အခန်း (၇၀၅-၇၀၆)
Vol. 36 Ch. 705-706
အပိုင်း (၇၀၅) ဆုတ်ခွာခြင်းနှင့် ပန်းကန်ပြားပျံ
"ဒါ... ဒါက ကောင်းကင်ပေါ်က မြင်ကွင်းလား"
"ဒီမိစ္ဆာကောင်တွေ... ဘယ်လိုလုပ် ပျံနိုင်တာလဲ... သူတို့မှာ အတောင်ပံမှ မရှိတာ"
"သူတို့ဘေးက လေထုကို ကြည့်လိုက်... တွန့်လိမ်နေတယ်... သံလိုက်စက်ကွင်းများလား"
"မြန်မြန် ကြည့်ကြ... ကောင်းကင်မှာ ပေါလောပေါ်နေတဲ့ ကျွန်းတွေ... အဲဒါ ဆရာလင်းယွမ် ပြောဖူးတဲ့ လေပေါ်ကျွန်းတွေလား"
"တိတိကျကျ ပြောရရင်... အလောင်းကောင်ကြီးတွေပဲ"
"ဘုရားရေ... ကောင်းကင်မှာ ဘာလို့ ဒီလောက်များတဲ့ အလောင်းကောင်ကျွန်းကြီးတွေ ရှိနေရတာလဲ... သူတို့ ဘယ်ကနေ ရောက်လာတာလဲ"
"ဒီငွေရောင်မြစ်ကြီးကို မြင်ကြလား... အဲဒါ ရေကြီးရတဲ့ အကြောင်းရင်းပဲ"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနအတွင်း၌ ပြင်းထန်သော ဆွေးနွေးငြင်းခုံသံများ ရုတ်ခြည်း ထွက်ပေါ်လာလေသည်။
ကောင်းကင်ထက်မှ မြင်ကွင်းကြောင့် လူတိုင်း အံ့သြမှင်သက်သွားကြသည်။
တိမ်တိုက်များအထက်ရှိ လောကသည် ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ထိုလေပေါ်ကျွန်းများ၊ ကောင်းကင်ချောက်နက် မိစ္ဆာများနှင့် ငွေရောင်မြစ်ကြီးသဖွယ် စီးဆင်းနေသော ရေတံခွန်ကြီးတို့ ဖြစ်သည်။
ဤအရာအားလုံးက လူတိုင်းကို အခြားသော လျှို့ဝှက်ဆန်းကြယ်သည့် ကမ္ဘာသစ်တစ်ခုဆီသို့ ခေါ်ဆောင်သွားသကဲ့သို့ ခံစားရစေ၏။
တိမ်တိုက်များအောက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည်မှာ အထင်အရှားပင်။
သို့သော် တိမ်တိုက်များအထက်ရှိ လောကတွင်မူ ကောင်းကင်ပြာပြာနှင့် နေရောင်ခြည် လင်းလက်တောက်ပနေလေသည်။
ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုတွင် တစ်ပြိုင်နက် ရောက်ရှိနေသကဲ့သို့ပင်။
ဤမြင်ကွင်းကို မြင်တွေ့ရသူတိုင်း အံ့သြတုန်လှုပ်သွားကြမည်မှာ မလွဲဧကန် ဖြစ်သည်။
လင်းယွမ်မှလွဲ၍ ဖြစ်သည်။
သူက စစ်တပ်ဘက်တွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို ယခင်ကတည်းက မြင်တွေ့ခဲ့ဖူးပြီး ဖြစ်၏။
သေချာသည်မှာ ကောင်းကင်ထက်မှ မြင်ကွင်းကို ဒုတိယအကြိမ် ပြန်လည်မြင်တွေ့ရသော်လည်း လင်းယွမ်က စိတ်လှုပ်ရှားစွာဖြင့် ငေးမောနေမိဆဲပင်။
"ထိုက်ယန်တောင် အမှတ်(၁)... ထိုက်ယန်တောင် အမှတ်(၁)... အခြေစိုက်စခန်းကပါ... ကြားရင် အကြောင်းပြန်ပါ"
"ထိုက်ယန်တောင် အမှတ်(၁) ကြားပါတယ်"
ဗီဒီယိုမြင်ကွင်း ပြန်လည်ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ဆက်သွယ်ရေး အချက်ပြလိုင်းများလည်း ချက်ချင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။
ဖေးခန်း၏ အသံက တစ်ဖက်မှ ထွက်ပေါ်လာ၏။
လီဟန်ကျုံးက စကားပြောခွက်ကို ချက်ချင်း လှမ်းယူလိုက်ပြီး မေးမြန်းလိုက်သည်။ "ယာဉ်ပျံ အခြေအနေ ဘယ်လိုရှိလဲ... ထိခိုက်ဒဏ်ရာရတဲ့သူ ရှိလား"
"ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး... စွမ်းအင်အင်ဂျင်စနစ်က တိမ်တိုက်တွေထဲမှာ ခဏ ရပ်တန့်သွားတာမျိုးတော့ ရှိခဲ့တယ်"
"အကာအကွယ်စနစ် ပုံမှန်ပါပဲ"
"လက်နက်စနစ် ပုံမှန်ပါပဲ"
"ရေဒါစနစ် ပုံမှန်ပါပဲ"
...
အလိုအလျောက် စစ်ဆေးသည့် လုပ်ငန်းစဉ်များ စတင်လည်ပတ်လာသည်နှင့်အမျှ ဖေးခန်း၊ ရွှီဟွမ်နှင့် အခြားသူများက ယာဉ်ပျံ၏ အခြေအနေများကို အသီးသီး သတင်းပို့ကြလေသည်။
ထိုအချိန်တွင် ဖေးခန်း၏ ထိတ်လန့်တကြား အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
"သတိထား... အမည်မသိ ပျံသန်းနေတဲ့ အရာတစ်ခု ချဉ်းကပ်လာတယ်"
သူအော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ယာဉ်ပျံ စနစ်၏ သတိပေးသံများ လျင်မြန်စွာ မြည်ဟီးလာလေသည်။
ကောင်းကင်ထက်တွင် သန္ဓေပြောင်း သားရဲအမြောက်အမြားက သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။
"မြန်မြန်... အကာအကွယ်စနစ်ကို ဖွင့်လိုက်"
ဖေးခန်းက အော်ဟစ်လိုက်ရာ ရွှီဟွမ်သည် စကားမများတော့ဘဲ အကာအကွယ်အစီအရင်ကို ချက်ချင်း ဖွင့်လှစ်လိုက်လေသည်။
ထိုက်ယန်တောင် အမှတ်(၁) ၏ အကာအကွယ်အစီအရင်သည် လိပ်ဝိညာဉ်အကာအကွယ်နှင့် ရွှေချပ်ဝတ် သင်္ကေတအစီအရင်တို့ကို အသုံးပြုထားခြင်း ဖြစ်သည်။
အစီအရင်ကြီးနှစ်ခု ပွင့်လာသည်နှင့် စွမ်းအင်အကာအရံ နှစ်ထပ်က ယာဉ်ပျံကို ချက်ချင်း ဖုံးလွှမ်းကာကွယ်သွားတော့သည်။
"ဘုန်း"
ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနဘက်၌ပင် မြင်ကွင်းများ ပြင်းထန်စွာ လှုပ်ခါသွားသည်ကို မြင်တွေ့လိုက်ရသည်။
ယာဉ်ပျံ တစ်စီးလုံးမှာ ပေါက်ကွဲမှုဒဏ်ကြောင့် အရှိန်အဟုန်ဖြင့် လူးလှိမ့်လွင့်စဉ်သွားပုံရ၏။
လင်းယွမ်က ထိုမြင်ကွင်းကို မြင်သည်နှင့် စကားမများတော့ဘဲ တိုက်ရိုက် အမိန့်ပေးလိုက်သည်။ "ပြန်လှည့်... အခုချက်ချင်း ပြန်လှည့်ကြ"
လီဟန်ကျုံးက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ဒါပေမဲ့ အခု ပြန်လှည့်လိုက်ရင် ကျွန်တော်တို့ အပေါ်က သတင်းအချက်အလက်တွေကို ရတော့မှာမဟုတ်ဘူးလေ..."
လင်းယွမ်က သူ့ဘက်သို့ ခေါင်းလှည့်ကာ အော်ဟစ်လိုက်သည်။ "အခုချက်ချင်း ပြန်လှည့်ပါ... ကျွန်တော်တို့ရဲ့ ဒီတစ်ခေါက် ရည်ရွယ်ချက်က ယာဉ်ပျံက မိုးကြိုးတိမ်တိုက်တွေကို ဖြတ်ကျော်နိုင်မလား စမ်းသပ်ဖို့ပဲ... အပေါ်က အခြေအနေကို စုံစမ်းဖို့ မဟုတ်ဘူး"
"သူတို့ရဲ့ စွမ်းရည်က အရမ်းနိမ့်လွန်းတယ်... ကောင်းကင်ချောက်နက်ကမ္ဘာကို စူးစမ်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... ပြန်လာခဲ့ကြ... အခုချက်ချင်း ပြန်လာခဲ့"
လီဟန်ကျုံးလည်း ချက်ချင်း အသိဝင်လာပြီး အလျင်အမြန် အမိန့်ပေးလိုက်သည်။ "ပြန်လာခဲ့... အခုချက်ချင်း ပြန်လှည့်ခဲ့ကြ"
"ဖေးခန်း... ရွှီဟွမ်... အခြေစိုက်စခန်းကပါ... ခင်ဗျားတို့ရဲ့ တာဝန် ပြီးဆုံးသွားပါပြီ... အခုချက်ချင်း ပြန်လာခဲ့ကြ"
"ယာဉ်ပျံ အကောင်းပကတိအတိုင်း ရှိနေဖို့ သေချာအောင် လုပ်ကြနော်" ရင်ကျဲက ချက်ချင်း ထပ်မံမှာကြားလိုက်သည်။
သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနအတွက်မူ ဤတစ်ခေါက်တွင် ကောင်းကင်ထက်မှ အခြေအနေများကို စုံစမ်းနိုင်ခဲ့မည် မဟုတ်ပေ။
သို့သော် ကိစ္စမရှိပေ... ထိုက်ယန်တောင် အမှတ်(၁) သာ ဘေးကင်းစွာ ပြန်ရောက်လာပါက သူတို့အနေဖြင့် မိုးကြိုးတိမ်တိုက်များအတွင်းမှ အချက်အလက်များကို ရရှိနိုင်မည် ဖြစ်သည်။
နောင်တွင် ယာဉ်ပျံများကို အမြောက်အမြား ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အကာအကွယ်စနစ်များနှင့် တိုက်ခိုက်ရေးစနစ်များကိုပါ ပစ်မှတ်ထား၍ ထပ်မံထည့်သွင်းနိုင်မည် ဖြစ်သည်။
ထိုအချိန်ကျမှ လူတစ်ရာဆံ့ ယာဉ်ပျံတစ်စင်းကို ဖန်တီးနိုင်မည်ဆိုလျှင် ကောင်းကင်ချောက်နက်ကမ္ဘာသို့ နောက်တစ်ကြိမ် ဝင်ရောက်ရာတွင် များစွာ ပိုမိုသက်တောင့်သက်သာ ရှိလာပေလိမ့်မည်။
ထို့ကြောင့် ယခုလောလောဆယ် အရေးအကြီးဆုံးမှာ ကောင်းကင်ချောက်နက်ကမ္ဘာကို စူးစမ်းရှာဖွေရန် မဟုတ်ဘဲ ယာဉ်ပျံ ဘေးကင်းစွာ ပြန်လည်ရောက်ရှိရေးနှင့် ဤတစ်ကြိမ် ပျံသန်းမှု အချက်အလက်များကို ရယူနိုင်ရေးပင် ဖြစ်သည်။
မိုးကြိုးတိမ်တိုက်များအထက်၌ ထိုက်ယန်တောင် အမှတ်(၁) သည် ပျံသန်းနိုင်သော မိစ္ဆာကောင် ဒါဇင်ပေါင်းများစွာကြားတွင် ရူးသွပ်စွာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ထိန်းချုပ်ရေးစနစ်ရှေ့တွင် ဖေးခန်းသည် အာရုံအပြည့်အဝ စိုက်ထားပြီး တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေကာ ယာဉ်ပျံ၏ စွမ်းအင်ကို အမြင့်ဆုံးတင်၍ ရူးသွပ်စွာ လှည့်ပတ်ရှောင်တိမ်းလျက် အန္တရာယ်များလှသော ထိန်းချုပ်မှုများကို အကြိမ်ကြိမ် ပြုလုပ်နေရသည်။
အခြားတစ်ဖက်တွင် ရွှီဟွမ်က ယာဉ်ပျံ၏ အကာအကွယ်အစီအရင်ကို အမြင့်ဆုံးအထိ ဖွင့်ထားလိုက်ပြီး "ငါ မီးနတ်ဘုရား အမြောက်ကို ဖွင့်တော့မယ်" ဟု အော်ပြောလိုက်သည်။
ဖေးခန်းက ချက်ချင်း ဟိန်းဟောက်လိုက်သည်။ "ဖွင့်လိုက်... ဒီတိရစ္ဆာန်ကောင်တွေကို ပြန်ပြီး ရက်ရက်စက်စက် သတ်ပစ်လိုက်စမ်း"
"အခြေစိုက်စခန်းကနေ ယာဉ်ပျံ အကောင်းပကတိအတိုင်း ရှိနေဖို့ သေချာအောင် လုပ်ရမယ်လို့ အကြောင်းကြားထားတယ်... အခုချက်ချင်း ပြန်လှည့်လို့ရပြီ" ဘေးနားရှိ ကျန်းဟွေးက အလျင်အမြန် အော်ပြောလိုက်သည်။
တစ်ဖက်တွင် ဝူကျန်းယွီနှင့် ဆုန်ဖေးတို့သည်လည်း ယာဉ်ပျံ၏ အချက်အလက်များကို လျင်မြန်စွာ စုဆောင်းနေကြပြီး အချက်အလက်များ စုဆောင်းပြီးစီးကာ အရေးပေါ်ထွက်ပြေးခန်းအတွင်းသို့ ထည့်ထားနိုင်ပါက ယာဉ်ပျံကို မကယ်တင်နိုင်လျှင်တောင်မှ အနည်းဆုံးတော့ အချက်အလက်များကို ယူဆောင်သွားနိုင်မည် ဖြစ်သည်။
"ဝုန်း"
မီးနတ်ဘုရား အမြောက်ကို အရှိန်အဟုန်ဖြင့် ပစ်ခတ်လိုက်လေသည်။
ကြောက်မက်ဖွယ်ကောင်းသော မီးတောက်လှိုင်းများက ရှေ့ရှိ သားရဲမိစ္ဆာများကို ချက်ချင်း ဆွဲဖြဲပစ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံတွင် သွေးမြူများ ဖုံးလွှမ်းသွားပြီး သွေးသားများက ရွှံ့နွံများအလား ပေါက်ကွဲထွက်သွားလေသည်။
"ဝှစ်"
ယာဉ်ပျံသည် သွေးမြူများကြားမှ ချက်ချင်း ဖြတ်သန်းသွားပြီး တိမ်တိုက်များ လှုပ်ရှားနေသော မိုးတိမ်များကြားသို့ တစ်ရှိန်ထိုး ဝင်ရောက်သွားတော့သည်။
သို့သော် ထိုမိစ္ဆာကောင်များက ရူးသွပ်နေသည့်အလား တိမ်တိုက်များထဲသို့ ချက်ချင်း လိုက်ပါဝင်ရောက်လာကြပြီး ဆက်လက် အမဲလိုက်ရန် ကြိုးစားနေကြသည်။
သို့သော် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်းများက တိမ်တိုက်များထဲတွင် အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာ၏။
ထိုမိစ္ဆာကောင်များသည် ငှက်ပျံအမျိုးအစား သန္ဓေပြောင်းသားရဲများ မဟုတ်ကြသဖြင့် လျှပ်ကာအမွေးအတောင်များ၏ ဂုဏ်သတ္တိများကို မပိုင်ဆိုင်ကြပေ။
အများအပြားမှာ နေရာတင်ပင် မိုးကြိုးပစ်ခံလိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်း ပြာအဖြစ်သို့ ပေါက်ကွဲလွင့်စဉ်သွားကြတော့သည်။
ထိုက်ယန်တောင် အမှတ်(၁) သည်ကား တိမ်တိုက်များကို အရှိန်အဟုန်ဖြင့် ဖြတ်သန်းကာ အဆက်မပြတ် ဆင်းသက်လာခဲ့သည်။
သို့သော် ထိုအချိန်တွင် ကျန်းဟွေး၏ မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုများ ရုတ်ခြည်း ပေါ်လာပြီး "ဒုက္ခပဲ... စွမ်းအင်စနစ်က သတိပေးချက် ပြနေပြီ" ဟု အော်ပြောလိုက်သည်။
"ဘာဖြစ်တာလဲ" ဖေးခန်းက အလျင်အမြန် အော်မေးလိုက်သည်။
"ခုနက ပစ်လိုက်တဲ့ မီးနတ်ဘုရား အမြောက်တစ်ချက်က စွမ်းအင်တွေ အများကြီး ကုန်သွားတယ်... စွမ်းအင်စနစ်က ကြိုတင်သတိပေးနေပြီ... ကျွန်တော်တို့ဆီမှာ စွမ်းအင် မလုံလောက်တော့ဘူး"
အားလုံးမှာ ချက်ချင်းပင် အံ့သြခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောပြွမ်းသွားကြလေသည်။
ဘေးနားရှိ ဝူကျန့်ယွီက ချက်ချင်း ပြောလိုက်သည်။ "တိုက်ခိုက်ရေးစနစ်ကို ပိတ်လိုက်ရင်ကော"
"တိုက်ခိုက်ရေးစနစ်ကို ပိတ်ထားတာ ကြာပြီ" ရွှီဟွမ်က အလျင်အမြန် ပြန်ပြောသည်။
"အကာအကွယ်စနစ်ကော"
"အကာအကွယ်စနစ်ကို ပိတ်လို့ မရဘူး... ဒီနေရာက မိုးကြိုးမုန်တိုင်း ဧရိယာပဲ... အကာအကွယ်စနစ်ကို ပိတ်လိုက်တာနဲ့ ချက်ချင်း မိုးကြိုးပစ်ခံရပြီး စက်ကိုယ်ထည် ပျက်စီးသွားလိမ့်မယ်"
"မြန်မြန်... စွမ်းအင်ချွေတာလို့ရမယ့် တခြားဘယ်နေရာတွေ ရှိသေးလဲ ကြည့်ကြစမ်း"
အားလုံးက အလျင်အမြန် စစ်ဆေးကြလေသည်။ ယခုအခါ တိမ်တိုက်များအတွင်း ရောက်ရှိနေသဖြင့် အခြေစိုက်စခန်းနှင့်လည်း ဆက်သွယ်၍ မရတော့ပေ။
ထိုအချိန်မှာပင် ရုတ်တရက် ရွှီဟွမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အပြင်ဘက် စောင့်ကြည့်ဖန်သားပြင်ကို ကြည့်ကာ "အဲဒါ ဘာကြီးလဲ" ဟု အံ့သြတကြီး အော်လိုက်သည်။
အားလုံးက အသံကြားရာသို့ လှမ်းကြည့်လိုက်ကြရာ ရှေ့ရှိ မိုးကြိုးတိမ်တိုက်များကြားတွင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးသားရဲကြီးတစ်ကောင် အရှိန်အဟုန်ဖြင့် ကူးခတ်လာနေသည်ကို တွေ့လိုက်ရသည်။
လူတိုင်း အလွန်အမင်း အံ့အားသင့်သွားကြသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်း တိမ်တိုက်များကြားတွင် သက်ရှိများ ရှင်သန်နေနိုင်သေးသည်တဲ့လား။
ထိုကြီးမားသော လျှပ်စီးရောင်ခြည်များအတွင်း၌ မရေမတွက်နိုင်သော လျှပ်စစ်မီးပွားများ လင်းလက်နေပြီး ၎င်း၏ မူလပုံပန်းသဏ္ဍာန်ကို မခွဲခြားနိုင်ပေ။ အလင်းတန်းကြီးတစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာနေသည်။
ရွှီဟွမ်က ချက်ချင်း ပြောလိုက်သည်။ "သူ ကျွန်တော်တို့ဆီ လာနေပြီ"
"တိုက်ခိုက်ရေးစနစ် အသင့်ပြင်"
"နေဦး... မီးနတ်ဘုရား အမြောက်ကို ထပ်ပစ်လို့ မရတော့ဘူး... ကျွန်တော်တို့ဆီမှာ စွမ်းအင် မလုံလောက်တော့ဘူး" ကျန်းဟွေးက အလျင်အမြန် တားမြစ်လိုက်သည်။
"သူ ရောက်လာတော့မယ်... သတိပေးစနစ်ကလည်း အချက်ပြနေပြီ" ဆုန့်ဖေးက ချက်ချင်း အော်ဟစ်သတိပေးလိုက်သည်။
ရွှီဟွမ်သည် စကားမများတော့ဘဲ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ မီးနတ်ဘုရား အမြောက် တိုက်ခိုက်ရေးစနစ်ကို ချက်ချင်း ဖွင့်လှစ်လိုက်လေသည်။
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များက ကြီးမားလှသော ပေါက်ကွဲလှိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်သွားတော့သည်။
မီးတောက်များနှင့် ထိုလျှပ်စီးဘောလုံးကြီးတို့ ဝင်တိုက်မိသွားကြသည်။
"အုန်း" ဟူသော ပြင်းထန်သည့် ပေါက်ကွဲသံကြီး ရုတ်ခြည်း ထွက်ပေါ်လာသည်။
ထို့နောက် လျှပ်စီးများ ပေါက်ကွဲထွက်သွားပြီး အတွင်းမှ အရာဝတ္ထုကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ အားလုံးထင်မှတ်ထားသော သန္ဓေပြောင်း သားရဲ မဟုတ်သည်ကို တွေ့လိုက်ရ၏။
ငွေရောင် ယာဉ်ပျံငယ် တစ်စင်း ဖြစ်နေလေသည်။
၎င်း၏ ပုံသဏ္ဍာန်မှာ သိပ္ပံစိတ်ကူးယဉ် ဝတ္ထုများထဲမှ ပန်းကန်ပြားပျံများနှင့် အလွန်တူညီပြီး မိုးကြိုးလျှပ်စီးများကြားတွင် လှည့်ပတ်ပျံသန်းနေသည်။
ယခုအချိန်တွင် ၎င်း၏ ကိုယ်ပေါ်ရှိ လျှပ်စီးများ ပျက်စီးသွားပြီးနောက် အပြင်ပန်းတွင် သင်္ကေတအလင်းတန်းများ အများအပြား ချက်ချင်း ထွက်ပေါ်လာသည်။
သင်္ကေတများ လည်ပတ်လာသည်နှင့်အမျှ ကြီးမားသော လျှပ်စီးများကို ၎င်းက ချက်ချင်း စုပ်ယူလိုက်ပြီး ဧရာမ လျှပ်စီးဘောလုံး အလင်းဒိုင်းတစ်ခုကို ဖန်တီးလိုက်လေသည်။
မိုးကြိုးလျှပ်စီးများ အားလုံးက ၎င်းကို ထိခိုက်နစ်နာစေခြင်း မရှိသည့်အပြင် ၎င်း၏ လျှပ်စီးအကာအကွယ်အတွက် စွမ်းအင်များပင် ဖြည့်တင်းပေးနေလေတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ယာဉ်ပျံပေါ်ရှိ ရွှီဟွမ်တို့ လူစုမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြလေသည်။
"ပန်းကန်ပြားပျံလား"
"ဂြိုဟ်သားတွေလား"
"တောက်... သန္ဓေပြောင်းသားရဲ မဟုတ်ဘူးလား"
လူအများစုမှာ အံ့အားသင့်သွားကြသော်လည်း ယခုအချိန်တွင် ထိုပန်းကန်ပြားပျံပုံစံ ယာဉ်ပျံငယ်က အလွန်လျင်မြန်သော အလျင်ဖြင့် သူတို့ဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာနေလေပြီ။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ဖေးခန်းမှာ အများကြီး စဉ်းစားမနေနိုင်တော့ဘဲ တိုက်ရိုက် အော်ဟစ်လိုက်သည်။ "အရင် ပြန်ဆုတ်မယ်"
"ဝုန်း"
စွမ်းအင်အင်ဂျင်ကို အပြင်းအထန် နှိုးဆွလိုက်ရာ ဟိန်းဟောက်သံကြီးနှင့်အတူ တိမ်တိုက်များအောက်သို့ အရှိန်အဟုန်ဖြင့် ရူးသွပ်စွာ ထွက်ပြေးတိမ်းရှောင်သွားတော့သည်။
"ဝှီးးးးးးးးးး"
ကြီးမားလှသော လေခွင်းသံကြီးက တိမ်တိုက်များကို တိုက်ရိုက် ဆွဲဖြဲပစ်လိုက်ပြီး အဆက်မပြတ် ပြေးလွှားနေသည်။
သို့သော် နှစ်မိနစ်မျှပင် မကြာမီ စွမ်းအင်အင်ဂျင်မှ သတိပေးသံများ ထွက်ပေါ်လာလေသည်။
"သတိပေးချက်... စွမ်းအင် မလုံလောက်ပါ... ကျေးဇူးပြု၍ ချက်ချင်း စွမ်းအင်ဖြည့်တင်းပါ"
"သတိပေးချက်... စွမ်းအင် မလုံလောက်ပါ... ကျေးဇူးပြု၍ ချက်ချင်း စွမ်းအင်ဖြည့်တင်းပါ"
သတိပေးသံများကို ကြားလိုက်ရသောအခါ အခန်းတွင်းရှိ လူများမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြလေသည်။
ဆုန့်ဖေးက ဒေါသတကြီး ပြောလိုက်သည်။ "သောက်ကျိုးနည်း... စွမ်းအင် မလုံလောက်တော့ဘူးကွ"
"အခု ဘယ်လိုလုပ်ကြမလဲ"
"ဟို ပန်းကန်ပြားပျံက အနောက်ကနေ လိုက်လာတုန်းပဲ"
"သွားပြီ သွားပြီ... ဒီတစ်ခေါက်တော့ ပြန်မရောက်နိုင်တော့ဘူး"
ရွှီဟွမ်၏ မျက်နှာမှာလည်း ဖြူဖျော့သွားပြီး သူ့ခေါင်းထဲတွင် ညီမလေးနှင့် မိခင်ဖြစ်သူကို သတိရနေမိသည်။
စောစောက ပစ်ခတ်လိုက်သော မီးနတ်ဘုရား အမြောက်တစ်ချက်အတွက် သူ အနည်းငယ် နောင်တရနေမိသည်။
၎င်းက စွမ်းအင်အများအပြားကို ကုန်ဆုံးသွားစေခဲ့သည်။
သို့သော် ထိုအမြောက်ကို မပစ်ခတ်ခဲ့ပါကလည်း ထိုပန်းကန်ပြားပျံကို လုံးဝ တားဆီးနိုင်ခဲ့မည် မဟုတ်ပေ။
လူတိုင်း အကျပ်ရိုက်နေချိန်တွင် ဖေးခန်းက ရုတ်တရက် ပြောလိုက်သည်။ "ငါ့မှာ အကြံတစ်ခု ရှိတယ်"
"ဘာလဲ" အားလုံးက သူ့ကို ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။
ဖေးခန်းက ပြောသည်။ "ငါတို့အင်ဂျင်တွေအကုန်ပိတ်ပြီး မြေဆွဲအားနဲ့ အောက်ကိုထိုးဆင်းသွားလို့ရတယ်... စွမ်းအင်စနစ်ကို တိုက်ရိုက် ပိတ်လိုက်မယ်... ဒီလိုဆိုရင် စွမ်းအင်တချို့ကို ချွေတာလို့ရမယ်"
"မိုးကြိုးတိမ်တိုက်တွေကို ဖြတ်ကျော်ပြီးသွားတဲ့အခါမှ စွမ်းအင်စနစ်ကို ပြန်ဖွင့်ပြီး အရှိန်လျှော့မယ်"
ရွှီဟွမ်က မေးလိုက်သည်။ "ဒါပေမဲ့ ဒီလိုလုပ်ရင် ငါတို့က အရှင်လတ်လတ် ပစ်မှတ်ကြီး ဖြစ်သွားမှာပေါ့"
အမှန်ပင် စွမ်းအင်စနစ်ကို ပိတ်လိုက်ပါက သူတို့သည် မြေဆွဲအားအတိုင်းသာ အောက်သို့ ကျဆင်းနိုင်မည်ဖြစ်ပြီး မည်သည့်အပြောင်းအလဲမျှ ပြုလုပ်နိုင်မည် မဟုတ်ပေ။
အနောက်မှ ပန်းကန်ပြားပျံသာ လိုက်မီလာပါက သူတို့အတွက် သေလမ်းတစ်လမ်းသာ ရှိတော့သည်။
"အတတ်နိုင်ဆုံး အသက်ရှင်နိုင်အောင် ကြိုးစားရမှာပဲ... မဟုတ်ရင် စွမ်းအင်မလုံလောက်လို့ ငါတို့ လုံးဝ ဘေးကင်းကင်း ဆင်းသက်နိုင်မှာ မဟုတ်ဘူး" ဖေးခန်းက အံကြိတ်ကာ ပြောလိုက်သည်။
ကျန်လူများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ကြသည်။
ချက်ချင်းပင် အားလုံးက သက်ဆိုင်ရာ စွမ်းအင်စနစ်များကို လျင်မြန်စွာ ပိတ်လိုက်ကြပြီး အကာအကွယ်စနစ်နှင့် ထောက်လှမ်းရေးစနစ်ကိုသာ ချန်ထားခဲ့ကြတော့သည်။
"ဝုန်း"
လုပ်ဆောင်ချက် စနစ်များကို တစ်ခုပြီးတစ်ခု ပိတ်လိုက်သည်နှင့်အမျှ စွမ်းအင်အင်ဂျင်များ ငြိမ်းသတ်သွားပြီး ယာဉ်ပျံ တစ်စီးလုံးမှာ ဥက္ကာခဲတစ်ခုအလား အောက်သို့ တည့်တည့်မတ်မတ် ကျဆင်းသွားလေတော့သည်။
ဤသို့ ရုတ်တရက် အပြောင်းအလဲကြောင့် အပေါ်ရှိ ပန်းကန်ပြားပျံမှာ သိသိသာသာ ကြောင်အသွားပြီး မျက်စိတစ်မှိတ်အတွင်း အရှိန်လွန်ကာ ကျော်တက်သွားလေသည်။
၎င်းက အသိပြန်ဝင်လာသောအခါ ထိုက်ယန်တောင် အမှတ်(၁) ဆီသို့ ချက်ချင်းပင် ထိုးဆင်းလိုက်ပါလာလေသည်။
ထိုက်ယန်တောင် အမှတ်(၁) အတွင်းရှိ ရေဒါစနစ်မှ အရှိန်အဟုန်ဖြင့် သတိပေးသံများ ထွက်ပေါ်လာ၏။
"သတိပေးချက်... အမည်မသိ အရာဝတ္ထု ချဉ်းကပ်လာပါသည်"
"သတိပေးချက်... အမည်မသိ အရာဝတ္ထု ချဉ်းကပ်လာပါသည်"
သတိပေးသံများ အဆက်မပြတ် ထွက်ပေါ်လာသည်နှင့်အမျှ တစ်ဖက်လူက သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေကြောင်း ရေဒါစနစ်ပေါ်တွင် ပြသနေသည်။
ဝူကျန့်ယွီက အလျင်အမြန် ပြောလိုက်သည်။ "မရဘူး... တစ်ဖက်လူက အရှိန်မြှင့်နေတယ်... သူတို့လိုက်လာတဲ့ နှုန်းက ငါတို့ကျနေတဲ့နှုန်းထက် အများကြီး ပိုမြန်နေတယ်"
"တိမ်တိုက်တွေကို မဖြတ်ကျော်ခင် ငါတို့ကို လိုက်မီနိုင်မလား" ဖေးခန်းက ချက်ချင်း မေးလိုက်သည်။
ဝူကျန့်ယွီက လျင်မြန်စွာ တွက်ချက်လိုက်သည်။ "မမီနိုင်ဘူး... ဒါပေမဲ့ တိမ်တိုက်တွေထဲက ထွက်သွားတာနဲ့ ငါတို့ကို လိုက်မီသွားနိုင်တယ်"
"ထွက်သွားမှ ဆက်ပြောကြတာပေါ့" ဖေးခန်းက အံကြိတ်ကာ ပြောလိုက်သည်။
ရွှီဟွမ်ကလည်း ဝင်ပြောသည်။ "တိမ်တိုက်တွေထဲက ထွက်သွားရင် အကာအကွယ်စနစ်က ဒီမိုးကြိုးမုန်တိုင်းတွေရဲ့ ပစ်ခတ်မှုကို ခံရတော့မှာ မဟုတ်ဘူး... အဲဒီအခါကျရင် စွမ်းအင်ကုန်ကျမှုက အများကြီး လျော့ကျသွားပြီး စွမ်းအင်စနစ်က ပုံမှန် ပြန်အလုပ်လုပ်နိုင်မှာပဲ"
ယခုလောလောဆယ် သူတို့၏ စွမ်းအင်ကို အများဆုံး ကုန်ဆုံးစေသောအရာမှာ စောစောက ပစ်ခတ်လိုက်သော မီးနတ်ဘုရား အမြောက် နှစ်ချက်မဟုတ်ဘဲ အကာအကွယ်စနစ် စွမ်းအင်အစီအရင်ပင် ဖြစ်သည်။
ဤမိုးကြိုးမုန်တိုင်း ဧရိယာအတွင်း အချိန်ပြည့်နီးပါး မိုးကြိုးပစ်ခံနေရသဖြင့် အကာအကွယ်စနစ်၏ စွမ်းအင်အစီအရင်မှာ အလွန်ဖိအားများနေပြီး အချိန်တိုင်းလိုလို စွမ်းအင်များကို ကုန်ဆုံးစေလျက်ရှိသည်။
ဆက်ရန်...
အပိုင်း(၇၀၆) လင်းယွမ် ကိုယ်တိုင် ပါဝင်လှုပ်ရှားခြင်း
ထိုက်ယန်တောင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ မစ်ရှင်ရှိသူများသည် ယာဉ်ပျံကို စတင်ပုံစံထုတ်စဉ်က မိုးကြိုးတိမ်တိုက်များ၏ ကြောက်မက်ဖွယ်ကောင်းမှုနှင့် ထူထဲမှုတို့ကို အမှားယွင်း တွက်ချက်မိခဲ့ကြသည်မှာ ထင်ရှားလှ၏။
ထို့ကြောင့် တပ်ဆင်ပေးလိုက်သော စွမ်းအင်ပမာဏမှာလည်း လုံလောက်မှု မရှိခဲ့ပေ။
မူလက အရံ အစီအစဉ်လည်း ရှိထားခဲ့သည်။ အကယ်၍ ယာဉ်ပျံသည် မိုးကြိုးတိမ်တိုက်များကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါက အနီးဆုံး ရေပေါ်ကျွန်း တစ်ကျွန်းသို့ ဝင်ရောက်ကာ စွမ်းအင်ကျောက်တုံး များကို ရှာဖွေတူးဖော်ပြီး ယာဉ်အတွက် လိုအပ်သော စွမ်းအင်ကို ဖြည့်တင်းနိုင်မည် ဖြစ်သည်။
သို့သော်လည်း ကောင်းကင်ချောက်နက်ကြီး အထက်ရှိ ပတ်ဝန်းကျင် အခြေအနေမှာ မည်မျှအထိ ဆိုးရွားနေသနည်း ဆိုသည်က သုတေသနအဖွဲ့၏ စိတ်ကူးယဉ် တွက်ဆထားမှုထက်များစွာ ကျော်လွန်နေခဲ့သည်။
ကောင်းကင်ချောက်နက် ကမ္ဘာထဲသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် သန္ဓေပြောင်း သတ္တဝါများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရကာ အသက်ရှူဖို့ပင် အချိန်မရလိုက်မည်ကို မည်သူကမျှ တွေးမထားခဲ့ကြပေ။
မိုးကြိုးတိမ်တိုက်များထဲမှ ဤပန်းကန်ပြားပျံကြီးမှာမူ ပို၍ပင် မျှော်လင့်မထားသော အရာဖြစ်နေလေသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးတိမ်တိုက်ကြီးများထဲတွင် ပန်းကန်ပြားပျံတစ်စင်း ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြချေ။
"ဝှစ်"
ထိုက်ယန်တောင် အမှတ်(၁) သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ထိုးဆင်းသွားပြီး သုံးမိနစ်ပင် မကြာလိုက်ဘဲ တိမ်လွှာများကို ဖောက်ထွက်သွားကာ နောက်ဆုံးတွင် အောက်ဘက်ရှိ အဆုံးအစမဲ့ နှင်းရေခဲမြေရိုင်းဒေသကြီးကို မြင်တွေ့လိုက်ရတော့သည်။
တစ်ချိန်တည်းမှာပင် နားကွဲမတတ် ဆူညံသော ရေဒါသတိပေးသံကြီး ထွက်ပေါ်လာ၏။
"သတိပေးချက်... အမည်မသိ သတ္တဝါ ချဉ်းကပ်လာနေပြီ"
"လုပ်တော့"
"စွမ်းအင်မောင်းနှင်မှုစနစ် စတင်အလုပ်လုပ်ပြီ"
"ဝုန်း"
မျက်စိတစ်မှိတ်အတွင်းမှာပင် မောင်းနှင်မှုစနစ်က ချက်ချင်း အလုပ်လုပ်သွားပြီး အောက်သို့ ထိုးဆင်းနေသော အရှိန်မှာ ရုတ်ခြည်း နှေးကွေးသွားလေသည်။
သို့သော် ထိုအချိန်မှာပင် ထိုပန်းကန်ပြားပျံကြီးက သူတို့အနီးသို့ ကပ်လျက်သား ရောက်ရှိနေပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးအမြောက်ဆံတစ်လုံးက ကျယ်လောင်သော အသံကြီးနှင့်အတူ တရှိန်ထိုး ပစ်ခတ်လာတော့၏။
"ဒိုင်း"
မျက်တောင်တစ်ခတ်အတွင်းမှာပင် လျှပ်စီးအမြောက်ဆံသည် ထိုက်ယန်တောင် အမှတ်(၁) ကို တည့်တည့်မတ်မတ် ထိမှန်သွားလေသည်။
ကံကောင်းသည်မှာ ထိုက်ယန်တောင် အမှတ်(၁) ၏ အကာအကွယ်အစီအရင်ကို အမြဲတမ်း ဖွင့်ထားခဲ့သဖြင့်သာ တော်တော့သည်။ သို့တိုင်အောင် အပြင်ဘက်အလွှာရှိ ရွှေကိုယ်ထည် သင်္ကေတအစီအရင်မှာ လျှပ်စီးအမြောက်ဆံ၏ ထိမှန်မှုကြောင့် ချက်ချင်းပင် ပေါက်ကွဲထွက်သွားရ၏။
အတွင်းပိုင်းရှိ လိပ်ခွံစွမ်းအင်အကာအကွယ်မှာ အနည်းငယ် တုန်ခါသွားသော်လည်း အက်ကွဲသွားခြင်းတော့ မရှိပေ။
ထိုက်ယန်တောင် အမှတ်(၁) တစ်စီးလုံးမှာ ထိုအမြောက်ဆံ၏ ရိုက်ခတ်မှုကြောင့် ရှေ့သို့ အတော်ဝေးဝေးအထိ လွင့်စင်သွားရသည်။
သူတို့နှစ်ဦးကြား အကွာအဝေးမှာ ထပ်မံ၍ ကွာဟသွားပြန်သည်။
ဖေးခန်းသည် အင်ဂျင်ကို အစွမ်းကုန် မောင်းနှင်ကာ ဦးတည်ရာကို လျင်မြန်စွာ ပြောင်းလဲပြီး အောက်ဘက်သို့သာ အဆက်မပြတ် ထိုးဆင်းသွားလေတော့သည်။
သူက အသံကုန်ဟစ်ကာ "အခြေစိုက်စခန်းကို သတင်းပို့စမ်း" ဟု အော်ပြောလိုက်သည်။
ကျန်းဟွေးက ဆက်သွယ်ရေးလိုင်းကို အလျင်အမြန် ဖွင့်လိုက်ပြီး "အခြေစိုက်စခန်း... အခြေစိုက်စခန်း... ဒီဘက်က ထိုက်ယန်တောင် အမှတ်(၁) ပါ... ကျွန်တော်တို့ကို အမည်မသိ ပန်းကန်ပြားပျံတစ်စင်းက လိုက်လံတိုက်ခိုက်နေပါတယ်... အကူအညီတောင်းပါတယ်... အကူအညီတောင်းပါတယ်" ဟု စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
ထိုအခါ ဆက်သွယ်ရေးစက်မှတဆင့် ကြက်ခြစ်သံများ ထွက်ပေါ်လာပြီးနောက် အခြေစိုက်စခန်းဘက်မှ အသံ ပြန်လည်ရောက်ရှိလာ၏။
"ထိုက်ယန်တောင် အမှတ်(၁)... ဒီဘက်က အခြေစိုက်စခန်းပါ... ခင်ဗျားတို့ ရပ်လိုက်လို့ရပြီ"
ဖေးခန်း၊ ရွှီဟွမ်နှင့် ကျန်လူများအားလုံးမှာ ရုတ်တရက် ကြောင်အသွားကြသည်။
နောက်တစ်ခဏတွင် အခြေစိုက်စခန်းဘက်မှ စကားသံကို ထပ်မံ ကြားလိုက်ရသည်။ "ဆရာလင်းယွမ်က ခင်ဗျားတို့ကို လာကြိုနေပြီ... အခုဆို ခင်ဗျားတို့ လုံခြုံသွားလောက်ပါပြီ"
ယာဉ်ထဲရှိ လူများမှာ အံ့သြမှင်သက်သွားကြပြီး သတိပင် ပြန်မဝင်နိုင်ကြသေးချေ။
ထိုအချိန်မှာပင် ကောင်းကင်ယံကြီး ရုတ်တရက် တွန့်လိမ်ကောက်ကွေးသွားလေသည်။
ကြီးမားလှသော ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာ၏။
ဖေးခန်းတို့တစ်တွေ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ထိုဟင်းလင်းပြင်အက်ကွဲကြောင်းကြီးက သူတို့ကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဝါးမျိုသွားလေတော့သည်။
ထိုပန်းကန်ပြားပျံကြီးမှာလည်း အရှိန်ကို အလျင်အမြန် လျှော့ချလိုက်သည်။
အပိုစကားများပင် မဆိုတော့ဘဲ ခေါင်းကို ချက်ချင်းလှည့်ကာ အမြန် ပြန်လည်ထွက်ခွာသွားလေသည်။
သို့သော် လေဟာနယ် ဟင်းလင်းပြင်ထဲတွင် လူရိပ်တစ်ခု ရပ်တန့်နေသည်ကို တွေ့လိုက်ရ၏။
ထိုလူရိပ်က အလျင်အမြန် နောက်ဆုတ်ပြေးနေသော ပန်းကန်ပြားပျံကြီးကို ကြည့်ကာ အေးစက်စက် အပြုံးတစ်ခုကို ပြုံးလိုက်သည်။
"ဒီအထိတောင် လိုက်လာမှတော့... ပြန်သွားမနေနဲ့တော့"
ရောက်လာသူက လေဟာနယ်ဆီသို့ လက်ဆန့်ထုတ်ကာ တစ်ချက် ဖိချလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လေဟာနယ်တစ်ခုလုံး အမှောင်ထုကြီးထဲသို့ ကျဆင်းသွားတော့၏။
ကောင်းကင်ယံထက်တွင် ဧရာမ ပါးစပ်ပေါက်ကြီးတစ်ခု ဟသွားသကဲ့သို့ ဖြစ်ပေါ်လာပြီး ထိုပါးစပ်ပေါက်ကြီးထဲတွင် အမှောင်အတိ ကျနေကာ ရုတ်ခြည်း ကျယ်ပြန့်လာပြီး ပန်းကန်ပြားပျံကြီးကို ချက်ချင်းပင် ဝါးမျိုလိုက်လေသည်။
ပန်းကန်ပြားပျံထက်မှ ပြင်းထန်သော လျှပ်စီးအလင်းရောင်များ ချက်ချင်း တောက်ပလာပြီး အမှောင်ထုကို ခွင်းပစ်ရန် ကြိုးစားလေသည်။
သို့သော် ထိုအမှောင်ထု လွှမ်းခြုံထားမှုအောက်တွင် ၎င်း၏ နယ်ပယ်မှာ ပိုမို ကြီးမားကျယ်ပြန့်လာ၏။
ရှေ့ဘက်ရှိ ဟင်းလင်းပြင်မှာပင် ရုတ်တရက် တွန့်လိမ်ကောက်ကွေးလာခဲ့သည်။
နောက်တစ်ခဏတွင် ဤပန်းကန်ပြားပျံကြီးသည် တွန့်လိမ်နေသော ဟင်းလင်းပြင်၏ ဝါးမျိုခြင်းကို တိုက်ရိုက် ခံလိုက်ရတော့သည်။
လင်းယွမ်ကလည်း လျှပ်ခနဲ လှုပ်ရှားလိုက်ပြီး ထိုနေရာမှ အလားတူ ပျောက်ကွယ်သွားလေသည်။
သုမာရု ဟင်းလင်းပြင်ထဲတွင် အမှောင်ဓာတ် စွမ်းအင်များ အနှံ့အပြား ဖုံးလွှမ်းနေ၏။
ဤနေရာတွင် အမှောင်အတိ ကျနေပြီး ယာဉ်နှစ်စီးစလုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နေရာတွင် ရပ်တန့်နေကြသည်။
ယာဉ်အတွင်းရှိ သက်ရှိများအားလုံးမှာ အရိပ်များအဖြစ်သို့ ပြောင်းလဲသွားကြပြီး အစစ်အမှန် အရာဝတ္ထုများကို မည်သို့မျှ ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိကြတော့ချေ။
လင်းယွမ်သည် ထိုက်ယန်တောင် အမှတ်(၁) ရှိရာဘက်သို့ အရင်ရောက်လာပြီး တစ်ချက် ဝေ့ကြည့်လိုက်သည်။
ဖေးခန်း၊ ရွှီဟွမ်နှင့် ကျန်လူများအားလုံး ကြောက်လန့်တကြားဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေကြသော်လည်း အမှောင်ထုကိုသာ မြင်တွေ့နေရသည်ကို သူ တွေ့လိုက်ရ၏။
သူတို့က ယာဉ်ကို လက်ဖြင့် လှမ်းစမ်းကြည့်ကြသော်လည်း မည်သည့်အရာကိုမျှ စမ်းသပ်ထိတွေ့၍ မရကြပေ။
"ဒါ... ဒါက ဘယ်နေရာလဲ"
"ငါတို့တွေ ဘာဖြစ်ကုန်တာလဲ"
"ဖေးခန်း... ရွှီဟွမ်... မင်းတို့ ဘယ်မှာလဲ"
"ငါ ဒီမှာ"
"ငါလည်း ဒီမှာပဲ"
သူတို့အချင်းချင်း အကြိမ်အနည်းငယ် အော်ခေါ်လိုက်ကြပြီး တစ်ဖက်လူ၏ လှုပ်ရှားသံများကို အပြန်အလှန် ကြားနေရသည်။
သို့သော် တစ်ယောက်ကိုတစ်ယောက် မြင်လည်းမမြင်ရ၊ ထိတွေ့၍လည်း မရကြပေ။
ရွှီဟွမ်က သူ၏ သန္ဓေပြောင်းအစွမ်းကို အသုံးပြုရန် ကြိုးစားကြည့်လိုက်ရာ ရုတ်တရက် အလွန်အမင်း ထိတ်လန့်သွားတော့သည်။
"ငါ့အစွမ်းတွေကို သုံးလို့မရတော့ဘူး"
ဖေးခန်းနှင့် ကျန်လူများမှာ ထိုစကားကို ကြားလိုက်ရသော် လန့်ဖျပ်သွားကြပြီး သူတို့၏ အစွမ်းများကို ချက်ချင်း အသက်သွင်းရန် ကြိုးစားကြည့်ကြသည်။
သို့သော် လူအုပ်ထဲတွင် စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ဖြစ်သော ဖေးခန်း တစ်ယောက်သာ စိတ်စွမ်းအင်ကို လှုံ့ဆော်နိုင်သေးပြီး ကျန်လူများအားလုံးမှာမူ အစွမ်းများကို လုံးဝ အသုံးပြု၍ မရတော့ကြောင်း တွေ့လိုက်ရ၏။
"ဖေးခန်း... မင်း ဘာအန္တရာယ်မှ မခံစားမိဘူးလား" ဟု ဆုန်ဖေးက အလျင်အမြန် မေးလိုက်သည်။
ဖေးခန်းက "မရှိဘူး... ဒီနေရာက တော်တော် လုံခြုံတဲ့ပုံပဲ" ဟု ပြန်ဖြေသည်။
"ဒါနဲ့... စောစောက ငါတို့ အစုပ်မခံရခင်လေးတင် အခြေစိုက်စခန်းက ငါတို့ကို ရပ်လို့ရပြီလို့ ပြောလိုက်တယ်မလား... ဆရာလင်းယွမ်က ငါတို့ကို လာကြိုနေတာတဲ့လား"
"ဒီနေရာက ဆရာလင်းယွမ်နဲ့များ သက်ဆိုင်နေတာလား"
သူတို့တစ်တွေ သံသယဖြစ်နေကြစဉ်မှာပင် "ထွက်လာကြတော့" ဟူသော အသံတစ်သံကို ကြားလိုက်ရသည်။
သူတို့ ကြောင်အသွားပြီး တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ မျက်စိရှေ့တွင် ရုတ်တရက် လင်းထိန်သွားသည်ကို ခံစားလိုက်ရသည်။
အလင်းရောင်များ ထိုးဖောက်ဝင်ရောက်လာပြီး သူတို့သည် ထိုအမှောင်ထုထဲမှနေ၍ ထိုက်ယန်တောင် သုတေသနအဖွဲ့၏ စမ်းသပ်ကွင်းထဲသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
ရွှီဟွမ်က အံ့သြတကြီးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
သုတေသနအဖွဲ့မှ လီဟန်ကျုံးနှင့် ကျန်လူများအားလုံး အောက်ဘက်တွင် ရှိနေသည်ကို တွေ့လိုက်ရ၏။
ယာဉ်တံခါး ပွင့်သွားသည်နှင့်အတူ သူတို့တစ်တွေလည်း ဝေဝေဝါးဝါးဖြင့် လှေကားပေါ်မှ ဆင်းလာခဲ့ကြသည်။
နောက်တစ်ခဏတွင် လူအုပ်ရှေ့၌ ရပ်နေသော လင်းယွမ်က ဦးဆောင်ကာ ပထမဆုံး စတင် လက်ခုပ်တီးလိုက်သည်။
ကျန်လူများလည်း ထိုမြင်ကွင်းကို မြင်သောအခါ လက်ခုပ်တီးကာ ရွှင်မြူးစွာ အော်ဟစ်လိုက်ကြ၏။
လင်းယွမ်က သူတို့ငါးယောက်ကို ကြည့်ကာ ပြုံးရင်း "ဂုဏ်ယူပါတယ်ဗျာ... ခင်ဗျားတို့ ဒီတစ်ခေါက် မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ" ဟု ပြောလိုက်သည်။
လီဟန်ကျုံးကလည်း အနောက်မှ လိုက်လာပြီး သူတို့ငါးယောက်ကို တစ်ယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်လေသည်။
"ခင်ဗျားတို့အားလုံးကို ဂုဏ်ယူပါတယ်... ခင်ဗျားတို့ ဒီတစ်ခေါက် စမ်းသပ်ပျံသန်းမှု မစ်ရှင်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တယ်... ဒီနေ့ကစပြီး ခင်ဗျားတို့က ထိုက်ယန်တောင်ရဲ့ အဖွဲ့ဝင်တွေ ဖြစ်သွားပြီ"
"ဒါနဲ့... နောက်ပိုင်းကျရင် ဆရာလင်းယွမ်က လေယာဉ်မှူးအဖွဲ့ တစ်ဖွဲ့ ဖွဲ့ဖို့ စီစဉ်ထားတယ်... တကယ်လို့ ခင်ဗျားတို့သာ သဘောတူမယ်ဆိုရင် လေယာဉ်မှူး လေ့ကျင့်ရေး နည်းပြတွေအဖြစ် ဆက်နေပေးလို့ ရပါတယ်"
"နောက်ပြီးတော့ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်တွေကိုလည်း စစ်ဆေးမှုလေး လုပ်ဖို့ လိုသေးတယ်... အဲဒီအချိန်ကျရင် မိုးကြိုးတိမ်တိုက်တွေထဲက အခြေအနေတွေကိုပါ တစ်ခါတည်း အစီရင်ခံပေးရလိမ့်မယ်"
သူတို့တစ်တွေ ဇဝေဇဝါ ဖြစ်နေဆဲမှာပင် လီဟန်ကျုံးတို့က သူတို့အတွက် ကိစ္စအရပ်ရပ်ကို အားလုံး စီစဉ်ပေးပြီးသွားပြီ ဖြစ်သည်။
သူတို့အားလုံးမှာ တွေဝေစွာဖြင့် အမိန့်များကို နာခံလိုက်ရုံသာ တတ်နိုင်သော်လည်း ခေါင်းထဲတွင်တော့ အကြမ်းဖျင်း အတွေးတစ်ခု ဝင်လာခဲ့သည်။
သူတို့ အသက်ရှင်ခဲ့ပြီပဲ။
မစ်ရှင်ကိုလည်း အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ။
နောင်တွင် ထိုက်ယန်တောင်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာမည်ဖြစ်ပြီး ထိုမျှမက သူတို့ကို စောင့်ကြိုနေသည့် ကြီးမားလှသော ချမ်းသာကြွယ်ဝမှုတွေလည်း ရှိနေသေးသည်။
သူတို့က လေယာဉ်မှူး နည်းပြတွေတောင် ဖြစ်လာတော့မည်။
သူတို့ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေဖို့ မလိုတော့သလို၊ နေ့တိုင်း မနက်စောစောထပြီး ညမှောင်တဲ့အထိ ငါးသွားဖမ်းစရာလည်း မလိုတော့ပေ။
သူတို့လည်း ထိုက်ယန်တောင်မှ နေထိုင်သူများနည်းတူ ဘက်စုံသုံးစားသောက်ဆောင်မှ အရသာရှိသော အစားအသောက်များကို စားသုံးနိုင်ပြီ ဖြစ်သည်။
သူတို့၏ မိသားစုဝင်များလည်း ထပ်ပြီး ကြောက်လန့်တကြား နေစရာ မလိုတော့ပေ။
တစ်ကြိမ် စွန့်စားခဲ့ရမှုက သူတို့အတွက် ဤမျှလောက် ကြီးမားများပြားလှသော ဆုလာဘ်များကို ယူဆောင်လာပေးခဲ့သည် မဟုတ်ပါလော။
ယခုအချိန်လေးတွင် သူတို့အားလုံး အိပ်မက်မက်နေသကဲ့သို့ ခံစားနေကြရသည်။
ရွှီဟွမ်တို့ကို ခန္ဓာကိုယ်စစ်ဆေးရန် စီစဉ်ပေးပြီးနောက် လင်းယွမ်က "ကြီးကြပ်ရေးအဖွဲ့ က လူတွေကို သွားခေါ်လိုက်" ဟု ပြောလိုက်သည်။
လီဟန်ကျုံးက "ဆရာလင်း... အဲဒီ ပန်းကန်ပြားပျံကရော" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းအသာညိတ်လိုက်ပြီး "ဒါက တခြားအဖွဲ့အစည်းတစ်ခုရဲ့ လေယာဉ်ပဲ" ဟု ဖြေသည်။
"ကြီးကြပ်ရေးအဖွဲ့က ဌာနမှူး ကျွမ်းရှုယွမ် ကို လူခေါ်လာပြီး ချက်ချင်း စစ်ဆေးမေးမြန်းခိုင်းဖို့ လိုတယ်"
ထိုသို့ပြောရင်း သူက လက်တစ်ချက် ဝှေ့ယမ်းကာ သုမာရု ဟင်းလင်းပြင်ကို ဖွင့်လိုက်ရာ သူ၏ စွမ်းအင်ချိတ်ပိတ်လည်ပတ် အစွပ်ခံထားရသော ယောကျ်ားမိန်းမ အနည်းငယ်မှာ ကြောက်လန့်တကြားဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေကြသည်။
ဘာတွေဖြစ်သွားသည်ကို သူတို့လည်း တုံ့ပြန်နားလည်နိုင်စွမ်း မရှိကြသည်မှာ ထင်ရှားလှ၏။
လီဟန်ကျုံးနှင့် ကျန်လူများက လှမ်းကြည့်လိုက်ရာ ထိုသူများ၏ ကိုယ်ပေါ်တွင် တူညီသော ယူနီဖောင်းများကို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။
အမျိုးသမီးများမှာ အဖြူရောင် ကိုယ်ကျပ်ရော်ဘာ သံချပ်ကာကို ဝတ်ဆင်ထားပြီး အမျိုးသားများမှာမူ တူညီသော အရည်အသွေးရှိသည့် သားရေအင်္ကျီကို ဝတ်ဆင်ထားကြသည်။
သူတို့၏ အဝတ်အစားများပေါ်တွင် နေမင်းကဲ့သို့သော အမှတ်တံဆိပ်တစ်ခု ပါရှိနေသည်။
ဤသည်ကို တစ်ချက်ကြည့်ရုံဖြင့် နေရာတစ်ခုတည်းမှ လာသူများဖြစ်ကြောင်း သိနိုင်ပေသည်။
"မင်းတို့က ဘယ်သူတွေလဲ... ငါတို့ကိုတောင် ရန်စရဲတယ်ပေါ့လေ... ငါတို့က ဘယ်သူတွေလဲဆိုတာ မင်းတို့ သိရဲ့လား"
"ငါတို့ကို လွှတ်ပေးစမ်း... ငါတို့က ရွှေကျီးကန်း တပ်ဖွဲ့ကွ... မင်းတို့က ငါတို့ကိုတောင် ဖမ်းရဲတယ်ပေါ့... သေချင်နေကြပြီလား"
ယောကျ်ားမိန်းမ အနည်းငယ်က လင်းယွမ်တို့ကို ကြည့်ကာ ချက်ချင်းပင် အသံမာမာဖြင့် ခြိမ်းခြောက်လေတော့သည်။
လင်းယွမ်က ထိုသူများကို ကြည့်လိုက်ပြီး "ရွှေကျီးကန်း တပ်ဖွဲ့ ဟုတ်လား... မင်းတို့က ဘယ်အဖွဲ့အစည်းကလဲ... ဘယ်ကနေ လာကြတာလဲ" ဟု မေးလိုက်သည်။
"မင်းက ဘာကောင်မို့လို့လဲ... မင်းတို့ရဲ့ ခေါင်းဆောင်ကို သွားခေါ်ခဲ့စမ်း" ဟု တစ်ယောက်က အော်ဟစ်လိုက်သည်။
"မင်းတို့ကို ငါပြောလိုက်မယ်... မင်းတို့ ငါတို့ရဲ့ ဆံပင်တစ်ပင်ကိုတောင် ထိရဲရင် သေဖို့သာ ပြင်ထား... ခိုလှုံရေးစခန်း တစ်ခုလုံးလည်း ဖျက်စီးခံရလိမ့်မယ်"
"မယုံဘူးဆိုရင် ငါတို့ရဲ့ ယာဉ်ပျံကို သွားကြည့်လိုက်... အဲ့ဒါဆို မင်းတို့ ငါတို့ရဲ့ အင်အားကို သိလောက်ပါပြီ"
"ဟေ့ကောင်... ငါတို့ဆီမှာ ရေ... လေ... ကုန်း သုံးခုလုံးမှာ လူတွေ ရှိတယ်ကွ... မင်း အခြေအနေကိုနားလည်ရင် ငါတို့ကို လွှတ်ပေးတာ အကောင်းဆုံးပဲ"
ထိုလူများမှာ မျက်နှာထား တင်းမာစွာဖြင့် လင်းယွမ်တို့ကို ခြိမ်းခြောက်နေကြသည်။
ဤလှည့်ကွက်သည် အပြင်ဘက်တွင် စူးစမ်းရှာဖွေရေး ထွက်ကြစဉ်က အကြိမ်ကြိမ် အသုံးဝင်ခဲ့သော နည်းလမ်းဖြစ်သည်။
သာမန် အဖွဲ့အစည်းများအနေဖြင့် သူတို့၏ ယာဉ်ပျံကို မြင်လိုက်ရုံဖြင့် သူတို့ နောက်ကွယ်ရှိ အဖွဲ့အစည်း၏ အင်အားကို သိရှိနိုင်ကြသည်။
ဤကဲ့သို့ မိုးကြိုးတိမ်တိုက်များထဲတွင် ပျံသန်းနိုင်သော ပန်းကန်ပြားပျံမျိုးသည် သန္ဓေပြောင်းစွမ်းအင် နည်းပညာများစွာ ပါဝင်နေပြီး သာမန်အဖွဲ့အစည်းများ လုံးဝ တီထွင်နိုင်စွမ်းရှိမည့် အရာမျိုး မဟုတ်ပေ။
ပုံမှန် ခိုလှုံရေးစခန်းဆိုပါက ဦးနှောက်အနည်းငယ် ရှိရုံဖြင့် သူတို့ကို ရန်စရဲကြမည် မဟုတ်ချေ။
လင်းယွမ်က ပြုံးလိုက်ပြီး ထိုလူများနှင့် အပိုစကားများ ဆက်မပြောတော့ဘဲ "သူတို့ကို ခေါ်သွားလိုက်... ကြီးကြပ်ရေးအဖွဲ့က လူတွေကို စစ်ဆေးခိုင်းလိုက်" ဟုသာ ပြောလိုက်သည်။
လီဟန်ကျုံးက ခေါင်းအသာညိတ်လိုက်ပြီး ချက်ချင်းပင် လူများကို ခေါ်ဆောင်သွားစေကာ ကျွမ်းရှုယွမ်၏ ကြီးကြပ်ရေးအဖွဲ့ထံ စစ်ဆေးရန် အပ်နှံလိုက်လေသည်။
ထို့နောက် လူအများ၏ အကြည့်များက မလှမ်းမကမ်းတွင် ရှိနေသော ပန်းကန်ပြားပျံကြီးထံသို့ ရောက်ရှိသွားကြသည်။
ဤလေယာဉ်ပျံသည် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားများထဲမှ ပန်းကန်ပြားပျံများနှင့် အလွန်တူညီလှပေသည်။
တစ်ကိုယ်လုံးကို အဖြူရောင် သတ္တုပစ္စည်းဖြင့် ပြုလုပ်ထားပြီး အပြင်ဘက်မျက်နှာပြင်တွင် စပ်တူပုံသဏ္ဌာန် သင်္ကေတများစွာကို ထွင်းထုထားရာ အရိုးစာချုပ် စာလုံးများနှင့် မတူဘဲ ရှေးဟောင်း စပ်တူစာလုံးများနှင့် ပို၍ တူညီနေသည်။
လီဟန်ကျုံးနှင့် ကျန်လူများက အတန်ကြာအောင် လေ့လာကြည့်ရှုပြီး ခေါက်ကြည့်၊ ပုတ်ကြည့်ကာ မျက်နှာတွင် အံ့သြမှုများ အပြည့်ဖြစ်နေကြသည်။
"ထူးဆန်းတယ်... တကယ်ကို ထူးဆန်းတာပဲ" လီဟန်ကျုံးက မရပ်မနား ရေရွတ်နေမိသည်။
လင်းယွမ်က "ပါမောက္ခလီ... ဒီပန်းကန်ပြားပျံရဲ့ ပုံစံက ထူးဆန်းနေလို့လား" ဟု မေးလိုက်သည်။
"ပုံစံမဟုတ်ဘူး... သူအသုံးပြုထားတဲ့ ပစ္စည်းတွေပဲ... သတ္တုပစ္စည်းလို့ ထင်ရပေမဲ့ ကြေး... သံ... ရွှေ... ငွေ စတဲ့ ဒြပ်စင်တွေ လုံးဝ မဟုတ်ဘူး... ဒီပစ္စည်းက တော်တော် ထူးခြားတယ်"
"ပြီးတော့ ဒီအပေါ်က သင်္ကေတတွေကလည်း ငါတို့ဒီဘက်က သင်္ကေတပုံစံတွေနဲ့ လုံးဝကို ကွာခြားနေတာ"
"ငါတို့ရဲ့ စာလုံးတွေက ရှေးဟောင်း အရိုး စာလုံးတွေနဲ့ တူပေမဲ့ ဒီစာလုံးတွေကတော့ စပ်တူစာလုံး ဖွဲ့စည်းပုံနဲ့ တူနေတယ်"
"ဖွင့်ပြီး အထဲဝင်ကြည့်လို့ ရမလား" လီဟန်ကျုံးက လင်းယွမ်ကို မေးလိုက်သည်။
လင်းယွမ်က ခေါင်းအသာခါလိုက်ပြီး "ခလုတ်က ဘယ်နေရာမှာလဲဆိုတာ ကျွန်တော်မသိဘူး... ကြီးကြပ်ရေးအဖွဲ့ဘက်က စစ်ဆေးမေးမြန်းမှု ရလဒ်ကို အရင်စောင့်ကြည့်ကြတာပေါ့" ဟု ဖြေသည်။
လီဟန်ကျုံးက ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်း သက်ပြင်းချကာ "ဒီလိုမျိုး လေယာဉ်ပျံကို တီထွင်နိုင်တဲ့ အဖွဲ့အစည်းတွေ ရှိနေပြီလို့ ထင်တောင် မထင်ထားမိဘူး" ဟု ပြောလိုက်သည်။
"ငါတို့တော့ အတော်လေး နောက်ကျကျန်နေခဲ့ပြီ ထင်တယ်"
လင်းယွမ်က ခေါင်းအသာညိတ်လိုက်ပြီး "ဒါက မဆန်းပါဘူး... အနောက်မြောက်ဘက်က အစကတည်းက ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်မှာ ရှိနေတာကိုး" ဟု ဖြေလိုက်သည်။
"ကျွန်တော်တို့ဘက်မှာ ရေကြီးနေတဲ့အချိန် သူတို့ဆီမှာ ရေအကုန်မမြုပ်သေးတော့ ကပ်ဘေးကို ကာကွယ်ဖို့ လူအင်အား စုစည်းနိုင်တာ သေချာပေါက် ဖြစ်နိုင်ချေရှိတယ်"
"သိပ္ပံပစ္စည်းမျိုးစုံနဲ့ တိကျမှုမြင့်မားတဲ့ ကိရိယာတွေကိုလည်း ကယ်ဆယ်နိုင်ခဲ့မှာပေါ့"
"အခု ကျွန်တော် တော်တော်သိချင်နေတာက အနောက်မြောက်ဘက်မှာ အစိုးရအဖွဲ့အစည်းတွေ ရှိနေသေးလား ဆိုတာပဲ"
လီဟန်ကျုံးက ခေါင်းခါလိုက်ပြီး "မဖြစ်နိုင်သလောက်ပဲ... ကမ္ဘာပျက်ကပ်ဘေးကြီး ဖြစ်လာပြီဆိုတော့ ရည်မှန်းချက်ကြီးတဲ့သူတွေ အများကြီး ရှိလာမှာ သေချာတယ်"
"ဒီလူတွေက ရေပေါ်ကျွန်းကို လုယူနိုင်ပြီဆိုမှတော့ သူများခိုင်းတာကို ဘယ်သူက နားထောင်ချင်တော့မလဲ... ကိုယ့်ဘာသာ တောင်ပေါ်တက်ပြီး ဘုရင်လုပ်နေတာ ကြာလောက်ပြီပေါ့"
"ကွမ်ဖူ စစ်တပ်ရဲ့ အခြေအနေကို ကြည့်လိုက်ရင် အကြမ်းဖျင်း ရှင်းလင်းသွားမှာပါ"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ တကယ်လည်း ထိုအတိုင်းပင် ဖြစ်၏။
အဓိကအချက်မှာ အရင်က အရှုပ်အထွေးများ မဖြစ်ခဲ့ခြင်းသည် တစ်ဦးချင်းစီ၏ စွမ်းရည် အားနည်းခြင်းနှင့် ဓား၊ သေနတ် စသည့် လက်နက်များကို တင်းကျပ်စွာ ထိန်းချုပ်ထားနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော် အစွမ်းပိုင်ရှင်များ ပေါ်ပေါက်လာမှုက မူလ အခြေအနေကို အစောကြီးကတည်းက ရိုက်ချိုးပစ်ခဲ့ပြီ ဖြစ်သည်။
စွမ်းရည်မြင့်မားသော အစွမ်းပိုင်ရှင်တစ်ယောက်က သူများလက်အောက်တွင် နေဖို့ ဘယ်လိုလုပ် သဘောတူနိုင်မည်နည်း။
ထို့ကြောင့် ရေကြီးရေလျှံမှုကြီးအောက်တွင် နိုင်ငံတော် ဆိုသည့် အယူအဆက အစောကြီးကတည်းက ပြိုလဲသွားလောက်ပြီ ဖြစ်သည်။
ယခုအခါတွင် တောင်တန်းများနှင့် ကျွန်းများကို အခြေခံကာ အသက်ရှင်သန်နေကြပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ... ကျယ်ပြောလှသော ရေပြင်ကြီးအထက်တွင် ဤမျှများပြားသော အဖွဲ့အစည်းများ တည်ရှိနေပြီး ဤမျှများပြားသော လူသားများ အသက်ရှင်နေသေးကြောင်း သိလိုက်ရသည်။
လင်းယွမ် အလွန် ဝမ်းသာသွားသည်။ အနည်းဆုံးတော့ ဤကမ္ဘာပျက်ကပ်ဘေး ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပေါ်တွင် လူသားများ လုံးဝ နောက်ကျကျန်ရစ်နေခဲ့ခြင်း မဟုတ်ပေ။
လူသားများအနေဖြင့် အစာကွင်းဆက်၏ ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိပြီး ဤကမ္ဘာဂြိုဟ်ကို စိုးမိုးနိုင်မည်လား ဆိုသည်မှာမူ နောက်ဆက်တွဲ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း အဆင်ပြေချောမွေ့မှု ရှိမရှိအပေါ်တွင် မူတည်နေတော့သည်။
ဆက်ရန်...