နေသည့် အခြေအနေအောက်၌ နေရာပြကိရိယာ မရှိပါက မိမိ ရှေ့ဆက်သွားနေသည့် ဦးတည်ရာကို ဆုံးဖြတ်ရန် အလွန်ခက်ခဲလှသည်။

ဝူယောင်ပန်းအနေဖြင့် လင်ကျောင်းမြို့ကို တိကျစွာ ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်းမှာ သူ၏ ကိုယ်ပွားက ဤဘက်တွင် နေရာပြကိရိယာအဖြစ် ရှိနေသောကြောင့် ဖြစ်သည်။

အခြားသူများအနေဖြင့် ဤအချက်ကို လုပ်ဆောင်နိုင်ရန်မှာ အလွန်တရာ ခက်ခဲလှသည်ဟု ဆိုနိုင်ပေသည်။

ဆက်ရန်...

အပိုင်း(၇၀၂) ကျွမ်းရှုယွမ် ယူဆောင်လာသော သတင်းအချက်အလက်

"ကိုလင်းယွမ်... အခု ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ"

"စစ်တပ်ဘက်မှာလည်း မိုးကြိုးတိမ်တိုက်တွေကို ဖောက်ထွက်နိုင်တဲ့ နည်းပညာတွေ ရနေပြီဆိုတော့... ကျွန်မတို့လည်း ယာဉ်ပျံ သုတေသနကို အရှိန်မြှင့်ဖို့ လိုနေပြီ မဟုတ်လား"

ကျွမ်းရှုယွမ်က မေးလေသည်။

လင်းယွမ်က ခေါင်းအသာညိတ်လိုက်ပြီး "သေချာပေါက် လုပ်ရမှာပေါ့... ဒီရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးမှာ ကုန်းမြေဆိုတာ မရှိတော့ဘူး... ထိုက်ယန်တောင်နဲ့ ရေပေါ်ကျွန်းတွေကိုပဲ အားကိုးနေရတာဆိုတော့ လက်ခံနိုင်တဲ့ လူဦးရေက အကန့်အသတ် ရှိတယ်"

"ပြီးတော့ ဆောင်းရာသီ ကုန်လို့ ရေခဲတွေ အရည်ပျော်သွားပြီဆိုရင်... ထိုက်ယန်တောင်ပါ ရေမြုပ်သွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်"

"အဲဒီအချိန်ကျရင် ငါတို့ ရှင်သန်ဖို့အတွက် ရေပေါ်ကျွန်းတွေပဲ ကျန်တော့မှာ"

"ဒါပေမဲ့ ရေပေါ်ကျွန်းတွေရဲ့ ခံနိုင်ရည်က အကန့်အသတ်ရှိသလို... လက်ခံနိုင်တဲ့ လူဦးရေကလည်း အကန့်အသတ် ရှိတယ်လေ"

လင်းယွမ်က ချောက်နက်ကျွန်းများ တည်ရှိနေသည်ကို မြင်တွေ့ပြီးကတည်းက ဤအချက်ကို သဘောပေါက် နားလည်ခဲ့ခြင်း ဖြစ်သည်။

ရေပေါ်ကျွန်းများသည် ရေမျက်နှာပြင်ပေါ်တွင် ထာဝရ မျောပါနေမည် မဟုတ်ပေ။

၎င်းတို့ ခံနိုင်ရည်ရှိသော အလေးချိန်သည် ကိုယ်ပိုင် ရေပေါ်ပေါ်နိုင်စွမ်းထက် ကျော်လွန်သွားပါက ရေပေါ်ကျွန်း ဖြစ်နေလျှင်တောင်မှ ရေအောက်သို့ နစ်မြုပ်သွားပြီး ချောက်နက်ကျွန်းအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ထို့ကြောင့် ရေပေါ်ကျွန်းပေါ်ရှိ လူဦးရေကို တင်းကျပ်စွာ ထိန်းချုပ်ထားရန် လိုအပ်ပေသည်။

သို့သော် အင်အားစုကို ဖွံ့ဖြိုးတိုးတက် ကြီးမားလာစေရန်အတွက် လူဦးရေ တိုးပွားလာခြင်းက မရှိမဖြစ် လိုအပ်သော လမ်းကြောင်းတစ်ခု ဖြစ်နေပြန်သည်။

ထို့ကြောင့် ရေပေါ်ကျွန်းများကို ပိုမို သိမ်းပိုက်ခြင်းအပြင် အကောင်းဆုံး နည်းလမ်းမှာ လေပေါ်ကျွန်းများကို သိမ်းပိုက်ရန်ပင် ဖြစ်သည်။

လင်းယွမ်က ဤအချက်ကို မျက်တောင်တစ်ခတ်အတွင်းမှာပင် စဉ်းစားမိသွားခဲ့သည်။

သူက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် "ခဏနေရင် စစ်တပ်ဘက်ကို လူလွှတ်ပြီး... သူတို့ရဲ့ ယာဉ်ပျံ နည်းပညာကို ဝယ်လို့ရမလားဆိုတာ စမ်းပြီး ညှိနှိုင်းကြည့်လိုက်"

"မျှော်လင့်ချက်တော့ သိပ်မရှိလောက်ဘူး ထင်တယ်... ကျွန်မတို့ရဲ့ အတွင်းလူ ပြောတာတော့ စစ်တပ်က ယာဉ်ပျံနဲ့ ပတ်သက်တဲ့ သတင်းတွေကို တမင်တကာ အပြင်မထွက်အောင် ပိတ်ပင်ထားတယ်တဲ့... ကျွန်မတို့ကို ကာကွယ်နေတာ ဖြစ်ဖို့များတယ်" ကျွမ်းရှုယွမ်က ပြောလေသည်။

လင်းယွမ်လည်း နားလည်သည်။ စစ်တပ်က သတင်းများကို အပြင်မပေါက်အောင် ပိတ်ပင်ထားသည်ဆိုလျှင် လက်ရှိ အပြင်ဘက်တွင် အခြား မည်သည့် အင်အားစုကြီးများ ရှိနေသေးသနည်း။

သူတို့၏ ထိုက်ယန်တောင်သာ ရှိတော့သည်။

ထို့ကြောင့် စစ်တပ်၏ ဤလုပ်ရပ်သည် သဘာဝကျကျပင် ထိုက်ယန်တောင်ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးအတွက် လင်းယွမ်က အံ့သြခြင်း မရှိခဲ့ပေ။

သူက "စမ်းကြည့်လိုက်ပါဦး... တကယ်လို့ စစ်တပ်က ပူးပေါင်းဖို့ ဆန္ဒရှိရင်တော့ အကောင်းဆုံးပေါ့... ဆန္ဒမရှိရင်လည်း ကိစ္စမရှိပါဘူး... ငါတို့ဆီက ယာဉ်ပျံ နည်းပညာကလည်း ထုတ်လုပ်ပြီးနေပြီပဲ... စမ်းသပ်ပျံသန်းဖို့ ကိစ္စတွေကိုလည်း ပြင်ဆင်နေပြီလေ"

"ပေါင်ရှန်းမြို့ဘက်က အခြေအနေကို စောင့်ကြည့်ခိုင်းထားတာ... ဘာသတင်း ထူးသေးလဲ"

ကျွမ်းရှုယွမ်က ခေါင်းအသာခါယမ်းလိုက်ပြီး "ကျွန်မတို့လူတွေ စုံစမ်းထားချက်အရ... မြူခိုးမြို့တော်က အခု ရေခဲမြို့တော်တစ်ခု တည်ဆောက်ထားတယ်တဲ့... ပြီးတော့ ပေချန်ကျွန်းနဲ့ ဆက်သွယ်ထားတဲ့ ရေခဲတွေလည်း အရည်ပျော်သွားပြီတဲ့"

"ကြည့်ရတာ မြူခိုးမြို့တော်က ပေချန်ကျွန်းကို စွန့်လွှတ်လိုက်မယ့်ပုံပဲ"

လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး "ပေချန်ကျွန်းကို စွန့်လွှတ်မယ် ဟုတ်လား"

သူက မေးစေ့ကို ပွတ်သပ်လိုက်ရင်း လင်ယွီရုံ တစ်ယောက် ဘာကို လုပ်ချင်နေသနည်းဟု တွေးတောလိုက်သည်။

တစ်ဖက်လူက အားအင်များစွာ စိုက်ထုတ်ပြီး ရေခဲမြို့တော်တစ်ခုကို တည်ဆောက်ခဲ့ခြင်းမှာ တကယ်ပဲ နေထိုင်ရန်သက်သက်အတွက်သာ ဟုတ်ပါမည်လော။

ထိုရေခဲမြို့တော်၏ ထူးခြားချက်နှင့် သင်္ကေတအစီအရင်များပင် ဖွဲ့စည်းနိုင်သည်ဟူသော အချက်ကို တွေးမိလိုက်သောအခါ ဤကိစ္စက ထိုမျှ ရိုးရှင်းမည်မဟုတ်ကြောင်း လင်းယွမ် ခံစားလိုက်ရသည်။

ရှေးခေတ် အစွမ်းပိုင်ရှင်များသည် အသက်ရှင်နေထိုင်လာခဲ့သည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်ရာ ၎င်းတို့၏ သန္ဓေပြောင်းစွမ်းအင်နှင့် သင်္ကေတပညာရပ်များအပေါ် နားလည်သဘောပေါက်မှုသည် ခေတ်သစ် အစွမ်းပိုင်ရှင်များထက် များစွာ သာလွန်နေမည်မှာ အသေအချာပင်။

ထို့ကြောင့် ဤရှေးခေတ် အစွမ်းပိုင်ရှင်များကို လုံးဝ အထင်သေး၍ မရနိုင်ပေ။

လူသားများသည် နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့သော်လည်း အမှန်တကယ် တိုးတက်လာသည်မှာ နည်းပညာသာ ဖြစ်ပြီး ဉာဏ်ပညာပိုင်းတွင်မူ ကြီးမားသော ပြောင်းလဲမှု မရှိခဲ့ချေ။

ရှေးခေတ်လူများ အားလုံးသည် ငတုံးငအများ ဖြစ်သည်ဟု လုံးဝ တွေးမှတ်မထားသင့်ပေ။ ထိုသို့တွေးမိပါက နောက်ဆုံးတွင် နစ်နာရမည့်သူမှာ မိမိကိုယ်တိုင်သာ ဖြစ်သွားပေလိမ့်မည်။

"ဆက်ပြီး စောင့်ကြည့်ထား... ပေါ့ပေါ့ဆဆ မလုပ်နဲ့"

ကျွမ်းရှုယွမ်၏ စိတ်ထဲတွင် သံသယဖြစ်သွားပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။ "ကိုလင်းယွမ်က ဘာလို့ မြူခိုးမြို့တော်ကို ဒီလောက်တောင် ဂရုစိုက်နေရတာလဲ... ချန်ယွင်တောက်လည်း သေသွားပြီပဲဟာကို... ဘာလို့ မြူခိုးမြို့တော်ကို တိုက်ရိုက် ပြန်မသိမ်းလိုက်တာလဲ"

လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တမျှ တွေးတောကာ ဖုံးကွယ်မထားတော့ဘဲ လင်ယွီရုံ တည်ရှိနေသည့် အကြောင်းကို တိုက်ရိုက် ပြောပြလိုက်သည်။

ကျွမ်းရှုယွမ် ကြားပြီးသွားသောအခါ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ထိတ်လန့်အံ့သြမှုများ ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။

"ရှေးခေတ်ကနေ အခုချိန်ထိ အသက်ရှင်နေတဲ့ အစွမ်းပိုင်ရှင် ဟုတ်လား... ဒါ... ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်သူက ဒီလောက် အကြာကြီး အသက်ရှင်နိုင်မှာလဲ"

သူမမှာ တုန်လှုပ်လွန်းသဖြင့် ခေတ္တမျှ စကားပင် မပြောနိုင်တော့ပေ။

ရှေးခေတ် အစွမ်းပိုင်ရှင်များနှင့် ပတ်သက်၍ လက်ရှိ သိထားသူများမှာ ဟန်ရှန်းမန်တို့ လူတစ်စုသာ ရှိသေးပြီး ထိုက်ယန်တောင်ဘက်ရှိ အထက်လူကြီးများကို လင်းယွမ်က ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပေ။

တစ်ချက်က ပြောပြလိုက်ပါက လူတိုင်းကို ထိတ်လန့်သွားစေနိုင်ပြီး ဒုတိယအချက်မှာ လက်ရှိ လင်ယွီရုံကို ရင်ဆိုင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမည် ဖြစ်သောကြောင့်ပင်။

လင်းယွမ်က "ဒီကိစ္စကို လောလောဆယ် အပြင်မှာ မပြောနဲ့ဦး... မင်း သိထားရင် ရပြီ"

"ဒါနဲ့ ကွမ်ဖူခရိုင် စစ်တပ်က ပြီးခဲ့တဲ့တစ်ခေါက် ပြောသွားတဲ့ ရှေးဟောင်းလူ ရုပ်အလောင်းဂူ ကိစ္စကရော... နောက်ပိုင်း ဘာတွေ ဆက်ဖြစ်သေးလဲ"

ထိုကိစ္စကို ပြောလိုက်မှသာ ကျွမ်းရှုယွမ် သတိပြန်ဝင်လာပြီး ချက်ချင်း ပြန်ဖြေလေသည်။ "ပြောရရင်တော့ ထူးဆန်းတယ်... ပြီးခဲ့တဲ့တစ်ခေါက်က သူတို့ဆီက လူလွှတ်လာပြီး အဲဒီရှေးဟောင်းဂူကို အတူတူ သွားစူးစမ်းဖို့ ကျွန်မတို့လူတွေကို ဖိတ်ခေါ်သွားသေးတယ်... ဒါပေမဲ့ အဲဒီနောက်ပိုင်း ဘာမှ ထပ်မကြားရတော့ဘူး"

"ကျွန်မတို့ဘက်က အဲဒီကိစ္စကို ထပ်ပြီး သွားမေးတဲ့အခါကျတော့... တစ်ဖက်က အဲဒီရှေးဟောင်းဂူ ပျောက်ကွယ်သွားပြီလို့ တိုက်ရိုက် ပြောလာတယ်"

"ကျွန်မ စိတ်ထဲမှာတော့ တစ်ခုခု ထူးဆန်းနေသလိုပဲ"

လင်းယွမ်၏ မျက်ဝန်းများ အရောင်လက်သွားပြီး စစ်တပ်၏ သင်္ကေတ နည်းပညာအဆင့်အတန်း သိသိသာသာ တိုးတက်လာကာ ယာဉ်ပျံ နည်းပညာကိုပါ သုတေသနပြုနိုင်ခဲ့ခြင်းသည် ထိုရှေးဟောင်းဂူနှင့်များ သက်ဆိုင်နေမည်လားဟု ရုတ်တရက် တွေးမိသွားသည်။

စစ်တပ်ကလည်း ရှေးခေတ် အစွမ်းပိုင်ရှင်တစ်ဦး၏ သင်္ချိုင်းဂူကိုများ ရှာတွေ့ခဲ့လေသလား။

လင်းယွမ်က တွေးတောလိုက်ပြီးနောက် "ငါတို့ဘက်က ယာဉ်ပျံ နည်းပညာကလည်း အတော်လေး တိုးတက်မှု ရှိနေပါပြီ... လက်ရှိမှာတော့ စမ်းသပ်နေဆဲပဲ"

"နောက်ပိုင်းကျရင် စစ်တပ်ဘက်က သတင်းတွေကို စုံစမ်းလို့ ရမရ စမ်းကြည့်လိုက်ဦး... သူတို့က ယာဉ်ပျံ နည်းပညာကို ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ထိုးဖောက်နိုင်ခဲ့လဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်"

ကျွမ်းရှုယွမ်က ခေါင်းညိတ်လိုက်ပြီး နားလည်ကြောင်း ပြသလေသည်။

ထို့နောက် သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်ရှိ အင်အားစုများ၏ သတင်းအချက်အလက် အချို့ကို ဆက်လက် ဆွေးနွေးကြသည်။

ပေချန်ကျွန်းဘက်တွင် လက်ရှိ၌ မြူခိုးမြို့တော် တစ်ခုတည်းသာ ကြီးစိုးနေတော့သည်။

ကွမ်ဖူခရိုင် စစ်တပ်က သီးခြားအင်အားစုတစ်ခုအဖြစ် ရပ်တည်ကာ ကောင်းကင်ယံသို့ ဖွံ့ဖြိုးတိုးတက်ရန်သာ အာရုံစိုက်နေကြသည်။

ကျိအန်မြို့ ဘက်တွင်မူ ပြဿနာ အတော်များများ ပေါ်ပေါက်နေလေသည်။

"ကျိအန်မြို့က ဘာဖြစ်လို့လဲ"

လင်းယွမ်က အံ့အားသင့်သွားပြီး မေးမြန်းလိုက်သည်။

ကျိအန်မြို့သည် လင်ကျန်းမြို့ အထက်ပိုင်းတွင် တည်ရှိပြီး လင်ကျန်းမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေကာ ဖူရုံတောင်ကြားမှာ ကျိအန်မြို့နှင့် လင်ကျန်းမြို့ နယ်စပ်တွင် တည်ရှိသည်။

"ကြားရတာတော့ ကျိအန်မြို့မှာ ပြည်တွင်းစစ် ဖြစ်နေတယ်တဲ့... ခိုလှုံရေးစခန်းကြီး ငါးခုက အစားအသောက် အရင်းအမြစ်တွေကို လုယက်ဖို့ အကြီးအကျယ် တိုက်ခိုက်နေကြတာ"

"အခု ကျွန်မတို့ ထိုက်ယန်တောင် အပြင်ဘက်မှာ ဒုက္ခသည်တွေ ပိုပိုများလာတာ... အများစုက ကျိအန်မြို့ကနေ ထွက်ပြေးလာကြတာချည်းပဲ"

လင်းယွမ်က ဤစကားကို ကြားသောအခါ စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားပြီး "အစားအသောက် အရင်းအမြစ် ဟုတ်လား... အခု ရေပြင်တွေ အေးခဲနေတာဆိုတော့ ရေခဲခွဲပြီး ငါးဖမ်းရတာ မခက်ခဲလောက်ပါဘူး"

ကျွမ်းရှုယွမ်က မတတ်သာစွာဖြင့် ပြောလေသည်။ "ငါးချည်းပဲ စားနေရရင်လည်း... အချိန်ကြာလာရင် လူသေနိုင်တယ်လေ"

"လူတွေက အသားချည်းပဲ စားနေလို့ မဖြစ်ဘူးလေ... ကစီဓာတ်တွေ စားရမယ်... ဟင်းသီးဟင်းရွက်တွေ စားရမယ် မဟုတ်လား"

"ဒါပေမဲ့ အဲဒီအရာတွေက မြေကြီးထဲကနေ ပေါက်လာရတာလေ... အခုလို အရမ်းအေးတဲ့ ဆောင်းရာသီမှာ... ကုန်းမြေပေါ်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်ဖို့ နေရာမှ မရှိတော့တာ... အပြင်ဘက် နေရာတွေမှာ ကျွန်မတို့ဆီက သန္ဓေပြောင်း နေကြာပန်းလိုမျိုး သန္ဓေပြောင်း အပင်တွေမှ မရှိတာ"

လင်းယွမ်က မနေနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူက ဤအချက်ကို လျစ်လျူရှုမိသွားခဲ့သည်။

သို့သော် ချက်ချင်းဆိုသလိုပင် သူက မေးလိုက်သည်။ "ကျိအန်မြို့မှာ ရေပေါ်ကျွန်းတွေ ရှိလား"

"ရှိတယ်... တစ်ကျွန်းတည်းတောင် မကဘူး"

"အပြင်ဘက် ရေခဲပြင်ပေါ်က ဒုက္ခသည်တွေ ပြောပြချက်အရဆိုရင်... ကျိအန်မြို့မှာ ရေပေါ်ကျွန်း သုံးကျွန်းနဲ့ တောင်ကြီး ဆယ်လုံးကျော် ရှိတယ်တဲ့"

"လက်ရှိ တောင်ကြီး ဆယ်လုံးကျော်ထဲမှာ... တောင်အမြင့်ပိုင်း အများစုကို အဲဒီ ရေပေါ်ကျွန်း အင်အားစု သုံးခုက ချုပ်ကိုင်ထားတယ်... ခပ်လှမ်းလှမ်းက အလတ်စား တောင်ကုန်းတချို့မှာပဲ သီးခြား အင်အားစုတွေ ရှိတော့တာ"

"ဖူရုံတောင်ကြားကလည်း အဲဒီအထဲက တစ်ခုပဲ... ဒါပေမဲ့ မကြာသေးခင်က လင်း မိသားစု မောင်နှမဆီက သတင်းရတာတော့ ဖူရုံတောင်ကြားလည်း တောင့်မခံနိုင်တော့ဘူးတဲ့... ကြယ်တံခွန်ကျွန်း က လူတွေကို အကြိမ်ကြိမ် စေလွှတ်ပြီး ဖူရုံတောင်ကြားကို တိုက်ခိုက်နေလို့... သူတို့ရဲ့ တောင်ကြားသခင် မာကောင်းရွှမ်လည်း မနည်း တောင့်ခံနေရပြီတဲ့"

လင်းယွမ်၏ ခေါင်းထဲတွင် ယခင်က တွင်းနက်အရိပ်ရေပေါ်ကျွန်းအဝ၌ တွေ့ခဲ့ရသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသား၏ ပုံရိပ်ကို ဖြတ်ခနဲ မြင်ယောင်သွားသည်။

ထိုလူက အလျင် အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်ဟန်တူသော်လည်း သာမန် အလျင်အစွမ်း မဟုတ်ကြောင်း လင်းယွမ် မှတ်မိနေသည်။

လင်းယွမ်က မေးလိုက်သည်။ "ဒီ ကြယ်တံခွန်ကျွန်း က ဘယ်လို နောက်ခံရှိတာလဲ"

ကျွမ်းရှုယွမ်က ဖြေလေသည်။ "ကြယ်တံခွန်ကျွန်း ဆိုတာက ရေပေါ်ကျွန်း တစ်ကျွန်းပဲ... ကျိအန်မြို့မှာ စုစုပေါင်း ရေပေါ်ကျွန်း သုံးကျွန်း ရှိတယ်... အဲဒါတွေက ကြယ်တံခွန်ကျွန်း... ဆင်တောင်ကျွန်း နဲ့ အိုအေစစ်ကျွန်း တို့ပဲ"

"အဲဒီ ကျွန်းသုံးကျွန်းက ကိုယ်ပိုင် ထူးခြားချက်တွေ ရှိကြတယ်... အဲဒီအထဲက ကြယ်တံခွန်ကျွန်း ကတော့ ကျွန်းပေါ်မှာ ကြယ်တံခွန်လို အလင်းတန်းတွေက အကာအကွယ် ဒိုင်းကို မကြာခဏ ဖြတ်သန်းသွားလေ့ ရှိတာမို့လို့ အဲဒီနာမည် တွင်သွားတာတဲ့"

"ဆင်တောင်ကျွန်း ကတော့ အပြင်ပန်း ပုံသဏ္ဌာန်က ဆင်တစ်ကောင်နဲ့ တူနေလို့ အဲဒီနာမည် ရလာတာ"

"အိုအေစစ်ကျွန်း ကတော့ ကျွန်းပေါ်မှာ တစ်နှစ်ပတ်လုံး သစ်ပင်တွေ စိမ်းလန်းနေပြီး အရင်းအမြစ်တွေ ပြည့်ဝနေလို့ အိုအေစစ်ကျွန်း လို့ ခေါ်ကြတာတဲ့"

လင်းယွမ်က ချက်ချင်း မေးမြန်းလိုက်သည်။ "ဒီကျွန်း သုံးကျွန်းက ဘယ်လို အရည်အသွေး အမျိုးအစားတွေလဲ"

ကျွမ်းရှုယွမ်က ပြောလေသည်။ "ကြယ်တံခွန်ကျွန်း က အလျင်နဲ့ သက်ဆိုင်တဲ့ အရည်အသွေး ကျွန်းဖြစ်တဲ့ပုံပဲ... ဆင်တောင်ကျွန်း က ခွန်အား အရည်အသွေး ကျွန်းဖြစ်ပြီး... အိုအေစစ်ကျွန်း ကတော့ သစ်ဓာတ် အရည်အသွေး ကျွန်းပဲ"

"ဒါပေမဲ့ ဒါတွေအကုန်လုံးက အပြင်ဘက်က အစွမ်းပိုင်ရှင်တွေ ပြန့်နေတဲ့ သတင်းတွေပါ... အတိအကျ အခြေအနေကိုတော့ မသိရဘူး... အဲဒီဘက်က ကျွန်မတို့နဲ့ အရမ်းဝေးတော့ သွားစုံစမ်းဖို့ လူအင်အားလည်း မလွှတ်နိုင်ဘူးလေ"

လင်းယွမ်က မေးစေ့ကို ပွတ်သပ်လိုက်မိသည်။ လုံးဝ ကွဲပြားခြားနားသော အရည်အသွေး ကျွန်းသုံးကျွန်း ဖြစ်နေသည်တဲ့လား။

ထို့အပြင် ထိုက်ယန်တောင် ပိုင်ဆိုင်သော ရေပေါ်ကျွန်းအချို့၏ အရည်အသွေးများနှင့်လည်း ကွဲပြားခြားနားနေသေးသည်။

"ဒီအင်အားစုတွေနဲ့ အဆက်အသွယ် ရအောင် နည်းလမ်းရှာကြည့်... သူတို့ဆီကနေ မျိုးရိုးဗီဇမျိုးစေ့ တစ်သုတ်လောက် ဝယ်ယူလို့ ရမရ စမ်းကြည့်ချင်တယ်"

"အခု ငါတို့ ထိုက်ယန်တောင်မှာ လူဦးရေက ပိုပိုများလာသလို... အစွမ်းပိုင်ရှင်တွေလည်း ပိုပိုများလာပြီ... အမျိုးအစားစုံတဲ့ အစွမ်းပိုင်ရှင်တွေ ရှိနေတော့... အမျိုးအစားစုံတဲ့ မျိုးရိုးဗီဇမျိုးစေ့တွေ လိုအပ်နေတယ်"

ကျွမ်းရှုယွမ်က ခေါင်းအသာညိတ်လိုက်ပြီး "တစ်ဖက်က အရောင်းအဝယ် မလုပ်ချင်မှာကိုပဲ စိုးရိမ်ရတာ"

လင်းယွမ်က "အရင်ဆုံး အဆက်အသွယ် လုပ်ကြည့်လိုက်ပါ... တကယ်လို့ လုံးဝ ဆန္ဒမရှိဘူးဆိုရင်တော့... အဲဒီအချိန်ကျမှ ငါ ကိုယ်တိုင် သွားလိုက်မယ်"

ရေလွှမ်းမိုးမှု ကမ္ဘာပျက်ကပ်ဘေးကြီး စတင်ချိန်မှ ယခုတိုင် ရှင်သန်ခြင်း နိယာမများသည် ပြောင်းလဲသွားခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

အချို့သော ကိစ္စများတွင် သင်က ဆန္ဒမရှိရုံဖြင့် အခြားသူများက သင့်ကို အတင်းအကျပ် ဖိအားပေးမည် မဟုတ်ဟု တွေး၍မရတော့ပေ။

ယခုအချိန်တွင် ခွန်အားကြီးသူကသာ အမှန်တရား ဖြစ်ပေသည်။

လင်းယွမ်က သူ့ကိုယ်သူ စည်းမျဉ်းစည်းကမ်းများ အတော်လေး ထားရှိသည်ဟု ခံစားရသည်။ အနည်းဆုံးတော့ သူက တိုက်ရိုက်သွားရောက် လုယက်ခြင်း မပြုဘဲ တန်းတူညီမျှ အရောင်းအဝယ် လုပ်ရန် တွေးတောနေသေးသည် မဟုတ်ပါလော။

ဤအခြေအနေမျိုးကိုသာ အရင်က ဘာသာရေးဂိုဏ်းကြီး သုံးခု သို့မဟုတ် မြူခိုးမြို့တော်မှ လင်ယွီရုံတို့နှင့် လဲလှယ်ကြည့်ပါက တိုက်ရိုက်ပင် အကြမ်းဖက် လုယက်ကြမည်မှာ သေချာသလောက်ပင်။

နောက်ထပ် သုံးရက်အကြာတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနက စမ်းသပ်ပျံသန်းမှု မစ်ရှင်တွင် ပါဝင်ရန် ဆန္ဒအလျောက် လျှောက်ထားသူ ဆယ်ဦးကို ရွေးချယ်လိုက်လေသည်။

ဤဆန္ဒအလျောက် ပါဝင်သူ ဆယ်ဦးသည် တစ်ပတ်တာ ကြာမြင့်မည့် လေ့ကျင့်ရေး သင်တန်းကို တက်ရောက်ရန် လိုအပ်ပေသည်။

သင်တန်းကို အောင်မြင်စွာ ပြီးဆုံးသွားပါက သူတို့သည် မစ်ရှင်အတွက် ဆုကြေးငွေများကို ရရှိနိုင်မည် ဖြစ်သည်။

ထိုလူများထဲတွင် ရွှီဟွမ် လည်း ပါဝင်လေသည်။

"အစ်ကို... ဘာလို့ ဒီလောက် နောက်ကျမှ ပြန်လာတာလဲ"

ယနေ့တွင် ရွှီဟွမ်သည် သင်တန်း တက်ရောက်ပြီးနောက် တဲအတွင်းသို့ ပြန်ရောက်လာခဲ့သည်။

ညီမဖြစ်သူ ရွှီလဲ့က အလျင်အမြန် ဆီးကြိုလိုက်ပြီး ရွှီဟွမ်၏ လက်ဗလာဖြစ်နေသည်ကို မြင်သောအခါ "ဒီနေ့လည်း ဘာမှ မရခဲ့ဘူးလား" ဟု ကပျာကယာ မေးလိုက်သည်။

ရွှီဟွမ်က ညီမဖြစ်သူအား အမှန်အတိုင်း မပြောရဲဘဲ "သိပ်မရခဲ့ပါဘူး... စားစရာ နည်းနည်းပဲ ဝယ်လာတယ်... ရော့... ငါ ငါးဖမ်းစခန်း အနီးနားက ဆိုင်မှာ အသားပေါက်စီ ဝယ်လာတယ်... နင် မြည်းကြည့်လိုက်ဦး" ဟုသာ ပြောလိုက်သည်။

ရွှီလဲ့၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး အံ့သြဝမ်းသာစွာဖြင့် "အသားပေါက်စီ ဟုတ်လား... ဒါ... ဒါ အရမ်း ဈေးကြီးမှာပဲနော်... အစ်ကိုရယ်... ညီမတို့ အမှတ်တွေကို ချွေတာရဦးမယ်လေ"

ရွှီဟွမ်၏ ရင်ထဲတွင် ဆို့နင့်သွားပြီး "ကိစ္စမရှိပါဘူး... အစ်ကို မနက်ဖြန်ကျရင် ငါးနည်းနည်း ထပ်ဖမ်းမှာပါ... ငါတို့လည်း တစ်ချိန်လုံး ငါးချည်းပဲ စားနေလို့ မဖြစ်ဘူးလေ... မဟုတ်ဘူးလား"

ရွှီလဲ့က ထိုအခြေအနေကို မြင်သောအခါ ဘာမျှ ဆက်မပြောတော့ဘဲ ရေနွေးအမြန်တည်ကာ ပေါက်စီများကို ပေါင်းလိုက်ပြီး မနက်က ဆန်ပြုတ်ရည်ထဲသို့ ငါးခြောက်အနည်းငယ် ထည့်ကာ ပြုတ်လိုက်သည်။

ခဏအကြာတွင် ပေါက်စီများ အရင် ပူလာသဖြင့် သူမက အလျင်အမြန် ထုတ်ယူလိုက်ပြီး ကိုယ်တိုင် မစားဘဲ ရွှီဟွမ်ထံသို့ အရင် ကမ်းပေးလိုက်သည်။

"အစ်ကို... အရင်စား"

"ငါ ဗိုက်မဆာသေးဘူး... နင် အရင်စားလိုက်"

"မရဘူး... အစ်ကို အရင်စား... အစ်ကို မစားရင် ညီမလည်း မစားဘူး"

ရွှီဟွမ်က ပြုံးလိုက်ပြီး ပါးစပ်ဟကာ တစ်ကိုက် ကိုက်လိုက်မှသာ ရွှီလဲ့လည်း ပြုံးရွှင်သွားတော့သည်။

"ညီမ တစ်ဝက်ပဲ စားမယ်... ကျန်တာ နည်းနည်းကို အမေ နိုးလာတဲ့အခါ စားဖို့ ချန်ထားမယ်"

ရွှီဟွမ်က ဤမြင်ကွင်းကို ကြည့်ရင်း ဆို့နင့်ကာ မျက်ရည်ဝဲလုမတတ် ဖြစ်သွားရပြီး သူ၏ မိခင်နှင့် ညီမဖြစ်သူတို့ကို ထိုက်ယန်တောင် အတွင်းသို့ ပြောင်းရွှေ့နေထိုင်နိုင်စေရန်အတွက် အရည်အချင်းစစ် စာမေးပွဲကို မဖြစ်မနေ ကြိုးစားအောင်မြင်ရမည်ဟု တိတ်တဆိတ် သစ္စာဆိုလိုက်မိသည်။

ဤရက်ပိုင်းအတွင်း လေ့လာသိရှိရသလောက် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် ရှိ ရှင်သန်နေထိုင်မှု အခြေအနေသည် ထိုက်ယန်တောင် ထက်ပင် များစွာ ပိုမိုကောင်းမွန်ကြောင်း သူ သိထားသည်။

ကြားရသည်မှာ ထိုနေရာတွင် သန္ဓေပြောင်း နေကြာပန်း များကို အမြောက်အမြား စိုက်ပျိုးထားသဖြင့် အပူချိန်မှာ အပြင်ဘက်လောက် မအေးချမ်းပေ။

ထို့အပြင် ထိုနေရာ၌ ရေမမြုပ်သေးသော တိုက်ခန်းများ ရှိနေသေးရာ လူတိုင်းက ကိုယ်ပိုင်အိမ်များ ရရှိနိုင်ပြီး တဲများထဲတွင် ကြပ်ညပ်နေစရာ မလိုတော့ချေ။

ကမ္ဘာပျက်ကပ်ဘေး မတိုင်မီက အလွန် သာမန်ဖြစ်ခဲ့သော ဤလူနေမှု အခြေအနေများသည် ယခုအခါတွင် လူတိုင်း အိပ်မက်မက်နေကြရသည့် ရှင်သန်မှု ပတ်ဝန်းကျင်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

တစ်ပတ်တာ အချိန်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုန်လွန်သွားခဲ့လေပြီ။

ဤနေ့တွင် ရွှီဟွမ်သည် စိုးရိမ်ပူပန်နေသော စိတ်နှလုံးဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန သို့ ရောက်ရှိလာခဲ့ပြီး အမည်စာရင်း ကြေညာမည့် အချိန်ကို စောင့်ဆိုင်းနေလေတော့သည်။

ဆက်ရန်...

All Chapters