← Chapters

အခန်း (၇၀၇-၇၀၈)

Vol. 36 Ch. 707-708

အခန်း (၇၀၇-၇၀၈)

Vol. 36 Ch. 707-708

အပိုင်း(၇၀၇) ပန်းကန်ပြားပျံ

"မလောပါနဲ့... ဌာနမှူးကျွမ်းရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီလူတွေရဲ့ နောက်ခံရာဇဝင်ရယ်... ယာဉ်ပျံကို ဖွင့်တဲ့နည်းလမ်းရယ်ကို စစ်မေးဖို့က လွယ်လွယ်လေးပါ... အားလုံး ခဏလောက် စောင့်လိုက်ကြတာပေါ့" လီဟန်ကျုံးက ပြုံးလျက် ပြောလိုက်၏။

ရန်ကျဲနှင့် ဖုချီပေါ်တို့ အပါအဝင် သိပ္ပံသုတေသနပညာရှင် တစ်စုမှာ စိတ်မရှည်နိုင်လောက်အောင် ဖြစ်နေကြပြီ ဖြစ်သည်။

ဆာလောင်မွတ်သိပ်နေသူ တစ်ဦးသည် အရသာရှိသော အစားအစာများကို မြင်လိုက်ရသည့်အလားပင်။

သူတို့သည် ဤယာဉ်ပျံကြီးကို ဖြုတ်တွယ်လေ့လာရန် မစောင့်ဆိုင်းနိုင်လောက်အောင် ဖြစ်နေကြသည်။

လင်းယွမ်ကမူ အလောတကြီး မဖြစ်ပေ။ ယာဉ်ပျံက မိမိလက်ထဲ ရောက်နေပြီဖြစ်ရာ ဘယ်ကို ပြန်ပျံသွားနိုင်တော့မည်နည်း။

ယခုအချိန်တွင် သူ ပို၍ စိတ်ဝင်စားနေသည်မှာ ထိုက်ယန်တောင်အမှတ်(၁) ယာဉ်ပျံမှ စူးစမ်းရှာဖွေထားသော ကောင်းကင်ယံအထက်ရှိ အခြေအနေများပင် ဖြစ်သည်။

ထိုစဉ် ရှန်ယွင်ရှီးက လူအချို့ကို ခေါ်ကာ ထိုက်ယန်တောင်အမှတ်(၁) ယာဉ်ပျံမှ ကင်မရာမှတ်တမ်းများကို ဖြုတ်ယူစေပြီး ရိုက်ကူးထားသမျှကို စတင် ဖွင့်ပြလေတော့သည်။

ယခင်က ကောင်းကင်ယံအထက်ရှိ အခြေအနေကို တစ်ကြိမ် မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သော်လည်း...

ယခု တစ်ဖန် ပြန်လည်ကြည့်ရှုရချိန်တွင် လူတိုင်းမှာ တအံ့တဩ မှင်သက်နေကြဆဲပင်။

လင်းယွမ်သည် မျက်နှာပြင်ထက်၌ ရိုက်ကူးထားသော သန္ဓေပြောင်း သတ္တဝါများကို သေချာစွာ စိုက်ကြည့်နေမိသည်။

ပျံသန်းနိုင်စွမ်းရှိသော ဤသန္ဓေပြောင်း သတ္တဝါများသည် ငှက်အမျိုးအစား သန္ဓေပြောင်းသားရဲများချည်း သက်သက် မဟုတ်ကြပေ။

ထိုအထဲတွင် မျိုးရိုးဗီဇမျိုးစေ့အဆင့် နှင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ထိပင် ရောက်ရှိနေပြီဖြစ်သော သန္ဓေပြောင်း သားရဲကြီးများစွာလည်း ပါဝင်နေကြသေးသည်။

၎င်းတို့အနက် အချို့မှာ ကြီးမားခန့်ထည်လွန်းလှပြီး ပေ(၃၀) မှ ပေ(၆၀) ခန့်အထိ ကြီးမားသူများကိုလည်း အများအပြား တွေ့မြင်နိုင်သည်။

အချို့ကမူ ခန္ဓာကိုယ်များကို ဒြပ်စင်အဖြစ် တိုက်ရိုက် ပြောင်းလဲကာ လေထဲတွင် ပျံသန်းနေကြ၏။

အချို့မှာမူ တစ်ကိုယ်လုံးတွင် အကြေးခွံများ ဖုံးလွှမ်းနေပြီး ထက်မြက်သော မြှားတံတစ်ခုအလား လေထဲတွင် တလက်လက်နှင့် ဖြတ်သန်းသွားလာနေကြသည်။

ကောင်းကင်ယံအထက်ရှိ အခြေအနေများမှာ ရေပြင်ထက်ထက်ပင် ပို၍ အန္တရာယ်များနေပုံရသည်။

အားကောင်းလှသော သန္ဓေပြောင်းသားရဲ မျိုးစုံတို့သည် တိမ်လွှာများအထက်ရှိ မတူညီသော လေပေါ်ကျွန်းများကြားတွင် ပျံသန်းကူးလူးနေကြပြီး ဖြတ်သန်းသွားလာသော ယာဉ်ပျံများကို အချိန်မရွေး ဝင်ရောက်တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။

ရေပြင်ထက်တွင်မူ ကြီးမားသော သန္ဓေပြောင်းသားရဲ အများစုမှာ ရေနက်ပိုင်း၌သာ နေထိုင်လေ့ရှိကြပြီး ရေမျက်နှာပြင်ပေါ်သို့ တက်လာလေ့ သိပ်မရှိကြပေ။

"အဲ့နားမှာ ခဏရပ်လိုက်"

ရုတ်တရက် လင်းယွမ်က ကင်မရာမှတ်တမ်းကို ရပ်တန့်ရန် နည်းပညာရှင်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။

"နှစ်စက္ကန့်လောက် နောက်ပြန်ဆုတ်လိုက်"

မှတ်တမ်းဗီဒီယိုက နှစ်စက္ကန့်ခန့် နောက်ပြန်ဆုတ်သွားချိန်တွင် လင်းယွမ်သည် မျက်နှာပြင်ပေါ်၌ ပေါ်လာသော လေပေါ်ကျွန်း တစ်ကျွန်းဆီသို့ စိုက်ကြည့်နေမိသည်။

ထို လေပေါ်ကျွန်းမှာ အနည်းငယ် ဝေးကွာနေသော်လည်း ၎င်း၏အပေါ်တွင် အပြာရောင် အလင်းတန်းများ ဖြာထွက်နေသည့် အကာအရံတစ်ခု ရှိနေကြောင်းကို တွေ့မြင်နိုင်သည်။

အကာအရံ၏ အတွင်းပိုင်းကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ၎င်းမှာ တစ်စုံတစ်ရာသော အကာအကွယ်ဒိုင်းတစ်ခု ဖြစ်ကြောင်း သိသာထင်ရှားလှသည်။

လင်းယွမ်က "ဒီလေပေါ်ကျွန်းကို ဆွဲချဲ့ကြည့်လိုက်" ဟု ပြောလိုက်၏။

"ဟုတ်ကဲ့ပါ ဆရာလင်း"

တာဝန်ကျဝန်ထမ်းများက မျက်နှာပြင်ကို အမြန်ဆွဲချဲ့လိုက်ပြီး မြင်ကွင်းအနေအထားကို လျင်မြန်စွာ ချိန်ညှိလိုက်ကြသည်။

မြင်ကွင်း ကျယ်လာသည်နှင့် တစ်ပြိုင်နက် ထိုအပြာရောင် စွမ်းအင်ဒိုင်းကာကြီးသည် လေပေါ်ကျွန်း တစ်ကျွန်းလုံးကို ဖုံးအုပ်ထားခြင်း မဟုတ်ဘဲ ကင်မရာနှင့် နီးကပ်သည့် ဘက်ခြမ်းကိုသာ ဖုံးအုပ်ထားကြောင်း အားလုံး မြင်တွေ့လိုက်ရသည်။

စွမ်းအင်ဒိုင်းကာ၏ အပြင်ဘက်တွင် လူသားတို့၏ လက်ရာဖြစ်ကြောင်း သိသာထင်ရှားသော အဆောက်အအုံများစွာ ရှိနေလေသည်။

အမြောက်စင်များ... မြို့ရိုးများ... ကင်းစင်များ အစရှိသဖြင့် များစွာရှိသည်။

ထို့အပြင် ကြီးမားခန့်ထည်သော ယာဉ်ပျံကြီးများလည်း ထိုနေရာတွင် ရပ်နားထားရာ ဧရာမ လေဆိပ်ကြီးတစ်ခုနှင့်ပင် တူနေတော့၏။

အလင်းဒိုင်းကာ၏ နောက်ကွယ်ရှိ တောင်စောင်းပေါ်တွင် ကြီးမားသော သင်္ကေတအမှတ်အသား တစ်ခုရှိနေသည်ကို လင်းယွမ် သတိပြုမိသွားသည်။

ထိုအမှတ်အသားမှာ အစိမ်းရောင် အညှောက်ပေါက်နေသည့် သင်္ကေတတစ်ခု ဖြစ်နေလေသည်။

"မုန်ယာကုမ္ပဏီ"

လင်းယွမ်က မသိစိတ်မှပင် ရေရွတ်လိုက်မိတော့သည်။

ဌာနမှူးကျွမ်း သူ့ကို အစီရင်ခံခဲ့သည့် ကိစ္စရပ်များကို သူ ချက်ချင်း သတိရသွားသည်။

စစ်တပ်က ကနဦးတွင် အပေါ်သို့ စူးစမ်းရှာဖွေခဲ့စဉ်က မုန်ယာကုမ္ပဏီ၏ တိုက်ခိုက်မှုကြောင့် ယာဉ်ပျံ ဖျက်ဆီးခံခဲ့ရခြင်း မဟုတ်ပါလော။

ယခုတစ်ကြိမ်တွင်လည်း သူတို့သည် မုန်ယာကုမ္ပဏီကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ကြပြီ ဖြစ်သည်။

"ဒါ မုန်ယာကုမ္ပဏီ ဖြစ်နေတာလား"

"သူတို့က ကောင်းကင်ယံက လေပေါ်ကျွန်း တစ်ကျွန်းကိုတောင် သိမ်းပိုက်ထားနိုင်ပြီပေါ့လေ"

"သူတို့ရဲ့ နည်းပညာနဲ့ဆိုရင် ယာဉ်ပျံတွေ တီထွင်ပြီး မိုးကြိုးတိမ်တိုက်တွေရဲ့ ကန့်သတ်ချက်ကို ဖောက်ထွက်ဖို့ဆိုတာ မခက်ခဲပါဘူး... မမေ့ကြနဲ့ဦး... ငါတို့ရဲ့ ယာဉ်ပျံနည်းပညာကလည်း သူတို့ရဲ့ သံချပ်ကာတပ်ဖွဲ့ဆီကနေ အကြံဉာဏ်ရထားတာလေ"

"ဒီမုန်ယာကုမ္ပဏီမှာ အဲ့ဒီလောက် အင်အားရှိနေတာ... ငါတို့က သူတို့ရဲ့ သံချပ်ကာတပ်ဖွဲ့ကို သတ်ပစ်ခဲ့တာဆိုတော့ သူတို့က ငါတို့ကို ပစ်မှတ်ထားနေလောက်ပြီလား"

"သံသယဝင်နေစရာ မလိုပါဘူး... သေချာပေါက်ပဲ"

"ဘာကြောက်စရာ ရှိလို့လဲ... သူတို့က ငါတို့အိမ်ပေါက်ဝအထိ လာသတ်နေတာကို... ငါတို့က သူတို့ကို ပြန်မသတ်ဘဲ နှစ်သစ်ကူးဖို့ စောင့်နေရမှာလား"

"အခုဆို ငါတို့ဆီမှာလည်း ယာဉ်ပျံ ရှိနေပြီလေ... နောက်ဆို ဒီထက်ပိုကြီးတဲ့ ယာဉ်ပျံတွေကို ငါတို့ ထပ်မံဖန်တီးနိုင်တော့မှာ... မိုးကြိုးတိမ်တိုက်တွေကို ဖြတ်သန်းနိုင်မယ်... အဆင့်မြင့် သင်္ကေတနည်းပညာ တိုက်ခိုက်ရေးစနစ်တွေကို တပ်ဆင်နိုင်မယ်ဆိုရင် အနှေးနဲ့အမြန် ငါတို့လည်း လေပေါ်ကျွန်း တစ်ကျွန်းကို သိမ်းပိုက်နိုင်မှာပဲ"

"သူတို့ အခြေအနေကို ကြည့်ရတာ... သန္ဓေပြောင်းသားရဲတွေရဲ့ ဝိုင်းရံပိတ်ဆို့တာကို ခံထားရပြီး အဲ့ဒီလေပေါ်ကျွန်းပေါ်မှာ ပိတ်မိနေတဲ့ပုံပဲ"

"ဟယ်... ဒီဘက်ကို ကြည့်ကြပါဦး... ဒီလေပေါ်ကျွန်းမှာလည်း အဆောက်အအုံတွေ ရှိမနေဘူးလား"

ရုတ်တရက် မလှမ်းမကမ်းမှ အခြား သုတေသနပညာရှင် တစ်ဦးက အံ့ဩတကြီး အော်ဟစ်လိုက်သည်။

လင်းယွမ်၏ အကြည့်များက ထိုဘက်သို့ ရွှေ့လျားသွားသည်။ ထိုသုတေသီသည် ဗီဒီယိုကို လေ့လာရင်း တစ်မိနစ်နှင့် စက္ကန့်သုံးဆယ်ခန့်တွင် အခြား လေပေါ်ကျွန်းတစ်ကျွန်း လူတိုင်း၏ မျက်စိရှေ့သို့ ရောက်လာကြောင်း တွေ့ရှိသွားခြင်း ဖြစ်သည်။

ထိုလေပေါ်ကျွန်း၏ အပေါ်တွင် ကောင်းကင်ယံမှ ရေစီးကြောင်းများ အမြောက်အမြား ဒလဟော စီးဆင်းနေကာ ရေတံခွန်ကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်နေသည်။

သို့သော် ထိုရေတံခွန်အနီးတွင် လူသားတို့ တည်ဆောက်ထားသော အဆောက်အအုံများစွာ ရှိနေသည်ကို အားလုံး မြင်တွေ့လိုက်ကြသည်။

ထိုလူသားအဆောက်အအုံများကို ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် အကာအကွယ်ဒိုင်းကာ တစ်ခုက ဖုံးလွှမ်းထားလေသည်။

နံရံထက်တွင်လည်း အလားတူ သင်္ကေတအမှတ်အသား တစ်ခု ရှိနေသည်။

ထိုအရာသည် နေမင်းပုံစံ သင်္ကေတအမှတ်အသား တစ်ခု ဖြစ်နေ၏။

ဤအမှတ်အသားကို အားလုံး ခုလေးတင် မြင်တွေ့ခဲ့ဖူးကြသည်။

ပန်းကန်ပြားပျံထဲမှ လူများ၏ ယူနီဖောင်းပေါ်တွင် ပါရှိသော သင်္ကေတပင်တည်း။

လီဟန်ကျုံးက "ဒါက ဒီပန်းကန်ပြားပျံ ယာဉ်ပျံကို ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းပဲ" ဟု ချက်ချင်း ပြောလိုက်သည်။

လင်းယွမ်က ခေါင်းအသာညိတ်လိုက်ပြီး "ဒီကျွန်းနှစ်ကျွန်း ဘယ်လောက် ကွာဝေးလဲဆိုတာ တွက်ကြည့်လိုက်" ဟု ဆိုလေသည်။

သုတေသနအဖွဲ့သားများက ကွန်ပျူတာပေါ်တွင် လျင်မြန်စွာ တွက်ချက်လိုက်ပြီးနောက် "ခန့်မှန်းခြေအားဖြင့် မိုင်(၃၀) ကျော်လောက် ကွာဝေးပါတယ်" ဟု ပြန်လည်ဖြေကြားလိုက်သည်။

လင်းယွမ်က မျက်ခုံးပင့်လိုက်ကာ "မိုင်(၃၀) လောက်ပဲလား" ဟု မေးလိုက်သည်။

စွမ်းအားကြီးမားသော အစွမ်းပိုင်ရှင်များအတွက် မိုင်(၃၀) ဆိုသည်မှာ ဆယ်မိနစ်ကျော်ခန့်သာ ပျံသန်းရမည့် အကွာအဝေးဖြစ်ကြောင်း သိထားရမည်။

ဤမျှ နီးကပ်သော အကွာအဝေးအတွင်းတွင် ခိုလှုံရေးစခန်း အဖွဲ့အစည်း နှစ်ခု ရှိနေခြင်း ဖြစ်သည်။

လင်းယွမ်၏ မျက်ဝန်းများ အရောင်လက်သွားပြီး ခန့်မှန်းချက်အချို့ ရှိလာခဲ့သည်။

"ဒီခိုလှုံရေးစခန်း အဖွဲ့အစည်း နှစ်ခုက အချင်းချင်း အတော်လေး ရင်းနှီးကျွမ်းဝင်နေလောက်ပြီ... မဟာမိတ်တောင် ဖွဲ့ထားပြီးလောက်ပြီလို့ ထင်တယ်"

ဤခန့်မှန်းချက်မှာ ရမ်းသန်းတွေးတောထားခြင်း မဟုတ်ပေ။ ကောင်းကင်ချောက်နက်အထက်ရှိ သန္ဓေပြောင်းသားရဲများမှာ သိသာထင်ရှားစွာပင် အားကောင်းလွန်းပြီး အရေအတွက်အားဖြင့်လည်း များပြားလှသောကြောင့် ဖြစ်သည်။

ခိုလှုံရေးစခန်းတစ်ခုကို အုပ်စုလိုက် ဝင်ရောက်တိုက်ခိုက်လာပါက ထိုနေရာအနေဖြင့် မည်သို့မျှ တောင့်ခံနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဤခိုလှုံရေးစခန်းနှစ်ခုသည် ထိုသန္ဓေပြောင်းသားရဲများကို ရင်ဆိုင်နိုင်ရန် ပူးပေါင်းပြီး မဟာမိတ်ဖွဲ့ထားနိုင်ချေ အလွန်များပြားသည်။

သေချာသည်မှာ ဤအရာများသည် လတ်တလောတွင် သူ၏ ခန့်မှန်းချက်များသာ ဖြစ်ပြီး အသေးစိတ် အခြေအနေကိုတော့ ဌာနမှူးကျွမ်း ထံမှ စစ်မေးမှုရလဒ်များကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

လီဟန်ကျုံးနှင့် အခြားသူများမှာ ထိုက်ယန်တောင်အမှတ်(၁) ၏ အခြေအနေကို စတင် စစ်ဆေးနေကြပြီ ဖြစ်သည်။

ထိုက်ယန်တောင်အမှတ်(၁) မှ ရယူလာခဲ့သော မိုးကြိုးတိမ်တိုက်များအတွင်းရှိ အချက်အလက်များကို သူတို့ စုဆောင်းရန် လိုအပ်သည်။

စွမ်းအင် ကုန်ဆုံးမှုအခြေအနေ... အကာအကွယ်ဒိုင်း ပျက်စီးမှုအခြေအနေ စသည်တို့အပေါ် မူတည်၍ တိကျသော အကဲဖြတ်မှုတစ်ခုကို ပြုလုပ်ရမည် ဖြစ်သည်။

သို့မှသာ နောက်ထပ် ယာဉ်ပျံများ တည်ဆောက်မည့်အချိန်တွင် လိုအပ်သော ကန့်သတ်ချက်များကို ချိန်ညှိနိုင်မည် ဖြစ်သည်။

ဤအပိုင်းကိုမူ လင်းယွမ် ဆက်လက် မပါဝင်တော့ပေ။

ကျွမ်းကျင်သည့်ကိစ္စကို ကျွမ်းကျင်သည့်သူများ လက်ထဲသို့သာ အပ်နှံရမည် မဟုတ်ပါလော။

လင်းယွမ်က ပန်းကန်ပြားပျံပုံစံ ယာဉ်ပျံရှေ့သို့ လျှောက်သွားလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ခါသွားကာ အရိပ်မည်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ယာဉ်ပျံ၏ အကာအကွယ်စနစ်ကို လုံးဝ လျစ်လျူရှုကာ အထဲသို့ တိုက်ရိုက် တိုးဝင်သွားလေတော့သည်။

ယာဉ်ပျံအတွင်းပိုင်းသို့ ရောက်သောအခါ သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထင်ရှားစေလိုက်သည်။

ထို့နောက် ဤယာဉ်ပျံကြီး၏ အတွင်းပိုင်းအခြေအနေကို အကဲခတ်ကြည့်လိုက်သည်။

အတွင်းပိုင်း နေရာမှာ အလွန်ကျယ်ဝန်းလှပြီး လင်းယွမ်၏ ခန့်မှန်းချက်များကို ကျော်လွန်နေခဲ့သည်။

အတွင်းပိုင်း နေရာ တစ်ခုလုံးမှာ ယာဉ်ပျံ၏ မူလအရွယ်အစားထက် သုံးလေးဆခန့် ပိုမို ကြီးမားနေကြောင်း သိသာထင်ရှားလှသည်။

"ဟင်းလင်းပြင် နည်းပညာ"

လင်းယွမ်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ဤယာဉ်ပျံအတွင်းပိုင်း နေရာ၏ ပုံမှန်မဟုတ်သော အခြေအနေကို သူ ချက်ချင်း သဘောပေါက်သွားသည်။

၎င်းမှာ ဟင်းလင်းပြင် အစွမ်းကို အသုံးပြုကာ ယာဉ်ပျံအတွင်းပိုင်း၌ သုမာရု ဟင်းလင်းပြင် နှင့်ဆင်တူသော နေရာတစ်ခုကို တိုက်ရိုက် ဖန်တီးထားခြင်းပင် ဖြစ်သည်။

"ဒီ ရွှေကျီးကန်း တပ်ဖွဲ့ရဲ့ နောက်ကွယ်က အဖွဲ့အစည်းမှာ... ဟင်းလင်းပြင် အစွမ်းပိုင်ရှင် ရှိနေတာပဲ"

သူ၏ စိတ်ထဲတွင် အတော်လေး သတိထားမိသွားသည်။ ဟင်းလင်းပြင် အစွမ်းပိုင်ရှင်များမှာ အလွန်ရှားပါးလှပြီး အနည်းဆုံးတော့ လက်ရှိအချိန်အထိ လင်းယွမ် တွေ့ဖူးသမျှ လီချင်းဟွာ တစ်ယောက်တည်းသာ ရှိသေးသည်။

ဟင်းလင်းပြင် အစွမ်းကို နည်းပညာနှင့် ပေါင်းစပ်ကာ ယာဉ်ပျံအဖြစ် တည်ဆောက်နိုင်ခြင်းက တစ်ဖက်လူ၏ ဟင်းလင်းပြင် အစွမ်းအပေါ် နားလည်တတ်ကျွမ်းမှုသည် သေချာပေါက် သာမန်အဆင့်မဟုတ်ကြောင်း ပြသနေသည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ အစွမ်းထက်သူ တစ်ဦးလည်း ဖြစ်နိုင်ချေ ရှိပေသည်။

လင်းယွမ်သည် ဤဟင်းလင်းပြင်အစွမ်း၏ ဖွဲ့စည်းတည်ဆောက်ပုံကို လျင်မြန်စွာ အာရုံခံကြည့်လိုက်သည်။

သိပ်မကြာမီမှာပင် ပတ်ဝန်းကျင်ရှိ သင်္ကေတများကို သူ အာရုံခံမိသွားသည်။

၎င်းတို့မှာ အုတ်ခွက်စာပုံစံ သင်္ကေတများဖြစ်ပြီး မိမိ၏ သုမာရု ဟင်းလင်းပြင်နှင့်တော့ မတူညီပေ။

သူက ဤသင်္ကေတများ၏ ဖွဲ့စည်းပုံကို လျင်မြန်စွာ စစ်ဆေးကြည့်လိုက်ရာ ဤသပ်ပုံစံ သင်္ကေတများမှာ အလွန် သေးငယ်ရှုပ်ထွေးလှပြီး သင်္ကေတအစီအရင် တစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းထားကြောင်း တွေ့ရှိလိုက်ရသည်။

"ဟင်းလင်းပြင် သင်္ကေတအစီအရင် လား... ဒီသင်္ကေတအစီအရင်နဲ့ ဖန်တီးထားတဲ့ ဟင်းလင်းပြင်က အရမ်းခိုင်မာတည်ငြိမ်ပြီး အပြင်ဘက်လောကနဲ့ အပြန်အလှန် ဆက်သွယ်မှု ရှိနေသလိုပဲ... အတွင်းပိုင်း ဟင်းလင်းပြင်ကို အောက်ဆီဂျင် ပို့ပေးနိုင်သလို အလင်းရောင် အသွင်ပြောင်းတာတွေလည်း လုပ်ပေးနိုင်တယ်"

လင်းယွမ်က ဤသင်္ကေတများ၏ လုပ်ဆောင်ချက်များကို ခံစားရင်း စိတ်ထဲတွင် တိတ်တဆိတ် အံ့ဩနေမိသည်။

ဤကဲ့သို့သော ဟင်းလင်းပြင် သင်္ကေတအစီအရင်၏ အကြံဉာဏ်မှာ အလွန် ပြောင်မြောက်လှပြီး မိမိက ဟင်းလင်းပြင် စွမ်းအင်ကျောက်တုံးနှင့် သွေးသလင်းကျောက်တို့ကို သီးသန့်အသုံးပြုကာ ဖန်တီးထားသော သုမာရု ဟင်းလင်းပြင်ထက် များစွာ ပိုမို တိကျသေသပ်လှသည်။

လင်းယွမ်က ဤသင်္ကေတ ဖွဲ့စည်းပုံများနှင့် အစီအရင် တည်ဆောက်ပုံများကို သေချာစွာ မှတ်သားထားလိုက်ပြီး အားလပ်ချိန်ရပါက ပုံတူကူးချ ဖန်တီးနိုင်ခြင်း ရှိမရှိ စမ်းသပ်ကြည့်ရန် ပြင်ဆင်လိုက်သည်။

ဤသင်္ကေတ ဖွဲ့စည်းပုံများကို မှတ်သားပြီးနောက်မှသာ လင်းယွမ်သည် ဤနေရာရှိ အမျိုးမျိုးသော ကိရိယာများကို စတင် လေ့လာကြည့်ရှုတော့သည်။

အတွင်းပိုင်း ဟင်းလင်းပြင်မှာ ကျယ်ဝန်းလှသဖြင့် ရိက္ခာပစ္စည်းများ ပြည့်စုံလုံလောက်ကာ ကိရိယာတန်ဆာပလာ မျိုးစုံလည်း ရှိနေသည်။

စွမ်းအင်အင်ဂျင်... စောင့်ကြည့်ရေးစနစ်... ရေဒါစနစ်... အကာအကွယ်စနစ် အစရှိသည်တို့မှာ အလွန် ပြည့်စုံကောင်းမွန်လှသည်။

လင်းယွမ်က ဤစနစ်များကို ဖြစ်သလို လျှောက်မနှိပ်ကြည့်ဘဲ အကြမ်းဖျင်းသာ လေ့လာကြည့်ရှုလိုက်ပြီး ဤယာဉ်ပျံ၏ နည်းပညာအဆင့်အတန်းကို နားလည်သဘောပေါက်သွားကာ စိတ်ထဲတွင် အကြမ်းဖျင်း တွက်ဆနိုင်သွားသည်။

ဤပန်းကန်ပြားပျံပုံစံ ယာဉ်ပျံ၏ နည်းပညာအဆင့်အတန်းမှာ ထိုက်ယန်တောင်အမှတ်(၁) ထက် အဆင့်တစ်ခုမက သာလွန်မြင့်မားနေလေသည်။

ယာဉ်ပျံတစ်ခုလုံးတွင် အဆင့်မြင့် သင်္ကေတနည်းပညာ အများအပြားကို အသုံးပြုထားသည်။

သို့သော် အခြေခံသဘောတရားမှာမူ ကပ်ဘေးမတိုင်မီက နည်းပညာများသာ ဖြစ်သင့်ပြီး မူလ လျှပ်စစ်စွမ်းအင် စသည့် စွမ်းအင်စနစ်များနေရာတွင် အစွမ်းသင်္ကေတများကို အသုံးပြု၍ အစားထိုး အကောင်အထည်ဖော်ထားခြင်းသာ ဖြစ်သည်။

လင်းယွမ်က ယာဉ်ပျံအတွင်းရှိ စာရွက်စာတမ်း အထောက်အထားများ စသည်တို့ကို ထပ်မံ စစ်ဆေးကြည့်လိုက်ရာ တာဝန်ဖော်ပြချက် အချို့နှင့် လက်မှတ်အချို့ကို တဖြည်းဖြည်း တွေ့ရှိလာရသည်။

"ခိုက်ရီနည်းပညာ"

ဤကုမ္ပဏီအမည်ကို မြင်လိုက်ရချိန်တွင် လင်းယွမ် အနည်းငယ် အံ့အားသင့်သွားသည်။

ဒါက နည်းပညာကုမ္ပဏီတစ်ခု ဖြစ်နေသည့်အပြင် အမည်ကလည်း နိုင်ငံခြားကုမ္ပဏီတစ်ခု၏ အငွေ့အသက်မျိုး ပါဝင်နေရာ တကယ်ပဲ နိုင်ငံခြားကုမ္ပဏီ ဟုတ်မဟုတ်တော့ မသိရပေ။

စာရွက်စာတမ်းများမှာ မများပြားလှဘဲ တစ်စွန်းတစ်စ သဲလွန်စအချို့သာ ရှိသည်။

ဤတစ်စွန်းတစ်စ သဲလွန်စများမှတစ်ဆင့် လင်းယွမ် အကြမ်းဖျင်း နားလည်လိုက်သည်မှာ ဤယာဉ်ပျံကြီး မိုးကြိုးမုန်တိုင်း တိမ်တိုက်များကြားတွင် ပေါ်လာရခြင်းမှာ ကောင်းကင်အပြည့် ရှိနေသော သန္ဓေပြောင်းသားရဲများကို ကွင်းရှောင်ရန် ကြိုးပမ်းခြင်းဖြစ်ပြီး အခြား လေပေါ်ကျွန်းများဆီသို့ သွားရောက်ကာ အရင်းအမြစ်များ ရှာဖွေပြီး နယ်မြေသစ် ချဲ့ထွင်လို၍ ဖြစ်ကြောင်းပင်။

"ဟက်... တော်တော် လောဘကြီးတာပဲ"

လင်းယွမ်က စိတ်ထဲမှ အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်မိသည်။ သူတို့က လေပေါ်ကျွန်း တစ်ကျွန်းကိုတောင် မသိမ်းပိုက်နိုင်သေးဘူး မဟုတ်ပါလော။

တခြားသူတွေကတော့ အခြား လေပေါ်ကျွန်းတွေရဲ့ အရင်းအမြစ်တွေကို သွားရောက်တူးဖော်ဖို့တောင် စိတ်ကူးနေကြပြီ။

လင်းယွမ် အတွေးများကို ပြန်ရုပ်သိမ်းလိုက်သည်။ ဤယာဉ်ပျံအတွင်းရှိ ကွန်ပျူတာထဲတွင် ပိုမို အသေးစိတ်ကျသော အချက်အလက်များ သေချာပေါက် ရှိနေဦးမည် ဖြစ်သည်။

လက်ရှိ မိမိတွင် စကားဝှက် မရှိသေးသဖြင့် ကွန်ပျူတာအတွင်းပိုင်းကို ဝင်ရောက်ကြည့်ရှုရန် နည်းလမ်းမရှိသေးပေ။

လောလောဆယ်တွင် သူက ဤနေရာရှိ ရိက္ခာပစ္စည်းများကိုသာ ထပ်မံ လေ့လာကြည့်ရှုလိုက်သည်။

စွမ်းအင် သိုလှောင်ရေးကိရိယာ အမျိုးမျိုးအပြင် ရိက္ခာပစ္စည်းများထဲတွင် စွမ်းအင်တုံးများကဲ့သို့သော ဖိသိပ်ထားသည့် အစားအစာများက လင်းယွမ်၏ အာရုံကို ဆွဲဆောင်သွားသည်။

"ဖိသိပ်အစားအစာတွေလား"

သူက ကောက်ယူကာ နမ်းကြည့်လိုက်သော်လည်း မည်သည့်အနံ့မျှ မရှိပေ။

သို့သော် ဤအထဲတွင် ပါဝင်သော ကယ်လိုရီမှာ သေချာပေါက် အလွန်မြင့်မားမည်ဖြစ်ပြီး လုံလောက်သော အာဟာရဓာတ်များကိုလည်း ပေးစွမ်းနိုင်မည် ဖြစ်သည်။

"သယ်သွားဖို့တော့ အဆင်ပြေသလို နေရာလည်း အများကြီး သက်သာစေတယ်... ချက်ပြုတ်နေစရာလည်း မလိုဘဲ အထုပ်ဖောက်ပြီး တန်းစားလို့ရတာပဲ"

ဤအရာများက စစ်သုံးရိက္ခာများဖြစ်ကြောင်း သိသာထင်ရှားလှသည်။ စစ်ဆင်ရေးကာလအတွင်း အနည်းငယ် သယ်ဆောင်သွားပါက စစ်သည်များ အချိန်ကြာမြင့်စွာ အသက်ရှင်ရပ်တည်နိုင်ရန် လုံလောက်စေသည်။

ဤအစားအစာ၏ ဒီဇိုင်းကို လင်းယွမ် အသာအယာ ခေါင်းညိတ် သဘောကျမိပြီး ထိုက်ယန်တောင်တွင် ထုတ်လုပ်ဖြန့်ဖြူးရန် သင့်တော်မည်ဟု ခံစားရသည်။

အစားအသောက်များအပြင် ဤနေရာတွင် အသက်ကယ်ခန်း... အရေးပေါ်ခန်း ကဲ့သို့သော ဒီဇိုင်းများလည်း ရှိသလို အရေးပေါ် ဆေးဝါးများ စသည်တို့လည်း ရှိနေသေးသည်။

အချုပ်အားဖြင့်ဆိုရသော် ဤပန်းကန်ပြားပျံ ယာဉ်ပျံသည် အပြင်ပန်းတွင် သေးငယ်ပုံရသော်လည်း အတွင်းပိုင်း နေရာမှာ မသေးငယ်လှပေ။ အထဲတွင် ရိက္ခာပစ္စည်းမျိုးစုံ အပြည့်အစုံ ရှိနေပြီး သီးသန့် နေထိုင်ရန် ဧရိယာပင် ရှိနေသေးသည်။

လူဆယ်ယောက်ပါ အဖွဲ့တစ်ဖွဲ့ ဤယာဉ်ပျံအတွင်းတွင် တစ်လကျော်ကြာ အသက်ရှင် နေထိုင်နိုင်ရန် လုံလောက်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ဤယာဉ်ပျံသည် နည်းပညာပိုင်းအရဖြစ်စေ... နေရာကျယ်ဝန်းမှုအရဖြစ်စေ ထိုက်ယန်တောင်အမှတ်(၁) ထက် များစွာ သာလွန်ကျော်လွန်နေလေသည်။

"အတုယူစရာ တွေတော့ မနည်းဘူးပဲ"

လင်းယွမ် ပြုံးလိုက်မိသည်။ ဤပန်းကန်ပြားပျံ ယာဉ်ပျံက သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှ လူများကို နောက်ထပ် တစ်ခဏလောက် အလုပ်များသွားစေဦးမည် ဖြစ်သည်။

ဆက်ရန်...

အပိုင်း (၇၀၈) ခိုက်ရီကုမ္ပဏီ နှင့် ရန်မေ ကလေးမွေးဖွားခြင်း

စုံစမ်းစစ်ဆေးရေးဌာန၏ လှုပ်ရှားမှုက အလွန်မြန်ဆန်လှပြီး နေ့လယ်ပိုင်းလောက်တွင်ပင် စစ်မေးမှုရလဒ်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ကျွမ်းရှုယွမ်ကဲ့သို့သော စိတ်ဖတ်နိုင်စွမ်းရှိသည့် အစွမ်းပိုင်ရှင် ရှိနေသရွေ့ မည်သူကမျှ သူမရှေ့တွင် လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

ထိုအချိန် ခေါင်းဆောင်စံအိမ်ဘက်၌ ကျွမ်းရှုယွမ်က ခမ်းနားလှပသော ချီပေါင်းကို ဝတ်ဆင်ထားပြီး နှင်းလိုဖြူဖွေးနုနယ်သည့် အသားအရေကို ပိုင်ဆိုင်ထားသည်။ သူမ၏ ဆံကေသာကို အထက်သို့ ဆံထုံးထုံးထားကာ ရွှေဆံထိုးတစ်ချောင်းကို စောင်းငဲ့စွာ ထိုးစိုက်ထား၏။

နဖူးပြင်ထက်တွင်လည်း ရွှေရောင်ခေါင်းဆောင်းရတနာကို ဆင်မြန်းထားရာ သူမတစ်ကိုယ်လုံးက ရှေးခေတ်ပုံစံမျိုး အလှဆင်ထားသည်နှင့် တူနေသည်။

ဤခေါင်းဆောင်းရတနာသည် သာမန်အလှဆင်ပစ္စည်း သက်သက်မဟုတ်ဘဲ အတွင်းပိုင်း၌ စိတ်စွမ်းအင် သင်္ကေတများ ထွင်းထုထားသဖြင့် ပြင်ပမှ စိတ်စွမ်းအင် တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်စွမ်း ရှိသည်။

သေချာသည်ကတော့ အရေးအကြီးဆုံးအချက်မှာ ဤခေါင်းဆောင်းရတနာကို လင်းယွမ်က သူမအား လက်ဆောင်ပေးထားခြင်း ဖြစ်သောကြောင့် သူမအနေဖြင့် အမြတ်တနိုး တန်ဖိုးထားကာ မကြာခဏ ဝတ်ဆင်လေ့ရှိခြင်း ဖြစ်သည်။

ယခုအခါ သူမက ဆွဲဆောင်မှုအပြည့်ရှိသော အပြုံးဖြင့် စာရွက်စာတမ်း တစ်ထပ်ကို ကမ်းပေးရင်း ပြောလိုက်သည်။ "အကုန်လုံး စစ်ဆေးပြီးသွားပြီ"

"ဒီလူတွေက ခိုက်ရီ နည်းပညာကုမ္ပဏီလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက လာကြတာ... ကပ်ဘေးမတိုင်ခင်က ဒီကုမ္ပဏီက နိုင်ငံတကာ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး အဓိကအားဖြင့် ဉာဏ်ရည်တု... ဇီဝဆေးပညာ... နေရောင်ခြည်စွမ်းအင်နဲ့ အင်တာနက် စတဲ့ နယ်ပယ်တွေမှာ လုပ်ကိုင်ခဲ့တာတဲ့"

"ပြည်ပမှာတော့ လက်နက်လုပ်ငန်းတွေပါ လုပ်ကိုင်ကြပြီး စီးပွားရေးနယ်ပယ်က အရမ်းကျယ်ပြန့်တယ်... ဒါပေမဲ့ ကျွန်မတို့ နိုင်ငံရဲ့ အခြေအနေတွေကြောင့် သူတို့ရဲ့ လက်နက်လုပ်ငန်းက ဒီမှာ အခြေချနိုင်ခဲ့ပုံမရဘူး... ဒါပေမဲ့ သူတို့ဆီမှာ နည်းပညာတွေ ရှိနေတာကတော့ သေချာတယ်"

လင်းယွမ်က စာရွက်စာတမ်းများကို ဖတ်ရှုနေရင်း ကျွမ်းရှုယွမ်၏ ရှင်းပြချက်ကို နားထောင်နေလိုက်သည်။

"ဒီကုမ္ပဏီက ဘယ်မှာလဲ"

"ယွီကျိုးပြည်နယ်က ကျိုဟွာတောင်မှာ... အဲ့ဒီဘက်က မြေမျက်နှာပြင်လည်း မြင့်တယ်... ရေဘေးကြီး မလာခင်ကတည်းက သူတို့မှာ လုံလောက်တဲ့ ပြင်ဆင်မှုတွေ ရှိထားပြီး သီးသန့် ဓာတ်ခွဲခန်းတွေနဲ့ စက်ရုံတွေတောင် ရှိသေးတယ်"

"လောလောဆယ် ဒီကုမ္ပဏီက စစ်တပ်ပုံစံ စီမံခန့်ခွဲမှု အခြေအနေကို အပြည့်အဝ ပြောင်းလဲထားပြီ... အဲ့ဒီလူတွေ ပြောပြချက်အရ အထက်ပိုင်း အရာရှိအများစုက နိုင်ငံခြားသားတွေချည်းပဲတဲ့"

လင်းယွမ် မျက်ခုံးပင့်လိုက်မိသည်။ "နိုင်ငံတကာ နိုင်ငံခြားကုမ္ပဏီ ဟုတ်လား"

"အင်း"

လင်းယွမ်က မေးလိုက်သည်။ "သူတို့ရဲ့ ခေါင်းဆောင်က ဘယ်လိုလူလဲ"

"ဂျိမ်းစ်လို့ခေါ်တဲ့ လူဖြူတစ်ယောက်တဲ့"

"လူဖြူ ဟုတ်လား... သူ့မှာ ဘာသန္ဓေပြောင်းအစွမ်း ရှိလို့လဲ" လင်းယွမ်က ထပ်မေးလိုက်သည်။

"ဒီလူတွေလည်း သေချာမသိကြဘူး... ဒီလူက အရမ်းအစွမ်းထက်တယ်ဆိုတာလောက်ပဲ သိထားကြတာ... ဒါပေမဲ့ ဘယ်နေရာမှာ အတိအကျ အစွမ်းထက်လဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး"

လင်းယွမ် အသာအယာ ခေါင်းညိတ်လိုက်သည်။ ဤအချက်က မထူးဆန်းလှပေ။

ထိုက်ယန်တောင်မှ လူများက သူတို့ခေါင်းဆောင် အလွန်အစွမ်းထက်ကြောင်း သိထားကြသော်လည်း သူကိုယ်တိုင်တွင် မည်ကဲ့သို့သော အစွမ်းများ ရှိနေသည်ကို အမှန်တကယ် သိရှိသူများ သိပ်မရှိသည်နှင့် အတူတူပင် ဖြစ်သည်။

အောက်ခြေအလွှာမှ လူများလေလေ ပို၍ပင် မသိနိုင်လေလေ ဖြစ်သည်။

"ဒီယာဉ်ပျံက သူတို့ဘာသာ တည်ဆောက်ထားတာလား"

"ဟုတ်တယ်... ဒါပေမဲ့ သူတို့စိတ်ထဲကနေ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုကို ကျွန်မ ဖတ်လိုက်ရတယ်... ဒီယာဉ်က ရာနှုန်းပြည့် သူတို့ဖန်တီးထားတာ မဟုတ်ဘဲ မူလပုံစံ ရှိတယ်တဲ့"

"မူလပုံစံ ဟုတ်လား"

လင်းယွမ် အံ့ဩသွားပြီး ခဏမျှ မည်သည့်အဓိပ္ပာယ်မှန်း နားမလည်နိုင် ဖြစ်သွားသည်။

ကျွမ်းရှုယွမ်က ရှင်းပြသည်။ "သူတို့ခေါင်းထဲကနေ ကျွန်မ ဖတ်လိုက်ရတဲ့ အချက်အလက်တွေအရဆို... ဒီပန်းကန်ပြားပျံပုံစံ ယာဉ်ကို အစောဆုံးက ရေပေါ်ကျွန်းတစ်ခုထဲကနေ အပျက်အစီးအဖြစ် တွေ့ရှိခဲ့တာတဲ့... အဲ့ဒီနောက် သူတို့က တူးဖော်ပြီး မျိုးဆက်သစ် ပန်းကန်ပြားပျံတစ်စီးကို သုတေသနလုပ်ပြီး ဖန်တီးခဲ့တာ"

"အဲ့ဒီအပေါ်က သန္ဓေပြောင်းစွမ်းအင် သင်္ကေတတွေက... ခေတ်သစ် သင်္ကေတတွေနဲ့ သိသိသာသာ ကွာခြားတဲ့ ပုံစံမျိုးတွေ ရှိနေတာကလည်း အဲ့ဒီအကြောင်းရင်းကြောင့်ပဲ"

လင်းယွမ် ဤစကားကို ကြားလိုက်ရသောအခါ မျက်ခုံးပင့်သွားပြီး ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာ ပေါ်လာသည်။

"ငါ ထူးဆန်းနေတာ မမှားဘူးပဲ... အဲ့ဒီ အုတ်ခွက်စာပုံစံ သင်္ကေတတွေက အခု ငါတို့ ရှာဖွေတွေ့ရှိထားတဲ့ ဘယ်သန္ဓေပြောင်းစွမ်းအင် သင်္ကေတနဲ့မှ မတူတာ... တကယ်တော့ အဲ့ဒါတွေက ဒီခေတ်က ဟာတွေ မဟုတ်ကြလို့ကိုး"

ရုတ်တရက် လင်းယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြစ်သွားသည်။ အကယ်၍ ယခုခေတ် လူများအနေဖြင့် ဤသင်္ကေတများ၏ အဓိပ္ပာယ်ကို နားလည်နိုင်ရန် ခက်ခဲသည်ဆိုပါက ရှေးဟောင်းခေတ်မှ အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သော ကျင်းဖုန်းကရော တစ်ခုခု သိနေနိုင်မည်လား။

ထိုသို့ တွေးမိသည်နှင့် လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။ "သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနကို အဲ့ဒီ အုတ်ခွက်စာပုံစံ သင်္ကေတတွေ အကုန်လုံးကို ကူးယူပြီး တစ်ခုချင်းစီ သေချာလေ့လာခိုင်းလိုက်... ပြီးရင် ငါ့ဆီကို မိတ္တူတစ်စ ပေးပို့ခိုင်းလိုက်"

"ကောင်းပါပြီ"

"ဒါနဲ့... ဒီ ခိုက်ရီ နည်းပညာကုမ္ပဏီဆိုတာက မုန်ယာကုမ္ပဏီနဲ့ ဘာပတ်သက်မှု ရှိလို့လဲ"

ကျွမ်းရှုယွမ်က ဖြေလိုက်သည်။ "ကျွန်မ အဲ့ဒါကို တင်ပြမလို့ပါပဲ... မုန်ယာကုမ္ပဏီနဲ့ ဒီခိုက်ရီကုမ္ပဏီက ယွီကျိုးပြည်နယ် နယ်နိမိတ်အတွင်းမှာရှိတဲ့ ခိုလှုံရေးစခန်း အဖွဲ့အစည်းတွေပဲ... သူတို့နှစ်ခုက အရင်တုန်းက ပြင်းပြင်းထန်ထန် ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးတယ်"

"ဒါပေမဲ့ နှစ်ဖက်စလုံးက တစ်ဖက်ကို တစ်ဖက် အနိုင်မရခဲ့တဲ့ပုံပဲ... အဲ့ဒီနောက်ပိုင်း ကုမ္ပဏီခေါင်းဆောင်တွေက စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး စစ်ပြေငြိမ်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်... ရေတွင်းရေက မြစ်ရေကို မနှောင့်ယှက်ဘူးဆိုတဲ့ သဘောတူညီချက်မျိုးနဲ့ပေါ့"

"ဒါပေမဲ့ ကောင်းကင်ချောက်နက် လမ်းကြောင်းနဲ့ ချောက်နက်ကျွန်းတွေ ပေါ်လာတဲ့အခါမှာတော့ သူတို့နှစ်ဖွဲ့စလုံးက ကောင်းကင်ချောက်နက်က သတ္တဝါတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်လာရတယ်... အဲ့ဒါကြောင့် သူတို့တွေက ပြန်လည်ပူးပေါင်းပြီး မဟာမိတ်ဖွဲ့ခဲ့ကြတာ"

"ဒါပေမဲ့ နှစ်ဖက်စလုံးက အပေါ်ယံမှာတော့ မဟာမိတ်ဖွဲ့ထားကြပေမဲ့ တိတ်တဆိတ်တော့ အမြဲတမ်း အပြိုင်အဆိုင် လုပ်နေကြတုန်းပဲ"

"သူတို့အားလုံး မိုးကြိုးတိမ်တိုက်တွေအထက်ကို ဝင်ရောက်နိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားပြီး... ကောင်းကင်ချောက်နက်ထဲက ကြောက်မက်ဖွယ်ကောင်းတဲ့ သန္ဓေပြောင်း သားရဲအုပ်ကြီးကို ရင်ဆိုင်ရတဲ့အခါကျမှပဲ... သူတို့ရဲ့ ကိုယ်ကျိုးရှာစိတ်တွေကို ဘေးဖယ်ထားလိုက်ကြတာ... အဲ့ဒီအချိန်ကျမှ တကယ့်ကို ပူးပေါင်းဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းလာကြပြီး... ကောင်းကင်ပေါ်မှာ ခြေကုပ်ယူပြီး မြို့တော်တည်ဆောက်ဖို့ ကြိုးစားနေကြတာ"

လင်းယွမ်က နားထောင်ပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်သည်။ ဤတိုးတက်ပြောင်းလဲမှုက မျှော်လင့်မထားသော်လည်း အကြောင်းပြချက် ခိုင်လုံနေပေသည်။

ပိုမိုအင်အားကြီးမားသော ခြိမ်းခြောက်မှု ပေါ်ပေါက်လာမှသာလျှင် မူလက ရန်သူဖြစ်ခဲ့ကြသော ဤအင်အားစုနှစ်ခုကို အေးအေးဆေးဆေး ထိုင်ပြီး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးစေနိုင်မည် ဖြစ်သည်။

ကြည့်ရသည်မှာ ကောင်းကင်ချောက်နက်အထက်ရှိ အခြေအနေက အမှန်တကယ်ပင် အကောင်းမြင်၍မရနိုင်ပေ။

ဤကုမ္ပဏီနှစ်ခု၏ သင်္ကေတနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်သည် ထိုက်ယန်တောင်နှင့် ကွမ်ဖူ စစ်တပ်တို့ထက် အဆပေါင်းများစွာ သာလွန်နေသော်လည်း အချင်းချင်း ပူးပေါင်းကာ အကာအကွယ်ယူသည့် နည်းလမ်းဖြင့်သာ မနည်း ခြေကုပ်ယူထားနိုင်ကြခြင်း ဖြစ်သည်။

ယင်းကိုကြည့်ခြင်းအားဖြင့် ကောင်းကင်ထက်မှ သန္ဓေပြောင်းသားရဲများ မည်မျှအင်အားကြီးမားကြောင်း သိသာထင်ရှားလှပေသည်။

"မိုးကြိုးတိမ်တိုက်ကို ဖောက်ထွက်ပြီး ကောင်းကင်ပေါ်ကို ဝင်ရောက်နိုင်တဲ့ အဖွဲ့အစည်းတွေ များလား" လင်းယွမ်က မေးလိုက်သည်။

ကျွမ်းရှုယွမ်က ဖြေသည်။ "ယွီကျိုးပြည်နယ်မှာတော့ ဒီနှစ်ဖွဲ့ပဲ ရှိပုံရတယ်... ဒါပေမဲ့ မကြာသေးခင် အချိန်တုန်းက ခိုက်ရီကုမ္ပဏီရဲ့ ပန်းကန်ပြားပျံက တိမ်တိုက်တွေထဲ ဝင်ရောက်ပြီး တခြား လေပေါ်ကျွန်းတွေကို သွားရောက်တဲ့ လမ်းကြောင်းတစ်လျှောက်မှာ... လူသားတွေ တည်ဆောက်ထားတဲ့ မြို့ပြတွေရှိတဲ့ လေပေါ်ကျွန်းအချို့ကို တောက်လျှောက် ရှာဖွေတွေ့ရှိခဲ့တယ်တဲ့"

"အနောက်မြောက်ဘက်ကို ပိုရောက်လေလေ သန္ဓေပြောင်းသားရဲတွေက ပိုရှားပါးလာတဲ့ပုံပဲ... သူတို့ သံသယဖြစ်တာက အနောက်မြောက်ဘက်မှာ လူသားတွေက ဌာနချုပ်ကြီးတစ်ခု တည်ဆောက်ထားပြီး ဒီသန္ဓေပြောင်းသားရဲတွေကို မောင်းထုတ်ခဲ့တယ်လို့ ထင်နေကြတယ်"

"အခု အဲ့ဒီ သန္ဓေပြောင်းသားရဲတွေက ကျွန်မတို့လို မြေမျက်နှာပြင်နိမ့်တဲ့ ဒေသတွေဆီကို အတင်းအကျပ် ပြောင်းရွှေ့လာကြရတာ"

လင်းယွမ် ဤစကားကို ကြားသောအခါ မျက်နှာထား အနည်းငယ် လေးနက်သွားသည်။

"ဒီခန့်မှန်းချက်က မဖြစ်နိုင်စရာတော့ မရှိဘူးပဲ"

ကျွမ်းရှုယွမ်ကလည်း ခေါင်းညိတ်ကာ ပြောသည်။ "ကျွန်မလည်း အဲ့ဒီလိုပဲ တွေးမိတယ်... မြေမျက်နှာပြင်မြင့်တဲ့ ဒေသတွေမှာ အသက်ရှင်ကျန်ရစ်သူ အဖွဲ့အစည်းတွေ ပိုများများ ရှိနေမယ်ဆိုရင်... ကျွန်မတို့ နိုင်ငံရဲ့ အခြေခံအင်အားနဲ့ဆိုရင် အဲ့ဒီဒေသတွေက အင်အားစုကြီးတွေဟာ သေချာပေါက် လျင်လျင်မြန်မြန်ပဲ အသွင်ကူးပြောင်းမှုကို အပြီးသတ်နိုင်ကြပြီး ရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးနဲ့ အသားကျသွားကြမှာပဲ"

"ဒါပေမဲ့ မူလက အာဏာပိုင်တွေ ဟုတ်မဟုတ် ဆိုတာကိုတော့ ပြောရခက်တယ်"

"သူတို့က ကျွန်မတို့လို မြေမျက်နှာပြင်နိမ့်တဲ့ ဒေသက လူတွေသေတာရှင်တာကို ဂရုစိုက်ဖို့ အချိန်မရလောက်ပေမဲ့... ဒီအချိန်ကို အသုံးချပြီး သန္ဓေပြောင်းစွမ်းအင် နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပြီး အဲ့ဒီဒေသမှာ ကိုယ်ပိုင်ကမ္ဘာတစ်ခု တည်ဆောက်နိုင်တယ်ဆိုတာက ဖြစ်နိုင်ချေရှိတယ်လို့ ကျွန်မ ထင်တယ်"

ကျွမ်းရှုယွမ်က သုံးသပ်ပြနေသည်။ "အထူးသဖြင့် မေ့ထားလို့မရတာက... အနောက်မြောက်ဘက်မှာ တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ စစ်ဒေသကြီးငါးခုထဲက မြောက်ပိုင်းစစ်ဒေသနဲ့ အနောက်ပိုင်းစစ်ဒေသတွေ ရှိနေသေးတယ်လေ"

(အနောက်မြောက်ဆိုတာက ဂိုဘီ၊ကလမာကန်သဲကန္တာရနဲ့ရှင်းကျင်း(East Turkestan) ပြည်နယ်ဘက်တွေပါ)

(East Turkestan အကြောင်းပြောရရင် ဟိုးအရင်တရုတ်မင်းဆက်တွေခေတ်က အာရှအလယ်ပိုင်းမှာ တာကစ္စတန် နယ်မြေဆိုတာရှိပါတယ်။ သူ့ကို အရှေ့တာကစ္စတန်နဲ့ အနောက်တာကစ္စတန်ဆိုပြီး ခွဲခြားထားပါတယ်။ အနောက်တာကစ္စတန်က ဆိုဗီယက် USSR လက်အောက်ကျသွားပြီး အရှေ့တာကစ္စတန်က တရုတ်လက်အောက်ကိုကျသွားပါတယ်။ USSR ပြိုကွဲတော့ အနောက်တာကစ္စတန်က ကွဲထွက်ပြီး ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန် ဆိုတဲ့နိုင်ငံတွေကိုယ်စီဖြစ်သွားပါတယ်။ စတန်ဆိုတဲ့အဓိပ္ပါယ်က နိုင်ငံကိုပြောတာပါ ပါရှန်းနဲ့အိန္ဒိယကနေလာတဲ့စကားလုံးလို့ဆိုပါတယ်၊ အိန္ဒိယကိုလည်း ဟင်ဒူစတန်လို့ခေါ်ပါတယ်။ အရှေ့တာကစ္စတန်ကတော့ တရုတ်လက်အောက်မှာ ရှင်ကျင်း [နယ်မြေသစ်] ဆိုတဲ့ အမည်နဲ့ ပြည်နယ်တစ်ခုဖြစ်သွားပါတယ်။ တာကစ္စတန်လူမျိုးတွေက တူရကီလူမျိုးတွေနဲ့အရမ်းနီးစပ်ပြီး အမျိုးနွယ်အတူတူပဲလို့တောင်ပြောလို့ရပါတယ်။ အများစုက ဥရောပရုပ်နဲ့အာရှရုပ်ရောထားတဲ့ ပုံစံတွေရှိကြပါတယ်။ တစ်ချို့က လူဖြူတွေနဲ့ချွတ်စွတ်တူပြီး တစ်ချို့က တရုတ်နဲ့ချွတ်စွတ်တူပါတယ်။ တစ်ချို့က နှစ်မျိုးအရောပုံစံဖြစ်ပါတယ်)

"သူတို့သာ အစွမ်းကုန် ကြိုးစားမယ်ဆိုရင်... မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ပြီး ရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးနဲ့ အသားကျသွားမှာပဲ"

လင်းယွမ် အသာအယာ ခေါင်းညိတ်လိုက်သည်။ နိုင်ငံတော်၏ အခြေခံအင်အားက နက်ရှိုင်းလှရာ ရေလွှမ်းမိုးသည့် ကပ်ဘေးကြီး ဖြစ်နေလျှင်တောင်မှ လူကို ချက်ချင်း သေဆုံးစေခြင်းမျိုး မဟုတ်သရွေ့ သူတို့အနေဖြင့် တုံ့ပြန်နိုင်စွမ်း ရှိကြပေသည်။

နှမြောစရာကောင်းသည်မှာ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသ အများစုတွင် တုံ့ပြန်ရန် အချိန် သိပ်မရလိုက်ခြင်းပင်။

ခန့်မှန်းရသလောက် ဤဒေသသည်လည်း စောစီးစွာကပင် စွန့်လွှတ်ခံလိုက်ရပုံရသည်။

ကျွမ်းရှုယွမ်၏ သတင်းပေးချက်များကြောင့် လင်းယွမ်၏ ခေါင်းထဲတွင် တစ်နိုင်ငံလုံး၏ အခြေအနေနှင့် ပတ်သက်၍ အကြမ်းဖျင်း သုံးသပ်ချက်တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

အနောက်မြောက်ဘက်ရှိ မြေမျက်နှာပြင်မြင့်မားသော ဒေသများသည် ရေလွှမ်းမိုးခြင်း မခံရသေးသဖြင့် သူတို့တွင် တုံ့ပြန်ရန် အချိန်အလုံအလောက် ရှိခဲ့သည်။ သင်္ကေတနည်းပညာကို စတင် ဖွံ့ဖြိုးတိုးတက်စေပြီး သန္ဓေပြောင်းစွမ်းအင် ပစ္စည်းများကို စုဆောင်းကာ တိုက်ခိုက်ရေးစွမ်းရည်ကို လျင်မြန်စွာ မြှင့်တင်နိုင်ခဲ့ကြသည်။

ထိုမျှမက ဤဒေသများတွင် ရေလွှမ်းမိုးသည့် ကမ္ဘာကြီး၏ အမှန်တရားကိုပင် စတင်ရှာဖွေနေကြပြီ ဖြစ်သည်။

သူတို့သည် တိမ်တိုက်များကို ဖောက်ထွက်နိုင်ခဲ့ပြီး တိမ်တိုက်များအထက်ရှိ လေပေါ်ကျွန်းများပေါ်တွင် မြို့ပြများ တည်ဆောက်ကာ ကောင်းကင်ထက်မှ အင်အားကြီးမားသော သန္ဓေပြောင်းသားရဲများကို မောင်းထုတ်နိုင်ခဲ့ကြသည်။

ဤသန္ဓေပြောင်းသားရဲများမှာ သွားစရာ နေရာမရှိတော့သဖြင့် အရှေ့တောင်ဘက် မြေမျက်နှာပြင်နိမ့်သည့် ဒေသများဆီသို့ ပျံသန်းလာကြတော့သည်။

ထို့ကြောင့် ဤအချက်က အရှေ့တောင်ပိုင်းဒေသများကို ပိုမို အန္တရာယ်များလာစေတော့မည် ဖြစ်သည်။

"ဒါနဲ့... လေပေါ်ကျွန်းက ရွေ့လျားလို့ ရသလား"

လင်းယွမ် ရုတ်တရက် မေးမြန်းလိုက်သည်။

ကျွမ်းရှုယွမ် ကြောင်သွားပြီးနောက် ခေါင်းအသာခါပြသည်။ "ရွေ့လျားဖို့တော့ ခက်လောက်မယ်... အင်အားအရမ်းကြီးတဲ့ တွန်းကန်အားနဲ့ မောင်းနှင်တာမျိုး မဟုတ်ရင်ပေါ့"

"မဟုတ်ရင် သာမန် လေပေါ်ကျွန်းတွေရဲ့ နေရာက တည်ငြိမ်နေလောက်တယ်... ရွေ့လျားတယ်ဆိုရင်တောင်မှ အလွန်အမင်း သေးငယ်ပြီး နှေးကွေးတဲ့ ရွေ့လျားမှုမျိုးပဲ ဖြစ်မှာ"

"တကယ်လို့ မြန်မြန်ဆန်ဆန် ရွေ့လျားလို့ရမယ်ဆိုရင်... မုန်ယာကုမ္ပဏီနဲ့ ခိုက်ရီကုမ္ပဏီတို့က ဒီဒေသကနေ စောစောစီးစီး ထွက်ခွာပြီး အနောက်မြောက်ဘက်ကို ပျံသန်းသွားလောက်ပြီပေါ့"

လင်းယွမ်က ပြောလိုက်သည်။ "လေပေါ်ကျွန်းက ရွေ့လျားလို့ မရဘူးဆိုရင်... နေရာယူပြီးတဲ့နောက်မှာ ကာကွယ်ဖို့ လုံလောက်တဲ့ အင်အားမရှိရင်... အရှင်လတ်လတ် ပစ်မှတ်ကြီး ဖြစ်သွားပြီး သန္ဓေပြောင်းသားရဲတွေရဲ့ တိုက်ခိုက်မှုကို ခံရတော့မှာပေါ့"

သူ အသာအယာ ခေါင်းခါလိုက်သည်။ "လေပေါ်ကျွန်းက လေပေါ်ပျံနေနိုင်မှတော့ ရွေ့လျားလို့ရမယ့် နည်းလမ်း သေချာပေါက် ရှိမှာပဲ... စွမ်းအင်မောင်းနှင်မှု စနစ် ပြဿနာသက်သက်ပဲ ဖြစ်မှာပါ"

သူက ကပ်ဘေးမတိုင်ခင်က "Wandering Earth" ရုပ်ရှင်ကို တွေးမိသွားသည်။

(Wandering Earth ဆိုတာ တရုတ်အာကာသသိပ္ပံကားဖြစ်ပြီး ကမ္ဘာဂြိုလ်ကို တစ်ခြားဂြိုလ်တစ်ခု လာဝင်တိုက်တော့မဲဘေးကနေလွတ်အောင် ကမ္ဘာဂြိုလ်ကြီးကို လူသားတွေအားလုံးပေါင်းပြီး နည်းပညာနဲ့နေအဖွဲ့အစည်းအသစ်တစ်ခုဆီ ရွှေ့လိုက်တဲ့အကြောင်းရိုက်ထားတာပါ)

ကမ္ဘာမြေကြီးတောင် ရွေ့လျားလို့ရသေးတာပဲ... သာမန် လေပေါ်ကျွန်းလေးတစ်ကျွန်းက ဘာလို့ ရွေ့လျားလို့ မရရမှာလဲ။

"အဲ့ဒီ ယာဉ်ပျံရဲ့ စကားဝှက်တွေ... မောင်းနှင်ပုံ အခက်အခဲတွေကိုရော အကုန် စစ်မေးပြီးပြီလား"

"အင်း... အဲ့ဒါတော့ မရသေးဘူး" ကျွမ်းရှုယွမ်က ခေါင်းခါပြသည်။

လင်းယွမ်က အမိန့်ပေးလိုက်သည်။ "အမြန်ဆုံး စစ်မေးလိုက်... ဆက်စပ်တဲ့ စာရွက်စာတမ်းတွေကို သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနကို ပေးပြီး... သူတို့ကို ဒီပန်းကန်ပြားပျံကို ဖြုတ်သိမ်းလေ့လာခိုင်းလိုက်"

"ဒါနဲ့... ဒီပန်းကန်ပြားပျံမှာ တည်နေရာရှာဖွေရေး ကိရိယာ ပါမပါတော့ မသိဘူး... မင်း အဲ့ဒါကိုပါ တစ်ပါတည်း မေးကြည့်လိုက်"

ကျွမ်းရှုယွမ်၏ လှပသော မျက်ဝန်းအစုံက အရောင်လဲ့သွားပြီး ရုတ်တရက် ခပ်ဟဟ ရယ်မောလိုက်ကာ မေးလိုက်သည်။ "ဒါဆို ရှင် ကျွန်မကို ဘာဆုချမလဲ"

လင်းယွမ် သူမကို မော့ကြည့်လိုက်ရာ ချစ်ရည်ရွှန်းလဲ့နေသော လှပသည့် မျက်ဝန်းလေးများကို မြင်လိုက်ရသဖြင့် သူမ ဘာလိုချင်နေသလဲ ဆိုသည်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။

"ဟက်... မင်းကို နှစ်ရက်လောက် ဆုံးမ မထားရင် ခေါင်းပေါ်တောင် တက်မယ့်ပုံပဲ"

သူက လက်လှမ်းကာ ကျွမ်းရှုယွမ်၏ ပြည့်ဖြိုးလှပသော တင်ပါးကို တစ်ချက် ပုတ်လိုက်သည်။

ချက်ချင်းပင် ကျွမ်းရှုယွမ်မှာ လန့်ဖျပ်အော်ဟစ်သွားပြီး တင်ပါးများ တုန်ခါသွားကာ တစ်ကိုယ်လုံး တုန်ရီသွားပြီး ပါးပြင်များ နီရဲသွားတော့သည်။

နောက်တစ်စက္ကန့်တွင်တော့ သူမသည် လင်းယွမ်၏ ဆွဲခေါ်မှုဖြင့် သုမာရု ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားလေတော့သည်။

နောက်ပိုင်းအချိန်များတွင်မူ ယခင်က ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိသွားသည်။

လင်းယွမ်သည် တစ်ဖက်တွင် ရန်မေကို စောင့်ရှောက်ပေးနေရင်း တစ်ဖက်တွင်လည်း သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာကို အသုံးပြုကာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို လျင်မြန်စွာ မြှင့်တင်နေခဲ့သည်။

အလုပ်အရှုပ်ဆုံးကတော့ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနပင် ဖြစ်သည်။

ယခုအခါ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနတွင် စီမံကိန်းများ အလွန်များပြားနေသည်။ ယာဉ်ပျံ စီမံကိန်းတင်သာမကဘဲ အုတ်ခွက်စာပုံစံ သင်္ကေတ သုတေသန၊ ရွှေဓာတ် သွေးသလင်းကျောက် သန့်စင်ခြင်း စသည်တို့အပြင် လေယာဉ်မှူး အမြောက်အမြားကို လေ့ကျင့်သင်ကြားပေးရန်လည်း တာဝန်ယူထားရသည်။

နောင်တစ်ချိန်တွင် ဤလေယာဉ်မှူးများကို အသုံးပြုကာ အမြင့်ပျံတိုက်ပွဲများ ဆင်နွှဲရန်နှင့် ကောင်းကင်ချောက်နက် ကမ္ဘာထဲသို့ ဝင်ရောက်ရန် ပြင်ဆင်ထားရမည် ဖြစ်သည်။

လင်းယွမ်သည်လည်း ရွှေဓာတ် သွေးသလင်းကျောက်မှ သန့်စင်ထားသော ပထမအသုတ် မျိုးရိုးဗီဇမျိုးစေ့ကို ရရှိခဲ့ပြီ ဖြစ်သည်။

သူ စကားအပိုတွေ ပြောမနေတော့ဘဲ မိမိပိုင်ဆိုင်သော ရွှေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို စတင် ဖွဲ့စည်းလေတော့သည်။

ဤမျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းနိုင်လိုက်သည်နှင့် ဓာတ်ကြီးငါးပါး မျိုးရိုးဗီဇမျိုးစေ့များအနက် ငါးပုံလေးပုံ ပြည့်စုံသွားပြီဖြစ်ကာ သစ်ဓာတ် မျိုးရိုးဗီဇမျိုးစေ့ တစ်ခုသာ လိုအပ်တော့မည် ဖြစ်သည်။

သေချာသည်ကတော့ သစ်ဓာတ် မျိုးရိုးဗီဇမျိုးစေ့အတွက်လည်း သူ စတင် စုဆောင်းနေပြီ ဖြစ်သည်။

ယခုအခါ နေ့စဉ်ရက်ဆက် သစ်ဓာတ် သန္ဓေပြောင်းသားရဲများ၏ သွေးအဆီအနှစ်များကို ထုတ်ယူနေပြီဖြစ်ရာ သိပ်မကြာမီ အချိန်အတွင်းမှာပင် ဓာတ်ကြီးငါးပါး မျိုးရိုးဗီဇမျိုးစေ့များ အားလုံး စုံလင်သွားလိမ့်မည်ဟု ခန့်မှန်းရသည်။

ထိုအချိန်ရောက်လျှင် သူ၏ အစွမ်းအစများမှာ သေချာပေါက် ကြီးမားစွာ တိုးတက်လာပေလိမ့်မည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် တစ်လကြာသွားခဲ့ပြီ ဖြစ်သည်။

ဤနေ့တွင် လင်းယွမ်သည် စွမ်းအင်စုဝေးအဆောက်အအုံထဲမှ ထွက်လာခဲ့သည်။ သူ၏ မနားမနေ ကြိုးပမ်းအားထုတ်မှုများကြောင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်သည် နောက်ဆုံးတွင် ၃၀% အထိ တိုးတက်သွားခဲ့လေပြီ။

ထို့အပြင် သူသည် ရွှေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကိုလည်း အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော် ဤမျိုးရိုးဗီဇမျိုးစေ့မှ ဆောင်ကြဉ်းလာပေးမည့် အစွမ်းအစများနှင့် ပင်ကိုယ်စွမ်းရည်များကို သူ သေချာမလေ့လာရသေးခင်မှာပင်...

လင်းယာက လူလွှတ်ကာ ရန်မေ ကလေးမွေးတော့မည့်အကြောင်း သူ့ကို လာရောက် အကြောင်းကြားလေတော့သည်။

လင်းယွမ်လည်း ချက်ချင်းပင် စကားအပို ပြောမနေတော့ဘဲ အိမ်သို့ အမြန်ဆုံး အပြေးအလွှား ပြန်လာခဲ့သည်။

ယခုအချိန် အိမ်ထဲ၌ လင်းယွမ်သာမက ထန်ယင်း၊ ရန်ဆန်းမင်နှင့် ကျန်းဇီယန် စသည့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။

တုံယန်၊ တင်းယန်၊ ဆုန့်ဝမ်နှင့် အဒေါ်ကြီးလီတို့သည်လည်း အချိန်မီ အရောက်လာခဲ့ကြသည်။

အခန်းထဲမှနေ၍ ရန်မေ၏ နာကျင်စွာ အော်ဟစ်သံများနှင့် သူနာပြုပညာရပ်ဖြင့် ဘွဲ့ရထားသော ထန်ယင်း၏ အားပေးစကားသံများ ထွက်ပေါ်လာသည်။

လင်းယွမ်၏ နှလုံးသားမှာ ဒိတ်ဒိတ်ကြဲအောင် ခုန်နေပြီး ဤကဲ့သို့သော စိတ်လှုပ်ရှားမှုမျိုး မခံစားရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

သူက တံခါးပေါက်သို့ လျှောက်သွားကာ အခြားသူများကို နှုတ်ဆက်ရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ ရန်ဆန်းမင်အား မေးလိုက်သည်။ "အခြေအနေ ဘယ်လိုရှိလဲ"

ရန်ဆန်းမင်က နှစ်သိမ့်ပေးလိုက်သည်။ "ဘာပြဿနာမှ မရှိလောက်ပါဘူး... ကလေးလည်း ကျန်းမာပါတယ်... စိတ်စွမ်းအင် အာထရာဆောင်းနဲ့လည်း စစ်ဆေးပြီးသွားပြီ... အားလုံး ဘေးကင်းလုံခြုံပါတယ်"

"နာရီဝက်လောက် ကြာနေပြီဆိုတော့... သိပ်မကြာခင် မွေးတော့မှာပါ"

ဘေးနားရှိ ကျန်းဇီယန်ကလည်း ဝင်ရောက်နှစ်သိမ့်ပေးလိုက်သည်။ "အစွမ်းပိုင်ရှင်တွေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သာမန်လူတွေထက် အများကြီး ပိုသန်မာပါတယ် ကိုလင်းယွမ်... ရှင် အရမ်းကြီး စိုးရိမ်မနေပါနဲ့... အမရန်မေ ဘာမှဖြစ်မှာ မဟုတ်ပါဘူး"

ဝမ်လင်းအာတို့ကလည်း သူ့ကို အားပေးစကားများ ဆိုကြသည်။

ဆုန့်ဝမ်က သူ၏အနားသို့ တမင်တကာ လျှောက်လာပြီး သူ၏လက်ကို ဆုပ်ကိုင်ကာ နူးညံ့သိမ်မွေ့စွာ နှစ်သိမ့်ပေးရှာသည်။

တင်းယန်က ဆိုဖာပေါ်တွင် ထိုင်နေပြီး တည်ငြိမ်နေပုံပေါ်သော်လည်း စက္ကန့်အနည်းငယ် ကြာတိုင်း အိပ်ခန်းဘက်သို့ မကြည့်ဘဲ မနေနိုင်ဖြစ်နေရာ သူမ၏ ရင်တွင်းမှ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုများကို သိသာထင်ရှားစေသည်။

ဆယ်မိနစ်ပင် မပြည့်သေးခင်မှာပင် ရုတ်တရက် အထဲမှ ထန်ယင်း၏ အသံကို ကြားလိုက်ရသည်။

"ထွက်လာပြီ... ထွက်လာပြီ"

"အုဝဲ... အုဝဲ"

ကျယ်လောင်လှသော ကလေးငယ်၏ ငိုသံနှင့်အတူ လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းသာရွှင်မြူးသည့် အမူအရာများ ချက်ချင်း ပေါ်ထွက်လာကြတော့သည်။

ဆက်ရန်...

All Chapters